← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 10 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 10 Ch. 129-130

အပိုင်း(၁၂၉)

ယီရင်၏ အော်ဟစ်သံများက ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံသွားချိန်တွင် လင်းတုန်းသည် မျက်လုံးများကို မှိတ်ထားလိုက်လေသည်။ သူ မည်သည်ကိုမျှ မလုပ်ဆောင်နိုင်သော်လည်း ရွေးချယ်စရာများကို စဉ်းစားကာ မိမိကိုယ်ကို အာရုံလွှဲရန် ကြိုးစားလိုက်သည်။ သူ့ထံတွင် မည်သည့်အရာများ ရှိသနည်း။ သူ၏ ကျောပေါ်ရှိ အိတ်ထဲတွင် ပင့်ကူတစ်ကောင် ကျန်ရှိနေသေးသည်။ တိမ်တိုက် ကကော မည်သို့နည်း။

ပို၍ နက်ရှိုင်းသော အသိစိတ်ထဲတွင်မူ သူသည် အကူအညီမဲ့နေကြောင်းကို သိရှိထားလေသည်။ သူသည် အမြဲတမ်း အကူအညီမဲ့နေခဲ့သူပင် ဖြစ်သည်။ သူ လုပ်နိုင်သမျှထဲတွင် အများဆုံးမှာ ကယ်တင်ရှင်ကို စောင့်ဆိုင်းနေရန်သာ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အခြားနည်းလမ်းကို မျှော်လင့်နေခြင်းမှာ သူ၏ မိုက်မဲမှုသာ ဖြစ်လေသည်။

"မင်းတို့ စခန်းတွေမှာ ဒီလို ဆူဆူညံညံ ရှိနေတာကို သဘောကျတယ်ပေါ့ ဟုတ်လား... ဟမ်..."

ဖစ်ရှာ ဂီရှာ က ပြောလိုက်ရာ လင်းတုန်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ သူမသည် အမြဲတမ်းလိုလိုပင် ဆံထုံးကို တင်းကျပ်စွာ ထုံးထားပြီး၊ ခြေထောက်များ ရှိသင့်သော နေရာမှ ပင့်ကူခြေတံများ ထွက်ပေါ်နေလေသည်။ လက်များကို နောက်ပစ်ထားတတ်ပြီး အလွန်အမင်း အရေတွန့်နေသော မျက်နှာကြီးက မနှစ်မြို့သည့် အမူအရာကို ပြသနေသည်။ လင်းတုန်းသည် ထိုမျှ လှပသောသူကို ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသကဲ့သို့ ခံစားလိုက်ရပြီး၊ ပြန်လည် အသက်ရှူနိုင်သွားလေသည်။

သူမသာ ယီရင်ကို ကူညီပေးနိုင်ပါက မည်မျှကောင်းမည်နည်း။

"အကြီးအကဲက ရန်သူတွေရဲ့ အော်ဟစ်သံကို သဘောမကျဘူးလား..."

ခရယ်က ကျင်းလုံ ၏ ဘေးသို့ ကပ်ရပ်ရင်း မေးလိုက်သည်။

"သဘောကျမယ်လို့ ကျွန်တော် သေချာတယ်..."

ဂီရှာက မည်သည့် အရိပ်အယောင်မျှ မပြချေ။

"ရန်သူတွေ ဟုတ်လား... ဒီမှာ မင်းတို့ရဲ့ ရန်သူ တစ်ယောက်မှ ငါ မမြင်ပါဘူး..."

ကျင်းလုံ စကားပြောရမည့် အလှည့်သို့ ရောက်လာသည်။

"အကြီးအကဲ မမြင်ဘူးလား... အသစ်ရောက်လာတဲ့ ဖစ်ရှာ နှစ်ယောက်က ငါတို့ စခန်းထဲကို ခိုးဝင်လာလို့ မဟာမိတ်အဖွဲ့ရဲ့ စည်းကမ်းတွေအရ ငါတို့ဆီကို တာဝန်ကျလာတာလေ... တကယ်လို့ သူတို့က အကြီးအကဲအတွက် အလုပ်လုပ်နေတာဆိုရင်တော့ အကြီးအကဲဘက်က အကြောင်းမဲ့ ကျူးကျော်တိုက်ခိုက်မှု လုပ်တာပဲ..."

ဂီရှာ၏ အကြည့်သည် ယီရင်ထံသို့ ရောက်သွားသည်။ လင်းတုန်းထံသို့ မဟုတ်ချေ။

"အခုခေတ် ကလေးတွေက ငြိမ်ငြိမ်သက်သက်နဲ့ လိမ္မာရေးခြား ရှိရမယ်လို့ သတ်မှတ်ထားတာလား... ငါလည်း ငယ်ငယ်တုန်းက အမှားတွေ လုပ်ခဲ့ဖူးတာပဲ..."

"တကယ်လို့ သူတို့က အကြီးအကဲလူတွေ မဟုတ်ဘူးဆိုရင်..."

