အခန်း (၂၄၂၃-၂၄၂၄)
Vol. 174 Ch. 2423-2424
အပိုင်း(၂၄၂၃)
ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ မဆိုသလောက်ကလေး ကျဉ်းမြောင်း သွားလေ၏။ ယွီစွန်းလီနှင့် ပေါင်းဖက်မည့် သူ၏ ကိစ္စကို ဘာကြောင့် လူတိုင်းက လာရောက် နှောင့်နှေးအောင် ကြိုးစားနေကြသနည်း။ ပိုင်လင် ၏ မျက်လုံးများက လောဘတကြီး အလင်းရောင်များဖြင့် တောက်ပသွား၏။
"ဒါဆိုရင် ကောင်းကင်လောက ရဲ့ အပိုင်းအစတွေက တန်ဖိုးကြီးတာပေါ့လေ..."
ဝေ့ဝူယင်က ပိုင်လင်ကို ညင်သာစွာ ထိတွေ့လိုက်၏။ သူမက အလိုအလျောက် အရှိန်လျှော့လိုက်သော်လည်း အာရုံကတော့ သူ၏ အဖြေကို တောင့်တနေခဲ့သည်။ သူက ရယ်မောလိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။
"ကောင်းကင်လောက တစ်ခုရဲ့ အဓိက စွမ်းအင်တွေနဲ့ အမတေ တွေက လျှို့ဝှက်ကောင်းကင် အဆင့် တွေလေ... နောက်ပြီး လျှို့ဝှက်ကောင်းကင် အဆင့် အမတေ ကျောက်တုံးတွေက ဘယ်ကလာတယ်လို့ မင်း ထင်လဲ..."
ပုံမှန်အားဖြင့် အထွတ်အထိပ် တည်ရှိမှုများသည် အန္တရာယ်များနှင့် အခက်အခဲများ ရှိသောကြောင့် အရိုးပြာနယ်မြေကို စူးစမ်းလေ့လာရန် သို့မဟုတ် သိမ်းပိုက်ရန် ရှောင်ရှားလေ့ ရှိကြ၏။ ထို့အစား သူတို့က ၎င်းကို ကောင်းချီးပေးခံရသော အထွတ်အမြတ် နယ်မြေ တစ်ခု အသုံးပြုကာ အခွင့်အရေးများ ရှာဖွေရန် ရဲရင့်သော လူငယ်များကို စေလွှတ်ကြသည်။ ထို့နောက် အကယ်၍ သူတို့က တန်ဖိုးရှိသည့် အရာတစ်ခုခုကို ရှာတွေ့ပြီး အသက်ရှင်လျက် ပြန်လည် လွတ်မြောက်လာပါက ထိုကံကောင်းသူများနှင့် အပေးအယူ လုပ်လေ့ရှိကြလေသည်။
မည်သို့ပင်ဆိုစေ မြေကြီးရှန့်ထို ၊ လောကရှန့်ထို ၊ သို့မဟုတ် မူလ တရားသူကြီး တို့သည် လျှို့ဝှက်ကောင်းကင် အဆင့် ကုန်ကြမ်းများကို အသုံးပြု၍ ဘာလုပ်နိုင်မည်နည်း။ သူတော်စင်များ ပင်လျှင် ၎င်းတို့ကို ထိရောက်စွာ အသုံးမပြုနိုင်ကြပေ။ ၎င်းမှာ သာမန် သေမျိုး တစ်ယောက် အနေဖြင့် အရည်ပျော်နေသော ခဲရည်ကို သန့်စင်ရန် ကြိုးစားခြင်းနှင့် မခြားနားလှပေ။
ဤအလေ့အထကို ဂလက်ဆီ တိုင်းတွင် ကျင့်သုံးကြ၏။ ကောင်းကင်လောကများ ဖြစ်ကြသော တားမြစ်နယ်မြေများသည် အလွန် အန္တရာယ်များလှသော်လည်း ရတနာသိုက်များလည်း ဖြစ်ကြလေသည်။
"အိုး..."
ပိုင်လင် သဘောပေါက်သွားလေသည်။ သို့ဆိုလျှင် အမြုတေ ပေါက်ကွဲသွားချိန်၌ လျှို့ဝှက်ကောင်းကင် အဆင့် ကုန်ကြမ်းများ၊ အမတေ ကျောက်တုံးများ နှင့် အခြားအရာများကို လုယက်ယူငင်နိုင်မည် မဟုတ်ပါလော။ သူမ ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့၏။ သားရဲ တစ်ကောင်အနေဖြင့် သူမသည် ကျင့်ကြံသူများနှင့် ခြားနားစွာပင် ကုန်ကြမ်းများကို လွယ်ကူစွာ ချေဖျက်နိုင်ပေသည်။
"ဟင်..."
တစ်စုံတစ်ယောက် လာနေသည်ကို သူမ ခံစားလိုက်ရ၏။
"ဒီမှာ ရပ်လိုက်..."
ဝေ့ဝူယင်က ပိုင်လင်အား စိတ်ဖြင့် အချက်ပြလိုက်၏။ သူမသည် သူမ၏ အဖြူရောင် တောင်ပံများကို ညင်သာစွာ ခတ်ကာ အရှိန်ကို ရပ်တန့်လိုက်သော်လည်း ယခင်ကဲ့သို့ မီးတောက်အသွင်သို့ ပြောင်းလဲခြင်း မရှိခဲ့ပေ။ သူမ၏ ရွှေရောင် အကြည့်များက အရှေ့ဘက်ရှိ အာကာသ လှုပ်ရှားမှုဆီသို့ စူးစိုက်သွားလေသည်။
"ကောင်းကင်ရှန့်ထို အာရုဏ်ဦး..."
