ကျားဖြူသားရဲ
Vol. 24 Ch. 245
တောင်ထိပ်သည် ပေထောင်ချီ မြင့်မားသည်။ တောင်ပေါ်တွင် နတ်ဆိုးသားရဲမျိုးစုံ ပုန်းအောင်းနေပြီး အန္တရာယ် ကြီးမားသည်။ ထို့အပြင် တောင်ထိပ်ပေါ်တွင် တတိယအဆင့် ရောက်နေသည့် အတောင်ပံပါသောကျားဖြူ တစ်ကောင် ရှိနေသည်။ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်မှာ တောင်ပေါ်ရှိ ကျောက်ခန်းမဆောင် တစ်ခုအတွင်း တည်ရှိသည်။ ထိုကျောက်ခန်းမမှာ ကျားဖြူ၏ အသိုက်နှင့် ပေရာဂဏန်းခန့်သာ ဝေးကွာပြီး အကယ်၍ ကျားဖြူကို နှောင့်ယှက်မိပါက လျှို့ဝှက်နယ်မြေမှ အသက်ရှင်လျက် လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ပင်။
တောင်ပေါ်တွင် သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေသည်။ စုန့်ဝမ်သည် သူ့ခန္ဓာကိုယ်သန်မာမှုကို အသုံးချကာ သစ်တောထူထပ်သော လမ်းတလျှောက် လျင်မြန်စွာ တက်လှမ်းလာခဲ့သည်။ ကူပိုးကောင်က ရှေ့မှ ဦးဆောင်ပြီး သားရဲအသိုက်များကို တွေ့ရှိပါက အဝေးမှ ရှောင်ကွင်းသွားသည်။ ထိုသားရဲများ ရှိရာနေရာတွင် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်လေ့ရှိသော်လည်း၊ သူ့တွင် ဝိညာဉ်ကျောက်များ မရှားပါးသဖြင့် ထိုဆေးပင်များကို အထူးတလည် စိတ်မဝင်စားပေ။ နာရီဝက်ခန့် သတိကြီးစွာ သွားလာပြီးနောက် တောင်ခါးပန်းတစ်ခုရှိ ကွင်းပြင်ပေါ်သို့ ရောက်ရှိလာသည်။
တောင်ခါးပန်းတွင် အစဥ်အမြဲ မြူများနှင့် တိမ်တိုက်များ ဖုံးလွှမ်းနေသည်။ တောင်ခြေတွင် ရပ်ကြည့်ရုံဖြင့် တောင်၏ ပုံသဏ္ဍာန်အစစ်အမှန်ကို မမြင်နိုင်ပေ။ စုန့်ဝမ် တောင်ခါးပန်းသို့ ရောက်လာသောအခါ အပူချိန်မှာ တဖြည်းဖြည်း နိမ့်ကျလာပြီး အပင်များလည်း ကျဲပါးသွားသည်ကို သတိထားမိသည်။ တောင်ထိပ်အနီးတွင်မူ အဖြူရောင်နှင်းများက အရာအားလုံးကို ငွေရောင်ကွန်ခြာသဖွယ် လွှမ်းမိုးထားသည်။ တစ်ချက်ကြည့်လိုက်လျှင် ဖွေးဖွေးလှုပ်နေသော အဖြူရောင်လွင်ပြင်ကြီးကဲ့သို့ပင်။
စုန့်ဝမ်က လျှို့ဝှက်နယ်မြေ ပိတ်ရန် ခုနစ်ရက်ကျော် လိုသေးသဖြင့် ထွက်ပေါက်အနားသို့ မည်သူမျှ စောစောစီးစီး ရောက်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် အခြေအနေမှာ သူထင်ထားသဲ့သို့ မဟုတ်။ ထွက်ပေါက်ရှိရာ ကျောက်ခန်းမနှင့် ၁၀ ပေခန့်သာ ဝေးတော့သည့်အချိန်တွင် အရှေ့ဘက်မှ ပြင်းထန်သော ဝိညာဉ်စွမ်းအား တုန်ခါမှုများ ရုတ်တရက် ပေါ်ထွက်လာသည်။ တစ်စုံတစ်ယောက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထို့နောက်တွင်မူ ဟိန်းဟောက်သံကြီး တစ်ချက် ပဲ့တင်ထပ်သွားသည်။ ထူထပ်သော နှင်းလွှာများသည် မုန်တိုင်းထဲမှ လှိုင်းလုံးကြီးများကဲ့သို့ လှိမ့်တက်လာပြီး တောင်ခြေသို့ ဝုန်းခနဲ ပြိုကျသွားတော့သည်။ နှင်းလှိုင်းကြီးမှာ မြင့်မားလှသဖြင့် လွင့်စဉ်လာသော နှင်းမှုန်များက နေရောင်ကိုပင် ကွယ်သွားစေသည်။ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်နှင့် မြူများကို ဝေ့ဝဲစေသည်။ နှင်းလှိုင်းများကြားတွင် ကျောက်တုံးများနှင့် သစ်ပင်များစွာ ပါဝင်နေပြီး အဟုန်ပြင်းစွာဖြင့် အောက်သို့ ထိုးဆင်းသွားသည်။
နားကွဲမတတ် မြည်ဟီးသံမှာ မိုးကြိုးပစ်သံကဲ့သို့ပင်။ ထိုအခိုက်အတန့်တွင် လျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားရသည်။ စုန့်ဝမ်သည် လွင့်စဉ်လာသော နှင်းတောင်ပြိုမှုကို ရှောင်ရှားရန် လေထဲသို့ ခုန်တက်လိုက်သော်လည်း မလွတ်တော့ဘဲ နှင်းလှိုင်းများထဲ ပါသွားတော့သည်။ ကျားဖြူ ရှိနေသဖြင့် ဝိညာဥ်စွမ်းအင် အသုံးပြု ပျံသန်းရန် မလုပ်ရဲပေ။ နှင်းလှိုင်းဖြင့် ပါသွားခြင်းက အသက်အန္တရာယ် မရှိ။ တောင်ထိပ်နှင့် ဤမျှနီးကပ်သော နေရာတွင် မည်သူက ဤမျှပြင်းထန်သော တိုက်ပွဲကို ဆင်နွှဲရဲသနည်း။ တောင်ထိပ်ပေါ်ရှိ အတောင်ပံပါ ကျားဖြူအား နှောင့်ယှက်မိမည်ကို မကြောက်သလော။
နှင်းတောင်ပြိုမှုကြောင့် အားနည်းသော သားရဲအချို့မှာ နှင်းလှိုင်းအောက်တွင် ကြေမွသွားပြီး သွေးမှုန်များက နှင်းများကို နီရဲသွားစေကာ နှင်းများအောက်တွင် မြှုပ်နှံခြင်း ခံလိုက်ရသည်။ အားကောင်းသော သားရဲအချို့မှာမူ ၎င်းတို့၏ အသိုက်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးကြရသည်။
“ဝေါင်း..”
မိုးကြိုးသံကဲ့သို့ ပြင်းထန်သော ကျားဟိန်းသံကြီး အပေါ်ဘက်မှ ထွက်ပေါ်လာသည်။ တောင်ပံပါကျားဖြူသည် နှင်းတောင်ပြိုမှုကြောင့် လန့်နိုးသွားပြီး မြူများနှင့် တိမ်တိုက်များကို ဖြတ်ကျော်ကာ ဆင်းသက်လာသည်။ အိပ်မောကျနေရာမှ နိုးလာသည့် ၎င်း၏ ဝေဝါးနေသော မျက်လုံးများတွင် ဒေါသမာန်များ ပြည့်နေသည်။ ကျားဖြူသည် နှင်းတောင်ပြိုရာ အရင်းအမြစ်၊ လူသားကျင့်ကြံသူ အချို့ရှိရာနေရာသို့ တခဏအတွင်း ရောက်ရှိလာသည်။
