အခန်း (၂၄၃၅-၂၄၃၆)
Vol. 174 Ch. 2435-2436
အပိုင်း(၂၄၃၅)
ဝေ့ဝူယင် မျက်ခုံးပင့်လိုက်မိ၏။ ထို့နောက်... သူသည် ရှေ့သို့ ချဉ်းကပ်သွားပြီး မူလ ကြယ်တာရာ အရှင်သခင် နှင့် မီတာအနည်းငယ်အကွာတွင် ရပ်တန့်ကာ လက်နှစ်ဖက်ကို ယှက်လိုက်သည်။
"စက်ဆုပ်ဖွယ် ကောင်းကင် အရှင်သခင် ကောင်းကောင်း ပြန်လည်သက်သာလာဖို့ မျှော်လင့်ပါတယ်...."
အရပ်အမောင်းနှင့် ပတ်သက်၍ သူမသည် ဝေ့ဝူယင်ထက် ခေါင်းတစ်လုံး၏ လေးပုံတစ်ပုံခန့်သာ ပုလေသည်။ ထို့ကြောင့် သူတို့၏ မျက်လုံးများသည် တည့်တည့် ဆုံတွေ့သွားခဲ့၏။
ထိုနေရာ၌ ရှိနေသူများသည် ဝေ့ဝူယင်က ထိုစကားများကို ပြောဆိုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ တောက်ပသောကြယ် နန်းတော်သခင် ပင်လျှင် မထင်မှတ်ထားခဲ့ပေ။
ပြိုင်ဘက်ကင်း မူလ စံအိမ် ကို တည်ထောင်သူ စက်ဆုပ်ဖွယ် ကောင်းကင် အရှင်သခင် လုံရှီယာသည် ဝေ့ဝူယင်ကို ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ ၏ ထောင်ချောက်ထဲသို့ ဆွဲသွင်းရန် တွက်ချက်ထားသော လှုပ်ရှားမှုတစ်ခုအဖြစ် ဝေ့ဝူယင်နှင့် အပြန်အလှန် တိုက်ခိုက်မည့် တာဝန်ကို ယူခဲ့လေသည်။
ဝေ့ဝူယင်သည် တိုက်ပွဲမှတစ်ဆင့် အခွင့်အရေးတစ်ခုကို ရှာဖွေနေကြောင်း မိုးကုပ်စက်ဝိုင်းများ က သိရှိထားသောကြောင့် ဤသို့ ပေးလိုက်ယူလိုက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုရိုးရှင်းသော တိုက်ပွဲက ဝေ့ဝူယင်၏ ဥပဒေသ အာဏာများ၊ အထူးသဖြင့် ဆေဘာ၊ ပျက်သုဉ်းခြင်း နှင့် အင်ပါယာ ဥပဒေသ တို့ကို သာမည ဥပဒေသ မှ အဓိက အာဏာ သို့ ချောမွေ့စွာ တက်လှမ်းသွားစေခဲ့သည်။ သို့သော်လည်း... တိုက်ပွဲသည် လုံရှီယာကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားစေခဲ့သည်။ သူသည် ရန်သူ၏ အကြည့်များမှ ရှောင်တိမ်းကာ အဝေးသို့ ထွက်ပြေးခဲ့ပြီး တုံ့ဆိုင်းမှုမရှိဘဲ ပုန်းအောင်းနေခဲ့လေသည်။ နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းများ အလိုရှိသည့်အတိုင်း ဝေ့ဝူယင်သည် ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ သို့ ဝင်ရောက်ခဲ့လေသည်။
လေ့လာစောင့်ကြည့်နေသူများသည် ဝေ့ဝူယင် ပဲ့တင်ထပ် ဝိညာဉ် အဆင့် သို့ မရောက်ရှိသေးကြောင်းကို နည်းလမ်းအမျိုးမျိုးဖြင့် သိရှိထားကြသော်လည်း အထွတ်အထိပ် သူတော်စင် တစ်ဦး၏ သန့်စင်ထားသော ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်ခဲ့သည့် ဤစွမ်းဆောင်ရည်သည် ဝေ့ဝူယင်အား အထွတ်အထိပ် သူတော်စင်များ နှင့် တန်းတူအဖြစ် အခိုင်အမာ ရပ်တည်နိုင်စေရန် လုံလောက်ခဲ့လေသည်။
အံ့ဩစရာကောင်းသည်က မူလ ကြယ်တာရာ အရှင်သခင် ၏ အသံသည် ပြတ်တောင်းကာ အေးစက်နေပြီး သူတို့ မမျှော်လင့်ထားသော စကားလုံးများဖြင့် ပြန်လည် ဖြေကြားခဲ့ခြင်းပင် ဖြစ်သည်။
"ပြန်သက်သာနေပါပြီ... ဘိုးဘေး စက်ဆုပ်ဖွယ် ကောင်းကင် ကလည်း ရှင့်ရဲ့ ကရုဏာပြသမှုအတွက် ကျေးဇူးတင်စကား ပါးလိုက်ပါတယ်...."
"...."
