← Chapters

ယှဉ်ပြိုင်ခြင်း

Vol. 16 Ch. 169

ယှဉ်ပြိုင်ခြင်း

Vol. 16 Ch. 169

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာပြီး အခါအားလျော်စွာ လေအေးများ တိုက်ခတ်နေ၏။

ဤလမ်းသည် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမရှိသော လူသွားလမ်းတစ်ခုပင်။

လူအုပ်ကြီးမှာ တဖြည်းဖြည်း များပြားလာကာဆွေးနွေးသံများသည်လည်း လေထုထဲတွင် ပြည့်နှက်နေသည်။

တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်။

"သူက အရမ်းငယ်လွန်းတယ်... လူလိမ်ပဲ ဖြစ်ရမယ်..."

တခြားတစ်စုံတစ်ယောက်ကလည်း ထောက်ခံလိုက်၏။

"ငါက သူ့ရဲ့လှည့်စားတာကို ခံရလုနီးပါးပဲ... သောက်ကျိုးနည်း... သူက သရုပ်ဆောင်နေတာပဲ ဖြစ်ရမယ်..."

တစ်စုံတစ်ယောက်က တည်ကြည်လေးနက်စွာ ခန့်မှန်းလိုက်၏။

"ပတ်ဝန်းကျင်က ဗေဒင်ဆရာကြီးတွေက ပိုပြီးယုံကြည်ရတယ်လို့ ငါ ထင်တယ်... ဒီလူငယ်လေးက သူ့ကိုယ်သူ တမင်တကာ ကြော်ငြာနေတာ မဟုတ်လား..."

ဤအသံများမှာ အလွန်ဆူညံနေခဲ့သည်။

သို့ရာတွင် ဤအသံများသည် ယဲ့ပိုင်အပေါ် မည်သည့်လွှမ်းမိုးမှုမျှ မရှိနိုင်ချေ။

ဆိုင်ဖွင့်ကတည်းက ယဲ့ပိုင်သည် ခြေတစ်လှမ်းမျှ မရွေ့ခဲ့ပေ။ သူ၏ မှောင်မိုက်သော မျက်လုံးများတွင် ပိုမိုနက်ရှိုင်းသော နားလည်သဘောပေါက်မှုများ ရှိနေပေ၏။ သူ့အတွက် ပတ်ဝန်းကျင်ရှိ လူများမှာ လုံးဝမရှိသည့်အလားပင်။

သူသည် လောကကြီးနှင့် အလွန်ကင်းကွာနေသည့်အလား တိတ်ဆိတ်စွာ နားထောင်ပြီး ကြည့်ရှုနေရုံသက်သက်ပင်။

အချိန်အတော်ကြာပြီးနောက် ပတ်ဝန်းကျင်ရှိ အသံများ ပိုမိုရှုပ်ထွေးလာသောအခါ သူသည် လူအုပ်ကြီးကို ဖြည်းညှင်းစွာ အကဲခတ်ကြည့်လိုက်ပြီး ပါးစပ်ဟကာ သူ့ကိုယ်သူ တီးတိုးရေရွတ်နေသည့်အလား ခပ်ဖျော့ဖျော့အသံဖြင့် ပြောဆိုလိုက်သည်။

"အမှန်လား အမှားလား... ယုံကြည်လား မယုံကြည်ဘူးလား ဆိုတာက... ကိုယ့်အပေါ်မှာပဲ မူတည်တယ်..."

ဤစကားသံသည် ကျယ်လောင်ခြင်း မရှိချေ။

သို့ရာတွင် ပတ်ဝန်းကျင်သည် အလွန်ဆူညံနေသော်လည်း လူတိုင်း အလွန်ရှင်းလင်းစွာ ကြားနိုင်ကြ၏။

နေကာမျက်မှန်ကို ချွတ်လိုက်သော မျက်မမြင်က အလွန်ဒေါသထွက်နေခဲ့သည်။ သူ၏အမြင်အရ ယွမ် ၅၈၈၈ တန် စီးပွားရေးသည် မူလက သူ၏အပိုင်ဖြစ်သော်လည်း လုယူခံလိုက်ရခြင်း ဖြစ်သည်။ ဤအချိန်အခိုက်အတန့်တွင် သူသည် တွန့်ဆုတ်မနေဘဲ ရှေ့သို့ခြေတစ်လှမ်းတိုးကာ လှောင်ပြောင်လိုက်သည်။

"အိုး... ကောင်လေး... မင်း ဟန်ဆောင်နေတုန်းပဲလား... ဗေဒင်ဟောတာက စနစ်တကျ သင်ယူရတဲ့ ပညာရပ်ပဲ... မင်းမှာ တကယ်အရည်အချင်းရှိရင် ငါနဲ့ ယှဉ်ပြိုင်ရဲလား..."

မုတ်ဆိတ်မွှေးများရှိသော ဆရာကြီးသည် သူ၏မုတ်ဆိတ်မွေးကို ဆွဲဖြုတ်လိုက်ရာ ယခုလေးတင်က ဤလူ၏ အိုမင်းနေသော အသွင်အပြင်သည် မျက်စိတစ်မှိတ်အတွင်း အနှစ်နှစ်ဆယ်ကျော် ပို၍ငယ်ရွယ်သွားပေ၏။ ယခုအချိန်၌ သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် တူသွားပြီး ဝင်ပြောလိုက်သည်။

"သူက လူတွေကို လိမ်ဖို့ တမင်တကာ ထွက်လာတာ သိသာကြီးပဲ... ဒါကြောင့် ယှဉ်ပြိုင်မှုလေး တစ်ခုနဲ့တင် သူ ပေါ်လွင်သွားမှာ မဟုတ်လား..."

သို့သော် ဤလူနှစ်ဦး၏ ပုံရိပ်များကို လူအုပ်ကြီးက လျစ်လျူရှုထားကြသည်။

"ဟုတ်တယ်... အစစ်လား အတုလားဆိုတာ ယှဉ်ပြိုင်မှုလေး တစ်ခုနဲ့တင် ပေါ်သွားမှာပဲ..."

"တကယ်လို့ မင်းက အစစ်ဆိုရင် ဒီနေ့ မင်း ဘယ်လောက်တောင်းတောင်း မင်းဆီမှာ ငါ သေချာပေါက် ဗေဒင်မေးမယ်..."

"ကောင်လေး... မင်း လုပ်ရဲလား..."

လမ်းသွားလမ်းလာများ၏ မျက်လုံးများ လင်းလက်သွားကြပြီး ပျော်ပွဲရွှင်ပွဲတွင် စတင်၍ပါဝင်လာကြ၏။

သေချာသည်မှာ လူအုပ်ထဲတွင် ပို၍ထက်မြက်သော လူတချို့လည်း ရှိနေသေးသည်။

အနောက်တွင် ရပ်နေသော ဆံပင်ဖြူ အဘိုးအိုတစ်ဦးက မျက်မှောင်ကြုတ်သွားသည်။ ယဲ့ပိုင်ကို ကြည့်လိုက်သောအခါ သူက တိုးညှင်းသောအသံဖြင့် တီးတိုးရေရွတ်လိုက်သည်။

"ဒီလူငယ်လေးက တကယ့်ကို ဆရာကြီး အစစ်ဖြစ်မယ်လို့ ငါ ထင်တယ်... အစကနေ ခုချိန်အထိ သူက အရမ်းတည်ငြိမ်နေတာ... ဒီလို စိတ်ဓာတ်အရည်အသွေး... ဒီလို စိတ်နေစိတ်ထားမျိုးက အချိန်အကြာကြီး ရာထူးကြီးကြီးမှာ နေခဲ့ဖူးတဲ့ လူတချို့တောင် ရှိနိုင်မှာ မဟုတ်ဘူး..."

သို့သော် ထိုစကားသံအဆုံးတွင် သူ၏ဘေးမှ တစ်စုံတစ်ယောက်က အပြုံးဖြင့် ပြောဆိုလိုက်၏။

"အဘိုးကြီး... ခင်ဗျား မှားနေတာ သေချာတယ်... အဲ့ဒီကောင်က ကြောက်ပြီး ရူးသွားတာလို့ ကျွန်တော် ထင်တယ်..."

