အစားထိုးခြင်း
Vol. 144 Ch. 2009
ရှီမာယူယူသည် လုယန်၏ အကျင့်စရိုက်သဘောထားကို မသိပေ။ သူ သည် ဂိုဏ်း၏ကိစ္စများနှင့် ဂိုဏ်းအပြင်မှကိစ္စများကို ဂရုမစိုက်ပေ။ သူသည် အသံတိုက်ခိုက်မှုကိုသာ လေ့လာနေပြီး အကျင့်စရိုက်မှာလည်း ပေါ့ပျက်ပျက် နိုင်လှသည်။
ဤအချိန်မတိုင်ခင်က သူ့ကို ဆရာအဖြစ် သတ်မှတ်ချင်သူများရှိခဲ့ကာ အရည်အချင်းရှိသူများစွာလည်း ပါဝင်ခဲ့ကြသည်။ သို့သော် သူသည် သူတို့ကို လုံးဝဂရုမစိုက်ခဲ့ပေ။ ယခု သူသည် ရှီမာယူယူကို တပည့်အဖြစ် လက်ခံလိုက် သောကြောင့် သူ အလွန်သိချင်မိသည်။
သို့သော် သူသည် အကြောင်းအရင်းကို မမေးရဲပေ။ သူသည် နောက်ပိုင်း မှ သိလာမည့် အခွင့်အရေးရှိမရှိကို စောင့်ကြည့်ရန်သာရှိသည်။
ရှီမာယူယူသည် သူအတွေးလွန်နေသည်ကို မြင်သောအခါ မေးလိုက် သည် “ဘာတွေ အဲလောက် ငေးငိုင်နေတာလဲ.. ကျွန်မကို ဆရာဦးလေးလို့ခေါ် ခိုင်းလိုက်တာ အဲလောက်တောင် ကြောက်ဖို့ကောင်းနေလို့လား”
“မဟုတ်ဘူး ငါ စဉ်းစားနေတာလေးရှိလို့ပါ” ယွင်ရာ ပြောလိုက်သည် “ဆရာဦးလေး.. သူတို့နောက်ကို မြန်မြန်လိုက်ရအောင် မဟုတ်ရင် သခင်ကြီး ဒေါသထွက်လိမ့်မယ်”
“အင်း”
သူတို့သည် ယွင်ရာအားမှီအောင်လိုက်ကာ အစည်းအဝေးခန်းမသို့ သွား ကြလေသည်။
ဆယ်ဂဏန်းမျှရှိသော လူတချို့သည် ခန်းမကြီးထဲတွင် ထိုင်နေကြရာ ရှီမာယူယူ အကြမ်းဖျင်းရေတွက်ကြည့်ရာ အယောက် ၇၀ မှ ၈၀ ဝန်းကျင်ခန့်ရှိ လေသည်။
“ဂိုဏ်းသခင်ကို နှုတ်ဆက်ပါတယ်” လုယန် ဝင်သွားသည်နှင့် အားလုံး နှုတ်ဆက်ကြလေသည်။
“အားလုံးပဲ ထိုင်ကြပါ” လုယန်သည် ပင်မခုံနေရာသို့ တိုက်ရိုက်သွားကာ ထိုင်လေသည်။ ယွင်ရာသည်လည်း သူ့နေရာတွင် သွားထိုင်ရာ ရှီမာယူယူတို့ အဖွဲ့သာ အလယ်တွင် ရပ်ကျန်နေခဲ့လေသည်။
ဂိုဏ်းအဖွဲ့ဝင်များအားလုံး ထိုင်လိုက်ကြပြီး ရှီမာယူယူကို မြင်သောအခါ ဒုတိယအကြိမ် မသိဘာသာ ထပ်ကြည့်ကြသည်။
“ဂိုဏ်းသခင် တစ်ခုခုများဖြစ်လို့လား” သူ၏ ညာဘက်ဘေးတွင်ထိုင်နေ သော ဂိုဏ်းဒုသခင်မိုဝေ့သည် မေးလေသည်။
လွန်ခဲ့သည့်နှစ်ရက် ယွင်ရာ ပြန်လာချိန်တွင် သူသည် ယွင်ရာကိုတွေ့ခဲ့ ပြီး ဂိုဏ်း၏အရေးကြီးသည့်လူများကို အစည်းအဝေးခေါ်ရန် ဂိုဏ်းဒုသခင်ကို ခိုင်းခဲ့သည်။ သူမသည် တံခါးပိတ်ကျင့်ကြံနေသူများကိုပါ ခေါ်ခဲ့ရသည်။
ဤကဲ့သို့ အလောကြီးပြီး အရေးကြီးသည့်ကိစ္စမျိုးကို အရင်က မကြုံဖူးခဲ့ ကြပေ။
“အင်း နောက်ဆိုရင် သူမက ငါ့တပည့်ဖြစ်လိမ့်မယ်” လုယန်သည် ရှီမာယူယူကို ညွှန်ပြပြီး ပြောလေသည်။
“ဘာ.. ရှင်က တကယ်ပဲ မိန်းကလေးတပည့်လက်ခံမလို့လား” မိုဝေ့ အော်လေသည် “ဘာလို့ ရှင်..”
