အခန်း (၁၃၁-၁၂၁)
Vol. 10 Ch. 131-132
အပိုင်း(၁၃၁)
သဲမြွေပွေး အစောင့်သည် ဝက်ဝံနှင့်တူသော မိစ္ဆာသားရဲ သားရေကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် ပုဆိန်ကို ကိုင်ထားသည်။ လင်းတုန်း အနားယူသည်မှာ သုံးစက္ကန့်မျှပင် မကြာသေး... ထိုလူက အနားသို့ ကြမ်းတမ်းသော အမူအရာဖြင့် ချဉ်းကပ်လာခဲံသည်။
"အလုပ် ပြန်လုပ်စမ်း..."
သူက အော်ငေါက်လိုက်ပြီး ပုဆိန်ရိုးဖြင့် လင်းတုန်းကို ထိုးလိုက်သည်။
လင်းတုန်းက ထိုလူ၏ မျက်လုံးများကို ရင်ဆိုင်ကြည့်လိုက်ပြီး ရိုးသားသော ပုံစံဖမ်းလိုက်သည်။
"တောင်းပန်ပါတယ် အကြီးအကဲ၊ ကျွန်တော်က..."
ထိုလူက သူ့ကို ထပ်မံ ရိုက်ချလိုက်သည်။ နာကျင်မှုကြောင့် အခန်းတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ငါ့ကို အဲဒီလို လာမကြည့်နဲ့... မင်းက ဒီကနေ ထွက်သွားနိုင်မယ် ထင်နေတာလား... မိစ္ဆာသားရဲတွေ လာနေပြီ၊ သူတို့က မင်းကို... နေပါဦး၊ မင်းရဲ့ လည်ပတ် ဘယ်မှာလဲ..."
သူက ပုဆိန်ကို ပိုမို အားပြင်းစွာဖြင့် လွှဲခုတ်လိုက်သည်။ လင်းတုန်းသာ အလိုက်သင့် လဲမကျသွားပါက သူ၏ ပခုံးရိုး ကျိုးသွားမည်မှာ သေချာလှသည်။
"လည်ပတ်ကို ဘာလုပ်ပစ်လိုက်တာလဲ..."
ထိုလူက အော်ဟစ်လိုက်ပြီး ပုဆိန်ကို ထပ်မံ မြှောက်လိုက်သည်။ လင်းတုန်းက ကာကွယ်ရန် လက်တစ်ဖက်ကို မြှောက်ရင်း ကပြာကယာ ငြင်းဆန်လိုက်သည်။ ထိုစဉ် ယီရင် လှုပ်ရှားလာပြီး သူ၏ ရှေ့တွင် ဝင်ရပ်လိုက်သည်။
ရေကန် မျက်နှာပြင်ပေါ်သို့ ကျောက်ခဲလေး တစ်လုံး ပစ်လိုက်သကဲ့သို့ ကြမ်းပြင်ပေါ်တွင် တစ်စုံတစ်ခု လျှောတိုက်သွားပြီး၊ အစောင့်ဖြစ်သူ ခလုတ်တိုက်မိသွားသည်။
သူ၏ ခြေထောက်က နောက်သို့ လန်ထွက်သွားသည်။ ထိုခဏတွင် လင်းတုန်းက သူ့ကို ကြမ်းပြင်ပေါ်သို့ မှောက်ရက် လဲကျသွားလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူသည် ရွှေအဆင့် ကျင့်ကြံသူ ဖြစ်နေဆဲပင်။ သူက လက်ဝါးတစ်ဖက်ဖြင့် ကြမ်းပြင်ကို ထောက်ကာ မတ်တပ်ရပ်လျက်သား ပြန်ဖြစ်သွားသည်။ ထို့နောက် သူက လှည့်လိုက်ပြီး ခါးပတ်မှ ဒုတိယမြောက် ပုဆိန်ကို ဆွဲထုတ်လိုက်သည်။
"မင်းတို့ထဲက ဘယ်သူလဲ..."
သူက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
ထောင့်တွင်ရှိသော အမျိုးသား တစ်ယောက်က ခေါင်းမော့လာပြီး လင်းတုန်း၏ မျက်လုံးကို ကြည့်ကာ မျက်စိ တစ်ဖက် မှိတ်ပြလိုက်သည်။
လင်းတုန်း ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ ထိုသူမှာ ဆံပင်အဝါရောင်နှင့် လူပင် ဖြစ်သည်။ သူလည်း အဖမ်းခံရသည်လား။ ဘယ်လိုလုပ်ပြီးလဲ။ ဘယ်တုန်းကလဲ။
အစောင့်များ၏ ခေါင်းဆောင်က လက်ကို မြှောက်လိုက်သည်။
"အေးအေးဆေးဆေး နေစမ်းပါ တာ့ရှ်..."
