အခန်း (၁၃၉-၁၄၀)
Vol. 10 Ch. 139-140
အပိုင်း(၁၃၉)
"ကျွန်တော့်ကို အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သစ်ကိုင်းပေါ်မှ လော့ခ်က ပြောလိုက်သည်။ သူ၏ လေသံမှာ ယဉ်ကျေးပျူငှာနေသည်။
ရာဂန်သည် တိုက်ပွဲ ပြီးဆုံးသွားပြီလားဟု မေးမြန်းသည့်အလား ကျင်းလုံထံသို့ လှည့်ကြည့်လာသည်။
သို့သော် ခရယ်၏ မျက်နှာအမူအရာမှာ ဒေါသကြောင့် ပုံပျက်နေသည်။ သူသည် သံချွန်တစ်ခုကို အောက်သို့ ချလိုက်ရာ သစ်ပင်ပတ်လည်ရှိ အော်ရာများသည် အစိမ်းရောင် လှိုင်းများအဖြစ် ယိမ်းခါသွားသည်။
"ဆင်းခဲ့စမ်း..."
ဖစ်ရှာ ရာဂန်က အော်ဟစ်လိုက်ရင်း တပည့်ဖြစ်သူထံသို့ လှမ်းခေါ်သည့် ဟန်အမူအရာကို ပြုလုပ်လိုက်သည်။ မျက်စိဖြင့် မမြင်နိုင်သော အင်အားတစ်ခုက လော့ခ်ကို ဖမ်းဆုပ်လိုက်ပြီး သစ်ပင်နှင့် ဝေးရာသို့ ဆွဲယူသွားသည်။
သူသည် လေထဲတွင် ရပ်တန့်သွားသည်။ သစ်ပင်စည်မှ ပေအနည်းငယ်မျှ အကွာတွင် လွင့်မျောနေသည်။ သူသည် သူ၏ ကိုယ်ပိုင် ကြိုးကို မဖြုတ်ရသေးပေ။ ယခုအခါတွင်မူ သူသည် ထိုနေရာ၌ပင် ချည်နှောင်ခံထားရပြီ ဖြစ်သည်။
ဝှစ်...
ပထမ ဖစ်ရှာ သည် လေထဲသို့ ခုန်တက်သွားသည်။ သို့သော် ကျင်းလုံ၏ အာရုံများသည် တောက်ပသော အစိမ်းရောင် အော်ရာ များဖြင့် ဖုံးလွှမ်းခံနေရပြီ ဖြစ်သည်။
သဲမြွေပွေး မာဒြာသည် အဆိပ်အတောက်များ၊ အဆိပ်များနှင့် အမျိုးအစားစုံလင်သော ပုပ်သိုးဆွေးမြေ့မှုများမှ အော်ရာ များကို စုပ်ယူသည်။ ၎င်းသည် စိမ့်ညွန်တောထဲတွင် မွေးဖွားလာသော လမ်းစဉ် တစ်ခု ဖြစ်သည်။ မူလက လူသူကင်းမဲ့သော တောရိုင်းမြေ ၏ ကြောက်မက်ဖွယ်ကောင်းသော ပျက်စီး ယိုယွင်းမှုများနှင့် အသားကျစေရန် ဖန်တီးထားခြင်း ဖြစ်သည်။
ထို့ပြင် ဤသစ်ပင်၏ အရွက်များသည် တစ်ဝက်ခန့် မည်းနက်နေသည်။
လိုအပ်သော သက်စောင့် အော်ရာ များ အသင့်ရှိနေချိန်တွင် အုပ်ချုပ်သူ နည်းစနစ်များသည် ပိုမို မြန်ဆန်ပြီး အစွမ်းထက်လာသည်။ ဤသစ်ပင်သည်လည်း အဆိပ်များဖြင့် ပြည့်နှက်နေသည်။
ဘုန်း...
မြစိမ်းရောင် မီးတောက်များ ပေါက်ကွဲထွက်လာသည့်အလား ကြမ်းတမ်းသော အစိမ်းရောင် တိမ်တိုက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်လာသည်။ ထို့နောက် ဖစ်ရှာ နှစ်ဦးစလုံးကို ဖုံးလွှမ်းသွားတော့သည်။
ကျင်းလုံသည် ခရယ်ထံသို့ အပြေးအလွှား သွားလိုက်သည်။ သူ၏ ကိုယ်ပိုင် လက်ကို မရှမိစေဘဲ အသွားပါသော ချိတ်များထဲမှ တစ်ခုကို အတတ်နိုင်ဆုံး ဖမ်းဆုပ်လိုက်သည်။ သူသည် အသားထဲမှ ချိတ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုအခါ သဲမြွေပွေး ခေါင်းဆောင်ငယ်ထံမှ နာကျင်စွာ ညည်းတွားသံ ထွက်ပေါ်လာသည်။
"နာကျင်ရုံလေးပါပဲ..."
ကျင်းလုံက ဒုတိယမြောက် ချိတ်ကို ဆွဲထုတ်ရင်း ပြောလိုက်သည်။
"မင်း သံမဏိအဆင့် ကို တက်လှမ်းခဲ့တုန်းက အခြေအနေက ဒီထက်ပိုဆိုးသေးတယ်..."
"ငါ သူ့ကို နိုင်ခဲ့တယ်..."
ခရယ်က မောဟိုက်စွာ ပြောလိုက်သည်။
"အဲဒါက တန်ရဲ့လားဆိုတာ ကြည့်ကြတာပေါ့..."
