သွေးကြောကျောက်သား အဆင့်၆
Vol. 5 Ch. 68
တောင်ထိပ်က နောက်ဆုံးတိုက်ပွဲဟာ စုမင်နဲ့ ရဲဝမ်ရဲ့ သူတို့ရဲ့ ရှိသမျှ အင်အားအစွမ်းတွေကို ပေါက်ကွဲမှုတစ်ခုလို ပြင်းပြင်းထန်ထန် ထုတ်သုံးခြင်းနဲ့ စတင်လေတယ်။ စုမင်က သွေး လောင်ကျွမ်းခြင်းကို သက်ဝင်နိုးထစေပြီး ရဲဝမ်ကတော့ သူတို့ အကြီးအကဲရဲ့ မာန်သွေးစက် တွေကို စုပ်ယူတယ်။ ကွင်းပြင်ထဲက လူတွေကတော့ ဒါတွေအားလုံးကို မသိရဘူး။
တိုက်ပွဲဟာ အရှိန်ပြင်းဆုံး အခြေအနေကို ရောက်လာချိန်မှာ ကွင်းပြင်ထဲက လူတွေရဲ့ စိတ်လှုပ်ရှားမှု တွေကလည်း အထွတ်အထိပ်မှာ။
"ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ တိုက်ပွဲလဲ။ ဒါကိုမှ စစ်မှန်တဲ့ တိုက်ပွဲလို့ ခေါ်နိုင်တာ”
"ရဲဝမ်က ၈၄၅ လှမ်းကနေ ၈၆၁ လှမ်းကို ရောက်အောင် ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ မော့စုကလည်း သူ့နောက်က လိုက်လာနိုင်တယ်။ သူက သူနဲ့ ရဲဝမ်တို့အကြား အကွာအဝေးကို အလှမ်းနှစ်ဆယ်၊ သုံးဆယ်လောက် ကွာနေရာကနေ ၈၅၉ လှမ်းကို ရောက်တဲ့ အထိ တက်လာပြီး နှစ်လှမ်းလောက်ပဲ ကွာအောင် လုပ်ဆောင်နိုင်ခဲ့တယ်”
"သူတို့ထဲက ဘယ်သူ နံပါတ် ၁ ဖြစ်မလဲ”
ဆွေးနွေးမှုများ၊ ကြွေးကြော်သံများနဲ့ အံ့အားသင့် အာမေဋိတ်သံများဟာ ကွင်းထဲကနေ အဆက်မပြတ် ထွက်ပေါ်နေတယ်။ အဲဒီ အခိုက်အတန့်မှာ လူတွေက စိတ်လှုပ်ရှားမှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်။ အဲဒီ အခိုက်အတန့်မှာ သူတို့ဟာ စိတ်ထဲက ရှုပ်ထွေးတဲ့ ခံစားချက်တွေကို လျစ်လျူရှုထားတယ်။ သူတို့ စိတ်ထဲမှာ တူညီတဲ့ အတွေးတစ်ခုသာ ရှိတယ်။ ပွဲအပြီးမှာ ဘယ်သူပထမ ရမလဲ ဆိုတာကိုပေါ့။
ဘယ်သူ ပထမ ရလေမလဲ။ ဒီမေးခွန်းဟာ ထိပ်တန်း ၅၀ အတွင်း အဆင့်မြင့်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဝန်းအဝိုင်းမှာလည်း ခလောက်ဆန်နေတယ်။ သူတို့က အနီးနား ပတ်ဝန်းကျင် လူတွေလိုပဲ စိတ်လှုပ်ရှား နေခဲ့ကြတယ်။ သူတို့ဟာ ရဲဝမ်နဲ့ ပိုရင်းနှီးလေလေ၊ ခြေလှမ်း ၈၀၀ အတွင်းက လှေကားထစ်တွေရဲ့ ကြောက်စရာ ဖိအားအကြောင်း ကြားဖူးနားဝ ရှိထားတာတွေနဲ့ ပေါင်းစပ်မိလေ ပိုလို့ စိတ်လှုပ်ရှားလေလေပဲ။
