← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 5 Ch. 66

နောက်ဆုံးတိုက်ပွဲ

Vol. 5 Ch. 66

အဆင့် ၂ - မော့စု၊ ၇၈၁ လှမ်း။

ရဲဝမ်ရဲ့မျက်နှာ‌ပေါ်မှာ တစ်ခါမျှမမြင်ဖူးတဲ့ လေးနက်တဲ့ မျက်နှာထားမျိုး ဖြစ်ပေါ်နေတယ်။ သူ့မှာ သူ့ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့မာန်မာန ရှိတယ်။ သူ့အတွက်တော့ သူ့သူ့ပြိုင်ဘက် ဖြစ်လာနိုင်တဲ့သူမရှိဘူး။ သူယှဉ်ပြိုင်ချင်တဲ့သူဟာ သူကိုယ်တိုင်သာ ဖြစ်တယ်။

တောင်က တော်လည်းသံကြီး မြည်ဟည်းပြီး လှုပ်ခါသွားချိန်မှာ သူ့ဂုဏ်ယူ ဝင့်ကြွားမှုတွေလည်း တုန်လှုပ်လာခဲ့တယ်။ အဲဒီအချိန် ခဏလေး အတွင်းမှာ ‌ပတ်ဝန်းကျင်ကနေ ဆောင့်တက်လာတဲ့ အင်အားပြင်းတဲ့၊ ယောင်လို့တောင် စိတ်ကူးနဲ့ မှန်းဆမကြည့်ဖူးတဲ့ ရှိန်ဝါတစ်မျိုးဟာ ရဲဝမ်ရဲ့ နှလုံးသားကို တုန်ယင်သွားစေတယ်။

သူတည်တည်ငြိမ်ငြိမ် နေမရတော့သလို အဲဒီအခြင်းအရာကို မျက်ကွယ်မပြုနိုင်ဘူး။ သူ့လက်ထဲက ပလိတ်ပြားကိုစိုက်ကြည့်တယ်။ သူ့ဘဝမှာ လူတစ်ယောက်ကို ဒီလောက်ထိ သတိပြုမိ၊ အဖတ်လုပ်မိတာမျိုး တစ်ခါဖူးမျှ မဖြစ်ခဲ့ဖူးဘူး။

ဒီလူဟာ ဝူစန်းနဲ့ ချန်ချွန်းအပါအဝင် ရဲဝမ်ကလွဲလို့ အခြားသူတွေ အားလုံးကို ကျော်တက်ခဲ့တယ်။ အခုလည်း ရဲဝမ်နဲ့သူ့ကြားမှာ ခြေလှမ်းပေါင်း ၂ဝလောက်သာ ကွာဝေးတော့တယ်။ ဒီမျှသော အကွာအဝေးဟာ ရဲဝမ်ထံမှာ တည်ရှိမ‌နေဘူးလို့ ထင်ရတဲ့ မြင်ရခဲတဲ့ စိုးရိမ်ပူပန်မှုနဲ့ ဖိအားတွေကို မြင့်တက် လာစေတယ်။

'မော့စု ... မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်း ပြည့်မီပါ့မလား'

ရဲဝမ်ရဲ့ မျက်လုံးတွေဟာ အေးစက်စက်နဲ့ ဝင်းလက်သွားတယ်။ အဲဒီအေးစက်မှုကို ကြည့်မိတဲ့သူတိုင်း ၎င်းကို ဘယ်သူမှ ကျော်တက်သွားခွင့် မပြုနိုင်တဲ့ မာန်မာနတရားနဲ့ တွေ့ဆုံနိုင်ကြလိမ့်မယ်။

