← Chapters

မနှောင့်မနှေး

Vol. 5 Ch. 59

မနှောင့်မနှေး

Vol. 5 Ch. 59

အဆင့် ၅ဝ - မော့စု ခြေလှမ်း ၂ဝဝ ...

ငှက်ရုပ်ပေါ်မှာ ပြသထားတဲ့ အဆင့် သတ်မှတ်ချက်တွေကို မြင်လိုက်ရတဲ့ လူတွေအားလုံးရဲ့ မျက်နှာတွေဟာ ပြောင်းလဲကုန်ကြတယ်။ အရင်က မနှစ်မြို့မှု၊ အထင်အမြင်သေးမှု၊ ယုတ်စွအဆုံး ရယ်ရွှင်မြူးရိပ်တွေပါ လေရူးနဲ့အတူ လွင့်ပါပျောက်ဆုံး ကုန်ကြတယ်။

ဘယ်သူကမှ စုမင်ကို အပျင်းပြေ လှောင်ရယ်စရာတစ်ခုလို မသတ်မှတ်ကြတော့ဘူး။ အံ့ချီးဖွယ်ရာ တစ်ခုကို မျက်စိနဲ့တပ်အပ် မြင်တွေ့နေရကြခြင်း ဖြစ်ပြီး မယုံနိုင်စရာ ဖြစ်ရပ်တစ်ခုဟာ သူတို့မျက်စိ ရှေ့မှောက်မှာ ဖြစ်ပွားနေခြင်း ဖြစ်လေတယ်။

ဒီပုဂ္ဂိုလ်ဟာ အဆင့်ပေါင်း ရာချီကနေပြီး ထိပ်တန်းအဆင့် ၅ဝ ထဲကို ဝင်ရောက်လာခြင်း ဖြစ်တယ် ...

မြင်လိုက်ရတာကို‌ မယုံရဲဖြစ်နေတဲ့ သူတွေတောင် ကွင်းထဲမှာ ရှိနေတယ်။ ဒီလိုဖြစ်ရပ်မျိုး ကိုယ်တွေ့ကြုံ ရလိမ့်မယ်လို့ ယောင်လို့တောင် စိတ်မကူးခဲ့ကြဘူး။

ဘယ်သူမှ လှုပ်ရှားမနေတဲ့ အချိန်မှာ မော့စုဟာ ဘိတ်ချေးအဆင့် က‌နေ ထိပ်တန်းအဆင့် ၅ဝထဲကို ဝင်ရောက်လာနိုင်ခဲ့တာ။ ပြီးတော့ အဲဒီလို လုပ်နိုင်ခဲ့တာ ကလည်း ညသန်းခေါင် အချိန်ကြီးမှာ။ အဖြစ်အပျက်က သိပ်ကိုအံ့သြစရာ ကောင်းလွန်းလို့ အဆင့် ၂ ရထားတဲ့ ပိစုအပါအဝင် ထိပ်တန်း ၁ဝယောက်ရဲ့ ပြောင်မြောက်တဲ့ ရလဒ်တွေကိုတောင် လျစ်လျူရှုပြီး မော့စု ပေါ်မှာပဲ အာရုံစိုက် ထားကြတယ်။

သူဘယ်လောက် ဝေးဝေး သွားနိုင်မလဲ။

“သူကကျိန်းသေ ထိပ်တန်း ၃ဝ ထဲ ပါလိမ့်မယ် ... ”

“ငါတော့ အဲဒီလိုမထင်ဘူး။ သူက အရင်တစ်ခေါက်တုန်းက စွမ်းအား အလုံအလောက် မရှိတဲ့ပုံပဲ။ ဒါပေမဲ့ ထိပ်တန်း ၅ဝ ထဲကို ဝင်နိုင်တယ် ဆိုရင်ပဲ သူက အစွမ်းရှိတဲ့သူ ဆိုတဲ့ အဓိပ္ပာယ်ပဲ”