အဘိုးအိုက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး ငြင်းခုံခြင်းမပြုဘဲ လူအုပ်ကြားရှိ လစ်ဟာနေသော နေရာမှတစ်ဆင့် သူ၏ခန္ဓာကိုယ်ကို အနည်းငယ်ကို ကိုင်းကာ သူ၏လက်ကို နောက်ပစ်ထားပြီး ပြောလိုက်သည်။

"ဖြစ်နိုင်ပါတယ်... အမှားလား အမှန်လားဆိုတာကိုတော့ အချိန်က ဆုံးဖြတ်ပေးလိမ့်မယ်..."

အဘိုးအို စကားပြောဆိုပြီးသည်နှင့် ယဲ့ပိုင်၏ ခပ်ဖျော့ဖျော့အသံ တစ်ဖန်ပြန်၍ ထွက်ပေါ်လာခဲ့သည်။ ဤအသံတွင် မည်သည့်စိတ်ခံစားမှုလှိုင်းဂယက်မျှ မရှိချေ။

"အိုး... ဘယ်လို ယှဉ်ပြိုင်ချင်လဲ..."

ယဲ့ပိုင်သည် သူ၏ရှေ့ရှိ လူများကို ဂရုမစိုက်ခဲ့ချေ။

သူ သဘောတူရသည့် အကြောင်းရင်းမှာ စိတ်ကူးပေါက်မှုတစ်ခုကြောင့်သာ ဖြစ်ပြီး ဤကမ္ဘာကြီးနှင့် တဖြည်းဖြည်း ရောနှောကာ လူလောကအကြောင်း ပို၍ခံစားသိရှိလိုသောကြောင့်ပင်။

မျက်မမြင်က အလွန်ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"သေချာပေါက် ကုန်ကျစရိတ် သက်သာတဲ့ ဗေဒင်ဟောနည်းပေါ့... လက်ရှိနေရာမှာ လမ်းသွားလမ်းလာတွေ အများကြီးရှိတော့ လူနည်းနည်းရှာပြီး သူတို့ရဲ့ ကံကြမ္မာတွေကို သီးခြားစီ တွက်ချက်ကြမယ်... ဘယ်သူက တိကျအောင် တွက်နိုင်လဲ..တွက်နိုင်တဲ့သူ နိုင်မယ်... နောက်ဆုံးရလဒ်ကို အဲ့ဒီလမ်းသွားလမ်းလာတွေက အကဲဖြတ်လိမ့်မယ်..."

ယဲ့ပိုင်က တိတ်ဆိတ်နေပြီး အချိန်အတန်ကြာ စဉ်းစားလိုက်၏။

ထို့နောက် သူက ပြောဆိုသည်။

"ဒီနေ့ ငါက လူ ၃ ယောက်ရဲ့ ကံကြမ္မာကိုပဲ တွက်ချက်မယ်... အခု ၂ ယောက် ကျန်သေးတယ်... တစ်ယောက်ကို ယွမ် ၅၈၈၈ ပဲ... ပိုက်ဆံမရှိရင်တော့ မင်းနဲ့ မယှဉ်ပြိုင်နိုင်ဘူး..."

ဟမ်...

လူအများ အံ့အားသင့်သွားကြသည်။

တစ်စုံတစ်ယောက်က မျက်လုံးအပြူးသားဖြင့် အော်ငေါက်လိုက်၏။

"ဒီအချိန်ရောက်နေတာတောင် ပိုက်ဆံလိုချင်သေးတာလား..."

တခြားလှောင်ပြောင်သောအသံတစ်သံက ထပ်မံ၍ ထွက်ပေါ်လာသည်။

"ပိုက်ဆံတောင်းတာက အကာအကွယ် သက်သက်ပဲ... သူ ကြောက်နေတာ သေချာတယ်လို့ ငါထင်တယ်..."

မုတ်ဆိတ်တုကို ဆွဲဖြဲလိုက်သော ဆရာကြီး၏ အသံမှာ နက်ရှိုင်းပြီး အရှိန်အဝါ ကြီးမားလှကာ ဝင်ပြောလိုက်သည်။

"မယှဉ်ရဲရင်လည်း အရည်အချင်းရှိသလိုမျိုး ဟန်မဆောင်ပါနဲ့..."