သူမက ပြောသည်။
"မင်း ခလုတ်တိုက်သွားတာပါ..."
တာ့ရှ်က ကန့်ကွက်ရန် အော်ပြောလိုက်သော်လည်း၊ ပထမဆုံး စကားလုံးပင် ပါးစပ်မှ မထွက်ရသေးမီ သူမက ထပ်ပြောလိုက်သည်။
"ပြီးတော့ သူက ကြေးအဆင့် ပဲ ရှိသေးတာ... လည်ပတ် ရှိရှိ မရှိရှိ သူ့မှာ ဒီထက်ပိုပြီး အားနည်းစရာ မရှိတော့ဘူး..."
အစောင့်ဖြစ်သူက လင်းတုန်းကို မယုံကြည်နိုင်စွာဖြင့် ပြန်ကြည့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်က လင်းတုန်း၏ စိတ်ဝိညာဉ် ကို ညင်သာစွာ လာရောက် ထိတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသာ အာရုံစိုက် မနေခဲ့ပါက သတိထားမိမည်ပင် မဟုတ်ပေ။
သူ၏ ဝိညာဉ်ကို အခြား သူတစ်ယောက်က စမ်းသပ်လျှင် ဤသို့ ခံစားရခြင်း ဖြစ်မည်။ သူ ဒါကို မှတ်ထားရပေမည်။
တာ့ရှ် က သူ့ကို ပုဆိန်ရိုးဖြင့် နောက်တစ်ကြိမ် တွန်းလိုက်ပြီးနောက် လွှတ်ထားလိုက်တော့သည်။ နေ့တစ်နေ့၏ ကျန်ရှိနေသော အချိန်များတွင် လင်းတုန်းကို နားချင်သည့် အချိန်တိုင်း နားခွင့်ပေးပြီး ကျင့်ကြံခွင့် ပြုထားသည်။ ပထမဆုံးအကြိမ် စုပ်ယူရေးစက်ကို ရပ်လိုက်စဉ်က တာ့ရှ်က သူ၏ ခေါင်းကို ခွဲပစ်လိမ့်မည်ဟုပင် လင်းတုန်း ထင်မှတ်ခဲ့သည်။ သို့သော် အစောင့်များက သူ့ကို မရှိသည့် လူတစ်ယောက်ကဲ့သို့ သဘောထားကြသည်။ ယီရင်က ခေါင်းမော့ကြည့်လိုက်လျှင်ပင် သူတို့က အော်ငေါက်ကြသည်။ သူကတော့ ချွင်းချက် ဖြစ်နေသည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည် အခွင့်အရေး တစ်ခု ဖြစ်ရပေမည်။
သူသည် ဆံပင်အဝါရောင်နှင့် လူကို ပြန်လှည့်ကြည့်လိုက်ရာ၊ ထိုလူမှာ နံရံနားတွင် မရှိတော့ပေ။ လင်းတုန်း မည်သည့် အသံမျှ မကြားလိုက်ရသော်လည်း ထိုသူက ယခု လင်းတုန်း၏ ဘေးနားသို့ ရောက်နေပြီ ဖြစ်သည်။
"ဒီစက်က တော်တော်လေး ဉာဏ်ကောင်းတာပဲနော်၊ မဟုတ်ဘူးလား..."
သူက စုပ်ယူရေးစက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"မဟူရာ မီးတောက် အင်ပါယာ မှာဆိုရင် ဒီလိုမျိုး ဘာတစ်ခုမှ မရှိဘူး..."
တာ့ရှ်က နီမြန်းလာသော မျက်နှာဖြင့် လှည့်ကြည့်လာသည်။
"တိတ်စမ်း..."
"ကျွန်တော့်နာမည် အီသန်ပါ..."
သူက အရိုအသေပေးရင်း ပြောလိုက်သည်။ သူက အသံတိတ်သွားစေဖို့ အားထုတ်ဟန် မပြပေ။ ထို့ကြောင့် အခြားသူအတော်များများပင် မယုံနိုင်သော အမူအရာများဖြင့် လှည့်ကြည့်လာကြသည်။
"မင်းက ဝေ့ရှီလင်းတုန်း မလား၊ ကြေးအဆင့်လေ၊ မင်းက နာမည်ကြီးပဲ... တကယ်တော့ နာမည်ဆိုးနဲ့ ကျော်ကြားတာလို့ ပြောရင် ပိုမှန်လိမ့်မယ်..."
