ကျွန်တော်နဲ့ စက်ဝန်းတစ်ပတ်လမ်းလျှောက်ချင်လား
Vol. 5 Ch. 70
"၉၀၄”
စုမင် ၉၀၄ လှမ်းမြောက်ကို ရောက်သွားချိန်မှာ ကွင်းပြင်ထဲမှာ ရှိနေတဲ့ သူတွေအားလုံး တစ်ပြိုင်နက်တည်း ထိတ်လန့်ချောက်ချား သွားကြတယ်။
ရှုပ်ထွေးတဲ့ မျက်နှာထားဟာ ကျင်းနန်မျက်နှာပေါ်မှာ အခြေချလျက်။ ငှက်ရုပ်ပေါ်က မော့စု နာမည်ကို တိတ်တဆိတ် ကြည့်နေတယ်။ သူ့ဘေးက မော့စန်းလည်း ငြိမ်သက်လျက် ရှိတယ်။
နောက်ထပ် ထောင့်တစ်နေရာမှာ ရဲဝမ်ရဲ့ နှလုံးသားဟာ တုန်ယင်နေတယ်။ သူ ထိုင်လျက် ရှိနေလို့ပေမဲ့ ဘာကြောင့်မှန်းမသိ မော့စုနာမည်ကို ငှက်ရုပ်တုပေါ်မှာ စူးစူးစိုက်စိုက် ကြည့်နေစဉ်မှာ အလိုလို မတ်တတ် ထရပ်မိလျက်သား ဖြစ်နေတယ်။ တခြားအရာတွေ အပေါ်ကို လုံးဝအာရုံ မရှိဘူး။
တကယ်တော့ သူထလာတာကိုလည်း ဘယ်သူမှ အလေးမထားကြပါဘူး။ အားလုံးရဲ့ အာရုံစိုက်မှုဟာ ငှက်ရုပ်တုနဲ့ မော့စု နာမည်အပေါ်မှာသာ ရှိနေတယ်။
စိုးရိမ်ပူပန်မှု၊ ချုပ်တည်း ထားရမှုနဲ့ တိတ်ဆိတ်မှုတို့ဟာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ဖြစ်ပေါ်စေပြီး ကွင်းပြင် တစ်ခုလုံးကို ဖိအား အလွှာတစ်ခုလို လွှမ်းခြုံ ထားခြင်းကြောင့် တိတ်ဆိတ်နေမှုကို စစ်မှန်တဲ့ တိတ်ဆိတ်ခြင်းလို့ ခေါ်ဆိုနိုင်ပါတယ်။
သူတို့ဟာ စုမင်တစ်ယောက် ၉၀၅ လှမ်းကို ရောက်တဲ့အထိ နောက်ထပ်တစ်လှမ်း တက်လှမ်း လိုက်ဖို့ကို မျှော်လင့်နေကြတယ်။
အချိန်ကြာမြင့်စွာ ကုန်လွန်ပြီးတဲ့အထိ မော့စု နာမည်နောက်က ကိန်းဂဏန်းများဟာ မပြောင်းလဲသေးဘူး။ သို့ပေမဲ့ လူအားလုံးက စောင့်ဆိုင်းနေကြဆဲ ဖြစ်တယ်။ ဘယ်သူမှလည်း စကားမဆိုကြဘူး။ အသက်ရှူသံတွေတောင် တိုးလျလာတယ်။
ခဏအကြာမှာ မော့စုနောက်က ကိန်းဂဏန်းဟာ ၉၀၄ ကနေ ၉၀၅ ကို ရုတ်တရက် ပြောင်းလဲသွားတယ်။
အဲဒီလို ပြောင်းလဲသွားတာနဲ့ တစ်ပြိုင်နက် ကွင်းပြင်တစ်ခုလုံး သိမ့်သိမ့် တုန်လောက်တဲ့ အသံကြီး ထွက်ပေါ် လာတော့တယ်။
"၉၀၅။ ရဲဝမ်နဲ့ အဆင့်တူ ဖြစ်သွားပြီဟေ့”
"မော့စု မော့စု မော့စု”
ရဲဝမ်မျက်နှာဟာ ဖြူဖျော့သွားတယ်။ ကြီးမားတဲ့ အားတစ်ခုက သူ့ကို တွန်းထုတ် လိုက်သလိုမျိုး အနောက်ဘက်ကို ခြေနှစ်လှမ်းမျှ ဆုတ်သွားတယ်။ သူ့ရဲ့ အကြည့်တွေ ဗလာနတ္ထိ ဖြစ်သွားတာနဲ့အမျှ နှုတ်ခမ်းပေါ်မှာ နွေးထွေးတဲ့ အပြုံးလေးတစ်ခု ပေါ်ပေါက်လာတယ်။