ဆွေးနွေးပြောဆို နေကြသံတွေဟာ လှိုင်းလုံးတွေလို မြင့်တက်လာပြီး မရပ်တန့်ကြတော့ဘူး။ ညခင်းဟာ တိတ်ဆိတ် ငြိမ်သက်နေဖို့ ကောင်းပေမဲ့ လက်ရှိ အခိုက်အတန့်မှာတော့ အရင်က မမြင်ဖူးတာ တစ်ခုကို မြင်တွေ့နေရတဲ့ ပွဲကြည့် ပရိသတ်ဟာ ဆိတ်ဆိတ်နေကြဖို့ မဖြစ်နိုင်တော့ဘူး။ ပြောရလျှင် ကွင်းပြင်ကျယ်ဟာ နေ့ခင်း အချိန်ထက်တောင် သက်ဝင် နိုးကြားနေတယ်။

အဆင့်၅ဝထိ တက်ရောက်လာတဲ့ စုမင်၊ ကွင်းပြင်ထဲက ရာနဲ့ချီတဲ့ လူအုပ်ကြီးတင် မက တောင်ပေါ်က ပြိုင်ပွဲဝင်တွေရဲ့ အာရုံတွေက အစ အားလုံး သူ့အပေါ်မှာ ကျရောက်နေကြတယ်။

ထိပ်တန်း ၅ဝအောက်က လူတွေဟာ သူတို့ကို ရုတ်တရက် ကျော်တက် သွားတာကြောင့် ဒေါသထွက်ကြပေမဲ့ လေးစားမှုလည်း ရှိနေကြပြန်တယ်။ ထိပ်တန်း ၅ဝထဲက လူတွေကတော့ သူတို့ခေါင်းတွေကို ငုံ့လို့ ပလိတ်ပြားကို ကြည့်နေကြတယ်။ သူတို့အတွက် စုမင်ဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပြီ။ ဒီ ခြိမ်းခြောက်မှုက အကြီးကြီး မဟုတ်မှသာ မဟုတ်ရော၊ သူတို့ဟာ စုမင်ရဲ့ တည်ရှိမှုကို အနည်းငယ် အလေးထားရ ကောင်းမှန်း သိလာကြပြီ။

ထိပ်တန်း ၂ဝနဲ့ အထက်ကတော့ သိပ်ပြီး အဖတ် မလုပ်ကြသေးဘူး။

သို့ပေမဲ့ အခုအချိန်မှာ အစိုးရိမ်ရဆုံး ဖြစ်နေတာကတော့ သေချာပေါက် စစ်ခုန်းနဲ့ ပေလင်းပဲပေါ့။ တစ်ယောက်က အဆင့် ၄၈ ဖြစ်ပြီး တစ်ယောက်က အဆင့် ၄၉ဖြစ်နေချိန် ရုတ်တရက် အဆင့်၅ဝ ရောက်လာတဲ့ လူဟာ သူတို့အတွက်တော့ ဆူးတစ်ချောင်းလို ဖြစ်နေတယ်။

အထူးသဖြင့် စစ်ခုန်း။ သူ့မျက်နှာက အဲဒီ အခိုက်အတန့်မှာ ဖြူဖျော့နေတယ်။ သူ လက်သီးတင်းတင်း ဆုပ်ထားတယ်။ သူက နဂါးနက်တောင် မျိုးနွယ်စု ခေါင်းဆောင်ရဲ့သား ဖြစ်တယ်။ အံကို တင်းတင်းကြိတ်၊ အခက်အခဲများစွာ ကြုံတွေ့ပြီးနောက်မှ ဒီနေရာကို ရလာခဲ့တာ။ ကိုယ့်အောင်မြင်မှု အတွက် ဂုဏ်ယူနေခဲ့ပေမဲ့ အခုချိန်မှာတော့ သူ့နှလုံးက ကဆုန်ပေါက် ခုန်လှုပ်နေခဲ့ပြီ။

' မတက်လာနဲ့၊ မတက်လာနဲ့၊ မတက်လာနဲ့ '

ပလိတ်ပြားပေါ်က အဆင့် သတ်မှတ်ချက်တွေကို နီရဲ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး သူ့စိတ်ထဲမှာ အော်ဟစ်နေတယ်။