ကျင်းလုံက ဆက်ပြောသည်။

"သူတို့ကို ငါ သတ္တုတွင်းတွေမှာ အလုပ်ခိုင်းမယ်... တကယ်လို့ အကြီးအကဲလူတွေ ဆိုရင်လည်း ဂုဏ်သိက္ခာရှိတဲ့ တိုက်ပွဲမှာ ငါ ဖမ်းမိထားတာဖြစ်လို့ သူတို့ သတ္တုတွင်းတွေမှာ အလုပ်လုပ်ရမှာပဲ... ဒါပေမယ့် အဲဒီလိုဆိုရင်တော့ အာရီလီယပ်စ် မိသားစု မရောက်လာခင် ရက်ပိုင်းအလိုလေးမှာ အကြီးအကဲတို့က ငါတို့ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တာပဲ..."

ဖစ်ရှာ ဂီရှာက ပြန်လည် တုံ့ပြန်ခြင်း မရှိရာ၊ သူသည် မျက်နှာဖုံးနောက်ကွယ်မှနေ၍ သက်ပြင်းကြီး တစ်ချက် ချလိုက်လေသည်။

"ဒါကို ငါတို့ ခွင့်မပြုနိုင်ဘူး အကြီးအကဲ ဂီရှာ... ဒါကို အကြီးအကဲ သိပါတယ်..."

ဝိညာဉ်ပန်းပဲဆရာ အဘွားအိုထံမှ စကားသံ ပြန်ထွက်လာချိန်တွင်၊ သူမသည် နှုတ်ခမ်းများကို သံချောင်းတစ်ချောင်းဖြင့် အတင်း ဖြဲဖွင့်ထားရသည့်အလား ထင်မှတ်ရလေသည်။

"ငါတို့ကြားမှာ နားလည်မှုလွဲတာလေး ရှိနေတယ် မဟုတ်လား..."

"ရှိပုံရပါတယ်..."

ကျင်းလုံက ပြောလိုက်သည်။

"ဒီမှာ ဖစ်ရှာ တစ်ယောက်မှ ငါ မတွေ့ပါဘူး..."

သူမက ပြောလိုက်ရာ၊ လင်းတုန်းသည် သူ၏ မျက်လုံးများကို ပြန်လည် မှိတ်ကျသွားစေလိုက်သည်။

"လေးစားရပါသော အကြီးအကဲ တစ်ယောက်ပဲ ရှိတာပါ..."

လေးစားမှုရှိသော အမူအရာကို ပြန်လည် ဖမ်းယူရင်း ခရယ်က ပြောလိုက်သည်။

"ဒါဆိုရင် ငါ ပြန်တော့မယ်..."

လင်းတုန်းရှိရာဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ဘဲ၊ သူမသည် ပင့်ကူခြေတံများဖြင့် လွင့်မျောထွက်ခွာသွားလေသည်။

ယီရင်၏ အော်ဟစ်သံများ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်လေတော့သည်။

...

ဖစ်ရှာ အဘွားအို ထွက်ခွာသွားချိန်တွင် အီသန် သည် ပေါင်းခံထားသော အဆိပ်နှင့်တူသည့် အရည်တစ်ပုလင်းကို စုပ်သောက်ရင်း စောင့်ကြည့်နေခဲ့သည်။ ထိုအချိန်၌ ဇာတ်လမ်းမှာ အများအားဖြင့် ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း၊ ညဆိုင်း သတ္တုတွင်းလုပ်သားများ ရောက်ရှိလာသည်ကို ကြည့်ရှုရန် သူ ဆက်လက် နေထိုင်ခဲ့သည်။ သူတို့သည် အကြွေပြား များကို လွှဲပြောင်းပေးကြပြီး၊ သူတို့၏ လှောင်ချိုင့်များဆီသို့ ပြန်သွားကာ နေ့ဆိုင်းအဖွဲ့နှင့် အလှည့်ကျ ပြောင်းလဲကြလေသည်။

ထိုသူများအကြားတွင် လင်းတုန်းနှင့် ယီရင်တို့လည်း ရောနှောပါဝင်နေလေသည်။ ယီရင်သည် လည်ပတ်ကို တပ်ဆင်ထားရသော်လည်း လင်းတုန်းကမူ မတပ်ရချေ။ လည်ပတ်ကို အဘယ်ကြောင့် အလဟဿ ဖြုန်းတီးရမည်နည်း။ ကြေးအဆင့် တစ်ယောက်သာ သတ္တုတွင်းထဲ၌ တစ်ယောက်တည်း လျှောက်သွားနေပါက သူ၏ လက်ကောက်ဝတ်ကို သူကိုယ်တိုင် လှီးဖြတ်လိုက်သည်နှင့် အတူတူပင် ဖြစ်လေသည်။