ယဲ့ပိုင်သည် လှုပ်ရှားခြင်းမရှိဘဲ မတ်တတ်ရပ်နေဆဲပင်။

ဤအသံများသည် သူ၏နားထဲသို့ မရောက်နိုင်ချေ။

မျက်မမြင်ကမူ ယဲ့ပိုင် လျစ်လျူရှုထားသည်ကို မြင်ပြီးနောက် အံ့ကြိတ်ကာ ခြေဆောင့်ပြီး ပြောဆိုလိုက်၏။

"ကောင်းပြီ... ၅၈၈၈ယွမ်ဆိုလည်း ၅၈၈၈ယွမ်ပေါ့... ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် မင်း ရှုံးသွားတာနဲ့ ဒီဗေဒင်လမ်းကြားကနေ မင်း ထွက်သွားနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်..."

ယဲ့ပိုင်၏ စိတ်ဝင်စားမှု အနည်းငယ် မြင့်တက်လာပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"မင်း ရှုံးရင်ကော ဘယ်လိုလုပ်မလဲ..."

မျက်မမြင်သည် ရပ်တန့်သွားပြီးနောက် သူက ဩဇာအာဏာပြည့်ဝသောအသံဖြင့် ပြောဆိုလိုက်၏။

"ငါက ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ... ဒီဗေဒင်လမ်းကြား တစ်ခုလုံးမှာ ငါ့ကိုမသိတဲ့သူ ဘယ်သူရှိလဲ... အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောနဲ့တော့... အခုပဲ စလိုက်ကြရအောင်..."

ကြည့်ရှုနေသူများသည် ဤသည်ကို ကြားသောအခါ သူတို့ထဲမှ လူအများစုက ဆန္ဒအလျောက် ပါဝင်လာကြသည်။

"ကျွန်တော်... ကျွန်တော့်ကို ရွေးပါ..."

"ကျွန်တော် ပါဝင်ချင်တယ်..."

"ကျွန်တော့်ကို လုပ်ခိုင်းပါ... မှန်တယ်ဆိုရင် ၅၈၈၈ယွမ်ကို ကျွန်တော်ရဲ့အိတ်ကပ်ထဲကနေ ပေးပါ့မယ်..."

သို့ရာတွင် အခွင့်အရေးရရန် သူတို့ အပြိုင်အဆိုင် ဖြစ်နေချိန်၌ ယဲ့ပိုင်သည် ထိုအမည်ခံမျက်မမြင်၏ လျှို့ဝှက်ချက်ကို တည်ငြိမ်စွာ ကြည့်ကာ အေးအေးဆေးဆေး ပြောဆိုသည်။

"လမ်းသွားလမ်းလာတွေကို ရှာနေစရာ မလိုပါဘူး... ငါ့ကိုပဲ တွက်ချက်လိုက်ပါ..."

"ဘာ..."

မျက်မမြင်သည် ခဏတာ တွေဝေမိန်းမောသွားပေ၏။

ဒီကောင့်အတွက် တွက်ချက်ရမှာလား...

ဒီကောင့်ရဲ့ သတ္တိက ဘယ်ကနေ လာတာလဲ...

အဲ့ဒီအချိန်ရောက်ရင် သူ ပြောတာ မှားတယ်လို့ ငါက ငြင်းလိုက်တာနဲ့ သူ သေချာပေါက် ရှုံးမှာပဲလေ...

မကြာမီ ယဲ့ပိုင်ပြောသည်မှာ အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ လုံးဝတွန့်ဆုတ်မနေဘဲ ပြောဆိုလိုက်သည်။

"ကောင်းပြီလေ... ငါ အရင်စမယ်..."

ယဲ့ပိုင်က ပြောဆိုသည်။

"ငါ အခကြေးငွေ အရင်ကောက်မယ်... ပြီးမှ ကံကြမ္မာကို တွက်မယ်..."

