← Chapters

အခန်း (၂၄၂၉-၂၄၃၀)

Vol. 174 Ch. 2429-2430

အခန်း (၂၄၂၉-၂၄၃၀)

Vol. 174 Ch. 2429-2430

အပိုင်း(၂၄၂၉)

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ စဉ်းစား နေမိခဲ့သည်။ ဤအရာက ကောင်းကင်တာအို၏ ခြယ်လှယ်မှုခံရကာ ကျိုးယီရင်၏ တက်လမ်းအတွက် ကိရိယာတစ်ခု ဖြစ်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။

ဤသည်မှာ အင်ပီရီယန် တစ်ဦး၊ အမွေခံ အပြစ်သား တစ်ဦးအနေဖြင့် သူ၏ ပထမဆုံးသော ပင်ကိုယ်အသိစိတ် အတွေးပင် ဖြစ်လေသည်။

သို့သော်လည်း... သူသည် ကောင်းကင်တာအိုများ၏ လွှမ်းမိုးမှုကို မခံရကြောင်း အလျင်အမြန် ကောက်ချက်ချလိုက်သည်။

ဤသို့ဆိုလျှင် ၎င်းသည် အပြစ်သား သွေးမျိုးဆက်၏ ခြေရာခံရခက်သည့် လွှမ်းမိုးမှုများလော။ ဤကဲ့သို့ လွှမ်းမိုးမှု အမျိုးအစားသည် အမြဲတမ်း ပြင်ပမှသာ ဖြစ်ပြီး အတွင်းပိုင်းမှ လုံးဝ မဟုတ်ချေ။ ၎င်းသည် ကိုယ်တိုင် လွှမ်းမိုးခြင်းမျိုး မဟုတ်ဘဲ ကောင်းကင်တာအိုများ၏ အမြင်နှင့် ကောင်းချီးခံများ၏ ကမ္မရေစက် ဆက်သွယ်မှုများကိုသာ သက်ရောက်စေခြင်း ဖြစ်သည်။

အကယ်၍ စိတ်တာအိုနှင့် မက်ဂီ မျိုးဆက်တို့မှ ရရှိလာသော စွမ်းရည်များသာ မရှိပါက ဝေ့ဝူယင် အနေဖြင့် ဤသို့ ဖြစ်ပျက်နေသည်ကို သတိပြုမိမည် မဟုတ်ပေ။ ထိုစွမ်းရည်များထဲတွင် ဧဒင်၏ အဂ္ဂိရတ် စွမ်းအားများလည်း ပါဝင်လေသည်။

သူသည် တစ်ခဏမျှ ရပ်တန့်သွားသည်။ သူ၏ စိတ်သည် အမြင့်ဆုံးအထိ အရှိန်မြှင့်သွားခဲ့၏။ သူသည် ဧဒင် စာကြည့်တိုက်အတွင်း၌ သူ့ကိုယ်သူ ထင်ရှားပေါ်လွင်စေလိုက်သည်။

"မင်း ဘယ်လိုထင်လဲ...."

ဝေ့ဝူယင်သည် သူ၏ ဒုတိယ စိတ်ကို တည်ကြည်စွာဖြင့် မေးလိုက်သည်။

ဒုတိယစိတ်သည် အလွန်တရာ ထက်မြက်လှသည်။

"ဆန္ဒနဲ့ ငတ်မွတ်မှုက သတ်မှတ်ချက်တစ်ခုကို ရောက်သွားတဲ့အခါ ခံစားရတဲ့ မူလ အပြစ်သား မျိုးစေ့ရဲ့ လှုပ်ခတ်မှုကလွဲရင် ကောင်းကင်တာအိုတွေနဲ့ အပြစ်သား သွေးမျိုးဆက်ဆီက ဘာသက်ရောက်မှုမှ မရှိပါဘူး.... အဲ့တာက ရမ္မက်ရဲ့ အပြစ်သား တက်တူးကို ပိုပြီး လှုံ့ဆော်ပေးတာမျိုးပဲ.... နောက်ပြီး မဟာတာအို သုံးပါးစလုံးကို အာရုံခံနိုင်တဲ့ ဝိညာဉ်တွေနဲ့ ဖီဆန်ပေါက်စကလည်း ပြင်ပက ဘယ်အရာကိုမှ အာရုံမခံမိပါဘူး...."

"ငါ နားလည်ပြီ...."

ဝေ့ဝူယင်သည် ဖြစ်ပျက်နေသည့် အရာနှင့် သူ ခံစားနေရသည့် အရာတို့ကို ညှိနှိုင်းရန် မစွမ်းနိုင်ဖြစ်နေခဲ့သည်။ ၎င်းတို့သည် တူညီသော အရာများဟု ထင်ရသော်လည်း ထူးဆန်းသော တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကိုတော့ သူ သေချာပေါက် သိရှိနေသည်။ မည်သည့်အရာဖြစ်ကြောင်းကိုသာ အတိအကျ မပြောနိုင်ခြင်း ဖြစ်၏။

"အသက်ရှူလိုက်ပါ...."

သူ၏ ဒုတိယ စိတ်က သူ့ကို သတိပေးလိုက်သည်။

ဝေ့ဝူယင်သည် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားလုံးကို တစ်ပြိုင်နက်တည်း တည်ငြိမ်စွာ အသက်ရှူသွင်းလိုက်သည်။ သူ၏ ကိုယ်သူ ငြိမ်းချမ်းသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားစေခဲ့၏။

"စဉ်းစားစမ်း...."

