← Chapters

အကြီးအကဲရဲ့ ကြိုတင်ပြင်ဆင်မှု

Vol. 6 Ch. 71

အကြီးအကဲရဲ့ ကြိုတင်ပြင်ဆင်မှု

Vol. 6 Ch. 71

စုမင် ထွက်ခွာ သွားခဲ့တယ်။

သူထွက်သွားတာနဲ့ ကွင်းထဲက လူအုပ်ကြီးဟာ သက်ဆိုင်ရာ မျိုးနွယ်စု ခေါင်းဆောင်တွေ ရှိရာဆီ အသီးသီး ပြန်သွားကြပြီး လေပြေစီးကြောင်း မြို့တော်က သူတို့ တည်းခိုဆောင်တွေဆီ ပြန်သွားတာကြောင့် တဖြည်းဖြည်း လူစုကွဲ သွားကြတယ်။

စမ်းသပ်ပွဲ ပထမအဆင့်က ပြီးဆုံးသွားခဲ့ပြီ။ မနက်ဖြန်မှာ ပြုလုပ်မယ့် စမ်းသပ်ပွဲတစ်ခု ထပ်မကျင်းပခင် ဒီညမှာ အနားယူနိုင်တယ်။ စမ်းသပ်ပွဲ ဒုတိယအဆင့်ဟာ တကယ့်တိုက်ခိုက်ပွဲ အစစ်မဟုတ်ပေမဲ့ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ တန်ခိုးစွမ်းရည်ကို ပြသရမှာ ဖြစ်တာကြောင့် တော်တော်လေးကို အရေးပါတဲ့ ပွဲဖြစ်တယ်။

စမ်းသပ်ပွဲ ပထမအဆင့်မှာ ပါဝင်ခဲ့ပေမဲ့ နောက်ထပ် အဆင့်တွေကို မပြိုင်ကြတော့တဲ့ ပြိုင်ပွဲဝင်တွေ အရင်တုန်းက ရှိကြတယ်။ အများအားဖြင့် သူတို့တွေဟာ ထိပ်ဆုံး အယောက်၅၀အောက် ရောက်နေသူတွေ ဖြစ်တယ်။ ထိပ်ဆုံး ၁၀ယောက်အဆင့်မှာ ရှိနေသူတွေဟာ ကျန်တဲ့ပြိုင်ပွဲတွေကနေ ထွက်သွားတာမျိုး မရှိပါဘူး။

ဒါကြောင့် စုမင်နဲ့ရဲဝမ်ရဲ့ ပြောစကားဟာ ကွင်းထဲက လူတွေရင်ထဲမှာ မုန်တိုင်း တစ်ခုလို ဗလောင်ဆူ သွားစေပေမဲ့လို့ ဖော်ထုတ် ပြောဆိုတာမျိုးတော့ မရှိကြဘူး။ စုမင် ထွက်ခွာ သွားတာကိုသာ တိတ်တဆိတ် ကြည့်နေခဲ့ကြတယ်။

မနက်ဖြန်မနက် ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမယ့်သူတွေဟာ ပြင်ဆင်စရာတွေ ရှိတာကြောင့် မြန်မြန်ဆန်ဆန် ထွက်ခွာ သွားကြတယ်။ စမ်းသပ်ပွဲ ထမအဆင့်က တောင်ပေါ် ဖိအားကြောင့် ရလာတဲ့ဒဏ်ရာတွေကို ကုစားဖို့နဲ့ သူတို့ ကိုယ်ခန္ဓာတွေဟာ အကောင်းဆုံး အခြေအနေ ဖြစ်နေဖို့ ဒီညကိုအသုံးချပြီး လေ့ကျင့်ရမှာ ဖြစ်တယ်။

ချန်ချွန်းနဲ့ တခြားသူတွေဟာ စမ်းသပ်ပွဲ ပထမအဆင့်မှာ အားသုံးပြီး အရှေ့ကို ဇွတ်တရွတ် သွားခဲ့တာကြောင့် ရလာတဲ့ ဒဏ်ရာတွေဟာ နည်းနည်းနောနော မဟုတ်ဘူး။ နောက်တစ်နေ့ မနက် အမီ ဒဏ်ရာတွေ အချိန်မီ ပျောက်ကင်းနိုင်ဖို့ သူတို့မျိုးနွယ်စုက တန်းခိုး အစွမ်းကြီးတဲ့ မာန်စွမ်းအားရှင်တွေရဲ့ အကူအညီ လိုအပ်တယ်။

