← Chapters

မထင်မှတ်ထားတဲ့ လှုပ်ရှားမှု

Vol. 5 Ch. 60

မထင်မှတ်ထားတဲ့ လှုပ်ရှားမှု

Vol. 5 Ch. 60

စမ်းသပ်မှု ပထမအဆင့်ရဲ့ ဒုတိယနေ့ ဖြစ်ပါတယ် ...

ပထမဆုံး နေရောင်ခြည်အလင်း ရောက်ရှိလာတဲ့အချိန်မှာ ဖိအားတွေ ဖြစ်ပေါ်စေတဲ့ အနက်ရောင် မြူခိုးတွေ ဆိုင်းနေတဲ့ တောင်တန်း၊ ထူးဆန်းတဲ့ သားရဲကောင်ကြီးကို ရှေးဘိုးဘေးတို့ စည်းချပိတ်လှောင်ခဲ့တဲ့ တောင်တန်းကနေ ထွက်ခွာသွားကြပါပြီ။ အရာအားလုံး ပုံမှန်ဖြစ်သွားတဲ့ အချိန်မှာ အဦးဆုံး စတင် လှုပ်ရှားသူဟာ ရဲဝမ်ဖြစ်လေတယ်။

ရဲဝမ်ဟာ ၆ဝ၁ထစ်မြောက် ခြေလှမ်းကို စတင် မတက်လှမ်းမီမှာ အေးဆေး တည်ငြိမ်စွာနဲ့ပဲ မျက်လုံးဖွင့်လာပြီး ထရပ်လိုက်တယ်။ ပြီးခဲ့တဲ့ ညကဘာတွေ ဖြစ်ပျက်ခဲ့လဲ သူမသိဘူး။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတတ်တဲ့ သူ့အတွက်တော့ ပလိတ်ပြားကို ကြည့်နေစရာ မလိုခဲ့ဘူး။ သူ့ပြိုင်ဘက် ဖြစ်လာနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူးလို့ သူယုံကြည်နေတုန်းပဲ။ သူ့အတွက်တော့ သူ့ကိုယှဉ်ပြိုင် နိုင်တဲ့သူက သူကိုယ်တိုင်ပဲရှိတယ်။

ရဲဝမ်ဟာ ဂုဏ်ယူစွာနဲ့ တစ်လှမ်းချင်း လျှောက်တယ်။ သူကစိတ်ပိုင်း ဖြတ်ထားတယ်။ ဒီတစ်ကြိမ်စမ်းသပ်ပွဲ ပထမအဆင့်မှာ သူခြေလှမ်း ၉ဝဝလှမ်းနိုင်ရမယ်။ သူရဲ့နောက်ဆုံး တစ်ခေါက် စမ်းသပ်ပွဲ ပထမအဆင့်မှာ သူလှမ်းနိုင်ခဲ့တာ ၈ဝဝကျော်ပဲ ရှိတာကို သူရှင်းရှင်းလင်းလင်းကြီး မှတ်မိတယ်။ အရမ်းကို ပင်ပန်းနွမ်းနယ်ခဲ့ပြီး နည်းနည်းလေးတောင် ထပ်မ‌ရွေ့နိုင်တော့ဘူး။ နောက်ဆုံးသူ အရှုံးပေးလိုက်ချိန် ခေါင်းမော့လိုက်ချိန်မှာ ‌တောင်ထိပ်က ထူးဆန်းတဲ့ ကျောက်သား ရုပ်တုတစ်ခုကို မြင်တွေ့လိုက်ရတယ်။

ကြားထဲက အကွာအဝေးကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့တာ ကတော့ နှ‌မြောစရာ။ သို့ပေမဲ့ အဲဒီ အကြည့်တစ်ချက်က ရဲဝမ်ကို ဇွဲစိတ်ဖြစ်ပေါ်စေခဲ့တယ်။ သူ့ရဲ့မာန်မာနနဲ့ ထူးကဲတဲ့ စွမ်းရည်က သူ့ကိုအနားယူခွင့် မပေးဘူး။ ဘယ်သူမျှ မမြင်ဖူးတဲ့ တောင်ထိပ်ပေါ်က မြင်ကွင်းကို သူမြင်တွေ့ရလိမ့်မယ် ...

