မဆုတ်မနစ်
Vol. 5 Ch. 69
ကွင်းပြင်ထဲမှာ စကားပြောဆိုမှုများ မရှိတော့ပါ။ အဲဒီ အခိုက်အတန့်မှာ ငှက်ရုပ်ကိုးခု ပေါ်က မီးခိုးရောင် မပြောင်းသေးတဲ့ တစ်ခုတည်းသော အမည်ကို မြင်တွေ့ရစဉ်မှာ ကွင်းပြင်ထဲက လူတွေအားလုံး လေးလေးပင်ပင် ပင့်သက်ရှိုက်မိ ကြတယ်။
မော့စုဟာ ပထမနေရာနဲ့ ငါးလှမ်းသာ ကွာဝေးပါတော့တယ်။
အဲဒီအချိန်မှာ ပထမနေရာ ရရှိထားတဲ့၊ ရဲဝမ်ဟာ ရှီဟိုင်နဲ့ အခြားသူများရဲ့ အကူအညီနဲ့ မျက်စိတဖြည်းဖြည်း ဖွင့်နိုင်လာတယ်။ သူ့မျက်လုံးတွေဟာ အနည်းငယ်မျှ နီမြန်းရိပ် ထင်နေဆဲ ဖြစ်ပြီး သူဟာ ငှက်ရုပ်ပေါ်က အဆင့် သတ်မှတ်ချက်ကို ရှုပ်ထွေးတဲ့ မျက်နှာထားနဲ့ ကြည့်နေတယ်။
သူ့အနားမှာ ရှီဟိုင်ဟာ ခေါင်းကိုငုံ့လို့ သူ့ကို တစ်စုံတစ်ရာ ပြောနေဟန် ပေါ်ပေမဲ့ ရဲဝမ်ကတော့ သူပြောတာကို မကြားသလို လျစ်လျူ ရှုလိုက်တယ်။ သူဟာ ငှက်ရုပ်ပေါ်က အဆင့် သတ်မှတ်ချက်ကိုသာ ကြည့်နေတယ်။
ရှီဟိုင်ဟာ မျက်မှောင်ကြုတ်လို့ ထွက်ခွာသွားလေတယ်။
"ငါကရဲဝမ်။ ငါမရှုံးဘူး။ အနိုင်ရဖို့ လျှို့ဝှက်နည်းလမ်းတွေ ငါမသုံးဘူး”
ရဲဝမ် လက်သီးဆုပ်လိုက်တယ်။ အဲဒီအခိုက်မှာ သူဟာ ဂုဏ်ယူဝင့်ကြွားမှု အရှိဆုံး လူငယ်မဟုတ်တော့ဘဲ အစွမ်းကုန် ကြိုးစားလို့ ခြေလှမ်း ၉၀၅ လှမ်း တက်လှမ်း နိုင်ခဲ့ပေမဲ့ အင်အား ပြတ်လပ်သွားလို့ ပြန်ရောက်လာခဲ့ရတဲ့ သာမန် မျိုးနွယ်စု အဖွဲ့ဝင်လေးသာ ဖြစ်ပါတော့တယ်။ သူခံစားနေရတဲ့ စိုးရိမ်ပူပန်မှုဟာ ကွင်းပြင်ထဲက လူတိုင်းထက် ပိုပြီး ပြင်းထန်တယ်။ သို့တိုင် သူ့မှာ မာန်မာနနဲ့ ဂုဏ်သိက္ခာ ကျန်သေးတယ်။ ရှီဟိုင်ရဲ့ အကြံပြုချက်က သူ့အတွက် ရှက်ဖွယ်လိလိပဲ။
တိတ်ဆိတ်နေချိန်မှာ လူတွေရဲ့ အသက်ရှူသံက ပိုရှင်းလင်းလာတယ်။ အထူးသဖြင့် မော့စုကို အစပိုင်းမှာ ဖျော်ဖြေရေး သမားတစ်ယောက်လို မှတ်ယူခဲ့သူများ ဖြစ်တယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ စိတ်တွေ ဗလာနတ္ထိဖြစ်နေပြီး မယုံကြည်နိုင်မှုနဲ့ ထိတ်လန့် အံ့ဩမှုတွေသာ ကျန်ရှိတော့တယ်။