လုယန်သည် သူမကို ငဲ့ကြည့်ရာ သူမသည် ကျန်စကားလုံးများကို မျိုသိပ် လိုက်ရသည်။
“ဂိုဏ်းသခင်.. ဒီတပည့်က ဘာများကောင်းလွန်းလို့ သူမကို တပည့် အဖြစ် ဒီအတိုင်းလက်ခံလိုက်တာလဲ”
“ယူယူ သူတို့ကို အဲဒီပစ္စည်းပြလိုက်” လုယန်သည် စကားအပိုမပြောချင် တော့သောကြောင့် ထိုအပြုအမူ၏ အကြောင်းအရင်းကို ပြခိုင်းလေသည်။
ရှီမာယူယူသည် အရိုးပုလွေကိုထုတ်လိုက်သ်ည။
သူတို့ အရိုးပုလွေကိုမြင်သည်နှင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား လေသည်။
“ဒါက.. အရိုးပုလွေလား”
“အရိုးပုလွေကို တွေ့ပြီလား”
“မိုးနတ်မင်းရေ တကယ်ကြီးပဲ”
အားလုံးသည် အရိုးပုလွေကိုမြင်သောအခါ ထိတ်လန့်ကုန်ကြသည်။ လုယန်ရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူတို့သည် လုယူမိမည်ဖြစ်သည်။
“ဒါက တကယ်ပဲ အရိုးပုလွေလား” မိုဝေ့မေးလိုက်သည်။
“ဟုတ်တယ် ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ပြီးပါပြီ” ယွင်ရာ ပြောလိုက် သည်။
“ကျွန်မနားလည်ပြီ.. သူမက ဒါကိုသုံးပြီး ရှင့်ရဲ့ တပည့်ဖြစ်ဖို့ အပေးအယူ လုပ်ခဲ့တာမလား” မိုဝေ့သည် ရှီမာယူယူအား အထင်သေးစွာကြည့်လေသည် “ဒါပေမဲ့ သူမက အရိုးပုလွေကိုပြန်ယူလာရင်တောင် သူမကို တပည့်အဖြစ် လက်ခံစရာမလိုပါဘူး.. ဂီတဂိုဏ်းမှာ ကျေးဇူးကိုဖော်ပြဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်”
ထိုလှပသော်လည်း ဟန်ဆောင်တတ်သည့် အမျိုးသမီးသည် သူမကို ရန်ငြိုးဖွဲ့နေကြောင်းကို ရှီမာယူယူ အာရုံခံမိသည်။ သူမက သူ့တပည့်ဖြစ်လာ တာကို မနာလိုလို့များလား။
သို့သော် သူမ ယခုလို ထောင်လွှားသည့် မျက်နှာထားလုပ်ထားသည်မှာ အလွန်ပင် မနှစ်မြို့စရာကောင်းလှသည်။
“အရိုးပုလွေက ကျွန်မဟာပါ” ရှီမာယူယူသည် မိုဝေ့ကို စကားဖြတ်ပြော လိုက်သည် “ကျွန်မ ဒီကိုလာခဲ့တာက ဂီတဂိုဏ်းက အရိုးပုလွေကို ဂိုဏ်းမှာရှိနေ စေချင်ရုံပဲ၊ ပြန်လုချင်နေတာမဟုတ်ဘူးလို့ ယွင်ရာပြောလို့ပါ.. အဲဒါကြောင့် ဂီတဂိုဏ်းကို ဝင်ချင်နေတာမဟုတ်ဘူး”
သူမသည် ပရဟိတလုပ်ရန် ဤနေရာသို့ လာခြင်းမဟုတ်ပေ။ သူမ သဘောမကျသလို အထင်လည်းသေးသည်။
“သူမ ပြောတာ အမှန်ပါ.. အရိုးပုလွေက သူမဟာပါ” လုယန် ပြောလေ သည်။
“ဘာ ရှင်က အရိုးပုလွေကို ပြန်မယူဘူးလား” မိုဝေ့သည် တအံ့တဩ အော်လေသည် “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ခန်းမတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ ဤပေါက်ကွဲစေ လောက်သည့် သတင်းကိုမကြားရခင် အရိုးပုလွေတွေ့သည်ဆိုသည့် ပျော်စရာ သတင်းကြောင့် မည်သူမှ မငြိမ်နိုင်ခဲ့ကြပေ။