ရာဂန်သည် အဆိပ်တိမ်တိုက်ထဲမှ ထွက်ပေါ်လာသည်။ သေချာသည်က မည်သည့် ထိခိုက်ဒဏ်ရာမျှ မရှိဘဲ ထွက်လာခြင်း ဖြစ်သည်။ သူ၏ လက်ထဲတွင် သတိလစ်နေသော တပည့်ဖြစ်သူ ပါလာသည်။ ဆရာဖြစ်သူက မြေပြင်ပေါ်သို့ ဝါယာကြိုးဖြင့် ဆွဲကာ ဖြည်းညင်းစွာ ချပေးနေသည့်အလား ဆင်းသက်လာစဉ်၊ လော့ခ်မှာမူ ပြင်းထန်စွာ တုန်ရီနေသည်။
ကျင်းလုံသည် မတ်မတ်ရပ်လိုက်ပြီး သူ၏ လှံရိုးအောက်ခြေကို မြေပြင်နှင့် ဖိချေလိုက်သည်။
"ခင်ဗျားရဲ့ တပည့်က သေသေချာချာ တိုက်ခိုက်သွားပါတယ်..."
သူက ပြောလိုက်သည်။ နှုတ်မှ ထုတ်မပြောသော စကားလုံးများသည် လေထုထဲတွင် လွင့်မျောနေသည်။
‘ဒါပေမဲ့ သူ ရှုံးသွားတယ်...’
ဖစ်ရှာ ရာဂန်သည် သူ့ထံသို့ စိုက်ကြည့်လာသည်။ သူ၏ မျက်နှာအမူအရာမှာ ဘာမှမရှိသကဲ့သို့ ဗလာဖြစ်နေဆဲ ဖြစ်သော်လည်း၊ မျက်လုံးများထဲတွင်တော့ နက်ရှိုင်းစွာ ကိန်းအောင်းနေသော ဒေါသများ ပါဝင်နေသည်။
မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ကျင့်ကြံသူ တစ်ဦးပင် ဖြစ်သည်။ သူ၏ မာနသည် သူ့အသက်ထက် ပို၍ တန်ဖိုးရှိသည်။
ကံကောင်းထောက်မစွာဖြင့် ထိုမာနကပင် သူ၏ ဒေါသကို ထိန်းချုပ်ထားစေသည်။
"ဖစ်ရှာ တွေက ငါတို့ရဲ့ အကြွေးတွေကို ဂုဏ်သိက္ခာရှိရှိ ဆပ်မှာပါ..."
သူက ပြောသည်။
"လာမယ့် သုံးရက်အတွက် ငါ့ရဲ့ အကောင်းဆုံးစွမ်းရည်တွေကို မင်း ရရှိလိမ့်မယ်... ဒါပေမဲ့ အာရီလီယပ် ရောက်လာပြီး အရာအားလုံးကို ယူသွားခဲ့ရင်တော့၊ မင်းကို တာဝန်ယူခိုင်းရလိမ့်မယ်..."
သူသည် ခရမ်းရောင် မာဒြာ ကြိုးရှည်တစ်ချောင်းဖြင့် သစ်ပင်များကို လှမ်းချိတ်ကာ သူ့ကိုယ်သူ ရှေ့သို့ ဆွဲယူရင်း လွင့်ပျံ ထွက်ခွာသွားသည်။
"သူတို့က ကျေးဇူးတင်တတ်တဲ့ အရှုံးသမားတွေတော့ မဟုတ်ကြဘူး..."
ခရယ်က ခန္ဓာကိုယ်ကို မတ်လိုက်ရင်း နာကျင်စွာဖြင့် ပြောလိုက်သည်။ ဒဏ်ရာများက သူ့ကို ရက်အနည်းငယ်ကြာအောင် နာကျင်စေမည် ဖြစ်သည်။ သို့သော် သဲမြွေပွေး များသည် ဇွဲသတ္တိရှိကြသည်။ သူ လျင်မြန်စွာ ပြန်လည် ကျန်းမာလာပေလိမ့်မည်။
"ငါတို့ မနိုင်သေးပါဘူး..."
ကျင်းလုံက ပြောလိုက်သည်။
အချိန် သုံးရက် ကျန်နေသေးသည်။
...
လင်းတုန်းသည် နာကျင်မှုကြောင့် အသက်ရှူမှားသွားသော်လည်း ထထိုင်လိုက်သည်။ သူ၏ နံရိုးတစ်ချောင်း ကျိုးသွားပြီဖြစ်ကြောင်း ထိုနာကျင်မှုက သတိပေးနေသည်။ သူက ထိုနာကျင်မှုကို ဘေးဖယ်ထားလိုက်သည်။ သူ၏ ခြေထောက်နှစ်ဖက်ရှိ ဒဏ်ရာများနှင့် ယှဉ်လျှင် ထိုအရာက ဘာမှမဟုတ်ပေ။ ခြေထောက်များမှာ ရောင်ရမ်းနေပြီး သူ၏ ရှေ့ရှိ ကြမ်းပြင်ပေါ်တွင် အသုံးမဝင်တော့သကဲ့သို့ ဖြစ်နေသည်။ သူ လမ်းမလျှောက်နိုင်သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။
သူသည် ဘယ်ဘက်လက်ရှိ မကျိုးသေးသော လက်ချောင်း သုံးချောင်းကို အသုံးပြု၍ ဖန်သေတ္တာကို အနားသို့ ဆွဲယူလိုက်သည်။ သူ၏ မျက်လုံးတစ်လုံးမှာ ရောင်ရမ်းပြီး ပိတ်နေသော်လည်း ကျန်တစ်လုံးဖြင့် ဆယ်လ်ဗန် ကို သူ စောင့်ကြည့်နေသည်။
သူမက သူမကြားနိုင်သော တေးဂီတတစ်ခုခုနဲ့ အကကနေသလို လက်မောင်းလေးတွေကို ဝှေ့ယမ်းရင်း နေရာမှာတင် လှည့်ပတ်နေသည်။ သူမတွင် လိင်ကွဲပြားမှု ရှိကြောင်း ထင်စရာ အကြောင်းမရှိပေမယ့်၊ လင်းတုန်းကတော့ သူမကို မိန်းကလေးတစ်ယောက်လို့ စတင်မှတ်ယူလာခဲ့သည်။ သို့တည်းမဟုတ်... သူမ၏ အောက်ပိုင်းတွင် စီးဆင်းနေသည့် မာဒြာများမှာ ဂါဝန်ဝတ်ထားသလိုမျိုး ပုံပေါ်နေလို့လည်း ဖြစ်နိုင်ပါသည်။