"ရဲဝမ်က ပထမနေရာကို အကြိမ်ပေါင်းများစွာ ရယူနိုင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာရော သူအဆင့်ကိုသူ ဆက်ထိန်းထားနိုင်မလား"
"ဒီမော့စုက တကယ်ပဲ ... တကယ်ပဲ အစွမ်းထက်မြက် လွန်းတယ်။ သူက ရဲဝမ်ကို ဒီအခြေအနေထိ ရောက်အောင် တွန်းအားပေးနိုင်ခဲ့တယ်။ အခုသူတို့ကြားမှာ ခြေလှမ်းနှစ်လှမ်းပဲ ခြားတော့တယ်”
“ရဲဝမ်ကို လေပြေစီးကြောင်း မျိုးနွယ်အုပ်ချုပ်တဲ့ ကျုပ်တို့ ဒေသတွေထဲက အစွမ်းအထက်ဆုံး မာန်စွမ်းအားရှင် ဖြစ်တယ်။ သူ့ကို ဘယ်သူမှ မယှဉ်နိုင်လောက်ဘူးလို့ ကျုပ် ထင်ထားပေမဲ့ အခုတော့ ... ကျုပ်ဟာ အပြင်လူတွေကို အတော်လေး အထင်သေးထား မိတာပဲဗျို့”
အဲဒီလို လူမျိုးများနဲ့ နှိုင်းယှဉ်လျှင် အခြားမျိုးနွယ်စု ခေါင်းဆောင်တွေကတော့ အားလုံး မတ်တတ်ရပ်လို့ ငှက်ရုပ်တုတွေကို စိုက်ကြည့်နေကြတယ်။ သူတို့ မျက်နှာတွေဟာ ထိတ်လန့် တုန်လှုပ် နေရုံမျှမက အံ့သြမှုတွေနဲ့ မှင်တက်နေကြတယ်။
"မော့စုက ဘယ်မျိုးနွယ်စုကလဲ”
"ဒီကလေးက ဘယ်သူလဲ"
"အကယ်၍ သူသာ ရဲဝမ်ကို အမှန်တကယ် ကျော်နိုင်သွားရင်တော့ လေပြေစီးကြောင်း အတွက်တော့ ထိတ်လန့်စရာ ဖြစ်သွားမှာပဲ”
'မော့စု ဘယ်အဆင့်ပဲရရ၊ ဒီကနေစပြီး သူ့နာမည်ကို မသိတဲ့ သူတစ်ယောက်မှ ရှိမှာ မဟုတ်တော့ဘူး”
ပေလင်းဟာ စိတ်လှုပ်ရှားစွာနဲ့ လက်သီး ဆုပ်လိုက်တယ်။ သူ့စိတ်ထဲမှာ ကြွေးကြော် နေတယ် ... သူက မော့စုကို အနိုင်ရစေချင်တယ်။ ဝူလရဲ့ မျက်နှာလည်း စိတ်လှုပ်ရှားမှုနဲ့ နီရဲနေတယ်။ ပထမနှင့် ဒုတိယနေရာကြား ပြိုင်ဆိုင်မှုကို အတော်ကြာကတည်းက သူမ မတ်တတ် ထရပ်ပြီး အားပေးနေခဲ့တာ။