ဝေ့ဝူယင်သည် သူ၏ စိတ်ကို စူးစိုက်လိုက်သည်။

မည်မျှပင် သိမ်မွေ့နေပါစေ သူ၏ အတွေးနှင့် ခံစားမှုတိုင်းကို သူ ပြန်လည် အမှတ်ရလိုက်သည်။

သိမ်မွေ့လှသည်။

သိမ်မွေ့မှု...

"ကောင်းကင်ရှန့်ထို အာရုဏ်ဦးက ကျုပ်တို့ ဒုတိယ နန်းတော်သခင်ကို စနောက်နေတာလား...."

စာကြောင်းတစ်ကြောင်းက ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။

ဝေ့ဝူယင်၏ မျက်လုံးများသည် တောက်ပသောကြယ် နန်းတော်သခင်ထံသို့ စူးစိုက်သွားလေသည်။

ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျွမ်းကျင်သူ တစ်ဦး...

ကောင်းကင်ငယ်...

ကောင်းကင်တာအိုများ...

ချက်ချင်းပင် သူ၏ အကြည့်သည် စူးရှသွားခဲ့၏။ သူသည် ကျိုးယီရင်ထံသို့ လှည့်ကြည့်လိုက်ပြီး တောက်ပသောကြယ် နန်းတော်သခင်၏ အတွေးများ၊ စိတ်လှုပ်ရှားမှုများနှင့် ခံစားချက်များကို ပြန်လည် အမှတ်ရလိုက်သည်။

လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံးအတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် သူမအတွက် သူ မည်သို့ လမ်းခင်းပေးခဲ့သည်ဆိုခြင်းများ ပါဝင်လေသည်။ ၎င်းသည် ကောင်းကင်တာအိုများ၏ လွှမ်းမိုးမှုနှင့် တူညီသော်လည်း များစွာ ပို၍ သဘာဝကျနေသည်။ ဝိညာဉ်အမြင်ကို အသုံးပြု၍ သူမအပေါ်တွင်ရှိသော တောက်ပသောကြယ် နန်းတော်သခင်၏ ထူးခြားသည့် ချီစွမ်းအင်ကို သူ သတိပြုမိခဲ့သည်။ သို့သော်လည်း သူမသည် သူ၏ လက်အောက်ငယ်သား ဖြစ်နေသောကြောင့် ဤအရာက မျှော်လင့်ထားရမည့် အရာသာ ဖြစ်သည်။ ထို့ကြောင့် အကာအကွယ်ဖြင့် သူမကို ကောင်းချီးပေးခြင်းမှာ မျှော်လင့်ထားပြီးသား ဖြစ်လေသည်။

“အထွတ်အထိပ် သူတော်စင်တွေက ကောင်းချီးခံတွေကို ဖန်တီးနိုင်တာများလား...”

“ဒါက... လုံးဝ မဖြစ်နိုင်ဘူး မလား...”

"နန်းတော်သခင်.... မကြာခင် ပေါက်ကွဲတော့မယ့် အရိုးပြာ နယ်မြေကိစ္စကို ဆွေးနွေးဖို့ သစ်ချပင် ဖခင် အရှင်သခင်ဆီက ဖိတ်စာ ရောက်လာပါတယ်...."

သင်္ဘောသားများ၏ ဆက်သွယ်ရေး ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက ကြေညာလိုက်သည်။ တစ်ချိန်တည်းမှာပင် တောက်ပသောကြယ် နန်းတော်သခင်သည် ချွေးထွက်လုနီးပါး ဖြစ်နေခဲ့၏။ အဓိက အကြောင်းရင်းကား ဝေ့ဝူယင်က သူနှင့် ကျိုးယီရင်တို့ကို ပြင်းထန်သော အကြည့်ဖြင့် စိုက်ကြည့်နေသောကြောင့်ပင် ဖြစ်သည်။

“ကောင်းကင်ရှန့်ထို...."

ဝေ့ဝူယင်ထံမှ စူးရှသော အကြည့်ကို ခံစားနေရသော်လည်း တောက်ပသောကြယ် နန်းတော်သခင်သည် သူ၏ လက်အောက်ငယ်သားများရှေ့တွင် ဂုဏ်သိက္ခာကျဆင်းမည်ကို စိုးရိမ်၍ အပြင်ပန်း၌ တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့လေသည်။

"နန်းတော်သခင်...."

ကြယ်တာရာ တောက်ပခြင်း သင်္ဘော၏ ဆက်သွယ်ရေး အရာရှိချုပ်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။ အထူးသဖြင့် ဖြည်းညင်းစွာ တင်းမာလေးလံလာနေသော လေထုအခြေအနေကြောင့်ပင်။

သူတို့အားလုံးသည် စောစောက ညာလက်ရုံး ဒုတိယ နန်းတော်သခင်၏ အခွင့်အရေးကို မနာလိုဖြစ်ခဲ့ကြသော်လည်း သူတို့အားလုံးသည် ဝေ့ဝူယင်၏ အဆင့်အတန်းနှင့် စွမ်းအားကို ကောင်းစွာ သတိပြုမိသော ကျင့်ကြံသူများ ဖြစ်ကြလေသည်။ ထို့ကြောင့် သူတို့သည် မိမိတို့၏ ထင်မြင်ယူဆချက်များကို ရင်ထဲတွင်သာ သိမ်းဆည်းထားခဲ့ကြသည်။

အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို၏ ကမ်းလှမ်းမှုက သူတို့၏ ဒုတိယ နန်းတော်သခင်ကို စော်ကားလိုက်မိသဖြင့် သူနှင့် နန်းတော်သခင်ကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်သွားခြင်းလော။ သို့မဟုတ် ဒုတိယ နန်းတော်သခင်က ထိုကမ်းလှမ်းမှုကို ရိုင်းပျစွာ ငြင်းပယ်လိုက်သဖြင့် သူတို့နှစ်ဦးကြားတွင် အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်မိခြင်းလော။ ဤအရာက ဒုက္ခပေးနိုင်ဖွယ် ရှိလေသည်။

မည်သို့ပင်ဖြစ်စေ... သူတို့၏ အတွေးများသည် သက်ဆိုင်မှု မရှိပေ။ ဝေ့ဝူယင်သည် သူ၏ သံသယဖြစ်ဖွယ် အကြည့်ကို ရုပ်သိမ်းလိုက်ကာ တည်ငြိမ်သွားခဲ့သည်။ တောက်ပသောကြယ် နန်းတော်သခင်ထံမှ ရည်ရွယ်ချက်ရှိရှိ လှည့်စားရန် သို့မဟုတ် ခြယ်လှယ်ရန် ရည်ရွယ်ချက် တစ်စုံတစ်ရာကို သူ အာရုံမခံမိခဲ့ချေ။ လေထဲတွင် လွင့်မျောနေသော ဤသက်ရောက်မှုသည် ကောင်းကင်တာအိုများ၏ စွမ်းအားကို အတုယူထားသည့် အသေးအဖွဲ ဖော်ပြချက်တစ်ခု ဖြစ်နိုင်ခြေ အလွန်များလေသည်။ ထို့ပြင် ၎င်းသည် မိမိ၏ မွေးရာပါ စွမ်းအားများကို သိသိသာသာ နားလည်သဘောပေါက်ရန် လိုအပ်သည့် ကျင့်ကြံခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဖြစ်နိုင်ချေရှိသည်က တောက်ပသောကြယ် နန်းတော်သခင်သည် ပိုမိုမြင့်မားသော ကျင့်ကြံခြင်း အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါမှသာ ဤစွမ်းအားကို နားလည်နိုင်ပေလိမ့်မည်။

သို့မဟုတ် သူ၏ ကျင့်ကြံခြင်း အဆင့်နယ်ပယ်အတွင်း အချိန်ကြာလာမြင့်လာပြီး စွမ်းအားများနှင့် အတွေ့အကြုံများ ရင့်ကျက်လာမှသာလျှင် နားလည်လာနိုင်ပေမည်။

သို့သော်လည်း ဤရှာဖွေတွေ့ရှိမှုသည် ထိပ်တန်း အင်အားစုများနှင့် ပတ်သက်သည့် ပြီးပြည့်စုံသော အချက်အလက်များ၊ ကျယ်ပြန့်သော အတွေ့အကြုံများ မရှိဘဲ သူ သိရှိနိုင်မည့် အရာမျိုး မဟုတ်ချေ။ ဝေ့ဝူယင်သည် သူ၏ အရိုင်းဆန်သော လူငယ်ဘဝနှစ်များတွင် ကောင်းကင်တာအိုများ၏ လျှို့ဝှက်ချက်များကို ကိုယ်တိုင်ကိုယ်ကျ ရဲတင်းစွာ လေ့လာစောင့်ကြည့်ခဲ့ဖူးလေသည်။

ထို့ပြင်... မိမိကိုယ်ကို သိရှိနားလည်သော အင်ပီရီယန် တစ်ဦးနှင့် မူလ အပြစ်သား မျိုးစေ့ နှစ်ခုကို ဆက်ခံထားသူဟူသော သူ၏ မည်သူမည်ဝါဖြစ်မှုသည် အမြဲတမ်း သူ့ကို စိတ်ရှုပ်ထွေးစေခဲ့သည့် အဓိက လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ပေးလိုက်သည်။ ဤအရာသာမက မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင်နှင့် ပူးတွဲထိတွေ့ခဲ့ရမှုကပါ အကြောင်းရင်း ဖြစ်လေသည်။

အသိပညာနှင့် အတွေ့အကြုံများ စုဆောင်းမှုမှ ကြီးထွားလာသော အချိန်ကိုက် ရှာဖွေတွေ့ရှိမှု တစ်ခုသည် တစ်ပြိုင်နက်တည်း ဖူးပွင့်လာခဲ့သည်။