မည်သို့ပင်ဆိုစေကာမူ... လွန်ခဲ့သော နှစ်ပတ်အတွင်း တံခါးအပြင်ဘက်မှ ယီရင်၏ အသံမှလွဲ၍ ဆယ်လ်ဗန်သည်သာ သူ၏ တစ်ဦးတည်းသော အဖော် ဖြစ်ခဲ့သည်။ သူ တတ်နိုင်သလောက် ပိုလျှံနေသည့် မာဒြာ အနည်းငယ်ကို သူမအား ကျွေးမွေးခဲ့ရာ၊ သူမသည် လက်မဝက်ခန့် အရွယ်အစား ပိုကြီးလာခဲ့သည်။ သူမ၏ အလင်းဖောက်ထွင်းမြင်နိုင်သော အပြာရောင် ပုံသဏ္ဌာန်မှာ ပိုမို ခိုင်မာလာပုံရသည်။ သို့သော် ၎င်းမှာ သူ၏ စိတ်ကူးသက်သက်လည်း ဖြစ်နိုင်သည်။ ထို့ပြင် သူမသည် ယခင်ကထက် ပိုမိုများပြားသော လှုပ်ရှားမှုများကိုလည်း ပြုလုပ်လာသည်။ မနေ့ကဆိုလျှင် သူမသည် သူမ၏ ရေကန်ထဲရှိ အမြဲတမ်း စီးဆင်းနေသော မြစ်ငယ်လေးထဲတွင် ရေတစ်ပတ် အပြည့် ကူးခတ်ပြခဲ့သေးသည်။
လင်းတုန်းသည် ဖန်သေတ္တာမှ အကြည့်လွှဲကာ သူ့ ခံတပ်ကို ကြည့်လိုက်သည်။ ၎င်းမှာ ပေါ့ပေါ့ဆဆ ပြုလုပ်ထားသော ကာကွယ်ရေး အစီအစဉ် တစ်ခုသာ ဖြစ်သည်။ သူ့ကို ပုံမှန် လာရောက်တိုက်ခိုက်လေ့ရှိသော ဝိညာဉ်အကြွင်းအကျန် များထံမှ သေဆုံးပြီးသား အစိတ်အပိုင်းများကို ဖြတ်တောက်ရန် သူ၏ ကျောပိုးအိတ်ထဲမှ ပင့်ကူ မှော်ပစ္စည်း ၏ ခြေသည်းများကို သူ အသုံးပြုခဲ့သည်။
တောက်ပသော အပြာရောင် အခွံများနှင့် တလက်လက် တောက်ပနေသော အစိမ်းရောင် ခြေလက် အစိတ်အပိုင်းများဖြင့် သူသည် သူ့ကိုယ်သူ ပိတ်လှောင်ထားခြင်း ဖြစ်သည်။ သူ၏ ကျောဘက်မှာ တံခါးနှင့် ကပ်လျက်ရှိပြီး သူ၏ ခံတပ်မှာ လှေကားနှင့် ကပ်လျက် ပုံပုံကြီး ဖြစ်နေသည်။ သူက သူ့ကိုယ်သူ ထောင့်ကျဉ်းလေးထဲတွင် ပိတ်လှောင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပြေးစရာ နေရာမရှိသဖြင့် အန္တရာယ်ရှိသော အခြေအနေ အချို့ကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူ၏ ခံတပ်ကို လှေကားထိပ်သို့ ရွှေ့ပြောင်းရန်တော့ သူ ငြင်းဆန်ခဲ့သည်။ အကယ်၍ တံခါးပွင့်လာပါက သူ ချက်ချင်း ပြေးထွက်သွားနိုင်ရန် ဖြစ်သည်။ သို့သော် တံခါးပွင့်လာမည့်အရေးကို သူ စတင် မျှော်လင့်ချက် ကင်းမဲ့လာပြီ ဖြစ်သည်။
ဆယ်လ်ဗန် ကို ကြည့်ရင်း သူက လိမ်ယှက်နေသော အပြာရောင် ခရုခွံပုံသဏ္ဌာန်ရှိ စွမ်းအင် အထုံး တစ်ခုဆီသို့ လက်လှမ်းလိုက်သည်။
သူ၏ နံရံများမှ သေဆုံးပြီးသား အစိတ်အပိုင်းများကို တစ်ရက် သို့မဟုတ် နှစ်ရက်တစ်ခါ သူ အစားထိုးပေးရသည်။ အကြောင်းမှာ ၎င်းတို့သည် ပုံမှန် ပျက်စီး ယိုယွင်းသွားသောကြောင့် ဖြစ်သည်။ သို့သော် အသုံးဝင်သော စွမ်းအင် အထုံး အနည်းငယ်ကို ဖြည့်တင်းရန်အတွက် သူ၏ ကိုယ်ပိုင် မာဒြာ ကို သူ အသုံးပြုခဲ့သည်။ ဤစွမ်းအင် အထုံး ကို ရှာတွေ့ခဲ့ခြင်းမှာ သူ ကံကောင်းခြင်း ဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က ဂီရှာ က သူ့ကို ပြသခဲ့ဖူးသည်။ ၎င်းမှာ ရေကို ထုတ်ပေးနိုင်သော စွမ်းအင် အထုံး ဖြစ်သည်။
သူသည် ရေကို အနည်းငယ်သာ သောက်လိုက်သည်။ သူ့တွင် သုံးစွဲရန် မာဒြာ အပို မရှိတော့ပေ။ နေ့စဉ် သူ၏ စွမ်းအား အများစုမှာ မရှိမဖြစ် လိုအပ်သော စွမ်းအင် အထုံး များနှင့် သူ၏ လက်နက်ဖြစ်သော သဲမြွေပွေး ၏ ဖြတ်တောက်ထားသည့် အဆိပ်ဆူးကို ပြန်လည် အားဖြည့်ရန်အတွက် သုံးစွဲရသည်။ ထိုအဆိပ်ဆူး၏ လက်ကိုင်ကို အဝတ်ဖြင့် ရစ်ပတ်ထားသည်။ ကျန်ရှိသော မာဒြာကို သူ လှည့်ပတ်ကျင့်ကြံပြီး ခန္ဓာကိုယ် နေရာအနှံ့သို့ တွန်းပို့လိုက်သည်။
