ကြီးမားတဲ့ ခြိမ်းခြောက်မှု
Vol. 5 Ch. 63
လူအုပ်ကြီးဟာ ဒီထက်ပိုပြီး မတိတ်ဆိတ် နိုင်လေတော့ပါ။
တောင်ပေါ်မှာ ကျန်နေသေးတဲ့ လူ၂၀ကို ပြသနေတဲ့ ငှက်ရုပ်တုပေါ်က အဆင့်သတ်မှတ်ချက်တွေမှာ စုမင်ရဲ့အဆင့်ဟာ ကြောက်မက်ဖွယ် အရှိန်အဟုန်နဲ့ မြင့်တက် လာခဲ့လေတယ်။
အဆင့်၂၀ အဆင့်၁၉ အဆင့်၁၇ အဆင့်၁၅ အဆင့် ၁၄ အဆင့်၁၂၊ အဆင့်၁၀ စုမင် အဆင့်၁၀ ရောက်တာနဲ့ အဆင့်သတ်မှတ်ချက်ဟာ ထပ်ပြောင်းလဲ သွားခဲ့ပြန်ပြီး အဆင့်၉ ဖြစ်သွားတယ်။
ဝူစန်း ကြောင်အ နေခဲ့တယ်။ ၄၅၇ လှမ်းမြောက် လှေကားထစ်မှာ ရပ်နေပြီး ပလိတ်ပြားပေါ်က အဆင့် သတ်မှတ်ချက်တွေကို အံ့အားတကြီး ကြည့်နေခဲ့တယ်။ သူ့မျက်စိကိုတောင် သူမယုံနိုင်ဘူး။ စုမင်၊ သူထပ်ရွေ့လျားတာနဲ့ တစ်ပြိုင်နက် ထိတ်လန့်ဖွယ် ပြောင်းလဲမှုတစ်ခုကို ယူဆောင် လာလိမ့်မယ်လို့ သူလည်း ကြိုတင် ခန့်မှန်းထားခဲ့ပေမဲ့ မော့စု ယူဆောင်လာခဲ့တဲ့ ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အဆင့်ဟာ ဒီလောက် ကြောက်စရာ ကောင်းမယ်လို့တော့ မမျှော်လင့်ခဲ့မိဘူး။
တစ်ခဏအတွင်း သူ့အဆင့်က ၁၂ ကနေ ၁၃ ကို ကျသွားခဲ့တယ်။ ပြန်တိုက်ခိုက်ဖို့ အချိန်တောင် မရှိလိုက်၊ ပြန်တိုက်ခိုက်နိုင်ဖို့ သို့မဟုတ် ရုန်းကန်ကြည့်ဖို့ အခွင့်အရေးလေးတောင် မရလိုက်ဘူး။
သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ သူ့အပြင် အဆင့် ၁၁ နေရာက ၂၀ အထိ အခြားသူတွေလည်း အဆင့်ပြောင်းလဲမှုကို ရုတ်တရက်ကြီး တွေ့ကြုံခံစား လိုက်ရတယ်။ ဒီအပြောင်းအလဲကြောင့် သူတို့စိတ်ထဲမှာ အင်အားမဲ့မှုကို ခံစားလိုက် ကြရတယ်။ ပြန်တိုက်ခိုက်လိုတဲ့ စိတ်ဆန္ဒမွေးဖို့တောင် အချိန်မရှိလိုက်၊ အံ့ဩမှုနဲ့ ထိတ်လန့်မှုကသာ ကျန်ရစ်ခဲ့လေတယ်။
ဝူစန်းဟာ ခပ်တိုးတိုး မာန်သွင်းလိုက်စဉ်မှာ သူ့မျက်နှာပေါ်မှာ သွေးကြောတွေ ပေါ်လာတယ်။ အံတင်းတင်းကြိတ်လို့ အရူးတစ်ယောက်လို အရှေ့ဘက်ကို ပြေးလွှားခဲ့တယ်။ သူ လက်မခံနိုင်ဘူးလေ ဝူစန်းလှုပ်ရှား လာစဉ်မှာပဲ စုမင်ကျော်တက် သွားတာ ခံလိုက်ရတဲ့ အခြားသော အဆင့်ကလူတွေ အားလုံးလည်း အနားယူနေရာက ထလို့ ဝရုန်းသုန်းကားနဲ့ ရှေ့ကို ဆက်လက် တက်လှမ်းကြလေတယ်။
