အခန်း (၁၃၇-၁၃၈)
Vol. 10 Ch. 137-138
အပိုင်း(၁၃၇)
"ဘာလို့ ထွက်သွားရမှာလဲ..."
အီသန်က မေးလိုက်သည်။
"ငါတို့ လိုအပ်သမျှ အားလုံးက ဒီမှာတင် ရှိနေတာပဲ..."
ထိုအချိန်တွင် တံခါးက အပြည့်အဝ ပွင့်သွားပြီ ဖြစ်သည်။ လှေကားအောက်ခြေတွင် ကြောင်အမ်းအမ်းဖြင့် မတ်တပ်ရပ်နေသော လင်းတုန်းကို တွေ့လိုက်ရသည်။ သူက လက်တစ်ဖက်ဖြင့် နံရံကို မှီထား၏။ သူ့ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများနှင့် ညိုမည်းစွဲနေသော ဒဏ်ရာများကို တွေ့မြင်နေရသည်။
သို့သော် သူ၏ အနောက်ဘက် လှေကားပေါ်တွင်တော့ သဲမြွေပွေး ဝိညာဉ်အကြွင်းအကျန် ၏ အလောင်းက ပက်လက်လန်လျက် ရှိနေသည်။ သူက လက်တစ်ဖက်တွင် လက်မောင်းနီးပါး ရှည်လျားသော တောက်ပသည့် အစိမ်းရောင် အဆိပ်ဆူး တစ်ခုကို ကိုင်ထားသည်။ အဆိပ်ပြင်းသော မာဒြာ ကို တိုက်ရိုက် မကိုင်တွယ်ရစေရန် လက်ကိုင်ကို အဝတ်ဖြင့် ရစ်ပတ်ထားသည်။ ထိုအဝတ်စ ရရှိရန်အတွက် သူ၏ အင်္ကျီလက် တစ်ဖက်ကို ဆွဲဖြဲထားခြင်း ဖြစ်သည်။
အမှန်တကယ်တော့ သူသည် တကယ့် ကျင့်ကြံသူ တစ်ယောက်နှင့် တူနေသည်။ သူ၏ ထက်မြက်သော မျက်လုံးများ၊ ကျယ်ပြန့်သော ပခုံးများ၊ နှင့် မီးပွားများ ယိုစိမ့်ထွက်နေသော ဝိညာဉ်အကြွင်းအကျန် ၏ ပြတ်ထွက်နေသည့် လက်တံတို့နှင့်အတူ သူသည် အဆင့်နိမ့် ရွှေအဆင့် သို့ တက်လှမ်းရန် အသင့်ဖြစ်နေသော ကျောက်စိမ်းအဆင့် တစ်ယောက်နှင့် တူနေသည်။
ယီရင် သူ့ကို စတွေ့ခဲ့စဉ်က သန့်ပြန့်နေပြီး ကျုံ့ကျုံ့လေးဖြင့် အားနည်းနေသည့် ပုံစံထက် ယခုပုံစံက များစွာ ပို၍ ကြည့်ကောင်းနေသည်။
အီသန်သည် လင်းတုန်းထံသို့ ကျောပိုးအိတ် နှစ်လုံးကို ပစ်ပေးလိုက်သည်။ လင်းတုန်းသည် ထိုအိတ်များကို ဖမ်းရန်အတွက် သူ၏ ယာယီ လက်နက်ကို လွှတ်ချလိုက်ရသည်။ သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး လှေကားပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
"မှတ်စုတွေ သေချာ မှတ်ထားနော်..."
အီသန်က ကျောပိုးအိတ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။
"မင်းရဲ့ ကပ်ပါး လက်စွပ် ကို ဝတ်ထားပြီး အသက်ရှူတာကို မှန်မှန်လေး ထား... မင်းအတွက် အဲဒီထဲမှာ အကြွေစ တချို့ ထည့်ပေးလိုက်တယ်... ဒါပေမဲ့ တိမ်တိုက် ကိုတော့ ငါ ယူထားလိုက်မယ်..."
သူက ထိုမှော်ပစ္စည်း ကို လက်တစ်ဖက်ဖြင့် ပုတ်လိုက်သည်။
"ငါ အိပ်ရာတစ်ခု လိုတယ်လေ..."
ထို့နောက် သူက နံရံကို ရိုက်ချလိုက်ရာ တံခါးသည် တစ်ဖန် ပြန်လည် လျှောတိုက် ပိတ်ကျလာတော့သည်။
လင်းတုန်းက ရှေ့သို့ ပြေးထွက်လာသည်။ သို့သော် အီသန်သည် သူ၏ လက်ဝါးကို ရှေ့သို့ ရုတ်တရက် တွန်းထုတ်လိုက်ပြီး ဖြစ်သည်။ သူက လင်းတုန်း၏ ရင်ဘတ်ကို ရိုက်ချလိုက်ရာ လင်းတုန်းမှာ အနောက်သို့ လိမ့်ထွက်သွားသည်။
တံခါးကြီး ဝုန်းခနဲ ပိတ်ကျသွားသောအခါ လင်းတုန်းသည် တစ်ဖက်မှနေ၍ စကားလုံး မပါဘဲ အော်ဟစ်လိုက်တော့သည်။
အီသန်သည် သူ၏ အင်္ကျီလက်များကို ပွတ်သပ်လိုက်သည်။ မည်သည့်အသံမျှ မကြားရသည့်အလား ယီရင်ကို ပြုံးပြလိုက်သည်။
"အဲဒါက သူ့ကို ရက်သတ္တပတ် အနည်းငယ်လောက်တော့ အလုပ်ရှုပ်သွားစေမှာပါ... ကဲ... မင်းအတွက် ပြိုင်ဘက် တစ်ယောက် လိုအပ်တယ်ဆိုတာကို ငါ ပြောခဲ့ဖူးတယ်လို့ ထင်တယ်..."