သူ့ ခန္ဓာကိုယ် အပေါ်တွင် အမြဲလိုလို ဖုံးလွှမ်းနေသော နာကျင်မှု ဝေဒနာများနှင့်၊ ဝိညာဉ်အထိတိုင်အောင် နက်ရှိုင်းစွာ ကြောက်ရွံ့သွားစေသည့် ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုများကြားမှပင် ရက်သတ္တပတ် အနည်းငယ်ကြာ မိမိ၏ ကြိုးစားအားထုတ်မှု ရလဒ်များကို သူ ကျေနပ်မိသည်။
ဓားသွားပေါ် လမ်းလျှောက်နေရသကဲ့သို့ ပြင်းထန်လှသော စိုးရိမ်ပူပန်မှုများက သူ၏ အဆင့်တက်ခြင်း အတွက် အံ့မခန်း အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဤနေရာတွင် မာဒြာ လှည့်ပတ်ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ခံရမည့် အချိန်အတွက် ပြင်ဆင်ခြင်းမှလွဲ၍ အခြား လုပ်စရာ မရှိပေ။ ထို့ပြင် အနည်းငယ်မျှ သတိလွတ်သွားပါက သူ မလွဲမသွေ သေဆုံးရမည် ဖြစ်သည်။
သူ၏ အမြုတေ တစ်ခုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ သံမဏိအဆင့် သို့ ပြောင်းလဲရန်အတွက် သူ၏ ခန္ဓာကိုယ်ထဲသို့ လျှံကျ စီးဆင်းတော့မည့်ဆဲဆဲ ဖြစ်နေသည်။ နောက်ဆုံးတွင် သူ၏ ဒုတိယ အမြုတေ ကိုလည်း ကြေးအဆင့် သို့ ရောက်ရှိအောင် သူ မြှင့်တင်နိုင်ခဲ့သည်။ သို့သော် သူ၏ အားထုတ်မှု အများစုကို အမြုတေ တစ်ခုတည်းပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ ၎င်းမှာ ယီရင် ၏ အကြံပေးချက် ဖြစ်သည်။
အီသန် သင်ပေးသော အသက်ရှူနည်းစနစ်သည် ပထမ ရက်အနည်းငယ်အတွင်း သူ့ကို သေလုမတတ် ဖြစ်စေခဲ့သည်။ တိုက်ပွဲကြားတွင် အသက်ရှူမှားသွားကာ သူ၏ မာဒြာ များကို ထိန်းချုပ်မရ ဖြစ်သွားခဲ့သည်။ ယခုအခါတွင်မူ သူသည် အသက်ရှူရစ်သမ်ကို မပျက်စေတော့သလောက်ပင် ဖြစ်သည်။ ထို့ပြင် အားသာချက်များကိုလည်း သူ စတင် မြင်တွေ့လာရသည်။ သူ၏ မာဒြာ များမှာ ပိုမို လျင်မြန်စွာ ပြန်လည် ပြည့်ဝလာပြီး သူ လိုချင်သည့် အချိန်တိုင်း သံမဏိအဆင့် သို့ တက်လှမ်းနိုင်မည်ဟု သူ သေချာယုံကြည်လာသည်။
ထိုအရာက အပြည့်အဝ မှန်ကန်တာတော့ မဟုတ်သေးချေ။ သူ ယခုချက်ချင်း အဆင့်တက်ချင်နေသည်။ အကြောင်းပြချက်ကတော့ ရိုးရှင်းသည်။
သံမဏိအဆင့်၏ အဟန့်အတားကို ချိုးဖျက်လိုက်တာက ခန္ဓာကိုယ် တစ်ခုလုံးကို အပြည့်အဝ အသစ်တဖန် ပြန်လည် ဖန်တီးပေးလို့ပင်။ ကြေးအဆင့် ကို တက်လှမ်းတုန်းက ပွန်းပဲ့ရာများ၊ ရှရာများနှင့် အညိုအမည်းစွဲတာတွေ အကုန် ပျောက်ကင်းသွားခဲ့သလိုမျိုး သံမဏိအဆင့် ကလည်း ထိုထက် ပိုပြီး ပြီးပြည့်စုံသည် ပြောင်းလဲမှု တစ်ခု ဖြစ်သင့်သည်။ ထိုအရာက သူ၏ ကျိုးနေသည့် ခြေထောက်များကိုတောင် ကုသပေးလိမ့်မည်ဟု ယီရင်က ပြောခဲ့သည်။
***
အပိုင်း(၁၄၀)
လင်းတုန်းမှာ ငိုချင်လုနီးပါး ဖြစ်နေသော်လည်း အဆင့်မတက်မိအောင် ဆက်ထိန်းထားခဲ့သည်။ အဆင်သင့် မဖြစ်ခင် အဆင့်တက်လိုက်လျှင် သူ၏ အခြေခံကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။ ထိုအချက် တစ်ခုတည်းကသာ သူ့ကို တားဆီးထားနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူ၏ သံမဏိ အဆင့် ခန္ဓာကိုယ်က ပြီးပြည့်စုံမှု မရှိလျှင် အဆင့်မြင့် ရွှေအဆင့်ကို ရောက်ရှိဖို့ သေချာလိမ့်မည် မဟုတ်ချေ။ ဆူရီရယ်က သူ့ကို စိန်ခေါ်ထားသည့် အဆင့်ဆိုလျှင် ဝေလာဝေးပင်။