လေပြေစီးကြောင်း မျိုးနွယ်စု အကြီးအကဲ ကျင်းနန်တောင်မှ ကွင်းထဲမှာ အချိန်ဖြုန်း မနေအားဘူး။ သူ့ရဲ့မာန်သွေးကို ရဲဝမ်ဟာ အလောတကြီး စုပ်ယူလိုက်တဲ့ နောက်ကွယ်မှာ ပြဿနာတွေ ရှိနေတယ်။ သူသွားပြီးတော့ ရဲဝမ်ရဲ့ချီဓာတ်တွေ ကောင်းမွန်လာအောင် ကူညီပေးရမယ်။

အလာတုန်းက စုမင်ကို လာခေါ်တဲ့သူက ရှီဟိုင် ဖြစ်ပြီးတော့ ပြန်လိုက်ပို့တာလည်း သူပဲဖြစ်တယ်။ ရှီဟိုင်ဟာ ဒွိဟဖြစ်ပုံပေါ်ပြီး တစ်ခုခုပြောဖို့ကို စဉ်းစားနေပေမဲ့ အဆုံးမှာတော့ အသာနေလိုက်တယ်။ သူ့ဝတ်ရုံကို မတင်လိုက်ပြီးတော့ ဒီနေရာကနေဝေးရာ လေပြေစီးကြောင်း မြို့တော်ဆီကို အချိန်ခဏတွင်းမှာ စုမင်ကို ခေါ်ဆောင် သွားတော့တယ်။

လူအုပ်ကြီးဟာ တဖြည်းဖြည်း လျော့နည်းလာတာနဲ့ ကွင်းဟာ ပိုပြီး ချောက်ကပ် လာတယ်။ ကွင်းထဲမှာ ရပ်နေတဲ့မော့စန်းဟာ နံဘေးက ကျင်းနန်ကို တစ်စုံတစ်ရာ ပြောပြီး ပြုံးလိုက်တယ်။

ကျင်းနန်ဟာ စိတ်ပျက်မနေတော့ဘဲ မျက်မှောင်ကြုတ် သွားတယ်။ အချိန်ခဏ အကြာမှာ မော့စန်းကို ကြည့်လိုက်တယ်။

"ငါ့ကို ရှေးဟောင်း မာန်အတတ်ပညာ ပေးတဲ့အတွက် မင်းရဲ့ပထမဆုံး တောင်းဆိုချက်က ဒီအချိန်ဟာ လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ အကူအညီကို ယူသင့်တဲ့အချိန်လို့ မင်း ယူဆတဲ့အတွက် နက်မှောင်တောင်ကို လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ မဟာမိတ်အဖြစ် ခွင့်ပြုပေးဖို့ ဖြစ်တယ်”

"ဒီလိုလုပ်ရတဲ့ မင်းရဲ့ ရည်ရွယ်ချက်က မဟူရာတောင်က ပိထူကို သေချာပေါက် စမ်းသပ်ဖို့ဖြစ်တယ်။ မင်းက နက်မှောင်တောင် မျိုးနွယ်စုက အတော်ဆုံး မာန်စွမ်းအားရှင် သုံးယောက်ကို အဝေးခေါ်သွားပြီး မင်းမျိုးနွယ်စုရဲ့ အင်အားကို လျှော့ချတယ်..."

"တကယ်လို့ ပိထူသာ လေပြေစီးကြောင်း မျိုးနွယ်စုဆီကို ရောက်လာခဲ့ရင် သူ့အစွမ်းကို အကဲခတ်ဖို့ ဒီအခွင့်အရေးကို မင်း အသုံးချ​လိမ့်မယ်။ ရောက်မလာခဲ့ရင်တော့ သူလေ့ကျင့်ချိန်မှာ တစ်ခုခုဖြစ်သွားခဲ့တာလို့ ဆိုလိုတယ်။ မင်းရွှေ့လိုက်တဲ့အကွက်က ခဲတစ်လုံးနဲ့ ငှက်နှစ်ကောက်ကို ပစ်လိုက်တာပဲ၊ တော်ပါပေတယ်”ကျင်းနန်ဟာ မော့စန်းကိုကြည့်ပြီး စကားတစ်လုံးချင်းစီ ထုတ်ပြောနေတယ်။

"ငါမင်းကို ဖုံးကွယ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး”မော့စန်းဟာ ပြုံးလို့ စကားဆိုတယ်။