သူတို့သည် ယီရင် မြွေအကိုက်ခံရပြီး မိနစ်အနည်းငယ် အကြာမှာပင် သဲမြွေပွေး အဆိပ်ဖြေဆေးကို တိုက်ကျွေးခဲ့ကြသည်။ သို့တိုင်အောင် သူမသည် လှုပ်ရှားနေသော အလောင်းကောင်တစ်ကောင်အလား တရွတ်တိုက် လျှောက်လှမ်းနေရဆဲ ဖြစ်သည်။ သဘာဝ သဲမြွေပွေးမြွေ တစ်ကောင်သာဆိုလျှင် ဤမျှလောက် နာကျင်မည် မဟုတ်ချေ။ ဝိညာဉ်အကြွင်းအကျန် မာဒြာ သည် ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပါ တိုက်ခိုက်ခြင်းဖြစ်ရာ၊ သူမ၏ လည်ပင်းတွင် အစီအရင် ထည့်သွင်းထားသော လည်ပတ်နှင့်အတူ နာလန်ထူရန် အလွန် ခက်ခဲပေလိမ့်မည်။ သူ သိထားသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ ကိုယ်တိုင်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ကြုံတွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။

မှန်ကန်စွာ ကိုင်တွယ်နိုင်ပါက ဤထူးကဲသော ရှေးဟောင်း အပျက်အစီး များအတွင်းသို့ ဝင်ရောက်ရခြင်းသည် သူမအတွက် တန်ဖိုးရှိသော သင်ခန်းစာတစ်ခု ဖြစ်လာနိုင်ပေသည်။ သေချာစွာ ပုံဖော်ပေးနိုင်ပါက စွန့်စားခန်းတစ်ခုအဖြစ်ပင် ပြောင်းလဲသွားနိုင်လေသည်။

အီသန်သည် အဆိပ်ရည်ကို နောက်တစ်ငုံ ထပ်သောက်လိုက်လေသည်။ သူ၏ အတွေ့အကြုံအရ သေချာစွာ ပုံဖော်ပေးနိုင်ပါက မည်သည့်အရာမဆို စွန့်စားခန်းတစ်ခု ဖြစ်လာနိုင်သည်သာ ဖြစ်သည်။

ယီရင်၏ ဝိညာဉ်သည် အပြစ်အနာအဆာကင်းစင်နေဆဲဖြစ်ပြီး သူမ၏ အခြေခံမှာလည်း ခိုင်မာလှသည်။ မျှော်လင့်ထားသည့်အတိုင်းပင် အဆုံးမဲ့ ဓား သူတော်စင် က သူမကို အလွန်ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ ခါးပတ်လည်ရှိ 'ကြိုး' ကို ဖြည်ရန် ကြိုးစားချိန်တွင် သဲမြွေပွေး အချို့ သိရှိသွားခဲ့သကဲ့သို့ သူမ၏ အတိတ်နှင့် ပတ်သက်သော ပြဿနာတစ်ရပ် ရှိနေသော်လည်း၊ ၎င်းကိုပင် သူမ၏ အားသာချက်အဖြစ် ပြောင်းလဲပစ်နိုင်ပေသည်။ စွန့်စားခန်းများကဲ့သို့ပင်၊ အားသာချက် ဆိုသည်မှာလည်း များသောအားဖြင့် ရှုထောင့်အပေါ်တွင်သာ မူတည်နေတတ်လေသည်။

ယခုအခါ အီသန် စိတ်ဝင်စားနေသည်မှာ သူမ၏ စရိုက်လက္ခဏာပင် ဖြစ်သည်။ သူ သံသယရှိထားသကဲ့သို့ပင် သူမ၏ စွမ်းအားများနှင့် လိုက်ဖက်သော ခိုင်မာသည့် စိတ်ဆန္ဒ သူမထံတွင် ရှိနေပါက သူမသည် ပြီးပြည့်စုံသူ တစ်ဦး ဖြစ်လာပေလိမ့်မည်။

ထိုအတွေးများက သူ့ကို လင်းတုန်းထံသို့ ရောက်ရှိသွားစေသည်။ လင်းတုန်းသည် ပို၍ ပဟေဠိဆန်သကဲ့သို့ တစ်ချိန်တည်းမှာပင် ပို၍ စိတ်ဝင်စားဖွယ်လည်း ကောင်းနေလေသည်။

တစ်စုံတစ်ယောက်က လင်းတုန်းကို ဝင်ရောက်စွက်ဖက်ထားလေသည်။ မည်သို့ စွက်ဖက်ထားသည်ကိုမူ သူ အတိအကျ လက်ညှိုးမထိုးနိုင်ချေ။ နောက်မှ သူ သိကောင်း သိနိုင်သည်။ မည်သို့ပင်ဖြစ်စေ... ထိုကောင်လေးသည် ပုံဖော်ခံရရန် စောင့်ဆိုင်းနေသော ထူးခြားမှုမရှိသည့် ရွှံ့စေးလုံးလေး တစ်လုံးသာ ဖြစ်နေဆဲပင်။