ချန်ချွန်းလည်း မော့စုနာမည်ကို ကြက်သေသေလျက် ကြည့်နေခဲ့တယ်။ အဲဒီအခိုက်မှာ ပထမအဆင့် မစတင်ခင် သူ့ဘေးနားကို ရောက်လာပြီး သူ့ သူငယ်ချင်းတွေနဲ့သူ ရယ်မော ပျော်ရွှင်နေတာကို လာကြည့်နေခဲ့ပြီး ပိုင်လင်းဆီ လမ်းလျှောက်သွားတုန်းက ရှိနေခဲ့တဲ့ သူလို့ လာပြောရင် ချန်ချွန်း လုံးဝယုံမှာ မဟုတ်ဘူး။
ပိစု လက်သီးဆုပ်ထားပြီး ငှက်ရုပ်တုကို ကြည့်တယ်။ သူ့ မျက်လုံးတွေထဲမှာ ဒေါသနဲ့ မနာလိုမှုတွေ ပြည့်လျှမ်းနေတယ်။ မော့စုရဲ့ အခုလို ဘုန်းကျက်သရေကို သူပိုင်ဆိုင်ရမှာလို့ တွေးနေတယ်။ မော့စုက အဲဒါကို သူ့ထံက လုယူသွားခဲ့တာ ကွင်းရဲ့ ထောင့်တစ်နေရာမှာ ကျင်းနန် ရှိနေတယ်။ သူ့ရဲ့ မျက်နှာထားဟာလည်း အရင်လို ခံစားချက်မဲ့တဲ့ ပုံမဟုတ်တော့ဘဲ အံ့ဩနေတယ်။ မျက်စိရှေ့က မြင်ကွင်းကြောင့် ကြောင်အမ်းအမ်း ဖြစ်နေလေတယ်။ ငှက်ရုပ်တုကို ကြည့်လိုက်ပြီး ရဲဝမ် ရုတ်တရက် ခြေလှမ်း တက်လာတာကို မြင်တယ်။ ရဲဝမ်ဟာ သူ့ရဲ့ မာန်သွေးစက်ကို စုပ်ယူခဲ့တယ် ဆိုတာကို သူအတပ် ပြောနိုင်တယ်။
“စုမင်က ဘယ်ကလဲ။ သူ့ရဲ့ မူလ အရင်းအမြစ်က ဘာလဲ။ သူ ... ဘယ်လိုလုပ်ပြီး ဒီလောက် အလားအလာကောင်း ရှိနေတာလဲ”
ကျင်းနန် အသက်ပြင်းပြင်း ရှူမိတယ်။ သူ့ရဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်လုံးတွေကို ဖုံးကွယ် မထားနိုင်တော့ပါ။
"မော့စန်း ... သူကတကယ်ပဲ မဟာယွီ ပြည်ထောင်ရဲ့ မင်းသားလေးလား”
ကျင်းနန်ဟာ တိုးလျစွာ မမေးလိုက်ခင် အနည်းငယ်မျှ တွန့်ဆုတ်နေခဲ့တယ်။
မော့စန်းဟာ အသာအယာ ပြုံးပေမဲ့ ဘာမှ ပြန်မပြောခဲ့ဘူး။ တကယ်တော့ သူလည်း တည်ငြိမ်နေတာ မဟုတ်ဘူး။ နှလုံးဟာ တဒိန်းဒိန်းနဲ့ ခုန်လှုပ်နေတယ်။
တစ်ချိန်တည်းမှာပဲ တောင်အတွင်းမှာ အခိုးအငွေ့တွေဟာ တလိမ့်လိမ့် ထွက်ပေါ်လာတာမို့ တောင်ဟာ တုန်ခါသွားတယ်။ တောင်ထိပ်ပေါ်က ကြုံးဝါးသံတွေကလည်း ပိုပြီး ရှင်းရှင်းလင်းလင်း ကြားလာရတယ်။ အဲဒီမာန်ဖီ ဟိန်းဟောက်သံတွေနောက် ဝှက်ထားတဲ့ သတင်းစကား တစ်ခုခု ရှိနေသလိုပဲ။