"ပိထူ ရောက်လာခဲ့ရင် မင်းစီစဉ်ထားတဲ့အတိုင်း လုပ်လို့ရတယ်။ သူမလာခဲ့ရင်လည်း အားနည်းနေတဲ့ မျိုးနွယ်စုကို ချန်ထားခဲ့ပြီး ဒီအတိုင်း ထွက်လာခဲ့ပုံထောက်ရင် မင်းဆီမှာ အရန်အစီအစဉ် ရှိနေမယ်ဆိုတာ ငါတပ်အပ် ပြောနိုင်တယ်။

"ပိထူသာ နက်မှောင်တောင်ကို တကယ် တိုက်ခိုက်လာမယ်ဆိုရင် နက်မှောင်တောင်ကို လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ မဟာမိတ် ဖြစ်စေမယ်ဆိုတဲ့ ငါ့ကတိက ပိထူကို လက်တွန့် သွားစေလိမ့်မယ်”

"မင်းပြောပုံအရ ပိထုဟာ အခုမှ ထိုးဖောက် ဝင်ရောက်တဲ့ အဆင့်မှာပဲ ရှိနေသေးတာကြောင့် သူ့အစွမ်းဟာ မတည်ငြိမ်တဲ့အပြင် ထိန်းချုပ်ဖို့လည်း ခက်ခဲလိမ့်မယ်။ ငါ့အနေနဲ့ ... မင်းတို့ကို သေချာပေါက် ကူညီဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် လေပြေစီးကြောင်း မျိုးနွယ်စုဟာ သူ့မဟာမိတ် မျိုးနွယ်စုကို မကာကွယ်နိုင်တဲ့ အတွက်ကြောင့်  ဒီဒေသမှာ အရှက်ကွဲ ရလိမ့်မယ်”

"ဒါဟာ ငါ့အနေနဲ့ ပိထူကို ကြောက်တယ်တယ်လို့ အခြားလူတွေကို ထင်မြင်စေတယ်”ကျင်းနန်ဟာ ဒီအရာတွေကို ဖြည်းဖြည်းချင်း ပြောနေတယ်။ အမှန်တကယ်တော့ ဒီအကြောင်းအရာတွေကို လျှို့ဝှက် အခန်းထဲမှာ သူ့ကို မော့စန်း ပြောကတည်းက ဒီအရာတွေ အားလုံးကို တွေးမိပြီးသား ဖြစ်ပေမဲ့ ထုတ်မပြောခဲ့ဘူး။ မော့စန်းဆီကနေ ထိုက်တန်တဲ့ အဖိုးအခ တစ်ခုပြန်ရဖို့ ဒီအတွေးတွေကို ချန်လှပ်ထားခဲ့တာ ဖြစ်တယ်။ အခု ... သူလိုချင်တဲ့ အရာကိုတွေ့ပြီ။

"မဆိုးဘူး။ ဒါက ငါတစ်ချိန်လုံး စဉ်းစား နေခဲ့တဲ့ဟာပဲ။ နှမြောစရာ ကောင်းတာက ပိထူက အခုထိ မလှုပ်ရှား သေးတာပဲ”မော့စန်းဟာ အနည်းငယ် မျက်မှောင်ကြုတ်လို့ ကျင်းနန်ကို ကြည့်တယ်။

ကျင်းနန်ရဲ့ စိတ်ရှုပ်ထွေးလို့နေတဲ့ အကြည့်တွေဟာ မော့စန်း မျက်ဝန်းတွေဆီ ရောက်လို့နေတယ်။ ခဏ အ​ကြာမှာတော့ သူ သက်ပြင်းချမိတယ်။

"တကယ်လို့ ဒီကောင်လေးသာ မင်းနဲ့ရုပ်ချင်း ဆင်နေခဲ့မယ်ဆိုရင် မင်းရဲ့ သွေးသားလို့ ငါတကယ်ထင်မိမှာ”ကျင်းနန်ဟာ ခေါင်းမော့လို့ စုမင် ထွက်ခွာသွားရာ နေရာဆီ လှမ်းကြည့်တယ်။

"ငါ့အတွက်တော့ သူဟာ ငါ့သွေးသားရင်းပါ”သူ့ရဲ့ တိုးလျတဲ့စကားသံမှာ အတိတ် သတိရလွမ်းဆွေးနေတဲ့ အရိပ်အယောင်တွေ ရှိလို့နေတယ်။