အနီးရောက်သည်နှင့် ပါးစပ် ဟပြီး ဟိန်းဟောက်လိုက်ရာ ပြင်းထန်သော လေပြင်းများ မှုတ်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ လေရူးများ တိုက်ခတ်သွားပြီး တိမ်တိုက်များလည်း ဖရိုဖရဲ ဝေ့ဝဲကုန်သည်။ လူသားကျင့်ကြံသူ အချို့မှာ လေပြင်းဒဏ်ကြောင့် လွင့်စင်သွားပြီး အောက်ဘက်ရှိ ကျောက်ဆောင်များနှင့် ရိုက်မိကုန်သည်။ ချက်ချင်းဆိုသလို ကျားဟိန်းသံကြောင့် နောက်ထပ် နှင်းတောင်ပြိုမှု တစ်ခု ထပ်မံဖြစ်ပွားပြန်သည်။ အဖြူရောင် နှင်းလှိုင်းကြီးမှာ ဝုန်းခနဲ အောက်သို့ လှိမ့်ဆင်းလာကာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေတော့သည်။ လမ်းတွင်ရှိသော ကျောက်ဆောင်များ၊ အအေးဒဏ်ခံ မြက်ပင်များ အားလုံးမှာ နှင်းလှိုင်းထဲ ပါသွားကုန်သည်။ လူသားကျင့်ကြံသူ အချို့လည်း မလွတ်မြောက်ဘဲ နှင်းလှိုင်းထဲ ပါသွားကာ ပျောက်ကွယ်သွားတော့သည်။
ကျားဖြူသည် သူ့အိပ်စက်မှုကို နှောင့်ယှက်သော တရားခံများ နှင်းလှိုင်းထဲ ပါသွားသည်ကို မြင်သောအခါ ၎င်းတို့ သေသည်ရှင်သည်ကို ဂရုမစိုက်တော့ဘဲ အတောင်ပံကို ခါယမ်းကာ တိမ်တိုက်များကြားသို့ ပြန်လည် ပျံတက်သွားတော့သည်။
...
တောင်ခါးပန်းရှိ မတ်စောက်သော ချောက်ကမ်းပါးရှေ့တွင် ဆင်ခြေလျှောတစ်ခု ရှိသည်။ ထိုနေရာတွင် မူလက သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်ခဲ့သော်လည်း ယခုအခါ သစ်ပင်များ ပျောက်ကွယ်သွားပြီး ထူထပ်သော နှင်းထုကြီးသာ ကျန်ရစ်သည်။ နှင်းတောင်ပြိုကျမှု တည်ငြိမ်သွားပြီး မကြာမီ နှင်းပြင်၏ ထောင့်တစ်နေရာတွင် တစ်စုံတစ်ခုက ရုတ်တရက် ဖောင်းတက်လာပြီး ခေါင်းတစ်လုံး ထွက်လာသည်။ ၎င်းမှာ စုန့်ဝမ်ပင် ဖြစ်သည်။
ကျားဖြူ ပေါ်လာသည့် အချိန်တွင် သူ့အော်ရာကို ဖျောက်ကာ ခွိုင်ယင်ရေအမြုတေကို အသက်သွင်း၍ ဥပုံသဏ္ဍာန် ပြုလုပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ထားလိုက်သည်။ ထို့နောက် နှင်းလှိုင်းနှင့်အတူ လိမ့်ပါသွားပြီး ဤဆင်ခြေလျှောပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ အဆက်မပြတ် လိမ့်ပါလာမှုနှင့် ကျောက်ဆောင်များနှင့် တိုက်မိမှုတို့ကြောင့် စုန့်ဝမ်၏ ကလီစာများ ဗြောင်းဆန်နေပြီး မူးဝေ အော့အန်ချင်သကဲ့သို့ ခံစားနေရသည်။ အခြေအနေ မကောင်းသော်လည်း ကျားဖြူ၏ အာရုံစိုက်မှုမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