လွန်ခဲ့သော အချိန်များစွာက အစစ်အမှန် အပြစ်သား သွေးမျိုးဆက် ကျင့်ကြံသူများသည် ကမ္မ တန်ဖိုးကို တက်ကြွစွာ အသုံးပြုနိုင်သည့် နည်းလမ်းများ ရှိကြောင်း သူ ကောက်ချက်ချခဲ့ဖူးသည်။ ကောင်းကင်တာအိုများ၏ ဆန္ဒအရ သူ၏ ကျင့်ကြံခြင်းက ပြင်းထန်စွာ လိုအပ်ချက်ရှိနေသောကြောင့် သူကိုယ်တိုင်ကမူ ၎င်းကို အသက်မဲ့စွာဖြင့်သာ အသုံးပြုနိုင်ခဲ့လေသည်။ ထို့အပြင် အပြစ်သား သွေးမျိုးဆက် အမွေဆက်ခံသူများသည် ငရဲ၏ ကပ်ဘေးဆယ့်ရှစ်ပါး စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိစေရန် အပြစ်သား ကျမ်းစာမှ အစစ်အမှန် အပြစ်သား ဝိညာဉ်ကို ကျင့်ကြံကြလေသည်။ ယင်းမှာ မိမိ၏ အစစ်အမှန် ဝိညာဉ်ကို ကျင့်ကြံရန်အတွက် အထူးပြုလုပ်ထားသော သီးသန့် အစစ်အမှန် ဝိညာဉ် ကျင့်စဉ်တစ်ခု ဖြစ်၏။

အထူး ဝင်္ကပါများ၊ အစီအရင်များ၊ သို့မဟုတ် လျှို့ဝှက်ဝိညာဉ်အင်အား ဆေးလုံးကဲ့သို့သော အထူး ထုတ်ကုန်များမှလွဲ၍ အထွတ်အထိပ် သူတော်စင် တစ်ဦးအဖြစ်သို့ လောလောလတ်လတ် တက်လှမ်းလာသော ကျင့်ကြံသူ အများစုတွင် သူတို့၏ အစစ်အမှန် ဝိညာဉ်ကို ကျင့်ကြံရန် နည်းလမ်း မရှိကြချေ။ ထို့ကြောင့် သူတို့သည် ၎င်းကို ပြုလုပ်နိုင်ရန် နည်းလမ်းတစ်ခုကို ဖန်တီးဖို့ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကို ကုန်ဆုံးစေကြရလေသည်။

သို့ရာတွင် မကြာသေးမီ အခိုက်အတန့်လေးက မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင်သည် သူမ၏ ကောင်းကင်ငယ်အတွင်း၌ ကမ္မ အပြစ်ကို ထိန်းသိမ်းထားသည်ဟု သူ သီအိုရီ ထုတ်လိုက်မိသည်။

အကယ်၍ ထိုသို့သာဆိုလျှင် ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများသည် သူတို့ စုဆောင်းထားသော ကမ္မ ကံကောင်းခြင်း တန်ဖိုးများအား ထူးခြားစွာ အသုံးပြုနိုင်ခြင်း လုံးဝ ဖြစ်နိုင်ခြေရှိပေသည်။

၎င်းသည် သူတို့ ဘဝတစ်လျှောက်လုံး စုဆောင်းထားခဲ့သော အသက်မဲ့နေသည့် ကမ္မ တန်ဖိုးကို ကောင်းချီးခံ တစ်ဦးကဲ့သို့ တက်ကြွသော ကမ္မ ကံကောင်းခြင်း တန်ဖိုးအဖြစ်သို့ ပြောင်းလဲပစ်ခြင်း ဖြစ်သည်။

ကောင်းကင်ငယ်များသည် အခြားသူများ၏ အသက်မဲ့နေသော ကမ္မ ကံကောင်းခြင်း တန်ဖိုးကို စုပ်ယူနိုင်ခြင်း သို့မဟုတ် သူတို့၏ လက်ရှိဘဝအတွက် အပြီးအပိုင် အသက်သွင်းပေးနိုင်ခြင်းတို့ ပြုလုပ်နိုင်သည့် အခွင့်အရေးပင် ရှိနေလေသည်။

ကောင်းကင်တာအိုများ၏ သင်္ကေတ အမှတ်အသား မပါဝင်ပါက လွှမ်းမိုးမှု၏ ဖော်ပြချက်သည် သိသိသာသာ ကွာခြားနေမည်ဖြစ်ပြီး ဝေ့ဝူယင် အနေဖြင့် သတိပြုမိရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။

သို့သော်လည်း... အမွေခံအပြစ်သားတိုင်းသည် မူလ အပြစ်သား မျိုးစေ့ကို ရရှိပြီးနောက် စမ်းသပ်မှု ထုံးတမ်းကို ကျော်ဖြတ်ကာ သူတို့၏ အပြစ်သား သွေးမျိုးဆက် ဖြစ်ပေါ်မလာမီ သူတော်စင်များ၏ အဆင့်တွင် ရှိနေသင့်သည်ကို ထည့်သွင်းစဉ်းစားရမည်။

ကောင်းကင်တာအိုများ၏ လွှမ်းမိုးမှုသည် ဤအရာထက် သေချာပေါက် ပိုမိုမြင့်မားသော အဆင့်တွင် ရှိနေသော်လည်း ဤကိစ္စတွင် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အဆင့် နိမ့်ကျနေမှုက ပြဿနာ ဖြစ်လာလိမ့်မည်။

အကယ်၍ မျက်မမြင် သေမျိုးတစ်ဦးသည် အသက်စွမ်းအင် စီးဆင်းမှု သို့မဟုတ် အသံလှိုင်းများကို အာရုံခံနိုင်စွမ်း ရှိနေပါက သူသည် သာမန် သေမျိုးတစ်ဦးထက် ပို၍ ကြီးမြတ်လေသည်။ သို့သော် ထိုမျက်မမြင်သည် အလင်းရောင်ကို မြင်တွေ့နိုင်သည်ဟု မဆိုလိုပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် မျက်စိကန်းနေဆဲပင် ဖြစ်၏။

***

အပိုင်း(၂၄၃၀)

'ဒါက ချို့ယွင်းချက်တစ်ခု ဖြစ်နေမလား.... မဟုတ်ဘူး.... ငါ့ရဲ့ သီအိုရီသာ မှန်တယ်ဆိုရင် ချို့ယွင်းချက်ရှိနေတဲ့ ထူးခြားသူက ငါပဲ၊ အပြစ်သား သွေးမျိုးဆက်ရဲ့ ထူးခြားတဲ့ စွမ်းအားက ချို့ယွင်းချက် မရှိဘူး....'