သူသည် အီသန်၏ ရည်ရွယ်ချက်များအတွက် အသုံးဝင်လာမည်လား။ ဖြစ်နိုင်ခြေ မရှိချေ။ သို့သော် ပုံဖော်ရသည့် လုပ်ငန်းစဉ်သည် ပျော်စရာကောင်းလှသည်။ အခြားအကျိုးကျေးဇူး မရှိလျှင်တောင်မှ နှစ်အနည်းငယ်ကြာမျှ အီသန်၏ အာရုံကို ဖမ်းစားထားနိုင်မည့် အရာတစ်ခုတော့ ဖြစ်လာပေလိမ့်မည်။

ပျော်စရာရှိလာပြီဆိုမှတော့ အဘယ်ကြောင့် ချက်ချင်း မစတင်ရမည်နည်း။

အီသန်သည် အမှန်တကယ် အဆိပ်ဟု သံသယရှိသော ပုလင်းထဲမှ နောက်ဆုံးလက်ကျန်ကို မော့သောက်လိုက်ပြီး၊ အခွံကို ဘေးသို့ လွှင့်ပစ်လိုက်လေသည်။ တိမ်တိုက်ကိုးခု တရားရုံး မှ တင်သွင်းထားသော ကောင်းကင်ပြာရောင်ရှိ သူ၏ အဖိုးတန် အဝတ်အစားများသည် နောက်လာမည့် အပိုင်းတွင် ထိခိုက်ပျက်စီးရပေလိမ့်မည်။ သို့သော် ၎င်းတို့မှာ ငြီးငွေ့မှုကို ဖယ်ရှားရန်အတွက် ပေးဆပ်ရမည့် အရာများသာ ဖြစ်လေသည်။

သတ္တုတွင်းလုပ်သား အုပ်စုသည် အပျက်အစီးများ၏ ဟနေသော ဝင်ပေါက်ကြီးထဲသို့ ဝင်ရောက်တော့မည့် အချိန်မှာပင်၊ အီသန်သည် ကျင်းလုံ၏ ဘေးသို့ ခုန်ပေါက်ကာ ရပ်လိုက်လေသည်။

"သူတို့ ငါတို့အားလုံးကို သတ်ပစ်ကြလိမ့်မယ်..."

အီသန်သည် ကျင်းလုံ၏ နားထဲသို့ ပါးစပ်ထဲ တွေ့ကရာ အော်ဟစ်လိုက်လေသည်။ လှံကိုင်သမား၏ တုံ့ပြန်မှုမှာ ကျေနပ်စရာ ကောင်းလှသည်။ သူသည် လှည့်ပတ်ကာ တောက်ပနေသော လှံ၏ ခြမ်းစောင်းရိုက်ချက်ဖြင့် ရိုက်ချလိုက်သည်။ အကယ်၍ အခြားသူ တစ်ယောက်သာဆိုလျှင် အီသန်၏ ခေါင်း ပြတ်ထွက်သွားမည်သာ ဖြစ်သည်။ အီသန်ကမူ ၎င်း၏အောက်သို့ ငုံ့ရှောင်လိုက်ပြီး ပြန်လည် မတ်တပ်ရပ်လိုက်လေသည်။

အီသန်သည် ထိုနေရာ၌ ရပ်နေရုံမျှသာ ဖြစ်သော်လည်း ကျင်းလုံသည် သူ၏လှံကို ထပ်မံ ချိန်ရွယ်လိုက်လေသည်။

ပတ်ဝန်းကျင်မှ သဲမြွေပွေးများသည်လည်း လက်နက်များကို ကိုင်ဆောင်ကာ အုံနှင့်ကျင်းနှင့် ထွက်ပေါ်လာကြလေတော့သည်။

***

အပိုင်း(၁၃၀)

အနီရောင် မျက်နှာဖုံးနှင့် လူ(ကျင်းလုံ) သည် စကားမပြောမီ အီသန်အား ခေတ္တမျှ အကဲခတ်ကြည့်လိုက်သည်။

"မင်း ဒီမှာ ဘာလုပ်နေတာလဲ..."

အီသန်က လက်နှစ်ဖက်ကို မြှောက်လိုက်သည်။

"လူကြီးမင်းတို့ရဲ့ အချုပ်အနှောင်အောက်မှာ ကျွန်တော် လာအဖမ်းခံတာပါ..."

ကျင်းလုံ၏ လှံသည် ယိမ်းယိုင်သွားလေသည်။

"ဘာဖြစ်လို့လဲ..."

"ကျွန်တော့်ရဲ့ အပြစ်တွေနဲ့ မပြည့်စုံမှုတွေ အများကြီးအတွက် ထိုက်တန်တဲ့ အပြစ်ပေးမှုတစ်ခု အနေနဲ့ပါ... ကျွန်တော်က အပြစ်ရှိစိတ်နဲ့ ပူလောင်နေတဲ့ ကျိန်စာသင့်နေသူ တစ်ယောက်ပါ..."