သူသည် သူမ၏ ဓားကို ဓားအိမ်တန်းလန်းနှင့်ပင် သူမထံ ပစ်ပေးလိုက်သည်။ ထို့နောက် သူ၏ ကိုယ်ပိုင် လက်နက် တစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာ သံမဏိ အဝတ်ညှပ် ကတ်ကြေး တစ်လက် ဖြစ်သည်။
"ငါ ရှာတွေ့နိုင်သမျှ အကောင်းဆုံး လက်နက်ပဲ..."
သူက တောင်းပန်သည့် လေသံဖြင့် ပြောရင်း ကတ်ကြေးကို ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ပြသည်။
"ကဲ... မင်း အဆင်သင့် ဖြစ်ပြီဆိုရင်၊ စကြရအောင်...”
...
ကျင်းလုံသည် ဖစ်ရှာ တို့နှင့် ပြဿနာတက်နေသည်။ သဲမြွေပွေး ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သော ခရယ်၏ ဖခင်သည် အမဲလိုက်ထွက်ရာမှ ပြန်မရောက်လာသေးပေ။ သူက အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေကြောင်း သတင်းပို့ထားသော်လည်း ကျင်းလုံ အတွက်တော့ သက်သာရာမရလှပေ။ အကြောင်းမှာ ခေါင်းဆောင် မရှိချိန်တွင် ခရယ် က တာဝန်ယူရမည် ဖြစ်သောကြောင့်တည်း။
ခရယ် တာဝန်ယူပုံကလည်း တစ်မျိုးတည်းသာ ရှိသည်။ ထိုအရာမှာ ကျင်းလုံ ထံသို့ တာဝန်များ လွှဲချထားခြင်းပင် ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ပထမ ဖစ်ရှာ ရာဂန် ၏ ဘေးတွင် ရပ်ကာ အဘိုးအို တစ်ခုခု ပြောလာမည့်အချိန်ကို စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။
ထိုအခိုက်၌... သူတို့သည် သက်တမ်းရင့် သစ်ပင်အိုကြီး တစ်ပင်၏ အရိပ်အောက်တွင် ရပ်နေကြသည်။ ထိုသစ်ပင်၏ အရွက်များ တစ်ဝက်ခန့်မှာ လူသူကင်းမဲ့သော တောရိုင်းမြေ ရှိ အခြားအရာများကဲ့သို့ပင် ပုပ်သိုးမှုကြောင့် မည်းနက်နေသည်။ သို့သော်လည်း နေပူဒဏ်မှတော့ သက်သာရာ ရစေသေးသည်။
ဖစ်ရှာ ဂိုဏ်း၏ ခေါင်းဆောင် ရာဂန်သည် အကြွေစေ့များ တောင်းခံရန် ထိုနေရာကို ရွေးချယ်ထားသော သူတောင်းစား တစ်ယောက်နှင့် တူနေသည်။ သူ၏ မီးခိုးရောင် ဆံပင်များက ဖရိုဖရဲ ကျဆင်းနေပြီး ခြေဗလာဖြင့် ဖြစ်သည်။ ဝတ်ရုံမှာ အညိုရောင်ဖြစ်ကာ အစွန်းအထင်းများ ပေကျံနေသည်။ သူ၏ ဖစ်ရှာ ချိတ်က လက်မောင်းထက် ပိုရှည်၏။ အတွင်းဘက်တွင် အသွား ထက်မြက်ကာ သံချေးတက်နေသော သံမဏိဖြင့် ပြုလုပ်ထားသည်။ ထိုချိတ်မှာ သူ၏ ခါးပတ်မှနေ၍ ပေါ့ပေါ့ဆဆ တွဲလောင်းကျနေသည်။
ရာဂန်သည် ပခုံးတစ်ဖက်ပေါ်တွင် ပိုက်ကွန်တစ်ခုကို ထမ်းထားသည်။ ထိုအထဲတွင် ဖြတ်တောက်ထားသော မိစ္ဆာသားရဲ အစိတ်အပိုင်းများကို ပြည့်ကျပ်စွာ ထည့်ထားသည်။ ထိုအရာများက လတ်ဆတ်နေပြီး သွေးများ တစက်စက် ကျနေဆဲ ဖြစ်ကာ အနံ့ဆိုးမှာလည်း ရှူရှိုက်ရ ခက်ခဲလောက်အောင် ပြင်းထန်လှသည်။
သို့သော် ကျင်းလုံ ကတော့ မျက်နှာအမူအရာကို ဖုံးအုပ်ထားလျက် ထိုနေရာတွင် ရပ်နေသည်။ သူ၏ မျက်လုံးများက အနီရောင် မျက်နှာဖုံး၏ ဟာနေသော နေရာမှနေ၍ အပြင်သို့ ကြည့်နေသည်။ တိတ်ဆိတ်မှုကို ဖြိုခွဲလိုသော စိတ်ဆန္ဒကို သူ မျိုသိပ်ထားလိုက်သည်။