အဝေးတစ်နေရာက လှေကားထစ်‌ပေါ်မှာ ပေလင်း မတ်တတ်ရပ် လိုက်တယ်။ သူလည်းအရမ်း စိတ်လှုပ်ရှားနေတယ်။ မျက်လုံး ကျယ်ကျယ်ဖွင့်ပြီး ပလိတ်ပြားကို ငေးကြည့်နေ‌ပေမဲ့ စစ်ခုန်းလိုတော့ စိတ်ထဲကနေ အော်ဟစ်မနေဘူး။ အဲဒီအစား သူအံတင်းတင်း ကြိတ်လို့ ကိုယ်ကို လှည့်လိုက်ပြီး ၂ဝ၇လှမ်းမြောက် အဆင့်ကို တက်လှမ်းလိုက်တယ်။

လူအများစုက ပလိတ်ပြားကို ကြည့်နေတုန်း စုမင်က ခြေလှမ်း၂ဝဝလှမ်းမြောက် အဆင့်မှာ ရပ်နေပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူ့မျက်လုံးထဲက ခိုင်မာ တည်ကြည်မှုက သံမဏိလိုမျိုး မာကျောလှတယ်။

သွေးကြော ၅၈ခုဟာ သူ့ကိုယ်ပေါ်မှာ တောက်တောက်ပပ ပေါ်လွင်နေကြတယ်။ အကယ်၍ အုံ့ဆိုင်းနေတဲ့ မြူတွေမရှိခဲ့လျှင် တလက်လက် လင်းဖြာနေတဲ့ အလင်းရောင်ကို အဝေးကနေတောင် လှမ်းမြင်ရလောက်တယ်။ အခုအထိတော့ မြူတွေတည်ရှိနေတဲ့ အတွက်ကြောင့် အားလုံးဟာ တောင်ပေါ်မှာပဲ လျှို့ဝှက်ထားခြင်း ခံရတယ်။

ခန္ဓာကိုယ်ထဲမှာ စုဖွဲ့လာတဲ့ ကြီးမားတဲ့ အင်အားစွမ်းအင်ကို စုမင် တိတိပပကြီး ခံစားလာရတယ်။ သူခေါင်းမော့ပြီး ညကောင်းကင်ကို ကြည့်လိုက်ချိန်မှာ လရောင်ဟာ မြူမှုန်လွှာ ခပ်ပါးပါးကို ဖြတ်လို့ သူ့အပေါ်ကို ဖြာဆင်းနေတယ်။

ဘာကြောင့်မှန်းတော့ မသိ၊ စုမင် မီးလျှံမာန် အတတ်ပညာကို စတင်သင်ယူစ ကတည်းက ညခင်းကို ချစ်တတ်လာတယ်။ နေ့ဘက်ကို မုန်းသွားတာ မဟုတ်ပေမဲ့ ပြောရလျှင် နေ့ဘက်ကို မက်မက်စက်စက်ကြီး မမျှော်လင့်မိတော့ဘူး။

“ဒီကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့ လူတွေထဲမှာ ဘယ်သူကများ မိုးကုပ်စက်ဝိုင်းရဲ့ အဆုံးသတ်ကို မြင်နိုင်မှာတဲ့လဲ” မှောင်မိုက်နေတဲ့ ညကောင်းကင်ကို ငေးကြည့်လို့ အသက်ရှူရှိုက်ရင်းနဲ့ စုမင် ရေရွတ်မိလေတယ်။ သူ့မျက်လုံးထဲမှာ အလင်းရောင်လေး တစ်ခုဖျတ်ခနဲ လက်လာပြီး ချက်ချင်းပဲ ပြန်လည်ပျောက်ကွယ် သွားတယ်။ သူ့မျက်ဝန်းတွေကို အနီးကပ် ကြည့်ရှုမနေလျှင် မြင်လိုက်ရမှာ မဟုတ်ဘူး။