“ဂိုဏ်းသခင်” သူတို့သည် နားကြားလွဲသည်ဟုပင် မျှော်လင့်ရင်း လုယန် ကို ကြည့်ကြလေသည်။
“သူမ ပြောသလိုပဲ သူမမှာ ငါတို့ကို အရိုးပုလွေကို ပြန်ပေးရမယ့် တာဝန် မရှိဘူး” လုယန် ပြောလေသည် “အရိုးပုလွေက ပျောက်နေတာ နှစ်တွေအများ ကြီးကြာပြီ.. ငါတို့ရဲ့ ဘိုးဘေးတွေက ဖန်တီးခဲ့ပေမဲ့ အတင်းပြန်ပေးပါလို့ သူများ ကို ဖိအားပေးခွင့်မရှိဘူး”
“ဒါပေမဲ့ အရိုးပုလွေက အမြဲတမ်း ဂီတဂိုဏ်းရဲ့ရတနာတစ်ပါးဖြစ်ခဲ့တာ လေ.. ဂီတာဂိုဏ်းမှာရှိဖို့လိုတာပေါ့” မိုဝေ့သည် စိတ်ပိုင်းဖြတ်ထားသလို ပြော လေသည်။
“ဟုတ်တယ်.. အဲဒါကြောင့် အခု သူမက ငါ့တပည့်ဖြစ်သွားပြီ.. သူမက ငါ့ တပည့်ဆိုမှတော့ အလိုလိုဂီတဂိုဏ်းကဖြစ်သွားပြီ” လုယန်သည် အေးဆေးပင် ပြောလေသည် “ပြီးတော့ တပည့်လက်ခံတာ ငါ့ကိစ္စလေ.. ဂိုဏ်းဒုသခင်.. အဆင့်ကျော်နေပြီလို့မထင်ဘူးလား”
“ရှင်…”
မိုဝေ့သည် ပြောမည့်စကားမဲ့သွားသည်။ သို့သော် သူပြောသည်မှာ မှန် သည်။ သူ၏ တပည့်လက်ခံခြင်းသည် သူ့ကိုယ်ပိုင်လုပ်ပိုင်ခွင့်ဖြစ်သည်။ မည်သူ မှ ဝင်ပြောခွင့်မရှိပေ။
“ဂိုဏ်းသခင်..” တခြားသူများလည်း သူ့ကိုဖျောင်းဖျချင်သည်။ သို့သော် သူ တပည့်လက်ခံသည့်ကိစ္စမဟုတ်ဘဲ အရိုးပုလွေကိစ္စကြောင့်ဖြစ်သည်။
အရိုးပုလွေက အရေးအကြီးဆုံးပဲ။ ဘယ်လိုလုပ် ပြန်မယူဘဲနေမလဲ။
“မင်းတို့အားလုံး ထပ်ပြောဖို့မလိုတော့ဘူး.. ဒီကိစ္စကို ဒီလိုပဲဆုံးဖြတ်ပြီး သွားပြီ” လုယန် ပြောလိုက်သည် “ယွင်ရာ… ရှီမာယူယူနဲ့ ကျန်တဲ့လူတွေကို ခေါ်သွားလိုက်.. သူတို့နေဖို့လည်း စီစဉ်ပေးလိုက်”
ယွင်ရာသည် အနည်းငယ် အံ့ဩသွားသည်။ ဒီလိုကိစ္စကို ဘာလို့ ဂိုဏ်း ကနေ ထွက်သွားတာ ကြာနေပြီဖြစ်တဲ့ သူ့လိုလူကို ခိုင်းရတာလဲ။ သို့သော် ယူယူနှင့် ကျန်လူများသည် တခြားသူများနှင့် မရင်းနှီးသေးသည်ကို စဉ်းစားမိ သလို အမိန့်ဖြစ်နေခြင်းကြောင့်လည်း သူ သူတို့ကိုခေါ်ထုတ်လာခဲ့လိုက်သည်။
သူတို့ ထွက်သွားသည်နှင့် မိုဝေ့သည် မနေနိုင်တော့ပေ “လုယန် ရှင်က အရိုးပုလွေကို ပြန်မယူတဲ့အပြင် သူမကို တပည့်အဖြစ်တောင် လက်ခံဦးမယ်.. သူမက ကျိရှန်နဲ့တူနေလို့လား”
ကျိရှန်၏ နာမည်ကိုကြားသည်နှင့် လုယန်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ သူသည် တိုးညင်းစွာပြောလေသည် “သူမက သူမ ကျိရှန်က ကျိရှန်ပဲ”