သူက ပြုံးလိုက်လေသည်။

ကျင်းလုံက သူ၏လှံကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သဲမြွေပွေး တစ်ယောက်အား ရှေ့သို့ ထွက်လာရန် လက်ဟန်ပြလိုက်လေသည်။ သားမွေးများ ဝတ်ဆင်ထားသော အရပ်ပုပု လူတစ်ယောက်သည် လည်ပတ်တစ်ခုကို ကိုင်ဆောင်ကာ ပြေးထွက်လာလေသည်။

"မင်းကို ကန့်သတ်လည်ပတ် တပ်ပေးလိုက်မယ်..."

ကျင်းလုံက သံကွင်းကို လှမ်းပေးရင်း ပြောလိုက်သည်။

"မင်းရဲ့ မာဒြာ ကို တားဆီးဖို့ အစီအရင် လုပ်ထားတာ..."

"ပညာရှိပြီး သတိကြီးတဲ့ ဆုံးဖြတ်ချက်ပါပဲ..."

အီသန်သည် သူ၏ လည်ပင်းကို ပေးရန်အတွက် ရှေ့သို့ ကိုင်းညွတ်ရင်း ပြောလိုက်လေသည်။

ထောင်ချောက် တစ်ခု ဖြစ်နေမည်ကို ကြောက်ရွံ့နေသည့်အလား ကျင်းလုံသည် လက်တစ်ဖက်တွင် လည်ပတ်ကို ကိုင်ကာ အခြားတစ်ဖက်တွင် လှံကိုကိုင်လျက် သတိကြီးစွာဖြင့် ခြေတစ်လှမ်းချင်းစီ ရှေ့သို့ တိုးလာလေသည်။ အီသန်သည် သက်ပြင်းချလိုက်သော်လည်း တတ်နိုင်သမျှ စိတ်ရှည်သည်းခံကာ စောင့်ဆိုင်းနေလိုက်လေသည်။

နောက်ဆုံးတွင် အေးစက်သော သံကွင်းသည် သူ၏ လည်ပင်း၌ ဂျပ်ခနဲ မြည်ကာ ပိတ်သွားလေသည်။

"ကျွမ်းကျင်စွာ လုပ်နိုင်ပါပေတယ်..."

အီသန်သည် ကိုယ်ကို မတ်လိုက်ပြီး လက်ခုပ်တီးရင်း ပြောလိုက်လေသည်။

"ကဲ... အရင်အဖွဲ့က အပျက်အစီးတွေ ထဲကို ရောက်နေပြီ... ကျွန်တော် သွားပြီး အမီလိုက်လိုက်ဦးမယ်... တန်ဖိုးရှိတဲ့ သတ္တုတူးမယ့် အချိန်တွေကို ငါတို့ ဖြုန်းတီးနေတာပဲ..."

ကျင်းလုံသည် မာဒြာ များဖြင့် တောက်ပနေသော လှံထိပ်ဖျားဖြင့် သူ၏အပေါ်တွင် မိုးကာ ရပ်နေလေသည်။ ထိုလူငယ်သည် ဆုံးဖြတ်ချက်တစ်ခု ချရန် လိုအပ်နေသည်။ အီသန်ကမူ သူ ဆုံးဖြတ်ချက် ချပြီးသည်အထိ နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြနေခဲ့လေသည်။

ကျင်းလုံသည် ဘေးသို့ ခြေတစ်လှမ်း ဖယ်ပေးလိုက်ရာ သူ၏ လှံမှ အလင်းရောင်များလည်း မှေးမှိန်သွားလေသည်။

ပညာရှိသော ဆုံးဖြတ်ချက်ပင်…။

...

လေးထောင့်ပုံစံ စင်္ကြံလမ်းကြီးသည် သတ္တုတူးဖော်သူ အယောက်နှစ်ဆယ်နှင့် သူတို့ကို စောင့်ကြပ်လာသော သဲမြွေပွေး ကလန်သား ငါးယောက်အတွက် ကျယ်လွန်းနေသည်။ အစောင့်သုံးယောက်က ရှေ့မှ သွားနေပြီး နှစ်ယောက်က နောက်မှ လိုက်လာကြသည်။ သို့သော် အကျဉ်းသား အများစုမှာ စောင့်ကြပ်ရန်ပင် လိုမည် မထင်ရပေ။ သူတို့သည် မျက်လုံးအဟောင်းသားဖြင့် ယိုင်တိုင်တိုင် လျှောက်လာကြသည်။ အားလုံးတွင် ဒဏ်ရာများ ပြည့်နှက်နေသည်။