စုမင် ဘယ်ခြေကိုမလို့ တစ်လှမ်း ထပ်သွားပါတယ်။ ၂ဝ၂လှမ်းမြောက်နဲ့ ၂ဝ၃လှမ်းမြောက်ကို တက်လှမ်းလိုက်တယ်။ သူခြေချလိုက်တဲ့ အခိုက်အတန့်မှာပဲ စုမင်အဝေး တစ်နေရာက လှေကားပေါ်မှာ ရှိနေတဲ့ စစ်ခုန်းဟာ ကြောက်မက်ဖွယ် မျက်နှာထားနဲ့ မတ်တတ်ထရပ်လို့ ကောင်းကင်ကို မျက်နှာမူလို့ မာန်သွင်း ဟစ်အော်လိုက်တယ်၊ အဲဒီနောက်မှာ သွေးရူးသွေးတန်းနဲ့ ရှေ့ကိုဆက်လက် တက်လှမ်းပါတော့တယ်။

စစ်ခုန်းဟာ သူ့ရဲ့အဆင့်က ၄၉ကနေ ၅ဝကို ကျဆင်းသွားတာကို သူ့ရဲ့မျက်လုံးနဲ့ဆက်ဆက် မြင်တွေ့နေရတယ်။ တစ်ဆင့်မျှသာ ကွာခြားတာဆိုပေမဲ့ မိုးနဲ့မြေပြင်လို အကွာအဝေးနဲ့ ညီမျှတယ်။ ဒါကြောင့်မို့ပဲ ဂုဏ်ယူဝင့်ကြွား နေခဲ့တဲ့ စစ်ခုန်းဟာ လက်မခံနိုင် ဖြစ်နေရတယ်။

ဒီအဆင့်ကို ဟိုးအရင်ထဲက ရရှိထားတာသာ ဆိုလျှင် စစ်ခုန်း အလေးမထားဘူး၊ ဒါပေမဲ့လည်း ဒီလို အကျိုးအမြတ်ရှိတဲ့ နေရာအဆင့်အတန်း တစ်ခုကို ခက်ခက်ခဲခဲ ရရှိထားတာမှ မကြာသေး၊ ရုတ်တရက်ကြီး အလုခံလိုက်ရတာ ဆိုတော့ သူ့အနေနဲ့ လက်ခံနိုင်ဖို့ ခဲယဉ်းနေတယ်။ လကြောင့်ဖြစ်ပေါ်နေတဲ့ ဖိအားအောက်မှာ အံတင်းတင်းကြိတ်လို့ ကြောက်မက်ဖွယ် အသွင်နဲ့ တစ်လှမ်းချင်း ရှေ့ဆက်တက်လှမ်း နေပါတယ်။

အဲဒီအချိန်မှာ ပေလင်းလည်း လှုပ်ရှား လာလေတယ်။

သူတို့ရဲ့ လှုပ်ရှားမှုတွေက ဆင့်ကဲ ဖြစ်စဉ်လိုပဲ။ အဆင့် ၄၇၊ ၄၆၊ ၄၅သမားတွေလည်း ငြိမ်မနေနိုင်တော့ဘဲ အရှုံးမပေးလိုစွာနဲ့ ထရပ်လာကြတယ်။ သူတို့တွေဟာ တစ်ဖန် ရွေ့လျားကုန်ကြတယ်။

သူတို့အားလုံး စတင်လှုပ်ရှား လာကြတာနဲ့ ကွင်းထဲက ရာနဲ့ချီတဲ့ လူတွေဟာ ဆေးစွမ်းထက်ထက် ဆေးတစ်ခွက်ကို သောက်သုံးလိုက်ရ သလိုမျိုး စိတ်တက်ကြွ လာကြတယ်။ ဆွေးနွေး နှီးနှောသံများဟာ ပင်လယ်ပြင်က လှိုင်းလုံးတွေလိုမျိုး အဆုံးမသတ်နိုင်ဘူး။

“စစ်ခုန်း လှုပ်ရှားလာပြီ၊ ၂ဝ၂ ... . ၂ဝ၃ ... . ရပ်သွားပြီ”

“ပေလင်းလည်း ငြိမ်မနေတော့ဘူး ... ၂ဝ၇..၂ဝ၈ ... ၂၁ဝ ... ”