တစ်ချိန်တည်းမှာပဲ စုမင်လည်း ၉၀၅ ခြေလှမ်းသို့ ရောက်သွားတာနဲ့ သူ့မျက်နှာလည်း ရဲဝမ်လို ဖြူဖပ်ဖြူရော် ဖြစ်သွားတော့တယ်။ သူ နောက်ထပ်ခြေလှမ်း တစ်လှမ်း လှမ်းချင်ပေမဲ့ သူလုပ်နိုင်တဲ့ ခွန်အားလည်း မရှိဘူး။
သူနောက်လှည့်ပြီး မြူခိုးမြူငွေ့တွေ ဖုံးလွှမ်းနေတဲ့ တောင်ထိပ်ကို ကြည့်တယ်။ သူ မောမောပန်းပန်း အသက် ရှူရှိုက်နေရပေမဲ့ သူ့မျက်လုံးတွေကတော့ တောက်ပနေဆဲ။ သူ တောင်ထိပ်ကို မရောက်နိုင်လျှင်သာ မရောက်ရှိမယ်။ ဒီအခိုက်အတန့်မှာ သူဟာ ထိပ်ဆုံးမှာ ရပ်နေတယ် ဆိုတဲ့ အဖြစ်ကတော့ သံသယဖြစ်စရာ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ စုမင်ဟာ ခေါင်းမော့လို့ ကောင်းကင်ကိုကြည့်ပြီး ထိကြည့်လို့ ရနိုင်ဟန်မို့ ညာလက်ကို ဆန့်တန်းလိုက်တယ်။
သူ မထိတွေ့နိုင်ပါဘူး။ မျက်လုံးကို ပိတ်လိုက်စဉ်မှာတော့ သူနဲ့ ကောင်းကင်လွှာကြားက အကွာအဝေးဟာ နီးနီးကလေးပဲ ဆိုတဲ့ ခံစားချက်မျိုးတော့ ရတယ်။
'ဒီလောကမှာ နေထိုင်တဲ့သူတွေထဲ မိုးကုပ်စက်ဝိုင်းရဲ့ အဆုံးကို မြင်နိုင်သူ ဘယ်သူများ ရှိလိမ့်မလဲ' စုမင်မျက်လုံးတွေ ဖွင့်ခိုက်ပေမဲ့ မိုးကောင်းကင်ကို ကြည့်မနေတော့ဘူး။ အဲဒီအစား ဟိုးအဝေးက ကောင်းကင်ကြီးရဲ့ အဆုံးသတ်လို့ ထင်ရတဲ့ မိုးကုပ်စက်ဝိုင်းကြီး တစ်နေရာကို ငေးမောလိုက်တယ်။
မြူမှုန်တွေကြားကနေ လောကကို မြင်နိုင်တယ်။ အဆုံးမရှိ ကျယ်ပြောတဲ့ လွင်ပြင်တွေ ရှိတယ်။ အဲဒါ ဘယ်နေရာလဲဆိုတာ စုမင်မသိဘူး။ အဲဒီမှာ တခြား မျိုးနွယ်စုတွေ နေထိုင်နေမလား ဆိုတာတောင် မသိဘူး။ အဲဒီနေရာဟာ လွန်စွာ ဝေးလံတဲ့ အရပ်မှာ ရှိတယ်။
အချိန်ကြာမြင့်စွာ ကုန်လွန်ပြီးနောက်မှာ စုမင် မျက်နှာပေါ်က အပြုံးဟာ ပိုလို့ကျယ်ပြန့် လာတယ်။ တောင်ပေါ်က လတ်ဆတ်တဲ့ လေထုကို ရှူသွင်းရချိန်မှာ သူ့ရဲ့ ပင်ပန်း နွမ်းနယ်မှုတွေကို မေ့ပျောက်သွားပုံ ပေါ်တယ်။
'ငါ ဉာဏ်အလင်းပေါက် အဆင့်ကို ရောက်ရှိနိုင်မလား၊ မရောက်နိုင်ဘူးလား ဆိုတာ ငါမသိဘူး။ ငှက်တစ်ကောင်လိုမျိုး ကောင်းကင်မြေပြင်အနှံ့ ပျံသန်းနိုင်မလား ငါမသိဘူး။ ဒါပေမဲ့ အခု ငါဒီမှာ ရပ်နေတယ်။ ငါပျံသန်းနိုင်တယ် ... '