ဝေ့ဝူယင်သည် ထိုသို့ တွေးလိုက်ပြီး ချက်ချင်းပင် စိတ်အေးသွားခဲ့သည်။ သူ၏ အကြည့်သည် ချက်ချင်း နူးညံ့သွားခဲ့၏။ တောက်ပသောကြယ် နန်းတော်သခင်အပေါ် ရန်လိုစွာ အပြစ်တင်လိုသော ဆန္ဒသည်လည်း လုံးဝ ပျောက်ကွယ်သွားလေသည်။

'တကယ်သာ မှန်တယ်ဆိုရင် အပြင်ဘက်မှာ မတူညီတဲ့ ကောင်းချီးခံ အမျိုးအစားတစ်ခု ရှိနေတယ်ပေါ့....'

ဒုတိယ စိတ်သည် ပင်မစိတ်၏ တွေးခေါ်မှု လမ်းကြောင်းကို အလုံးစုံ လိုက်ပါနေခဲ့ပြီး ဝေ့ဝူယင်၏ ကောက်ချက်ချမှုသည် လုံးဝမမှန်ကန်လျှင်တောင် အလွန် တိကျမှုရှိသည်ဟု ခံစားလိုက်ရသည်။ ထိုအခါမှသာ သူ ခံစားခဲ့ရသော လွှမ်းမိုးမှု၏ နက်ရှိုင်းသည့် ခံစားချက်များကို သူတို့ နှစ်ဦးစလုံး၏ စိတ်ထဲတွင် ကျိုးကြောင်းဆီလျော်စွာ တွေးတော လက်ခံနိုင်ပေလိမ့်မည်။

'ဟုတ်တယ်.... ငါ့ရဲ့ နိမ့်ကျတဲ့ ကျင့်ကြံခြင်း အခြေခံကြောင့် ငါ မသိလိုက်ဘဲနဲ့ အခြယ်လှယ်ခံလိုက်ရတာမျိုးတွေ ရှိနိုင်တယ်... နောက်ပြီး တခြား ကောင်းချီးခံ အမျိုးအစားတွေနဲ့ အပြန်အလှန် ဆက်သွယ်မိနိုင်တဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိတယ်....'

ဝေ့ဝူယင်က ပြန်လည်ဖြေကြားလိုက်ချိန်တွင် သူ၏ ဒုတိယစိတ်သည် ပို၍ လေးနက်တည်ကြည်လာခဲ့သည်။ ထိုဖြစ်နိုင်ခြေမှာ အလွန်တရာ ဖြစ်နိုင်ဖွယ် ရှိနေလေသည်။ တကယ်ကို ဖြစ်နိုင်လွန်းလှပေသည်။

'ငါ မင်းရဲ့ မကြာသေးခင်က အတွေ့အကြုံတွေကို ရှာဖွေစစ်ဆေးပြီး ပုံမှန်မဟုတ်တာတွေ ရှိမရှိ ကြည့်လိုက်မယ်.... ကံကောင်းထောက်မစွာနဲ့ပဲ ဒီတစ်ကြိမ်မှာတော့ မင်းက အရင်းအမြစ်နဲ့ ဒီအခြား ကောင်းချီးပေးခံရသူ အမျိုးအစားရဲ့ အနီးအနားမှာ ရှိနေခဲ့တယ်....'

သူ၏ ဒုတိယစိတ်သည် ဝေ့ဝူယင်၏ ဘဝတစ်သက်တာ အတွေ့အကြုံများ၏ မီလီစက္ကန့်တိုင်းကို ရှာဖွေရန် ဧဒင် စာကြည့်တိုက်ထဲသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ သူ၏ နောက်ဆုံးစကားများက ဤသီးခြား အခြေအနေတစ်ခုတည်းကသာလျှင် ဤအရာကို ဖြစ်နိုင်ခြေရှိရှိ ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း ဝေ့ဝူယင်ကို နားလည်သွားစေခဲ့သည်။

သို့တိုင်အောင် ဤအရာက သူ့ကို အနာဂတ်အတွက် များစွာ စိတ်ဝင်စားမှု ဖြစ်ပေါ်စေခဲ့လေသည်။ သူတော်စင်တို့၏ အဆင့်၊ ပဲ့တင်ထပ် ဝိညာဉ် အဆင့်အပြင် ကမ္မ အပြစ်နှင့် ကမ္မ ကံကောင်းခြင်း... ထိုအရာများကြားမှ အပြန်အလှန် ဆက်ဆံမှု...။ ထို့အပြင်... ထိုကြီးကျယ်ခမ်းနားသော အဆင့်သို့ ရောက်ရှိသွားသောအခါ သူတို့သည် ကောင်းကင်ငယ်ကို မည်သို့ သက်ရောက်မှု ရှိမည်နည်း။ ကမ္မ ကံကောင်းခြင်း တန်ဖိုး၏ စွမ်းအား သို့မဟုတ် လွှမ်းမိုးမှု ဖော်ပြချက်သည် မည်သည့်ပုံစံမျိုး ဖြစ်လာမည်နည်း။

'ဒီအရာနဲ့ ပတ်သက်ပြီး ငါ မကြာခင် ဉာဏ်အလင်းရတော့မယ်လို့ ဘာလို့များ ငါ ခံစားနေရတာလဲ....'