မျက်မမြင်သည် သူ၏အိတ်ကပ်များကို လှန်လှောရှာဖွေလိုက်၏။ ထို့နောက် သူ၏မျက်နှာအရောင် ပြောင်းလဲသွားပြီး ထွက်ခွာမသွားသေးသော ပတ်ဝန်းကျင်ရှိ ဗေဒင်ဆရာကြီးများထံမှ ရှာဖွေစုဆောင်းလိုက်ရာ နောက်ဆုံးတွင် ၅၈၈၈ယွမ် ပြည့်သွားသည်။

သူသည် သူ၏နှာခေါင်းကိုပွတ်ကာ ပိုက်ဆံများကို ယဲ့ပိုင်ထံသို့ လက်ကမ်းပေးလိုက်၏။

ယဲ့ပိုင် ပိုက်ဆံယူလိုက်သည်ကို မြင်ပြီးနောက် မျက်မမြင်က တက်ကြွစွာ စကားစလိုက်သည်။

"မင်းအတွက် အရင်တွက်ချက်ပေးမယ်..."

ယဲ့ပိုင်၏အသံမှာ ယခင်အတိုင်းဖြစ်ကာ ပြန်ဖြေလိုက်၏။

"ကောင်းပြီ..."

တွန့်ဆုတ်ခြင်းမရှိဘဲ လူတိုင်း၏ရှေ့တွင် သူသည် နေကာမျက်မှန်ကို တစ်ဖန်ပြန်တပ်လိုက်ပြီးနောက် ယဲ့ပိုင်၏ မျက်နှာကို တည်ကြည်လေးနက်စွာ ကြည့်ရှုလိုက်သည်။

တစ်စက္ကန့်...

ဆယ်စက္ကန့်...

စက္ကန့်နှစ်ဆယ်...

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အလွန်တိတ်ဆိတ်သွားသည်။

လူတိုင်းသည် အဖြေကို စောင့်ဆိုင်းနေကြ၏။

သို့သော် ဤအခိုက်အတန့်၌ မျက်မမြင်သည် တခြားအခြေအနေတစ်ခုသို့ လုံးလုံးလျားလျား ရောက်နေခဲ့သည်။

သူ၏နဖူးပေါ်တွင် ချွေးစေးများ အဆက်မပြတ် ထွက်နေသည်။

နေကာမျက်မှန်အောက်တွင် သူ၏မျက်လုံးသူငယ်အိမ်များ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည်။

သူ၏နှလုံးသားသည် အဆုံးစွန်အထိ တုန်လှုပ်ချောက်ချားနေပေ၏။

ဗေဒင်ဟောခြင်းလုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များအကြား နက်ရှိုင်းသော တားမြစ်ချက်တစ်ခု ရှိသည်။ အထူးအခြေအနေများ မရှိဘဲ မည်သူကမျှ လုပ်ဖော်ကိုင်ဖက်များ၏ လျှို့ဝှက်ချက်များကို ကြည့်ရှုလိုခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အကြောင်းတရားနှင့် အကျိုးဆက်များ ရောထွေးသွားနိုင်ခြေ အလွန်များသောကြောင့်ပင်။ ယခင်က သူသည် ယဲ့ပိုင်ကို သံသယရှိခဲ့သည်။ ထိုကြောင့် မျက်မမြင်က ယဲ့ပိုင်၏ ဗေဒင်ဆရာ အထောက်အထားကို မေးခွန်းထုတ်ခဲ့ကာ သူ့ကို သေချာပင် မကြည့်ခဲ့ချေ။

ယခုချိန်၌ သူ ကြည့်လေလေ ပို၍ကြောက်ရွံ့လာလေလေဖြစ်ကာ...သူ ကြည့်လေလေ ပို၍မယုံနိုင်စရာ ဖြစ်လာလေလေပင်။

တစ်မိနစ်အကြာတွင် မျက်မမြင်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"မဖြစ်နိုင်ဘူး... ဒါက လုံးဝမဖြစ်နိုင်ဘူး..."

မျက်မမြင် ထိတ်လန့်နေချိန်တွင် အလွန်လျစ်လျူရှုထားသော ယဲ့ပိုင်က ညင်သာစွာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ... အဖြေထွက်ပြီလား..."

All Chapters