သူတို့ဟာ အံ့ချီးဖွယ်ရာ တစ်ခုကို တွေ့မြင်ခဲ့ရတာ ဖြစ်တယ်။ လူတစ်ဦးရဲ့ မြင့်တက်လာမှုကို သူတို့မျက်စိနဲ့ တပ်အပ်မြင်တွေ့ ခဲ့ရတယ်။ အံ့အားသင့်မှုသာ ကျန်ရစ် ခဲ့စေတဲ့အထိ ရူးသွပ်လောက်စရာ အရာတစ်ခုကို ကြုံတွေ့ခဲ့ရတယ်။ နောက်ဆုံး နေရာကနေ ထိပ်ဆုံးကို ရောက်လာနိုင်တဲ့ သူတစ်ယောင်မျှ မရှိဖူးဘူး။
ရဲဝမ်ကို ဒဏ်ရာရတဲ့အထိ တွန်းအားပေးခဲ့ပြီး လေပြေစီးကြောင်း စမ်းသပ်ပွဲ ပထမအဆင့်ကနေ ထွက်ခွာသွားအောင် လုပ်နိုင်ဖို့ဝေးစွ။ ဝူစန်း၊ ပိစုနဲ့ ချန်ချွန်း တို့ထက် သာလွန်တာတောင် တစ်ဦးမျှ မရှိခဲ့ဘူး။ ဒါကြောင့်မို့ အခုချိန်ကစပြီး တောင်ဟာ တစ်ဦး တစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တော့တယ်။ အဲဒါကတော့ မော့စု။
ထိပ်တန်းအဆင့် ၅၀ တွင်း ဝင်ရောက်နိုင်ခဲ့တဲ့ ပါရမီရှင်တို့ဟာ အခုချိန်မှာတော့ တိတ်ဆိတ် ငြိမ်သက်လျက် ရှိနေကြတယ်။ သူတို့ဟာ ငှက်ရုပ်တုပေါ်က မော့စုရဲ့ နာမည်ကို ရှုပ်ထွေးတဲ့ ခံစားချက်ပေါင်းစုံနဲ့ ကြည့်နေကြတယ်။ လေးစားမှု၊ မနာလိုမှု၊ မျှော်လင့်ချက်နဲ့ အခြားသော စိတ်ခံစားချက် အစုံအလင်။
မျိုးနွယ်စု ခေါင်းဆောင်တွေလည်း အလားတူပင်။ သူတို့ခံစားရတဲ့ အရာလည်း မကွဲပြား လှဘူး။ မော့စုဟာ သူတို့ စိတ်နှလုံးထဲမှာ အလွန်မြင့်မားတဲ့ အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင် ထားနှင့်ပြီ။ ဒီလူဟာ ပြန်ရောက်လာတာနဲ့ မုန်တိုင်းတစ်ခုလို ဖြစ်နေမှာ မလွဲမသွေ။
လူပေါင်းများစွာဟာ သူဘယ်သူလဲ ... ဆိုတာ သိချင်နေကြတယ် ... သူဘယ်လိုပုံ ဖြစ်မလဲ။ သို့ပေမဲ့ စုမင်ရဲ့ မယုံနိုင်လောက်အောင် သာမန်ဆန်တဲ့ အသွင်အပြင်ကြောင့် စမ်းသပ်မှု မတိုင်မီသူ့ရဲ့ တည်ရှိမှုကို ဘယ်သူမှ သတိမထားမိမှာ သေချာတယ်။
ချန်ချွန်နဲ့ တွေ့ဆုံဖို့ သူ့ကို ဆွဲဆောင်ခဲ့သူ ပင်လျှင် ငှက်ရုပ်တုပေါ်က နာမည်ကို စိတ်လှုပ်ရှားစွာနဲ့ မျှော်လင့်တကြီး ကြည့်နေတယ်။