ရဲဝမ်ဟာ မာနထောင်လွှားပြီး သီးသန့်နေတတ်တယ်။ ငယ်ငယ်လေး ကတည်းက သူ့ရဲ့မယုံနိုင်လောက်စရာ စွမ်းရည်နဲ့ သူနဲ့ရွယ်တူအားလုံးကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ရပ်တည်ခဲ့တယ်။ အခုလည်း သူဟာ လေပြည်စီးကြောင်း မျိုးနွယ်စုရဲ့ မာန်စွမ်းအားရှင် သားတော် ဖြစ်တယ်။ သူတို့မျိုးနွယ်စု အတွင်း တော်တော်များများရဲ့ သူ့အပေါ်ဆက်ဆံပုံကို ကြည့်လျှင် သူ့ရဲ့ မျိုးနွယ်စုထဲက အဆင့်အတန်း၊ အရေးပါမှုကို သိရှိနိုင်တယ်။

သူဟာ လူတွေနဲ့ အုပ်စုဖွဲ့စရာမလို၊ တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေစရာမလို၊ သူ့ကိုလေးစား ကြည်ညိုလှပါရဲ့ ဆိုတဲ့လူတွေနဲ့လည်း သိုက်သိုက်ဝန်းဝန်း မနေ၊ ဘာလို့လဲဆိုတော့ တစ်နေရာကို သူသွားလိုက်ပြီ ဆိုလျှင် သူဟာ အဲဒီအုပ်စုတွေကို မရည်ရွယ်ဘဲ ပျက်စီးစေမိတော့တာပဲ။ သူရှိတဲ့နေရာမှာ အလေးစား ခံရဆုံးသူတောင် ဘေးနားမှာထိုင်ဘူ နေရတော့တာပဲ။

သူကရဲဝမ်ပဲလေ ... သူနဲ့ ရွယ်တူအားလုံးကို အထင်သေးတယ်၊ ဒါမှမဟုတ် ပိုပြီး တိတိကျကျ ပြောရလျှင် သူတို့ရဲ့တည်ရှိမှုကို လျစ်လျူရှု ထားတာမျိုး။ ဘယ်ရွယ်တူကမှ သူသတိမထားမိအောင်၊ သူ့ပြိုင်ဘက် ဖြစ်လာအောင် လုပ်နိုင်တာမျိုးမရှိဘူးလို့ ယုံကြည်တာကြောင့် သူဟာရွယ်တူတွေ အားလုံးကို ခပ်တန်းတန်းပဲ ဆက်ဆံတယ်။

အခုချိန်မှာတော့ စုမင်ရဲ့ပေါ်ပေါက် လာမှုနဲ့အတူ ရဲဝမ်ရဲ့ဘဝမှာ တစ်ခါမျှမဖြစ်ဖူးတဲ့ ပြိုင်ဘက်ပေါ်လာပြီဆိုတဲ့ ခံစားချက်မျိုး၊ မြင်ရခဲတဲ့ တစ်ခုခုအ‌ပေါ်မှာ အာရုံစိုက်မိခြင်းတို့ ဖြစ်ပေါ်နေတယ်။

''ဒါဖြင့်လည်း ပြိုင်ဆိုင်ကြတာပေါ့ ... '

ရဲဝမ်အသက်ပြင်းပြင်း ရှူတယ်။ သူ့ပုံစံက ပုံမှန်စိတ် အခြေအနေကို တဖြည်းဖြည်း ပြန်ရောက်သွားပြီလို့ ထင်ရ‌ပေမဲ့ တကယ်မှာ သူလုံးဝ စိတ်အေးအောင် လုပ်မရဘူး။ တကယ်လို့သူသာ တကယ် အေးဆေးလျှင် နေ့ဘက်ရောက်အောင် စောင့်ပြီးမှ တောင်ထိပ်ကို ဆက်တက်မှာပေါ့။ ဒါက ကနဦး၊ သူ့ရဲ့စီမံကိန်းလေ။

သို့ပေမဲ့ စုမင်ပေါ်ထွက်လာပြီး နောက်မှာ စီမံကိန်းဟာ ပြောင်းလဲသွားတယ်။ သူ့ဘဝမှာ သူ့အရွယ် မတိမ်းမယိမ်းလောက်ရှိတဲ့ သူတစ်ယောက်ကြောင့် စီမံကိန်းပြောင်းလိုက်ရတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်။