“စိတ်ဝင်စားစရာပဲ၊ မော့စု ထိပ်တန်း ၅ဝထဲ ဝင်လာတာနဲ့ အဆင့်သတ်မှတ်ချက်တွေ အားလုံး ဗြောင်းဆန်ကုန်ပြီ။ တစ်ယောက်ယောက်က ထိပ်တန်း ၅ဝထဲက ထွက်သွားရမှာ ဆိုတော့လည်း စိတ်လှုပ်ရှား ကုန်ကြတာပေါ့ ... ”

ကျယ်လောင်တဲ့ ဆွေးနွေးသံတွေ ကြားကနေ ရုတ်တရက် တိတ်ဆိတ် သွားကြပြန်ပြီး သက်ပြင်းရှိုက်သွင်း ကြသံတွေက အစားထိုး နေရာယူလာတယ်။ အားလုံးရဲ့ အကြည့်တွေဟာ အဆင့်တွေ တစ်ရှိန်ထိုး တက်လာတဲ့ နာမည်တစ်ခု အပေါ်မှာ ကျရောက်နေကြတယ်။

အဆင့် သတ်မှတ်ချက်တွေကို တစ်ခါမျှ စိတ်မဝင်စားဖူးတဲ့ နဂါးနက်တောင်က အမျိုးသမီးကြီးသော်မှ မျက်လုံးတွေကို ဖွင့်လာပြီး သူမဘေးနားက ငှက်ရုပ်ကြီးကို ကြည့်ရှုလိုက်တယ်။ သူမကို ကြည့်ရတာ တည်ငြိမ်လိုက်တာ။ စိတ်ထဲမှာ အတွေးတစ်ခုခု ပေါ်လာလျှင်တောင် ကြည့်နေတဲ့သူ ခန့်မှန်းမိနိုင်စရာ မရှိဘူး။

သို့ပေမဲ့လည်း မဟူရာတောင်မျိုးနွယ်စု ခေါင်းဆောင်ကတော့ သတ်မှတ်ချက်တွေကို မကြည့်သေးဘူး။

အဆင့်၄၉ မော့စု ၂ဝ၅လှမ်း၊ အဆင့်၄၆ မော့စု ၂၁၃လှမ်း၊ အဆင့်၄၂ မော့စု ၂၂၁လှမ်း၊ အဆင့်၃၉ မော့စု ၂၃၂လှမ်း၊ အဆင့်၃၇ မော့စု ၂၃၉လှမ်း၊ အဆင့်၃၄ မော့စု ၂၄၇လှမ်း၊ စစ်ခုန်းက သူကိုင်ထားတဲ့ ပလိတ်ပြားပေါ်က အဆင့် သတ်မှတ်ချက်တွေကို စိုက်ကြည့်နေတယ်။

သူ့မျက်နှာ တစ်ခုလုံး ခပ်ဖျော့ဖျော့ပဲ ကျန်ပြီး တစ်ကိုယ်လုံး တုန်ယင်နေတယ်။ အားအင်တွေ အကုန်လုံး ဆုံးရှုံးသွားပြီး မြေပေါ်လဲကျ‌တော့ မလိုပဲ။ အံတင်းတင်း ကြိတ်လိုက်ပေမဲ့ အကူအညီမဲ့နေတဲ့ ခံစားချက်ပဲရတယ်။ ခြေလှမ်း နှစ်လှမ်းသာ ထပ်လှမ်းနိုင်ခဲ့ပြီး ညကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအား‌တွေကို ဆက်မခံရပ်နိုင်တော့ဘူး။ သူရပ်လိုက်ရတယ်။

ဆက်သွားဖို့ကို လက်လျှော့လိုက်ရတဲ့ ပေလင်းရဲ့ မျက်နှာဟာလည်း ခါးသီးလွန်းစွာ။ သူလည်း ဆက်လှုပ်ရှားဖို့ ခွန်အား မရှိတော့ဘူး။ ညရဲ့ဖိအားက သူတောင့်ခံနိုင်တဲ့ အရာမျိုးမဟုတ်ဘူး။

အခြားသူ‌တွေလည်း ရပ်တန့်ကုန်ကြပြီ။ မော့စုတစ်ယောက် ၅ဝ နေရာက ၃၄ကို ခုန်တက်သွားတဲ့ ထိတ်လန့်စရာ မြင်ကွင်းကို မြင်ပြီးသကာလ မစွမ်းသာတဲ့ ခံစားချက်မျိုး ခံစား သွားကုန်ကြရတယ်။