ချွန်မြမြပါးစပ်နဲ့ မျောက်တစ်ကောင်လို ပါးမို့တွေရှိတဲ့ အဘိုးအို တစ်ယောက်သာ လူအများကြားမှာ ထိတ်လန့်တဲ့ အမူအရာနဲ့ ရပ်လျက်ရှိတယ်။ တစ်စုံတစ်ဦး အရှုံးပေးပြီး ပြန်ရောက်လာတိုင်း သူက ပထမဆုံး လိုက်ကြည့်တဲ့သူ ဖြစ်တယ်။ အဲဒီအချိန်မှာ မော့စုကလွဲပြီး အားလုံး ကွင်းထဲပြန်ရောက် လာကြချိန်မှာ နောက်ကျမှ တွေ့ရှိသွားခဲ့တာက ... ဘယ်တစ်ယောက် ကမှ သူပထမဦးဆုံး ချဉ်းကပ်ခဲ့တဲ့ လူငယ်မဟုတ်ဘူး။
"မဖြစ်နိုင်ဘူး ...”
ပေချင်း ရေရွတ်လိုက်တယ်။ သူဟာ ငှက်ရုပ်တုပေါ်က မော့စုရဲ့ နာမည်ကို ကြည့်ပြီး ယုံကြည်ဖို့ ခက်နေတုန်းပဲ။
“တကယ်ပဲ သူဖြစ်နေမလား”
မော့စန်းနဲ့ ကျင်းနန်တို့ဟာ ခပ်ဝေးဝေးက ထောင့်တစ်နေရာမှာ အတူရှိနေကြပေမဲ့ တစ်ဦး နှင့်တစ်ဦး စကား မပြောခဲ့ကြပါ။ ငှက်ရုပ်ကိုသာ တိတ်ဆိတ်စွာ စောင့်ကြည့် နေကြတယ်။ မော့စန်း မျက်နှာ အရိပ်အကဲကို ဖတ်မရလောက်အောင် ဗလာနတ္ထိ ဖြစ်နေပေမဲ့ သူ့ ရင်ဘတ်ကတော့ ကဆုန်ပေါက် ခုန်လှုပ်နေတယ်။
ကျင်းနန်ဟာလည်း စုမင်ရဲ့ တိုးတက်မှု တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့တယ်။ အဲဒီအချိန်မှာ သူ့ရဲ့ မျက်နှာပေါ်က ထိတ်လန့်မှုကို ဖုံးကွယ် မထားနိုင်တော့ဘူး။ အစောပိုင်း တည်ရှိမှုဟာ ပုရွက်ဆိတ် တစ်ကောင်လို မထင်မရှားဖြစ်ပြီး သိပ်မြင့်မြင့်မားမား မတွေးခဲ့သူ၊ ထိပ်တန်း ၅၀ ထဲ ဝင်ရောက်နိုင်လျှင်ပင် ကံကောင်းလို့ ထင်ခဲ့သူဟာ သူ့ရဲ့ မျှော်မှန်းချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွန်ပြခဲ့ပြီး သူ့ကို အများကြီး အံ့ဩစေခဲ့သူ။ အခုတော့ သူက ကျင်းနန်ကိုတောင် ထိတ်လန့်တဲ့ အဆင့်ထိ ရောက်အောင် လုပ်နိုင်လိုက်ပြီ။
ကျင်းနန်ဟာ စုမင်ရဲ့ မူလဇစ်မြစ်ကို တွေးတောစဉ်းစား ပြန်တယ်။ မော့စန်းရဲ့ စကားတွေကို သူ့ခေါင်းထဲမှာ ပြန်လည် ကြားယောင်ပြီး သူ့ကိုပိုပြီး မရေမရာ ဖြစ်စေတယ်။