စုမင် တုန်ယင်နေတယ်။ သူ့မျက်နှာမှာ ရူးသွပ်မှုတွေ အပြည့်။ သူ့ရဲ့ ညာဘက်လက်ညှိုးနဲ့ ညာဘက် မျက်လုံးကို ဖိထားတယ်။ သူ့ရဲ့ ညာဘက်မျက်လုံး တစ်ဝက်ဟာ သွေးတွေ စွန်းပေနေပြီ ဖြစ်တယ်။
တတိယမြောက် သွေးလောင်ကျွမ်းခြင်းရဲ့ ခက်ခဲမှုဟာ စုမင် မျှော်လင့်ထားတာထက် အများကြီး သာလွန်နေတယ်။ သူဒီနေရာမှာ ရှိနေပြီး ကြီးမားတဲ့ ဖိအားက သူ့ကို ကူညီပေးသည့်တိုင် အပြီးသတ်အထိ မအောင်မြင်နိုင်ဘူးလို့ ထင်မြင်မိတယ်။
အရင်နှစ်ဆင့်က သွေးလောင်ကျွမ်းခြင်းတွေနဲ့ ဒီနေ့အရာက ဆက်စပ်လို့တောင် မရဘူ။ သွေးလောင်ကျွမ်းခြင်း ပြုလုပ်ဖို့ ကိုးကြိမ်တိတိ လိုရာမှာ တတိယမြောက် အကြိမ်ဟာ သူ့အတွက် အကျပ်အတည်း၊ မဖြစ်မနေ ကျော်ရမယ့် တန်းတစ်ခု။ သူလမ်းကြောင်းမှာ ခံနေတဲ့ ဆူးငြောင့်တစ်ခု ဖြစ်တယ်။
သူက ၈၅၉ လှမ်းမြောက်မှာ ရပ်နေတယ်။ ဒီနေရာက သူရှာနေတဲ့ နေရာ မဟုတ်သေးဘူး။ သွေးလောင်ကျွမ်းခြင်းကို ထုံးတမ်းစဉ်လာအတိုင်း လုပ်ဆောင်နေစဉ်မှာ သူ့ တစ်ကိုယ်လုံးလည်း မီးတောက်တွေ ကြားမှာ လောင်ကျွမ်း သွားတော့မတတ် ခံစားနေရတယ်။ သူ့ခန္ဓာကိုယ်အတွင်းက သွေးတွေ တစ်ခုခု ပြောင်းလဲသွားသလိုပဲ။ ပုံမှန်သွေး အဖြစ်ကနေ ချော်ရည်ပူတွေလို ပြောင်းလဲ သွားသလိုမျိုး။
စုမင်ဟာ ကိုယ်ခန္ဓာ နာကျင်မှုနဲ့ ပြင်ပကမ္ဘာက ဖိနှိပ်မှုတွေကြောင့် အရှုံးပေးဖို့ စဉ်းစားခဲ့
ပေမဲ့ မျိုးနွယ်စုအပေါ် လွှမ်းမိုးနေသည့် အန္တရာယ်ငွေ့နဲ့ အိုမင်းရင့်ရော်တဲ့ အကြီးအကဲ မျက်နှာထက်က ပူပန်စိတ်များကို သတိရလိုက်တဲ့ အခိုက်မှာ စုမင်ဟာ နာကျင်သမျှကို သည်းခံနိုင်စွမ်း ခဲ့လေတယ်
သူ ပိုပြီး အစွမ်းထက်လာ ချင်တယ်။ အကြီးအကဲကို ကူညီချင်တယ်။ သူ့အိမ်နဲ့ သူ့မျိုးနွယ်ကို ကာကွယ်ချင်ခဲ့တယ်။ သူက မျိုးနွယ်တွေ ရန်သူတွေကို သတ်တဲ့ နေရာမှာ ကူညီချင်တယ်။ သူ့ရဲ့သွေးတွေကို အသုံးပြုပြီး နက်မှောင်တောင် မျိုးနွယ်စုကို ဘယ်သူမှ လက်ဖျားနဲ့တောင် ထိခွင့်မပေးဘူး။