ရဲဝမ်ဟာ နေရာမှာ ရပ်လို့ သူ့အောက်ကလူတွေကို ငုံ့ကြည့်ခဲ့တယ်။

သူဟာ မီးလျှံလိုဝတ်စုံနဲ့ မြူတွေကြားမှာ လှေကားထစ်တွေကို ဆက်လက် တက်လှမ်းခဲ့ပါတယ်။ အဆင့် သတ်မှတ်ချက်တွေကို မသိလျှင်သာ နေမယ်၊ သူ့အဆင့်က ၁ပဲဆိုတာကိုတော့ ရဲဝမ်သိနေခဲ့တယ်။

ချန်ချွန်းဟာ အံကို တင်းတင်းကြိတ် အသက်ပြင်းပြင်း ရှူရှိုက်ရင်းနဲ့ ဗလေဗဇာများကို ရေရွတ်ရင်း ရှိသမျှအားအင်တွေကို အသုံးချပြီး ဆက်လက် တက်နေခဲ့တယ်။ ဟောဟဲစိုက် နေရပေမဲ့လည်း လုံးဝ အနားမယူဘူး။ ပလိတ်ပြားကို ရံဖန်ရံခါငုံ့ကြည့်လို့ ပိစုရဲ့အဆင့်ကို ကြည့်တယ်။

ပိစုက သူ့ထက် ခြေလှမ်းသုံးလှမ်း ကျောနေတုန်းပဲ။ နှစ်ယောက်သား တစ်ယောက်ကိုယ် တစ်ယောက် ပြိုင်ဘက်တွေလို့ သတ်မှတ်ထားပုံ ပေါ်ပြီး မရပ်မနား ယှဉ်ပြိုင်နေကြတယ်။ အမှန်တော့ အရင်နေ့ကတည်းက ဒီလိုတွေ ဖြစ်နေကြပေမဲ့ ချန်ချွန်းဟာ အရှုံးပေးလိုက်ဖို့ လုံးဝ စိတ်ကူးမရှိဘူး။

“ခွေးကောင်လေးရဲ့၊ မြန်မြန် လျှောက်ရင်လည်း လျှောက်၊ ဒါမှမဟုတ် ငါတို့ကြား အများကြီး ခြားသွားအောင် လုပ်စမ်းပါ၊ ဒါဆို ငါဒီလောက် စိတ်အနှောင့်အယှက် မဖြစ်ရဘူး၊ ဒါမှမဟုတ် နည်းနည်း အရှိန်လျှော့လိုက်စမ်းပါ။ ပင်ပန်းနေတယ်မလား အေး မင်းတောင်ပင်ပန်းရင် ငါလည်း ပင်ပန်းတာပဲ” ချန်ချွန်းတစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေရောပဲ။ နေ့အချိန်ပင် ဖြစ်လင့်ကစား လက်ရှိခြေလှမ်း ၄ဝဝကျော် ရှိနေပြီဖြစ်တဲ့ သူ့အတွက် တောင်ရဲ့ဖိအားဟာ အသက်ရှူရ ခက်နေစေပြီ။ ပင်ပန်းနွမ်းနယ်မှုဟာ လှိုင်းတွေလို တစ်ကိုယ်လုံးကို ပျံ့နှံ့လာတယ်။

ပိစုလည်း အတော်လေးကို မောပန်းစွာနဲ့ အသက်လု ရှူနေရတယ်။ သူ တစ်ညလုံး အနားယူခဲ့ပေမဲ့ အထက်ကို ဆက်တက်လေလေ၊ ဖိအားတွေ ပိုမို များပြားလာနေပြီး သူစိတ်ထဲက မာနထောင်လွှားမှု တွေလည်း တဖြည်းဖြည်း လျော့နည်းသွားတယ်။ အထူးသဖြင့် ပထမအဆင့်ကို ထိန်းထားနိုင်တဲ့၊ ခြေလှမ်း၆ဝဝကျော် အပြီးမှာတောင် အေးအေးဆေးဆေး လျှောက်လှမ်း သွားနေနိုင်တဲ့ ရဲဝမ်ကို မြင်တွေ့လိုက်ရချိန်ပဲ။ အဲဒီ အခြင်းအရာဟာ