တာ့ရှ်၏ လက်နှစ်ဖက်စလုံးတွင် ပုဆိန်တစ်လက်စီ ပါရှိပြီး အသင့်သုံးရန် ပြင်နေပုံရသည်။ လင်းတုန်းက သူနှင့် အီသန်ကြား အကွာအဝေး အနည်းငယ် ရသွားစေရန် စုပ်ယူရေးစက်ကို ကြမ်းပြင်ပေါ် ဆွဲတိုက်ကာ ရွှေ့လိုက်သည်။
ဆံပင်အဝါနှင့်လူက သူ့နောက်သို့ လိုက်လာသည်။
"ဒီမှာ မင်းအတွက် အခွင့်အရေးတစ်ခု ရှိတယ်ဆိုတာ သိလား၊ ကျင့်ကြံသူ တစ်ယောက်ရဲ့ အရည်အချင်းဆိုတာ ပါရမီမဟုတ်ဘူး၊ အန္တရာယ်ကို ဘယ်လိုတုံ့ပြန်သလဲ ဆိုတာပဲ..."
သူ စကားမပြောကြောင်း ရှင်းရှင်းလင်းလင်း သိစေရန် လင်းတုန်းက တစ်ဖက်သို့ လှည့်လိုက်သည်။ တာ့ရှ်က လက်နှစ်ဖက်တွင် ပုဆိန်များ ကိုင်ဆောင်လျက် ရောက်လာပြီဖြစ်သည်။
"ဒီလိုမျိုးပေါ့..."
အီသန်က ပြောသည်။ ထို့နောက် ခြေဖျားထောက်ကာ လှည့်ပြီး အပေါ်စီးမှ ထိုးချလိုက်သည်။
သူ့လက်သီးက လင်းတုန်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။ လင်းတုန်းသည် စုပ်ယူရေးစက်ကို လွှတ်ချကာ ဘေးသို့ ရှောင်ထွက်လိုက်သည်။ သူက တာ့ရှ်၏ ခြေထောက်များကို ဝင်တိုက်မိသွားသည်။
ရွှေအဆင့် ကျင့်ကြံသူက မည်မျှပင် သန်မာစေကာမူ ခြေလှမ်းနေဆဲအချိန်တွင် အတိုက်ခံလိုက်ရခြင်း ဖြစ်သည်။ သူက ယိုင်လဲသွားပြီး အနီးနားရှိ စုပ်ယူရေးစက် အစွန်းကို လှမ်းကိုင်ကာ ထိန်းလိုက်ရသည်။
အစောင့်ဖြစ်သူက မီးဖိုလို ပူလောင်နေသော မျက်နှာဖြင့် လင်းတုန်းကို မော့ကြည့်လာသည်။
"အန္တရာယ်နဲ့ ကြုံလာရင် မင်း ဘာလုပ်မလဲ..."
အီသန်က စကားစမြည်ပြောသည့်ဟန်ဖြင့် မေးသည်။
"မင်း တိုက်ခိုက်မလား၊ ခွင့်လွှတ်ဖို့ တောင်းပန်မလား၊ ဒါမှမဟုတ် ငါ့စကားကို နားထောင်မလား၊ အခု ယီရင် အလှည့်ပဲ..."
ယီရင်၏ လက်က ထွက်ပေါ်လာပြီး တာ့ရှ်၏ ပုဆိန် လင်းတုန်း၏ ဦးခေါင်းခွံထဲ စိုက်ဝင်မသွားစေရန် တားဆီးလိုက်သည်။ သူမက လင်းတုန်းလိုပင် အံ့ဩတကြီးဖြစ်နေသော အမူအရာဖြင့် အီသန်ကို လှည့်ကြည့်လာသည်။
"ဘယ်ဘက်ကို တစ်လှမ်းဆုတ်လိုက်..."
အီသန်က ပြောရာ လင်းတုန်းက ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်သည်။ ဝေဝါးနေသော လှုပ်ရှားမှုတစ်ခုအတွင်း တာ့ရှ်က ပုဆိန်တစ်လက်ကို ပစ်ပေါက်လိုက်ပြီဖြစ်သည်။ ထိုပုဆိန်က လေထုကို ခွင်းကာ နံရံကို တိုက်မိပြီး အသံမြည်သွားသည်။
ယခုအခါ လင်းတုန်း အပါအဝင် အားလုံးက အီသန်ကို စိုက်ကြည့်နေကြသည်။
"သူ့ကို လွှတ်ပေးလိုက်..."
အီသန်က ပြောသည်။ ယီရင်က တာ့ရှ်ကို လွှတ်ပေးလိုက်ချိန်မှာပင် တာ့ရှ်က ကျန်နေသော ပုဆိန်ဖြင့် သူမ၏ လက်မောင်းကို ခုတ်ပိုင်းလိုက်သည်။
"လင်းတုန်း၊ နောက်ကို နှစ်လှမ်းဆုတ်ပြီး ထိုင်ချလိုက်..."