ပင့်လျက် တိုက်ခတ်နေတဲ့ လေအလျင်ဟာ စုမင်ရဲ့ ရှည်လျားတဲ့ ဆံနွယ်တွေကို လွင့်ဝဲနေစေပြီး ချွေးတွေကို ခြောက်သွေ့စေတယ်။ စုမင်ဟာ ပလိတ်ပြားကို ထုတ်လို့ တောင်ခြေကို ဦးတည်လို့ လွှင့်ထုတ် ပစ်လိုက်တယ်။
ပလိတ်ပြား ပြုတ်ကျသွားတာနဲ့ အနက်ရောင် အခိုးအငွေ့တွေအဖြစ် ပြောင်းလဲသွားပြီး သူ့ဘေး ပတ်လည်မှာ လွှမ်းခြုံလိုက်ကာ တောင်ရဲ့ အဝေးကို ခေါ်ဆောင် သွားပါတော့တယ်။
အနက်ရောင် မြူခိုးတွေ ရောက်ရှိလာတာနဲ့ စုမင်ဟာ သူ့ရှေ့က ကျယ်ပြောတဲ့ မြေထက်ကို ခုန်ချလိုက်တယ်။
ဒါဟာ အရူးထတဲ့ လုပ်ရပ်ပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ဟာ လေထဲမှာ တန်းလန်းကြီး ရပ်တန့်နေတယ်။ စုမင်သာ သူ့စွမ်းအားနဲ့သူ ကောင်းကင်မှာ ပျံသန်းနေသလိုပဲ။
ပျံသန်းရတာက ခက်ခဲပုံ မပေါက်ပေမဲ့ ရုပ်နယ်လွန် အဆင့်ကို ရောက်ရှိတဲ့ မာန်စွမ်းအားရှင်တို့သာ လုပ်နိုင်မယ့်အရာ ဖြစ်လေတယ်။ ရုပ်နယ်လွန် အဆင့်ကို မရောက်နိုင် လျှင်တော့ ပျံသန်းနိုင်ဖို့ မမျှော်လင့်နဲ့တော့။
စုမင်ဟာ ပိုပြီး အစွမ်းထက်လိုတယ်။ ရုပ်နယ်လွန်အဆင့် ဖြစ်ချင်တယ်။ ကောင်းကင်ထက်မှာ ပျံသန်း လိုက်ချင်တယ်။ ခဏလေးပဲ ဆိုလျှင်တောင်မှ ပေါ့။ တခြား ဘာအကူအညီမှ မပါဘဲ သူ့အစွမ်းနဲ့သူ လုပ်နိုင်သရွေ့ ခဏလေးပဲ ဆိုလျှင်တောင် ရတယ်။
သူခုန်ချလိုက်ပြီး တောင်ပေါ်ကနေ သူ့ခြေထောက်တွေ လွတ်ကင်းသွားတာနဲ့ ဘယ်အရပ် ကမှန်းမသိ တိုက်ခတ်လာတဲ့ လေထုကြီးဟာ စုမင်ရဲ့ ဆံပင်တွေကို ရှုပ်ပွသွားစေတယ်။ မသိလျှင် ကောင်းကင်ဘုံကတောင် ဒေါသ ထွက်နေသလိုပဲ။
သူခုန်ချ လိုက်တာနဲ့ တစ်ပြိုင်နက် ကြုံးဝါးသံတွေဟာ လှိုင်းလုံးတွေလို စုမင်ရဲ့ ခေါင်းထဲမှာ မြည်ဟည်းသွားတယ်။ အလျင် မလိုပေမဲ့ ရှင်းလင်းတယ်။ အချိန်ကုန်တာလည်း နှေးကွေး သွားသလိုမျိုး၊ သူပျံသန်းနေတာကို စုမင်သေချာပေါက် ခံစားရတယ်။ ကောင်းကင်ကြီးကို မြင်တယ်။ ကမ္ဘာလောကကြီးကို မြင်တယ်။ အလွန်မြင့်မားတဲ့ လေပြေစီးကြောင်း တောင်ကြီးကို မြင်တယ်။ တောင်ထိပ်က ဒဏ္ဍာရီလာ သတ္တဝါ ရုပ်တုကြီးကို မြင်တယ်။ သူ့ကိုကြည့်နေတဲ့ ပုံဟန်ရှိတဲ့ ရုပ်တု ...