အလွန် ရင်းနှီးသော အသံတစ်ခု ပဲ့တင်ထပ်သွား၏။ ထို့နောက်... သူတို့ နေရာမှ ဆယ်မိုင်ခန့် အကွာ အမှောင် ဟင်းလင်းပြင်တွင် အာကာသ လှုပ်ရှားမှုမှာ ရပ်တန့်သွား၏။ လေပူများ လောင်ကျွမ်းသွားသည့်အလား တိုးညင်းသော အသံတစ်ချက်နှင့်အတူ လူတစ်ယောက် ထွက်ပေါ်လာလေသည်။
"တောက်ပသော ကြယ်နန်းတော်သခင် ပါလား... မိတ်ဆွေကြီး... ဘယ်လို လေတိုက်လို့ ရုတ်တရက်ကြီး ရောက်လာရတာလဲဗျာ..."
ဝေ့ဝူယင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွား၏။ သူ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ သို့ ရောက်ရှိလာကတည်းက တောက်ပသော ကြယ်နန်းတော်သခင်သည် သူတို့ နှစ်ဦးကြားတွင် “အစစ်အမှန် ဆက်ဆံရေး မရှိခြင်းဂ အကြောင်းကို တိတ်ဆိတ်နေခြင်းဖြင့် သူ့ကို ယုံကြည်နိုင်စွမ်းရှိသူ တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်။
ဝေ့ဝူယင် ထုတ်လုပ်ခဲ့သော ကြယ်တာရာ ဓာတ်ပြား သည် နယ်ခြား အဖွဲ့အစည်းများကို အာကာသ နယ်မြေများအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နိုင်စေပြီး သူတို့ အခိုင်အမာ တည်ဆောက်ထားသော အာကာသ ကာကွယ်ရေးများကို ရှောင်လွှဲနိုင်စေ၏။ အကယ်၍ ထိုအချက်သာ ပေါက်ကြားသွားပါက သူတို့ တောက်ပသော ကြယ်နန်းတော် တည်ဆောက်ထားသမျှ အရာအားလုံးကို အဆုံးသတ်တွင် ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။ ဂလက်ဆီ အတွင်းနှင့် အပြင်တွင် အမြန် သယ်ယူပို့ဆောင်ရေးအတွက် အထက်တန်းလွှာများကို ဝန်ဆောင်မှုပေးနေသော သူတို့၏ စီးပွားရေး လုပ်ငန်းသည် တစ်ခဏအတွင်း ပြိုကျသွားမည် ဖြစ်လေသည်။
'မိတ်ဆွေကြီး' ဟူသော စကားလုံးကို ကြားလိုက်ရုံမျှဖြင့် တောက်ပသော ကြယ်နန်းတော်သခင် ၏ ဘယ်ဘက် မျက်ခုံးသည် အနည်းငယ်မျှ တွန့်ခါသွား၏။ သူသည် ကြိုဆိုသော အော်ရာ တစ်ခုကို ထုတ်လွှတ်ရင်း အပြုံးဖြင့်သာ ပြန်လည် တုံ့ပြန်နိုင်ခဲ့လေသည်။
"ဟားဟား... ခင်ဗျားက အရမ်း အလုပ်များနေတော့ ဆက်သွယ်ရတာ ခက်တယ်လေ..."
"အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ကို တည်ဆောက်ရတာ အချိန်တော်တော် ယူလိုက်ရတယ်... ဗလာနယ်မြေ ဆိုတာ လွယ်လွယ်နဲ့ အောင်နိုင်တာမှ မဟုတ်တာ... ကျွန်တော် ဂရုမစိုက်နိုင်ခဲ့တာတွေ ရှိရင် ခွင့်လွှတ်ပါဗျာ... အရေးတကြီး အကူအညီ လိုတာများ ရှိလို့လား..."
ဝေ့ဝူယင်က ရင်းနှီးပြီး စာနာတတ်သော သူငယ်ချင်း တစ်ယောက်အဖြစ် ဟန်ဆောင်လိုက်လေသည်။
"ကိစ္စမရှိပါဘူး ကောင်းကင်ရှန့်ထို အာရုဏ်ဦး..."
တောက်ပသော ကြယ်နန်းတော်သခင်သည် ထိုသို့သော ပါးနပ်သည့် အင်ပါယာ ဧကရာဇ် တစ်ပါးထံမှ တစ်ဖက်သတ် အကူအညီကို ပေါ့ပေါ့ဆဆ တောင်းခံဝံ့မည် မဟုတ်ပေ။ ယင်းအစား သူက အဝေးရှိ အရိုးပြာနယ်မြေ ဘက်သို့ လက်ညှိုးထိုးပြကာ ပြန်ဖြေလိုက်၏။
"ကောင်းကင်လောကရဲ့ အမြုတေ ဖောက်ခွဲမှု ဖြစ်စဉ် စတင်နေပြီလို့ ကျွန်တော့်ရဲ့ အစစ်အမှန် ခန္ဓာကိုယ် ဆီကနေ သတင်း ရထားတယ်... ခင်ဗျားကို အကြောင်းကြားဖို့ ဒီကိုယ်ပွားကို ဗလာနယ်မြေ ရဲ့ အစွန်အဖျားမှာ စောင့်နေခိုင်းထားတာလေ..."
"ဟုတ်လား..."
ဝေ့ဝူယင် က အံ့အားသင့်သွားသည့်ဟန် ပြုလုပ်လိုက်၏။ အရိုးပြာနယ်မြေသည် အာရပ်နစ် မျိုးနွယ်တို့ထံ သတင်းအချက်အလက်များကို သူ ရောင်းချပြီးကတည်းက သူ၏ စောင့်ကြည့်မှု အောက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
"အဲဒါ ဘယ်အချိန်လောက် ပေါက်ကွဲမယ်လို့ ခန့်မှန်းထားလဲ..."
"နောက်ထပ် တစ်နာရီ မပြည့်ခင်မှာပဲ..."