‘ကရုဏာပြသမှုအတွက် ကျေးဇူးတင်တယ်...’
ဝေ့ဝူယင်၏ နှုတ်ခမ်းများသည် အောင်ပွဲခံသည့် အပြုံးတစ်ခုအဖြစ်သို့ ကွေးညွှတ်သွားခြင်း မရှိဘဲ ဝမ်းနည်းအားငယ်ဟန် အမူအရာတစ်ခုကိုသာ ပြသလိုက်လေသည်။
"အဲ့ဒီတုန်းက ကျွန်တော် သုံးခဲ့တဲ့ ကျင့်စဉ်က ဖွံ့ဖြိုးဆဲ အဆင့်မှာပဲ ရှိသေးတာမလို့ ကျွန်တော် အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ဘူး... အဲ့ဒါကြောင့် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဆုံးရှုံးသွားစေခဲ့တာပါ... ဒါပေမယ့် သူ့ရဲ့ ဇွဲလုံ့လကတော့ မနာလိုဖြစ်စရာကောင်းပြီး ချီးကျူးထိုက်ပါတယ်... တကယ်လို့ အခွင့်အရေးရှိမယ်ဆိုရင် သူ့ကို အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ဆီ လာစေချင်ပါတယ်... ကျွန်တော် သူ့ကို ဧည့်သည်တစ်ယောက်အနေနဲ့ သေချာပေါက် ကြိုဆိုပါ့မယ်...."
အပြင်ပန်းအားဖြင့် သူ၏ စကားများနှင့် မျက်နှာအမူအရာသည် ရိုးသားပြီး အပြစ်ဆိုဖွယ်ရာမရှိအောင် သရုပ်ဆောင်နိုင်ခဲ့သော်လည်း ဝေ့ဝူယင်သည် အတွင်းစိတ်၌ အနည်းငယ် စိတ်မလိုမကျ ဖြစ်နေခဲ့သည်။ သူသည် သူ၏ ကျင့်ကြံခြင်း အခြေခံ ပေါ်လွင်သွားသည်အထိ မည်သည့်အရာကိုမျှ ထိန်းချုပ်ထားခြင်း မရှိဘဲ လုံရှီယာ ကို သတ်ဖြတ်ရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာသည် ဟန်ဆောင်မှု သက်သက်သာ ဖြစ်လေသည်။ တကယ်တမ်းတွင် ဝေ့ဝူယင်သာ ရိုးသားစွာ ပြောရမည်ဆိုလျှင် လုံရှီယာ သေဆုံးသွားသည်ကိုသာ သူ ပို၍ လိုလားပေသည်။
ကံမကောင်းစွာဖြင့်ပင် အထွတ်အထိပ် တည်ရှိမှု မဟုတ်သူ တစ်ဦးအနေဖြင့် အထွတ်အထိပ် သူတော်စင် တစ်ဦးကို သတ်ဖြတ်ရန်မှာ ဖော်ပြ၍မရနိုင်လောက်အောင် ခက်ခဲလှပေသည်။ ထို့အပြင် သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းမှာလည်း လျှို့ဝှက် ကြယ်တာရာ အဆင့် ၌သာ ရှိနေသေးရာ လိုအပ်ချက်များ ရှိနေသေး၏။ သို့ရာတွင် လက်တုံ့ပြန်လာနိုင်ချေရှိသော အထွတ်အထိပ် သူတော်စင် တစ်ဦး ချောင်းမြောင်းနေခြင်းကတော့ သာယာဖွယ်ရာ မရှိပေ။
ဝေ့ဝူယင်၏ လုပ်ရပ်များနှင့် စကားလုံးများသည် သူ၏ ခံစားချက်များနှင့် သဟဇာတဖြစ်နေကြောင်း အာရုံခံမိလိုက်သဖြင့် မူလ ကြယ်တာရာ အရှင်သခင် သည် မျက်မှောင်ကြုတ်လိုက်လေသည်။ ၎င်းက လိမ်ညာမှုများ ကင်းမဲ့နေသော ရိုးသားသည့် နှလုံးသားတစ်ခုကို ညွှန်ပြနေ၏။ ဤကဲ့သို့သော နည်းစနစ်သည် ဝိညာဉ်ကို သိမြင်နိုင်သော ကျင့်ကြံသူများအတွက် ပင်ကိုယ်အသိစိတ်ပင် ဖြစ်သည်။
သို့သော်လည်း... သူမ မသိလိုက်သည့် အရာကား ဝေ့ဝူယင်သည် မည်သည့် လက္ခဏာမျှ မပြဘဲ သူ၏ ခံစားချက်များနှင့် စိတ်ပိုင်းဆိုင်ရာ လှုပ်ခတ်မှုများကို ဖုံးကွယ်ထားနိုင်သူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်နေခဲ့လေသည်။
မူလ ကြယ်တာရာ အရှင်သခင် အတွက် ကံဆိုးတာ တစ်ခုက... သူမတွင် ကိုယ်ပိုင် နည်းလမ်းများ ရှိသကဲ့သို့ ဝေ့ဝူယင်တွင်လည်း ရှိလေသည်။ သူသည် ထိုအမျိုးသမီး၏ လိမ်ညာမှုများကို အတွင်းစိတ်၌ ကျိန်ဆဲနေခဲ့သည်။ လုံရှီယာ ပုန်းအောင်းသွားပြီးနောက်ပိုင်းတွင် သူမသည် သူနှင့် အဆက်အသွယ် လုံးဝ မရှိခဲ့ချေ။