အဲဒီပုဂ္ဂိုလ်ကို လေးစားတဲ့ စိတ်တွေ ဖြစ်ပေါ်လာစေတယ်။

ပထမနေရာအတွက် ဆက်လက် ယှဉ်ပြိုင်လိုတဲ့ စိတ်ဆန္ဒ မရှိတော့ပေမဲ့ သူ့ကိုအနိုင်ယူဖို့ ချောင်းနေတဲ့ ချန်ချွန်းကို အနိုင်ယူနိုင်ဖို့ အတွက်ကိုပဲ တိုက်ရိုက် အာရုံစိုက်လိုက်တယ်။ သူ့အတွက် သူ့ပြိုင်ဘက်က ချန်ချွန်းပဲ။ ရဲဝမ်ကို ပထမနေရာအတွက် အရှုံးပေး လိုက်ရသည့်တိုင် ဒီလူကိုသာ လုံးဝ အနိုင်ယူလိုက် နိုင်လျှင်၊ ချန်ချွန်းကို အနိုင်ရနိုင်ခဲ့လျှင် သူ့နာမည်က ဒီနယ်တစ်ဝိုက်မှာ ပျံ့နှံ့ နာမည်ကြီးသွားမှာ သေချာတယ်။

အထူးသဖြင့် အခုချိန်မှာ အကြီးအကဲက ... ပိစု အေးစက်စက် ပြုံးတယ်။ သူ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေနဲ့ စိတ်ကူးယဉ်မှု အရိပ်အငွေ့တွေ ယှက်သန်းလာတယ်။

ဝူစန်းရဲ့မျက်နှာက ဖျော့တော့တော့။ တစ်ညလုံး အနားယူခဲ့ပေမဲ့ သူ့အခြေအနေက နည်းနည်းမျှ တိုးတက်မလာဘူး။ အချိန်ကြာလာတာနဲ့ အမျှ အလောင်းကောင် သွေး‌ဘောလုံး ဆုံးရှုံးသွားရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အားနည်းချက်ဟာ စတင်ကိုယ်ထင်ပြ လာလေတယ်။ ရှေ့ကိုဆက်လက် လျှောက်လှမ်းနေစဉ်မှာ သူ့ရဲ့မျက်နှာဟာ မှောင်မိုက်လာတယ်။ ပလိတ်ပြားပေါ်က အဆင့် သတ်မှတ်ချက်တွေနဲ့ အဆင့်၂ရထားတဲ့ ပိစုကို ရံဖန်ရံခါကြည့်တယ်။ သူ့မျက်နှာပေါ်မှာ အလိုမကျမှုတွေ ပေါ်ပေါက်လာတယ်။

သူ အခုချိန်မှာ အဆင့် ၁၂ မှာ ရှိနေသေး‌ပေမဲ့ ထိပ်တန်း ၁ဝယောက်ထဲ ဝင်နိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ ဝူစန်းသိတယ်။

ဝူစန်းသက်ပြင်း ချ‌လေတယ်။

သူတို့နဲ့ နှိုင်းယှဉ်လျှင် စုမင်ကပိုပြီး တည်တည်ငြိမ်ငြိမ် ရှိခဲ့တယ်။ တောင်ပေါ်ကို ဆက်မတက်ဘဲ ၂၄၉ ထစ်မြောက် လှေကားပေါ်မှာ တင်ပျဉ်ချိတ်ထိုင်ရင်း ကိုယ်တွင်းက ချီ လည်ပတ်ခြင်းကို နက်ရှိုင်းတဲ့ အဆင့်တစ်ခုအထိ ရောက်အောင် ထိန်းချုပ်နေတယ်။