တောက်ပသော ကြယ်နန်းတော်သခင် က ပြောလိုက်၏။
ဤတစ်ကြိမ်တွင်မူ ဝေ့ဝူယင် သည် အမှန်တကယ် အံ့အားသင့်သွားခဲ့လေသည်။
"ကျွန်တော့်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က ပြိုင်ဆိုင်မှုတွေ ကြားထဲမှာ ကံကောင်းခြင်းတွေကို ရယူဖို့အတွက် မဟာမိတ်ပြုဖို့ မျှော်လင့်ချက်နဲ့ ကောင်းကင်ရှန့်ထို အာရုဏ်ဦးကို ဖိတ်ခေါ်ထားပါတယ်... ဘယ်လို သဘောရလဲ..."
"..."
ဝေ့ဝူယင်၏ အကြည့်များက အရိုးပြာနယ်မြေ ဆီသို့ ရောက်သွားပြီးနောက် မူလအာရုဏ်ဦး နန်းတော် ဆီသို့ ရွေ့လျားသွား၏။ ထိုနေရာတွင် ဂလက်ဆီကိုပင် မှောက်လှန်နိုင်လောက်သည့် အလှပိုင်ရှင်များက သူ့ကို စောင့်ကြိုနေကြလေသည်။ အချိန်ကိုက်မှုက ဤထက် ပိုဆိုးနိုင်မည် မဟုတ်တော့ပေ။
ယွီစွန်းလီ၏ နှုတ်ခမ်းများက သူ၏ အတွေးထဲတွင် ပေါ်လာ၏။ သို့သော် ဤကိစ္စအတွက် သူ၏ ကိုယ်တိုင် ပါဝင်မှုနှင့် အပြည့်အဝ အာရုံစိုက်မှုတို့ လိုအပ်နေပေသည်။ အတုအယောင် နတ်ဘုရား အဗာတာ တစ်ခုကပင်လျှင် မကြာမီ ဖြစ်ပေါ်လာတော့မည့် ကံကောင်းခြင်းများနှင့် ကောင်းကင်ဘုံ၏ ချမ်းသာကြွယ်ဝမှုများ အတွက် လုံလောက်မည် မဟုတ်ပေ။ 'ကောင်းကင်ဘုံ၏ ချမ်းသာကြွယ်ဝမှုများ' ဟူသော အသုံးအနှုန်းမှာ လုံးဝ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
ဤဆုံးဖြတ်ချက်ကို ချမှတ်ရမည့် အခြေအနေတွင် သူက ယွီစွန်းလီ ကို အရင် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်၏။ ဤနေရာတွင် သူမ၏ ထင်မြင်ချက်က ဦးစားပေး ဖြစ်လေသည်။ သူမ၏ တန်ဖိုးသည် အရိုးပြာနယ်မြေ ထက် များစွာ ပိုမို ကြီးမားပေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အရိုးပြာနယ်မြေ ၏ ပေါက်ကွဲမှုသည် အကျိုးအမြတ် တစ်ခုခု ရရှိရန်အတွက် သူ ပါဝင်နိုင်မည့် အလွန် တိုတောင်းသော အချိန်ကာလ တစ်ခုသာ ရှိနေခြင်းပင် ဖြစ်၏။
ဝေ့ဝူယင် သူ၏ အတွေးများကို အသိပေးရန်အတွက် ဟင်းလင်းပြင် လက်စွပ် မှတစ်ဆင့် သတင်းစကား တစ်ခုကို ပေးပို့ကာ ယွီစွန်းလီ နှင့် ဆက်သွယ်လိုက်လေသည်။ သူ ရရှိလိုက်သော တုံ့ပြန်မှုမှာ ချက်ချင်းဆိုသလိုပင် ဖြစ်ပြီး သူမ၏ အသံတွင် ရှက်ရွံ့မှုနှင့် အရေးတကြီး ဖြစ်နေမှုများ ပြည့်နှက်နေ၏။
"ကောင်းပြီ... သွားလိုက်ပါ... ကျွန်မ... ပြင်ဆင်စရာတွေ နည်းနည်း ကျန်သေးလို့ပါ..."
ဝေ့ဝူယင် က သဘောကျစွာ ရယ်မောလိုက်၏။ သူ၏ စူးရှသော အကြည့်များက အခန်းတစ်ခန်းထဲတွင် လက်ဖက်ရည် သောက်ရင်း စကားပြောနေကြသော ယွီစွန်းလီ ၊ ချောင်စွေ့ဖုန်း နှင့် လျူစုယင် တို့ကို ရှာတွေ့သွားလေသည်။ စားပွဲတစ်ခုပေါ်တွင် ယွီစွန်းလီ ၏ ခန္ဓာကိုယ်နှင့် အတိအကျ ကိုက်ညီသော ဆွဲဆောင်မှုရှိသည့် အဖြူရောင် ဂါဝန်တစ်ထည် ရှိနေ၏။
သူတို့က သူမကို အကြံဉာဏ်တွေ ပေးပြီး အကြံအစည်တွေ ပြောပြနေကြပုံ ရသည်။ သီးသန့်လွတ်လပ်ခွင့်ကို လေးစားသောအားဖြင့် ဝေ့ဝူယင် သူတို့၏ စကားပြောဆိုမှုများကို သူက ခိုးနားမထောင်ခဲ့ပေ။ သို့သော် တစ်ချက် ကြည့်လိုက်ရုံဖြင့် အထောက်အထားများမှာ ရှင်းလင်းနေပြီး ယောက်ျားတစ်ယောက်ကို ရူးသွပ်သွားစေနိုင်လောက်သည့် သူမ၏ ရဲသွေးနီနေသည့် ပါးပြင်များလည်း ပါဝင်လေသည်။ ၎င်းသည် စီစဉ်ထားသော ကိစ္စတစ်ခု ဖြစ်သောကြောင့် သူမသည် အကောင်းဆုံး ကြိုးစားနေပြီး ၎င်းအတွက် သူမ၏ နှလုံးသားကို နှစ်ထားခဲ့ခြင်း ဖြစ်၏။ ထိုအချက်အတွက် သူမကို သူ ချစ်မြတ်နိုးလေသည်။ အမှန်တကယ်ပင်။
ပထမ၌ ချီတုံချတုံ အနည်းငယ် ဖြစ်နေခဲ့သေးသော်လည်း ယွီစွန်းလီ အတွက် နောက်ဆုတ်ရန် ကိစ္စမရှိကြောင်း မြင်သောအခါ သူ ဆုံးဖြတ်ချက် ချလိုက်လေသည်။ အရိုးပြာနယ်မြေ သည် မီး ဥပဒေသ များ ပါဝင်သော ကောင်းကင်ငယ် မှ မွေးဖွားလာသည့် ကောင်းကင်လောက တစ်ခု ဖြစ်၏။ ထို့ကြောင့် ဤကိစ္စသည် ပိုင်လင် နှင့် ရွှေဖုန်းပေါင် တို့ကို တိုက်ရိုက် အကျိုးရှိစေနိုင်ပေသည်။
"ဒါဆိုရင် သွားကြတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် သူ ပြင်ဆင်နေတာကို ကြည့်ပါဦး... တစ်နာရီဆိုတာ အရမ်း နည်းလွန်းတယ်လေ..."