ထိပ်တန်း ၂၀ ထဲ ဝင်ရောက်နေနိုင်သူများဟာ သာမန် ကျင့်ကြံခြင်းသမားတွေ မဟုတ်ကြဘူး။ သူတို့ရဲ့မာနဟာ သူတို့ကို အလွယ်တကူ လက်လျှော့ အရှုံးပေးဖို့ကို ခွင့်မပြုခဲ့ဘူး။ အဲဒီအချိန်မှာ ညသန်းခေါင်အချိန်၊ တိုးမြင့်လာနေတဲ့ ဖိအားကိုလည်း သူတို့ ဂရုမစိုက်ဘူး။ သူတို့အားလုံး လှုပ်ရှားကြပြီ။
၅၄၇ လှမ်းမြောက် လှေကားထစ်မှာ အနားယူနေတဲ့ ချန်ချွန်းပင်လျှင် တုန်လှုပ် သွားလေတယ်။ မှင်တက်နေတဲ့ သွင်ပြင်နဲ့အတူ ပလိတ်ပြားကို ကြည့်လို့ အသက်ပြင်းပြင်း ရှူတယ်။ သွေးကြောတွေ တိုးလာတဲ့ ဗလုံးဗထွေး အသံတစ်သံကို ကြားလိုက်ရတယ်။ အဲဒါက အခုနလေးတင်ကမှ သူ အလိုရှိပြီး မနာလို ဖြစ်နေခဲ့တဲ့အသံ ဖြစ်တယ်။
၅၅၃ လှမ်းမြောက် လှေကားထစ်မှာ ရှိနေခဲ့တဲ့ ပိစုလည်း ၎င်းအသံကို ပိုလို့ပီပီသသ ကြားလိုက်ရတယ်။ သူနဲ့စုမင် ကြားမှာက ထူထပ်တဲ့မြူမှုန်တွေ အုံ့ဆိုင်းလျက်သား ရှိနေတယ်။ မော့စုလို့ခေါ်တဲ့ အဲဒီသူက ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ သူ့ဘေး လှေကားထစ်တွေပေါ် တက်လှမ်းလာနေတာကို တိတိပပကြီး ခံစားလိုက်ရတယ်။
သူတို့တင် မဟုတ်ဘူး။ အဲဒီအခိုက်အတန့်မှာ အစိုးရိမ်ဆုံးသူတွေက အဆင့်၄နေရာက ၈ နေရာအထိ လူငါးဦး ဖြစ်ပါတယ်။ ဒီလူငါးယောက်လုံးက လေပြည်စီးကြောင်းက ဖြစ်ကြပြီး ဝူစန်းနဲ့ချန်ချွန်း တို့လောက် နာမည်မကြီးလျှင်သာ ရှိမယ်၊ သူတို့ဟာလည်း အများထက် သာလွန်ထူးခြားသူများ ဖြစ်တယ်။
သို့ပေမဲ့ အဲဒီအခိုက်မှာ သူတို့ရဲ့ပူပန်မှုဟာ နှလုံးကို ကဆုန်ပေါက် ခုန်လှုပ်စေခဲ့ပြီး အားလုံး တောင်ပေါ် ဆက်လက် တက်လှမ်း လိုက်ကြတယ်။
မည်သို့ပင်ဖြစ်စေ အချိန်ကား ညသန်းခေါင်၊ လေပြည်စီးကြောင်း တောင်ရဲ့ ဖိအား အပြင်းထန်ဆုံး ဖြစ်တဲ့အချိန်။ သူတို့ တက်လှမ်းတဲ့အခါမှ သူတို့ ခံစားလိုက်ရတဲ့ တန်ပြန်ခုခံမှုဟာ မယုံနိုင်လောက်အောင် ပြင်းထန်တယ်။ အဲဒီဖိအားဟာ ဘာနဲ့တူသလဲ ဆိုလျှင် မိုးကောင်းကင်ရဲ့ အရှိန်အဝါဟာ သူတို့ပေါ် ကျရောက်လျက်ရှိပြီး သာမန်လူ တစ်ယောက်သာ ဆိုလျှင် စိတ်ဝိညာဉ်ပြိုကွဲ သွားနိုင်တယ်။