သူ့မှာရှိသမျှ အစွမ်းနဲ့ ဒီနေရာနဲ့ မျှခြေညီမှုကို အသုံးချလို့ ‌သွေးကြောလျော့နှုန်း၊ တိုးနှုန်းကို တစ်ခဏအတွင်းမှာ ကန့်သတ်နိုင်ဖို့ ကြိုးစားတယ်။

စုမင်အတွက် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းဟာ အလွန် စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီဖြစ်စဉ်ဟာ ဆေးဝါးများ နိုင်စီးငြိမ်းသတ်ခြင်း လုပ်ငန်းစဉ်နဲ့ အတူတူပဲဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ကိုယ်ခန္ဓာက ဒယ်အိုး၊ ကိုယ်ထဲက ချီဟာ မီး‌လျှံမီးတောက်တွေ ဖြစ်လို့ သူ့ကိုယ်ခန္ဓာကပဲ ဆေးမြစ်တွေပေါ့။ သူဟာ မီးအခြေအနေကို သေချာထိန်းချုပ်လို့ ခန္ဓာကိုယ်ကို စင်ကြယ်ရှင်းသန့်မှာ ဖြစ်တယ်။

အချိန်ကုန်လွန် လာတာနဲ့အမျှ အပြင်ဘက်က ရာနဲ့ချီတဲ့ လူအုပ်ကြီးဟာ ငှက်ရုပ်တွေကို ကြည့်လို့ အချင်းချင်း ဆွေးနွေးမှုတွေ ပြန်လည် လုပ်ဆောင်ကြပြန်တယ်။

“ရဲဝမ်က ပထမရမယ်ဆိုတာ သံသယဖြစ်စရာကို မရှိဘူး။ လက်ရှိခြေလှမ်း ၆၈ဝ‌ဖြစ်နေတာ၊ သူ့ကိုဘယ်သူမှ မီအောင်လိုက်နိုင်မှာ မဟုတ်ဘူး”

“ဒုတိယနဲ့တတိယ နေရာကတော့ ချန်ချွန်းနဲ့ ပိစုတို့ပဲ။ သူတို့ကိုကြည့်၊ တစ်ယောက်နဲ့ တစ်ယောက် အမီလိုက်နေကြတယ်။ သူတို့အချင်းချင်း ပြိုင်နေကြတယ်ဆိုတာ သေချာတယ်''

“ဝူစန်း အတွက်တော့ စိတ်မကောင်းပါဘူး။ သူဘာဖြစ်သွားလဲ မသိဘူး။ တကယ် နားမလည်နိုင်ဘူး”

“မော့စုအတွက်လည်း စိတ်မကောင်းပါဘူးလေ။ မွန်းတည့်ချိန်‌တောင် ရောက်နေပြီ။ ဒါပေမဲ့ သူလုံးဝ မလှုပ်ရှားသေးဘူး။ သူ့အဆင့်ကို ခဏခဏ ကျော်တက်ခံရပြီး အခုဆို ၄၇ကို ရောက်နေရှာပြီ”

သူတို့အချင်းချင်း ဆွေးနွေးနေကြစဉ်မှာ ထိပ်တန်း၁ဝဝထဲက အဆင့်သတ်မှတ်ချက် တစ်ခုက ငှက်ရုပ်ကိုးခုအပေါ်မှာ ငွေမင်ရောင်အလင်းနဲ့ တောက်ပလာတယ်။ တဖျတ်ဖျတ် လင်းဖြာရင်း နာမည်ဟာ မီးခိုးရောင်ကို ပြောင်းသွားတယ်။

ရုတ်တရက် ပြောင်းလဲမှုက လူအုပ်ရဲ့ အာရုံကို ဖမ်းစားလိုက်နိုင်ပေမဲ့ သူတို့ အံ့တော့ မအံ့ဩကြဘူး။

“တစ်ယောက်ယောက် ကတော့ အရှုံးပေး လိုက်ပြီဟေ့ ... ”