ဝေ့ဝူယင်က ပျော်ရွှင်သော နှလုံးသားဖြင့် ရယ်မောလိုက်ချိန်တွင် ပိုင်လင် ကလည်း တက်ကြွစွာ အော်ဟစ်လိုက်၏။ သူမ၏ မီးတောက်နေသော ရွှေရောင် မျက်လုံးများထဲတွင် ဆန္ဒများ အပြည့်အဝ ပေါ်လွင်နေလေသည်။
တောက်ပသော ကြယ်နန်းတော်သခင် ကိုယ်ပွား ၏ မျက်လုံးများကလည်း ဝမ်းသာမှုနှင့် သက်သာရာရမှုများဖြင့် တောက်ပသွား၏။ တောက်ပခြင်း နယ်ပယ် ပဲ့တင်ထပ် ဝိညာဉ် ပါရှိသော ဂုဏ်သတ္တိ နှစ်မျိုးပါ ကျင့်ကြံသူ တစ်ဦးအနေဖြင့် အရိုးပြာနယ်မြေ ၏ ကုန်ကြမ်းများ၊ စွမ်းအင်များနှင့် မီးဂုဏ်သတ္တိ အမတေများသည် သူ၏ ကျင့်ကြံခြင်းကို များစွာ အကျိုးရှိစေမည် ဖြစ်လေသည်။
"အဲဒါ ကောင်းတာပေါ့... ကျွန်တော့်ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ဆီကို အဲဒီသတင်း ပို့လိုက်ပါ့မယ်... သူ ခင်ဗျားကို စောင့်နေလိမ့်မယ်..."
ကိုယ်ပွားသည် ဝေ့ဝူယင် နှင့်အတူ လိုက်မလာတော့ဘဲ သန့်စင်သော အလင်းရောင် အဖြစ်သို့ တိုက်ရိုက် ပျော်ဝင်သွားပြီးနောက် အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်းကာ အရိုးပြာနယ်မြေ ရှိရာ ဒေသဆီသို့ အလင်းတန်း တစ်ခုအဖြစ် ပျံသန်းသွားလေသည်။
"ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပြီ..."
ပိုင်လင်က အော်ပြောလိုက်ပြီး သူမ၏ တောင်ပံများကို အဆုံးစွန်ထိ ဖြန့်ကျက်လိုက်၏။ ထို့နောက် သူမသည် မီးတောက် ပုံရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းတန်း ၏ နောက်သို့ လိုက်ပါသွားလေသည်။ သူမ၏ အမြန်နှုန်းမှာ လုံးဝ နောက်ကျမနေခဲ့ပေ။ ဝေ့ဝူယင်သည် အာကာသ ဥပဒေသ အပေါ် သူ၏ သာမည အာဏာကို ထုတ်ဖော်လိုက်ပြီး ပိုင်လင် အပေါ် သက်ရောက်နေသော မည်သည့် အာကာသ ခုခံမှု ပုံစံမျိုးကိုမဆို ဖယ်ရှားပေးလိုက်၏။ ထိုအရာက သူမကို ထပ်မံ၍ အရှိန်မြှင့်တင်နိုင်စေပြီး အလင်းထက်ပင် ကျော်လွန်သွားစေခဲ့လေသည်။
ဝေ့ဝူယင်နှင့် ပိုင်လင်တို့ နှစ်ယောက်မှာ ထိုပျံသန်းမှုကို ပေါ့ပေါ့ပါးပါးသာ ပြုလုပ်နေခြင်း ဖြစ်သော်လည်း အဝေးမှ စောင့်ကြည့်နေသော တောက်ပသော ကြယ်နန်းတော်သခင်ကတော့ ချက်ချင်းပင် အံ့အားသင့်သွားခဲ့လေသည်။
ထိုကဲ့သို့သော အာကာသ ခြယ်လှယ်မှု လုပ်ရပ်က အာကာသ ဥပဒေသ၏ အာဏာ တစ်ခုကို မွေးဖွားနိုင်ခဲ့ပြီး ထိုစွမ်းအားကို ထောက်ပံ့ပေးရန် ကောင်းကင်ငယ် တစ်ခုကို တည်ဆောက်ခဲ့သော အစစ်အမှန် ကျင့်ကြံသူ တစ်ဦး ဖြစ်သည့် သူ့ကိုပင် တုန်လှုပ်သွားစေရန် လုံလောက်နေပေတော့သည်။
***
အပိုင်း(၂၄၂၄)
ဟူး... ဟူး...
