ဘိုးဘေးကျောက်တိုင် ထွက်ပေါ်လာခြင်း ၂
Vol. 90 Ch. 893
ဤအကြိမ်အပါအဝင် ၎င်းတို့သည် မျိုးနွယ်စုကို အရင်ဖျက်ဆီးပြီးမှ မေးခွန်းထုတ်သည့်အလေ့အထအတိုင်းစတင်ခဲ့ကြ၏။ ၎င်းတို့၏ ဗိုလ်ကျစိုးမိုးလွန်းသောလုပ်ရပ်များက ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ထိုလူနှစ်ယောက်၏ မျက်နှာပေါ်ရှိ ဂရုမစိုက်ဟန်မှာမူ လူတို့၏နှလုံးသားကို အမှန်တကယ်ပင်တုန်လှုပ်ခြောက်ခြားစေခဲ့သည်။
တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက်ကျင့်ကြံသူသည် ကမ္ဘာငယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲကာ သတ္တဝါအားလုံး၏ အသက်ရှင်သန်ခြင်းကို ပခုံးထမ်းထားရသဖြင့် စိတ်နှလုံးထဲတွင် အမြဲတမ်းကရုဏာတရား အနည်းငယ်ပိုရှိလာလိမ့်မည်ဟု ဆိုကြ၏။
သို့သော် ဤအခိုက်အတန့်တွင် အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦး၏ မျက်လုံးထဲတွင်မူ သတ္တဝါအားလုံးသည် လမ်းဘေးခွေးများကဲ့သို့ အရေးမပါသယောင်ဖြစ်နေပြီး မိုးမြေ၏ အရှိန်အဝါကို အမှန်တကယ်ပင်ထုတ်ဖော်နေကြသည်။
"ရပ်လိုက်စမ်း"
တောင်ပေါ်မှ သွေးပျက်နေသော ပုံရိပ်တစ်ခု ပြေးထွက်လာ၏။ ဟွမ်ဝမ်ဖာသည် မကြုံစဖူးရူးသွပ်သောအမူအရာဖြင့် သူ၏ ဓားကြီးကို ဝှေ့ယမ်းကာ၊ ခြေထောက်များဖြင့် မြေပြင်ကို အပြင်းအထန်ကန်ထုတ်၍ ကောင်းကင်ယံသို့ တိုက်ရိုက် ပြေးတက်သွားတော့သည်။
သို့သော် သူသည် ဆယ်လှမ်းမျှသာပြေးရသေးခင်မှာပင် မျက်မြင်မရသောအင်အားတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး နွယ်ပင်များဖြင့် အချည်ခံထားရသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
သူသည် ဒေါသတကြီးဖြင့် မျက်နှာကို ရှုံ့မဲ့ကာ ကောင်းကင်သို့ ကြည့်၍ တံတွေးများ ပန်းထွက်သည်အထိ ကျိန်ဆဲနိုင်တော့သည်။
"မင်းတို့ တိရစ္ဆာန်တွေ၊ ပြဿနာရှိရင် မင်းတို့ ဘိုးဘိုးဟွမ်ကိုပဲ လာရှင်းစမ်း၊ ဒီလို ရတနာမြေကို ဒေါသပုံချတာ ဘယ်လိုခွေးကျင့်ခွေးကြံမျိုးလဲ"
မြေကမ္ဘာနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးဖြစ်သော သူသည် စစ်ထူဖူဟိုင် နှင့် ရှီလျန့်ချန်တို့၏ မျက်လုံးထဲတွင် ရတနာမြေအတွင်းရှိ အခြားသတ္တဝါများနှင့် မခြားနားပေ။
သူ၏ ကျိန်ဆဲသံများပင်လျှင် လေပြေညင်းကလေးသဖွယ်အရေးမပါလှသဖြင့် ထိုလူနှစ်ယောက်ကို မျက်တောင်တစ်ချက်ပင်ခတ်အောင် မလုပ်နိုင်ခဲ့ချေ။
မြင့်မားသော တိုင်လုံးကြီးမှာ နောက်ဆုံးတွင် ပြိုကျသွားခဲ့ပြီဖြစ်၏။
မြင်ကွင်းအသစ်ဖြစ်သော ဂိုဏ်းအတွင်းကမ္ဘာကြီးမှာ လူတိုင်း၏မြင်ကွင်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။
ရေတွက်မရနိုင်သော တပည့်များနှင့် အကြီးအကဲများသည် ကောင်းကင်ကိုကြောင်ကြည့်နေကြပြီး အစီအရင်ကို ထိန်းသိမ်းထားသောလက်ဝါးများမှာ တုန်ရီလာကြ၏။
၎င်းသည် သူတို့မွေးကတည်းက ခိုလှုံရာဖြစ်ခဲ့သော ကမ္ဘာကြီး ဖြစ်သည်။ ယခုမူ ၎င်းသည် ပြိုလဲသွားခဲ့ပြီ။
"မလုံလောက်သေးဘူးလား"
ယဲ့ကျိုး က ရုတ်တရက်လှည့်ကြည့်လိုက်ပြီး အလင်းစီးဆင်းဓားရှည်က သူ၏လက်ထဲသို့ ရောက်ရှိလာသည်။
"လုံလောက်ပြီ"
