← Chapters

စကားလုံးများဖြင့် တိုက်ခိုက်ခြင်း

Vol. 144 Ch. 2003

စကားလုံးများဖြင့် တိုက်ခိုက်ခြင်း

Vol. 144 Ch. 2003

သူမသည် များများစားစား မပြောရသေးသော်လည်း လက်ရှိ သူမ၏ အခြေအနေ မည်သို့ဖြစ်ရှိသည်ကို အကျဉ်းချုံး ရှင်းလင်းစွာဖော်ပြပြီးဖြစ်သည်။

သူမ၏ အသံမှတစ်ဆင့် အဆင်ပြေပြေရှိနေသည်၊ ဒုက္ခကြီးကြီးမားမား မရောက်နေသည်ကို ပြောနိုင်သည်။

“ရှင်တို့တွေ လေဟာနယ်မပြိုလဲခင်ကို ထွက်လာနိုင်လိုက်တာလား” ယွိဝမ်ဝမ် မေးလေသည်။

“မဟုတ်ဘူး ငါတို့တွေထွက်တော့မယ့်ဆဲဆဲမှာ ပြိုကျသွားတာ” မိုယွိ ပြန် ဖြေသည်။ “ဝင်ပေါက်ရောက်နေတာ ကံကောင်းသွားတယ်.. ဒါပေမဲ့ ဘုံအသေး ထဲက လေဟာပြင်ဧရိယာကလည်း အားနည်းနေပြီ.. အဲဒါကြောင့် အကုန်လုံး က ဒဏ်ရာအပြင်းအထန်ရပြီး တြိဂံဒေသကိုရောက်သွားတာ”

မိုယွိသည် နောက်ပိုင်းကိစ္စများကိုလည်း အတိုချုပ်ပြောပြသည်။ ဖြစ်စဉ် တိုင်းကို သူ ရှင်းပြသည်မှာလည်း ရိုးရှင်းလှသည်။ သို့သော် ထိုနေရာတွင် ပိတ်မိ နေခဲ့သည်ဟု ကြားလိုက်သည်နှင့် မည်မျှဆံပင်မွေးထောင်ဖွယ်ကောင်းသည်ကို နားလည်သည်။

“အခု သူမက ယွင်ရာတို့နဲ့ သူတို့လျှို့ဝှက်ဂိုဏ်းကို သွားနေတယ်.. သူမက အခြေခိုင်ချင်တာလေ.. သူမပြောသလိုဆိုရင် တစ္ဆေလောကကို ရောက်ပြီး တော့ အမြန်တိုးတက်လာခဲ့တော့ သူမရဲ့ဘုံက မလိုက်နိုင်ဘူးတဲ့.. အဲဒါကြောင့် အပြင်ပိုင်းအင်အားကို အရမ်းမှီခိုနေရတာ.. သူမကိုယ်သူမအရှိန်လျော့ပြီး သူမရဲ့ ဘုံအသေးကို တိုးတက်အောင်လုပ်မယ်တဲ့”

“သူမက လျှို့ဝှက်ဂိုဏ်းထဲကိုဝင်တာလည်း အကြံမဆိုးဘူး” ယွိဝမ်ဝမ် ပြောလိုက်သည်။

“သူမက ဒီကိုလာပြီးကတည်းက ဒေါ်လေးကိုကယ်ဖို့ပဲစဉ်းစားနေတာ ကိုယ့်ကိုယ်ကိုယ် တင်းကြပ်လွန်းတယ်” ဒိကျဲ့သည်လည်း သူမ၏ ဆုံးဖြတ် ချက်ကို လေးစားသည် “ဒါပေမဲ့ ဝိညာဉ်နယ်မြေက ယွင်ရာဆိုတာက လူကောင်းမဟုတ်ဘူး.. ဖေးယိကလည်း ဝိညာဉ်နယ်မြေမှာ နာမည်ကောင်းတာ မဟုတ်ဘူး.. သူတို့က ယူယူ့နောက်လိုက်ရင် ပြဿနာမဖြစ်နိုင်ဘူးလား”

“သူမကို မကောင်းတာတွေ လွှမ်းမိုးသွားမှာစိုးနေတာလား” မိုယိသည် လုံးဝစိတ်မပူပေ “သူမကသာ သူများအပေါ် မကောင်းတာတွေ လွှမ်းမိုးအောင် မလုပ်ရင်ကို ကောင်းနေပြီ”

“လျှို့ဝှက်ဂိုဏ်းထဲက လူတွေက နောက်ခံရှုပ်ထွေးတယ် သူမက…”