ပိုင်လင် တစ်ယောက် အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်းကာ ယခင်က သူမ ထုတ်ဖော်ခဲ့ဖူးသည်ထက် များစွာ သာလွန်သော မယုံနိုင်လောက်သည့် အမြန်နှုန်းဖြင့် ရွေ့လျားသွားချိန်တွင် ဝေ့ဝူယင်ကတော့ အခြားလူများ၏ တုံ့ပြန်မှုများကို အာရုံမစိုက်နေခဲ့ပေ။ သူသည် အခြား ကိစ္စများကို တွေးတောနေခဲ့လေသည်။
အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တွင် ဂလက်ဆီဇုံ ခုနစ်ခုနှင့် တားမြစ်နယ်မြေ အမြောက်အမြား ရှိလေသည်။ ထို တားမြစ်နယ်မြေများကို နယ်မြေ ကြယ်မြေပုံများတွင် ထည့်သွင်းဖော်ပြလေ့ မရှိပေ။ ၎င်းတို့ကို 'ဖြစ်နိုင်လျှင် ရှောင်ကြဉ်ရန်' ဟုသာ ချက်ချင်း မှတ်သားထားလေ့ရှိကြ၏။
အကြောင်းကား ကောင်းကင်လောကများ၏ အနီးအနားတွင် ရှိနေရုံမျှဖြင့် လူများနှင့် သင်္ဘောများသည် ၎င်းအတွင်းသို့ မကြာခဏ ဆွဲသွင်းခံရနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် အာကာသ ဒိုင်မန်းရှင်း ၏ မူလဂုဏ်သတ္တိများ ပါဝင်သော အတွင်းပိုင်းလောက တစ်ခု၏ မွေးရာပါ အာကာသ သဘာဝများကြောင့် ၎င်း၏ ဆွဲငင်အား နယ်ပယ်အတွင်း၌ အာကာသ နေရာရွှေ့ပြောင်းခြင်း ပြုလုပ်ရန်မှာ လုံးဝ အိပ်မက်ဆိုးတစ်ခု ဖြစ်ပေသည်။ ၎င်းသည် ကမောက်ကမဖြစ်ကာ ထိန်းချုပ်မှု ကင်းမဲ့နေသော ရှန့်ထို လက်စွပ် တစ်ခု သို့မဟုတ် ဟင်းလင်းပြင် လက်စွပ် တစ်ကွင်းနှင့် တူညီနေပေသည်။
ဟင်းလင်းပြင် သင်္ဘော အုပ်စုလိုက်ကြီးများနှင့် ကျင့်ကြံသူ အုပ်စုကြီးများသည် ၎င်း၏ နယ်ပယ်အတွင်း၌ ပိတ်မိသွားသည့် အကြိမ်အရေအတွက်မှာ မနည်းလှပေ။ ထိုအခါ သူတို့သည် အတင်းအကျပ် ပုံစံမျိုးဖြင့် ဝင်ရောက်သွားရပြီး ဝင်ရောက်ချိန်တွင် တစ်စစီ ပျက်စီးသွားခြင်း သို့မဟုတ် မီးလောင်ပြာကျသွားခြင်းတို့ ကြုံတွေ့ရလေသည်။ ဒုတိယမြောက် အခြေအနေမှာ အဖြစ်အများဆုံးပင် ဖြစ်၏။ ၎င်း၏ နယ်ပယ်အတွင်း၌ အာကာသ အဆောင်များ ကို အသုံးပြုခြင်း သို့မဟုတ် ဟင်းလင်းပြင်ကို ဖြတ်သန်းရွှေ့ပြောင်းသော အစီအရင်များကို အသုံးပြုခြင်း မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးထားလေသည်။
ဤအကြောင်းများကြောင့် ထိုတားမြစ်နယ်မြေများ သည် အန္တရာယ်များလှသော သေမင်းထောင်ချောက်များ အဖြစ် နာမည်ကျော်ကြားကြ၏။
သို့သော်... စုရီ ကဲ့သို့ ကောင်းချီးခံများ အတွက်မူ အရိုးပြာနယ်မြေ ၏ အန္တရာယ်များသည် ကံကောင်းစေသော တွေ့ဆုံမှုတစ်ခု ဖြစ်လာနိုင်ပေသည်။ အထွတ်အထိပ် တည်ရှိမှုများ ကဲ့သို့ စွမ်းအားကြီးမားပြီး အရည်အချင်းရှိသူများ အတွက်မူ ဤနေရာများသည် သူတို့ကိုယ်တိုင် ရဲတင်းစွာ မကျူးကျော်မချင်း အန္တရာယ် အနည်းငယ်သာ ရှိပြီး ရှောင်ရှားသင့်သော နေရာများသာ ဖြစ်လေသည်။
အရိုးပြာနယ်မြေ သည် ဖန်တီးခြင်း ဂလက်ဆီဇုံ နှင့် အသွင်ပြောင်းခြင်း ဂလက်ဆီဇုံ တို့အကြား ဟင်လင်းပြင် နေရာ အတွင်း၌ တည်ရှိ၏။ ပြင်ပလောက၏ အမြင်တွင် ၎င်းသည် စက်လုံးပုံသဏ္ဌာန်နီးပါး စုစည်းနေသော သွေးရောင် မီးတောက် ဧရာမ စက်လုံးကြီး တစ်လုံး ဖြစ်လေသည်။ ကြယ်တာရာ အမြုတေ တစ်ခုက ပေးစွမ်းနိုင်သော လုံလောက်သည့် အတွင်းပိုင်း ထုထည် မရှိသောကြောင့် ၎င်းကို နေမင်း တစ်စင်းဟု အတိအကျ ခေါ်ဆို၍ မရနိုင်ပေ။ သို့သော် ၎င်းနှင့် အလွန် တူညီနေပေသည်။