“ဟိုးအရင်ထဲက စမ်းသပ်မှု ပထမအဆင့်၊ ဒုတိယနေ့တွေမှာ အရှုံးပေးသူအများကြီး ပေါ်ပေါက်လေ့ရှိတယ်။ သူတို့မှာ ရှေ့ဆက်လျှောက်ဖို့ အားမရှိတော့ဘူး၊ တောင်ရဲ့ ဖိအားဒဏ်ကို ဆက်မခံစား နိုင်ကြတော့ဘူး။ အကယ်၍ သူတို့မသွားရင် သွေးဖိအား မြင့်တက်လာတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်”

လေထုဟာ တစ်မုဟုတ်ချင်း ပြောင်းလဲသွားပြီး မြူမှုန်တစ်ဝှေ့ဟာ တောင်တန်းဆီကနေ ကွင်းထဲကို ပျံ့နှံ့လာတယ်။ အဲဒီမြူခိုးတွေ ပျောက်ကွယ်သွားတာနဲ့ အသက်၂ဝလောက်ရှိမယ့် လူငယ်တစ်ယောက်ဟာ ခြေလှမ်းဒယီးဒယိုင်နဲ့ မျက်နှာဖြူဖျော့ဖျော့နဲ့ မြေပေါ်ကို လဲကျတော့မတတ်ပဲ။ သူဟာ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရတာ ထင်ရှားတယ်။

သူ့အပေါ် ကျရောက်နေတဲ့ လူတွေရဲ့ အကြည့်တွေကြောင့် စိတ်လက်မသက်မသာ ခံစား‌ရပုံပေါ်တယ်။ ခေါင်းငိုက်စိုက်နဲ့ အဝေးက သူ့မျိုးနွယ်စုရှိရာကို လျှောက်သွားပြီး အဲဒီမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်တယ်။

မွန်းလွဲပိုင်းလောက်မှာ သူ့လို အရှုံးပေးတဲ့ အရေအတွက် များများလာတယ်။ မီးခိုးရောင် ပြောင်းသွားတဲ့နာမည်တွေ၊ တွန့်ရှုံ့နေတဲ့ ဟင်းလင်းပြင်ရှိရာ တောင်ပေါ်ကနေ ဆွဲထုတ်ခံရတဲ့ လူတွေဟာ ပွဲကြည့်ပရိသတ်ရဲ့ အဓိက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

အရှုံးပေးလိုက်ရတဲ့ သူတွေဟာ အများအားဖြင့် စိတ်ပျက်လက်ပျက်နဲ့ သူတို့ရဲ့မျိုးနွယ်စုတွေဆီ ပြန်သွားကြတယ်။ အဲဒီထဲမှာ လေပြည်စီးကြောင်းက လူတွေလည်း ပါတယ်။

“အဆင့် ၁ဝဝထဲ ရှိနေသူတွေအားလုံးတော့ အရှုံးပေးလိုက်ကြပြီ။ ဟေး၊ ကြည့်ကြစမ်း။ ဒီညမှာ ထိပ်တန်းအဆင့် ၅ဝ အောက်က အရှုံးပေးကြလိမ့်မယ်။ ညသန်းခေါင်ယံ မှာလည်း အရှုံးပေးမယ့်သူတွေ အများကြီးရှလိမ့်မယ်။ ညသန်းခေါင်အချိန်မှာ သူတို့ မလှုပ်ရှားနိုင် ကြရင်တောင် ပင်ပန်းနွမ်းနယ်နေတဲ့ အခြေအနေက တောင်ပေါ်ကဖိအားကို ခံစားနိုင်ကြမယ် မထင်ဘူး”

“စမ်းသပ်မှုရဲ့ ပထမအဆင့်တွေတိုင်းမှာ အဆင့် သတ်မှတ်ချက်တွေကို စောင့်ကြည့်ရတာ တစ်ခုတည်းက ပျော်စရာမဟုတ်ဘူး။ လက်လျှော့အရှုံးပေး သွားတဲ့သူတွေကို ကြည့်ရတာလည်း ပျော်စရာဖြစ်တာပဲ”