အီသန်က ပြောသည်။ သို့သော် ယခုအချိန်တွင် လင်းတုန်း ရိပ်မိနေပြီဖြစ်သည်။ ဤလူက အကြောင်းအရင်း တစ်ခုခုကြောင့် သူတို့ကို ရွေးချယ်ကာ ပြဿနာထဲ တွန်းပို့နေခြင်းဖြစ်သည်။ လင်းတုန်းက ထပ်ပြီး သည်းခံနေမည် မဟုတ်တော့ပေ။
သို့သော်လည်း သူက ရိုင်းစိုင်းနေရန်တော့ မလိုပေ။
သူက ရှေ့တစ်လှမ်းတိုးကာ အနည်းငယ် အရိုအသေပေးလိုက်သည်။
"ခွင့်လွှတ်ပါ အစ်ကိုကြီး၊ ဒါပေမဲ့ ကျွန်တော်က..."
ဂါး...
ကြီးမားပြီး ဟိန်းဟောက်နေသော အရာတစ်ခုက လင်းတုန်း၏ ခေါင်းပေါ်မှ ဖြတ်ကျော်သွားသည်။ ထိုအရာက သူ၏ ဆံပင်များကို ဖြတ်သန်းတိုက်ခတ်သွားပြီး တာ့ရှ် အပေါ်သို့ လုံးထွေး ပြုတ်ကျသွားသည်။ တာ့ရှ် အော်ဟစ်လိုက်ပြီး သွေးများက နံရံပေါ်သို့ ပန်းထွက်သွားသည်။
"ကောင်းတယ်..."
အီသန်က လင်းတုန်း၏ ပခုံးကို ပုတ်ရင်း ပြောလိုက်လေသည်။
***
အပိုင်း(၁၃၂)
လင်းတုန်း လန့်လန့်ဖျပ်ဖျပ်နှင့်ပင် ပတ်ချာလည်ကို လှည့်ကြည့်လိုက်၏။ နံရံ၏ အလယ်တစ်ဝက်လောက်တွင် နောက်ထပ် အပေါက်များ ရှိနေသည်ကို သူ ပထမဆုံးအကြိမ် သတိထားမိလိုက်သည်။ ၎င်းတို့က သတ္တုတူးဖော်သူများ ဝင်ရောက်လာသော စင်္ကြံလမ်း၏ တစ်ဝက်ခန့်သာ ရှိသည်။ သို့သော် အဘယ်က ရောက်လာမှန်းမသိသော မိစ္ဆာသားရဲများ သတ္တုတူးဖော်သူများအပေါ် ခုန်ဆင်းလာရန်အတွက်မူ လုံလောက်အောင် ကြီးမားလှသည်။
"လက်နက်တွေ ကိုင်ထားကြ..."
ခေါင်းဆောင်အမျိုးသမီးက သူမ၏ ဓားကို မြှောက်ရင်း အော်ဟစ်လိုက်သည်။ သို့သော် သူမ၏ အမိန့်ကပင် နောက်ကျနေခဲ့ပြီ ဖြစ်သည်။ အစောင့်များက လက်နက်များကို ကိုင်ဆောင်ထားပြီးဖြစ်ကာ သတ္တုတူးဖော်သူများကမူ သူတို့၏ စုပ်ယူရေးစက်များအနီးတွင် ဝပ်နေကြသည်။
တာ့ရှ်ပေါ်ရှိ သတ္တဝါက အညိုအမည်းစွဲနေသော ခရမ်းရောင်နှင့် အသားစိမ်းရောင် ရောယှက်နေသည့် အရေခွံရှိသော မျောက်တစ်ကောင်နှင့် တူသည်။ တာ့ရှ်က ထိုမိစ္ဆာသားရဲကို ဖယ်ရှားနိုင်ချိန်တွင်မူ သူ၏ မျက်နှာတစ်ခုလုံး သွေးများ ရွှဲနစ်နေပြီဖြစ်သည်။ သူက ရှေ့သို့ ယိုင်တိုင်တိုင် တစ်လှမ်းတိုးလာရင်း လည်ချောင်းထဲမှ အသံထွက်လာသည်။ ထိုမြင်ကွင်းကို လင်းတုန်း မျက်နှာလွှဲလိုက်သည်။
ထိုကသောင်းကနင်း အခြေအနေကြားတွင် သတ္တုတူးဖော်သူ နှစ်ဦးသာ မတ်တပ်ရပ်နေသည်။ သူတို့က အီသန်နှင့် ယီရင်တို့ ဖြစ်သည်။ ယီရင်သည် စုပ်ယူရေးစက်ကို လက်တစ်ဖက်ဖြင့် မလိုက်သည်။ လည်ပတ်၏ အကျိုးသက်ရောက်မှုကြောင့် သူမအနေဖြင့် သိသိသာသာ အားစိုက်ထုတ်နေရသည်။ ထို့နောက် ၎င်းကို ပုပ်ဟောင်နေသော ခွေးတစ်ကောင်ပေါ်သို့ ထိုးချလိုက်တော့သည်။