ဝေ့ဝူယင်သည် သူ၏ ယုံကြည်ရသော ပင်ကိုယ်သိစိတ်ကို ခံစားလိုက်ရသော်လည်း ၎င်းအတွက် အခြေခံအကြောင်းရင်း မရှိချေ။ သူသည် တောက်ပသောကြယ် နန်းတော်သခင်ဘက်သို့ လှည့်ကာ ပြောလိုက်ရုံသာ တတ်နိုင်တော့၏။

"မိတ်ဆွေကြီး.... ကျုပ်ရဲ့ စောစောက စကားတွေအတိုင်း ဆက်လုပ်သင့်တယ်လို့ ခင်ဗျား ထင်ရင် နန်းတော်သခင်ကျိုးကို အခွင့်အရေး ပေးလိုက်ပါမယ်.... ပြီးတော့ ဒီကိစ္စကို အလေးအနက်ထားပြီး စဉ်းစားပေးပါ့မယ်...."

ဝေ့ဝူယင်သည် တောက်ပသောကြယ် နန်းတော်သခင်အတွက် နောက်ဆုတ်ရန် သို့မဟုတ် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခုကို ကျွမ်းကျင်စွာ ဖန်တီးပေးလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် ကျိုးယီရင်၏ ရပ်တည်ချက်ကို ဆုံးဖြတ်ရန်အတွက် သူမ၏ နန်းတော်သခင်ထံ အချက်ပြခွင့်ကိုလည်း ပေးလိုက်လေသည်။ သူသည် အခြေအနေကို အနီးကပ် စောင့်ကြည့်ချင်နေသည်။ အထူးသဖြင့် အထွတ်အထိပ် သူတော်စင် တစ်ဦး၏ ကမ္မ လွှမ်းမိုးမှု စွမ်းအားများဖြင့် ဖန်တီးထားသော ဤထူးခြားသည့် ကောင်းချီးခံ ဖြစ်နိုင်ခြေကို အနီးကပ် လေ့လာကြည့်ချင်နေခြင်း ဖြစ်လေသည်။

"အိုး..."

ဝေ့ဝူယင်ထံမှ ခင်မင်ရင်းနှီးသော အပြောင်းအလဲကို တောက်ပသောကြယ် နန်းတော်သခင်က ခံစားလိုက်ရသည်။ အစပိုင်းတွင် သူ၏ စကားများကြောင့် အံ့အားသင့်သွားခဲ့ရ၏။ သို့သော် သူတို့၏ ရင်းနှီးသော ဆက်ဆံရေးကြောင့် ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ကံကောင်းခြင်းများ ရယူနိုင်ရန် ကျိုးယီရင်အား 'ဒုတိယ အခွင့်အရေး' ပေးလိမ့်မည်ကို မျှော်လင့်ထားသည့်အလား သူက ပြုံးလိုက်လေသည်။

သူက ကျိုးယီရင်ကို ကြည့်ရှုလိုက်သည်။ သူမ၏ မျက်နှာအမူအရာနှင့် ခံစားချက်များကို လေ့လာစောင့်ကြည့်လိုက်ပြီး ဤသည်မှာ သူမ၏ အခွင့်အရေးဖြစ်ကြောင်း ဖော်ပြလိုက်လေသည်။ ၎င်းကို ချက်ချင်း လက်လွှတ်လိုက်ရန် သို့မဟုတ် ဆုပ်ကိုင်ထားရန် သူမကိုယ်တိုင် ဆုံးဖြတ်နိုင်ပေသည်။ အရာအားလုံးသည် သူမအပေါ်တွင်သာ မူတည်နေ၏။

သို့သော်လည်း... မဟာ အခွင့်အရေးကို ထာဝရ လက်လွတ်ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ပြီးနောက် သူမသည် မည်သို့များ ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် မတုံ့ပြန်ဘဲ နေနိုင်မည်နည်း။ စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသော လှပသည့် မျက်လုံးတစ်စုံနှင့်အတူ ခပ်ပြတ်ပြတ် ခေါင်းညိတ်လိုက်ရင်း ကျိုးယီရင်သည် သူမ၏ ရွေးချယ်မှုကို ပြုလုပ်လိုက်လေတော့သည်။

"ဆုံးဖြတ်ချက်ကို ညာလက်ရုံး ဒုတိယ နန်းတော်သခင် ကျိုးဆီကိုပဲ လွှဲပေးလိုက်ပါမယ်..."

၎င်းသည် တိကျရေရာမှု မရှိသော်လည်း ဤအခွင့်အရေးကို လက်ခံရန် နန်းတော်သခင်က စိတ်နှလုံးအကြွင်းမဲ့ သဘောတူညီလိုက်ခြင်း ဖြစ်လေသည်။

ဝေ့ဝူယင်ကလည်း ၎င်းကို လက်ခံလိုက်သည်။ ထို့နောက် ကျိုးယီရင်ဘက်သို့ လှည့်ကာ သဘောကျဖွယ် အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။

"ကျွန်တော့်ရဲ့ စည်းကမ်းချက်တွေကို ခင်ဗျား လက်ခံလား..."