“ဟုတ်လား.. ဒီလို အပြောင်းအလဲကြီးလုပ်ပြီးတော့ကို သူမကို တပည့် အဖြစ်လက်ခံလိုက်တာကို ဒီအကြောင်းအရင်းအပြင် တခြားအကြောင်းအရင်း ကိုစဉ်စားလို့မရဘူး၊ ဂိုဏ်းက နှစ်တွေအများကြီး အားစိုက်ထုတ်ခဲ့တာကို ရှင် ဂရုမစိုက်ဘဲ သူမကို အရိုးပုလွေပိုင်ဆိုင်ခွင့်ပေးခဲ့တယ်”
“အိုး ဒါဆို မင်း ငါ့ကိုပြောလေ.. ဘယ်လိုဖြစ်သင့်တယ်လို့ထင်လဲ” လုယန် သည် သဲ့သဲ့ပြုံးလိုက်သည်။ သို့သော် သူ အလွန်ဒေါသထွက်နေပြီကို အားလုံး သိလိုက်ကြသည်။
သို့သော် မိုဝေ့သည် သူ တပည့်လက်ခံလိုက်သည့် အဖြစ်ကိုသာ အာရုံ ရောက်နေသဖြင့် သူဒေါသထွက်နေသည်ကို မမြင်ပေ။ မဟုတ်လျှင် မြင်သော် လည်း မမြင်ချင်ယောင်ဆောင်နေသည်လည်း ဖြစ်နို်ငသည်။ သူမသည် အေး စက်စွာ နှာမှုတ်လိုက်သည် “သူမက ဂီတဂိုဏ်းကို ဝင်ချင်နေတာပဲ.. အဲဒါ ကြောင့် သူမကို တပည့်အဖြစ်လက်ခံဖို့ တခြားတစ်ယောက်ကို ရှာလို့ရတယ်.. အရိုးပုလွေက ကျွန်မတို့ ရတနာပဲ.. ကျွန်မတို့ ပြန်ယူရမယ်.. တစ်ခါတလေကျ တော့ လုပ်ရမယ့်အပြုအမူတွေကို ကြောက်မနေသင့်ဘူး”
“လုပ်ရမယ့်အပြုအမူဟုတ်လား”
“ရှင် အဲလိုပဲ ဖြေရှင်းလာတာမဟုတ်ဘူးလား.. အရင်ကဆိုရင် ဂိုဏ်း အတွက် ဘာကိုပဲယူချင်ယူချင် သေချာပေါက်ယူခဲ့တာလေ.. အခုရှင့်လိုမဟုတ် ဘူး သူစိမ်းတစ်ယောက်ကို ဘာလို့ စိတ်ကျေနပ်အောင်လုပ်နေတာလဲ”
မိုဝေ့သည် ‘သူစိမ်း’ ဆိုသည့် စကားလုံးကို အလေးပေးပြီး ပြောဆိုလေ သည်။
“မင်းက အကုန်လုံးကို တွေးပြီးပြီနဲ့တူတယ်” လုယန် ပြောလိုက်သည် “ဒါဆို သူမက ဘယ်သူလဲဆိုတာ မင်းသိလား.. သူမက ဘယ်လောက် အား ကောင်းတယ်.. သူမရဲ့နောက်ခံက ဘာလဲဆိုတာ သိလား”
“အရင်က ရှင် ဒါမျိုးတွေကို ဂရုမစိုက်ခဲ့ပါဘူး” မိုဝေ့ နှာရှုံ့လေသည်။
“ဒါဆို သူမက ဘယ်သူလဲဆိုတာ မင်းတို့သိလား”
တခြားသူများသည် သူ အရိပ်အမြွက်ပေးနေသည်ကို သိကြသဖြင့် မေး လေသည် “ဂိုဏ်းသခင် အဲဒီမိန်းကလေးမှာ ဘယ်လိုနောက်ခံရှိတာလဲ”
“တစ္ဆေဘုရင်ရဲ့ မြေး၊ ယွိခဲ့လော့ရဲ့သမီး ရှီမာယူယူပဲ”
“သူမက တစ္ဆေဘုရင်ရဲ့ သမီးဖြစ်ရင်တောင် သူမကို ကြောက်နေဖို့မလို ဘူးလေ.. တစ္ဆေဘုရင်ပေါ်လာရင်တောင် အရိုပုလွေကို အပ်အောင်လုပ်လို့ရ တယ်”
သူတို့သည် လျှို့ဝှက်ဂိုဏ်းသားများဖြစ်ကြသည်။ တစ္ဆေဘုရင်ပင်လျှင် သူတို့ကို လက်လွတ်စပယ်အပြစ်မပြုရဲပေ။
“ငါ ပြောတာမပြီးသေးဘူး.. သူမက တစ္ဆေဘုရင်ရဲ့ အချစ်ဆုံး မင်းသမီး လေးဖြစ်တဲ့အပြင် ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ ဘုရင်မလေးပဲ.. သူတို့က အခုလေးတင် ကိုးခုမြောက်မရဏာတောင်ကနေ ဆင်းလာကြတာ”
***