စုမင်ဟာ သူ့ရဲ့ နာကျင်မှုနဲ့ ဝေဒနာတွေ အားလုံးကို လွှင့်ထုတ် ပစ်လိုက်သကဲ့သို့ အသံ ကျယ်ကျယ်လောင်လောင်နဲ့ အော်ဟစ်လိုက်တယ်။ အော်နေရင်းနဲ့လည်း လက်ညှိုးနဲ့ ညာဘက်မျက်လုံး တစ်လျှောက်ကိုလည်း ဖြည်းဖြည်းမှန်မှန်နဲ့ ပြတ်ပြတ်သားသား ဆက်ပြီး သုတ်လိမ်းနေခဲ့တယ်။
အဲဒီအခိုက်အတန့်မှာ စုမင်ရဲ့ မိမိလူမျိုးနဲ့ မျိုးနွယ်ကို ကာကွယ်စောင့်ရှောက်မယ့် အရေးက လာတားတဲ့သူက သူ့ရဲ့ တစ်သက်တာ ရန်သူဖြစ်သွားမှာ။
သူ့မျက်လုံးတွေထဲမှာ မီးလောင်နေသလို ခံစားနေခဲ့ရတယ်။ စုမင်ဟာ ခြေကိုကြွလို့ မဆင်မခြင် ခြေလှမ်းတွေနဲ့ ဆက်လျှောက်လှမ်းခဲ့တယ်။ ၈၅၆ ... ၈၆၀ ... ၈၆၁၊ ၈၆၂၊ ၈၆၃ သို့ ရွှေ့သွားတယ်။
သူ့ရဲ့ ခန္ဓာကိုယ်ကနေ သွေးကြောတွေ ထပ်မံပေါ်ထွက် လာတယ်။ ဒါက သူ့ရဲ့ အစွမ်းကုန်ပဲ။ သူ ဆက်မလုပ်နိုင်တော့ဘူး။
"ငါ့အသွေးတွေကို လောင်ကျွမ်းလိုက်စမ်း”
သူအစွမ်းကုန် အချိန်ကို ရောက်ရှိတာနဲ့ တစ်ပြိုင်နက် စုမင်ဟာ မိုးကောင်းကင်ကို မျက်နှာချီပြီး ဟစ်အော်လိုက်တယ်။ အဲဒီအသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ် ပျံ့နှံ့သွားပြီး လရောင်ဟာလည်း ၎င်းရဲ့ နောက်ဆုံးသော ရောင်ခြည်တန်းကို လွှင့်ထုတ်ပေးလျက် ကောင်းကင် ကနေ ဖြာဆင်းလာပြီး ပေါင်းစပ် မိသွားတာကို ဘယ်သူမှ မမြင်လိုက်ရဘူး။
စုမင် ခြေဖဝါးအောက်က တောင်ဟာ ပြင်းစွာ တုန်လှုပ်နေတယ်။ အရင်က တစ်ခါမျှ မကြုံဖူးတဲ့ ပြင်းထန်တဲ့ အရှိန်နှုန်းနဲ့ မြူမှုန်တွေဟာ မိုးကောင်းကင်ဆီ ဦးတည်တက်သွားတယ်။ ၎င်းဟာ အနီးအနား ဝန်းကျင်တစ်ခုလုံးကို မြူတွေနဲ့ လွှမ်းခြုံစေလိုက်ပြီး ထူးခြားတဲ့ အသွင်သဏ္ဌာန်ကို ဖြစ်ပေါ်စေတယ်။
ထိုအရာက ဧရာမသတ္တဝါကြီး တစ်ကောင်နဲ့ တူပေမဲ့ အရိပ်က မသဲကွဲတော့ သေချာ မမြင်ရဘူး။ တောင်ဟာ တုန်ခါမှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်မှာ တောင်အတွင်းကနေ စကားနဲ့ မဖော်ပြနိုင်လောက်တဲ့ ထူးဆန်းတဲ့ လေထု ထွက်ရှိလာတယ်။ စုမင်ကို ဗဟိုပြုလို့ လျင်မြန်တဲ့ အရှိန်နဲ့ ဦးတည်ဝင်လာတယ်။ သူ့ခန္ဓာကိုယ်ထဲကို အဲဒီလေတွေ ၀င်ရောက်လာတဲ့ အခါမှာ စုမင်ဟာ သူ့ ညာလက်ညှိုးက သွေးနဲ့ ညာဘက်မျက်လုံး တစ်ခုလုံးကို သုတ်လိမ်းပြီးသား ဖြစ်နေပြီ။