၎င်း၏ အရွယ်အစားမှာ လုံးဝ ကြီးမားလှပေသည်။ ယခင်က သတ်မှတ်ထားခဲ့သော အကြွင်းမဲ့ အရွယ်အစားရှိ နေကြယ်များ၏ အမြင့်ဆုံးပမာဏထက်ပင် အနည်းငယ် ပိုကြီးနေသေး၏။ အပူရှိန်နှင့် လောင်ကျွမ်းမှုမှာလည်း အစစ်အမှန် ထိတ်လန့်ဖွယ်ရာ တစ်ခုပင် ဖြစ်သည်။ သင့်လျော်သော အကာအကွယ်မပါဘဲ အနည်းငယ်မျှ နီးကပ်စွာ လာရောက်မိသော မည်သည့်အရာမဆို ၎င်း၏ ဖြာထွက်နေသော အပူရှိန်ကြောင့် လွှမ်းမိုးခံရပြီး လုံးဝ ပြာကျသွားမည် ဖြစ်လေသည်။
ကြီးမားသော အရွယ်အစားနှင့် ကြယ်တာရာ အမြုတေ မရှိခြင်းတို့ကြောင့် ၎င်း၌ ပုံမှန် ဆွဲငင်အား လမ်းကြောင်း မရှိပေ။ တစ်ခါတစ်ရံတွင် မိုးကြိုးပမာ အင်အားဖြင့် အပြင်ဘက်သို့ ပွင့်ထွက်သွားတတ်ပြီး၊ အခြားအချိန်များတွင်မူ အကြွင်းမဲ့ အရွယ်အစားရှိ နေမင်း ၏ ဆွဲငင်အားထက် များစွာ သာလွန်သော ကြောက်မက်ဖွယ် စွမ်းအားဖြင့် အတွင်းသို့ ဆွဲသွင်းတတ်လေသည်။ ဤသွေးရောင် မီးတောက် ဧရာမ စက်လုံးကြီး၏ အလယ်ဗဟိုတွင် အရိုးပြာနယ်မြေ ဆီသို့ သွားရာ တံခါးပေါက် တည်ရှိနေ၏။ ထို့ကြောင့် ထိုနေရာသို့ ခရီးသွားခြင်းမှာ တိုက်ပွဲတစ်ခု ဆင်နွှဲနေရသကဲ့သို့ ပင် ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် အန္တရာယ်များ ရှိသော နေရာတွင် စည်းစိမ်ချမ်းသာများ ရှိစမြဲ ဖြစ်၏။ စည်းစိမ်ချမ်းသာများ ရှိသော နေရာတွင်လည်း ၎င်းတို့ကို ရယူရန် ကြိုးစားနေသော လောဘကြီးသူများ ရှိနေတတ်လေသည်။
ထိုသူများထဲတွင် ရေဝေ ကာကွယ်ပို့ဆောင်ရေး အဖွဲ့ ဟု လူသိများသော ကျင့်ကြံသူ မဟာမိတ်အဖွဲ့ တစ်ခုလည်း ပါဝင်ပေသည်။ သူတို့သည် အရိုးပြာနယ်မြေ ၏ ပြင်ပမှ ထုတ်လွှတ်နေသော အပူရှိန် မီးစွမ်းအင်များ၏ အတိအကျ ဂုဏ်သတ္တိများကို လေ့လာရန် တာဝန်ယူခဲ့ကြ၏။ ထို့နောက် အချိန်တိုအတွင်း ဖြစ်စေကာမူ သေမင်းတမန် မီးမြူခိုးများကို ဖြတ်သန်းသွားလာနိုင်ပြီး လူများကို အတွင်းသို့ ခေါ်ဆောင်သွားနိုင်မည့် ရေဂုဏ်သတ္တိ ဟင်းလင်းပြင် သင်္ဘော တစ်စင်းကို ဖန်တီးခဲ့ကြလေသည်။
ထို့နောက် သူတို့သည် အတွင်း၌ ရရှိလာမည့် အကျိုးအမြတ် တစ်စိတ်တစ်ပိုင်းကို အခကြေးငွေအဖြစ် ယူကာ ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ကို အချိန်မှန် စေလွှတ်ပေးလေ့ ရှိသည်။ သူတို့၏ ဂုဏ်သတင်းမှာ တစ်စထက်တစ်စ တိုးတက်နေခဲ့၏။ သို့သော် ကယ်ဆယ်မှု ကျရှုံးခြင်းများနှင့် ဝင်ရောက်မှု ကျရှုံးခြင်း ဇာတ်လမ်းများလည်း ရှိနေခဲ့ပြီး မျှော်လင့်ချက် ကြီးမားသူ မြောက်မြားစွာ၏ အသက်ကို ဆုံးရှုံးစေခဲ့လေသည်။
အရိုးပြာနယ်မြေ၏ ထူးခြားချက်များကြောင့် လျှို့ဝှက်အရှင် အဆင့် သို့မဟုတ် ၎င်း၏အောက် ကျင့်ကြံခြင်း အခြေခံ ရှိသူများသာလျှင် ၎င်းအတွင်းသို့ ဝင်ရောက် စွန့်စားရဲကြ၏။ ထူးဆန်းစွာပင် အစစ်အမှန် သူတော်စင်များသည် မကြာခဏဆိုသလို ရင်နင့်ဖွယ်ကောင်းအောင် သေဆုံးလေ့ ရှိကြပေသည်။
သတိပေးချက်နှင့် ထိတ်လန့်ဖွယ်ရာ ဇာတ်လမ်းများအရ တစ်စုံတစ်ရာသည် သူတို့၏ အစစ်အမှန် သူတော်စင် ထွက်သက် ကို စားသုံးရန် လိုက်လံ အမဲလိုက်နေသည်ဟု ဆိုကြ၏။ ထို့အပြင် ၎င်းအတွင်း၌ မွေးဖွားလာသော ကြောက်မက်ဖွယ်ရာ သတ္တဝါများလည်း ရှိနေလေသည်။ ၎င်းတို့သည် အတင်းအကျပ် ဆွဲသွင်းခံရပြီးနောက် အံ့ဖွယ်နည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့သော ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် သတ္တဝါများ မှ မျိုးဗီဇပြောင်းလဲလာသည့် ဒေသခံ မျိုးစိတ်များ ဖြစ်ကြပေသည်။ ၎င်းတို့၏ စွမ်းအားများမှာ ကွဲပြားပြီး အလွန်ဆုံး လျှို့ဝှက်အရှင် အဆင့် သို့သာ ရောက်ရှိနိုင်ကြ၏။ သို့သော် ထို 'တစ်စုံတစ်ရာ' တွင်မူ အထွတ်အထိပ် တည်ရှိမှု တစ်ခု၏ စွမ်းအားမျိုး ရှိနေနိုင်လေသည်။