ပထမ ဖစ်ရှာသည် မိုးမလင်းမီကပင် သူ့ထံသို့ ရောက်လာခဲ့သည်။ ကျင်းလုံ ဂီရှာ ၏ လူသစ်များကို သတ္တုတွင်းထဲသို့ စေလွှတ်ပြီး နှစ်ပတ်တိတိ အကြာတွင် ဖြစ်သည်။ ထိုကိစ္စအတွက် လာရောက်ခြင်းဖြစ်မည်ဟု သူ ယူဆထားသော်လည်း အဘိုးအိုက တစ်ခွန်းမျှ မဟခဲ့ပေ။ သူက ညည်းတွားသံ တစ်ချက်ပြုရုံသာ ပြုပြီး ကျင်းလုံ ကို အပြင်သို့ လိုက်ခဲ့ရန် အချက်ပြကာ ထွက်သွားခဲ့သည်။
နောက်ထပ် တစ်နာရီကြာသည့်တိုင်အောင် သူတို့သည် သစ်ပင်အောက်တွင် ရပ်နေခဲ့ကြသည်။ ဖစ်ရှာ ၏ ပိုက်ကွန်ထဲမှ သွေးရဲရဲ အသားစများ တဖြည်းဖြည်း ခြောက်သွေ့သွားသည်အထိ ဖြစ်သည်။
ဤသည်းခံနိုင်စွမ်းကပင် ရာဂန် ၏ အဆင့်တက်ခြင်း လျှို့ဝှက်ချက် ဖြစ်နေမလားဟု ကျင်းလုံ တွေးတောနေမိသည်။ သူတောင်းစား ခေါင်းဆောင်သည် တောရိုင်းမြေ တစ်ခုလုံး အတွင်းရှိ အစစ်အမှန် ရွှေအဆင့် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ ဆိုလိုသည်က သူသည် သူ၏ အမြုတေ ထဲရှိ ဝိညာဉ်အကြွင်းအကျန် ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ သူ၏ ရွှေအဆင့် သင်္ကေတ မှာ အလွန် သိမ်မွေ့လှသည်။ သူစိမ်းတစ်ယောက် ဆိုလျှင် သူ၏ လက်ချောင်းများ ကြားရှိ အရေပြား အမြှေးပါးများကို သတိထားမိမည်ပင် မဟုတ်ပေ။
တစ်ချိန်ကတော့ အစစ်အမှန် ရွှေအဆင့်သည် အောင်မြင်မှု၏ အထွတ်အထိပ်ဟု ထင်ရသည်။ ထိုအဆင့်နှင့် နီးစပ်ရန် သူ သေလုမတတ် ကြိုးစားခဲ့ရသည်။ နောက်ဆုံးတွင် သူကိုယ်တိုင် အဆင့်မြင့် ရွှေအဆင့် သို့ ရောက်ရှိခဲ့သည်။ သို့သော် သူ၏ သီးခြား ရွှေအဆင့် သင်္ကေတ မှာ ဘယ်သောအခါမှ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်းကိုသာ သူ တွေ့ရှိလိုက်ရသည်။ သူ မည်မျှပင် အဆင့်မြင့်သွားစေကာမူ သူ၏ မျက်နှာမှာ ရုပ်ဆိုးဆဲပင် ဖြစ်နေလိမ့်မည်။
ယခုအခါ သူ့တွင် အလုပ်လုပ်ရန် အခြား အကြောင်းပြချက်များ ရှိနေပြီ ဖြစ်သည်။ ကျင်းကလန် က သူ၏ ညီမလေးကို ပြန်လက်ခံတော့မည် မဟုတ်ပေ။ သူမတွင်လည်း သူ့မှလွဲ၍ အခြား အားကိုးစရာ မရှိတော့ပေ။ သူမအတွက် အိမ်တစ်လုံး ဖန်တီးပေးရန်မှာ အစစ်အမှန် ရွှေအဆင့် ဖြင့်ပင် လုံလောက်မည် မဟုတ်ပေ။
နောက်ဆုံးတွင် ပထမ ဖစ်ရှာ က စကားစလာ၏။
"မင်းရဲ့ မြေပုံ ဆွဲလို့ ပြီးပြီလား..."
ကျင်းလုံ က အနည်းငယ်မျှ မလှုပ်ရှားရဲပေ။ သူက တည်ငြိမ်သော ယုံကြည်မှုဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ရဲ့ သတ္တုတူးဖော်သူတွေက မျက်စိရှင်ရှင် ထားကြပါတယ်..."
ရာဂန်က ပိုက်ကွန်ကို ကိုင်ထားသော လက်ကို ပြင်ကိုင်လိုက်သည်။
"ပြီးပြီပေါ့။ ဒါဆို မင်းက ဘာလို့ လှံကို မကိုင်ထားရသေးတာလဲ..."