စုမင်က ခြေလှမ်း၂၄၇ လှမ်းမှာ ရပ်‌နေခဲ့တယ်။ ဒါက တောင်ရဲ့ တစ်ဝက်လောက်တောင် ခရီး မရောက်သေးဘူး။ အဆုံးမရှိဘူးလို့ ထင်ရတဲ့ လှေကားထစ်တွေနဲ့ နှိုင်းယှဉ်ကြည့်လျှင် အနည်းအကျဉ်းသာ ရောက်ရှိ နိုင်သေးတာပါ။ ဒီလို အနည်းလေးပဲ ခရီးရောက် သေးတာ‌တောင် ဒီမှာရပ်နေရတာ လေထဲမှာ ရပ်နေရသလိုမျိုးပဲ။ သူရှိနေတဲ့နေရာမှာ လေမတိုက်ဘူး၊ သူ့ဝန်းကျင်မှာရှိတဲ့ မြူတွေကြောင့်လည်း အပြင်ဘက်ကမ္ဘာကို မြင်ရဖို့ ခက်ခဲတယ်။ သို့ပေမဲ့လည်း စုမင် ခေါင်းမော့ကြည့် လိုက်လျှင် လနဲ့သူ အတော်လေး နီးကပ်နေပြီလို့ ခံစားရတယ်။

စုမင်အသက်ပြင်းပြင်း ရှူပြီး ၂၄၈ လှမ်းမြောက်မှာ ခြေချဖို့ ခြေထောက်ကို ထပ်မံ မလိုက်ပြန်ပါတယ်။ ခြေချလိုက်တဲ့ အချိန်မှာတော့ သူ့ကိုယ်ပေါ်က သွေးကြော အ‌ရေအတွက် ထပ်မံမြင့်တက် လာပြီး သွေးကြော ၅၈ ကြောကနေ ၅၉ ကြော‌သွေးကြော ဖြစ်သွားပြီ။

စုမင် ခေါင်းကိုငုံ့ပြီး သူ့သွေးကြောတွေကို ကြည့်တယ်။ သူ့နှုတ်ခမ်းပေါ်မှာ အပြုံးလေး ရှိနေတယ်။ အရင်နေရာ နှစ်ခုလိုမျိုး ၂၄၈ ထစ်မြောက် ခြေလှမ်းမှာ အလားတူ မျှခြေညီမျှမှုကို ခံစားလိုက်ရတယ်။

ကောင်းကင်က မှောင်နေတုန်းပဲ။ လင်းချင်းတဲ့ နေ့အချိန်ရောက်ဖို့ အချိန်လိုနေ သေးပေမဲ့ စုမင် ဆက်မသွားတော့ဘူး။ ခြေထောက်တွေကို တင်ပျဉ်ချိတ် လိုက်ပြီး ၂၄၈ ထစ်မြောက် လှေကားထစ်ပေါ်မှာ ထိုင်ချလိုက်ပြီး မျက်စိ ပိတ်လိုက်တယ်။ ချီလည်ပတ်မှုအပေါ် အာရုံစိုက်လို့ ပါးနပ်စွာနဲ့ ထိန်းချုပ်မှု ပြု‌လုပ်နေတယ်။

သွေးကြောတွေ များလာတာကြောင့် ကောင်းမွန်စွာ ထိန်းချုပ်တဲ့ နေရာမှာလည်း ပိုခက်ခဲလာတယ်။ သို့ပေမဲ့ စုမင် နည်းနည်းမျှ စိုးရိမ်ပူပန်မှု မရှိဘူး။ ဒီလိုရှားပါးတဲ့ အခွင့်အရေးမျိုးကို မစွန့်လွှတ်ချင်ခဲ့ဘူး။ ဒါ့အပြင် နံပါတ်ခြောက်ခုကို ပြောပြခဲ့တဲ့ အကြီးအကဲရဲ့ ရည်ရွယ်ချက်ကိုက ဒီအခွင့်အရေးကို တန်ဖိုးထားစေချင်လို့ အဓိက‌ပဲလေ။