မင်းသား ကျစ်ယန်က သက်ပြင်းတစ်ချက်ကို အသာအယာချကာ နဂါးပုလဲ၏ အကာအကွယ်အောက်မှ ထွက်လာခဲ့ပြီး "ငါ့ကို ဒီမှာပဲ စောင့်နေပါ" ဟု ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ သူ အဆင်ပြေမှာပါ"
ကျစ်ရှန်းက တောင်ပိုင်းဟုန် ဂိုဏ်းချုပ်များကို တိုးတိုးလေး နှစ်သိမ့်လိုက်သည်။
ဤ ဟုန်ကျယ်မြေပေါ်တွင် သူမအစ်ကို မဖြေရှင်းနိုင်သောကိစ္စဟူသည် အနည်းငယ်မျှသာရှိသည်။ သင့်တော်သောအကြောင်းပြချက်ရှိရန်သာ လိုအပ်လေ၏။
စကားမဆုံးမီမှာပင် ကျစ်ရှန်းသည် သူမအစ်ကို၏ ခြေလှမ်းများ နှေးကွေးသွားသည်ကို သတိထားမိလိုက်သည်။
သူမက စိုးရိမ်တကြီးဖြင့် "အချိန်မဆွဲဘဲ သွားလို့မရဘူးလား၊ လူတွေကို စိတ်တိုပြီးသေအောင် လုပ်ချင်နေတာလား"
"..."
မင်းသား ကျစ်ယန်သည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ စိုက်ကြည့်နေပြီး ခဏအကြာတွင်ပြန်လှည့်ကာ မေးလိုက်၏။
"အဲဒါ ဘယ်သူလဲ"
ထိုစကားကို ကြားသည်နှင့် လူတိုင်းက တစ်ပြိုင်နက်ရှေ့သို့ တိုးထွက်ကာ ပန်ရှန်းဂိုဏ်းဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
စစ်ထူဖူဟိုင်နှင့် ရှီလျန့်ချန်တို့၏ အကြည့်များမှာလည်း ထိုနေရာသို့ပင်ကျရောက်သွားကြ၏။
ပွင့်ထွက်လာသော ပန်ရှန်ဂိုဏ်း၏ အတွင်းထဲတွင် မြင့်မားသောဘိုးဘေးခန်းမတစ်ခုမှာ သဏ္ဍာန်မဲ့သောဖိအားအောက်တွင် လျင်မြန်စွာပြိုကျပျက်စီးကာ ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားသည်ကို သူတို့ မြင်လိုက်ရသည်။
အဓိကအသွင်အပြင်များ ကျိုးပဲ့သွားချိန်တွင် ၎င်း၏ ပုံစံအစစ်အမှန် ပေါ်ထွက်ခဲ့၏။
ပျက်စီးနေသော ခန်းမအတွင်းတွင် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။
သူ၏ ခါးအထိရှည်လျားကာလွင့်လူးနေသော ဆံပင်များမှာဖရိုဖရဲဖြစ်နေပြီး အနက်ရောင် ဝတ်ရုံမှာ အနည်းငယ်လွင့်ပျံနေသည်။ ထိုသူသည် အနည်းငယ် ကိုင်းညွတ်ကာနွမ်းလျနေပုံရလေ၏။
အထူးသဖြင့်ထိုဖြူဖျော့ပြီး ချောမောသော မျက်နှာမှာ ယခုအခါတွင် ကုမရသောရောဂါဝေဒနာခံစားနေရသူကဲ့သို့ စိတ်ဓာတ်ကျနေပုံရကာ မျက်လုံးများမှာသွေးရောင်လွှမ်းနေပြီး ဇဝေဇဝါဖြစ်ဟန် အနည်းငယ် ပါဝင်နေသည်။
သူ၏ နှုတ်ခမ်းထောင့်များတွင်လည်း လတ်လတ်ဆတ်ဆတ်အန်ထုတ်ထားသော သွေးစများ ရှိနေသည်။
သူက မျက်လုံးကို အသာအယာပင့်လိုက်ပြီး ပတ်ဝန်းကျင်ကို အရင်ဝေ့ကြည့်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်၏။
ထိုသွေးရောင်လွှမ်းသော အကြည့်အောက်တွင် စစ်ထူဖူဟိုင်က မျက်ခုံးပင့်လိုက်ပြီး နေနာရီကဲ့သို့သော အရာတစ်ခုကိုဖြည်းညှင်းစွာ ထုတ်ယူလိုက်၏။ သွေးရောင်အလင်းတန်းက ထိုအရာပေါ်သို့ ကျရောက်ကာအရိပ်တစ်ခုထင်ဟပ်လာစေသည်။
ထိုအရိပ်သည် ထိုကိရိယာပေါ်တွင် ရူးသွပ်စွာ လည်ပတ်နေပြီးမှ အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို တိုက်ရိုက်ညွှန်ပြကာ ရပ်တန့်သွားခဲ့၏။
"ဟဲ ဟဲ"
နောက်ဆုံး၌ရက်စက်သောအပြုံးတစ်ခုမှာ စစ်ထူဖူဟိုင်၏ မျက်နှာပေါ်တွင်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကို ရှေ့သို့အနည်းငယ်ကိုင်းလိုက်ပြီး သူ၏အသံမှာခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်လာကာ "ဒီအရှင်က မင်းကို မေးမယ်.."