ကျိုးယီရင်သည် အတွေ့အကြုံရှိသူဖြစ်ပြီး နွေဦးပေါက်အရွယ် မိန်းမပျိုလေးတစ်ဦးကဲ့သို့ စိတ်နှလုံးနူးညံ့သူ မဟုတ်ချေ။ ထို့ကြောင့် သူမသည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ အလျင်အမြန် ပြန်လည်ဖြေကြားလိုက်သည်။

"လက်ခံပါတယ်၊ သခင်မချောင်ကသာ ကျွန်မကို လက်ခံမယ်ဆိုရင်ပေါ့..."

"ကောင်းပြီ၊ ဒါဆို ခင်ဗျားရဲ့ ကိစ္စတွေကို ရှင်းလင်းဖို့ ရက်အနည်းငယ် အချိန်ရမယ်... ခင်ဗျားက ကျွန်တော့် ဇနီးရဲ့ ဒုတိယ အစေခံ အဖြစ် နှစ်တစ်ထောင် နေပေးရလိမ့်မယ်..."

ဝေ့ဝူယင်သည် လက်ခုပ်တီးလိုက်ပြီး ရလဒ်ကို တရားဝင် ကြေညာလိုက်လေသည်။ ယင်းက သင်္ဘောဦးခန်း တစ်ခုလုံးဆီသို့ တုန်လှုပ်ချောက်ချားမှု လှိုင်းတံပိုးများကို ရိုက်ခတ်သွားစေခဲ့၏။ ဒုတိယ နန်းတော်သခင်က အခုလေးတင် အလုပ်ထွက်လိုက်သည်လား။

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..."

သူမသည် အခြေအနေကို အကဲခတ် အလွန်မြန်ဆန်လှသည်။ အင်ပါယာတစ်ခုကို တည်ထောင်ခဲ့သော အင်ပါယာ အရှင်သခင် တစ်ဦးဖြစ်သည့် ဝေ့ဝူယင်၏ ရာထူးနေရာအတိုင်း ခေါ်ဝေါ်သုံးနှုန်းမှုကို ချက်ချင်း ပြောင်းလဲလိုက်လေသည်။

တောက်ပသောကြယ် နန်းတော်သခင်သည် ထိုလုပ်ရပ်ကို မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ကြည့်နေခဲ့သည်။ ဝေ့ဝူယင် စောစောက ပြောဆိုခဲ့သည်များကို သူ အပြည့်အဝ ကြားသိခဲ့ရလေသည်။ သင်္ဘောသားများ မသိရှိခဲ့သောအရာမှာ ကျိုးယီရင်သည် အစေခံမလေးအဖြစ် နေထိုင်ရန် သဘောတူညီခဲ့ရုံသာမက ကိုယ်လုပ်တော် အဖြစ်ပါ နေထိုင်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်သည် သူ၏ ရမ္မက်ဆန္ဒကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူ၏ နှလုံးသားက အလိုရှိနေသည့် အရာကို ပွင့်လင်းစွာပင် တောင်းဆိုခဲ့ခြင်း ဖြစ်၏။

မီးခိုးရောင် နှင်းဆီနှင့်အတူ ကျိုးယီရင်သည် သူမ၏ ဒုတိယ အစေခံမလေး ဖြစ်လာလိမ့်မည်။ လျှို့ဝှက်အရှင် အဆင့်ရှိသူ တစ်ဦးနှင့် ဉာဏ်အလင်းရ သူတော်စင် အဆင့်ရှိသူ နောက်တစ်ဦး၊ အဖော်နှစ်ဦးနှင့်အတူ ချောင်စွေ့ဖုန်းသည် မည်သည့် ဂလက်ဆီတွင်မဆို သူမ သဘောကျသလို ပြုမူနိုင်ပေလိမ့်မည်။ အခွင့်အရေးများအတွက် တိုက်ခိုက်ခြင်း၊ ကျင့်ကြံခြင်းတွင် ကူညီရန် သူတို့ကို အသုံးပြုခြင်း သို့မဟုတ် သူမ၏ စပျစ်သီးခွံ့ပေးသူနှင့် ယပ်တောင်ခတ်ပေးသူများအဖြစ် အသုံးပြုခြင်း စသည်ဖြင့် မည်သည့်အရာဖြစ်စေ သူမ၏ လွတ်လပ်ခွင့်ကို ဖော်ပြရန် ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်။

"သခင်မချောင်ကို သေချာ ဝတ်ကြီးဝတ်ငယ် ပြုပေးပါ... သခင်မလေး ကျိုး..."