အပြာရောင် စကျင်ကျောက်လုံးလေးသည် ထောင့်တစ်နေရာတွင် ရှိနေပြီး ဖန်သားနံရံ အတွင်းရှိ မီးတောက်လေးမှာ ဖြောင့်မတ် ငြိမ်သက်နေသည်။ လှည့်ပတ်ကျင့်ကြံနေစဉ် နေ့တိုင်း သူ ထိုအရာကို စိုက်ကြည့်ကာ တရားမှတ်နေခဲ့သည်။ ဆူရီရယ်သည် သူ ဤအရာကို လုပ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ ဤထက်ပို၍ ဆိုးရွားသော ဒုက္ခများနှင့် သူ ကြုံတွေ့ရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် သူသည် ပိုမို သန်မာသူ တစ်ဦးအဖြစ် ထွက်ပေါ်လာမည်ကို သူမ သိထားခဲ့သည်။
သူသည် ထိုအချက်ကို မန္တန်တစ်ခုကဲ့သို့ စွဲကိုင်ထားပြီး ကျောက်ကမ်းပါးစွန်း တစ်ခုကို ဖမ်းဆုပ်ထားသကဲ့သို့ တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
ပြဿနာ တစ်ခုသာ ကျန်ရှိတော့သည်။ သူ၏ တိုးတက်မှုက အလွန် နှေးကွေးလွန်းနေသည်။ သူသည် သူ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်ကိုသာ မာဒြာ များ တွန်းပို့နိုင်ခဲ့သေးသည်။ သူသည် ယခုအခါ အခြေခံ ကာကွယ်သူ နည်းစနစ် တစ်ခုကို အကောင်အထည်ဖော်နိုင်ပြီ ဖြစ်ပြီး၊ အချိန်တိုအတွင်း သူ့ကိုယ်သူ ပိုမို သန်မာလာစေနိုင်သည်။ ထိုအရာကို သူသည် အမြွှာကြယ် လမ်းစဉ် ကျမ်းစာအုပ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် အလျင်စလို ကောက်ရေးထားခဲ့သည်။ သို့သော် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို မာဒြာ များနှင့် ပြည့်နှက်သွားစေရန် လိုအပ်ပြီး၊ ထိုသို့ဖြစ်ရန် အနည်းဆုံး တစ်ပတ်ခန့် လိုသေးသည်။ နှစ်ပတ်လည်း ဖြစ်နိုင်ပါသည်။
သူ့ခန္ဓာကိုယ်ကတော့ မခံနိုင်တော့ပါချေ။ ကျိုးနေသည့် ခြေထောက်နှစ်ဖက်၊ ရောင်ပြီး ပိတ်နေသည့် မျက်လုံးတစ်ဖက်၊ ကျိုးနေသည့် လက်ချောင်းနှစ်ချောင်း၊ အက်နေသည့် နံရိုးတစ်ချောင်း၊ ထို့အပြင် သူကိုယ်တိုင်တောင် မမှတ်မိနိုင်တော့သည့် ဒဏ်ရာများ၊ နာကျင်မှုများနှင့် အတူ နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို အသက်ရှင်လျက် ဖြတ်သန်းနိုင်ဖို့တောင် မသေချာတော့ချေ။
ယခုအချိန်အထိ ဤနေ့ကတော့ တိတ်ဆိတ် နေသေးသည်။ သူ့အတွက် ထိုအရာမှာ ကောင်းကင်ဘုံက ကောင်းချီး တစ်ခုလိုပင်။ သို့သော်လည်း... တစ်ခုခုတော့ ရောက်လာပေလိမ့်မည်။ ပုံပျက်ပန်းပျက် မိစ္ဆာ သားရဲတစ်ကောင် ဖြစ်နိုင်သလို သဲမြွေပွေး တစ်ကောင်လည်း ဖြစ်နိုင်သည်။ ဝိညာဉ်အကြွင်းအကျန် တစ္ဆေ တစ်ကောင်လည်း ဖြစ်နိုင်ချေ ရှိသည်။ အနည်းဆုံးတော့... လှေကားထိပ်မှာ သူ ရေးဆွဲထားခဲ့သည့် အစီအရင်တွေကြောင့် ဝိညာဉ် အကြွင်းအကျန် အချို့ကိုတော့ သူ ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
သို့သော်လည်း... သူ ယနေ့ အသက်ရှင် ကျန်ရစ်လျှင်ပင် သံမဏိ အဆင့်အတွက် အခြေခံချသည့် အလုပ် မပြီးမချင်း သူ တောင့်ခံထားနိုင်မှာ မဟုတ်ချေ။ အခြား ဘာမှ မဖြစ်လျှင်တောင် သူ ငတ်သေပေလိမ့်မည်။ သဲမြွေပွေးများမှာ အက်စစ်စိမ်ထားသည့် ကြက်အသည်းနှင့် အရသာတူသော်လည်း ထိုအထဲ၌ သူ ရှာတွေ့နိုင်သည့် အကောင်းဆုံး အစားအစာ ဖြစ်သည်။ လေးရက်မြောက်နေ့တွင် မီးထုတ်ပေးနိုင်သည့် စွမ်းအင်ထုံး တစ်ခုကို တွေ့ရှိလိုက်ရသည့် အတွက် သူ ကံကောင်းသွားသည်။
များလှစွာသော ဒဏ်ရာများနှင့် အတူ အစာရှာဖို့တောင် သူ့ အတွက် မဖြစ်နိုင်တော့ချေ။ အီသန်ပေးထားသည့် အကြွေစေ့တွေကိုတော့ သူ တစ်ပတ် အတွင်း အကုန်သုံး ပစ်လိုက်သည်။ ထိုအရာတွေကို သုံးပြီး သူ့အမြုတေကို ကန့်သတ်ချက်ထက် ပိုပြီး ကျယ်လောင်လာအောင် တွန်းပို့ခဲ့သည်။ ထို့နောက်တွင်တော့ သူ ကိုယ်တိုင် အကြွေစတွေကို စတင် ဖန်တီးခဲ့သည်။