သူ၏စကားစရုံရှိသေးသော်လည်း သူ၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။
ပျက်စီးသွားသော ဘိုးဘေးခန်းမအတွင်းတွင် အနက်ရောင်ဝတ်ရုံနှင့်လူငယ်သည် သဏ္ဍာန်မဲ့သော ဖိအားများအား မရှိသကဲ့သို့အေးအေးဆေးဆေးပင် ထရပ်လိုက်သည်ကို သူ မြင်လိုက်ရ၏။
သူ၏ အမူအရာမှာ တည်ငြိမ်အေးစက်နေပြီး သူ၏ အဝတ်အစားများကို ခါလိုက်သည်။ သူ၏ သွယ်လျသောလက်ချောင်းများကို ဆုပ်ကိုင်လိုက်ချိန်တွင် ရွှေရောင်မှော်အက္ခရာဆန်းကြယ်ဓားတစ်လက်က သူ၏ လက်ဝါးထဲတွင် ထွက်ပေါ်လာခဲ့၏။
ဓားသွားမှာ မြေပြင်သို့ စောင်းလျက်တည်ရှိနေသည်။
လူငယ်က ခေါင်းကိုမော့လိုက်ရာ သူ၏ အက်ရှရှအသံမှာ အိပ်ရေးမဝသေးဘဲနိုးထလာစကဲ့သို့ မောပန်းနွမ်းလျမှုအနည်းငယ် ပါဝင်နေသည်။
"ရှူး။"
သူက သူ၏နှုတ်ခမ်းပေါ်သို့ လက်ချောင်းတစ်ချောင်းတင်လိုက်ပြီး သူ၏နှုတ်ခမ်းများတွင် ဖျော့တော့သောအပြုံးတစ်ခု ရှိနေကာ တိုးတိုးလေး ပြောလိုက်သည်။
"အဲဒီစကားတွေကို နောက်ဘဝကျမှ ပြောလိုက်တော့"
သူ၏ စကားသံများ ပျောက်ကွယ်သွားသည်နှင့်အမျှ သူ၏အပြုံးနောက်ကွယ်တွင် သတ်ဖြတ်လိုသောအငွေ့အသက်များ ခဏတာလင်းလက်သွား၏။
"ဟမ်"
ထိုအခိုက်အတန့်တွင် မင်းသား ကျစ်ယန်က သူ၏ အဖြေကို ရရှိသွားခဲ့ပြီဖြစ်၏။
သူ့ပတ်ဝန်းကျင်ရှိ လူများ၏မျက်နှာထားများကို ပြန်ကြည့်ရင်း သူ၏ ကောက်ချက်ချမှုမှာ ပို၍ပင် သေချာသွားတော့သည်။
"မင်းတို့ ခန့်မှန်းတာ မှန်တယ်၊ ဒါ ရှန်းယီ ပဲ"
ကျစ်ရှန်းက သူမ၏နဖူးကို အင်အားသုံး၍ ပွတ်သပ်လိုက်ကာ သူ့ကိုဒေါသတကြီး ကြည့်လိုက်၏။
"အချိန်ဆွဲရတာ ဝါသနာပါတယ်ပေါ့၊ အခုတော့ အားလုံး ပြီးသွားပြီ"
"..."