သူပြောသည်မှာ မှန်ပါသည်။ ကျင်းလုံ သည် မြေပုံကို လွန်ခဲ့သော တစ်ပတ်ကျော်ကတည်းက ရေးဆွဲပြီးစီးခဲ့သည်။ သို့သော် သူတို့သည် ရှေးဟောင်း အပျက်အစီး တစ်လျှောက် ရေးဆွဲထားသော အစီအရင် များကို နားမလည်ကြသေးပေ။ ထို့ကြောင့် ပိရမစ်၏ ထိပ်ကို ဖွင့်ရန် လိုအပ်သော အခန်းများဆီသို့ သူ ဝင်ရောက်၍ မရနိုင်သေးပေ။ လှံသည် ထိုအထဲတွင် ရှိနေသင့်သော်လည်း ထိုအကြောင်းကို သီးခြား အတည်ပြုချက် မရရှိထားပေ။ အကယ်၍ မရှိခဲ့လျှင်တော့ ခရယ် ၏ ဖခင် ပြန်ရောက်လာချိန်တွင် ပြင်းထန်သော မေးခွန်းများကို သူ ဖြေရှင်းရတော့မည် ဖြစ်သည်။
ဤအရာက စိတ်ပျက်စရာ ကောင်းလှသည်။ ကျင်းလုံ တွင်သာ ပိုမို စုံလင်သော ကိရိယာများ ရှိခဲ့လျှင် အတင်း ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်မည် ဖြစ်သည်။ သူ၏ လက်အောက်တွင် သဲမြွေပွေး လမ်းစဉ် မှ ကျင့်ကြံသူ များနှင့် သူ၏ ကိုယ်ပိုင် ကြယ်တာရာ လှံ လမ်းစဉ် သာ ရှိသည်။ နှစ်ခုစလုံးမှာ ကင်းထောက်ရန် သို့မဟုတ် ချိတ်ပိတ် အစီအရင် များကို ဖျက်ဆီးရန်အတွက် မသင့်တော်ပေ။
သို့သော် ဖစ်ရှာ များမှာတော့ အင်အားကို အသုံးပြုရာတွင် ထူးခြားသော အပြောင်းအလဲ တစ်ခုကို ကျင့်သုံးကြသည်။ ကျင်းလုံ နားမလည်နိုင်သော နည်းလမ်း တစ်ခုခုဖြင့် သူတို့သည် တံငါသည်များက ရေအောက်ရှိ ပိုက်ကြိုးများကို ဆွဲငင်သကဲ့သို့ အရာဝတ္ထုများကို ဆွဲယူနိုင်သည်။ အစီအရင် များကို မပြင်ဆင်ဘဲ တံခါးများကို ဖွင့်နိုင်မည့် နည်းလမ်း တစ်ခုခု သူတို့တွင် ရှိကောင်း ရှိနိုင်သည်။
အကယ်၍ ပထမ ဖစ်ရှာ သည် အပေးအယူ တစ်ခုခု လုပ်ရန် ရောက်လာခြင်း ဖြစ်လျှင်တော့ အနည်းငယ် ရိုးသားမှု ပြသရန် လိုအပ်ပေလိမ့်မည်။
"အစီအရင် တွေကြောင့် ကျွန်တော်တို့ရဲ့ တိုးတက်မှု နှေးကွေးသွားပါတယ်..."
ကျင်းလုံ က ဝန်ခံလိုက်သည်။
"အချိန် အလုံအလောက်ရရင်တော့ အထဲကို ဝင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."
"အချိန်..."
ရာဂန်က ထိုစကားလုံးကို ဝါးစားနေသကဲ့သို့ ထပ်ပြောလိုက်သည်။
"အာရီလီယပ် မိသားစု က ရောက်လုနီးပါး ဖြစ်နေပြီ... အနက်ရောင် လခြမ်း အလံတွေကို ငါကိုယ်တိုင် မြင်ခဲ့တယ်... သုံးရက်ပဲ၊ အဲဒီထက် ပိုမရတော့ဘူး..."
ကျင်းလုံ သည် လက်ထဲတွင် လက်နက်မပါဘဲ ရန်သူနှင့် တွေ့ဆုံလေ့ မရှိပေ။ ယခုလည်း သူ၏ လက်ဆစ်များက လှံရိုးကို ဆုပ်ကိုင်ထားမှုကြောင့် ဖြူရော်လာသည်။ သူက အချိန် အနည်းငယ် ပိုရမည်ဟု မျှော်လင့်ထားခဲ့သည်။ တစ်ခုခု ပြောင်းလဲမသွားပါက သုံးရက်အတွင်း အစီအရင် ကို သူ ချိုးဖျက်နိုင်မည် မဟုတ်ပေ။
ဂုဏ်သိက္ခာကို အသာဖယ်ကာ အကူအညီ တောင်းရန် သူ ပြင်လိုက်ချိန်တွင်ပင် ပထမ ဖစ်ရှာ က စကားပြောလာသည်။
"မင်းရဲ့ မြေပုံကို ငါ ဝယ်မယ်..."
"အဲဒီအတွက် ငွေပေးချင်တယ်ပေါ့..."
"မင်းအတွက်က အသုံးမဝင်တော့ဘူးလေ... အမြတ်ထုတ်လိုက်တာက ပိုကောင်းပါတယ်... ငါ အဲဒါကို ယူမယ်၊ ပြီးရင် အဆင့်နိမ့် အရှင်သခင် မရောက်လာခင် ရှေးဟောင်း အပျက်အစီး တွေထဲကဟာတွေကို ရှင်းထုတ်ပစ်မယ်..."
ကျင်းလုံ အတွက် ဘာတစ်ခုမှ ချန်ထားခဲ့မည် မဟုတ်ချေ။ သဲမြွေပွေး များအတွက် ဆိုလျှင်တော့ ပို၍ပင် ဝေးသေးသည်။
သို့သော်... ပထမ ဖစ်ရှာ သည် မြေပုံအတွက် စျေးကောင်းပေးမည်မှာ သေချာပါသည်။ သူ၏ အသွင်အပြင်က မည်သို့ပင် ရှိစေကာမူ သူသည် တောရိုင်းမြေ တွင် အချမ်းသာဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။ ထို့ပြင် သူ ထိန်းသိမ်းရမည့် ဂုဏ်သတင်းလည်း ရှိသေးသည်။ သဲမြွေပွေး ကဲ့သို့သော ဂိုဏ်းတစ်ခုကို သူ လိမ်လည်လှည့်ဖြားလိုက်ပါက အခြား မည်သည့် အဖွဲ့အစည်းကမျှ သူနှင့် အလုပ်တွဲလုပ်တော့မည် မဟုတ်ပေ။
သို့သော် ထိုသို့လုပ်ရန်အတွက် ကျင်းလုံက အရှုံးပေးကြောင်း ဝန်ခံရန် လိုအပ်မည် ဖြစ်သည်။
"ရှေးဟောင်း အပျက်အစီး တွေထဲမှာ တွေ့ရတဲ့ ဘယ်ရတနာကိုမဆို ရှာဖွေရေးမှာ ပါဝင်တဲ့ ဘယ်သူနဲ့မဆို ဝေမျှဖို့ ကျွန်တော် ဝမ်းသာပါတယ်... တကယ်လို့ ခင်ဗျားရဲ့ စွမ်းရည်တွေကို အသုံးပြုခွင့်ပေးမယ်ဆိုရင်၊ ထိုက်တန်သလို ဆုကြေးတွေ ခွဲဝေပေးပါ့မယ်..."