အီသန်သည် အခန်းထဲတွင် အကြောင်းမဲ့ သက်သောင့်သက်သာ လမ်းလျှောက်နေသလိုမျိုး လှည့်လည်သွားလာနေသည်။ သို့သော် မည်သည့် မိစ္ဆာသားရဲကမျှ သူ့ကို မတိုက်ခိုက်ကြပေ။ သူ ဖြတ်သွားစဉ် လင်းတုန်း၏ ပခုံးကို လှမ်းဆွဲလိုက်ရာ လင်းတုန်း မတ်တပ်ရပ်လျက်သား ဖြစ်သွားသည်။ ထို့ကြောင့် မြေခွေးနှင့်တူသော သားရဲတစ်ကောင်၏ တိုက်ခိုက်မှုမှ အချိန်မီ ရှောင်လွှဲနိုင်ခဲ့သည်။ အီသန်က ဖခင်တစ်ယောက်လို အမူအရာမျိုးဖြင့် လင်းတုန်း၏ ပခုံးကို ဖက်လိုက်သည်။
"ကောင်းကင်ဘုံ ဈာန်ပျံကျားတွေလို့ ခေါ်တဲ့ အထွတ်အမြတ် သားရဲ မျိုးနွယ်တစ်ခု ရှိတယ်။ မင်း ကြားဖူးမှာပါ။ နာမည်က နည်းနည်းတော့ ကြီးကျယ်လွန်းတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ သူတို့က တော်တော်လေး နာမည်ကြီးတယ်..."
သတ္တုတူးဖော်သူ တစ်ယောက်မှာ ပုပ်ဟောင်နေသော ဝံပုလွေတစ်ကောင်၏ ပါးစပ်ထဲ လက်မောင်း အကိုက်ခံရလျက် ဥမင်လှိုဏ်ခေါင်းထဲသို့ ဆွဲခေါ်သွားခြင်း ခံရသည်။ အနီးနားရှိ အစောင့်တစ်ယောက်၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုကြောင့် ထိုမိစ္ဆာသားရဲမှာ လိမ့်ထွက်သွားသည်။
"ဒီကျားတွေက တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်တစ်ခါ သားပေါက်တယ်..."
အီသန်က သူ၏ ပတ်ဝန်းကျင်မှ သတ်ဖြတ်မှုများကို လျစ်လျူရှုကာ ဆက်ပြောသည်။
"တစ်သားကို ကျားပေါက်လေး နှစ်ကောင်၊ အတိအကျ နှစ်ကောင်ပဲ မွေးတယ်။ ဒါပေမဲ့ တစ်ကောင်တည်းကပဲ အရွယ်ရောက်တဲ့အထိ အသက်ရှင်ကျန်ရစ်တယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတာ မင်း ခန့်မှန်းနိုင်လား..."
ယီရင်၏ ပခုံးတွင် အစင်းရာတစ်ခု ရသွားသည်။ သူမက မျောက်သတ္တဝါ တစ်ကောင်ကို သေသည်အထိ လက်ဗလာဖြင့် ရိုက်နှက်နေသည်။ လင်းတုန်းက ကူညီရန် ရှေ့သို့ အတင်းတိုးထွက်သည်။ သို့သော် အီသန်၏ လက်အောက်မှ သူ မလွတ်မြောက်နိုင်ပေ။
"ဒီပုံပြင်ကို နောက်မှ နားထောင်ခွင့်ရရင် ဝမ်းသာမိမှာပါပဲ..."
လင်းတုန်းက အသံကို အတင်းတည်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။
"အဲဒါက ကျားပေါက်လေးတွေ အချင်းချင်း သေတဲ့အထိ တိုက်ခိုက်ကြလို့ပဲ..."