အချိန်ကြာမြင့်စွာ ကုန်လွန်သွားပေမဲ့ ကွင်းပြင်ထဲက လူတွေထံမှာ စိတ်မရှည်တဲ့ အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရဘူး။ သူတို့အားလုံး စောင့်နေ ခဲ့ကြတယ်။ ပထမဆုံးအလင်းရောင် မိုးကုပ်စက်ဝိုင်းကနေ ထွက်ပေါ်လာပြီး နံနက်ခင်း ရောက်ချိန်မှာ အလှမ်း ၉၀၀ မြောက် လှေကားထစ်မှာ စုမင်ဟာ မျက်လုံးတွေကို ဖွင့်လာတယ်။ သူ့ခန္ဓာကိုယ်မှာ သွေးကြောတစ်ခုသာ ကျန်ခဲ့တော့တယ်။ သူမျက်စိ ဖွင့်လိုက်တဲ့အခါ အဲဒီသွေးကြော ပျောက်ကွယ်သွားတယ်။
သူခေါင်းမော့ပြီး နေအလင်းရောင်နဲ့ ထွန်းလင်းနေတဲ့ တောင်ထိပ်ကို ကြည့်တယ်။ မြူတွေ ဆိုင်းနေပြီး တောင်တောင် ရှင်းရှင်းလင်းလင်း မမြင်ရတောတော့ နှမြောတသစရာ။ စုမင်ဟာ ခေတ္တမျှ တိတ်ဆိတ်သွားပြီး လက်ထဲက ပလိတ်ပြားကို ကြည့်တယ်။
"၉၀၅ လှမ်း ...”
စုမင် ရေရွတ်လိုက်တယ်။
"ငါဒီမှာ ရောက်နေနှင့်ပြီးသား ... ဒီလိုဆိုမှတော့ သူ့ကိုယှဉ်ပြိုင် ကြည့်ရမှာပေါ့”
စုမင် ခေါင်းမော့လိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေထဲမှာ ဆုံးဖြတ်ချက် ခိုင်မာမှုရှိတယ်။ မနက်ခင်း လန်းလန်းဆန်းဆန်း လေထုကို ရှူရှိုက်လို့ ၉၀၁ လှမ်းမြောက် ခြေလှမ်းဆီကို ဦးတည် လိုက်တယ်။
ဒါပေမဲ့ မနက်ခင်း ဖြစ်နေပြီမို့ လရောင်လည်း မရှိတော့ဘူး။ သူ့အပေါ် ကျရောက်လာတဲ့ ဖိအားဒဏ်ကို ခံစားလိုက်ရတယ်။ တော်သေးတာက နေ့အချိန်က ညအချိန်ထက် ဖိအားနည်းလို့။ ညသန်းခေါင်အချိန်မှာ ခံစားခဲ့ရ သလိုမျိုးပဲ ခံစားခဲ့ရတယ်။
သို့တိုင် သူက အလှမ်း ၉၀၀ ကျော်မှာ ရှိနေတာ၊ တောင်ထိပ်နဲ့ အနီးကလေးပဲ ခြားတော့ တယ်။ လူတစ်ယောက်ကို အရှင်လတ်လတ် ချေမွဖျက်ဆီးနိုင်ဖို့ လုံလောက်တယ်။
ဒီနေရာက အဆင့်တစ်ခုက လှေကားတစ်ထစ်က အောက်ဘက်က အထစ် ၁၀၀၊ ၂၀၀ လောက်နဲ့ ညီမျှတယ်။
စုမင် ညာခြေထောက် ချလိုက်တယ် ဆိုလျှင်ပဲ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားတယ်။ သွေးကြော ၁၅၆ ခုလုံး သူ့ခန္ဓာကိုယ်ပေါ် ပျံ့နှံ့ဖြာဆင်းလာပြီး မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ သူ့ဆီ ဦးတည်လာတဲ့ ဖိအားကို တွန်းလှန်နိုင်ဖို့ စုမင်ဘေးမှာ ဝန်ရံထားတယ်။