အဲဒီအရာတွေ အပြင် စည်းချပိတ်လှောင်ထားတဲ့ တောင်ရဲ့ အပြင်ဘက်က မြေပြန့် တွေကိုလည်း မြင်တယ်။ ကွင်းပြင်ကျယ်ကြီးထဲမှာ စုဝေးလျက်ရှိတဲ့ လူတွေကိုလည်း မြင်ရတယ်။ အနက်ရောင် မြူခိုးတွေ ထွက်လာပြီး သူ့ကိုယ်ကို လွှမ်းခြုံလိုက်ချိန်မှာ ရှည်လျားတဲ့ သဏ္ဌာန်ရှိ အနက်ရောင် မြူခိုးတွေအဖြစ် ပြောင်းသွားပြီး အလွန်လျင်မြန်တဲ့ အရှိန်ဟုန်နဲ့ တောင်ထဲက ထွက်လာတယ်။ ဟင်းလင်းပြင် လေထုလွှာ တွန့်ရှုံ့သွားတဲ့အခါ အဲဒီအရာဟာ လေပြေစီးကြောင်း တောင်ထဲက ထွက်လာပါတော့တယ်။
ငှက်ရုပ်ကိုးခုပေါ်က မော့စုရဲ့ နာမည်၊ မီးခိုးရောင်အဖြစ် ပြောင်းလဲသွားချိန်မှာ အနက်ရောင် မြူခိုးငွေ့ အစုလိုက်ဟာ လေတိုးသံနဲ့တကွ ကွင်းပြင်ရဲ့ အလယ်ဗဟိုကို သက်ဆင်းလာပါတယ်။
အဲဒီ အခိုက်အတန့်မှာ ကွင်းထဲကလူ အားလုံးရဲ့ အကြည့်တွေဟာ အဲဒီ နေရာထံ ကျရောက် သွားကြတယ်။ ဝူစန်းက မတ်တတ် ထရပ်ခဲ့တာ ကြာပြီဖြစ်ပြီး အနက်ရောင် မြူခိုးမြူငွေ့ တွေထဲကို စိုက်ကြည့်တယ်။ မြူခိုးတွေ ပြယ်လွင့်သွားပြီး အထဲက လူပုံသဏ္ဌာန် မသဲမကွဲ ပေါ်လာတာကို တွေ့လိုက်ရတယ်။
ချန်ချွန်းလည်းပဲ မြူမှုန်တွေ ကွယ်ပျောက်သွားလို့ အထဲက လူပုံသဏ္ဌာန် ထင်ရှားလာတာကို ကြည့်နေခဲ့တယ်။ မော့စုဆိုတာ ဘယ်သူလဲ ဆိုတာကို သိချင်တယ်။
ပိစုလည်း ထိုနည်းလည်းကောင်းပင်။ သူ့မျက်လုံးတွေထဲ သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ဟာ ပိုမိုထူထပ် လာတယ်။ ဖုံးကွယ်ဖို့တောင် မကြိုးစားဘူး။ အခိုးအငွေ့တွေထဲက လူကို ကြည့်ရင်းနဲ့ လက်သီးကျစ်ကျစ် ဆုပ်ထားတယ်။
သူတို့ပဲ အဲဒီလို လုပ်တာတော့ မဟုတ်ဘူး။ အဲဒီအချိန် ကွင်းထဲမှာရှိတဲ့ လူအားလုံးလည်း အလားတူပဲ ပြုမူခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ပွဲကို အာရုံစိုက်ခဲ့ကြတဲ့ မျိုးနွယ်စု အသီးသီးက ရာနဲ့ချီတဲ့ လူတွေဟာ မြူခိုးတွေထဲက တဖြည်းဖြည်း ထွက်လာသူကို လေးစားမှု အပြည့်နဲ့ ကြည့်လိုက်ကြတယ်။
ပွဲကြည့် ပရိသတ်တွေအပြင် ပိုပြီး အာရုံစိုက်ကြ သူတွေကတော့ မော့စုနဲ့အတူ ပထမအဆင့်မှာ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသူတွေ ဖြစ်တယ်။ အဆင့်ဘယ်လောက် ရထားတဲ့သူ ဖြစ်ဖြစ် ရင်သပ်ရှုမောစွာနဲ့ သူ့ကို ကြည့်ရှုကြတယ်။
နဂါးနက်တောင်က အမျိုးသမီးကြီးလည်း တောက်ပတဲ့ မျက်လုံးတွေထဲ မြူခိုးတွေထဲက လူကို ကြည့်နေတယ်။ အဲဒီမော့စုက ဘယ်မျိုးနွယ်စုဝင်လဲ။ ဘယ်လိုပုံစံလဲ ဆိုတာကို သိချင်ရုံပါပဲ။
စစ်ခုန်းလည်း စိုးရိမ်တကြီး ကြည့်နေတယ်။