အီသန်က ပြောသည်။
"ကလေးဘဝတုန်းကတော့ ဒါကို ဝမ်းနည်းစရာလို့ ငါထင်ခဲ့တယ်။ ငါ့မိသားစုက ဒီကောင်းကင်ဘုံ ဈာန်ပျံကျား မျိုးပွားတစ်စုံကို မွေးထားတယ်။ သူတို့က မောင်နှမနှစ်ကောင် မွေးလာတဲ့အခါ၊ နှစ်ကောင်စလုံးကို ကယ်တင်ဖို့ ငါဆုံးဖြတ်ခဲ့တယ်။ ငါ သူတို့ကို သီးခြားခြံတွေထဲမှာ ထားတယ်၊ သီးခြား အစာကျွေးတယ်၊ ကလေးနှစ်ယောက်လို ပြုစုပျိုးထောင်ခဲ့တယ်။"
လင်းတုန်း၏ နဖူးပေါ်သို့ သွေးများ စင်လာသည်။ သူ အော်မဟစ်မိစေရန် အာရုံစူးစိုက်မှု အားလုံးကို အသုံးချလိုက်ရသည်။
"အဆုံးမှာတော့ သူတို့ ပိန်ချုံးပြီး သေသွားကြတယ်။ နှစ်ကောင်စလုံးပဲ။ သူတို့ကို ကယ်ဖို့ ငါသိသမျှ အရာအားလုံး ကြိုးစားခဲ့ပေမယ့် အချည်းနှီးပါပဲ။ နောက်ပိုင်းကျမှ အမှန်တရားကို ငါသိခဲ့ရတယ်။ ကောင်းကင်ဘုံ ဈာန်ပျံကျား တစ်ကောင်အတွက် သူတို့ မောင်နှမရဲ့ ခန္ဓာကိုယ်က ဆေးစွမ်းကောင်း တစ်ခွက်လိုပဲ။ တစ်ကောင်က အခြားတစ်ကောင်ကို မစားသုံးဘူးဆိုရင် သူတို့ရဲ့ မာဒြာက ခန္ဓာကိုယ်ကို ထောက်ပံ့ဖို့ မလုံလောက်တော့ဘူး။ နောက်ဆုံးမှာတော့ မလွှဲမရှောင်သာ သေဆုံးသွားရတာပဲ။"
အီသန်က လင်းတုန်း၏ ပခုံးတစ်ဖက်စီကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး စိတ်အားထက်သန်သော အကြည့်ဖြင့် သူ၏ မျက်လုံးများကို စိုက်ကြည့်လာသည်။ သွေးများ စွန်းထင်းနေသော မိစ္ဆာသားရဲ တစ်ကောင်၏ ခေါင်းပြတ်က သူ၏ အနောက်မှ လွင့်ထွက်သွားသည်။
"ဒီပုံပြင်ကို မင်း နားလည်လား လင်းတုန်း..."
"ဒါက အလွန်အကျွံ အကာအကွယ်ပေးတတ်တဲ့ မိဘတွေအကြောင်း ပုံပြင်တစ်ပုဒ်ပါ..."
လင်းတုန်းက အလျင်စလို ပြောလိုက်သည်။ သူ့ပတ်လည်တွင် သွားလာနေသော သတ္တဝါများကို မြင်နိုင်ရန် မျက်လုံးကို အတင်းပြူးကြည့်နေရသည်။
"မိဘတွေအတွက်တင် မဟုတ်ဘူး..."
အီသန်က ပြောသည်။
"ကျင့်ကြံသူတွေအတွက်လည်း ပါတာပေါ့။ အန္တရာယ် မရှိရင်၊ တိုက်ပွဲ မရှိရင်၊ တိုက်ခိုက်လိုစိတ် မရှိရင် မင်းက အားနည်းနေဦးမှာပဲ။ အားနည်းခြင်းဆိုတာ သေဆုံးခြင်းပဲ။ မင်း သဘောတူလား..."
သူ သဘောမတူလျှင်တောင်မှ အီသန်၏ အကူအညီကို ရရန်အတွက် အကြွင်းမဲ့ သဘောတူလိုက်မည် ဖြစ်သည်။
"အစ်... အစ်ကိုကြီးက တကယ် ပညာရှိတာပဲ..."
သူက စကားများ ထစ်အလျက် ပြောလိုက်သည်။
"ဒီညီ သဘောတူပါတယ်။ အစ်ကိုကြီးနဲ့ ဒီအကြောင်းကို အကျယ်တဝင့် ဝမ်းမြောက်ဝမ်းသာ ဆွေးနွေးပါ့မယ်..."
အီသန်က ဂုဏ်ယူစွာ ပြုံးရင်း သူ့ကျောကို ပုတ်လိုက်သည်။ ယာယီ တိတ်ဆိတ်သွားသော အခန်းကို သူက တစ်ချက် ဝေ့ကြည့်လိုက်သည်။ သတ္တုတူးဖော်သူ အနည်းငယ်နှင့် တာ့ရှ်တို့က ကြမ်းပြင်ပေါ်ရှိ သွေးအိုင်များထဲတွင် လဲကျနေသည်။ သို့သော် အများစုကတော့ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
ခေါင်းဆောင်အမျိုးသမီးက သူမ၏ ဓားကို မြှောက်လိုက်သည်။
"ပြေးကြ..."