တတိယအကြိမ် သွေးလောင်ကျွမ်းခြင်း ပြီးဆုံးသွားလေပြီ။
စုမင်ရဲ့ ခန္ဓာကိုယ်ကနေ ကျယ်လောင်တဲ့ အသံတစ်စ ထွက်လာတယ်။ သူ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ သွေးကြောတွေအားလုံး ပေါ်လာပြီး အရေအတွက်က များပြားလာတယ်။ သူတို့ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခြင်းက စုမင်ရဲ့ ကိုယ်ခန္ဓာကို ပိုလို့ သန်မာတောင့်တင်း စေတယ်။
တစ်ခဏအတွင်း စုမင်ရဲ့ ကိုယ်ပေါ်မှာ သွေးကြော ၁၀၉ ကြောအထိ တိုးမြှင့် ထွက်ပေါ်လာတယ်။ ခန္ဓာကိုယ်အတွင်းက ကျယ်လောင်တဲ့ မြည်ဟည်းသံနဲ့အတူ သွေးကြော ကျောက်သား အဆင့် ၅ ကို ထိုးဖောက် ဖြတ်ကျော်လို့ အဆင့် ၆ ကို ရောက်ရှိခဲ့လေပြီ။
သွေးကြောများဟာ တိုးပွားနေဆဲ။ တစ်ခုချင်း ပျံ့နှံ့ဖြာဆင်း နေတုန်းမှာ စုမင်ခြေကို ကြွလို့ ၈၇၈ လှမ်းမြောက်ကို အသာအယာ တက်သွားတယ်။ သူခြေချ လိုက်ချိန်မှာ တောင်ဟာ တစ်ဖန် တုန်လှုပ် သွားပြန်တယ်။ ထူးဆန်းတဲ့ လေပြင်းဟာ သူ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ် ဝင်နေရင်း စုမင်က ဆက်ပြီး ၈၇၉ လှမ်းမြောက်ကို တက်သွားတယ်။
၈၈၃ ... ၈၈၅ ... ၈၈၉ ... ခြေလှမ်းသို့ ရောက်ရှိလာချိန်မှာ စုမင်ရဲ့ ကိုယ်ပေါ်မှာ သွေးကြော ၁၅၆ ကြောအထိ တိုးပွားလာပြီ။
သူ့ခန္ဓာကိုယ် အတွင်းရှိ ချီစွမ်းအင်အားလုံး မီးတောက်တွေအဖြစ် ပြောင်းလဲ သွားသလိုမျိုး။ ကောင်းကင်ကိုရော၊ မြေပြင်ကိုပါ ပြာချ ပစ်လိုက်နိုင်အောင် စွမ်းနိုင်တာမျိုး။ သူမျက်လုံးတွေထဲက သွေးလွှမ်း လအရိပ်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့တယ်။ တတိယမြောက် သွေးလောင်ကျွမ်း ပြီးနောက်မှာ လဟာ မျက်လုံးတွေထဲ ပြန်လည်ဝင်ရောက် သွားခဲ့ပြီး တစ်ခါဖူးမျှ အပြင် ထွက်လာခြင်း မရှိသလို ဘာအရိပ်အယောင်မှ မတွေ့ရတော့ဘူး။