“ငါပြောမယ် မင်းက သူမရဲ့ဝမ်းကွဲအစ်ကိုလား.. သူမရဲ့ အမေလိုဖြစ်နေ တယ်လို့ ဘာလို့ခံစားမိတာပါလိမ့်” မိုယွိသည် စိတ်မရှည်စွာဖြင့် စကားဖြတ် ပြောလေသည် “မင်းက ဟိုဟာစိုးရိမ်လိုက် ဒီဟာတွေးပူလိုက်နဲ့.. အဘွားကြီး တွေထက်တောင် ပစိပစပ်များသေးတယ်”

ဒိကျဲ့သည် ပြောမည့်စကားကိုပါ မျိုသိပ်လိုက်ရသည်။ ပြီးနောက် ဒေါသ ထွက်လွန်းသဖြင့် မျက်နှာကြီးနီမြန်းလာသည်။

“မိုယွိ.. မင်းက အခု ယူယူရဲ့ သူငယ်ချင်းဖြစ်နေပြီဆိုပြီး ငါက အသိအမှတ် ပြုမယ်မထင်လိုက်နဲ့.. ဒီနေ့လိုမျိုး ငါ့ရဲ့စစ်သူကြီးအိမ်တော်ကို လာရဲရင် မင်းကို ကန်ထုတ်မှာ” သူသည် အော်ဟစ်လေသည်။

“ဟား. မင်းကလား.. ငါ့ကိုနိုင်မှာတဲ့လား” မိုယွိသည် ထိန်းမထားနိုင်ဘဲ ကျိတ်ရယ်လေသည်။

“စမ်းကြည့်လေ” ဒိကျဲ့သည် နားရွက်မှ အငွေ့များထွက်လာမတတ်ဖြစ် နေပြီး စားပွဲကိုရိုက်လိုက်သည်။

“ဒိကျဲ့ မင်းက စစ်သူကြီးဖြစ်တာနဲ့ ငါက ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင် နေတာလား” မိုယွိ၏ မျက်လုံးများသည် အထင်သေးမှုများနှင့် ပြည့်နေသည် “မင်းသာ အသိအမှတ်မပြုရင် ရှီမာယူယူနဲ့ ငါ့ကို ဒီမှာပူးပေါင်းခွင့်ပြုပါ့မလား”

“ဘယ်တုန်းက မင်းကို ခွင့်ပြုလို့လဲ.. မင်းကို တစ္ဆေကြင်ယာတော်ရဲ့ ဘက်တော်သားမဖြစ်စေချင်တာ”

“အဲဒါက အဲဒါပဲမဟုတ်ဘူးလား”

“ဘယ်လိုလုပ်တူမှာလဲ”

“တူတာပေါ့”

“မင်း…”

ယွိဝမ်ဝမ်သည် သူတို့နှစ်ယောက် ယခုလိုနေရာတွင် ရန်ဖြစ်နေသည်ကို ကြည့်ပြိး အံ့ဩမိသည်။ လူကြီးမင်းမိုယွိသည် သတင်းများနှင့် များစွာကွာခြား လှသည်။ အိုး.. ဒိကျဲ့သည်လည်း ပုံမှန်အကျင့်နှင့် မတူသလိုပင်။ အရွယ်ရောက် ပြီးသား လူကြီးနှစ်ယောက် ယခုလို စကားနိုင်လုနေကြသည်မှာလည်း အတော် အံ့အားသင့်ဖွယ်ကောင်းသည်။

သူတို့နှစ်ယောက် ပေါက်ကွဲတော့မည်ကို မြင်ယောင်နေသဖြင့် သူမသည် မတ်တတ်ထကာ ထွက်လာခဲ့လိုက်သည်။

ဟူး.. ကလေးဆန်တဲ့ ယောက်ျားတွေ…

ဒိဝူသည် တံခါးတွင်ရပ်နေပြီး သူမ ထွက်လာသည်ကို မြင်လိုက်ရသည်။ သူမ မေးလိုက်သည် “မင်းသမီးဝမ်ဝမ် သွားတော့မလို့လား”

“အင်း သွားတော့မယ်.. အခု ယူယူ အဆင်ပြေနေတာကိုလည်း သိပြီးပြီ ဘာလို့နေနေတော့မှာလဲ.. သူတို့ ရန်ဖြစ်တာကို ကြည့်ဖို့နေရမှာလား”