စောစောက သူမ၏ စကားများသည် လုံရှီယာ ကောင်းစွာ ပြန်လည်သက်သာလာပြီဖြစ်ကြောင်းနှင့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း မုန်တိုင်းတစ်ခုပြီးတစ်ခု ဖန်တီးနေသည့် ဤအသစ်စက်စက် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အပေါ် မည်သည့် မကောင်းသော ခံစားချက်မျှ မရှိကြောင်းကို ကြေညာရင်း လူအုပ်ကြီးအား အံ့အားသင့်အောင် ပြုလုပ်လိုက်ခြင်းသာ ဖြစ်လေသည်။
ဝေ့ဝူယင်သည် လုံရှီယာ ပုန်းအောင်းနေသော နေရာကို ရှာဖွေရန် သူမကို အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားခဲ့လေသည်။ ထို့နောက် အဆင်ပြေဆုံး အချိန်တွင် ဆက်စပ်မှု စစ်အလံ ၏ စစ်ဝိညာဉ် ထဲသို့ သူ့ကို ထည့်သွင်းပစ်မည် ဖြစ်သည်။
သို့သော်လည်း ကောင်းကင်ဘုံ နတ်မျက်လုံးများ ကပင် လုံရှီယာကို ရှာမတွေ့နိုင်ခဲ့ချေ။ ဤသည်မှာ သူသည် ဂလက်ဆီ အတွင်း၌ အလွန်တရာ သိုသိုသိပ်သိပ် ပုန်းအောင်းနေခြင်း သို့မဟုတ် မသိရှိရသော နေရာများဆီသို့ ထွက်ခွာသွားသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ညွှန်ပြနေလေသည်။
မူလ ကြယ်တာရာ အရှင်သခင် သည် ခေါင်းညိတ်လိုက်လေသည်။
"သူ အပြည့်အဝ ပြန်လည်သက်သာလာပြီးရင်တော့ ဘိုးဘေးက သေချာပေါက် လာလည်ပါလိမ့်မယ်...."
ဤ မူလ ကြယ်တာရာ အရှင်သခင် သည် စကြဝဠာကဲ့သို့ လှပရုံသာမက သူမ၏ လျင်မြန်သော တွေးခေါ်နိုင်စွမ်းမှာလည်း ချီးကျူးထိုက်ပေသည်။
"အကောင်းဆုံးပဲ...."
ဝေ့ဝူယင်သည် နောက်ဆုံးတွင် ဝမ်းသာအားရ ပြုံးလိုက်လေသည်။ သို့သော် အတွင်းစိတ်၌မူ 'မင်း ပြန်ကောင်းလာဖို့ တွေးတောင် မတွေးနိုင်ခင် မင်းကို ငါ ရှာတွေ့အောင် လုပ်ပြမယ်... စောင့်နေလိုက်စမ်းပါ' ဟု တွေးတောနေခဲ့၏။
သူသည် လုံရှီယာ နှင့် မည်သည့် ရန်ငြိုးမျှ မရှိသော်လည်း ထိုလူသည် ချက်ချင်း ရင်ဆိုင်ရမည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလေသည်။ လုံရှီယာသည် အဟုန် ဥပဒေသ ကို ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်၏ အားနည်းချက်များကို ပြန်လည် အခွင့်ကောင်း မယူနိုင်ပါက သူ၏ အခြေခံအုတ်မြစ် တစ်ခုလုံး ပြိုလဲသွားလိမ့်မည်ဖြစ်ကြောင်း ကျန်ကျန်းဝမ် က ဝေ့ဝူယင်ကို သတိပေးထားခဲ့ဖူးလေသည်။
ကျင့်ကြံခြင်းသည် အမျိုးမျိုးသော သဘောတရားဆိုင်ရာ အခြေခံအုတ်မြစ်များအပေါ် မူတည်ကြောင်း၊ အထူးသဖြင့် ကောင်းကင် နယ်မြေများ ၏ ဥပဒေသများနှင့် သက်ဆိုင်လာသောအခါ ပို၍ပင် အရေးကြီးကြောင်းကို နားလည်ထားသူ တစ်ဦးအနေဖြင့် သူ့ လက်ချက်ဖြင့် လုံရှီယာ ကြုံတွေ့ခဲ့ရသော ဆိုးရွားလှသည့် ရှုံးနိမ့်မှု၏ အရေးပါမှုကို ဝေ့ဝူယင် ကောင်းစွာ သဘောပေါက်ထားလေသည်။
အထွတ်အထိပ် သူတော်စင် တစ်ဦး မဟုတ်သော သူ၏ ကျင့်ကြံခြင်း အခြေခံသည် လူအများကြားတွင် ပိုမို ထင်ရှားလာပြီးနောက် ဤအရာ၏ အရေးပါမှုသည် ပို၍ပင် ကြီးမားလာခဲ့သည်။
ထို့အပြင်... လုံရှီယာ သူ၏ အစစ်အမှန် ကျင့်ကြံခြင်းနှင့် စွမ်းအားကို သိရှိထားသော တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်လေသည်။
လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူ တစ်ဦးအား ရှုံးနိမ့်ခြင်းသည် အဟုန် ဥပဒေသ အတွက် ဆက်လက် ရပ်တည်၍မရနိုင်သော လက်တွေ့အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းသည် အင်ပါယာ ဥပဒေသ ကို ကျင့်ကြံသော အင်ပါယာ တစ်ဦးက မိမိ၏ ပြည်သူများထံမှ ရိုသေလေးစားမှု သို့မဟုတ် မိမိ၏ နယ်မြေ ပိုင်ဆိုင်မှုကို ဆုံးရှုံးလိုက်ရခြင်းနှင့် မခြားနားပေ။
၎င်းကို ဖြေရှင်းနိုင်ခြင်း မရှိပါက သူ၏ ကျင့်ကြံခြင်းသည် ပြင်းထန်စွာ ကျဆင်းသွားလိမ့်မည် ဖြစ်ပေသည်။
နှစ်ဦးကြား သာယာသော စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် တောက်ပသောကြယ် နန်းတော်သခင် သည် အခြားသူများကို မိတ်ဆက်ပေးရန် ဦးဆောင်လိုက်လေသည်။
"သူတို့တွေကတော့ မျှော်စင် ခုနစ်ခု က ကောင်းကင်သူတော်စင် တွေပါ... သူတို့ အားလုံးဟာ ထူးကဲနက်ရှိုင်းတဲ့ ကျင့်ကြံခြင်း အခြေခံတွေကို ပိုင်ဆိုင်ထားပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တွေ ဖြစ်ကြပါတယ်... သူတို့ တစ်ယောက်စီတိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ တာအို ဘွဲ့အမည်တွေ ရှိကြပါတယ်... အဲ့ဒါတွေကို ခင်ဗျားလည်း ရင်းနှီးပြီးသား ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပေမယ့် သေချာလေး မိတ်ဆက်ပေးပါရစေ...."
ဝေ့ဝူယင်သည် စိတ်ထဲမှ လှောင်ပြောင်လိုက်မိသည်။ ထို ကြီးကျယ်ခမ်းနားသော တာအို ဘွဲ့အမည်များ ဆိုသည်မှာ အဓိပ္ပာယ်မရှိသော စကားလုံးများသာ ဖြစ်လေသည်။
သူတို့အားလုံးသည် ကောင်းကင်ရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင်များ ဖြစ်သည်။ အဂ္ဂိရတ် ဘွဲ့အမည်ဖြင့် ခေါ်ဝေါ်ပါက ကောင်းကင်ရှန့်ထို ဟူသော အသုံးအနှုန်းကို မဖြစ်မနေ အသုံးပြုရမည်ဖြစ်သည်။ သို့သော်လည်း... တောက်ပသောကြယ် နန်းတော်သခင် ၏ သင်္ဘောသားများပင်လျှင် ထိုသို့ခေါ်ဝေါ်ရန် ငြင်းဆန်ခဲ့ကြသည်။
ထို့အစား သူတို့သည် သစ်ချပင်ဖခင် အရှင်သခင် သို့မဟုတ် အမှောင်မိခင် အရှင်သခင် ဟုသာ အသုံးပြုခဲ့ကြသည်။
အကြောင်းရင်းကို သိရပါက... ၎င်းသည် အခြားမည်သည့်အရာထက်မဆို ပို၍ အရှက်ရစရာ ကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခင်မျိုးဆက် မိုးကုပ်စက်ဝိုင်းများ နှင့် ယှဉ်ပြိုင်ရသော ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဤဘွဲ့အမည်များကို တိုက်ရိုက် အသုံးပြုရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသောကြောင့် ဖြစ်လေသည်။
***
အပိုင်း(၂၄၃၆)
တောက်ပသော ကြယ်နန်းတော် သခင်က ခိုင်မာတောင့်တင်းစွာ တည်ဆောက်ထားသော ခန္ဓာကိုယ်ရှိသည့် သစ်ချပင်ဖခင် ကို ဦးစွာ မိတ်ဆက်ပေးလိုက်လေသည်။
"ဒီပုဂ္ဂိုလ်ကတော့ သစ်ချပင်ဖခင် အရှင်သခင် ပါ၊ အဂ္ဂိရတ် တာအို ရဲ့ ဂုဏ်သတ္တိအရ သစ်ရွက်သုံးရွက် အဂ္ဂိရတ် ရှန့်ထို လို့လည်း လူသိများပါတယ်... ပြီးတော့ သူက သစ်ရွက်ပေါင်းစုံ သူတော်စင် မျှော်စင် ကို ဦးဆောင်နေတဲ့ လက်ရှိ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ပါပဲ...."