ရာဂန် က ချောင်းဆိုးချင်နေသည်ကို မျိုသိပ်ထားသကဲ့သို့ ရင်ဘတ်ထဲမှနေ၍ တဟွတ်ဟွတ် ရယ်မောလိုက်သည်။
"ကျင့်ကြံသူ တစ်ယောက်ရဲ့ မာနရှေ့မှာ မြေကြီးရဲ့ အရိုးတွေတောင် ကွေးညွတ်သွားလိမ့်မယ်..."
သူက ဖြတ်တောက်ထားသော မိစ္ဆာသားရဲ အစိတ်အပိုင်းများ ပါဝင်သည့် ပိုက်ကွန်ကို ပခုံးပေါ်မှ ချကာ သစ်ပင်စည်ဘေးတွင် ပစ်ချလိုက်ပြီး ကျင်းလုံ ဘက်သို့ လှည့်လာသည်။ ငြိမ်းချမ်းရေး ပြသသည့် အနေဖြင့် အရေပြား အမြှေးပါးများ ပါရှိသော လက်ဗလာများကို ဖြန့်ပြလိုက်သည်။
"ငါတို့ ဂိုဏ်းတွေ မျက်နှာပန်းလှအောင် ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်ကြတာပေါ့..."
"အဲဒါကို ပြိုင်ပွဲလို့ ခေါ်လို့ မရဘူးလေ..."
ကျင်းလုံ က မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။
"တခြား အဖွဲ့အစည်းတွေက အဲဒါကို လက်ခံမှာ မဟုတ်ဘူး..."
ရာဂန် သည် အစစ်အမှန် ရွှေအဆင့် တစ်ဦး ဖြစ်ပြီး သူ လုပ်ချင်ရာ လုပ်နိုင်စွမ်း ရှိသည်။ ကျင်းလုံ အနေဖြင့် သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။ သို့သော် ဖစ်ရှာ တို့၏ ဂုဏ်သတင်းအပေါ် ထားရှိသော မာနနှင့် အကြောက်တရားက အဘိုးအိုကို သာမန် အဆင့်မြင့် ရွှေအဆင့် တစ်ယောက်အား အနိုင်ကျင့်ခြင်းမှ တားဆီးထားသင့်သည်။
ပထမ ဖစ်ရှာ က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။
"ငါ့ရဲ့ ဂုဏ်သိက္ခာကို မင်း ထပ်ပြီး မေးခွန်းထုတ်မယ်ဆိုရင်တော့၊ မင်းရဲ့ အသက်ကို မင်းလက်ထဲ ထည့်ထားရလိမ့်မယ် ကောင်လေး..."
ကျင်းလုံသည် မတုန်လှုပ်သွားစေရန် ဂရုတစိုက် ထိန်းချုပ်လိုက်သည်။
"မဟုတ်ဘူး၊ ငါ့မှာ တပည့်တစ်ယောက် ရှိတယ်... သူကလည်း မင်းလိုပဲ အဆင့်မြင့် ရွှေအဆင့် ပါပဲ။ ပြီးတော့ သူက ရိုးရာ အစဉ်အလာ တိုက်ပွဲတစ်ခုအတွက် ကိုယ်စားပြုပေးဖို့ အရမ်းကို ဝမ်းသာနေမှာပါ... ဟုတ်တယ် မလား လော့ခ်..."
သူက နောက်ဆုံး စကားလုံးကို အသံမြှင့်၍ ခေါ်လိုက်ရာ ကိုက်တစ်ရာခန့် အကွာရှိ သစ်ပင်များကြားမှ ဖစ်ရှာ လော့ခ် ထွက်လာသည်။ သူက နှုတ်ဆက်သည့် အနေဖြင့် လက်တစ်ဖက်ကို မြှောက်ပြလိုက်ပြီး၊ အထင်ကြီးလောက်သော အမြန်နှုန်းဖြင့် သူတို့ဆီသို့ ပြေးလာတော့သည်။
***
အပိုင်း(၁၃၈)
လော့ခ်...
ကျင်းလုံသည် ထိုလူနှင့် အရင်က တွေ့ဖူးသည်။ သူသည် အသက် နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော်လည်း အဆင့်မြင့် ရွှေအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ခရယ်၊ ကျင်းလုံ တို့နှင့် ရွယ်တူများ ဖြစ်ကြသည်။ သူက အရပ်ပုသော်လည်း ပိန်သွယ်သည်။ ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် ရှည်လျားသော လက်မောင်းများ ရှိပြီး၊ သူ၏ ကျောဘက်တွင် သံမဏိ ဖစ်ရှာ ချိတ် တစ်စုံကို လွယ်ထားသည်။
မိမိ၏ နာမည်ကို ခေါ်လာမည့် အချိန်များ ရှိလေမလား ဆိုပြီး ထိုလူသည် တောအုပ်ထဲတွင် တစ်နာရီကျော်ကြာအောင် စောင့်နေခဲ့တာလားဟု သူ တွေးမိသည်။ ပထမ ဖစ်ရှာ ကဲ့သို့သော လူကို ဆရာအဖြစ် ထားရှိရသဖြင့် သူသည် အတော်များများ စောင့်ဆိုင်းရလေ့ ရှိမည်မှာ သေချာသည်။
လော့ခ်က ရာဂန် ကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
"တပည့်က ဆရာ့ကို နှုတ်ခွန်းဆက်သပါတယ်..."