အထူးသဖြင့် သူတို့အားလုံး မတ်တတ်ရပ်သည့်တိုင် ရှေ့ကို အနည်းငယ်မျှတောင် ခြေလှမ်း မလှမ်းရသေးခင် ပလိတ်ပြားပေါ်က အဆင့်တွေကို တစ်ဖန် ပြန်စစ်ဆေး ကြည့်မိတဲ့အခါ သူတို့ခံစားရတဲ့ ထိတ်လန့်မှုဟာ ပကတိ အံ့အားသင့်ဖွယ်ရာ အဖြစ် ပြောင်းလဲ သွားလေတယ်။ အားလုံးဟာ တစ်ပြိုင်တည်းလို ရပ်တန့် လိုက်ကြလေတယ်။
စုမင်ရဲ့ဆံပင်တွေဟာ အနောက်မှာ လွင့်ဝဲနေတယ်။ ဆံပင်ကို ချည်နှောင်ထားတဲ့ ကြိုးမရှိတော့ဘဲ လေတိုက်ခတ်မှု ကင်းမဲ့တဲ့အရပ်မှာ သူ့ဆံပင်တွေဟာ လေထဲမှာ လွင့်ဝဲလျက် ရှိပါတယ်။ သူ့မျက်လုံးတွေဟာ ရဲရဲနီနေခဲ့ပြီး မျက်လုံးတွေထဲမှာ လရဲ့အရိပ်သဏ္ဌာန် တည်ရှိနေတယ်။
စုမင် မရပ်တန့်လိုက်ဘူး။ ၄၇၁လှမ်းမြောက် ခြေလှမ်း လှမ်းလှမ်းလိုက်တာနဲ့ တစ်ပြိုင်နက် သူ့ကိုယ်ကနေ အသံတွေ မြည်ဟည်း ထွက်ပေါ်လာပြီး သူ့ရဲ့ သွေးကြောမတွေဟာ ကိုယ်ခန္ဓာအနှံ့ တစ်ခုချင်းစီ တိုးလာပြီး ကိုယ်အနှံ့ကို ပျံ့နှံ့ဖြာဆင်း သွားလေတယ်။ သူသွေးကြော ဘယ်နှခု ပေါ်လာပြီလဲ ဆိုတာကို ရေတွက်ဖို့ စိတ်မဝင်စားဘဲ အရှေ့ကိုသာ ခြေလှမ်းတွေ လှမ်းနေခဲ့တယ်။
တောင်ဖိအားဟာ တောင်တန်းတွေ အများကြီး သူ့အပေါ်ကို ပိကျလာသလိုမျိုး စုမင်ကို မလှုပ်မယှက် ဖြစ်စေလုနီးပါးပဲ။ ချီကို ကိုယ်ခန္ဓာအနှံ့ ဖြန့်ကြက် လှည့်လည်လိုက်ပြီး လရောင်ရဲ့ ဝန်းရံမှုနဲ့အတူ ဖိအားအောက်မှာပဲ လျင်မြန်စွာ ဆက်လက် တက်လှမ်း သွားပါတော့တယ်။
၄၇၂ ၄၈၃ ၄၉၄ ၅၀၆ ၅၂၃ ၅၃၇.....၅၄၆ ... စုမင် ၅၄၆လှမ်းမြောက် လှေကားထစ်ရောက်မှ ရပ်တန့်လိုက်တယ်။ တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေပြီး လေးလေးပင်ပင် အသက်ရှူရှိုက် နေရပေမဲ့ သူ့မျက်လုံးတွေထဲ မှာတော့ စိတ်ပိုင်း ဖြတ်ထားမှုတွေနဲ့ ပြည့်လျှမ်း နေတယ်။