"မော့စန်း၊ ဉာဏ်ထက်မြက်ပုံချင်း ယှဉ်ရင် မင်းက ငါ့ထက်သာတယ်... ဒါက ငါတို့ရဲ့ ကျင့်ကြံခြင်းတွေနဲ့ ဘာမှ မဆိုင်ဘူး ဆိုတာကို ငယ်ငယ် ကတည်းက ငါသိတယ်.. မင်း တောင်းဆိုချက်ထဲမှာ ဖုံးကွယ်ထားတဲ့ မင်းရဲ့ သဘောထားအမှန်ကို ငါရိပ်မိမယ် ဆိုတာကို အရင်ကတည်းက မင်းသိတယ်။ ပြီးတော့ ငါ့ရဲ့ပင်ကိုစရိုက်အရ မင်း တောင်းဆိုချက်ကို ချက်ချင်းလက်ငင်း ငြင်းပယ်မှာ မဟုတ်ပေမဲ့လို့ မင်းဆီက အကျိုးအမြတ် အများကြီး ရနိုင်မယ့် အခွင့်အရေးကို တောင်းဆိုမယ် ဆိုတာ မင်းသိပါတယ်…

"ဒါတွေအားလုံးကို မင်းကြိုတင်တွက်ဆ ထားပြီးသားဘဲ။ ဒါကြောင့် ဒီအကျိုးမြတ်ကို ငါ့ရှေ့အရောက် တွန်းပို့ပြီး ငါမငြင်းဆန်နိုင်အောင် လုပ်လိုက်တာဘဲ… ဒီလိုလုပ်နေတာက မင်းရဲ့မျိုးနွယ်စု အတွက်တင် မဟုတ်ဘဲ ဒီကောင်လေး အတွက်လည်း ပါတယ်။ သူ့အတွက် ပိုလို့တောင် ဖြစ်နိုင်တယ်…"

"အရင်ကတည်းက စုမင် ဘယ်လောက်ထိ ထူးချွန်တယ် ဆိုတာ မင်း သိနေတာပဲ”ကျင်းနန် ဖြည်းဖြည်း ပြောတယ်။

မော့စန်းဟာ ကျင်းနန်ကို ပြုံးပြနေပြီး စကားတစ်ခွန်းမှ မဆိုဘူး။

"မင်းဟာ သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ပြီး ဒီနေရာမှာ သူရဲ့ စွမ်းရည်ကိုပြသဖို့ နောက်ထပ် ရုပ်သွင် တစ်မျိုးကိုသုံးလို့ သူ့အစွမ်းကို ငါ မြင်သွား‌စေတယ်… ဒီအကြံနဲ့သာဆိုရင် နက်မှောင်တောင် မျိုးနွယ်စုဟာ လေပြေစီးကြောင်းမျိုးနွယ်စုရဲ့ လက်အောက်ခံ ဖြစ်သွားရင်တောင် သူ့ကို ထိခိုက်မှု ရှိမှာမဟုတ်ဘူး။ မင်းကသူ့အတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်တာပဲ... အဲဒီနှစ်တုန်းက မင်းမရွေးချယ်ခဲ့တဲ့ လမ်းကြောင်းတစ်ခုပေါ့…”မော့စန်းကို ကြည့်နေတဲ့ ကျင်းနန်ရဲ့မျက်နှာဟာ ပိုပြီး  ရှုပ်ထွေးလို့ လာတယ်။

"လေပြေစီးကြောင်း မျိုးနွယ်စုဟာ ဒီဒေသဝန်းကျင်က မျိုးနွယ်စုတွေ အထဲက ပါရမီရှင်တွေ ပေါ်ထွက် လာတာကို မကန့်ကွက်စရာ မရှိဘူး ဆိုတာ မင်းသိပါတယ်။ တကယ်တော့ တခြား လူငယ်ပါရမီရှင်တွေ ဒီမျိုးနွယ်စုတွေထဲကနေ ပေါ်ထွက်လာဖို့တောင် ငါတို့ မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့သူတို့ကို ရှာလို့တွေ့တာနဲ့ လက်ခံထား လိုက်ပြီးတော့ လေပြေစီးကြောင်းရဲ့ လူဖြစ်သွားစေမယ်။ သူတို့ရဲ့ မူလ မျိုးနွယ်စုကိုလည်း အကျိုးအမြတ်တွေ အများကြီး ငါတို့ပေးမယ်”