မျက်နှာမှာ လေးနက်တဲ့အသွင်နဲ့ ၈ဝ၄လှမ်းမြောက်ကို လျှောက်လှမ်းဖို့ အင်္ကျီလက်ဖျားတွေကို လှုပ်ယမ်းလို့ခြေထောက် ကြွလိုက်တယ်။ အဲဒီအဆင့်မှာ ခြေချလိုက်တာနဲ့ ခန္ဓာကိုယ်က တုန်ခါသွားပြီး အသက်ရှူနှုန်းဟာ အနည်းငယ်မျှ မြန်ဆန်လာလေတယ်။ သို့ပေမဲ့ ရဲဝမ် မရပ်လိုက်ဘူး။ ဆက်သွားတယ်။

အဲဒီအချိန်မှာ စုမင်က ၇၈၁ မြောက်ခြေလှမ်းပေါ်မှာ ရပ်နေတယ်။ သူ့ညာဘက်လက်ဟာ တုန်ယင်နေတယ်။ သူ့ရဲ့သွေးနဲ့ ညာဘက်မျက်လုံး ထိမိတဲ့အချိန်မှာ တောင်တစ်ခုလုံး တုန်လှုပ်သွားတာကို ခံစားမိလိုက်တယ်။ မဟုရာမီးတောင်က လာတဲ့ ထူးဆန်းတဲ့ ရှိန်ဝါတစ်မျိုးဟာ နယ်ပယ်ချဲ့ထွင်လို့ ဒီနေရာအထိ နည်းအမျိုးမျိုးနဲ့ ရောက်ရှိလာတယ်လို့ ခံစားရတယ်။ ဒါက မဟူရာတောင် မျိုးနွယ်စုလေး တစ်ခုမှာ ထုတ်လွှင့်နိုင်တဲ့ ရှိန်ဝါမျိုးမဟုတ်ဘူး။ သွေးအနည်းငယ်မျှသာ ဖြစ်ပေမဲ့ မဟူရာမီးတောင်ပေါ်မှာ မျက်ခွံကို သွေးနဲ့ပွတ်လိမ်းခဲ့တဲ့ ဒုတိယအကြိမ်နဲ့ နှိုင်းယှဉ်လျှင် ဟုန်းခနဲပေါက်ကွဲ ထွက်လာတဲ့ပမာဏဟာ မယှဉ်သာအောင် သာလွန်လှတယ်။

တောင်တစ်ပြင်လုံးမှာ အနက်ရောင်မြူခိုး မြူ‌ငွေ့တွေအားလုံး အပြင်းအထန် ရွေ့လျားနေကြတယ်။ သားရဲသတ္တဝါ အရိုင်းအစိုင်းတစ်ကောင်ဟာ တောင်ထိပ်ကနေ မိုးကောင်ကင်ကို ရှေးတူရှုလို့ အော်ဟစ်နေပုံနဲ့ဆင်ပြီး မိုးခြိမ်းသံနဲ့တူတဲ့ ကြုံးဝါးသံဟာ တောင်တွင်းမှာ ပျံ့နှံ့သွားပြီး မြူငွေ့တွေ အရှိန်အဟုန်ပြင်းစွာ ရွေ့လျားကြတဲ့ အတွက် တောင်တစ်ခုလုံးဟာ လှုပ်ရှားမှုတွေနဲ့ သက်ဝင် တက်ကြွနေတယ်။

လေဝှေ့များဟာ စုမင်ခန္ဓာကိုယ်ထဲ တစ်ရှိန်ထိုး တိုးဝင်လာကြပြီး ကိုယ်ကို အပြင်းအထန် တုန်ယင်မှု ဖြစ်ပေါ်စေတယ်၊ နောက်ထပ် လေဝင်တာနဲ့ ပေါက်ကွဲထွက် သွားတော့မယ်ဆိုတဲ့ အာရုံခံစားမှုမျိုးလည်း ရရှိနေခဲ့တယ်။