သူ၏ မြေးမလေးကို ပွဲစားလုပ်ပေးရန် ကြိုးစားခဲ့သော အရပ်ရှည်ရှည်နှင့် တောင့်တင်းခိုင်မာသည့် ပုံရိပ်သည် သဘောကျဖွယ် အပြုံးတစ်ခုကို ပြသလိုက်လေသည်။ ၎င်းတွင် ဟန်ဆောင်မှု လုံးဝ မပါဝင်ခဲ့ချေ။ ဝေ့ဝူယင်သည်လည်း သူ့ကို ကောင်းကင်ရှန့်ထို ဟု ခေါ်ဝေါ်ခြင်းဖြင့် သူတို့အပေါ် သင့်လျော်သော လေးစားမှုကို ပြသခဲ့လေသည်။
ကောင်းကင်ရှန့်ထို သစ်ရွက်သုံးရွက် သည် သင့်လျော်သော နှုတ်ခွန်းဆက်သမှုအဖြစ် ရိုသေစွာ လက်နှစ်ဖက်ကို ယှက်လိုက်လေသည်။
"ဒီပုဂ္ဂိုလ်ကတော့ နာမည်ကျော် ကောင်းကင်ဖခင် အရှင်သခင် ပါ၊ မဟာပေါင်းစည်းခြင်း အဂ္ဂိရတ် ရှန့်ထို လို့လည်း ခေါ်ကြပါတယ်... မြေကမ္ဘာမိခင် နဲ့ တာအိုလက်တွဲဖော်တွေ ဖြစ်ပါတယ်... သူ(မ)ကိုတော့ ဝိညာဉ်လှောင်အိမ် အဂ္ဂိရတ် ရှန့်ထို လို့လည်း လူသိများပါတယ်...."
မဟာပေါင်းစည်းခြင်း အဂ္ဂိရတ် ရှန့်ထို အကြောင်း ပြောလိုက်ချိန်တွင် ဝေ့ဝူယင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ဤသူသည် ယင်-ယန် တာအို ပေါင်းစည်းခြင်း ဆေးလုံး ကို ဖန်တီးခဲ့သူ ဖြစ်သည်။ ၎င်းမှ ဆင်းသက်လာသော ထုတ်ကုန်ကို နက်ပရီအား အစစ်အမှန် သူတော်စင် တစ်ဦး ဖြစ်လာစေရန် ကူညီရာတွင် အသုံးပြုခဲ့လေသည်။ ထို့အပြင် ဤပုဂ္ဂိုလ်၏ အော်ရာသည် တစ်စုံတစ်ရာ ရင်းနှီးနေသကဲ့သို့ ထူးဆန်းသော ခံစားချက်တစ်ခုကို သူ ရရှိခဲ့လေသည်။
သိပ်မကြာမီမှာပင် တောက်ပသောကြယ် နန်းတော်သခင်သည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦးစလုံးကို သူတို့၏ အဂ္ဂိရတ် ဘွဲ့အမည်နှင့် အဖွဲ့အစည်းများဖြင့် မိတ်ဆက်ပေးခဲ့ပြီး သူတို့၏ မျိုးဆက်များအကြောင်းကိုလည်း ပွင့်လင်းစွာ ချီးမွမ်းပြောဆိုခဲ့လေသည်။
ထို့နောက် သူသည် အခြား ခြောက်ဦးထံသို့ ကူးပြောင်းသွားခဲ့၏။ သူတို့သည် ပြိုင်ဘက်ကင်း စံအိမ်များ နှင့် ကြယ်တာရာ နန်းတော်များ ၏ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ အကယ်၍ တောက်ပသောကြယ် နန်းတော်သခင် ကိုပါ ထည့်သွင်းရေတွက်မည်ဆိုပါက ပြိုင်ဘက်ကင်း စံအိမ် ခုနစ်ခု နှင့် ကြယ်တာရာ နန်းတော် ခုနစ်ခု မှ အထွတ်အထိပ် သူတော်စင် ခုနစ်ဦး တက်ရောက်နေခြင်းပင် ဖြစ်လေသည်။
ဤသည်မှာ အစစ်အမှန် ဂလက်ဆီ ထိပ်သီးများ၏ စုစည်းမှုတစ်ခုပင် ဖြစ်ပေသည်။
"ဒါဆို အရိုးပြာ နယ်မြေ ရဲ့ တိုက်ခိုက်ရေး စည်းမျဉ်းတွေကို ဆုံးဖြတ်ပြီးကြပြီလား...."