သူ့ခန္ဓာကိုယ်ထဲက အသံတွေ ဆက်ထွက်လာတယ်။ သူ ရပ်လိုက်တာနဲ့ သွေးကြော ၈၇ ခုလုံး ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ဖြာဆင်း သွားလေတယ်။ အစီအစဉ်ကျနမှု မရှိစွာ တစ်ခုစီ ပျံ့နှံ့သွားတာမို့ စုမင်တစ်ကိုယ်လုံးကို ဖုံးလွှမ်းစေလိုက်တယ်။
အဆင့် ၄ မော့စု ၅၄၆လှမ်း သူ့ရှေ့မှာ လူသုံးယောက်ပဲ ရှိတော့တယ်။ သူ့နောက်မှာတော့ စမ်းသပ်ပွဲ ပထမအဆင့်မှာ ပါဝင်ကြတဲ့ ကျန်ရှိသူအားလုံးပဲ စုမင်ဟာ တောင်ထိပ်ကို ရောက်ရှိပြီး အောက်က လူတွေကို ငုံ့ကြည့်ခြင်း မပြုနိုင်၊ တစ်ချီတည်းနဲ့ ထိပ်ဆုံးထိ ရောက်အောင် တက်သွားနိုင်ခြင်းများ မစွမ်းသာလှပေမဲ့ သူဟာ များပြားလှစွာသော လူများအလယ်မှာ လက်ရှိမျိုးဆက်ရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အဖြစ်နဲ့ ရပ်တည်နေနိုင်ခဲ့ပြီး ဖြစ်တယ်။
ချန်ချွန်း တုန်လှုပ် သွားတယ်။ သူဟာ စုမင်ကို မျက်မှောက် မတွေ့ရလည်းဘဲ လက်မှာ ကိုင်ထားတဲ့ ပလိတ်ပြားထဲကနေ သူ့ထံ လျှံထွက်လာတဲ့ အင်အားပြင်းမှုကို ခံစားလိုက် ရတယ်။ သူ့ကို မှင်တက် သွားစေတဲ့ ပေါက်ကွဲသံကိုလည်း နားမှာ ကြားလိုက်ရတယ်။
သူဟာ စုမင်ကို တွေ့မနေရပေမဲ့ ခံစားမိလိုက်တဲ့ အားအင်က ပိစုနဲ့ယှဉ်လျှင် ပိုသာလွန်တဲ့ ထိတ်လန့် တုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့တယ်။ တိတိကျကျ ပြောရလျှင် မမြင်ရလို့ပဲ စုမင်ကို လွှမ်းခြုံထားတဲ့ လျှို့ဝှက်နက်နဲတဲ့ စွမ်းအားက ချန်ချွန်းကို ရှားပါးတဲ့ ကြောက်လန့်မှုနဲ့ သတိပေးမှုတို့ကို ဖြစ်စေတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
ချန်ချွန်းက ပေါ့ပေါ့ပါးပါး သမားလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူ့စိတ်ထဲမှာ မာန ထောင်လွှားနေသူပဲ ဖြစ်တယ်။ သူက ပိစုကို အထင်အမြင်သေးစွာ ကြည့်တယ်။ အရမ်း ပင်ပန်းလွန်း လို့သာ ဖြစ်ချင်သလို ဖြစ်လရော့ဟယ် ဆိုပြီး အလျှော့ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။ သူဟာ ဒီအဆင့်အတွက် အများကြီး ပြိုင်ဆိုင်မနေချင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အပင်ပန်းခံနေမလဲ။ ပိစုဟာ သူ့အတွက် ပြိုင်ဘက်တောင် မဟုတ်ဘူး။