“မဟုတ်လို့လား အထူးသဖြင့် ပထမတော့ အခြေအနေကောင်းပြီး အရှုံးပေးလိုက်တဲ့ သူတွေအကိုပေါ့။ တခြားသူတွေ သူတို့ကို ကျော်တက်သွားမှာကို စိုးရိမ်တာ၊ ကြောက်နေတာတွေက တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်”

ဆွေးနွေးမှု စကားသံတွေ ပျံ့နှံ့နေတုန်းမှာ ငှက်ရုပ်ကိုကြည့်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာဟာ ရုတ်တရက် စိတ်လှုပ်ရှားမှုတွေနဲ့ လင်းလက်သွားတယ်။

“မော့စု စလှုပ်ရှားပြီဟေ့ ... ”

အဲဒီစကားလုံးတွေ ပြောဆိုပြီးပြီးချင်း လူတိုင်းရဲ့အာရုံကို ဖမ်းစားလိုက်နိုင်တယ်။ မြောက်မြားလှစွာတဲ့ မျက်လုံးများဟာ ရုပ်တုပေါ်က စုမင်ရဲ့နာမည် စာကြောင်းပေါ်ကို ကျရောက်လာကြတယ်။

စုမင် မျက်လုံးတွေကို ဖွင့်လိုက်တယ်။ နေ့တစ်ဝက်လုံးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်နိုင်ဖို့ လေ့ကျင့်ပြီးသကာလ သူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ၂၁ ခုအထိ လျှော့ချလိုက်နိုင်ပြီး ဒီ့ထက်ပိုပြီးတော့ မစွမ်းနိုင်တော့ဘူး။ စုမင်ဟာ ခေါင်းကိုမော့လို့ ရှေ့က မြူတွေလွှမ်းနေတဲ့ လှေကားထစ်တွေကို ကြည့်တယ်။ တဖြည်းဖြည်း ထရပ်လာလေတယ်။

သူ့ကိုလူတွေအများကြီး အကဲဖြတ် စောင့်ကြည့်နေတာကို သူမသိဘူး။ အဲဒီအချိန် သူ့စိတ်ထဲမှာ ရှိနေတာက နှစ်ခုတည်းပဲ။ ဒီနေရာကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ဖို့ အသုံးပြုရန်နဲ့ အကြီးအကဲကို စိတ်ပျက်စေမိအောင် မလုပ်မိဖို့ပဲ။

''ငါဟာ သေချာပေါက် အကောင်းဆုံးလုပ်ပြီး ငါ့ရဲ့ အကောင်းဆုံး ရိုက်ချက်ကိုပြမယ် ... ”

တကယ်တမ်းတော့လည်း စုမင်ဟာ ဆယ်ကျော်သက် ကလေးတစ်ယောက်ပဲလေ။ ဆယ်ကျော်သက် တစ်ယောက်ရဲ့ စိတ်ဝိညာဉ်အင်အားနဲ့ စိတ်ပိုင်းဖြတ်မှုတွေ ရှိတာပေါ့။

ရှေ့ကို တစ်လှမ်းတိုးလို့ ၂၄၉ထစ်မြောက် လှေကားပေါ် တက်လှမ်းမှုမလုပ်ခင်မှာ သူ့မျက်လုံးတွေထဲ အလင်းတစ်စ လင်းဖြာသွားလေတယ်။ မယုံနိုင်လောက်အောင် အင်အားကြီးမားလှတဲ့ ဖိအားဟာ စုမင်ကို ဖိနှိပ်ထားတာမို့ သူ့တစ်ကိုယ်လုံး တုန်ခါလာလေတယ်။

''ပြင်းလိုက်တဲ့ဖိအား ...'