ခေါင်းစဉ် တစ်စုံတစ်ရာ အပြောင်းအလဲ မဖြစ်ပေါ်မီမှာပင် တောက်ပသောကြယ် နန်းတော်သခင် သည် အဓိကကိစ္စရပ်ဆီသို့ ချက်ချင်း ချဉ်းကပ်သွားခဲ့လေသည်။
သူတို့တွင် အချိန်များများ မကျန်တော့ချေ။
.တောက်ပသောကြယ် နန်းတော်သခင်၏ မေးခွန်းက လေထုကို သဘာဝကျကျ ပြောင်းလဲသွားစေပြီး သစ်ချပင်ဖခင် အရှင်သခင်ကို အာရုံစူးစိုက်မှုများ၏ ဗဟိုချက် ဖြစ်လာစေခဲ့သည်။
ထူးခြား ထက်မြက်သော အာရုံခံစားမှုများသာ မရှိပါက လုံးဝ မသိသာနိုင်သော အရေးတကြီး လိုအပ်မှုတစ်ခုက မူလ ကြယ်တာရာ အရှင်သခင်၏ အေးစက်သော အကြည့်များတွင် ရောယှက်နေသည်ကို ဝေ့ဝူယင် ခံစားလိုက်ရလေသည်။
သစ်ချပင်ဖခင် အရှင်သခင်သည် စည်းမျဉ်းများအကြောင်း ဆက်လက်ပြောဆိုရန် ပြင်လိုက်သော်လည်း ဝေ့ဝူယင်၏ မေ့ဖျောက်၍မရနိုင်သော တည်ရှိမှုကို သတိပြုမိသွားကာ သူ၏ ဖြစ်နိုင်ချေရှိသော မသိနားမလည်မှုများအတွက် ပိုမို ထည့်သွင်းစဉ်းစားပြီး တွေးတောဆင်ခြင်စွာ ရှင်းပြလိုက်လေသည်။
"တောက်ပသောကြယ် အရှင်သခင် သိတဲ့အတိုင်းပဲ၊ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရဲ့ အတွင်းရေး ကိစ္စတွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့က အထွတ်အထိပ် ကျင့်ကြံသူတွေရဲ့ ကပ်ဘေးဆိုက်လောက်တဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့အတွက် ပါဝင်ပတ်သက်မှုကို ကန့်သတ်ထားပါတယ်... ဒီလို ပဋိပက္ခမျိုးကို ခွင့်မပြုခြင်းက ကျွန်တော်တို့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရဲ့ အဓိက အင်အားကို ဆက်လက်တည်တံ့စေပြီး လူငယ်တွေ၊ ပါရမီရှင်တွေနဲ့ အနာဂတ် အဖွဲ့အစည်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြီးထွားလာစေတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို မြှင့်တင်ပေးပါတယ်...."
"ဟုတ်ပါတယ်... တကယ်လို့ ကျွန်မတို့သာ ဒီလို ကြိုတင်ကာကွယ်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် ရတနာအားလုံးကို အထွတ်အထိပ် တည်ရှိမှုတွေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကပဲ လွှမ်းမိုးသွားမှာဖြစ်ပြီး၊ တက်သစ်စ အဖွဲ့အစည်းတွေ ဒါမှမဟုတ် ရှာဖွေမတွေ့ရှိသေးတဲ့ အမည်မသိ ပါရမီရှင်တွေအနေနဲ့ သက်ဆိုင်ရာ ရတနာတစ်ခုကိုမှ ရရှိနိုင်မှာ ဒါမှမဟုတ် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး...."
ဝတ်ပုံစားပုံ စတိုင်ကျပြီး ပျမ်းမျှအရပ်ထက် အနည်းငယ် ပုသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ဝင်ရောက်၍ ပြောဆိုလိုက်သည်။
သူမသည် ပျားရည်ရောင် ဝတ်ရုံများကို လုံခြုံမှုမရှိစွာ ဝတ်ဆင်ထားသည်။ ထိုဝတ်ရုံများသည် သူမ၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဖုံးအုပ်ထားရုံသာမက သူမ၏ ရင်ဘတ်ကို စက်ဝိုင်းပုံစံ အပေါက်တစ်ခုဖြင့် ဖော်ပြထားပြီး အခြားသူများကို သူမ၏ နူးညံ့သိမ်မွေ့သော အသားအရေရှိသည့် ကြွယ်ဝသော တောင်ကြားကို မြင်တွေ့ခွင့် ပေးထားလေသည်။
တောက်ပသောကြယ် နန်းတော်သခင်က သူမကို ပျားရည်ရွှေရောင် ကြယ်တာရာ နန်းတော်သခင် ဟု မိတ်ဆက်ပေးခဲ့ပြီး ပျားရည်ရွှေရောင်ပန်း အရှင်သခင်၊ ၁၅ ဆက်မြောက် နန်းတော်သခင် နှင့် သူမ၏ မျိုးဆက်တွင် လက်ရှိတည်ရှိနေသည့် တစ်ဦးတည်းသော ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူအဖြစ်လည်း သတ်မှတ်ထားလေသည်။
"ဒါက ရေတိုမှာတော့ တရားမျှတတယ်လို့ ထင်ရနိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အင်အားကြီးသူက ရတနာကို ရသင့်တယ်လေ၊ ဒါပေမယ့် ဒီလို ဖိနှိပ်တဲ့ နည်းဗျူဟာတွေက ဘယ်လူ့အဖွဲ့အစည်းမှာမဆို ဆုတ်ယုတ်ကျဆင်းတဲ့ လေထုကို မြှင့်တင်ပေးတယ်ဆိုတာကို သမိုင်းက အကြာကြီးကတည်းက သက်သေပြခဲ့ပြီးသားပါ... တကယ်လို့သာ မျှော်လင့်ချက်ရှိတဲ့ လူငယ်တွေကြားမှာ ယှဉ်ပြိုင်မှုဆိုတာ မရှိခဲ့ဘူးဆိုရင် စိတ်ဓာတ်ကျဆင်းမှုနဲ့ ကျင့်ကြံခြင်း တုံ့ဆိုင်းမှုတွေက လွှဲရှောင်လို့မရဘဲ ဖြစ်ပေါ်လာမှာပဲ...."