ပထမတော့ သူ ဖန်တီးလိုက်သည့် အကြွေစေ့တွေက သူ့ ကိုယ်ပိုင် တိုးတက်မှုအတွက် ဘယ်လို အထောက်အကူ ဖြစ်စေမလဲလို့ သူ တွေးမိသည်။ ထိုအရာက အသက်ရှင်ဖို့ ကိုယ့်လက်မောင်းကို ပြန်စားနေရတာနဲ့ တူသည်။ သူက မာဒြာများကို ဖန်တီးသည်။ အကြွေစ အဖြစ် စုစည်းပြီး ဘေးဖယ်ထားလိုက်သည်။ ထို့နောက် သူ့မာဒြာကို အကောင်းဆုံး အခြေအနေရောက်အောင် ပြန်ကျင့်ကြံပြီး အကြွေစေ့ကို ပြန်မြိုချလိုက်သည်။ ထိုသို့ လုပ်လိုက်သည့် အခါ သူ့ အမြုတေက နဂို ကန့်သတ်ချက်ထက် ပိုကျယ်လာပြီး နည်းနည်းလည်း ပိုကြီးလာသည်။
ထိုဖြစ်စဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းဖြင့် သူ့ အမြုတေကို ကြေးအဆင့် ကန့်သတ်ချက် အထိ ရောက်အောင် ဆွဲဆန့် နိုင်ခဲ့သည်။ ခန္ဓာကိုယ်က အဆင်သင့် ဖြစ်လာသည့် အခါ သူ အမြုတေကို နည်းနည်း ထပ်တွန်းပို့လိုကမည်။ ထိုအခါ အမြုတေထဲက လျှံကျလာပြီး သူ စိတ်ရှည်လက်ရှည် ပြင်ဆင်ထားသည့် သွေးကြောများ အားလုံးထဲကို စီးဆင်းသွားပေလိမ့်မည်။
သို့သော် ထိုအချက်က သူ့ကို မူလ ပြဿနာဆီသို့ ပြန်ရောက်သွားစေသည်။
လင်းတုန်းသည် သူ၏ စိုးရိမ်ပူပန်မှုများကို ယီရင် ထံသို့ ရင်ဖွင့်ပြောပြခဲ့ရာ၊ သူမက အဆုံးအထိ နားထောင်ပေးခဲ့သည်။ သူမသည် ဤနှစ်ပတ်အတွင်း သူ့ကို စိတ်မလွတ်သွားစေရန် ထိန်းသိမ်းပေးခဲ့သည်။ သို့သော် သူ၏ အောင်မြင်မှုများကိုတော့ သူမက မျှော်လင့်ထားသလောက် အထင်ကြီးပုံ မရပေ။ သူမ၏ အမြင်တွင် မည်သည့် ကျင့်ကြံသူ မဆို အဆက်မပြတ် တိုက်ခိုက်ခံရမှုများအောက်တွင် ရက်သတ္တပတ် အနည်းငယ်မျှ အသက်ရှင်သန်နိုင်စွမ်း ရှိသင့်သည်ဟု ယူဆထားသည်။
နောက်ဆုံးတွင် လင်းတုန်းက သူ သေမသွားမီ သူ့ ခန္ဓာကိုယ်ထဲသို့ မာဒြာ များကို အပြည့်အဝ တွန်းပို့ရန် မဖြစ်နိုင်ကြောင်းနှင့် ယီရင် အနေဖြင့် အီသန်ထံ လွှတ်ပေးရန် တောင်းဆိုပေးသင့်ကြောင်း ရှင်းပြခဲ့သည်။ ထို့နောက် သူမသည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
ထို့နောက်...
"ငါ့မျက်လုံးတွေပဲ အားနည်းသွားတာလား၊ ဒါမှမဟုတ် အဲဒီထဲမှာ လင်းလာတာလား..."
သူမက ပြောသည်။
အစပိုင်းတွင် လင်းတုန်းက ၎င်းမှာ သူမ၏ စကားအလင်္ကာ တစ်ခုဖြစ်ပြီး၊ 'လင်းလာတယ်' ဆိုသည်မှာ သူ၏ အခြေအနေ ပိုမို ကောင်းမွန်လာသည်ဟု ဆိုလိုခြင်း ဖြစ်မည်ဟု ထင်မှတ်ခဲ့သည်။ ထို့နောက် သူက နံရံများကို ကြည့်လိုက်သည်။
ဆူရီရယ်၏ စကျင်ကျောက်လုံးမှ အလင်းရောင်နှင့် သူ၏ ပတ်လည်တွင် ပုံနေသော ဝိညာဉ်အကြွင်းအကျန် အလောင်းများမှ ထွက်ပေါ်နေသော မှိန်ဖျော့ဖျော့ အလင်းရောင်များ ကြားတွင်၊ သူ၏ ထောင့်ကျဉ်းလေးထဲ၌ အမှန်တကယ်ပင် တောက်ပနေသည်။ ထို့ကြောင့် အခန်းကို ရစ်ပတ်ထားသော အစီအရင် များအတွင်း မှိန်ဖျော့သော မီးပွားများ တလက်လက် တောက်ပနေသည်ကို သူ သတိပြုမိရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
သူသည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ၎င်းသည် သူ၏ လက်ရှိ အခြေအနေအတွက် အမှန်တကယ် ဘာအဓိပ္ပာယ်မှ မရှိသော်လည်း မည်သည့် ပြောင်းလဲမှု လက္ခဏာကမဆို သူ့ကို စိတ်လှုပ်ရှားစေသည်။
"နင် အီသန် ကို မေးကြည့်ပြီးပြီလား... သူ အဲဒီမှာ ရှိနေလား..."