စုမင် ရွေ့လျားသွားတယ်။
သူပြောင်းရွှေ့သွားတာနဲ့ တစ်ပြိုင်နက် အချိန်ကြာမြင့်စွာ တိတ်တဆိတ် စောင့်ဆိုင်းနေတဲ့ ကွင်းပြင်မှာ ရှိနေတဲ့ လူတွေရဲ့ အတွေးတွေ ထွက်ပေါက်ရသွားကြတယ်။ စုမင် ရွေ့လျားလိုက်တာနဲ့ တစ်ပြိုင်နက် သူတို့ရဲ့ တောင့်တင်းနေတဲ့ ခံစားချက်တွေ အားလုံး ထွတ်လွှတ်လိုက်ခွင့် ရသွားတယ်။
"၉၀၁"
"သူ ၉၀၁ မှာ”
မျက်လုံးများစွာဟာ ငှက်ရုပ်တုကိုးခု ပေါ်မှာ မီးခိုးရောင် မဟုတ်တဲ့ တစ်ခုတည်းသော နာမည်ကို အာရုံစိုက်ခဲ့ ကြတယ်။ အဲဒီအချိန်မှာ သူတို့ အရာရာကို မေ့သွားကြပြီး သူတို့ရဲ့ မျက်လုံးထဲ၊ ခေါင်းတွေထဲမှာ ကျန်ရှိနေသေးတာဆိုလို့ အခုထိ အရောင်မှိန် မသွားတဲ့ နာမည်လေးတစ်ခု။
ချန်ချွန်း တုန်လှုပ်စွာနဲ့ အသက်ပြင်းပြင်း ရှူရှိုက်တယ်။ သူ အဆင့် သတ်မှတ်ချက်ကို စိုက်ကြည့်နေတယ်။ ဒီမြင်ကွင်းဟာ စမ်းသပ်ပွဲရဲ့ အထွတ်အထိပ် ဖြစ်ခဲ့တယ်။ ပြောရလျှင် အရင်က ပြုလုပ်ခဲ့တဲ့ စမ်းသပ်ပွဲတွေထက် ပိုမိုပြင်းထန်ပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်။ တစ်မိနစ်လေးလောက်တောင် မျက်စိ မလွှဲလိုက်ချင်ဘူး။
ပိစုလည်း လက်သီး ဆုပ်လျက်ရှိတယ်။ သူ့ရဲ့ ဓားသွားလို မျက်လုံးတွေဟာ တဖြည်းဖြည်း နက်မှောင်လာပြီး ကွယ်ဝှက်ထားတဲ့ မနာလိုမှုများဟာ မုန်းတီးမှု အပြည့်နဲ့ သတ်ဖြတ်လိုခြင်းတွေ ထင်ဟပ်လာတယ်။ အလားတူ သတ်ဖြတ်ရန် ဆန္ဒရှိနေသူက အခြားသူ တစ်ဦးကတော့ မဟူရာတောင် မျိုးနွယ်စုခေါင်းဆောင် ဖြစ်တယ်။ သူက ငှက်ရုပ်တုပေါ်က မော့စန်းရဲ့ နာမည်ကို ဘယ်တော့မှ မပျော်ကျတော့မယ့် ရေခဲလို စူးရှအေးစက်စွာ စိုက်ကြည့်နေတယ်။
၉၀၂
မော့စုရဲ့ နာမည်နောက်က နံပါတ်၊ ၉၀၂ ကို ပြောင်းလဲသွားတာနဲ့ တစ်ပြိုင်နက် ကွင်းထဲက စောင့်ကြည့် နေသူများရဲ့ နှလုံးသားတွေ ခုန်လှုပ်သွားကြတယ်။