ပိုင်လင်းရဲ့ မော့စုကြောင့် ဖြစ်ပေါ်လာတဲ့ လေးနက်တဲ့ အခြေအနေရဲ့ ရိုက်ခတ်မှုကို ခံရပြီး မကြည့်ဘဲ မနေနိုင် လှမ်းကြည့်နေတယ်။
ပေလင်း၊ ဝူလ၊ လေ့ချန်၊ မျိုးနွယ်စု အစောင့်အရှောက် ခေါင်းဆောင်၊ ရှန့်ဟန်နဲ့ အခြားသော မျိုးနွယ်ဝင်တွေလည်း လွင့်ပြယ်နေတဲ့ မြူခိုးတွေကြားကို ကြည့်မိကြတယ်။
ရဲဝမ် အသက်ပြင်းပြင်းရှူတယ်။ သူ့စိတ်ထဲက ရှုပ်ထွေးတဲ့ခံစားချက်တွေကို အတန်ငယ် နှိမ်နင်းလိုက်နိုင်ပုံ ရတယ်။ သူလည်း အခိုးအငွေ့တွေထဲက လူကို ငေးကြည့်တယ်။
ရှိရှိသမျှသော လူအားလုံးရဲ့ အကြည့်တွေဟာ တစ်ဦးတစ်ယောက်တည်း အပေါ်မှာပဲ အာရုံ စိုက်ထားတယ်။
အခိုးအငွေ့များ ပျောက်ကွယ်သွာပြီး စုမင် ထွက်လာချိန်မှာ အကြည့်ပေါင်း များစွာဟာ သူ့အပေါ် ကျရောက်သွားတယ်။ အခိုးအငွေ့တွေ လုံးဝပျောက်ကွယ်သွားပြီး သူ့ရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာ အားလုံးတိတ်ဆိတ် သွားကြတယ်။
သူ့မှာ ပုံမှန်မျက်နှာရှိပြီး သားရဲအရေနဲ့ ချုပ်လုပ်ထားတဲ့ သာမန်အင်္ကျီကို ဝတ်ဆင် ထားတယ်။ သူ့မှာ ဝူစန်းလို မှုန်တေတေ မျက်နှာထား၊ ချန်ချွန်းလို လူတွေအများကြီး ဝန်းရံလိုစိတ် ဖြစ်ပေါ်စေတဲ့ နှစ်လိုဖွယ်ရာ မျက်နှာထား၊ ပိစုရဲ့ လျှို့ဝှက်ဆန်းကြယ်သယောင် ပုံဟန်လည်း မရှိဘူး။ ရဲဝမ်ရဲ့ မာနထောင်လွှား မှုမျိုးလည်း မရှိတာ အသေချာပဲ။
သူ လူအုပ်ထဲမှာ ရပ်နေမယ်ဆိုလျှင်တောင် ဘယ်သူမှ သူ့ကို သတိထားမိမှာ မဟုတ်ဘူး။ ဒါဟာ သူ့ဘယ်လောက်တောင်မှ သာမန်ဆန်လိုက်သလဲ ဆိုတာကို ပြပါတယ်။ သို့ပေမဲ့ စမ်းသပ်ပွဲ မတိုင်မီကသာ သာမန် ဖြစ်ခဲ့တယပါ၊ အခုအချိန်မှာတော့ သူဟာ အများထက် သာလွန်ထူးခြားတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်လို့ နေပါပြီ။ သူဟာ နေမင်းသူရိန်လိုမျိုး၊ ဘာမှမလုပ်ဘဲ နေလျှင်တောင် ကမ္ဘာ လောကကြီးကို တုန်လှုပ်စေနိုင်စွမ်း ရှိတယ်။
စုမင်ကို တွေ့တဲ့အချိန်မှာ ချန်ချွန်း အရမ်းအံ့ဩသွားတယ်။ ဒီလောက်တောင် သာမန် ရွက်ကြမ်းရေကျိုပုံစံ ဖြစ်နေမယ်လို့ မထင်ထားဘူး။ သာမန်ဆန်လွန်းလို့ မှတ်မိရ ခက်ခဲမယ့် ရုပ်သွင်မျိုး ဖြစ်တယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှု မတိုင်မီက သူ့ကို ဝိုင်းရံထားတဲ့ လူအုပ်ကြီးထဲမှာ ပါခဲ့ဖူးတယ် ဆိုတာကိုတော့ ရေးရေးလေး မှတ်မိတယ်။ အဲဒီတုန်းက ဒီလူကို ဂရုမစိုက်ခဲ့ဘူး။ ချန်ချွန်းဟာ သူ့ကို လုံးဝလျစ်လျူ ရှုပစ်ခဲ့တယ်။
ပိစုလည်း စုမင်ကို တွေ့ဖူးတာပဲ။ ဒါပေမဲ့ ဘာမှမမှတ်မိဘူး။ အရင်က မြင်ဖူးလျှင်လည်း ချက်ချင်းလျစ်လျူ ရှုမိပစ်မှာပဲ။ ဒါကြောင့် အခုမြင်လိုက်ရတဲ့ အချိန်မှာ အံ့ဩမှင်တက် မိနေတယ်။