ကြောက်မက်ဖွယ်ကောင်းလောက်အောင် စူးရှကာ အနည်းငယ် နားလည်ရခက်သော အသံဖြင့် ထပ်လောင်းပြောဆိုလာသူကတော့ အလွန်တရာ ပိန်ချုံးနေသော ခန္ဓာကိုယ်နှင့် နှင်းကဲ့သို့ ဖြူဆွတ်သော အသားအရေရှိသည့် ထိပ်ပြောင်သက်ကြီးရွယ်အို အမျိုးသားတစ်ဦး ဖြစ်လေသည်။
'ပြိုင်ဘက်ကင်း အဆိပ် စံအိမ်က စက်ဆုပ်ဖွယ် နှင်း အရှင်သခင်ပဲ... သူက ပျမ်းမျှအရပ်အမောင်းနဲ့ ပိန်ချုံးတဲ့ ရုပ်ရည်ရှိပေမယ့် အဆိပ်သိုင်းတွေကို ကျွမ်းကျင်တဲ့ အစစ်အမှန် ဝိညာဉ်ရေးရာ ပညာရှင်တစ်ယောက်ပဲ....'
ဝေ့ဝူယင်သည် စက်ဆုပ်ဖွယ် နှင်း အရှင်သခင်ကို အလွန် အလေးထားကာ သတ်မှတ်လိုက်လေသည်။ ဤနေရာတွင် ရှိနေသူများအားလုံးထဲတွင် ဤသူသည် အခြား နှစ်ဦးနှင့်အတူ ပူးပေါင်း၍ အထွတ်အထိပ် သူတော်စင်တစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည့် တစ်ဦးတည်းသော တည်ရှိမှု ဖြစ်လေသည်။
၎င်းသည် တစ်ကိုယ်တော် ကြိုးစားအားထုတ်မှု မဟုတ်သော်လည်း တိုက်ပွဲအတွင်း အထွတ်အထိပ် သူတော်စင်တစ်ဦးကို သတ်ဖြတ်ရန်မှာ မှန်းဆ၍မရနိုင်လောက်အောင် ခက်ခဲလှပေသည်။ ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိသော နည်းဗျူဟာမှာ သူတို့ကို ချိတ်ပိတ်ထားပြီး သူတို့၏ အစစ်အမှန် ဝိညာဉ်နှင့် ဝိညာဉ်ကာကွယ်မှုတို့ကို တဖြည်းဖြည်း လျော့ကျသွားစေကာ နောက်ဆုံးတွင် သေဆုံးသွားစေရန် ပြုလုပ်ခြင်း ဖြစ်လေသည်။
ဝေ့ဝူယင်သည် ဖြစ်နိုင်သမျှ အစစ်မှန်ဆုံးသော အတိုင်းအတာအထိ ကောင်းကင်ဘုံကို ဖီဆန်သည့် သူ၏ ကျင့်ကြံခြင်း အစွမ်းအစတိုင်းကို အသုံးပြုခဲ့သော်လည်း လုံရှီယာကို မသတ်ဖြတ်နိုင်ခဲ့ချေ။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုသာ ဖျက်ဆီးနိုင်ခဲ့ပြီး ၎င်းသည် တစ်နည်းအားဖြင့် သေဆုံးခြင်းမျိုး ဖြစ်သော်လည်း ထာဝရ သေဆုံးခြင်းတော့ မဟုတ်ခဲ့ပေ။
ဝေ့ဝူယင်သည် ရှင်းလင်းချက်နှင့် အကြောင်းပြချက်များကို ပူးပေါင်း၍ ရှင်းပြနေကြသော အထွတ်အထိပ် သူတော်စင် နှစ်ဦးကို အသိအမှတ်ပြုသောအားဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
သူတို့က သူ နားလည် သဘောပေါက်စေဖို့ အတွက် ထိုအပိုစကားများကို ထပ်ဆောင်း ပြောဆိုပေးနေခြင်း ဖြစ်သည်။ သို့သော်လည်း... ၎င်းတို့မှာ လုံးဝ မလိုအပ်သော အရာပင် ဖြစ်သည်။ သူသည် ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်၏ မှတ်ဉာဏ်များကို ရရှိထားပြီး ဖြစ်လေသည်။
သစ်ချပင်ဖခင် အရှင်သခင်က ဆက်လက်ပြောဆိုခဲ့သည်။
"မှန်ပါတယ်... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီမှာ ရတနာကို ယှဉ်ပြိုင်မယ့်သူတွေက ဆုံးဖြတ်ထားတဲ့ ရှင်းလင်းပြတ်သားတဲ့ စည်းမျဉ်းတွေနဲ့ ယှဉ်ပြိုင်ပွဲတစ်ခုကို တည်ထောင်တဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှုတစ်ခု ရှိပါတယ်... ဒါက လုံးဝ တရားမျှတချင်မှ မျှတပါလိမ့်မယ်၊ ဒါပေမယ့် အခွင့်အရေးတွေအတွက် ပွင့်လင်းတဲ့ စင်မြင့်တစ်ခုကို ခွင့်ပြုဖို့ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်အရ ဒီစည်းမျဉ်းတွေကို ဆုံးဖြတ်တဲ့သူတွေမှာ အားသာချက်တစ်ခု ရှိနေတယ်ဆိုတာကတော့ မျှော်လင့်ထားရမယ့် အရာပါပဲ...."