သူမက အော်ဟစ်လိုက်ပြီး စင်္ကြံလမ်းအဝင်ပေါက်ဆီသို့ ပြေးသွားသည်။
လင်းတုန်းက ဥမင်လှိုဏ်ခေါင်းများကို မော့ကြည့်လိုက်ပြီး နောက်ထပ် မိစ္ဆာသားရဲများ လာမည်ဟု ထင်ခဲ့သည်။ သို့သော် တစ်ကောင်မျှ ရောက်မလာခဲ့ပေ။
ထိုအစား သက်တံ့ရောင် အလင်းတန်းတစ်ခု ကြမ်းပြင်ပေါ်တွင် တဖြည်းဖြည်း ပွင့်လန်းလာသည်။ ထို့နောက် အလောင်းများဆီမှ ဝိညာဉ်အကြွင်းအကျန်များ တွယ်တက်လာကြသည်။
ထိုအချိန်တွင်ပင် လက်နှစ်ချောင်းက လင်းတုန်းကို နောက်ကျောမှ ဖမ်းဆွဲလိုက်သည်။ ထို့နောက်... သူ၏ လက်မောင်းနှစ်ဖက်အောက်မှ ကိုင်မလိုက်သည်။ မလွှင့်ပစ်ခံရခင် လင်းတုန်း အထိတ်တလန့်ဖြင့် ရုန်းကန်လိုက်သေးသည်။
ထို့နောက် သူ၏ ခန္ဓာကိုယ်သည် နံရံရှိ ဥမင်တစ်ခုထဲသို့ ကွက်တိ လျှောတိုက် ဝင်သွားသည်။ သိပ်တော့ မနာကျင်လှပေ။ သူ၏ မေးစေ့မှာ ကျောက်ကြမ်းပြင်နှင့် အနည်းငယ် ပွတ်တိုက်မိသွားပြီး နံရိုးများ အနည်းငယ် ပွန်းပဲ့သွားနိုင်သည်။ သို့သော် ဒဏ်ရာမရစေရန် အတိကျဆုံး ထောင့်ချိုးဖြင့် ဥမင်ထဲသို့ လျှောဝင်သွားခြင်း ဖြစ်သည်။
လင်းတုန်း ဝင်ပေါက်ဆီသို့ ပြန်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူ့ကို မော့ကြည့်ကာ ပြုံးနေသော အီသန်ကို မြင်လိုက်ရသည်။ ထိုလူက တက်ကြွစွာပင် လက်ပြလိုက်သေးသည်။
တစ်စက္ကန့်အကြာတွင် ယီရင်လည်း လင်းတုန်း၏ ဘေးရှိ ဥမင်ထဲသို့ လျှောဝင်လာသည်။ သူမက မတ်တပ်ရပ်ရင်း ဟိန်းဟောက်လိုက်သည်။ လက်တစ်ဖက်က ဓားကို စမ်းနေပြီး အခြားလက်တစ်ဖက်ကိုတော့ လက်သီးဆုပ်ထားသည်။
"အဲဒီလူက ဘယ်သူလဲ နင်သိလား..."
လင်းတုန်းက မေးလိုက်သည်။
"မှန်မှန်ကန်ကန် သေချာမရှင်းပြနိုင်ရင်တော့ သေရမယ့်လူပဲ...”
ယီရင်၏ အဖြေက ခပ်ပြတ်ပြတ်...။
အီသန်က ဥမင်၏ နှုတ်ခမ်းသားပေါ်သို့ ခြေတစ်လှမ်းတည်းဖြင့် သပ်ရပ်စွာ ခုန်တက်သွားသည်။ သူလမ်းလျှောက်သွားစဉ် အပြာနှင့်အဖြူ ရောယှက်နေသော ဝတ်ရုံလှလှလေးက အနောက်တွင် လွင့်မျောနေသည်။
"ငါ့နောက်လိုက်ခဲ့... အဲဒီဝိညာဉ်အကြွင်းအကျန် အများစုက တွယ်တက်နိုင်ပြီး တချို့က ပျံသန်းနိုင်ကြတယ်..."