စုမင် လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာ တောင်ပေါ်က လှေကားများအပေါ် နင်းတက် ရုံသာမက ကွင်းပြင်ထဲက လူတွေရဲ့ နှလုံးသားတွေကိုလည်း ချနင်း သွားသလိုမျိုးပဲ။ ဒါက ရှားပါးတဲ့ မြင်ကွင်းတစ်ခု ဖြစ်တယ်။ ဆိုလိုတာက စုမင်ဟာ လူတွေရဲ့ ရင်ထဲမှာ အရေးကြီးတဲ့ နေရာကို ရယူထားနိုင်တယ်။ သူ့ရဲ့လုပ်ရပ် တစ်ခုချင်းစီက ခံစားချက်တွေကို အမျိုးမျိုး မွှေနှောက် စွမ်းနိုင်တယ်။
အရင်တုန်းက ရဲဝမ်ရဲ့ ဂုဏ်အသရေနဲ့ မာန်မာနက အရေးပါလှတယ်။ အခုတော့ ရဲဝမ်က ရပ်ကြည့်သူတစ်ယောက် ဖြစ်လာခဲ့ပြီ။ စုမင်နာမည်နောက်က နံပါတ် အပြောင်းအလဲ တစ်ခုကို မြင်ရတိုင်း သူ့နှလုံးသားတွေ ယိမ်းယိုင်ရတယ်။
ဒီလို ခံစားမှုမျိုးက သူ့အတွက် ထူးဆန်းနေတယ်။ အရိုးပေါ်မှာ ထွင်းထုထားတဲ့ အမှတ်အသား တစ်ခုလို
"၉၀၃ သူ ၉၀၃ မှာ။ သူ ရဲဝမ်နဲ့ အဆင့်တူဖို့ နှစ်လှမ်းပဲ ကျန်တော့တယ်။ နောက်သုံးလှမ်းဆိုရင် ရဲဝမ်ကိုကျော်ပြီး ပထမဖြစ်ပြီ”
"သူက ... ပထမ ဖြစ်လာနိုင်သလား”
နဂါးနက်တောင်က အမျိုးသမီးကြီး အသက်ရှူ မြန်လာတာနဲ့အမျှ သူမရဲ့ မျက်စိ သူငယ်အိမ်တွေ လှုပ်ခတ်လာလေတယ်။ သူမအနားမှာ ရှိနေတဲ့ ပိုင်လင်းဟာ ယောင်တောင်တောင် ဖြစ်မနေတော့ဘူး။ သို့ပေမဲ့ ခေါင်းမော့ပြီး မော့စုရဲ့ နာမည်ကို ကြည့်နေတယ်။ သူမရဲ့ မျက်ခုံးများဟာ အနည်းငယ်မျှ တွန့်ချိုးနေတယ်။
ရှန့်ဟန်ဟာ နက်မှောင်တောင် မျိုးနွယ်ဝင်တွေ စုစည်းရာ အရပ်မှာ ငြိမ်သက်စွာ ထိုင်နေတယ်။ သူ ထိုင်သာထိုင်နေတာ၊ ကျဉ်းမြောင်းထားတဲ့ မျက်လုံးတွေဟာဟာ ထူးထူးဆန်းဆန်း ဝင်းလက်နေတယ်။
ပေလင်းက စိတ်လှုပ်ရှားနေတယ်။ သူ့ရဲ့ လက်ရှိအဆင့်နဲ့ နက်မှောင်တောင် မျိုးနွယ်စုမှာ ဒီလို မျက်နှာထား အမူအရာမျိုး ပြသလေ့မရှိဘဲ အေးစက်တယ်လို့ လူသိများပေမဲ့ ဒီတစ်ကြိမ်မှာတော့ စိတ်လှုပ်ရှားနေတာကို မကွယ်ဝှက် ထားနိုင်တော့ဘူ။ သူက သူ့ကိုယ်သူ မော့စု လို့တောင် ခံစားရတယ်။ မော့စုအနေနဲ့ လေပြေစီးကြောင်း မျိုးနွယ်ဝင် ပါရမီရှင်တွေကို အနိုင်ယူလိုက်တဲ့ အချိန် ခံစားချက်က ရင်ဖိုစေတာမို့ သူ့လက်သီးတောင် ဆုပ်ထားမိတဲ့အထိ။