သူက ပြောပြီး ကျင်းလုံ ကိုလည်း ထပ်မံ ဦးညွှတ်လိုက်သည်။
"သိုင်းပညာ လမ်းစဉ် ပေါ်က ခရီးသွားဖော်တွေ အနေနဲ့ အပြန်အလှန် ဖလှယ်ကြရင်း ဒီအငြင်းပွားမှုကို ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်..."
ပထမ ဖစ်ရှာ၏ ဤလှုပ်ရှားမှုက ကျင်းလုံ ကို အံ့သြမသွားစေခဲ့ပေ။ ဂိုဏ်းများနှင့် ကျောင်းတော်များသည် ကလန်များ ကဲ့သို့ပင် အကြောင်းအမျိုးမျိုးကြောင့် မကြာခဏဆိုသလို အချင်းချင်း တိုက်ခိုက်လေ့ ရှိကြသည်။ ဂုဏ်သိက္ခာအတွက်၊ ကုန်သွယ်ရေး အခွင့်အရေးများအတွက်၊ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက်၊ သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ရှောင်ရှားရန်အတွက် ဖြစ်သည်။ အကောင်းဆုံး တပည့်တစ်ယောက်ကို မွေးထုတ်ပေးနိုင်သော အဖွဲ့အစည်းသည် အသန်မာဆုံးဟု သတ်မှတ်ခံရပြီး၊ အသန်မာဆုံးသူက သူတို့ လိုချင်တာကို ရရှိကြသည်။
ထိုအကျိုးအကြောင်း ဆင်ခြင်မှုကို သူ လက်ခံနိုင်သော်လည်း ရာဂန် က သူ့ကို လက်နက်ဆွဲထုတ်လာစေရန် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ သူသာ လက်နက် ဆွဲထုတ်လိုက်လျှင်...
အင်း၊ တိုက်ပွဲတစ်ခုကနေ ဒဏ်ရာမရဘဲ ထွက်လာနိုင်ဖို့ဆိုတာ ရှားသည်။ ယခုလက်ရှိ အချိန်တွင် ကျင်းလုံ သည် သဲမြွေပွေး ဂိုဏ်း၏ ယာယီ ခေါင်းဆောင် ဖြစ်နေသဖြင့် သူ့ထံတွင် ရရှိသော မည်သည့် ဒဏ်ရာမဆို သဲမြွေပွေး ဂိုဏ်း တစ်ခုလုံးကို အားနည်းသွားစေမည် ဖြစ်သည်။
နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ပထမ ဖစ်ရှာ က သူ လိုချင်တာကို ရရှိသွားမည်သာ ဖြစ်သည်။ အကယ်၍ ကျင်းလုံ က ငြင်းဆန်လိုက်လျှင်လည်း သူ၏ ဂုဏ်သတင်းမှာ ထိခိုက်သွားမည် ဖြစ်ပြီး၊ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတစ်ခုထက် ပိုမို ဆိုးရွားနိုင်သည်။ သဲမြွေပွေး များကိုယ်တိုင်ပင် သတ္တိကြောင်သူ တစ်ယောက်ကို ကျောခိုင်းသွားကြမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျင်းလုံ သည် ကြိုတင် စီစဉ်ထားခဲ့သည်။ သူက အချက်ပြလိုက်ရာ စောင့်ကြည့်နေသော သဲမြွေပွေး တစ်ယောက်က သူ၏ အချက်ပြမှုကို ဆက်လက် ပေးပို့လိုက်သည်။
ခရယ်သည် အနီးအနားရှိ အဆောက်အအုံ တစ်ခုထဲမှ ထွက်ပေါ်လာပြီး မားမားမတ်မတ်နှင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်လိုက်သည်။ သူ၏ တန်ဖိုးကြီး သားမွေးဝတ်ရုံများမှာ သူ၏ ဆံပင်များကဲ့သို့ပင် နက်မှောင် ကောင်းမွန်နေပြီး၊ သူ၏ သဲမြွေပွေး ရွှေအဆင့် သင်္ကေတ က လက်မောင်းတွင် ရစ်ပတ်နေသည်။ သူက သူတို့ကြားရှိ အကွာအဝေးကို စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်လာပြီး ရာဂန် ၏ ရှေ့သို့ လေပြင်းတစ်ချက်ကဲ့သို့ ရောက်ရှိလာသည်။
ဖစ်ရှာ နှစ်ယောက်က အချင်းချင်း အကဲခတ် ကြည့်လိုက်ကြသော်လည်း သူတို့၏ မျက်နှာအမူအရာများကို ကျင်းလုံ ဖတ်မရပေ။
"ဖစ်ရှာ လော့ခ်..."
ခရယ် က အာဏာပါသော လေသံဖြင့် စတင် ပြောလိုက်သည်။
"ငါ၊ သဲမြွေပွေး ဂိုဏ်းက ခရယ် က သိုင်းပညာ အပြန်အလှန် ဖလှယ်ဖို့ တောင်းဆိုတယ်... ပိုသန်မာတဲ့ ဂိုဏ်းရဲ့ စကားကို နားထောင်ကြစတမ်းပေါ့..."