တယောသံနှင့်တူသော အော်သံတစ်ခုနှင့်အတူ အပြာရောင် အတောင်ပံတစ်ခုက ဥမင်အဝင်ပေါက်ကို ဖုံးလွှမ်းသွားသည်။ အီသန်က သူ၏ ခြေလှမ်းများကို နှစ်ဆမြှင့်လိုက်သည်။
"မြန်မြန်... ငါတို့ ဒီထက်ပိုမြန်မြန် သွားသင့်တယ်..."
ယီရင်က နောက်မှ လိုက်လာသည်။
"ရှင်က တိုက်ဖို့သတ္တိမရှိဘူးလား..."
အီသန်က သူ၏ လည်ပတ်အောက်သို့ လက်ချောင်းတစ်ချောင်းကို ချိတ်လိုက်သည်။
"မင်းတို့က သဘောကျတယ်ဆိုရင် ဒီဟာတွေကို ဖြုတ်ဖို့ နည်းလမ်းရှာလို့ရပါတယ်။ ဒါပေမဲ့ မင်းတို့ သိထားသင့်တာက ငါက... ဘယ်လိုပြောရမလဲ၊ ငါ့ဆီမှာ နည်းလမ်းတစ်ခုပဲ ရှိတယ်လို့ ပြောလို့ရတယ်..."
"အစ်ကိုကြီးက အနာဂတ်ကို မြင်နိုင်တာလား..."
လင်းတုန်းက မေးလိုက်သည်။ သူ၏ စိတ်ထဲတွင်တော့ အဖြေကို သေချာယုံကြည်နေပြီ ဖြစ်သည်။ အီသန်က အစောင့်များ သို့မဟုတ် သားရဲများ မလှုပ်ရှားခင်တိုင်း ကြိုတင်ရွှေ့လျားခဲ့ပြီး မိစ္ဆာသားရဲများ ဘယ်အချိန် လာမည်ဆိုတာကိုလည်း သိနေခဲ့သည်။
"အဲဒီထက် ပိုကောင်းတယ်၊ ငါက ပစ္စုပ္ပန်ကို မြင်နိုင်တယ်..."
သူတို့နောက်တွင် လူတစ်ယောက်၏ စူးစူးဝါးဝါး အော်သံနှင့်အတူ ဥသြသံသဲ့သဲ့လိုမျိုး ဝိညာဉ်အကြွင်းအကျန် တစ်ခု၏ အော်သံ ထွက်ပေါ်လာသည်။
လင်းတုန်းက သူ၏သံသယကို ထုတ်မပြောခင်မှာပင် အီသန်က ဆက်ပြောသည်။
"ငါ့မှာ မျက်လုံးတစ်ထောင်နဲ့ နားတစ်သောင်းရှိတယ်။ ငါ့စိတ်ဝိညာဉ်ရဲ့ အတိုင်းအတာအတွင်းမှာ ဖြစ်ပျက်သမျှ အားလုံးကို ငါသိတယ်။ ဒါကြောင့် ရန်သူ စတင်လှုပ်ရှားတာနဲ့ ငါက ဘေးကို ရွှေ့လိုက်ရုံပဲ။ မျက်ကန်းတွေနဲ့ တိုက်ရသလိုမျိုးပေါ့..."
"အဲဒါနဲ့ဆို သိပ်ပြင်းပြင်းထန်ထန်တော့ တိုက်လို့မရဘူးနော်..."
ယီရင်က မှတ်ချက်ချလိုက်သည်။
အီသန်က သူမကို အရိုအသေပေးလိုက်သည်။
"ဒါပေါ့... သာလွန်တဲ့ အာရုံခံနိုင်စွမ်းက အကြီးမားဆုံး စွမ်းအားဖြစ်နိုင်ပေမယ့်၊ လက်နက်တွေနဲ့ ယှဉ်ရင်တော့ သိနားလည်မှုက အလေးချိန် တစ်ခု လိုအပ်တယ်။ ဒါပေမဲ့ ငါ့ကိုသတ်ဖို့တော့ ခက်ခဲစေတယ်... အခုချိန်ထိ ဘယ်သူမှ မအောင်မြင်သေးဘူး..."
"ပြောပြဖို့ အဆင်ပြေမယ်ဆိုရင်၊ သူတို့ အစ်ကိုကြီးကို ဘယ်လို ဖမ်းမိသွားတာလဲ..."
လင်းတုန်းက မေးလိုက်သည်။ အီသန်သာ သူပြောသလို လုပ်နိုင်ပါက သဲမြွေပွေးများကို ရှောင်ရှားရန် လက်တစ်ဖက် မြှောက်ရတာထက်ပင် ပိုလွယ်ကူပေလိမ့်မည်။ သူက သတ္တုတွင်းထဲကို သူ့သဘောဆန္ဒအရ ဝင်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်... အဘယ်ကြောင့်နည်း။
***