ဝေ့ရှီလင်းတုန်း အပါအဝင် အကျဉ်းသားတိုင်းသည် ဖစ်ရှာ ကလန်မှ ဂီရှာ ခေါ်ဆိုခဲ့သော သတ္တုတူးဖော်ရေး စက်ပစ္စည်း ဆိုသည့် အစီအရင် များ ရေးဆွဲထားသော သံစည်ပိုင်းများကို သယ်လာကြသည်။ သံမဏိ ခန္ဓာကိုယ် ပိုင်ရှင်များ ဖြစ်ကြသော အခြားသူများအတွက်တော့ ထိုသံစည်ပိုင်းများက ပေါ့ပါးလှသည်။ သို့သော် လင်းတုန်းအတွက်မူ နာရီဝက်ခန့် သယ်ပြီးသည်နှင့် လက်မောင်းများ ပူလောင်လာခဲ့သည်။ သူ ချွေးများထွက်လာပြီး တခြားသူများနှင့် အမီလိုက်နိုင်ရန် အတင်းရုန်းကန်နေရချိန်တွင် ပထမဆုံး စင်္ကြံလမ်းမှပင် မလွန်သေးပေ။

စည်ပိုင်းကို သယ်ရင်း မလဲကျစေရန် အာရုံစိုက်နေရခြင်းကြောင့်သာ မဟုတ်လျှင် ဤစင်္ကြံလမ်းကြီးကို သေသေချာချာ လေ့လာမိမည် ဖြစ်သည်။ နံရံများ တစ်လျှောက်တွင် အစီအရင် များ ရေးဆွဲထားသည်။ မှော်သင်္ကေတ များမှာ သူ၏ လက်ချောင်းများထက် ပိုမို နက်ရှိုင်းပြီး လက်ဝါးထက် ပို၍ ကျယ်ဝန်းလှသည်။ သူတို့ ခရီးနှင်လာရသော အချိန်ကို ကြည့်ခြင်းအားဖြင့် ထိုအစီအရင်များသည် မိုင်နှင့်ချီ၍ ရှည်လျားမည်ဟု ခန့်မှန်းရသည်။

ထိုမျှ ကြီးမားသော အစီအရင်စက်ဝိုင်းကြီး၏ အတိုင်းအတာကို သူ နားတောင် မလည်နိုင်ခဲ့ပေ။ ၎င်းသည် ဤဒေသတစ်ဝိုက်မှ သက်စောင့် အော်ရာ များကို စုပ်ယူနေသော စက်ယန္တရား တစ်ခုခု၏ သေးငယ်သည့် အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်ရပေမည်။ သူ စိတ်ကူးဖူးသမျှ အရာအားလုံးထက်ပင် ပို၍ ကြီးကျယ် ခမ်းနားလွန်းနေသည်။

နောက်ဆုံးတွင် သူတို့နှင့် ပုံစံတူ စင်္ကြံလမ်းငါးခု ဆုံရာ ဆလင်ဒါပုံစံ အခန်းတစ်ခုသို့ ရောက်သောအခါ ရပ်တန့်လိုက်ကြသည်။ အခန်းမှာ သူ ထင်ထားသည်ထက် ပို၍ သေးငယ်နေသည်။ လူများ ပြည့်ကျပ်မနေသော်လည်း၊ သဲမြွေပွေးများက အဘယ်ကြောင့် သတ္တုတူးဖော်သူများကို ဤထက်ပို၍ မခေါ်လာရသနည်း ဆိုသည်ကို သူ နားလည်လိုက်သည်။

အစောင့်တစ်ယောက်က မီးတိုင်ကို မြှောက်လိုက်ချိန်တွင် သူ၏ ခေါင်းထဲ၌ ပထမဆုံး ပေါ်လာသော မေးခွန်းမှာ ဤအခန်းကို အဘယ်ကြောင့် အခြား ကျောက်အမျိုးအစားဖြင့် တည်ဆောက်ထားသနည်း ဆိုသည်ပင် ဖြစ်သည်။ စင်္ကြံလမ်းရှိ ကျောက်တုံးများနှင့် ခြားနားစွာပင် ဤကျောက်တုံးများတွင် ပိုမို ရင့်သော အရောင်များ စွန်းထင်းနေသည်။ ကျောက်တုံးများပေါ်တွင် တစ်ခုခု ပေကျံနေသကဲ့သို့ပင်...

သူ၏ ခြေလှမ်း တစ်လှမ်း တန့်သွားသည်။

ကြမ်းပြင်ပေါ်တွင် အရိုးစလေးများက ကျောက်စရစ်ခဲများထက်ပင် ပို၍ များပြားနေသည်။ အားလုံးမှာ သန့်စင်နေ၏။ သူ၏ လက်မထက် ပိုကြီးသော အရိုးစဟူ၍ တစ်ခုမျှ မရှိပေ။ လေထုထဲတွင် သွေးနံ့နှင့် ပုပ်ဟောင်ဟောင် အနံ့များ စွဲကျန်နေသည်။ ထို့ပြင် ၎င်းတို့သည် နံရံ ကျောက်တုံးများပေါ်တွင်လည်း သူ၏ အရပ်ထက် နှစ်ဆခန့် မြင့်သည့်နေရာအထိ စွန်းထင်းနေသည်။