စုန့်ဝမ် နှင်းထဲမှ ထွက်လာစဉ် သူ့ဘယ်ဘက် ပေအနည်းငယ် အကွာတွင် နောက်ထပ် လူရိပ်တစ်ခုလည်း နှင်းထဲမှ ထွက်လာသည်။ ထိုသူမှာ ပန်းရောင် ပိုးသားဝတ်စုံ ဝတ်ဆင်ထားပြီး ချောမောလှပကာ ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်သူ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူမ၏ အသွင်အပြင်မှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။ ပါးစပ်ထောင့်မှ သွေးများ ထွက်နေပြီး ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေသည်။ ဝတ်စုံမှာလည်း နေရာအနှံ့ စုတ်ပြဲနေပြီး ပွန်းပဲ့ဒဏ်ရာများကို တွေ့နေရသည်။ ထိုအမျိုးသမီးမှာ မုယွမ်ရှင်းပင် ဖြစ်သည်။
မုယွင်ရှင်းသည် နှင်းထဲမှ ထွက်လာပြီးနောက် နှင်းပြင်ပေါ်သို့ ပင်ပန်းကြီးစွာ ထိုင်ချလိုက်သည်။ ဆေးလုံးတစ်လုံး သောက်ပြီးနောက် မလှမ်းမကမ်းတွင် စုန့်ဝမ် ရှိနေသည်ကို သတိထားမိသွားသဖြင့် ခဏတာ ကြောင်အသွားသည်။ သို့သော် ချက်ချင်းပင် အားနည်းကာ အကူအညီမဲ့နေသည့် သနားစဖွယ် အသွင်အပြင်သို့ ပြောင်းလဲသွားသည်။
"ကျွန်မက မုယွမ်ရှင်းပါ၊ သားရဲသခင်ဂိုဏ်းက စီနီယာကို တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မတို့ ဒီတစ်ခါနဲ့ဆို တတိယအကြိမ်မြောက် ဆုံရတာပါ၊ ဒါ အရင်ဘဝက ရေစက်ကြောင့် ဖြစ်ရမယ်။ အခု ကျွန်မ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပါတယ်၊ ဒီနေရာကလည်း အန္တရာယ်များတယ်၊ စီနီယာကြီးအနေနဲ့ ကျွန်မ ဒဏ်ရာ သက်သာလာတဲ့အထိ စောင့်ရှောက်ပေးလို့ ရမလားဟင်၊ ကျွန်မ နေကောင်းသွားရင် စီနီယာကို ကျေးဇူးဆပ်မှာပါနော်"
မုယွင်ရှင်းက ပြောရင်းနှင့် သူမ၏ နုနယ်သော ခြေထောက်ကို အနည်းငယ် မကာ ဝတ်စုံကို ပြုပြင်လိုက်ရာ ဖြူဖွေးသော ခြေတံရှည်ကြီး အထင်းသား ပေါ်လာသည်။
"အဟွတ်... အဟွတ်..."
စကားများ တဆက်တည်း ပြောလိုက်သဖြင့် ဒဏ်ရာ ပိုဆိုးသွားသကဲ့သို့ သွေးတစ်လုတ် အန်ထုတ်လိုက်ရာ နှင်းပြင်မှာ နီရဲသွားသည်။
မုယွင်ရှင်းက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော်လည်း စုန့်ဝမ်မှာမူ မည်သည့် ခံစားချက်မှ မရှိသော မျက်နှာဖြင့် လက်ကို မြှောက်ကာ မုယွမ်ရှင်းထံသို့ ပြင်းထန်သော စွမ်းအားတစ်ခု ရိုက်ထုတ်လိုက်သည်။ မုယွမ်ရှင်းက ခုခံရန် မဆိုထားနှင့် ရှောင်ရန်ပင် မကြိုးစားဘဲ စိတ်ပျက်အားလျော့သော အမူအရာဖြင့် ထိုစွမ်းအားကို အရိုက်ခံလိုက်သည်။
"ဗုန်း"
အားလှိုင်းမှာ မုယွမ်ရှင်း၏ ရင်ဘတ်ကို ထိမှန်သွားပြီး ၁၀ ပေခန့်အထိ လွင့်စဉ်သွားစေသည်။
မုယွင်ရှင်း မြေပြင်ပေါ်သို့ လဲကျသွားပြီး သွေးများစွာ အန်ထုတ်လိုက်ပြန်သည်။
"စီနီယာ... ရှင်က တကယ့်ကို ကျောက်နှလုံးသားနဲ့ လူပဲ"
မုယွမ်ရှင်း၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေပြီး၊ သူမကို စွန့်ပစ်သွားသော လူတစ်ယောက်ကို ကြည့်နေသကဲ့သို့ စုန့်ဝမ်ကို ကြည့်နေသည်။