"ဘာကြောင့် ငါတို့ဒီလိုလုပ်ရတယ် ဆိုတာကို လူတော်တော်များများက နားမလည်ကြဘူး၊ လေပြေစီးကြောင်းဟာ ပါရမီရှင်တွေ ပေါ်ထွက်လာတာကို မနှစ်မြို့ဘူးလို့ ထင်နေကြတယ်။ ငါတို့ကိုယ်တိုင် ရှင်းပြရင်တောင်မှ ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူး၊ မင်းတစ်ယောက်ပဲ… အမှန်တရားကို သိတယ် မင်းက အကြောင်းရင်းမှန်ကို သိလို့ သူ့ရဲ့ ကောင်းကျိုးအတွက် ရုပ်ဖျက်စေခဲ့တယ်။ ပြီးတော့ သူသာ အရမ်း ထူးချွန်လွန်းနေရင် အခြားသူတွေက သူ့ကို အလွယ်တကူ မနာလိုဖြစ်ကြမယ်။ သူ့ကို ရုပ်ဖျက်စေတာဟာ သူ့အတွက်တော့ ကာကွယ် စောင့်ရှောက်မှု တစ်မျိုးပဲ။ တစ်ချိန်တည်းမှာ လက်အောက်ခံမျိုးနွယ်စု အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရတဲ့ ကံတရားကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာ မဟုတ်ဘူး။ သူဟာ သီးခြား ရပ်တည်နိုင်စွမ်း ရှိတယ်”

“အရွယ်ရောက်လာမှ သူ့သရုပ်မှန်ကို​ ထုတ်ပြရင်တောင် ပြဿနာ မရှိဘူး။ အဲဒီ အချိန်ရောက်ရင် အခြားသူတွေ သူ့ကို လေးစားကြည်ညို လာစေနိုင်တဲ့ အစွမ်းအစတွေ သူ့မှာ ရှိနေလိမ့်မယ်။ ပြီးတော့ လက်အောက်ခံ မျိုးနွယ်စု ဖြစ်သွားတဲ့ နက်မှောင်တောင် အဖွဲ့ကိုလည်း သူ ကာကွယ်နိုင်လိမ့်မယ်” ကျင်းနန်ဟာ ကွင်းထဲမှာ ကျန်နေသေးတဲ့ လူအနည်းစုကို ကြည့်ရင်း စကားဖြည်းဖြည်း ပြောတယ်။

"မင်းနိုင်ပါတယ်။ ငါဒီကောင်လေးကို သဘောကျတယ်။ လေပြေစီးကြောင်းမှာ သူနေပါစေ။ ငါအရှေ့မှာ ကတိပေးခဲ့တဲ့အတိုင်း ရဲဝမ်ကိုပေးသလိုမျိုး သူ့ကိုလည်း တူညီတဲ့ အကူအညီပေးမယ်။ သူနဲ့ ရဲဝမ်ကြားမှာ ရုပ်နယ်လွန်အဆင့်ကို အရင်ရောက်တဲ့ဘယ်သူမဆို လေပြေစီးကြောင်းရဲ့ မာန်သားတော် ဖြစ်လာ‌စေရမယ်။

"သူဟာ ရုပ်နယ်လွန်အဆင့်ကို ရဲဝမ်ထက် နောက်ကျပြီးမှ ရောက်လာရင်တောင် သူ့ရဲ့ စွမ်းရည်မျိုးနဲ့ဆိုရင် နေမင်းလို ထွန်းလင်း တောက်ပလာအောင် ငါလုပ်ပေးမယ် သူဟာ လေပြေစီးကြောင်းကို ရဲဝမ်နဲ့အတူ ဖွံ့ဖြိုးတိုးတက် လာစေမယ် နက်မှောက်တောင် မျိုးနွယ်စု အတွက်တော့ … ဒီပြိုင်ပွဲ ပြီးဆုံးသွားတဲ့အခါ လေပြေစီးကြောင်းကို ပြောင်းရွှေ့လာခဲ့ပါ။ ပိထူဟာ မင်းကို တားဆီးရဲမှာ မဟုတ်ဘူး။ တကယ်လို့ သူနှောင့်ယှက်လာခဲ့ရင် ငါတို့ နှစ်ယောက်လုံးဟာ ရုပ်နယ်လွန် အဆင့်ရဲ့ ကနဦး အဆင့်မှာ ရှိနေပေမဲ့လို့ ငါတို့ကြားက ကွာခြားချက်ကိုတော့ သူ သိသွားစေရမယ်”ကျင်းနန်ဟာ ညာလက်ကိုမြှောက်လို့ မော့စန်းရှေ့ကို ဝှေ့ယမ်းပြီး ပြောတယ်။ ချက်ချင်းဆိုသလို ပုလင်းငယ်တစ်ခုဟာ မော့စန်းရှေ့ကို ရောက်လာတယ်။