မင်းသား ကျစ်ယန်က ကောင်းကင်ဘုံနယ်ပယ်အလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးက ယွဲ့ကုန်းကွေ့ကို မည်သို့ သတ်နိုင်ခဲ့သည်နှင့်၊ မာနကြီးလှသောယဲ့ကျိုးကိုပင် ဤကဲ့သို့ အမူအရာဖြစ်သွားအောင် မည်သို့လုပ်နိုင်ခဲ့သည်ကို နားမလည်နိုင်ခဲ့ချေ။
ထိုသူသည် အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးကို ထိုကဲ့သို့ရဲတင်းသောစကားများ မည်သို့ပြောဝံ့သည်ကိုလည်း သူ နားမလည်ခဲ့ပေ။
ထင်ရှားသည်မှာ စစ်ထူဖူဟိုင်နှင့် ရှီလျန့်ချန်တို့သည်လည်း နားမလည်ခဲ့ကြချေ။
ထိုနှစ်ဦးမှာ ခဏမျှမှင်သက်သွားပြီးမှ သူတို့၏ အမူအရာများမှာပြန်လည်၍ အေးစက်သွားကြ၏။ ၎င်းမှာ သူတို့ အမှန်တကယ်ပင်ဒေါသထွက်သွားပြီ ဖြစ်ကြောင်းနှင့် ယခင်ကကဲ့သို့ အနောက်ပိုင်းဟုန်ရှိ သတ္တဝါများအတွက်ဟိတ်ဟန်ထုတ်ပြနေမည် မဟုတ်တော့ကြောင်း ပြသနေသည်။
မိုင်တစ်သောင်း တောင်တန်းနှင့် မြစ်များ ပန်းချီကားလိပ်သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသောကန့်လန့်ကာတစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှန်းယီဆီသို့ လိပ်တက်သွားခဲ့သည်။
၎င်း၏အတွင်းတွင် ရေတွက်မရနိုင်သော ပုံရိပ်များသည် ကောင်းကင်ဘုံ၏ဆင့်ခေါ်မှုကိုခံစားမိသည့်အလား အားလုံးက လက်အုပ်ချီကာဆုတောင်းကြပြီး အဆုံးမရှိသောမန္တန်များကို ရွတ်ဖတ်နေကြတော့သည်။
"တာအိုအင်ပါယာက နတ်ဆိုးတွေကို နှိမ်နင်းမယ်"
တိုက်ခိုက်မှုပြီးမြှောက်စေရန်အတွက် ထိုနှစ်ဦးမှာ နက်ရှိုင်းသောတာအိုပညာရပ်များကို အသုံးပြုခဲ့ကြ၏။
လွှမ်းခြုံလာသောကန့်လန့်ကာကြီးကို ရင်ဆိုင်ရင်း သူ၏ နတ်ဝိညာဉ်မှာ ဆွဲဖြဲခံနေရသကဲ့သို့ ခံစားနေရချိန်တွင် ရှန်းယီက လက်ကိုနှိမ့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ထူထပ်သောမြူခိုးများ ဖုံးလွှမ်းလာပြီးထိုမြူခိုးများက လျင်မြန်စွာပျံ့နှံ့သွားခဲ့၏။
ကပ်ဘေးတစ်သောင်းနှလုံးမဲ့ခြင်းတာအို။
ခက်ခဲပင်ပန်းမှုများကို ဖြတ်ကျော်ကာ ကရုဏာကင်းမဲ့သောမသေမျိုးနိယာမကို ရရှိထားပြီးဖြစ်ရာ ဤကဲ့သို့သောဆူညံသံများက သူ့ကိုမည်သို့ နှောင့်ယှက်နိုင်ပါမည်နည်း။
မြူခိုးများသည် လေထုနှင့်အတူပေါင်းစပ်သွားပြီး ပန်းချီကားလိပ်ထဲသို့ တိုက်ရိုက်စိမ့်ဝင်သွားကာ မျက်မြင်ဖြင့်မမြင်နိုင်သောအရှိန်နှုန်းဖြင့် မြေပုံတစ်ခုလုံးကို ရူးသွပ်စွာလွှမ်းခြုံသွားလေ၏။
မန္တန်ရွတ်ဆိုနေသော သတ္တဝါများသည် ရုတ်တရက် ထုံထိုင်းသွားကြပြီး သူတို့၏တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောလက်များမှာလည်း အင်အားများတဖြည်းဖြည်းလျော့နည်းလာကာ ပျော့ခွေကျသွားကြသဖြင့် အရာအားလုံးသည် တစ်ဖန် ပြန်လည်တိတ်ဆိတ်သွားခဲ့လေတော့သည်။