"မုလေး... ငါတို့က အသိဟောင်းတွေပဲ၊ ငါ့ရှေ့မှာ သရုပ်ဆောင်နေဖို့ မလိုပါဘူး။ မင်းရင်ဘတ်က ကာကွယ်ရေး ဝိညာဉ်ချပ်ဝတ်က ပေါ်နေပြီ၊ စောစောက အင်အားလေးက မင်းကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး"
ထိုစကားကို ကြားသောအခါ မုယွမ်ရှင်းသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ ဝတ်စုံအောက်တွင် ဝိညာဉ်ချပ်ဝတ်၏ အစွန်းတစ်ဖက်မှာ သိသာစွာ ပေါ်နေသည်ကို တွေ့လိုက်ရသည်။ မုယွင်ရှင်းလည်း ဝတ်စုံကို ပြန်လည်ပြင်ဆင်ပြီး ချပ်ဝတ်ကို ဖုံးလိုက်သည်။ သူမ၏ သနားစဖွယ် မျက်နှာမှာ တခဏအတွင်း ပျောက်ကွယ်သွားပြီး အေးစက်သော အမူအရာသို့ ပြောင်းလဲသွားသည်။
"ဟွန်း.. ရှင်ကတော့ တကယ့်ကို အချစ်ရေးမှာ နားမလည်တဲ့ လူအကြီးပဲ၊ ကျွန်မမျက်ရည်တွေကို အလကား ဖြုန်းတီးမိသွားပြီ။ ရှင် ကျွန်မကို တိုက်ခိုက်တာ မဟုတ်ဘူး၊ ထွက်လည်း မသွားဘူး၊ ဘာလုပ်ချင်လို့လဲ"
"မိန်းကလေးမုကို မေးချင်တာက... မင်းတို့ တောင်ပေါ်မှာ ဘာရတနာအတွက် တိုက်ခိုက်နေကြတာလဲ၊ တောင်ထိပ်က ကျားဖြူကိုတောင် ဂရုမစိုက်နိုင်လောက်အောင် ဖြစ်ရတာလဲ"
"တာအိုရောင်းရင်း... ကျွန်မက ရှင့်ကို အမှန်အတိုင်း ပြောပြလိမ့်မယ်လို့ ဘာလို့ ထင်နေတာလဲ"
"မိန်းကလေးမုက လက်ရှိ ကိုယ့်အခြေအနေကို နားမလည်သေးဘူး ထင်တယ်"
စုန့်ဝမ်၏ အသံမှာ အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
မုယွမ်ရှင်း၏ မျက်နှာမှာ သနားစဖွယ်အသွင် ထပ်မံပြောင်းလဲသွားပြန်သည်။
"စီနီယာအစ်ကိုကြီးက ကျွန်မကို ဒုက္ခပေးချင်တာလား။ ရှင်က ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ"
"သေချင်နေတာပဲ"
စုန့်ဝမ် သည်းခံနိုင်စွမ်း ကုန်ဆုံးလာပြီဖြစ်သည်။ ထိုမိန်မကို ဖုန်ချီ မည်သို့ သည်းခံတွဲခဲ့သည် မသိ။ တစ်ဖက်လူက မပြောချင်လျှင် ဝိညာဉ်ကို စစ်ဆေးရန်သာ ရှိတော့သည်။ စုန့်ဝမ်၏ ခန္ဓာကိုယ်မှ လျှပ်စီးများ ထွက်ပေါ်လာပြီး မုယွမ်ရှင်းထံသို့ မြန်နှုန်းမြင့်ဖြင့် ပြေးဝင်သွားသည်။
မုယွမ်ရှင်းနှင့် နီးကပ်လာချိန်တွင် ချွန်ထက်သော ဓားအလင်းတစ်ခု စုန့်ဝမ်ထံသို့ တိုက်ရိုက် ဦးတည် ပျံသန်းလာသည်။ ထိုဓားချီ၏ စွမ်းအားမှာ အခြေတည်အဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုပင် ဖြစ်သည်။ စုန့်ဝမ်လည်း မြေကမ္ဘာစေတီကို အသက်သွင်းလိုက်ရာ ၎င်းက သူ့ကို ဖုံးအုပ်သွားပြီး ဓားချီကို ခုခံလိုက်သည်။