ဝူလက သူ့ထက်ပိုပြီးတောင် စိတ်လှုပ်ရှားတယ်။ တဒိန်းဒိန်း ခုန်လှုပ်နေတဲ့ နှလုံးသားနဲ့ ရပ်နေစဉ်မှာ သူမမျက်နှာဟာ လုံးဝနီရဲနေတယ်။ သူမအနေနဲ့ ခုန်ဆွခုန်ဆွ လုပ်ပြီးတော့သာ မော့စုရေ မြန်မြန်သွားပါလို့ အော်လိုက်ချင်တယ်။
လေ့ချန်ကတော့ မော့စုဟာ စုမင်လား ဆိုတဲ့ အတွေးကို လုံးဝစွန့်လွှတ် လိုက်ပါပြီ။ မရေရာတဲ့ အချက်တွေ များလွန်းတယ်လေ။
“၉၀၃၊ မော့စုက ၉၀၃ မှာ”
ဝူလဟာ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ပဲ မဟုတ်လား။ ငှက်ရုပ်ပေါ်က နာမည်ကို စိတ်လှုပ်ရှားစွာနဲ့ ညွှန်ပြနေခဲ့တယ်။ သူမရဲ့ မျက်လုံးတွေထဲမှာ မြူးကြွ ရွှင်လန်းရိပ်တွေ ရှိတယ်။ အဲဒီ စိတ်လှုပ်ရှား မြူးကြွမှု အလွှာလေးအောက်မှာ ဖုံးကွယ်ထားတဲ့ ခံစားချက်ဆန်းဆန်း တစ်မျိုးလည်း ရှိနေပြန်တယ်။
ကွင်းထဲမှာ ပိုလို့ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာတယ်။ ကျယ်လောင်တဲ့ အသံတွေ ကြားထဲမှာ ရဲဝမ်ဟာ တင်ပျဉ်ခွေ ထိုင်လျက်ရှိတယ်။ သူ့မျက်လုံးတွေ တဖြည်းဖြည်း နီရဲလာပြန်တယ်။ လက်သီးကို တင်းတင်းဆုပ်တယ်။ သူ့နှလုံးသားထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို စကားလုံးတွေနဲ့ ဖော်ပြဖို့ရာ ခက်ခဲလှလေတယ်။
သူဟာ တစ်ချိန်က အားလုံးထဲက အတော်ဆုံး ဖြစ်ခဲ့တယ်။ တစ်ချိန်က ထိပ်ဆုံးကရပ်ပြီး ကွင်းထဲက လူတွေရဲ့ အာရုံစိုက်မှုနဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရတယ်။ သို့ပေမဲ့ အခုတော့ ဘေးက ရပ်ကြည့်သူ တစ်ယောက် ဖြစ်နေခဲ့ပြီ။ ဒီလိုပြောင်းလဲမှုမျိုးက လက်ခံရန် ခက်ခဲလွန်းတယ်။
အံ့ဩတကြီး အာမေဋိတ်သံတွေနဲ့ ထိတ်လန့်စွာ အော်မြည်သံတွေကတောင် သူ့ရင်ဘတ်ကို ထိုးပြီး မွှေ့လိုက်တဲ့ ဓားတွေလို သူ့ကို ကြီးစွာသော နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။