အီသန် သည် လွန်ခဲ့သော နှစ်ပတ်အတွင်း လင်းတုန်း ထံသို့ တိုက်ရိုက် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ တစ်ခွန်းတောင် မပြောခဲ့ပါ။ လင်းတုန်း၏ သိုင်းပညာ ဆိုင်ရာ မေးခွန်းတစ်ခုအတွက် ယီရင် က သူနှင့် အကြိမ်အနည်းငယ် တိုင်ပင်ခဲ့ဖူးသည်။ ၎င်းမှလွဲ၍ သူသည် ထွက်သွားပြီဟုပင် ထင်ရသည်။ သူသည် နေ့ရက်များကို ယီရင် နှင့်အတူ ဖြတ်သန်းနေခဲ့သည်။ တံခါးကို ဖြတ်၍ ထွက်ပေါ်လာသော တိုက်ခိုက်သံများကို လင်းတုန်း ကြားနေရသည်။ ထိုသို့ကြားရတိုင်း လင်းတုန်း သည် မနာလိုမှုကြောင့် မျက်ရည်ကျခဲ့ရသည်မှာ တစ်ကြိမ်မက ရှိခဲ့ပြီ ဖြစ်သည်။
ယခုအခါ အစီအရင် အတွင်းရှိ အလင်းရောင်သည် အီသန် ထံမှ တစ်ခုခု ကြားရနိုင်သည့် အလားအလာကို ဆိုလိုသည်။ ထိုစကားပြောဆိုမှုသည် တံခါးကို ဖွင့်ပေးမည့် သော့ချက် ဖြစ်လာနိုင်သည်။
ယီရင် ထွက်သွားပြီး မိနစ်အနည်းငယ် အကြာတွင် အသံအသစ် တစ်ခု ထွက်ပေါ်လာသည်။ လင်းတုန်းသည် သူ၏ မျက်လုံးများကို မှိတ်ကာ အခြား တစ်စုံတစ်ယောက်၏ အသံကို တစ်ခဏမျှ အရသာခံ နားထောင်နေလိုက်သည်။ ထိုကဲ့သို့ မကြားရသည်မှာ အချိန် အတော် ကြာခဲ့လေပြီ။
"မင်းရဲ့ လေ့ကျင့်ရေး ဒီအဆင့်ကို မြန်မြန် အဆုံးသတ်လိုက်ရတဲ့အတွက် ငါ စိတ်မကောင်းပါဘူး လင်းတုန်း... ဒါပေမဲ့ တစ်ယောက်ယောက်က ငါတို့အတွက် မီးစာ လာတို့ပေးလိုက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်... သူတို့က အစီအရင်ကို ကလိနေကြတယ်၊ အဲဒီတော့ အခန်းလွတ်တွေဆီ စွမ်းအင်တွေ စီးဆင်းလာတယ်... သတင်းဆိုးကတော့ ဒီတံခါးက မကြာခင် ပွင့်တော့မယ်..."
လင်းတုန်း၏ စိတ်ဓာတ်များ အထွတ်အထိပ်သို့ ရောက်သွားသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့... စွမ်းအင်တွေကို ပိရမစ် ထိပ်ဆီကို ဆွဲယူနေတယ်၊ အဲဒီတော့ ရှေးဟောင်း အပျက်အစီး ထဲမှာရှိတဲ့ မိစ္ဆာသားရဲ တိုင်းနဲ့ ဝိညာဉ်အကြွင်းအကျန် တိုင်းက ငါတို့နောက်ကို လိုက်လာကြလိမ့်မယ်..."
လင်းတုန်း၏ စိတ်ဓာတ်များသည် မြေပြင်သို့ ပြန်လည် ထိုးကျသွားပြီး သူ ငိုချင်လုနီးပါး ဖြစ်သွားသည်။
တံခါး ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းရသည်မှာ လွန်ခဲ့သော နှစ်ပတ်ထက်ပင် ပို၍ ကြာရှည်သည်ဟု ထင်ရသည်။ လင်းတုန်းသည် ဗလာဖြစ်နေသော ကျောက်ပြားကြီးကို စိုက်ကြည့်နေသည်။ သူ့ ခန္ဓာကိုယ်မှ လှုပ်ရှားမှုတိုင်းက နာကျင်မှု သံစဉ်များကို နာကျင်ခြင်း တေးဂီတ တစ်ပုဒ်အလား သူ့ထံသို့ ပေးပို့နေသည်။
နောက်ဆုံးတွင် နံရံတစ်လျှောက် ရေးဆွဲထားသော အစီအရင် လိုင်းများသည် ပိုမို တောက်ပလာသည်။ အောက်ခြေတစ်လျှောက်တွင် အလင်းရောင်များ ထွက်ပေါ်လာပြီး တံခါးသည် ကြမ်းပြင်မှ မြင့်တက်သွားသည်။
လင်းတုန်း၏ ကောင်းနေသေးသော မျက်လုံးတစ်လုံးတွင် မျက်ရည်များ ဝဲတက်လာရာ သူက အင်္ကျီလက်ဖြင့် သုတ်၍ ဖယ်ရှားလိုက်သည်။ ကယ်ဆယ်ခံရမည့်အချိန်ကို စောင့်နေသော ကလေးတစ်ယောက်အစား ဒုက္ခဆင်းရဲများကို ဖြတ်သန်းလာခဲ့ရသည့် ရင့်ကျက်သော အသက်ရှင်ကျန်ရစ်သူ တစ်ယောက်အဖြစ် သူတို့ မြင်သွားပါက ပိုကောင်းပေမည်။ သို့သော် သူတို့ သူ့ကို ခေါ်ထုတ်သွားမည် ဆိုပါက သတ္တိကြောင်သူ တစ်ယောက်အဖြစ် နာမည်ထွက်သွားခြင်းကလည်း တန်လှပါသည်။
တံခါး ပွင့်သွားသောအခါ အီသန်သည် သူ၏ နှာခေါင်းကို လက်မောင်းဖြင့် ကွယ်ထားသည်။
"မင်းဆီက နှင်းဆီရည်နဲ့ လာဗင်ဒါရနံ့တွေ ထွက်နေမယ်လို့တော့ ငါ မမျှော်လင့်ထားပါဘူး၊ ဒါပေမဲ့ ရေလေးဘာလေး ချိုးထားရင်တော့ ပိုကောင်းတာပေါ့..."