အခုမှသာ စုမင်ဟာ မီးလျှံမာန် အတတ်ပညာကို အနည်းငယ် ကျွမ်းကျင်လာပြီလို့ မှတ်ယူလို့ ရနိုင်တယ်။ သူ ခြေထောက်ကို ကြွလို့ ခြေလှမ်း ၉၀၀ ဆီ ဦးတည်တယ်။ အဲဒီမှာ ခြေစုံရပ်လို့ အပေါ်ကို လှမ်းမျှော်ကြည့်တယ်။ သူရှိနေတဲ့ နေရာကနေ မနီးမဝေး တောင်ထိပ်မှာ ဝပ်တွားလျက်ရှိတဲ့ သားရဲရုပ်တုကို မြင်တွေ့လိုက်ရတယ်။
စကားနဲ့ ဖော်ပြလို့ မရနိုင်တဲ့ ခံစားမှုဟာ စုမင်တစ်ကိုယ်လုံးမှာ ဖြစ်တည်လာတယ်။ ရုပ်တုဟာ ကျားနဲ့တူပေမဲ့ အနောက်ကျောမှာ တောင်ပံတစ်စုံ ပါရှိတယ်။ အပေါ်ကို ပျံတက်လိုပေမဲ့ အောက်ဘက်က ကြိုးပေါင်းများစွာရဲ့ တုပ်နှောင်မှုကြောင့် ပျံမတက်နိုင် ဖြစ်နေသလိုမျိုး။ ၎င်းထံမှာ မယုံနိုင်လောက်စရာ အာဃာတနဲ့ အငြိုးအတေးတွေ ပြည့်နှက်နေတာကို တွေ့ရပါတယ်။
သူက ဒီရုပ်တုကို ကြည့်နေသလို ရုပ်ထုကလည်း သူ့ကို ကြည့်နေသလို ခံစားရတယ်။ နှစ်ဦးသား အကြားမှာ ခြေလှမ်း ရာချီမျှသာ ကွာဝေးမှုနဲ့ တောင်ထိပ် တစ်နေရာမှာ လူနဲ့သားရဲဟာ တစ်ဦးနဲ့တစ်ဦး စိုက်ကြည့်လျက် ရှိကြလေတယ်။
အချိန်များစွာ ကြာမြင့်ပြီးနောက် စုမင် မျက်လုံး ပိတ်လိုက်တယ်။ သားရဲရုပ်တုနဲ့ အကျွမ်းတဝင် ရှိတယ်လို့ သူခံစားရတယ်။ ရုပ်တုက မီးလျှံမာန်မျိုးနွယ်နဲ့ သက်ဆိုင်နေတယ်။
၎င်းဟာ မီးလျှံမာန် မျိုးနွယ်စုက ဒဏ္ဍာရီလာ သားရဲရုပ်တုဖြစ်တယ်။
မျက်လုံးကို ပိတ်လိုက်ချိန်မှာ သူ ရှာဖွေနေတဲ့ နေရာကိုလည်း စုမင် တွေ့ရှိသွားတယ်။ အလှမ်း ၉၀၀ မြောက်အဆင့်ဟာ ဖိအားမျှခြေ ညီမျှတဲ့ သတ္တမမြောက်နေရာ ဖြစ်တယ်။ သူအဲဒီမှာ ရပ်နေတယ်။ သူ့ခန္ဓာကိုယ်မှာ သွေးကြော ၁၅၆ ခုရှိနေတယ်။ နှလုံးခုန်ချက် တစ်ချက်ချင်းစီမှာ လျင်မြန်စွာ ပျံ့နှံ့ဖြာဆင်း နေတယ်။ အရုဏ်တက်ချိန် ပြီးဆုံးခါနီး နေအလင်းရောင် စတင်ခါနီးချိန်မှာ စုမင်ဟာ သူ့ခန္ဓာကိုယ်ရဲ့ နောက်ဆုံးသော စင်ကြယ် ရှင်းသန့်ခြင်းကို လုပ်ဆောင်ပါတော့တယ်။