အဘိုးအိုက လက်ပိုက်လိုက်သည်။
"မင်းတို့ရဲ့ ခေါင်းဆောင်လေးကို အန္တရာယ် ပေးရဲလို့လား..."
ကျင်းလုံ ရယ်မောလုနီးပါး ဖြစ်သွားသည်။ ဂိုခရန် မရှိချိန်တွင် သဲမြွေပွေး များကို မည်သူက ဦးဆောင်နေသလဲ ဆိုသည်ကို ရာဂန် ကောင်းကောင်း သိပါသည်။
"ဖစ်ရှာတွေက ငါတို့ရဲ့ အကောင်းဆုံးသူနဲ့ ရင်ဆိုင်ဖို့ ထိုက်တန်ပါတယ်...”
ခရယ်သည် ထိုချီးမွမ်းစကားကြောင့် ဘဝင်မြင့်သွားသည်။ သို့သော် ၎င်းသည် ရိုးသားမှုမရှိကြောင်းကိုမူ သူ သိနေသည်။ သူတို့နှစ်ဦးစလုံးသည် အဆင့်မြင့် ရွှေအဆင့် များ ဖြစ်ကြသည်။ သို့သော် ကျင်းလုံသည် သဲမြွေပွေး ဆက်ခံသူနှင့် ယှဉ်ပြိုင်ရာတွင် တစ်ကြိမ်တစ်ခါမျှ အရေးနိမ့်ခဲ့ဖူးခြင်း မရှိပေ။
သို့သော် ထိုအချက်က သူ့အနေဖြင့် သူတောင်းစားတစ်ဦး၏ တပည့်ကို ရင်ဆိုင်ရန် အရည်အချင်းမပြည့်မီဟု ဆိုလိုခြင်း မဟုတ်ပေ။
ဖစ်ရှာ ရာဂန်သည် ကျင်းလုံ၏ စကားကို အဓိပ္ပာယ်ရှိသည်ဟု ယူဆဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ... အနိုင်အရှုံး ပေါ်တဲ့အထိ တိုက်ကြတာပေါ့... အန္တရာယ်ရှိလာရင် ငါ ဝင်တားပေးမယ်..."
ရိုးရာအစဉ်အလာအရ တိုက်ပွဲတစ်ခုတွင် ကြားဝင်ဟန့်တားရန်နှင့် နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရမှု မရှိစေရန် တားဆီးရန်မှာ အကြီးအကဲများ၏ တာဝန် ဖြစ်သည်။ သို့သော် များသောအားဖြင့် တိုက်ပွဲတစ်ခု၏ နှစ်ဖက်စလုံးတွင် ကိုယ်စားပြု အကြီးအကဲများ ရှိတတ်ကြသည်။ လော့ခ်သာ အန္တရာယ်နှင့် ကြုံတွေ့ရပါက ရာဂန်သည် လျှပ်စီးအလား လှုပ်ရှားလာမည်မှာ သေချာကြောင်း ကျင်းလုံ သိထားသည်။ သို့သော် ခရယ်အတွက်မူ လုံးဝနီးပါး တစ်ကိုယ်တည်း ရပ်တည်နေရခြင်း ဖြစ်သည်။
ထိုအချက်ကို သူ့အား ကြည့်ရုံဖြင့် သိနိုင်မည် မဟုတ်ပေ။ သဲမြွေပွေးတို့၏ ဆက်ခံသူသည် သူ၏ သားမွေးဝတ်ရုံများကို အနောက်ဘက် မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ခါးပတ်မှ သံချွန်များကို တစ်ချောင်းချင်းစီ ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။ ၎င်းတို့ကို မြင်ရုံဖြင့် ပြိုင်ဘက်ဖြစ်သူ ထိတ်လန့်သွားမည်ဟု မျှော်လင့်နေပုံရသည်။ သူသည် သံချွန်တစ်ခုစီ၏ အစွန်းတစ်လျှောက် အစိမ်းရောင် မာဒြာ များကို စီးဆင်းစေလိုက်သည်။ လမ်းဘေး ဖျော်ဖြေရေးသမား တစ်ဦးအလား ပြသနေခြင်း ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် လော့ခ်သည် လက်နှစ်ဖက်စလုံးတွင် အကွေးပုံစံ ဓားတစ်လက်စီကို ဆွဲထုတ်ကာ ရပ်နေသည်။ ဓားရိုးနှင့် ဓားသွားကြားတွင် ခရမ်းရောင် မာဒြာများ အနည်းငယ် တောက်ပနေပါက၊ ၎င်းသည် မတော်တဆ ဖြစ်ဟန်ရှိသည်။ သူ၏ မျက်နှာအမူအရာမှာ ငြိမ်သက်နေသော ရေပြင်အလား အေးချမ်းနေသည်။
သို့သော်လည်း... ကျင်းလုံအနေဖြင့် ရိုးသားစွာ ဝန်ခံရလျှင် ဖစ်ရှာ ၏ ပြသမှုက ပို၍ ကျောချမ်းဖွယ်ကောင်းသည်ဟု ခံစားရသည်။
မည်သူကမျှ ပွဲစတင်ကြောင်း အချက်ပြခြင်း မပြုခဲ့ပေ။ သို့သော်လည်း လူငယ်နှစ်ဦးစလုံးသည် ချက်ချင်းပင် စတင်လှုပ်ရှားလိုက်ကြသည်။ ပထမဆုံး အပြန်အလှန် တိုက်ခိုက်မှုမှာ ရုတ်တရက်ဆန်ပြီး ပြင်းထန်လှသည်။ ချိတ်များသည် မမြင်ရသော ကြိုးများနှင့် ချည်နှောင်ထားသည့်အလား လက်ကိုင်များမှ လွင့်ထွက်သွားသည်။ ထို့နောက် ခရယ်ဆီသို့ ရိုက်ခတ်သွားသည်။ သဲမြွေပွေးသည် သူ၏ သံချွန်တစ်ဝိုက်တွင် အစိမ်းရောင် မာဒြာ များကို လှိုင်းခွေအဖြစ် စုစည်းလိုက်သည်။ ထို့နောက် ရှေ့သို့ ထိုးနှက်လိုက်သည်။