ဝူစန်းရဲ့ အကြည့်တွေ စုမင်အပေါ် ကျရောက်သွားစဉ်မှာ သူ့ရဲ့ မျက်လုံးအိမ်တွေ ကျဉ်းမြောင်းသွားတယ်။ သူ့ရဲ့ ပင်ကိုအသိစိတ်က သူ့ရဲ့ အလောင်းကောင် သွေးဘောလုံးကို ခိုးယူခဲ့တာ ဒီလူဖြစ်မယ်လို့ အော်ဟစ်နေကြပေမဲ့ ဝူစန်းရဲ့ မျက်နှာဟာ ပိုလို့ ခါးသီးလာတယ်။ သူ မမေး ရဲဘူးလေ။ ဒီမော့စုက ရဲဝမ်လိုပဲ ထူးခြားသာလွန်တဲ့ ပါရမီရှင်။ အခုကစပြီး သူ့နာမည်ဟာ ဒေသ အသီသီးကို ပျံ့နှံ့သွားတော့မှာ။
သာမန်ရုပ်ရည်ရှိတဲ့ စုမင်ကို မြင်တဲ့အခါ နဂါးနက်တောင်က အမျိုးသမီးကြီးရဲ့ မျက်လုံးထဲမှာ ချီးကျူးမှုတွေ ပေါ်ပေါက်လာတယ်။ လူတစ်ယောက် မုန်းစရာ ကောင်းလား၊ သဘော ကျချင်စရာလားဆိုတာ ပထမဆုံး ထင်မြင်ချက်ပေါ်မှာ မူတည်တယ်။ စုမင်တုန်းက မြင်မြင်ချင်း အထင်သေးမိသလို အခုတော့ သူမဟာ မော့စုကိုတော့ အသိအမှတ် ပြုတယ်။
နှစ်ယောက်လုံးဟာ တစ်ယောက်တည်းပဲ ဖြစ်တယ်ဆိုတာကို သိလိုက်ရချိန်ကျရင် သူမ ခံစားသွားရမယ့် ထိတ်လန့်မှုနဲ့ ရှုပ်ထွေးမှုဟာ ဘယ်လောက်တောင် ဖြစ်မလဲဆိုတာ သိချင် လိုက်တာ။
စစ်ခုန်းရဲ့ နှလုံးဟာလည်း တထိတ်ထိတ် ခုန်လှုပ်နေတယ်။ သူ့မျက်လုံးထဲမှာ ကြည်ညို လေးစားမှုတွေ ရှိတယ်။ သူက အင်အား ကြီးမားသူတွေကို လေးစားတယ်။ အထူးသဖြင့် သူ့ရှေ့က ဒီလူပေါ့။ ဒီလူဟာ ရဲဝမ်နဲ့ အဆင့်အတူတူပဲ။
ပိုင်လင်းလည်း မှင်တက်စွာနဲ့ မော့စုကို ကြည့်နေတယ်။ သူမအနည်းငယ် တုန်ယင်နေတယ်။ မော့စုရဲ့ မျက်လုံးတွေကို မြင်တဲ့အခါ ဒီမျက်လုံးတွေဟာ ဘာကြောင့်မှန်းမသိ သူမနဲ့ အကျွမ်းတဝင် ရှိနေကြပေမဲ့ ဒီမျက်လုံးအစုံဟာ လွန်ခဲ့တဲ့ နှစ်ရက်က သူမရှေ့မှာ ပေါ်လာပြီး သူမကို ကြည့်နေခဲ့တာကိုတော့ သတိမရဘူး။
ပေလင်း၊ ဝူလ၊ လေ့ချန်နဲ့ နက်မှောင်တောင် မျိုးနွယ်ဝင်တို့ဟာ စုမင် တစ်လမ်းချင်း လှမ်းလျှောက်လာတာကို ကြည့်နေကြတယ်။ တစ်နေရာလုံး တိတ်ဆိတ်နေကြဆဲပဲ။ အဲဒီအခိုက်မှာ စုမင်ရဲ့ ရင်လည်း ကဆုန်ပေါက် ခုန်လှုပ်လျက် ရှိတယ်။ အပြင်ပန်း အသွင်အပြင်အရ တည်ငြိမ် နေပေမဲ့လည်း တကယ်တော့ အရမ်း စိတ်လှုပ်ရှားနေတယ်။ အရင်က တစ်ခါဖူးမျှ လူအားလုံးရဲ့ စိတ်ဝင်စားမှု အလယ်ဗဟို မဖြစ်ခဲ့ဖူးဘူး။ တကယ်တမ်းကျတော့ စုမင်ဟာ ကလေးပဲ ရှိသေးတာ မဟုတ်ပါလား။
စုမင်ရှေ့ကို လှမ်းလျှောက်လာတာနဲ့အမျှ လူအုပ်ကြီးက လမ်းဖွင့်ပေးကြတယ်။ ဒီသာမန် ရုပ်ရည်သွင်ပြင်နဲ့ မော့စုထံက ထွက်ပေါ်နေတဲ့ အလင်းရောင်ဟာ လောင်ကျွမ်း သွားစေနိုင်တဲ့ အစွမ်းသတ္တိမျိုး ရှိလို့ နောက်ကို ဆုတ်ခွာပေးဖို့ အရေးထက် အခြားရွေးချယ်မှု မရှိသလိုပဲ။