ဒါဆိုရင် ပိစုက သူ့ထက် သာသွားတယ် ဆိုလျှင်ရော လူတွေကို တုန်လှုပ်စေတဲ့ တည်ရှိမှုမျိုး မဟုတ်လျှင် အဲဒါက အချည်းနှီးပဲ မဟုတ်လား။ ချန်ချွန်း အတွက်တော့ အဲဒီလိုလူက တစ်ဦးပဲရှိတယ်၊ အဲဒါကတော့ ရဲဝမ်ပဲ အခုချိန်မှာတော့ မော့စုရဲ့နာမည်ဟာ ရဲဝမ်လိုမျိုး ထူးခြားတဲ့ရှိန်ဝါ တစ်မျိုး ရှိနေတာကို တွေ့လိုက်ရချိန်မှာ သူ ထိတ်လန့်သွားတယ်။ ချန်ချွန်း ပို လေးလေးနက်နက် ရှိလာပြီ။ ဆက်ပြီးတော့ ရေရွတ်မြည်တမ်း နေခြင်း မပြုတော့ဘူး။ အဲဒီအစား သူ့ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ မာန်စွမ်းအားရှင်ရဲ့ အစွမ်းအင်အားတွေကို တဖြည်းဖြည်း ထုတ်ဖော် ပါတော့တယ်။
သူ မတ်တတ် ထရပ်လိုက်ပြီး မြူတွေ ပိုသိပ်သည်းနေတဲ့ နေရာကို လှမ်းမျှော် ကြည့်ရှုလိုက်တယ်။ ဝိုးတဝါးပေမဲ့ လှေကားထစ် ၅၄၆ဆင့်မှာ ရပ်လျက်ရှိပြီး မိုးကောင်းကင်ကို ရှေးတူရူထားတဲ့ လူတစ်ယောက်ရဲ့ အရိပ်ကို အဝေးမှာ လှမ်းမြင် တွေ့ရတယ်။ ၎င်းမှာ ချန်ချွန်း သူ့ကို အာရုံမစိုက်ဘဲ မနေနိုင်အောင် နိုင်စားနိုင်တဲ့ ရှိန်ဝါတစ်မျိုး ရှိနေတယ်။
ချန်ချွန်းနဲ့ နှိုင်းယှဉ်လျှင် ဒီနယ်ပယ်မှာတော့ ပိစု သူ့ကို မီလိမ့်မယ် မထင်ဘူး။ လောလောဆယ် သူ့မျက်နှာပေါ်က ကြမ်းကြုတ်တဲ့ မျက်နှာပေးကြောင့် ရက်စက်တဲ့သွင်ဟန် ပေါ်ပေါက်နေတယ်။ သူဟာ မြူတွေထဲကို စိုက်ကြည့်နေတယ်။ အဲဒီမြူမှုန်တွေရဲ့ နောက်မှာ လူတစ်ယောက် အသက်ရှူရှိုက်သံ ခပ်မျှဉ်းမျှဉ်း ကိုလည်း ကြားတယ်။
"ဘယ်သူပဲ ဖြစ်ပါစေ မင်းငါ့ကို မီနိုင်မှာ မဟုတ်ဘူး" ပိစုဟာ အသံနိမ့်နိမ့်နဲ့ မြူတွေကြားမှာ မာန်သွင်းကြုံးဝါး လိုက်တယ်။ သူ့စကားတွေဟာ မြူငွေ့တွေထဲ ပျံ့နှံသွားပြီး တစ်စစီ လွင့်ပါး ပျောက်ပျက် သွားလေတယ်။