တစ်ခါက တတိယမြောက်သွေး လောင်ကျွမ်းခြင်း လုပ်စဉ်က အာရုံခံစားမှုရဲ့ ပြင်းအားကို ခံစားမိခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်က ပိုပြီး အင်အားကောင်းလာတယ်။ နှုတ်ခမ်းထောင့်ကနေ သွေးတွေစီးကျလာတယ်။ ညာဘက်လက်ဟာ သိပ်ကိုတုန်ယင် နေလွန်းတဲ့အတွက် ပြန်ချလိုက်ဖို့ပဲ ရွေးချယ် လိုက်ရပါတော့တယ်။

သူလက်ကို ချလိုက်ချိန်မှာ တောင်ထဲက ဆူညံသံတွေ ရပ်တန့်သွားပြီး အခိုးအငွေ့တွေဟာ မူလအေးဆေးတည်ငြိမ်တဲ့ အခြေအနေကို ပြန်‌ရောက်လာတယ်။ သူ့ပတ်ဝန်းကျင်မှာ လွှမ်းခြုံနေတဲ့ ထူးဆန်းတဲ့ အရှိန်အဝါလည်း သဲလွန်စနည်းနည်းမျှ မကျန်ဘဲ ပျောက်ကွယ်သွားတယ်။

အရာအားလုံး အေးဆေးတည်ငြိမ်တဲ့ အခြေအနေပြန်ရောက် သွားပါပြီ။ ရုန်းရင်းဆန်ခတ်အ ခြေအနေမျိုးဟာ ထင်ယောင်ထင်မှား တစ်ခုလို၊ ဘယ်တုန်းကမှ တကယ် ဖြစ်ခဲ့တာ မဟုတ်သလိုပါပဲ။

စုမင်ဟာ မောပန်းစွာ အသက်ရှူရှိုက်ရင်း ၇၈၁ ‌လှမ်းမြောက်မှာ ရပ်နေခဲ့တယ်။ သူ့တောင်ထိပ်ကို ငေးကြည့်‌နေခဲ့ပေမဲ့ မထိုင်ခဲ့ပါဘူး။ မတ်တတ်ရပ်လျက်ပဲ မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ အကြီးအကဲပြောပြတဲ့ နောက်ဆုံးဂဏန်း အဆင့်ရဲ့ ဖိအား မျှခြေညီမျှမှုကို အသုံးပြုလို့ ခန္ဓာကိုယ်ကို စင်ကြယ်ရှင်းသန့်ခြင်း ပြုမူဆောင်ရွက်ပါတော့တယ်။

အဲဒီအချိန်မှာ တောင်ခြေမှာရှိတဲ့ ကွင်းထဲမှာ ဆွေးနွေးပြောဆို ကြသံတွေနဲ့ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေခဲ့တယ်။ စည်းတံဆိပ် ချထားတာကြောင့် တောင်ထဲမှာ ဖြစ်ပျက်သွားတဲ့ မယုံနိုင်စရာကောင်းတဲ့ မြင်ကွင်းကို မကြုံတွေ့ မခံစားလိုက်ရဘူး။

ငှက်ရုပ်ကိုးခုပေါ်က အဆင့် သတ်မှတ်ချက်တွေကိုသာ သူတို့မြင်ရတယ်။ မော့စု လို့ခေါ်တဲ့လူဟာ ခြေလှမ်းပေါင်း ၇၈၁လှမ်းပေါင်း ရှိပြီးဖြစ်ပြီး ပထမနေရာက ရဲဝမ်နဲ့ နှစ်ဆယ်မျှသာ ခြားနားတော့ကြောင်းကို တွေ့ကြရတယ်။ သူတို့စိတ်ထဲမှာ ထွက်ပေါ်လာတဲ့ ထိတ်လန့်တုန်လှုပ်မှု၊ မယုံကြည်မှုတွေနဲ့ ပြည့်နေတဲ့ မျက်နှာထားတွေနဲ့ မျက်လုံးတွေထဲက ဝေဝါးမှုတွေဟာ ခန္ဓာကိုယ်ကို ဆန့်ကျင်လို့ စိတ်ထဲမှာ ဗလာနတ္ထိ ဖြစ်သွားစေတယ်။ အလန့်တကြားနဲ့ အာမေဍိတ်သံသာ ပြုနိုင်တဲ့အခြေအနေကို ရောက်နေကြတယ်။