“ဟူး သူတို့ကလည်း မနိုင်ဘူး” ဒိဝူသည် သခင်ဖြစ်သူကို စိတ်မပူဘဲ ရယ်မောလေသည်။

“သူတို့တွေ တွေ့တာနဲ့ အမြဲဒီလိုပဲလား” ယွိဝမ်ဝမ် မေးလိုက်သည်။

“အရင်ကတော့ အဲလိုပဲ.. မင်းသမီးလေး တစ္ဆေလောကကိုမရောက်ခင် တော့ ဒီလိုဆက်ဆံရေးပဲ.. မင်းသမီးလေးက ကြားနေပေးတော့ သူတို့ ရန်မဖြစ် ကြတော့ဘူး.. သခင်က သခင်ကြီးမိုယွိကို အချိန်တိုင်း ဒေါသထွက်ပေမဲ့ သူတို့ စွမ်းအားတွေက အဆင့်ကွာကြတော့ တိုက်ခိုက်ကြရင်တောင် သူပဲရှုံးတာ.. အဲဒါကြောင့် သခင်ကြီးမိုယွိက ကျွန်တော့်သခင်ကို နိုင်တာပဲလေ” ဒိဝူသည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ သူ့နာမည်ကိုဖျက်လေသည်။

ယွိဝမ်ဝမ်သည် တံခါးတွင်ရပ်နေသော ဒိကျဲ့ကိုမြင်သောအခါ ဒိဝူကို သနားသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ ရယ်မောနိုင်စေရန် သူမ မျှော်လင့်ရင်းနှင့် ထွက်ခဲ့လိုက်သည်။

ဒိဝူသည် သူမထွက်သွားချိန်တွင် ပုံမှန်မဟုတ်သော သူမ၏ အကြည့်ကို သတိထားမိပြီး ခေါင်းပြန်မလှည့်ခင်မှာပင် အေးစက်သောရောင်ဝါကို ခံစားမိ လိုက်သည်။

သွားပြီ သွားပြီ.. သူတော့ လူမိသွားပြီ။

ဒိဝူသည် ငိုချင်မိသည်။ သူ ဘာလို့ ဒီလောက်ကံဆိုးရတာလဲ။ ပြီးတော့ မင်းသမီးဝမ်ဝမ်ကလည်း မီးမွှေးပေးသွားသေးတယ်။ သူ့ကို ဘာလို့ နေရာလေး တောင်ပေးမသွားတာလဲ။

“သ..သခင်…” ဒိဝူသည် လှည့်ပြီး ငိုတော့မည့်အတိုင်း ဒိကျဲ့ကို သေချာ စိုက်ကြည့်သည်။ သို့သော် မျက်ရည်များမှာ ထွက်မလာပေ။

ဒိကျဲ့သည် သူ့ကို ဆူငေါက်တော့မည်ဟု ထင်ထားသည်။ သို့သော် ဒိကျဲ့ သည် သူ့ကိုတစ်ချက်သာကြည့်ကာ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားလေ သည်။

“သခင်က အကျင့်တွေများပြောင်းသွားတာလား ငါ့ကိုတောင် မဆူတော့ ဘူး” ဒိဝူသည် ဒိကျဲ့ထွက်သွားသည်ကို နားမလည်နိုင်စွာ ကြည့်နေသည် “သူတို့ နှစ်ယောက် ရန်ဖြစ်ရင် ကြာတယ်မလား.. ဘာလို့ခဏလေးနဲ့ ထွက်လာရတာ လဲ.. ဒါသခင်လုပ်နေကျအတိုင်းမဟုတ်ဘူး”

မိုယွိထွက်လာသည်ကို သူ မြင်လိုက်ရချိန်တွင် ပို၍ရှုပ်ထွေးသွားသည်။ သူသည် မိုယွိကို ဤနေရာတွင် ထားပြီးထွက်သွားခဲ့သည်။ ထိုအရာမှာ ပို၍ သူ မပီသပေ။

မိုယွိသည် ဒိဝူကိုကြည့်ပြီး ချီးကျူးလေသည် “မဆိုးဘူး မဆိုးဘူး”

ဘာကိုမဆိုးတာလဲ.. ဒါက “တရားမျှတစွာ ပြောဆိုခြင်း” လို့ခေါ်တယ်။ သူက သူ့သခင်ကိုတောင် ရောင်းစားရဲသေးတယ်။

ဒိဝူသည် မိုယွိအား သနားစွာကြည့်ပြီးမေးလေသည် “သခင်ကြီးမိုယွိ ကျွန်တော့်သခင် ဘယ်သွားတာလဲ”

သူက ခဏနေပြန်လာပြီး ငါ့ကိုရှင်းတော့မှာလား။

“စိတ်ချပါ အခု သူမင်းကိုရှင်းဖို့ အားမရှိဘူး”

မိုယွိစကားကြောင့် ဒိဝူ အနည်းငယ်စိတ်အေးသွားသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူ့ကိုစိတ်ပူစေသည် “တစ်ခုခုများဖြစ်ခဲ့လို့လား”

“သူ ငါနဲ့ ရန်ဖြစ်နေဖို့ အားရှိနေရင် ဘုရင်က အခုဘာလုပ်နေလဲဆိုတာကို သာ သွားကြည့်လိုက်လို့ ပြောလိုက်ရုံတင်ပြောလိုက်တာ… ပြီးတော့ သူထွက် သွားတာပဲ”