ထိုအရာတွင် မှားယွင်းမှု တစ်စုံတစ်ရာ မရှိကြောင်း ဝေ့ဝူယင် တွေ့ရှိလိုက်ရသည်။ ထို့ပြင် ထိုသတိပေးချက်သည် စည်းမျဉ်းများကို အင်အားကြီးသူများက ဖန်တီးပြီး၊ အင်အားကြီးသူများက အသက်သွင်းကာ အင်အားကြီးသူများ၏ ဆန္ဒအရ ပြန်လည်ရေးသားနိုင်ကြောင်း မည်သည့် နားထောင်သူကိုမဆို နားလည်သွားစေရန် လုံလောက်လေသည်။
၎င်းသည် ရှာဖွေမတွေ့ရှိသေးသော ပါရမီရှင်များနှင့် လူငယ်များကို ကြီးထွားလာစေရန် အထောက်အကူပြုနိုင်သော်လည်း သူတို့သည် ရှိသမျှ အရာအားလုံးထဲမှ အကြီးဆုံး အစိတ်အပိုင်းကို မလွှဲမရှောင်သာ ယူဆောင်သွားကြမည် ဖြစ်လေသည်။
ထို့နောက် သူတို့သည် မိမိတို့၏ အရည်အချင်းဖြင့် တက်လှမ်းလိုသူများအတွက် အလယ်အလတ် တန်ဖိုးရှိ ရတနာများကို ချန်ထားခဲ့ကြမည် ဖြစ်သည်။
လက်ရှိမျိုးဆက် မိုးကုပ်စက်ဝိုင်းများနှင့် ရှေးဟောင်း မိုးကုပ်စက်ဝိုင်းတို့ ပါဝင်သည့် အစွမ်းကုန် မျှော်စင် ခုနစ်ခုသည် အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် လေလံပွဲမှလွဲ၍ အတွင်းရေးအရ မည်သည့်အရာအတွက်မျှ ယှဉ်ပြိုင်လေ့ မရှိကြချေ။ အပြင်ပန်းအားဖြင့် တိုက်ခိုက်လုယူရမည့် အရာများသည်ပင်လျှင် ကြီးမားလှသော ဓနဥစ္စာများမှတစ်ဆင့် သူတို့၏ လက်ထဲသို့ ရောက်ရှိလာနိုင်ခြေ ရှိလေသည်။
ယနေ့တိုင်အောင် မိုးကုပ်စက်ဝိုင်း မည်သူတစ်ဦးတစ်ယောက်ကမျှ မကြာမီ ဖြစ်ပေါ်လာတော့မည့် အရိုးပြာနယ်မြေ၏ ပေါက်ကွဲမှုကို ဂရုမစိုက်ကြကြောင်းနှင့် စုရီနှင့် ပတ်သက်သည့် ဖြစ်ရပ်များကိုသာ အဝေးမှ စောင့်ကြည့်နေကြဖွယ်ရှိကြောင်း ရှင်းလင်းစွာ သိသာနေလေသည်။ အကယ်၍ သူတို့သာ ပါဝင်ပတ်သက်မည်ဆိုပါက သူတို့ ဝယ်ယူနိုင်သော ရတနာများအတွက် အချင်းချင်း တိုက်ခိုက်ခြင်းများ သေချာပေါက် ပါဝင်မည်မဟုတ်ဘဲ ဝယ်ယူ၍မရနိုင်သော တန်ဖိုးရှိသည့် လျှို့ဝှက်ချက်များအတွက် စုရီကို ဖမ်းဆီးရန်သာ ကြိုးစားကြမည် ဖြစ်လေသည်။
သို့သော်လည်း... ဤနေရာတွင် ရှိနေသူများအားလုံးကတော့ အရိုးပြာနယ်မြေ၏ ယှဉ်ပြိုင်ပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ထားကြသည့် အထွတ်အထိပ် သူတော်စင်များ ဖြစ်ကြလေသည်။ အဘယ်ကြောင့်ဆိုသည်ကိုလည်း အလွန် ရှင်းလင်းပြတ်သားစွာ သိသာနေလေသည်။
***