စူမင် ကိုယ်ခန္ဓာအတွင်းက ချီပျံ့နှံ့နှုန်းကို ထိန်းချုပ်ဖို့ တရားရှုမှတ်နေရင်း အချိန်ဟာ ဖြည်းဖြည်းချင်း ကုန်လွန်သွားတယ်။ အဆင့် ၃ဝနောက်ပိုင်း စမ်းသပ်ပွဲ ပါဝင်ယှဉ်ပြိုင် ကြတဲ့လူတွေရဲ့ မသေချာ မရေရာမှုတွေက လေးလေးနက်နက် တွေးတော စဉ်းစားခြင်း အဖြစ် ပြောင်းလဲသွားကြတယ်။ ၃၄ ရှေ့က လူတွေကတော့ သူတို့ရဲ့ ပူပန်နေမှုတွေ ကနေ အနားယူနိုင်လေပြီ။

စုမင် ထပ်ပြီး ရပ်တန့်သွားတာနဲ့ တစ်ပြိုင်နက် ကွင်းထဲကလူတွေမှာ သီအိုရီ အမျိုးမျိုး၊ မျှော်လင့်ချက် အမျိုးမျိုးနဲ့ ပြည့်နှက်ကုန်ကြတယ်။

'သူက တကယ်ပဲ ဘယ်သူများလဲ'

'သူက ဘယ်မျိုးနွယ်ဝင်လဲ'

“ဘာလို့ညဘက်မှာ လှုပ်ရှားဖို့ ရွေးချယ်ခဲ့တာလဲ'

“သူက အဆင့် ၃၄မှာ ဘာလို့ ရပ်လိုက်တာလဲ။ ပင်ပန်းနေပြီလား၊ ဒါမှမဟုတ် တခြား အစီအစဉ်ရှိတာလား”

“သူ့အဆင့်ကိုသူ ဆက်ထိန်းထား နိုင်ပါ့မလား၊ ဒါမှမဟုတ် ထိပ်တန်း ၅ဝထဲကနေ ထွက်သွားရနိုင်လား၊ ဒါမှမဟုတ် ... ထိပ်တန်း ၃ဝ ... .. ထိပ်တန်း ၂ဝ ထဲ ပါဝင်သွားနိုင်မလား”

“ထိပ်တန်း ၁ဝယောက် ထဲမှာတောင် ဝင်ကောင်း ဝင်နိုင်သွားမလား”

ကွင်းထဲက လူတွေရဲ့ စိတ်နှလုံးတွေထဲမှာ မေးခွန်းများစွာ ပေါ်ပေါက်လာခဲ့တယ်။ ဆွေးနွေးမှု အသံများ တဖြည်းဖြည်း ပျောက်ကွယ် သွားတာနဲ့အမျှ သူတို့မေးခွန်းထဲကို နှလုံးသားထဲမှာ မြှုပ်နှံထား လိုက်ကြရင်း အဖြေရမယ့် အချိန်ကို စောင့်မျှော် နေခဲ့ကြတယ်။

စုမင်ကို အကြီးကြီး မမျှော်မှန်းထားတဲ့ သူတွေလည်း အများကြီးရှိတယ်။ သူတို့ကစုမင်က သိပ်မကြာခင်မှာပဲ ရပ်သွားလိမ့်မယ်လို့ ယုံကြည်နေကြတယ်။ အရေးကြီးတာက မနက်မိုးလင်းလို့ သူများတွေ လှုပ်ရှားတဲ့ အချိန်ရောက်လျှင် စုမင်အဆင့်လည်း တဖြည်းဖြည်း ကျသွားလိမ့်မယ်။

သို့ပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် စုမင်ကို အလွန်အမင်း မျှော်လင့်မထား သူတွေတောင် စုမင်ရဲ့နာမည်က အဲဒီညမှာ အပြောင်းအလဲတစ်ခု ဖြစ်အောင် လုပ်နိုင်ခဲ့ကြောင်း ဝန်ခံကြလိမ့်မယ်။ ဒီအဖြစ်အပျက်ကြောင့် သူ့နာမည်ကို လူတွေအားလုံးက မှတ်မိနေကြလိမ့်မယ်။ နှစ်‌တွေအများကြီး ကုန်လွန်သွားလျှင်သော်မှ အမှတ်ရ နေကြပေဦးမယ် ... ..