ရဲဝမ် ရွေ့လျား နေတာကိုတောင် သူတို့ တွေ့မြင်ခဲ့တယ်။ ကွင်းထဲမှာရှိတဲ့ ရာနှင့်ချီတဲ့ လူအုပ်ထဲမှာ ရဲဝမ် ဘာကြောင့် ညအချိန်ကြီးမှာ ဆက်ရွေ့လျားလဲ ဆိုတာကို သိပ်မစဉ်းစားတဲ့ သူတွေရှိတယ်။ အစကတည်းက ရဲဝမ် လှုပ်ရှားသင့်တယ်လို့ သူတို့တွေးကြတယ်။ ရဲဝမ်နေရာမှာ သူတို့ဆိုလျှင်လည်း နားနေရာကထပြီး မြန်မြန်ဆက်သွားမှာပဲ။

သို့ပေမဲ့ ထိပ်တန်း ၅ဝထဲ အဆင့်သတ်မှတ်ခံရတဲ့ အဝန်းအဝိုင်း သေးသေးလေးကတော့

ရဲဝမ်နဲ့ လုပ်ကိုင်ပုံ သဘောထားတွေနဲ့ ရင်းနှီးကြတယ်။ ရဲဝမ်အပေါ်မှာ သူတို့နားလည် ထားတာက ကွင်းထဲက တခြားသူတွေထက် ပိုသာတယ်။ ရဲဝမ်ရဲ့ နာမည်နောက်က ပြောင်းလဲနေတဲ့ ကိန်းဂဏန်းတွေကို သူတို့ မြင်တွေ့လိုက်ရတဲ့ အချိန်မှာ ရဲဝမ်နဲ့အကျွမ်းတဝင် မရှိထားတဲ့ သူတွေထက် သူတို့ခံစားရတဲ့ ထိတ်လန့်မှုက ပိုပြီးကြီးမားတယ်။

“ရဲဝမ် ... ပလိတ်ပြားကို ကြည့်ခဲ့တယ် ... ”

“သူ ပလိတ်ပြားကို ကြည့်ခဲ့မှာပဲ။ သူရဲ့ပင်ကို စရိုက်အရဆို ပလိတ်ပြားကို ကြည့်ပြီးရင်လည်း အေးအေးဆေးဆေး ဖြစ်နေရမှာ။ ဒါပေမဲ့ မော့စုက သိပ်အံ့သြစရာ‌ ကောင်းတာပဲ။ ရဲဝမ်တောင် မတည်ငြိမ်တော့ဘူး”

“သူက သူ့စည်းချက်ကို ပြောင်းထားတယ်။ ရဲဝမ်က ဆုံးဖြတ်ချက် ချပြီးတာနဲ့ အလွယ်တကူ မပြောင်းတတ်ဘူး။ သူဆက်မသွားခင် မနက်ခင်း ရောက်တဲ့အထိ စောင့်ဖို့စဉ်းစားနေခဲ့မှာပဲ။ ဒါပေမဲ့ မော့စုကြောင့် သူရဲ့စီမံကိန်းကို ပြောင်းလိုက်ပြီပဲ ... ”

ခပ်ဝေးဝေး ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ ဝူစန်းရဲ့မျက်နှာဟာ ဖျော့တော့လာတယ်။ သူငှက်ရုပ်တုပေါ်က မော့စုရဲ့နာမည်ကိုကြည့်ပြီး နှုတ်ဆိတ်နေခဲ့တယ်။ သူက ပိစုကို အစောပိုင်းက အဓိက သံသယရှိသူအဖြစ် သဘောထားခဲ့ပေမဲ့ အခုတော့ မော့စုကသာ သံသယဝင်ဖို့ အမှန်ကန်ဆုံးလူလို့ ခံစားနေရတယ် ... . ဒါပေမဲ့”