"ဒီထဲမှာ မာန်သွေးစက် သုံးစက်ရှိတယ်။ မင်း တောင်းတာထက် ပိုပေးတာကိုတော့ စုမင်အတွက် လက်ဆောင်အဖြစ် သတ်မှတ်ပါ” ကျင်းနန်ဟာ မော့စန်းကို လေးလေးနက်နက် ကြည့်ပြီးတဲ့နောက် လှည့်ပြီး လေထဲကို ပျံသန်းသွားတယ်။ သူ့အနေနဲ့ ရဲဝမ်ရဲ့ ချီဓာတ်ကို ပုံမှန်​ပြန်ဖြစ်အောင် ဒီည လုပ်ပေးရမယ်။

မော့စန်းဟာ ကျင်းနန် ထွက်ခွာပြီးတဲ့နောက်မှာ မာန်သွေးစက် သုံးစက် ထည့်ထားတဲ့ ပုလင်းငယ်လေးကို ကြည့်နေတယ်။ သူ့မျက်ဝန်းတွေဟာ လေးလေးနက်နက် စဉ်းစားလို့နေတယ်။ ကိစ္စတော်တော်များမှာ ကျင်းနန် မှန်ပေမဲ့ သူ လွဲချော်သွားတဲ့ အရာတစ်ခု ရှိတယ်။ စုမင်ဟာ ဒီအဆင့်ထိ ရောက်အောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ မော့စန်းအနေနဲ့ မမျှော်လင့်ထားခဲ့ဘူး။

သူ့ မူလအကြံက စုမင်ရဲ့ လျှို့ဝှက်တဲ့ ရုပ်သွင်အသစ် ကိုသုံးပြီး ကျင်းနန်ကို ဆွဲဆောင်ဖို့ ဖြစ်တယ်။ ပြီးတော့မှ စုမင်ကို လေပြေစီးကြောင်းထဲမှာ နေခွင့်ပြုဖို့ ကျင်းနန်ကို ကြေးကြီးကြီးပေး တောင်းဆိုမယ်။

အဆုံးမှာတော့ သူနားလည် လိုက်တာက လေပြေစီးကြောင်း မျိုးနွယ်စုအနေနဲ့ ဒီနေရာဒေသမှာ အင်အား ကြီးမားလာဖို့အတွက် ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ရှိနေတယ်။ ဒီလိုဖြစ်အောင် လုပ်ပေးနိုင်မယ့် ဘယ်လို အခွင့်ရေးမျိုးပဲ ဖြစ်ပါစေ၊ ခန့်မှန်းချက်တစ်ခု ဖြစ်နေရင်တောင်မှ လက်လွတ်ခံမှာ မဟုတ်ဘူး…။

ဒါပေမဲ့ စုမင်ဟာ ဒီအဆင့်ထိ ရောက်​အောင် စွမ်းဆောင် နိုင်မယ်လို့ မော့စန်း မမျှော်လင့်ထားခဲ့ဘူး။ ဒီလို အခြေအနေမျိုးနဲ့သာဆိုရင် ကျင်းနန်နဲ့ ဆွေးနွေးညှိနှိုင်းမှုဟာ အပြောင်းအလဲ ဖြစ်သွားပြီးတော့ စျေးကိုင်ခံထားရမယ့် အခြေအနေကနေ မော့စန်းဟာ ကြိုးကိုင်သူ ဖြစ်သွားတယ်။

ဒီကွာခြားချက်လေးက မသိသာဘူး ဆိုပေမဲ့ အဆုံးသတ် ရလဒ်ကတော့ သိပ်ကျေနပ်စရာ ကောင်းတယ်။

“ဒီအချိန်ဟာ… နက်မှောင်တောင်ပေါ်မှာ ရှိနေတဲ့ ကပ်ဘေးကို တကယ် ဖြေရှင်းနိုင်တော့မယ့်အချိန် ဖြစ်ကောင်း ဖြစ်နိုင်တယ်…”