ဤနေရာတွင် မည်သည့်အရာပင် ဖြစ်ခဲ့ပါစေ၊ အလောင်းများတော့ ကျန်မနေခဲ့ပေ။ သေဆုံးသွားသော သူများ အားလုံးမှာ ပေါက်ကွဲလွင့်စဉ် သွားခဲ့ပုံရသည်။

သတ္တုတူးဖော်သူ အဟောင်းများသည် စုရုံးစပြုလာကြပြီး သူတို့၏ စည်ပိုင်းများကို အလယ်တွင်ချကာ လက်ကိုင်များကို ကိုင်ထားလိုက်ကြသည်။ လင်းတုန်းနှင့် ယီရင် အပါအဝင် လူအနည်းငယ်ကမူ အမိန့်ပေးမည့်အချိန်ကို စောင့်နေသကဲ့သို့ ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်နေကြသည်။

လင်းတုန်း အရင်က မြင်ဖူးခဲ့သော အစောင့်၊ ဓားကို ကိုင်ထားပြီး ပျင်းရိပုံရသည့် သဲမြွေပွေး အမျိုးသမီးက သူတို့၏ အာရုံစိုက်မှုကို ရရှိရန် သူမ၏ လက်နက်ကို ကျောက်တုံးနှင့် ခေါက်လိုက်သည်။

"မင်းတို့ရဲ့ စုပ်ယူရေးစက်တွေအတွက် အသက်သွင်းရမယ့် အစီအရင် က လက်ကိုင်တွေပေါ်မှာ ရှိတယ်..."

သူမက ပြောလိုက်သည်။ သူမ၏ လေသံမှာ ဤညွှန်ကြားချက်များကို အကြိမ်ကြိမ် ပြောဖူးလွန်းသဖြင့် အလိုအလျောက် ထွက်ပေါ်လာသကဲ့သို့ပင် ဖြစ်သည်။

"မင်းတို့ သတ္တုတူးတာကို ရပ်လိုက်ရင် မင်းတို့ကို ဒီမှာပဲ ထားခဲ့မယ်... မင်းတို့ ထွက်ပြေးရင်လည်း ဒီမှာပဲ ထားခဲ့မယ်... အစောင့်တစ်ယောက်ယောက်ကို အနှောင့်အယှက်ပေးရင်ဖြစ်ဖြစ်၊ အမိန့်မနာခံရင်ဖြစ်ဖြစ် မင်းတို့ကို ဒီမှာပဲ ထားခဲ့မယ်... နေ့လယ်ကျရင် ထမင်းကျွေးမယ်... တိုက်ပွဲစရင် မထိတ်လန့်နဲ့၊ မပြေးနဲ့... မင်းတို့ကို ငါတို့ ကာကွယ်ပေးမယ်လို့ပဲ ယုံကြည်ထား... မင်းတို့ ထိတ်လန့်သွားရင်တော့ မင်းတို့ကို ဒီမှာပဲ ထားခဲ့မယ်..."

ထိုသို့ပြောပြီးနောက် သူမသည် လှည့်ကာ ဥမင်အပေါက် နှစ်ခုကို ကာကွယ်ပေးနိုင်သည့် နေရာတွင် နေရာယူလိုက်သည်။ အခြားအစောင့် သုံးယောက်ကလည်း ထိုနည်းတူ လုပ်ဆောင်ကြသော်လည်း၊ တစ်ယောက်ကမူ သတ္တုတူးဖော်သူများကြားတွင် ကင်းလှည့်နေဆဲ ဖြစ်သည်။

လင်းတုန်းသည် အဆိပ်ကြောင့် ဖြူဖျော့ကာ တုန်ယင်နေဆဲဖြစ်သော ယီရင် ၏ ဘေးတွင် နေရာယူလိုက်သည်။

"ဒီအတွက် သူတို့ကို ပြန်ပေးဆပ်ခိုင်းရမယ်..."

လင်းတုန်းက ပြောလိုက်သည်။

"အဆတစ်ရာမက ပြန်ပေးဆပ်ခိုင်းမယ်..."

၎င်းသည် သူ့ စိတ်ကို နှစ်သိမ့်ပေးနိုင်မည့် စကားမျိုး မဟုတ်သော်လည်း၊ ယီရင် အနေဖြင့်မူ စာနာမှုထက် ကလဲ့စားချေခြင်းကို ပို၍ သဘောကျလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

သူမက စုပ်ယူရေးစက်၏ လက်ကိုင်များကို ကိုင်ထားရင်းပင် နှုတ်ခမ်းတစ်ဖက်စွန်းမှနေ၍ ပြုံးလိုက်သည်။

"ဆရာက အမြဲပြောတယ်၊ တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ အဖမ်းခံရသင့်တယ်တဲ့... ထွက်ပြေးလွတ်မြောက်နိုင်တဲ့အခါ မင်းရဲ့သတ္တိကို ပြနိုင်တာပေါ့..."