အဲဒီအခိုက်မှာ နောက်ဆုံးမှာ ရှိနေတဲ့ လေပြည်စီးကြောင်း မျိုးနွယ်ဝင်ဟာ ခေတ္တမျှ တိတ်ဆိတ် သွားပြီး အရှုံးပေးဖို့ကို ရွေးချယ်လိုက်တယ်။ သူဟာ ထွက်လာဖို့ ရွေးချယ် လိုက်တယ်။
နေ့ခင်းဘက်ကို စောင့်စရာ မလိုတော့တာ သူသိတယ်၊ စမ်းသပ်ပွဲရဲ့ ပထမအဆင့် အတွက် နောက်ဆုံးတိုက်ပွဲဟာ စတင်နေခဲ့ပြီ။ သို့ပေမဲ့လည်း ဒီတိုက်ပွဲမှာ ပါဝင် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါဘူး။ တောင်နဲ့ သက်ဆိုင်သူဟာ အနည်းအကျဉ်း မျှသာ ရှိနိုင်မယ်လေ။ သူဟာ အဲဒီလူတွေအတွက် အလှဆင်ရုံရုပ်ပြ ပစ္စည်းသာသာ မဖြစ်ချင်ဘူး၊ ဒါကြောင့်မို့ သူ ဆက်နေနေတာထက် ထွက်သွားဖို့ကို ရွေးချယ်လိုက်ခြင်း ဖြစ်တယ်။
မိမိရဲ့ အကန့်အသတ်ကို သိရှိပြီး ဘယ်အချိန်မှ နောက်ဆုတ် ရမည်ကို သိရှိခြင်းကို လူတိုင်းထံမှာ မတွေ့မြင်နိုင်ဘူး။ သို့ပေမဲ့ ထိပ်တန်း ၂၀အတွင်းက ပါရမီရှင် အချို့ကတော့ အဲဒီ သဘောတရားကို နားလည်ပြီးသား ဖြစ်တယ်။
အစွမ်း ထက်မြက်သူ အချင်းချင်းဟာ မျိုးနွယ်တူချင်း ဖြစ်ချင်မှဖြစ်မယ်၊ တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုတော့ ရှိကြတယ်။ အဲဒီသူ ထွက်ခွာတာနဲ့ တစ်ပြိုင်နက် ဝူစန်းက လွဲလို့ အဆင့်၄အနောက်မှ အခြားလူ နှစ်ယောက်လည်း ထွက်ခွာလာကြပြီး တောင်ထိပ်က လူလေးယောက် အတွက် တောင်ကို ထားရစ်ခဲ့ကြတယ်။
သူတို့တွေ တိုက်ခိုက်နိုင်ဖို့ စစ်မြေပြင်ကို ချန်ထား ရစ်ပေးခဲ့ကြခြင်း ဖြစ်တယ်။
ဝူစန်းလည်း ခဏတော့ ရုန်းကြည့်လိုက်ပြီးမှ သက်ပြင်းရှည်ကြီး ချလေတယ်။ သူလည်းပဲ လက်မြှောက် အရှုံးပေးလို့ ထွက်ခွာလာခဲ့တယ်။ ကျန်တဲ့ နှစ်ယောက်လည်း အလျှော့မပေးမယ့်ပုံစံတွေ ထင်ရပေမဲ့ ကျန်တဲ့သူတွေ ထွက်သွားတာကို တွေ့လိုက်ရတဲ့အခါ အနည်းငယ် တွေဝေသွားကြပြီးနောက် သူတို့လည်း လက်လျှော့လိုက်ဖို့ ဆုံးဖြတ် လိုက်ကြတယ်။
ညနက်သန်းခေါင်ယံ တိတ်ဆိတ်နေတဲ့ ကွင်းပြင်မှာ အနက်ရောင် မြူငွေ့မြူခိုးများ ဆက်တိုက် ပေါ်ထွက်လာပေမဲ့ ဘယ်သူမှ သူတို့ကို မကြည့်ကြတော့ဘူး။ အဲဒီအချိန်မှာ ကွင်ပြင်ထဲက လူအားလုံး ငှက်ရုပ်တုတွေပေါ်က အဆင့် သတ်မှတ်ချက်တွေကိုပဲ ရင်တမမနဲ့ ကြည့်ရှု နေကြတယ်။