အဲဒီညက စုမင်ရဲ့ တောက်ပမှုဟာ ထိပ်တန်း ၁ဝယောက်ထက်တောင် ပိုသာလွန်ခဲ့ပြီး ရဲဝမ်ထက်တောင် သာတယ်လို့ ပြောလို့ရတယ် ...

နေ့အချိန်မှာတောင် စုမင်ရဲ့ နာမည်ကို တစ်ခုတ်တရ အရေးယူ တွေးတောကြမယ် ဆိုတာကိုက ကံက စီမံထားတာပဲ။ ပွဲကြည့်ပရိသတ်က ဘယ်လိုတွေးတွေး၊ အများစုဟာ စုမင်နာမည်နဲ့ ပတ်သက်ပြီး မျှော်လင့်ချက်တွေ ရှိနေကြတယ်။

စုမင်ရဲ့ အဆင့်ကိုကြည့်ပြီး မော့စန်းဟာ ပြုံးနေဆဲပဲ။ စုမင်တစ်ယောက် ညအချိန်ရောက်မှ ဘယ်လိုဘယ်ပုံ‌ လှုပ်ရှားရသည်၊ ပြောင်းလဲရသည်ကို သူမသိပေမဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်လေးတွေ ကိုယ်စီရှိတာကိုလည်း သူနားလည်နေတယ်။ စုမင်ရဲ့ အကြီးအကဲတစ်ယောက် အနေနဲ့ရော အုပ်ထိန်းသူ အနေနဲ့ပါ တပည့်ဖြစ်သူရဲ့ အကြောင်းအရာ အစုံအလင်ကို သိရှိနေစရာ မလိုပေမဲ့ လိုအပ်လျှင်တော့ ကာကွယ်ပေးရမှာပဲ။

“ငါပြောခဲ့တာကို အခုယုံပြီ မဟုတ်လား” သူဒီနေရာကို ရောက်လာခဲ့စဉ်ကနေ အခုအချိန်အတွင်းမှာ သူ့အနေနဲ့ ကျင်းနန်ကို သူ့ဘက်ကစပြီး ပထမဆုံး စကားပြောခြင်းပဲ။

ကျင်းနန်ရဲ့ မျက်နှာက ပုံမှန်အတိုင်း အေးဆေးတည်ငြိမ် နေပေမဲ့ အဆင့် သတ်မှတ်ချက်တွေကို ကြည့်ရင်း အနည်းငယ်မျှ မျက်မှောင်ကြုတ် လေတယ်။ စုမင်ရဲ့ မွေးဖွားလာမှုနဲ့ ပတ်သက်ပြီး မော့စန်းပြောပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပိုလို့ မရေရာဝေဝါးမှုတွေ ဖြစ်ပေါ်လာတယ်။

ညဟာ ဖြည်းဖြည်း ကုန်လွန်သွားတယ်။ ကွင်းပြင်ကျယ်ဟာ ငြိမ်းချမ်းစွာ တိတ်ဆိတ်နေတယ်။ လူတိုင်းနီးပါးဟာ သူတို့စိတ်ထဲကို ဝင်ရောက်လာတဲ့ မတူညီတဲ့ အတွေးတွေနဲ့ တိတ်ဆိတ် နေကြလေတယ်။ သို့ပေမဲ့ သူတို့ရဲ့ အကြည့်တွေကတော့ ရံဖန်ရံခါဆိုသလို ငှက်ရုပ်တွေထံ ရောက်သွားပြီး မော့စု အမည်ပေါ်မှာ ဝဲလည်နေကြတယ်။

အချိန်ကြာမြင့်စွာ ကုန်ဆုံးပြီး နောက်မှာတော့ ပထမဆုံးသော နေရောင်ခြည်တန်းဟာ မိုးကုပ်စက်ဝိုင်းကို လင်းပစေခဲ့ပြီ။ နေ့သစ်တစ်နေ့ ရောက်ရှိခဲ့လေပြီ။

***

All Chapters