စုမင်ရဲ့မျက်နှာဟာ ဖြူဖျော့သွားတယ်။ လှေကား အောက်ကနေ ဒဏ္ဍာရီလာ သတ္တဝါကြီးတစ်ကောင်က သူ့ကိုမျက်နှာမူပြီး ဟိန်းဟောက် လိုက်တယ်လို့ ခံစားရတယ်။

စုမင်ရဲ့ မျက်လုံးတွေဟာ တည်တံ့ ခိုင်မြဲလှတယ်။ ဖိအား ထွက်ပေါ်လာတာနဲ့ ကိုယ်ပေါ်က သွေးကြော၅၉ခုလုံးကို ပေါ်ပေါက်လာအောင် ကိုယ်တွင်းက ချီကို နိုးထလှည့်လည်စေခဲ့ပြီး အရှိန်ဟုန်နဲ့ အရှေ့ကို တိုးသွားလိုက်တယ်။

၂၅၁ ... .၊ ၂၅၅ ... ..၊ ၂၅၈ …စုမင် အသက်ပြင်းပြင်း ရှူပြီးခြေလှမ်း ၂ဝကို ဆက်လက် လျှောက်လှမ်းလာခဲ့တယ်။ ၂၇ဝထစ်မြောက် ခြေလှမ်းအရောက်မှာ ဖြည်းညင်းစွာနဲ့ အသက်ရှူထုတ်တယ်။

သူ့နဖူးကနေ ပုတီးလုံးလောက် ချွေးတွေ ကျဆင်းနေတယ်။ လရောင်ရဲ့ အကူအညီမပါဘဲ နေ့ခင်းဘက် လှေကားတက်ခြင်းက စုမင်ရဲ့အားအင်တွေကို ပိုပြီး ကုန်ခမ်းစေတယ်။ သို့ပေမဲ့လည်း အဲဒီလိုဖြစ်လေ၊ သူ့ရဲ့ချမှတ်ထားတဲ့ သန္နိဌာန်ဟာ ပိုလို့ခိုင်မာလာတယ်။ ပိုအရေးကြီးတာက ဖိအားပိုများလာလေ၊ သူ့ရဲ့သွေးကြော၅၉ခုကို ဆန့်ကျင်လို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာခြင်းက သူ့ရဲ့သွေးကြောတွေ ထပ်တိုးလာစေမယ်လို့ စုမင်ကို ခံစားရစေတယ်။

ဒီအချက်တွေအားလုံးက နံပါတ်ခြောက်ခုရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခြင်းနဲ့ သူ့ရဲ့ချီ လှည့်လည်ပျံ့နှံ့မှုကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုတွေကြောင့် ဖြစ်လာခဲ့တာကို စုမင်သိတယ်။ ဒီအချက်ကြောင့်ပဲ သူက ချီစွမ်းအင်ကို တိတိကျကျ ထိန်းချုပ်နိုင်စွမ်း ရှိလာရုံမျှမက ကောင်းမွန်စွာ ထိန်းချုပ်မှုကြောင့် စုမင်ထံက အလားအလာ ကောင်းမှုတွေလည်း အားပါးတရပ ေါ်ထွက်လာခြင်း ဖြစ်ပေတယ်။

အထူးသဖြင့် အကြီးအကဲက စစ်မှန်တဲ့ မာန်စွမ်းအားရှင်တို့ရဲ့ ဉာဏ်အလင်းပေါက်ခြင်း ပညာရပ်ကိုသုံးလို့ ၎င်းထံကနေ မာန်သွေးတစ်စက် ရရှိခဲ့စဉ်ကတည်းက ဖြစ်တယ်။ တောင်ပေါ်မှာ ကောင်းမွန်စွာ‌ ထိန်းချုပ်ခြင်းကို လေ့ကျင့်ယူနေစဉ် အထက်သို့ဆက်လက် တက်လှမ်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားတွေရဲ့ မွမ်းမံခြင်းကြောင့် အကြီးအကဲထံက ရရှိခဲ့တဲ့ လက်ဆောင်မွန်ကို သူ့ကိုယ်ခန္ဓာက ကောင်းကောင်းကြီး စုပ်ယူလိုက်နိုင်တယ်။

စုမင်ဟာ အံကိုတင်းတင်းကြိတ်လို့ ရှေ့ကိုဆက်လက် တက်လှမ်းလေတယ်။ အရှေ့ကိုဆက် လှုပ်ရှားနေတုန်းမှာ သူ့ကိုယ်ခန္ဓာထဲမှာ အသံတွေမြည်လာပြီး ပဲ့တင်ထပ် ပျံ့နှံ့နေစဉ်မှာ ၆ဝခုမြောက် သွေးကြောဟာ သူ့ကိုယ်ခန္ဓာမှာ ပျံ့နှံ့ ဖြာဆင်းသွားလေတယ်။