ဖန်တီးသူ နည်းစနစ်ဖြင့် ပြုလုပ်ထားသော သဲမြွေပွေး မာဒြာ သံချွန်သုံးချောင်းသည် သူ၏ လက်နက်ပတ်လည်တွင် စုစည်းသွားသည်။ ထို့နောက် သူနှင့်အတူ ရှေ့သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
သဲမြွေပွေးများက ထိုလှုပ်ရှားမှုကို မြွေပွေး၏ အစွယ်လေးချောင်းဟု ခေါ်ဆိုကြသည်။ သို့သော် ၎င်းသည် အမှန်တကယ်တော့ အလွန် သာမန်ကျသော ဖန်တီးသူ နည်းစနစ် တစ်ခုသာ ဖြစ်သည်။ ၎င်းသည် အခြေခံအကျဆုံး ဖန်တီးမှု အမျိုးအစားသာ ဖြစ်သည်။ မာဒြာ သည် စက္ကန့်အနည်းငယ်မျှ အခဲအဖြစ် တည်ရှိနေမည် ဖြစ်ပြီး၊ ထို့နောက်တွင် ပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့သော် ၎င်းသည် ထိရောက်မှု ရှိနေဆဲပင် ဖြစ်သည်။ ၎င်းသည် တိုက်ခိုက်မှု လေးခုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရသကဲ့သို့ ဖြစ်ပေလိမ့်မည်။
လော့ခ်၏ ချိတ်များသည် သဲမြွေပွေး ၏ နည်းစနစ်ကို ဖောက်ထွင်းဝင်ရောက်သွားသည်။ ထို့နောက် ရှဲခနဲ မြည်နေသော အစိမ်းရောင် မာဒြာ အစအနများကို မြေပြင်ပေါ်သို့ လွင့်စဉ်သွားစေသည်။ မြက်ခင်းများသည် အဆိပ်ပြင်းသော မာဒြာ များ ပတ်လည်တွင် ပွက်ပွက်ဆူလာသည်။ သူ၏ ဓားသွားအဖျားများသည် ခရယ်၏ ကျောပေါ်သို့ ကျရောက်သွားပြီး အရေပြားကို ဖောက်ဝင်သွားသည်။ သို့သော် သဲမြွေပွေး ခေါင်းဆောင်သည် သူ၏ ကိုယ်ပိုင် တိုက်ခိုက်မှုကို အကောင်အထည်ဖော်ရန်အတွက် ဤအကွက်ကို တမင်ခံယူခဲ့ခြင်း ဖြစ်သည်။ သူသည် သံချွန်ကို ရှေ့သို့ ဆက်လက် ထိုးသွင်းလိုက်သည်။ ဖစ်ရှာ ၏ ရင်ဘတ်ဆီသို့ ချိန်ရွယ်လိုက်ခြင်း ဖြစ်သည်။
ခရယ် အနေဖြင့် အခြားတစ်ယောက်၏ ပခုံးကို တကယ် ချိန်ရွယ်ထားခြင်း ဖြစ်ပါစေဟု ကျင်းလုံ စတင် မျှော်လင့်လိုက်မိသည်။ အကြောင်းကား ဒေါသထွက်နေသော ပထမ ဖစ်ရှာ ထံမှ ခေါင်းဆောင်ငယ်ကို သူ မကာကွယ်ချင်သောကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် ရာဂန်သည် သစ်ပင်ကြီးတစ်ပင်အောက်တွင် စောင့်ဆိုင်းရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သလဲဆိုသည့် အကြောင်းရင်းကို သူ သိရှိလိုက်ရသည်။
ခရမ်းရောင် မာဒြာ ကြိုးတစ်ချောင်းသည် လော့ခ်၏ အနောက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုကြိုးသည် သူ၏ ကျောရိုးနှင့် သစ်ကိုင်းတစ်ကိုင်းကို ဆက်သွယ်ထားသည်။ ကြိုးသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ထိုဖစ်ရှာကို အပေါ်သို့ ဆွဲတင်လိုက်သည်။ ထို့ကြောင့် ခရယ်၏ တိုက်ခိုက်မှုမှ လွတ်မြောက်သွားလေသည်။
မိမိ၏ ကိုယ်ပိုင် မာဒြာ ကြိုးဖြင့် အနောက်သို့ ဆွဲတင်ခံလိုက်ရပြီးနောက်၊ လော့ခ်သည် အနိမ့်ဆုံး သစ်ကိုင်းပေါ်သို့ သပ်ရပ်စွာ ကျရောက်သွားသည်။ သူသည် လက်ကိုင်ရိုး တစ်စုံကိုသာ ကိုင်ထားတော့သည်။ အသွားပါသော ချိတ်များသည် ခရယ်၏ ကျောထဲတွင် စိုက်ဝင်နေဆဲ ဖြစ်လေသည်။
***