နဂါးနက်တောင်က အမျိုးသမီးကြီးဟာ လေးနက်တဲ့ သွင်ပြင် မျက်နှာထားနဲ့ မတ်တတ် ထရပ်လာတယ်။ သူမဘေးက ခွန်အား ဗလကြီးကြီးနဲ့လူလည်း ထရပ်တယ်။ သူတို့တင် မကဘူး၊ အခြား မျိုးနွယ်ဝင်တွေလည်း အလားတူပဲ ထရပ်လာကြတယ်။
ဘယ်သူမှ ဆက်ထိုင် မနေကြတော့ဘူး။ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ပင်လျှင် မည်းမှောင်တဲ့မျက်နှာနဲ့ ရုပ်တုပေါ်က အဆင့် သတ်မှတ်ချက်တွေကို စိုက်ကြည့်လျက် ရှိတယ်။
ပေလင်း စစ်ခုန်း ပိုင်လင်း လေ့ချန် ဝူလနဲ့တကွ ကျန်သူများလည်း အဆင့် သတ်မှတ်ချက်များကို တိတ်တဆိတ် ကြည့်နေကြတယ်။
ကွင်းပြင်ထဲ ပြန်လာခဲ့သော ပါရမီရှင်များပင် သူတို့ ပြန်ရောက်လာတဲ့ အချိန် ဘယ်သူမှသူတို့ကို အာရုံစိုက် မနေခြင်းအတွက် စိတ်ရှိဟန်မပေါ်။ အဲဒီအစား သူတို့အားလုံးဟာ အခြားအမည်များ အားလုံး မီးခိုးရောင် ဖြစ်နေချိန်မှာ တောက်ပ လင်းလက်နေဆဲ နာမည်လေးခုကို ရုပ်တုပေါ်ကနေ ကြည့်ရှု လိုက်ကြတယ်။
မော့စန်းဟာ လေးနက်တဲ့ မျက်နှာထားနဲ့ အဆင့်များကို ကြည့်နေခဲ့တယ်။ ကျင်းနန်လည်း အလားတူ ကြည့်ရှုနေပြီး သူ့ရဲ့ အတွေးတွေကတော့ သူ့ရဲ့မျက်နှာပြင်မှာ ပေါ်လွင် မလာခဲ့ဘူး။
စုမင်ဟာ ၅၄၆ ထစ်မြောက် လှေကားမှာ ရပ်ပြီး အသက်ပြင်းပြင်း ရှူတယ်။ အဲဒီနေရာမှာ ဖိအားက မယုံနိုင်လောက်အောင် ပြင်းထန်လှတယ်။ သူ့ရဲ့အရင် အမြန်နှုန်းနဲ့ ရှေ့ဆက်ဖို့ ခက်တယ်။ သူ ခြေထောက်ကိုမလို့ ၅၄၇ ထစ်မြောက် လှေကား အဆင့်ပေါ်ချပြီး တစ်လှမ်းချင်း တက်တယ်။
သူ့ရဲ့အရှိန်က မမြန်ပေမဲ့ ပုံမှန်လေး တည်ငြိမ်မှု ရှိတယ်။
တစ်ယောက်ယောက် စကား ပြောနေသလိုမျိုး အသံသဲ့သဲ့ ကြားနေရတယ်၊ ဒါပေမဲ့သူ ဂရုမစိုက်ဘူး။ ရိုးရိုးရှင်းရှင်းပဲ ရှေ့ဆက်ပြီး တစ်လှမ်းချင်း သွားခဲ့တယ်။
ချန်ချွန်းရဲ့မျက်နှာဟာ လေးနက် တည်ကြည်နေတယ်။ ဝင်သက်ရှိုက်ရင်း စကား မများတော့သလို လက်ထဲက ပလိတ်ပြား ကနေလည်း အဆင့်သတ်မှတ်ချက်တွေ မကြည့်တော့ဘူး။ အဲဒီအစား ကိုယ်ပေါ်က အင်္ကျီကို ဆွဲဖြဲလိုက်ပြီး အနည်းငယ် ဝဖိုင့်သော ကိုယ်ခန္ဓာကို ပေါ်လွင်စေကာ တစ်လှမ်းချင်း ရှေ့ကို တက်လှမ်း လေတယ်။