လင်းတုန်း ပြန်မပြောနိုင်မီမှာပင် အစောင့်ဖြစ်သူက အလုပ်လုပ်ရန် အော်ဟစ်လိုက်သည်။ လင်းတုန်း တက်ကြွလာခဲ့သည်။ ယီရင် သာ လက်မလျော့သေးလျှင် မျှော်လင့်ချက် ရှိနေသေးသည်။

အနည်းဆုံးတော့ ဤစုပ်ယူရေးစက်ကို အသုံးပြုခြင်းက သူ၏ မာဒြာ အတွက် လေ့ကျင့်ခန်းကောင်း တစ်ခု ဖြစ်လာပေလိမ့်မည်။ အကယ်၍ အကြွေစ အနည်းငယ်ခန့် ရရှိနိုင်မည် ဆိုပါက ဤအောက်တွင် ရှိနေစဉ်မှာပင် သူ အဆင့်တက်သွားနိုင်ပေသည်။

ယခုအခါ ရည်မှန်းချက် တစ်ခုကို သတ်မှတ်လိုက်ပြီ ဖြစ်သဖြင့် လင်းတုန်းသည် လက်ကိုင်များကို ဆုပ်ကိုင်ကာ သူ၏ စိတ်ဝိညာဉ် ကို အစီအရင် ထဲသို့ နစ်ဝင်သွားစေလိုက်သည်။

စုပ်ယူရေးစက်သည် ချက်ချင်းနီးပါး အသက်ဝင်လာပြီး လင်းတုန်း၏ အာရုံခံစားမှုများကို သူ၏ ပတ်ဝန်းကျင် လေထုထဲရှိ အော်ရာ များဆီသို့ ဆွဲယူသွားသည်။ လင်းတုန်း အော်ဟစ်ချင်စိတ်ကို မြိုသိပ်လိုက်ရသည်။

၎င်းသည် တိတ်ဆိတ်နေသော မုန်တိုင်းတစ်ခု ဖြစ်သည်။ အရာအားလုံးကို ဆုတ်ဖြဲပစ်တော့မည့်အလား အရပ်မျက်နှာ အနှံ့သို့ တောက်ပစွာ ပေါက်ကွဲနေသည့် ကသောင်းကနင်း လေပြင်းမုန်တိုင်း တစ်ခု ဖြစ်သည်။

ထိုလေဆင်နှာမောင်းထဲမှ အစိတ်အပိုင်းများကို သူ ခွဲခြား၍ မသိနိုင်ပေ။ ဘာမဆို ဖြစ်နိုင်သလို၊ အရာအားလုံးလည်း ဖြစ်နိုင်ပေသည်။ ၎င်းသည် သူ့ကိုယ်တွင်းသို့ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားသော်လည်း၊ ပြင်းထန်သော အင်အားဖြင့် သူ၏ အရိုးများမှ အသားများကို ခွာချပစ်တော့မလို ခံစားလိုက်ရသည်။

စုပ်ယူရေးစက် စတင် အလုပ်လုပ်သောအခါ ထိုအော်ရာများ၏ အသေးငယ်ဆုံး လေပြေလေးကို လေထုထဲမှ ဆွဲယူလိုက်ပြီး သံစည်ပိုင်း၏ အလယ်ဗဟိုသို့ ဖော့ဆို့နှုတ်တံ ပုံစံဖြင့် လှည့်ပတ် ဝင်ရောက်စေသည်။ ထိုစွမ်းအင်သည် အောက်ခြေရှိ သလင်းကျောက် ဖန်ခွက်များကြားတွင် လှည့်ပတ်နေသည်။ အော်ရာ များကို သန့်စင်ပြီး မာဒြာ အဖြစ်သို့ ပြောင်းလဲပေးနေသည်မှာ သေချာလှသည်။ လင်းတုန်း၏ စိတ်ဝိညာဉ် သည် ဤလုပ်ငန်းစဉ် ဆက်လက် လည်ပတ်နိုင်ရန်အတွက် အစီအရင် ကို အသက်သွင်းပေးရန်သာ လိုအပ်သည်။ သလင်းကျောက်များသည် တဖြည်းဖြည်း ပြည့်လာသည်။ ၎င်းတို့ ပြည့်သွားသောအခါ နောက်ဆုံး အစီအရင် အသက်ဝင်လာပြီး အကြွေစ တစ်ခု ထွက်လာလိမ့်မည်ဟု သူ ခန့်မှန်းမိသည်။

အမြုတေ တစ်ခုထဲမှ မာဒြာများ ခမ်းခြောက်သွားသောအခါ စုပ်ယူရေးစက်ကို လွှတ်လိုက်ရသဖြင့် သူ သေချာတော့ မသိနိုင်ခဲ့ပေ။ သူသည် စည်ပိုင်းပေါ်သို့ မှီချလိုက်ပြီး ပြင်းထန်စွာ မောဟိုက်နေတော့သည်။

***

All Chapters