အတွင်းပိုင်း ဒိုင်မန်းရှင်း အာကာသသည် အလွန်အမင်း ကျယ်ဝန်းလှပြီး ကြယ်ကွင်းပြင် တစ်ခုနှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။ အကယ်၍ လူတစ်ယောက်သည် ကံကောင်းမည်ဆိုပါက ထိုသတ္တဝါများကို ရှောင်လွှဲရန် လုံလောက်သော နေရာလွတ်များ ရှိနေ၏။ လေ့ကျင့်ရေးအတွက် ဖြစ်စေ၊ အဂ္ဂိရတ် မဟုတ်သော အဖွဲ့အစည်းများက တစ်ခါတစ်ရံ ချမှတ်လေ့ရှိသည့် အသက်စွန့် စမ်းသပ်မှုများအတွက် ဖြစ်စေ၊ ယုံကြည်နိုင်ဖွယ် မရှိသော စည်းစိမ်ချမ်းသာများအပေါ် လောဘတက်၍ ဖြစ်စေ ကျင့်ကြံသူ ထောင်ပေါင်းများစွာ ဝင်ရောက်လာကြသော်လည်း ဧည့်သည်များ အချင်းချင်း တွေ့ဆုံမိရန်မှာ အလွန် ရှားပါးလှပေသည်။
အရိုးပြာနယ်မြေ အတွင်း၌... စုရီ ၊ ယွီပေါင်ယွဲ့ နှင့် အာဖရစ်တူဇာ ဟု လူသိများသော မီးနတ်ဆိုး တို့သည် အတူတကွ စုရုံးနေကြပြီး အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် မိန်းမငယ်လေး တစ်ဦးကို စောင့်ကြည့်နေကြ၏။ သူမ၏ ကျောပြင်ပုံရိပ်မှာ အထင်ကြီးလောက်အောင် ခိုင်မာတည်ငြိမ်နေပေသည်။ သူမ၏ ခြေလှမ်းများမှာ ညီညာပြီး အကြောက်တရား ကင်းမဲ့နေ၏။
တစ်ချိန်တည်းမှာပင် နတ်ဘုရားများနှင့် မိစ္ဆာများ၏ ကျောရိုးကိုပင် ချမ်းစိမ့်သွားစေနိုင်သော ခါးဆီမှ တိုးညင်းသည့် သံချင်းခတ်သံလေး တစ်ချက် ထွက်ပေါ်လာပြီး လေထဲတွင် ဝဲပျံနေသော ဆေဘာ မြည်ဟည်းသံကို တိတ်ဆိတ်သွားစေခဲ့လေသည်။
မည်းမှောင်နေသော အာရုဏ်ဦး အလင်းတန်း တစ်ချက်နှင့်အတူ သူမသည် ပျောက်ကွယ်သွားခဲ့၏။
"..."
စုရီသည် ထိုမိန်းမငယ်လေးကို စိုက်ကြည့်နေခဲ့၏။ သူ၏ မျက်လုံးများက စူးရှနေကာ မျက်ခုံးများက မျက်မှောင်ကြုတ်လျှက် အနေအထား တစ်ခုတွင် ရှိနေခဲ့သည်။
ယွီပေါင်ယွဲ့၏ မျက်နှာအမူအရာကတော့ ကြောက်ရွံ့မှုကြောင့် ဖြူရော်နေပေသည်။ တစ်ချိန်တည်းမှာပင် အာဖရစ်တူဇာ ၏ ဘယ်ဘက်လက်မောင်းမှာ ပြတ်တောက်သွားပြီး လုံးဝ ပျောက်ဆုံးနေခဲ့ကာ ၎င်း၏ အသက်ရှူနှုန်းမှာ ပြင်းထန်ပြီး နာကျင်နေလေသည်။
"အဲ... အဲဒါ ဘယ်သူလဲ..."
စုရီ၏ အနားသို့ မသိစိတ်မှ ကပ်သွားရင်း ယွီပေါင်ယွဲ့ က မေးလိုက်၏။ လွန်ခဲ့သော အခိုက်အတန့်လေးကမှ အာဖရစ်တူဇာသည် သူတို့ စီစဉ်ထားသော ဖောက်ခွဲမှု ဖြစ်စဉ်ကို စတင်ရန် ကောင်းကင်လောက ၏ အမြုတေ နှင့် သွားရောက် ထိတွေ့ပြီးနောက် ဤနေရာသို့ အလျင်စလို ပြန်လာခဲ့ခြင်း ဖြစ်သည်။ မဟုတ်သေးပေ၊ သူက ထွက်ပြေး ပြန်လာခဲ့ခြင်း ဖြစ်၏။
သူ့နောက်သို့ လိုက်လံ ဖမ်းဆီးလာသူမှာ တိုက်ပွဲဝင် သံချပ်ကာ အပေါ့စားကို ဝတ်ဆင်ထားပြီး ခါးတွင် ဆေဘာ တစ်လက် ချိတ်ဆွဲထားသော ဤမိန်းမငယ်လေးပင် ဖြစ်သည်။ သူမ၏ လက်ချောင်းနှစ်ချောင်းကို ဆေဘာ တစ်လက်အဖြစ် ဆန့်တန်းထားပြီး အလွန်အမင်း အာဏာရှင်ဆန်လှသော ဆေဘာ မြည်ဟည်းသံ တစ်ခုကို ထုတ်လွှတ်နေခဲ့၏။
အာဖရစ်တူဇာ ပြန်လည် ထွက်ပြေးလာခဲ့ချိန်တွင် အကူအညီအတွက် အရေးတကြီး အော်ဟစ်သံ တစ်ခုနှင့်အတူ ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုစကားလုံးများကို အတိအကျ ဖော်ပြရမည် ဆိုပါက... "လူယောင်ဖန်ဆင်းထားတဲ့ သတ္တဝါကြီးကွ... ငါ့နောက်ကို လိုက်လာတယ်... ကယ်ကြပါဦး..." ဟူ၍ပင်...။