လင်းတုန်းသည် သူ၏ ကျိုးနေသော ခြေထောက်နှစ်ဖက်ကို စည်းနှောင်ထားသည့် ကြမ်းတမ်းသော ကျပ်ထုပ်များပေါ်မှကျော်၍ သူ့ကို စိုက်ကြည့်လိုက်သည်။
ယီရင်သည် ဘာမှမပြောဘဲ ရှေ့သို့ တိုးလာသည်။ သူမ၏ ဆံပင်များသည် အနည်းငယ် ပြန်လည် မညီမညာ ဖြစ်နေပြန်သည်။ ဖစ်ရှာ များထံမှ သူမ ရရှိထားသော ကျင့်ကြံသူ ဝတ်ရုံသစ်မှာ အနက်ရောင် အစုတ်အပြတ်များ စုပုံထားသည်ထက် ပို၍ မကောင်းလှပေ။ သူမက နှုတ်ခမ်းတစ်ဖက်စွန်းဖြင့် သူ့ကို ပြုံးပြလိုက်ပြီးနောက် အိမ်စွပ်ထားသော ဓားကို ဆုပ်ကိုင်ရင်း သူ့ကို ကျော်ဖြတ်သွားသည်။
သူမက ညည်းတွားသံ တစ်ချက်ပြုရင်း တစ်ဝက်ခန့် ပျက်စီးနေသော ဝိညာဉ်အကြွင်းအကျန် အလောင်းတစ်ခုကို သူ၏ ခံတပ် နံရံမှ ဆွဲဖယ်လိုက်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။
"လောလောဆယ်တော့ ရှင်းနေတုန်းပဲ... ဒါပေမဲ့ ငါတို့ မြန်မြန် သွားသင့်တယ်..."
အီသန်သည် လင်းတုန်းကို အပေါ်အောက် အကဲခတ် ကြည့်လိုက်သည်။
"မင်းအတွက် ခက်ခဲခဲ့မှာပဲ..."
မျက်ရည်မကျစေရန် လင်းတုန်းသည် သူ၏ မျက်လုံးများကို ပြူးကျယ်ထားလိုက်သည်။
အီသန်သည် သူ၏ အင်္ကျီလက်ကို ချလိုက်ရာ သိချင်စိတ် ပြင်းပြနေသော အမူအရာတစ်ခု ပေါ်လာသည်။
"အဲဒါက တန်ရဲ့လား..."
လင်းတုန်းသည် ဒဏ်ရာ သိပ်မပြင်းသော လက်မောင်းဖြင့် သူ့ကိုယ်သူ ပိုမို မတ်မတ်ဖြစ်အောင် တွန်းတင်လိုက်ပြီး ထိုင်လျက် အနေအထားဖြင့် ဖြည်းညင်းစွာ အရိုအသေ ပေးလိုက်သည်။ နံရိုးများမှ နာကျင်မှုကြောင့် သူ၏ နဖူးပေါ်တွင် ချွေးသီးများ တွဲခိုလာသော်လည်း၊ သူက အတင်းအကျပ် သည်းခံလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး... ကျွန်တော်က ဒီကျေးဇူးကို ပြန်မဆပ်နိုင်ပါဘူး..."
ဤနှစ်ပတ်တာ ကာလသည် လင်းတုန်း၏ ဘဝတွင် အဆိုးရွားဆုံး အချိန်များ ဖြစ်ခဲ့သည်။ သို့သော် လဝက်ခန့် ခံစားရသော ပြင်းထန်သည့် နာကျင်မှုသည် တစ်သက်တာလုံး အကူအညီမဲ့ ဖြစ်နေရခြင်းနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
ယခုအခါ သူသည် သံမဏိအဆင့် သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဤနေရာတွင် သံမဏိအဆင့် ဆိုသည်မှာ ကလေးတစ်ယောက်၏ အောင်မြင်မှုမျှသာ ဖြစ်နိုင်သော်လည်း၊ သူ၏ မိဘများမှာ သံမဏိအဆင့် သာ ရှိကြသည်။ သူသည် အသက် ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသဖြင့် သူ၏ အစ်မကို ကျော်လွန်သွားတော့မည် ဖြစ်သည်။
အကယ်၍ သူသာ အထွတ်အမြတ် တောင်ကြား သို့ ပြန်သွားပါက ဝေ့ ကလန် သည် သူ့ကို ပြန်လည် ကြိုဆိုရုံသာမက ဆုချီးမြှင့်ပေလိမ့်မည်။ သူသည် သူတို့၏ စံပြပုဂ္ဂိုလ်သစ် ဖြစ်လာမည် ဖြစ်ပြီး၊ သူတို့၏ သာလွန်မှုကို ပြသရန် အခြား ကလန်များ၏ ရှေ့တွင် လှည့်လည် ပြသခံရသူ ဖြစ်လာပေမည်။
ထိုအတွေးသည် အလွန် ချိုမြိန်လှသဖြင့် သူ့ကို အသက်ရှူမှားလုမတတ် ဖြစ်သွားစေသည်။
ပို၍ အရေးကြီးသည်မှာ ဆူရီရယ် ပြသခဲ့သော လမ်းစဉ် ပေါ်တွင် သူ၏ ပထမဆုံး ခြေလှမ်းများကို လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ရွှေအဆင့် ကို တကယ်ပင် ကျော်လွန်နိုင်ကောင်း ကျော်လွန်သွားနိုင်ပေသည်။
အီသန်က သူ့ကို လမ်းပြပေးခဲ့သည်။ ထိုအချက် တစ်ခုတည်းအတွက်နှင့်ပင် သူသည် ဆံပင်အဝါနှင့်လူ အား ပြန်မဆပ်နိုင်သော ကျေးဇူးကြွေး တင်နေခဲ့ပြီ ဖြစ်သည်။
***