သွေးကြော ၆၁ ခု၊ သွေးကြော ၆၂ခု… ၃ဝ၁လှမ်းမြောက် လှေကားထစ်ပေါ် ခြေချမိလိုက်စဉ်မှာ ၆၇ခုမြောက် သွေးကြောဟာ ပြင်းထန်တဲ့ ပေါက်ကွဲအားနဲ့ သူ့ကိုယ်ပေါ်မှာ ထွက်ပေါ်လာခဲ့တယ် ...

၆၇ ခုသော သွေးကြောများဟာ စုမင်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးကို လွှမ်းခြုံထားပြီး သူ့မှာ အဆုံးမရှိသော စွမ်းအင်တွေရှိတယ်လို့ ခံစားရစေတယ်။ တစ်ကိုယ်လုံး ချွေးတွေသာ ရွှဲနစ်နေလိမ့်မယ်၊ သူ့မျက်လုံးတွေထဲက ဆုံးဖြတ်ချက် ခိုင်မာမှုဟာ ပိုလို့တောင် အားကောင်းလာတယ်။

၂၄၈လှမ်းကနေ ၃ဝ၁လှမ်းထိ လျှောက်လှမ်းနေစဉ်မှာ ရာနဲ့ချီတဲ့ ပရိသတ်ထံ သူယူဆောင်လာခဲ့တဲ့ ထိတ်လန်အံ့ဩစေမှု ပမာဏဘယ်လောက် ကြီးမားသလဲဆိုတာ သူ့ကိုယ်တိုင် မသိဘူး။

မဟူရာတောင်မျိုးနွယ် ခေါင်းဆောင်ဟာ ရုတ်တရက် ရုပ်တုကို လှမ်းကြည့်တယ်။ သူ့မျက်နှာပေါ်မှာ ရှားပါးတဲ့ လေးလေးနက်နက် မျက်နှာထားရှိနေတယ်။

“ထပ်ပြီး အလှမ်း၆ဝ ... ဒီမော့စုဟာ မလှုပ်မရှားနေစဉ်မှာ ခြေသုတ်ပုဆိုး မြွေဝယ်ကျိုး၊ နှိမ့်နှိမ့်ချချရှိလှတယ်။ ဒါပေမဲ့ သူလှုပ်ရှားလိုက်တဲ့ အခိုက်အတန့်မှာ လောကကို ထိတ်လန့်မှုတွေ ယူဆောင်လာပေးတယ်”

“ဟားဟား ... သူရွေ့လျားတာကြည့်ဖို့ ငါတစ်ချိန်လုံး စောင့်နေလဲ့တာ။ ငါ့ကိုစိတ်မပျက်စေဘူးပဲ။ မော့စု ထိပ်တန်း ၃ဝ ထဲကိုဝင်ပါ။ ထိပ်တန်း ၁ဝ ယောက်ထဲကို ဝင်ရင် ပိုကောင်းတာပေါ့”

“သူ တစ်နေ့လုံး မလှုပ်ရှားခဲ့ဘူး။ အခု လှုပ်ရှားပြီးတာတောင် မနေ့ကလိုပဲ အဆင့်၃၆မှာပဲ ရှိသေး ... ... ”

မနာလိုမှုတွေ ပြည့်နေတဲ့ မနှစ်မြို့တဲ့ အသံတစ်သံဟာ ဆွေးနွေးသံတွေ ကြားကနေ ထွက်ပေါ်လာတယ်။ အဲဒီလူကပဲ မျက်လုံးတွေ ပြူးကျယ်လာခဲ့ပြီး ဆက်ပြော‌တော့မယ့် စကားတွေကို လည်ချောင်းထဲ အလျင်အမြန် မျိုချလိုက်ရ ပါတော့တယ်။

***

All Chapters