“ဒါကပထမအဆင့်ပဲ ရှိပါ‌သေးတယ်။ ငါတို့ကဒီအဆင့်မှာက ငါတို့ရဲ့ အင်အားတွေကို ယှဉ်ပြိုင်တာမဟုတ်ဘဲ အနာဂတ်အလားအလာနဲ့ ပတ်သက်ပြီး ပြိုင်ဆိုင်တာဖြစ်တယ်။ ငါခန့်မှန်းမိတာ အရဆိုရင် ငါ့သွေးလုံးကို ဘယ်သူခိုးလဲ ဆိုတာကို သိနိုင်တဲ့နည်းလမ်း မရှိတာတော့ မဟုတ်ပါဘူး”

ဝူစန်း လက်သီး ဆုပ်လိုက်တယ်။

ငှက်ရုပ်တုတွေပေါ်က အဆင့်သတ်မှတ်ချက်ကို ကြည့်နေတဲ့ လူတွေထဲမှာ မျိုးနွယ်စု ခေါင်းဆောင်တွေလည်း ပါတယ်။ သူတို့အားလုံးမှာ ကိုယ်စီအတွေးတွေ ရှိကြတယ်။ ဒါပေမဲ့ တစ်ခုတည်းသော တူညီတဲ့အရာကတော့ လေပြည်စီးကြောင်း မျိုးနွယ်စု သူတို့ကိုယ်သူတို့ အရူးလိုဖြစ်အောင် ပြုမူနေတာနဲ့ ပတ်သက်ပြီး အေးတိအေးစက် သဘောထား ဖြစ်ပါတယ်။ ထိပ်တန်း ၃ယောက်ကိုထားဦး၊ အရင်ကဆိုလျှင် ထိပ်တန်း၁ဝယောက် ထဲမှာတောင် အပြင်လူ တစ်ခါမျှ မဝင်ရောက်ခဲ့ဖူးဘူးလေ။

အခုတော့ ထိပ်တန်း ၁ဝယောက်ထဲမှာ အပြင်လူ ၂ဦးပါနေရုံမက ကြည့်ရုံနဲ့တင် မော့စုဆိုတဲ့လူက ပထမနေရာကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတာကို မြင်နိုင်တယ်။

ဒီကိစ္စက သူတို့ကို အံ့အားသင့်စေပေမဲ့ စိတ်ထဲကနေ ရယ်မောနေကြတယ် ...

''မော့စု ... မော့စုဟာ …ဘယ်မျိုးနွယ်စုကလဲ။ ဘာလို့ ငါ့မျိုးနွယ်စု ထဲမှာကျတော့ ဒီလူမျိုး တစ်ယောက် မပေါ်ထွန်း လာရတာလဲ။ တကယ်လို့ မင်းသာ ငါ့မျိုးနွယ်စုထဲ ဝင်မယ်ဆိုရင် ငါဘာတွေပဲ ပေးရပေးရ၊ မင်းနဲ့ ညှိနှိုင်းချင်လိုက်တာ” နဂါးနက်တောင်က အမျိုးသမီးကြီးဟာ ရေရွတ်ညည်းတွား‌ လိုက်ပေမဲ့ မဖြစ်နိုင်ဘူးဆိုတာတော့ သိနေပါတယ်။

နက်မှောင်တောင် အစောင့်အရှောက် ခေါင်းဆောင်ဟာ နက်မှောင်တောင် မျိုးနွယ်စုကြားမှာ ရပ်နေရင်း မှင်တက်နေလေတယ်။ သက်ပြင်းမောကြီးချလို့ နဂါးနက်တောင်က အမျိုးသမီးကြီးနဲ့တူညီတဲ့ အတွေးရှိတယ်။

၎င်းဘေးမှာရပ်နေတဲ့ ပေလင်းရဲ့ မျက်လုံး‌တွေထဲမှာ ပြင်းပြတဲ့ စိတ်အားထက်သန်မှု‌တွေ ရှိနေတယ်။ သူမော့စုရဲ့နာမည်ကို ကြည့်နေတယ်။ သူဟာ ပထမအဆင့်မှာ ဖြစ်ပွားသမျှ အရာတွေအားလုံးကို သိခဲ့တယ်။ သူအဆက်အသွယ် လုပ်နိုင်တဲ့အင်အား အကောင်းဆုံးပုဂ္ဂိုလ်ကတော့ ဝူစန်းလောက်ပဲ။ ဒါပေမဲ့ အခု သူ့မျက်စိရှေ့မှာတင် သူစိမ်းတစ်ယောက်က ဒုတိယနေရာရပြီး ပထမနေရာအတွက် ယှဉ်ပြိုင်နိုင်တယ် ဆိုတာကို မြင်တွေ့နေရတယ်။ ဒါကသူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေတဲ့အရာ ဖြစ်တယ်။