ပိစုရဲ့မျက်နှာဟာ ရုပ်ပျက်ဆင်းပျက် ရှုံ့တွနေတယ်။ အံကို တင်းတင်းကြိတ်လို့ မယုံနိုင်လောက်အောင် အားပြင်းထန်စွာ ဖိအားဒဏ်ခံရလို့ ရင်ဝက နာကျင်လာတာကို အန်တုကာ ရှေ့ကို ဆက်လှမ်းတယ်။ တစ်လှမ်းလှမ်းပြီး တိုင်းလည်း လက်ထဲက ပလိတ်ပြားကို ကြည့်တယ်။
အဆင့်၁ - ရဲဝမ်၊ ၇၉၁ လှမ်း။
အဆင့်၂ - ပိစု၊ ၅၅၄ လှမ်း။
အဆင့်၃ - ချန်ချွန်း၊ ၅၄၈ ဆင့်။
အဆင့်၄- မော့စု ၅၄၆လှမ်း။
ပိစုတစ်ယောက်တည်း သာလျှင် အဆင့် သတ်မှတ်ချက်တွေကို ဂရုစိုက်နေသူ ဖြစ်တယ်၊ မကြည့်တဲ့ သုံးယောက်မှာ၊ ရဲဝမ်ကတော့ ဘာပြောင်းလဲမှုမျိုးကိုမှ ဂရုမစိုက်တာ၊ သူ့အတွက်က အစကတည်းက သူသာလျှင် သူ့ကို ယှဉ်ပြိုင်နိုင်မှာက သူပဲရှိတယ်လို့ ယုံကြည်ထားတာမို့၊ ချန်ချွန်းက ကျတော့ မာနကြောင့်၊ စုမင်ရဲ့ ရှိန်ဝါဖျော့ဖျော့က သူ့ကို ဂရုပြုမိစေပြီး အကြီးအကျယ် အလေးထား မိစေတယ်၊ ဒါကြောင့်မို့ သူ့စိတ်အခြေအနေကို ထိခိုက်စေမယ့် ဘယ်လို အရာမျိုးကိုမှ မကြည့်တော့ဖို့ ဆုံးဖြတ် လိုက်ခြင်း ဖြစ်တယ်။
စုမင်လည်းပဲ အဆင့် သတ်မှတ်ချက်တွေကို ကြည့်မနေဘူး၊ လှေကားထစ်တွေကိုသာ ကြည့်လို့ တစ်လှမ်းချင်းပဲ ရှေ့ဆက် သွားနေတယ်။ သူလှမ်းလိုက်တဲ့ ခြေလှမ်း တစ်ခုချင်းစီမှာ စုမင်ကိုယ်ဟာ တုန်ယင်သွားပြီး ကိုယ်ပေါ်ကို ပြင်းထန်စွာ ကျရောက်နေတဲ့ ဖိအားကြောင့် ချွေးတွေလည်း ဒလဟော ထွက်ရှိလာတယ်၊ သို့ပေမဲ့ မယိုင်နဲ့တဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ဖော်ပြဖို့ခက်ခဲတဲ့ ရည်မှန်းချက် ပြတ်သားမှုဟာ မုန်တိုင်းထဲက သစ်ပင်ငယ်လေးလို ဇွဲရှိရှိ ရပ်တည် နေနိုင်စေတယ်။
"ဒီလောကမှာ နေထိုင်ကြသူတွေထဲ မိုးကုပ်စက်ဝိုင်းရဲ့ အဆုံးကိုမြင်နိုင်သူ ဘယ်သူများ ရှိလိမ့်မလဲ"
စုမင်ဟာ ကောင်းကင်ကို မော့ကြည့်လို့ ရေရွတ် မြည်တမ်းကာ ဆက်လက် လျှောက်လှမ်းလျက် ရှိတယ်.....။
***