မော့စုမှာ ဝူစန်းလို မှုန်တေတေ မျက်နှာထား မရှိပေမဲ့ သူ့ရဲ့မျက်နှာ သာမန်ဆန်သလောက် ငြိမ်းချမ်းမှုနဲ့ မုန်တိုင်း မလာခင် ဖြစ်ပေါ်တဲ့ တည်ငြိမ်မှုနဲ့ တူညီတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။
သူ့မှာ ချန်ချွန်းလို လမင်းကို ကြယ်တွေဝန်းရံသလို လူတွေ အများကြီး ဝန်းရံလိုစိတ် ဖြစ်ပေါ်စေတဲ့ နှစ်လိုဖွယ်ရာ မျက်နှာထားလည်း မရှိပေမဲ့ သူ့ရဲ့ သာမန်ကိုယ်ခန္ဓာဟာ ကြယ်တွေ လတွေကို တိုက်ချ ပစ်လိုက်နိုင်တဲ့ စိတ်ပိုင်းဖြတ်နိုင်စွမ်း ရှိတယ်။ သူ့အနားမှာ လူတွေ ဝန်းရံနေဖို့ မလိုအပ်ဘူး။
သူ့မှာ ရဲဝမ်လို မာနထောင်လွှားတဲ့ သီးသန့်ဆန် အေးစက်မှုမျိုး ရှိချင်မှရှိမယ်၊ ဒါပေမဲ့ အဲဒီလို မာနကြီးလွန်းတဲ့ ရဲဝမ်ရဲ့ အထူးကြည့်ရှုခြင်း ခံရတယ်။
"သူပဲ သူပဲ ...”
လူစုလူဝေးကြားမှာ အံ့ဩထိတ်လန့်နေတဲ့ မျက်နှာထားတဲ့ လမ်းဖွင့်ပေးနေတဲ့ သူတစ်ယောက် ရှိတယ်။ သူက ချန်ချွန်းအနား သွားကြဖို့ စုမင်ကို ဆွဲခေါ်သွားတဲ့သူ ဖြစ်တယ်။ သူ ဆွဲခေါ်လာခဲ့တဲ့ သူဟာ မော့စု ဖြစ်နေမယ်လို့ လုံးဝ မထင်ထားဘူ။
အဝေးမှာ ရပ်နေတာကတော့ ပါးစပ်ချွန်ချွန်၊ မျောက်လို ပါးမို့တွေနဲ့ အဘိုးအို ဖြစ်တယ်။ သူလည်း မျက်လုံးပြူးနေတယ်။ အစကတည်းက ခန့်မှန်းမိပေမဲ့ ကိုယ့်မျက်လုံးနဲ့ ဆက်ဆက် မြင်ရချိန်ကျတော့ မယုံနိုင်ဘူး ဖြစ်နေတယ်။
စမ်းသပ်ပွဲ ပထမအဆင့် မတိုင်ခင် ကွင်းထဲမှာ အများဆုံး အာရုံစိုက်ခံ ရသူတွေဟာ ချန်ချွန်း၊ ပိုင်လင်းနဲ့ ရဲဝမ်တို့ ဖြစ်ကြတယ်။ ၎င်းတို့သုံးယောက်ဟာ အကြည့်တွေ အများကြီးကို ဆွဲဆောင်နိုင်တဲ့ အာရုံစိုက်ခံရတဲ့ အလယ်ဗဟိုလူများ ဖြစ်ကြတယ်။
သို့ပေမဲ့ အခုချိန်မှာတော့ အာရုံစိုက်ခံရတဲ့ အလယ်ဗဟိုနေရာမှာ တစ်ဦးသာ ရှိနေတယ်။
"မော့စု”
စုမင် လမ်းလျှောက်လာနေစဉ်မှာ လူအုပ်ထဲကနေ အသံတစ်သံ ပျံ့လွင့်လာတယ်။ အဲဒါကတော့ ရဲဝမ်ရဲ့ အသံဖြစ်တယ်။
စုမင် ရပ်လိုက်တယ်။ မနီးမဝေးမှာ ရပ်နေတဲ့ ရဲဝမ်ကို တွေ့လိုက်ရတယ်။ ဒါဟာ သူတို့နှစ်ယောက်ရဲ့ နှစ်ဦးနှစ်ဘက် အဆက်အဆံပြုခြင်း ပထမဆုံးအကြိမ် ဖြစ်တယ်။ အစောပိုင်းက ရဲဝမ်ကို လူအုပ်ကြားကနေ ကြည့်ရှု ခဲ့ရခြင်းနဲ့ လုံးဝခြားနားတယ်။
"မော့စု ဒုတိယအဆင့်မှာ ထပ်ပြီး ယှဉ်ပြိုင်ကြရအောင်”
ရဲဝမ်က ဖြည်းညင်းစွာ ပြောခဲ့တယ်။ သူ့ရဲ့ မျက်နှာပေါ်မှာ စွဲမြဲတဲ့ ဇွဲလုံ့တွေ ရှိတယ်။ ဒီပွဲစဉ်မှာ သူတို့ သရေကျခဲ့ပြီး ပူးတွဲပထမ ရရှိခဲ့ပေမဲ့ ဒီရလဒ်ကို သူ့မာနက လက်မခံ နိုင်ဘူး။ သူထပ်ပြီး မော့စုနဲ့ ယှဉ်ပြိုင်ချင်သေးတယ်။ ဒုတိယအခေါက်၊ တတိယအခေါက် ...