“ဒီ မော့စုက တကယ်ပဲ အစွမ်းထက်မြက်တယ်” ပေလင်းက ခပ်တိုးတိုး ပြောတယ်။

“အမှန်ပဲ။ သူတကယ် အံ့သြစရာကောင်းတယ်။ သူဘယ်မျိုးနွယ်ဝင်လဲ ဆိုတာ သိချင်လိုက်တာ။ ငါတို့မျိုးနွယ်က မဟုတ်တာတော့ နှမြောစရာပဲ” ဝူလရဲ့ မျက်လုံးတွေထဲမှာလည်း ကြည်ညိုလေးစားမှုတွေ ရှိနေခဲ့တယ်။ သူမဟာ အင်အားကြီးတဲ့ လူတွေကို လေးစားလေ့ရှိတယ်၊ အထူးသဖြင့် မော့စုပေါ့။ သူတဖြည်းဖြည်း မြင့်တက်လာတာကို သူမမြင်ခဲ့တယ်။ ဒီလိုမျိုးမြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရတာက သူမကို စွဲလမ်းနှစ်ခြိုက်မှု ဖြစ်ပေါ်စေတယ်။

“မင်းမတွေးမိဘူးလား.. ဒီ မော့စုဆိုတဲ့ နာမည်က ရင်းနှီးနေလားလို့” လေ့ချန်ဟာ ခဏတာ တွန့်ဆုတ်နေပြီးမှ ပြန်ရောက်လာချိန်ကစလို့ အခုမှ ပထမဆုံးစကားကို ထုတ်ပြောလာတယ်။

“ရင်းနှီးနေတယ် လေ့ချန်၊ နင်ဘာကို ဆိုလိုတာလဲ” ဝူလ တဒင်္ဂ အံ့အားသင့်သွားပြီး သူ့ကိုလှည့်ကြည့်တယ်။

“ငါအရမ်း အတွေးများနေတာလည်း ဖြစ်နိုင်တယ် ... .. အကြီးအကဲရဲ့ နာမည်က‌ မော့စန်း၊ ဒီလူရဲ့နာမည်က မော့စု။ ငါဘယ်လိုပဲ ကြည့်ကြည့်‌ မော့စုဆိုတဲ့နာမည်က အကြီးအကဲနဲ့ စုမင်ရဲ့နာမည်တွေကို ပေါင်းစပ်ထားတာနဲ့ တူတယ်” လေ့ချန်က မရေမရာနဲ့ ခေါင်းကုတ်‌နေတယ်။

“နင်အတွေး လွန်နေတာပါ ... ” ဝူလရဲ့ မျက်လုံးတွေထဲမှာ အထင်သေးခြင်းတွေ ပါဝင်နေတယ်။ လေ့ချန်ကို ကြည့်မယ့်စား ငှက်ရုပ်တုတွေပေါ်က အဆင့်သတ်မှတ်ချက်ကို ကြည့်ဖို့ လေ့ချန်ကို လျစ်လျူရှုလို့ ပြန်လှည့်သွားတယ်။

“မော့စု မင်းဘာလို့ မလှုပ်သေးတာလဲ။ ရဲဝမ်က ၈၂၇ လှမ်းရှိနေပြီ ... ”

ပေလင်း ဘာမှမပြောပေမဲ့ လေ့ချန်စကားကြောင့် သူ့မျက်လုံး‌တွေထဲမှာ မနှစ်မြို့မှုတွေ ပေါ်လွင်နေတယ်။