တောင်ပတဲ့ အလင်းတစ်ချက် မော့စန်းမျက်ဝန်းမှာ လင်းလက်သွားပြီး နောက်မှာတော့ ခပ်လှမ်းလှမ်းကနေ သူ့ကို ရပ်စောင့်နေကြတဲ့ နက်မှောင်တောင်က လူတွေရှိရာကို သွားလိုက်တယ်။

လေပြေစီးကြောင်း တောင်တန်းရဲ့အပြင်ဘက် လေဟာနယ်ထဲမှာတော့ ရှီဟိုင်ဟာ စုမင်နဲ့အတူ ရွှံ့မြေကျောက်သား မြို့တော်ဆီကို ခရီးပြင်းနှင်နေတယ်။ လေဟာနယ်ထဲ ရှိနေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းမှ မဆိုဖြစ်ကြဘူး။

စုမင်ဟာ တိတ်ဆိတ်နေပြီး ရှီဟိုင်ဟာ စိတ်ရှုပ်ထွေး နေတယ်။ သူက တစ်ခါတလေ စုမင်ကို လှမ်းကြည့်တယ်။ သူ့အရှေ့မှာ ရှိနေတဲ့သူဟာ လုံးဝကို သာမန်လူ တစ်ယောက်ပဲဖြစ်​ပြီး သူ့ကို ရှီဟိုင်က ကွင်းထဲခေါ်လာတာ ဖြစ်တယ်။ အဲဒီတုန်းက ဒီလူကို သတိမထားမိခဲ့ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက စုမင်ရဲ့ အံ့ဩဖို့ ကောင်းလွန်းတဲ့ အစွမ်းအစတွေကို မြင်တွေ့လို့ အပြီးမှာတော့ ရှီဟိုင်ရဲ့ သဘောထား အမြင်က ပြောင်းလဲလို့ သွားတယ်။

“ဒီဟာက ရဲဝမ်ကို ယှဉ်နိုင်တဲ့ ပါရမီစွမ်းရည်မျိုး ဖြစ်တယ်”

ရှီဟိုင်ရင်ထဲမှာ ချီးကျူး နေမိတယ်။

မကြာခင်မှာပဲ လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ အနားသတ် နယ်စပ်မျဉ်းဟာ မလှမ်းမကမ်းက မြေပြင်ပေါ်မှာ တဖြည်းဖြည်း ပေါ်လာတယ်။ ရွှံ့မြေကျောက်သား မြို့တော်ဟာ မျက်စိရှေ့ တဖြည်းဖြည်း ပေါ်လာချိန်မှာ ရုတ်တရက်စုမင် စကားပြောလိုက်တယ်။

သူ့ရဲ့ သိချင်စိတ် ပြင်းပြမှုတွေဟာ မျက်နှာမှာ အထင်းသား ပေါ်နေတယ်။ သူ့အသံဟာ လေထဲမှာပဲ ပျောက်ကွယ် သွားတော့မယ့်ပုံ ပေါ်နေပေမဲ့ စကားလုံး တစ်လုံးချင်းစီဟာ ရှီဟိုင်နားထဲမှာ ရှင်းရှင်းလင်းလင်း ကြားရတယ်။

"စီနီယာ၊ ကျွန်တော် နားမလည်တာ တစ်ခုရှိတယ်။ ခင်ဗျားဟာ ရုပ်နယ်လွန် အဆင့်ကို မရောက်သေးပေမဲ့ ဘယ်လိုလုပ် ကောင်းကင်မှာ ပျံသန်းနိုင်ရတာလဲ”

တကယ်လို့ အရင်တုန်းကသာဆိုရင် ဘာမှ မကြားသလိုမျိုး ရှီဟိုင်က လုံးဝ လျစ်လျူရှုထားမှာ ဖြစ်တယ်။ အခုကျတော့ ခဏတာ တွေဝေလို့အပြီးမှာ သူ့နှုတ်ကိုဖွင့်လို့ ဖြည်းဖြည်းချင်း ရှင်းပြပါတော့တယ်။

"ရုပ်နယ်လွန် အဆင့်ကို ရောက်ပြီးမှ ပျံသန်းတာနဲ့ ငါ့ဟာက မတူဘူး။ အခုလို ပျံသန်းနိုင်တဲ့ အကြောင်းရင်းကတော့ ငါ့ရဲ့ မာန်သွေးကြောကြောင့်ပဲ။ နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ ခိုင်မာမှုမရှိသေးတဲ့ ငါ့ရဲ့မာန် အမှတ်အသား ကြောင့်လည်း ဖြစ်တယ်။ ငါ့ရဲ့ မာန်အမှတ်အသားက တိမ်တိုက်လေ”