ရဲဝမ်ရဲ့ ဆံပင်တွေဟာ ရှုပ်ထွေးနေတယ်။ သူ့ရဲ့ မျက်နှာဟာ မယုံနိုင်စရာ ရူးသွပ်မှုတွေနဲ့ ပြည့်လို့။ သူသည် လှေကား ဆယ်ထစ်လောက်တောင် မလျှောက်ရသေးဘူး၊ ရင်ဘတ်က တဒိန်းဒိန်းနဲ့ တုန်လှုပ်နေပြီ။ ဦးချိုပုံအရောင် မှိန်လာတာနဲ့အမျှ သူ့ကိုယ်က ထွက်နေတဲ့ အလင်းရောင်က မှိန်ဖျော့နေပြီ။ သူက အကျိုးဆက်တွေကို မစဉ်းစားဘဲ ရှေ့ကို လျှောက်သွားခဲ့တယ်။ သူ့ရဲ့ မာန်မာနနဲ့ ဂုဏ်သိက္ခာက သူ့ကို အရှုံးပေးခွင့်မပြုဘူး။
၈၈၁ ... ၈၈၂ ... ၈၈၉ ... ရဲဝမ်ဟာ ညာဘက်လက်နဲ့ သူ့ရင်ဘတ်ကို ထိုးနှက်လိုက်တယ်။ ဦးချိုရဲ့ ရုပ်ပုံက ကျယ်လောင်တဲ့ အသံပြုပြီး ပျောက်ကွယ်သွားတယ်။ လုံးဝပျောက်ကွယ် သွားတာနဲ့ တစ်ပြိုင်နက် ရဲဝမ်ရဲ့ ကိုယ်ခန္ဓာတစ်ခုလုံးကို ပြည့်စုံသော နောက်ဆုံးသော စွမ်းအင်ကို ဖြည့်တင်း ပေးလိုက်တယ်။ အဲဒီအချင်းအရာဟာ ရဲဝမ်ကို မာန်သွင်း ဟစ်အော်စေလျက် အလှမ်း ၉၀၀ မြောက် လှေကားကို တက်လှမ်းလိုက်စေနိုင်ပြီး ၉၀၅ ဆင့်အထိ ရောက်ရှိသွားတယ်။
သူရောက်သွားတာနဲ့ တစ်ပြိုင်နက် ရဲဝမ်ဟာ သွေးစိမ်းရှင်ရှင် အန်ထွက်ပြီး တဖြည်းဖြည်း လဲကျသွားလေတယ်။ သူ့လက်ထဲက ပလိတ်ပြားလည်း လွတ်ကျ သွားတယ်။ အဲဒီလို လွတ်ကျ သွားချိန်မှာ ရဲဝမ်လည်း အနက်ရောင် အခိုးအငွေ့တွေအဖြစ် ပြောင်းသွားပြီး တောင်ကနေ ပျောက်ကွယ်သွားတယ်။
တောင်ပေါ်မှာ စုမင်သာ ကျန်နေခဲ့တော့တယ်။
တောင်ပေါ်မှာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကွင်းပြင်ကျယ်ထဲမှာလည်း အလားတူပဲ။ ရဲဝမ် ကွင်းထဲ ရောက်လာချိန်မှာ သူသတိလစ်နေတယ်။ ကျင်းနန်ဟာ မှောင်မည်းနေတဲ့ မျက်နှာနဲ့ ကြည့်နေတုန်း လူအချို့ အလျှိုလျှို ရှေ့တိုးသွားပြီး ရဲဝမ်ကို ထောင့်တစ်နေရာကို သယ်ဆောင် သွားလို့ သက်သာလာအောင် လုပ်ဆောင်ပေးတယ်။
ငှက်ရုပ်တု ကိုးခုပေါ်မှာ မီးခိုးရောင် မပြောင်းသွားသေးတဲ့ နာမည်တစ်ခုသာ ကျန်ရှိ ပါတော့တယ်။
အဆင့်၂ - မော့စု၊ အလှမ်း ၉၀၀။
လူတိုင်းစောင့်နေကြလေတယ်။
***