လေ့ချန် ငြိမ်သက်သွားတယ်။ လူအများ ဆွေးနွေးနေကြရင်း၊ ငှက်ရုပ်ကြီးတွေကို ကြည့်နေကြတုန်းမှာ ကောင်းကင်က ရှုံ့တွသွားပြီး ရုတ်တရက်အနက်ရောင် အခိုးအငွေ့နှစ်ခု ပေါ်ထွက်လာလို့ ကွင်းထဲကို ရောက်ရှိလာကြတာ၊ ပြီးတော့မှ ချန်ချွန်းနဲ့ ပိစုဖြစ်နေတယ်။ သူတို့ဟာ ကွင်းထဲကို တစ်ပြိုင်နက်နီးပါး ရောက်လာကြပြီး တစ်ယောက်ကိုယ် တစ်ယောက် တွေ့လိုက်တဲ့ အခိုက်မှာ တစ်ယောက်ကိုယ် တစ်ယောက် စိုက်ကြည့်လိုက်ကြတယ်။

သူတို့ပြန်လာတဲ့အခါ ပတ်ဝန်းကျင်ရှိ လူတွေရဲ့အကြည့်က သူတို့အပေါ် ကျရောက်လာတယ်။ ကွင်းပြင်ရဲ့အဆုံးဘက် ခပ်ဝေးဝေးမှာရှိနေတဲ့ ကျင်းနန်နဲ့ မော့စန်းရဲ့ အာရုံကိုလည်း ဖမ်းစားလိုက်နိုင်တယ်။

“ချန်ချွန်းက သိပ်မဆိုးဘူး” မော့စန်းက ပြောလိုက်တယ်။

“စုမင်နဲ့ နှိုင်းယှဉ်ရင်‌တော့ သိပ်မဟုတ်ပါဘူး” ကျင်းနန်ပုံစံက အေးဆေးတည်ငြိမ်နေတယ် ထင်ရပေမဲ့ အတော်ကြာကြာ ကတည်းက သူအရမ်းအံ့သြ မှင်တက်နေခဲ့တာ။ နေရာတစ်ခု အထိတော့ မျှော်လင့်ထားတာ ရှိပေမဲ့ စုမင်ဟာ သူမျှော်လင့်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး ဒီအခြေအနေအထိ ရောက်လာမယ်လို့တော့ မထင်ခဲ့မိဘူး။

“မော့စန်း၊ ငါ့ကို စုမင်ကို စောင့်ရှောက်ခွင့်ပေးပါ” ကျင်းနန်ခေါင်းလှည့်ပြီး မော့စန်းကို အလေးအနက်ပြောတယ်။

“ဆက်ကြည့်ရအောင်။ နောက်မှ ပြောလို့ရပါတယ်” မော့စန်းက ခပ်ပြုံးပြုံးပြောတယ်။

အဲဒီအချိန်မှာ အာမေဍိတ်သံ တချို့ ကွင်းထက်က ညံတက်လာတယ်။ တစ်စုံတစ်ယောက် အော်ဟစ်လိုက်တဲ့ အခိုက်မှာပဲ အားလုံးဟာ ပြောင်းလဲမှုကို သတိပြုမိသွားတယ်။

“မော့စု နောက်ဆုံးတော့ ရွေ့လာပြီဟေ့ ... ”

“ဒါကနောက်ဆုံး တိုက်ပွဲပဲ ... ”

အနက်ရောင် အခိုးအငွေ့တွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်တန်းထဲမှာ စုမင်ဟာ ၇၈၁လှမ်းမြောက် ခြေလှမ်းမှာ ရပ်လျက် မျက်စိကို ပိတ်ထားတယ်။ ရုတ်တရက် ဖွင့်လိုက်ချိန်မှာ သူ့မျက်လုံးများ‌တွေထဲက တောက်ပသော အလင်းရောင်လေး ဖျတ်ခနဲ လင်းလက်သွားလေတယ်။

သူ့ခန္ဓာကိုယ်မှာ သွေးကြောနှစ်ခုပဲ ကျန်နေ‌ပါတော့တယ် ...

***

All Chapters