ရှီဟိုင် စကားပြောနေစဉ်မှာ တိမ်တိုက်ပုံရိပ်ဟာ  သူ့နဖူးအလယ်မှာ ဝိုးတိုးဝါးတား ပေါ်လာတယ်။

တိတိကျကျပြောရရင် ရုပ်နယ်လွန် အဆင့်ကို ရောက်သွားတဲ့ မာန်စွမ်းအားရှင် တစ်ယောက်ဟာ သူ့ကိုယ်ပိုင် အစွမ်းအစနဲ့ လေဟာနယ်ထဲမှာ လမ်းလျှောက်နိုင်တယ်။ ငါကတော့ လွင့်မျောနေအောင်ပဲ လုပ်နိုင်တယ်။ ဒီဟာက တူညီတယ်လို့ ထင်ရပေမဲ့ နောက်ကွယ်က အခြေခံ သဘောတရားက လုံးဝ ကွဲပြားတယ်” ရှီဟိုင်ဟာ အသေးစိတ် ရှင်းပြလို့နေတယ်။

စုမင်ရဲ့မျက်လုံးတွေဟာ ဆင်ခြင် တွေးဆလို့နေတယ်။ နောက်ထပ် မေးခွန်းတွေ ဆက်မေးလိုက်တယ်။ သူတို့ဟာ စကားပြောနေရင်းနဲ့ ရွှံ့မြေ ကျောက်သားမြို့တော်ကို ရောက်လာကြတယ်။ ရှီဟိုင်က စုမင်​ကို မြေပြင်ပေါ်မှာ ချပေးလိုက်ချိန်မှာ သူ့မျက်နှာမှာ အပြုံးတစ်ခု ရှိလို့နေတယ်။ စုမင်ကို ခေါင်းဆတ်ပြပြီး နောက်မှာ တိမ်တိုက်အဖြစ် ပြောင်းလဲလို့ ထွက်ခွာ သွားတော့တယ်။

အခုချိန်မှာတော့ လေပြေစီးကြောင်း တောင်ခြေက ကွင်းပြင်ကျယ်ဟာ လူသူကင်းမဲ့လို့ သွားတယ်။ သက်ရှိလူတွေဆိုလို့ သိမ်းငှက်ရုပ်ထု ကိုးခုပေါ်မှာ ထိုင်နေတဲ့ လူရှစ်ယောက်ပဲ ကျန်တယ်။ သူတို့ဟာ လေပြေစီးကြောင်း မျိုးနွယ်စုက ဩဇာတိက္ကမ ကြီးတဲ့ မာန်စွမ်းအားရှင်တွေ ဖြစ်တယ်။ မကြာမီမှာဘဲ ရှီဟိုင်ရောက်လာခဲ့ပြီး ကိုးခုမြောက် သိမ်းငှက်ရုပ်တုပေါ်မှာ ခြေချိတ် ထိုင်လိုက်တယ်။

လေပြေစီးကြောင်းတောင်ကို ချိပ်ပိတ်ထားတာ ပျက်စီးသွားတဲ့အတွက် နောက်ထပ်တစ်ခါ ပြန်ပိတ်ဖို့ အချိန်အနည်းငယ် ယူရမယ်။ ဒီကိုးယောက်စလုံးက ဒီနေရာကို စောင့်ရှောက်နေမှာ ဖြစ်ပြီး ချိပ်ပိတ်တာ ပြီးဆုံးမှ ဒီနေရာက ခွာမှာ ဖြစ်တယ်။

အရင်နှစ်တွေတုန်းက ဒီလိုပဲ လုပ်လေ့ရှိတယ်… ။

ဒီနှစ်မှာတော့ ပုံမှန်မဟုတ်တဲ့ အရာတစ်ခု ရှိနေတယ်။ ခဏ အကြာတုန်းက ကိုယ်ခန္ဓာ တစ်ခုလုံးကို အနက်ရောင် ဝတ်ရုံနဲ့ သိုင်းခြုံထားတဲ့ လူတစ်ယောက်ဟာ လူခြေ တိတ်ဆိတ်လို့နေတဲ့ ကွင်းမှာ ပေါ်လာခဲ့တယ်။ ဒီလူဟာ နက်မှောင်တောင်မှာ ပေါ်လာခဲ့တဲ့ ပဟေဠိဆန်တဲ့လူ ဖြစ်ပါတယ်

​​​​​​

***

All Chapters