၎င်း၏ အသံထဲမှ အကြောက်တရားမှာ ထင်ရှားနေ၏။ သို့သော် အာဖရစ်တူဇာသည် လုံခြုံမှုကို ရှာဖွေရင်း စုရီ၏ဘေးသို့ ရောက်လာချိန်တွင် တတ်နိုင်သမျှ ကြည်လင်နေသော အနက်ရောင် မျက်လုံးများ ပိုင်ရှင် မိန်းမငယ်လေးသည် ရပ်တန့်သွားခဲ့လေသည်။ ခါးရှိ ဆေဘာ လက်ကိုင်ရိုးပေါ်တွင် တင်ထားသော သူမ၏ လက်သည် နတ်ဆိုးကို သတ်ဖြတ်ရန် ဆေဘာ ကို အပြည့်အဝ ဆွဲထုတ်တော့မည့်ဆဲဆဲ ဖြစ်၏။ သို့သော် သူမက စုရီ ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်ပြီး နတ်ဆိုးနှင့်အတူ သေမင်းနိုင်ငံသို့ လိုက်ပါသွားမည်လားဟု မေးနေသည့်အလား ပင် ဖြစ်လေသည်။
တည်ငြိမ်မှု၊ သန့်စင်မှုတို့နှင့် ဆန့်ကျင်ဘက် ဖြစ်နေသော ကြီးမားလှသည့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်မှာ ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ စုရီ ပင်လျှင် အန္တရာယ်တစ်ခုကို ခံစားလိုက်ရလေသည်။
ထို့နောက် အံ့အားသင့်ဖွယ်ကောင်းစွာပင် သူမက ယွီပေါင်ယွဲ့ ဘက်သို့ လှမ်းကြည့်လိုက်၏။ ထိုအခါ မထင်မှတ်ထားသော အချိုးအကွေ့ တစ်ခုအဖြစ် ထိုမိန်းမငယ်လေးသည် သူမ၏ လက်တစ်ဖက်ကို အသုံးပြုကာ သူစိမ်းဆန်သော အရိုအသေပေးမှု တစ်ခုကို ပြုလုပ်လိုက်လေသည်။
"ဗာကရီ အဖွဲ့က စုမေ့ အနေနဲ့ အင်ပါယာ အင်ပါယာရဲ့ အမှတ်အသားကို အသိအမှတ်ပြုပါတယ်..."
ထို့နောက် သူတို့ကို ဒုတိယအကြိမ် ပြန်လည်မကြည့်တော့ဘဲ သူမ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များသည်လည်း လုံးဝ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားခဲ့၏။
"အာဏာရှင် တစ်ယောက် ကျင့်ကြံနေတဲ့ အချိန်မှာ သွားမနှောင့်ယှက်နဲ့... ဒါက မင်း အတွက် ပထမဆုံးနဲ့ နောက်ဆုံး သတိပေးချက်ပဲ..."
စုမေ့က အာဖရစ်တူဇာ ကို ပြောလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။ သူမ ပျောက်ကွယ်သွားသည်ကို သူတို့ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြ၏။
ယွီပေါင်ယွဲ့ သည် သေဘေးမှ လွတ်မြောက်လာခဲ့ရသည်ဟု ခံစားလိုက်ရလေသည်။
"အာဏာရှင် အင်ပါယာရဲ့ အမှတ်အသား ဟုတ်လား..."
စုရီ က တီးတိုးရေရွတ်လိုက်၏။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မိန်းမလဲ... သူက လူသားတစ်ယောက်နဲ့တောင် မတူဘူး..."
အာဖရစ်တူဇာက ပြတ်တောက်သွားသော ဘယ်ဘက်လက်မောင်းက အချည်းနှီး ပြန်လည် ထွက်ပေါ်လာရန် ကြိုးစားရင်း ပြောလိုက်၏။ မျက်မှောင်ကုတ်လျက် ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ သူ၏ လက်မောင်းကို ပြန်လည် တည်ဆောက်ရန် စွမ်းအင်များ ပိုမို ထည့်သွင်းလိုက်လေသည်။ သို့သော် လေထုနှင့် မြေကြီးကိုပါ လောင်ကျွမ်းသွားစေနိုင်သော ပူပြင်းသည့် ချော်ရည်များနှင့်တူသော အသားနှင့် သွေးများအဖြစ် ပေါက်ကွဲထွက်သွားကာ နောက်တစ်ကြိမ် ကျရှုံးသွားပြန်၏။
"မင်းရဲ့ လက်မောင်းက..."
ကြီးထွားမှုကို ဟန့်တားနေသော အောင်းနေသည့် စွမ်းအားတစ်ခု ရှိနေကြောင်း စုရီ သဘောပေါက်သွား၏။ ထို့နောက် သူသည် တွေးတောခြင်းထဲသို့ နစ်မြုပ်သွားလေသည်။
ယွီပေါင်ယွဲ့ ၏ မျက်လုံးများက သူမ ဝတ်ဆင်ထားသည့် ဝတ်စုကံကို အကဲခတ်ကြည့်ရှုရင်း သဘောပေါက် နားလည်မှုများဖြင့် တောက်ပသွား၏။ ဤသည်မှာ ဝေ့ဝူယင် က သူမကို ပေးထားခဲ့သော လှပသည့် ဝတ်စုံပင် ဖြစ်သည်။
ထိုအမျိုးသမီးက ဝေ့ဝူယင်၏ အော်ရာ ကို ခံစားမိလို့ နောက်ဆုတ်သွားသည်လား။ အမှတ်အသား တစ်ခုလော။ ထိုအရာက သူမကို ကာကွယ်ပေးနေသည်လော။
သူက... လက်မလျော့သေးဘူးလော။
***