တောက်ပသောကြယ် နန်းတော်သခင်သည် လုံးဝ သဘောတူလက်ခံထားလေသည်။ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ကတော်၏ အစေခံမလေး ဖြစ်ရခြင်းသည် တောက်ပသောကြယ် နန်းတော်သခင်၏ သာမန် ဒုတိယ နန်းတော်သခင် ရာထူးထက် များစွာ ပိုမိုကောင်းမွန်ကြောင်းကို သူ ကောင်းစွာ သိရှိထား၏။

ကျိုးယီရင်သည် တောက်ပသောကြယ် နန်းတော်သခင်ကို အရိုအသေပေးလိုက်သည်။ ယင်းက အလွန်တရာ ထူးကဲသော လေးစားမှုနှင့် ကျေးဇူးတင်မှုကို ဖော်ပြနေလေသည်။ ဤသည်က နန်းတော်သခင်ထံမှ လွတ်လပ်ပေါ့ပါးသော ရယ်မောသံကိုသာ ထွက်ပေါ်လာစေခဲ့ပြီး သူ၏ ရင်ထဲ၌ နွေးထွေးကြည်နူးဖွယ် ခံစားချက်တစ်ခု ဖူးပွင့်လာခဲ့သည်။

၎င်းသည် မိမိ၏ သားသမီးဖြစ်သူက မိသားစု လုပ်ငန်းကို ဦးစီးလုပ်ကိုင်မည့်အစား ဘီလီယံနာ တစ်ဦးအတွက် အလုပ်လုပ်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်ကို ကြည့်ရှုနေရခြင်းနှင့် မခြားနားပေ။ သေမျိုးကမ္ဘာရှိ အတွေ့အကြုံများမှာ ပြိုင်ဘက်ကင်းနေပေလိမ့်မည်။ သို့ရာတွင် အလုပ်ကို ကောင်းမွန်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းက သူတို့ကို အကန့်အသတ်မရှိသော အလားအလာများနှင့် ပြည့်စုံသွားစေလိမ့်မည်။

အကယ်၍ သူမသာ သခင်မချောင်၏ ထိုရွှေပေါင်ကို တင်းကြပ်စွာ ဖက်တွယ်ထားနိုင်ပါက နှစ်တစ်ထောင် အမှုထမ်းသက် ကုန်ဆုံးသွားပြီးနောက်တွင်ပင် ချောင်စွေ့ဖုန်းက သူမအတွက် သီးသန့် ထုတ်ကုန်များကို တောင်းဆိုလာလျှင် ကောင်းကင်ရှန့်ထို အာရုဏ်ဦးက ငြင်းဆန်နိုင်မည် မဟုတ်ချေ။

ထို့အပြင် လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး တစ်တုံးအတွက် အမှုထမ်းသက် နှစ်တစ်ထောင်ဆိုသည်မှာ...

၎င်းသည် တစ်နှစ်လျှင် လျှို့ဝှက်လောက အမတေကျောက်တုံး တစ်သန်းနှင့် ညီမျှသော လစာပင် ဖြစ်သည်။ အကယ်၍ သူမသည် လျှို့ဝှက်လောက အမတေကျောက်တုံး ဘီလီယံတစ်ထောင် ရရှိခဲ့လျှင်တောင်မှ ထိုဈေးနှုန်းဖြင့် လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး တစ်တုံးကို ဝယ်ယူနိုင်မည် မဟုတ်ပေ။

"ဒါဆို ကျုပ်သို့ သွားကြမလား... သစ်ချပင် ဖခင် အရှင်သခင် အကြောင်း အများကြီး ကြားဖူးပါတယ်..."

ဝေ့ဝူယင်သည် ကျိုးယီရင်ထံသို့ ဝိညာဉ်ဓာတ်ပြား တစ်ခုကို ပစ်ပေးလိုက်ပြီးနောက် စကားလမ်းကြောင်း လွှဲလိုက်လေသည်။ ထိုအထဲတွင် မည်သို့ ပြုလုပ်ရမည်ဆိုသည့် ညွှန်ကြားချက်များ ပါဝင်လေသည်။ ၎င်းကို အသက်သွင်းလိုက်သည်နှင့် ဟင်းလင်းပြင် တံခါးပေါက် မှတစ်ဆင့် ချောင်စွေ့ဖုန်းထံသို့ သူမကို တိုက်ရိုက် ပို့ဆောင်ပေးမည် ဖြစ်သည်။

"ဟားဟား... သေချာတာပေါ့... အဲ့ဒီ သစ်ခုတ်သမား အိုကြီးကို စောင့်ခိုင်းထားလို့ မဖြစ်ဘူး၊ သူက ဒီဘက်ကို ပုဆိန်နဲ့ ပစ်ပေါက်လာလိမ့်မယ်..."

တောက်ပသောကြယ် နန်းတော်သခင်သည် ပြုံးရင်းဖြင့် အလျင်အမြန် စီစဉ်မှုများ ပြုလုပ်လိုက်လေသည်။ ထို့နောက် သူနှင့် ဝေ့ဝူယင်တို့သည် ကြယ်တာရာ တောက်ပခြင်း သင်္ဘောမှ ဖြတ်ခနဲ လှုပ်ရှားကာ လူတိုင်း၏ အမြင်အာရုံများထဲမှ ပျောက်ကွယ်သွားခဲ့၏။

ဝှစ်... ဝှစ်...

သူတို့၏ ခန္ဓာကိုယ်များသည် သင်္ဘော၏ ကာကွယ်ရေး နယ်နိမိတ် အပြင်ဘက်၌ ပြန်လည် ထင်ရှားလာခဲ့သည်။ သူတို့သည် အမှောင် ဟင်းလင်းပြင် အတွင်း၌ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် မည်သည့်စကားများမှန်း မသိရသော ခေတ္တမျှ စကားပြောဆိုမှုအပြီးတွင် နှစ်ဦးစလုံးသည် အာကာသ ရွှေ့ပြောင်းခြင်း တစ်ခုကို ပြုလုပ်လိုက်ကြလေတော့သည်။

***

All Chapters