စုမင်ဟာ ၉၀၃ လှမ်းမြောက်မှာ ရပ်နေခဲ့တယ်။ သူကိုယ်တိုင်က ဖြောင့်ဖြောင့်မတ်မတ် ရပ်နေခဲ့ပေမဲ့ အချိန်မရွေး ပြုတ်ကျသွားတော့မယ့် ဟန်နဲ့ ခန္ဓာကိုယ်က ကွေးညွှတ်နေတယ်။ နေ့အချိန် ဖြစ်ပေမဲ့ အလှမ်း ၉၀၀ က ဖိအားဟာ စိတ်ကူးယဉ်ကြည့်လို့ မရနိုင်အောင် များပြား နေတုန်းပဲ။
သူဟာ ခြေလှမ်း သုံးလှမ်းကိုသာ တက်လှမ်းခဲ့ပေမဲ့ သူ့ရဲ့ အစွမ်းမိုင်ကုန် ကန့်သတ်ချက်ကို ရောက်ပြီလို့ ခံစားရတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ ဖြန့်ကျက်တဲ့ နာကျင်မှုက သွေးကြောတွေကို ဒိုင်းအဖြစ်သုံးပြီး ခုခံရုံနဲ့ မတွန်းလှန်နိုင်တော့ဘူး။ သူ့အရိုးတွေထံက ရေရွတ်မြည်တမ်း နေသလို ဒီထက်ပိုပြီး မတတ်နိုင်တော့ဘူး ဆိုတဲ့ အသံမျိုးတွေဟာ သူ့နားများ ပတ်လည်မှာ ပဲ့တင်ထပ် နေလေတယ်။
အဲဒီမှာ ရပ်နေရင်းနဲ့၊ သူ့ရဲ့ နှလုံးဟာ ကွဲကြေသွားတော့မတတ် ခုန်လှုပ်နေပြီး နှလုံးခုန် တစ်ချက်စီတိုင်းဟာ သူ့ရဲ့ မျက်နှာကို ဖြူဖျော့စေတဲ့ ပြင်းထန်တဲ့ နာကျင်မှုအဖြစ် ပြောင်းလဲသွားတယ်။ ၉၀၅ လှမ်း မတိုင်မီ နှစ်လှမ်း ကျန်ရှိနေသေးတယ်။
သူဒီမှာ အနားယူလို့ မရဘူး။ ဖိအားတွေ ရှိနေတာကြောင့် သူအနားယူ ခဲ့လျှင်ပင် သူ့ရဲ့ ခန္ဓာကိုယ်အနှံ့ ချီလှည့်လည်ဖို့တောင် ခက်ခဲလိမ့်မယ်။ စုမင် တုန်ယင်နေတယ်။ သူဟာ ညာခြေကို မလို့ ၉၀၄ လှမ်းမြောက် လှေကားပေါ် ခြေချလိုက်တယ်။
မြေပြင်နဲ့ ခြေထောက်ထိသွားတဲ့ အချိန်မှာ သူ့ကိုယ်ကနေ မိုးကြိုးထစ်ချုန်းသံ ထွက်ပေါ် လာတယ်။ စုမင် သွေးပွက်ပွက် အန်ထွက်ပြီး တစ်ကိုယ်လုံး လဲကျ သွားတော့မတတ်ပဲ။ သို့ပေမဲ့ စုမင်ဟာ မတ်မတ်ရပ်၊ ကြံ့ကြံ့ ခံနေခဲ့ပြီး ဘယ်ခြေကို ၉၀၄ လှမ်းမြောက်ထံ ရွေ့လျားလိုက်တယ်။
စုမင် ခန္ဓာကိုယ် တစ်ခုလုံး အားနည်းနေတယ်။ တောင်တစ်ခုလုံးက စုမင်ကိုယ်ကို ဖိနှိပ် ထားသလို ... သူ့ရဲ့ အမြင်အာရုံတွေ ဝေဝါးနေခဲ့ပြီ။
***