"ငါ စမ်းသပ်ပွဲ ဒုတိယအဆင့်ကို ဝင်မပြိုင်ပါဘူး”
စုမင် ခေတ္တတွန့်ဆုတ်ပြီးမှ အေးဆေးတည်ငြိမ်စွာ ပြောတယ်။ သူဟာ ရဲဝမ်ကို ပြိုင်ဘက် တစ်ယောက်အနေနဲ့ လေးစားမှု ရှိတယ်။ စကားပြောပြီးတာနဲ့ စုမင် လှည့်ထွက်ပြီး အဝေးမှာ ထိုင်နေတဲ့ မော့စန်းကို ကြည့်လိုက်တယ်။ အကြီးအကဲရဲ့ မျက်နှာပေါ်က အပြုံးနဲ့ ကိုယ့်ရဲ့ ပုံစံ အစစ်မှန်ကို ချမပြဖို့ အချက် ပြနေတာကို မြင်တွေ့လိုက်ရတယ်။
စုမင် အကြည့်လွှဲလိုက်တယ်။ ဒီတစ်ခါတော့ နဂါးနက်တောင် မျိုးနွယ်စုနဲ့ အမျိုးသမီးကြီး ဘေးနားမှာ ရပ်နေတဲ့ ပိုင်လင်းကို ကြည့်တယ်။
ဒီကို ပြန်ရောက်လာခါစကတည်းက အာရုံစိုက်ခံရတဲ့ အလယ်ဗဟို ဖြစ်နေရတာကြောင့် စိုးရိမ် ပူပန်မှုတွေနဲ့ တောင့်တင်းနေတဲ့ မျက်နှာထားနဲ့ စုမင်ဟာ မပွင့်တပွင့် ပြုံးလို့ ပိုင်လင်းထံ လှမ်းလျှောက်သွားပါတယ်။
"မနက်ဖြန်ညမှာ ကျွန်တော်နဲ့ စက်ဝန်းတစ်ပတ်လောက် လမ်းလျှောက်ချင်လား”
အဲဒီလို လမ်းလျှောက်သွားတဲ့ အချိန်မှာ ကြောင်အသွားတဲ့ မျက်နှာထားနဲ့ အမျိုးသမီးကြီးနဲ့ စိတ်လှုပ်ရှားနေတဲ့ စစ်ခုန်းတို့ကို လျစ်လျူရှုပြီး ပိုင်လင်းကို တည့်တည့် စိုက်ကြည့်လို့ မျက်စေ့ တစ်ဖက် မှိတ်ပြရင်း တိုးတိုးလေး ကပ်ပြောလိုက်တယ်။
ပိုင်လင်း မှင်တက်သွားတယ်။ သူမဘာပြန်ပြောလို့ ပြောရမှန်း မသိပေမဲ့”စက်ဝန်း တစ်ပတ်လောက် လမ်းလျှောက်ခြင်း”ဆိုတဲ့ စကားလုံးတွေကို ကြားပြီး သူ့ကို မျက်စေ့မှိတ်ပြတဲ့ အခိုက်မှာ အဲဒီ ရင်းနှီးကျွမ်းဝင်တဲ့ မျက်လုံးတွေကို မှတ်မိသွားပြီး အနည်းငယ် တုန်ယင်လို့ ပါးလေးနှစ်ဖက်လည်း ရှက်ဝဲဝဲနဲ့ ရဲတက်သွားတယ်။
ပိုင်လင်း ခေါင်းညိတ်လိုက်ပါတယ်။
***