“ဒါပဲလား”

“ဒါပဲလေ”

မိုယွိသည် ပြောပြီးနောက် ဖြည်းဖြည်းဆေးဆေး လျှောက်သွားလေ သည်။

ဒီအတိုင်းပဲဟုတ်လား။ ဒီလောက် မရိုးရှင်းတာလည်းဖြစ်နိုင်တယ်။ ဒီ မိန်းကလေးက တစ္ဆေဘုရင် ကောင်းကင်ဥပဒေသကို ချိုးဖျက်ဖို့ ကစဥ့်ကလျား မြစ်ရေကို သုံးတဲ့ကိစ္စမျိုးလုပ်ရဲတယ်။ ဒီကိစ္စက တစ္ဆေလောကကို ဘယ် လောက်တောင် ရုတ်ရုတ်သဲသဲဖြစ်သွားစေလဲဆိုတာ သူမ သိရောသိရဲ့လား။ တစ္ဆေလောကမှာ အခြေအနေတစ်ခုလုံး ပြောင်းရင်တောင်ပြောင်းသွားနိုင် တယ်။

မဟုတ်ရင် ကမ္ဘာကြီးပြောင်းသွားမယ်လို့တောင် ပြောရမလားပဲ။ ဧကရာဇ်အဆင့်.. အဲဒါက မရနိုင်တဲ့အိပ်မက်တစ်ခုမဟုတ်တော့ဘူး။

သူမက တကယ်ကို ရဲတင်းတဲ့ကောင်မလေးပဲ။

….

ရှီမာယူယူသည် ယွင်ရာ၊ ဖေးယိတို့နှင့်အတူ သားရဲပျံဖြင့် ၁၀ ရက်ကြာ ခရီးနှင်ပြီးနောက် မြို့ငယ်တစ်ခုသို့ရောက်လေသည်။

“ရောက်ပြီ” ယွင်ရာသည် သားရဲပျံကိုဆင်းသက်ခိုင်းလိုက်ပြီး သူတို့သည် မြို့ငယ်၏ အပြင်တွင်ရပ်လိုက်ကြသည်။

“ဒါက လျှို့ဝှက်ဂိုဏ်းလား” ရှီမာယူယူသည် မြို့ငယ်ကို ကြည့်လိုက် သည်။ အများဆုံးမှ လူ ရာဂဏန်းမှ တစ်ထောင်မျှသာ နေနိုင်သည်။ လျှို့ဝှက် ဂိုဏ်းက ဒီလောက်တောင် သေးတာလား။

“ဒါက ပင်မဝင်ပေါက်ပဲ” ဖေးယိ ရှင်းပြလေသည် “နောက်ပိုင်းက ကိုယ် ကြိုက်တဲ့သားရဲပျံတွေစီးလို့မရတော့ဘူး.. ဒီနေရာက သားရဲပျံတွေကိုပဲ သုံးရလိမ့်မယ်.. ပြီးတော့ ဒီနေရာမှာနေတဲ့သူတွေက သတင်းကိုပဲစောင့်ရလိမ့်မယ်”

“ဒါဆို ကျွန်မတို့က ဒီမှာသတင်းပဲစောင့်ရမှာပေါ့”

“အတိုချုပ်ပြောပြောရရင် ဟုတ်တယ်”

“ဒါဆိုလည်း ဟုတ်ပြီလေ ဒီကလူတွေကတော့ ကျွန်မကို အနိုင်မကျင့် လောက်ဘူးမလား”

“ဘယ်သူက မင်းကိုအနိုင်ကျင့်မှာလဲ” ဖေးယိသည် သဲ့သဲ့ပြုံးလိုက်သည် “ဒါပေမဲ့ မင်းကို ပြောရမယ့်ဟာတစ်ခုရှိတယ်.. ဂိုဏ်းက အတွင်းရေးပဋိပက္ခ တွေမှာ ဝင်မပါဘူး.. ဒါပေမဲ့ အပြင်လူတွေ ဂိုဏ်းသားကိုလာအနိုင်ကျင့်ရင်တော့ ဒီမှာခွင့်မပြုရင်တောင် အပြင်လူကို ပြန်တိုက်ခိုက်တတ်ကြတယ်… အခု မင်းက ဂိုဏ်းအဖွဲ့ဝင်မဟုတ်သေးတော့ ဒီမှာပြဿနာမဖြစ်စေနဲ့”

“ဟုတ်ပါပြီ” ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ သူမက သူများကို ပြဿနာမရှာလို့ရပါတယ်။ သူများကသာ သူမကို လာပြဿနာမရှာစေနဲ့။ ဒီလို ဆိုရင်တော့ အကုန်လုံး အေးချမ်းနေမှာပဲ။

***

All Chapters