"ဒေါင်"
စူးရှသော အသံကြီး ထွက်ပေါ်လာပြီး ချောက်ကမ်းပါးပေါ်ရှိ နှင်းပုံများ ထပ်မံပြိုကျသွားပြန်သည်။ စုန့်ဝမ်လည်း မုယွမ်ရှင်းကို ဆက်မတိုက်တော့ဘဲ ရပ်လိုက်ပြီး တောင်ထိပ်ဘက်သို့ လှမ်းကြည့်လိုက်ရာ တိမ်တိုက်များ ဖုံးလွှမ်းနေပြီး ငြိမ်သက်နေသည်ကို မြင်လိုက်ရမှ စိတ်အေးသွားသည်။ ထိုအချိန်တွင် တောင်အောက်မှ လူရိပ်တစ်ခု ဓားစီးကာ ပျံတက်လာပြီး မုယွမ်ရှင်းဘေးတွင် ဆင်းသက်လိုက်သည်။ ထိုသူမှာ ဝိညာဉ်ရည်ခန်းမတွင် စုန့်ဝမ် တွေ့ခဲ့ဖူးသော မုတ်ဆိတ်နှင့်လူ၊ မဟာကောင်းကင်ဓားဂိုဏ်းမှ ရွှယ်ကူးပင် ဖြစ်သည်။
ရွှယ်ကူး ပေါ်လာသည်ကို မြင်သောအခါ စောစောက မုယွမ်ရှင်း၏ သရုပ်ဆောင်မှုမှာ သူ့အတွက် မဟုတ်ဘဲ ရွှယ်ကူးအတွက် ဖြစ်သည်ကို စုန့်ဝမ် ရိပ်မိသွားသည်။ မုယွမ်ရှင်းတွင် ရွှယ်ကူးနှင့် လျှို့ဝှက်ဆက်သွယ်နိုင်သော နည်းလမ်းရှိပုံရသည်။ စုန့်ဝမ်နှင့် လေကြောရှည်နေသည်မှာ ရွှယ်ကူး ရောက်လာရန် အချိန်ဆွဲနေခြင်းသာ ဖြစ်သည်။
ရောက်လာသည်နှင့် "မုလေး... အဆင်ပြေရဲ့လား" ဟု ရွှယ်ကူးက စိုးရိမ်တကြီး မေးလိုက်သည်။ မုယွမ်ရှင်းသည် ထရပ်ရန် ကြိုးစားသော်လည်း ယိမ်းထိုးသွားပြီး ရွှယ်ကူး၏ ရင်ခွင်ထဲသို့ လဲကျသွားသည်။
"စီနီယာရွှယ်... ကျွန်မ ကျားဖြူ တိုက်ခိုက်တာ ခံရပြီး နှင်းတောင်ပြိုတာနဲ့ ပါသွားလို့ အသက်ကို အနိုင်နိုင် လုခဲ့ရတာပါ၊ အခုလည်း သားရဲသခင်ဂိုဏ်းက ဒီလူက ကျွန်မကို ဒုက္ခပေးဖို့ ကြိုးစားနေတယ်" ဟု မုယွမ်ရှင်းက မျက်ရည်များဖြင့် ပြောလိုက်သည်။
ရွှယ်ကူးက မုယွမ်ရှင်းကို ထွေးပွေ့ကာ နှစ်သိမ့်ပေးသည်။
"မုလေး စိတ်မပူပါနဲ့၊ ကိုယ် ရှိနေသရွေ့ ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်စေရဘူး"
မုယွမ်ရှင်းသည် ရွှယ်ကူး၏ ရင်ခွင်ထဲတွင် တုန်ရီနေပြီး ငိုကြွေးနေသည်။ ရွှယ်ကူးက စုန့်ဝမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"လူယုတ်မာကောင် မုလေးလို နုနယ်တဲ့ အမျိုးသမီးကို အခွင့်ကောင်းယူပြီး တိုက်ခိုက်ရဲတယ်ပေါ့၊ မင်း ယောက်ျား မဟုတ်ဘူး"
ရွှယ်ကူးမှာ ဒေါသထွက်ပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေသော်လည်း စုန့်ဝမ်ကို တိုက်ခိုက်ရန် အလျင်စလို မဖြစ်ပေ။ သူသည် မုယွမ်ရှင်း၏ ခန္ဓာကိုယ်ကို ဖက်ထားရင်း လက်များက မရိုးမသားဖြင့် သူမ၏ ရင်ဘတ်ကို ပွတ်သပ်နေသည်။ မုယွမ်ရှင်းမှာမူ အနည်းငယ် ရှက်သွေးဖြာဟန် ပြသနေသည်။
"စီနီယာရွှယ်... ကျွန်မအတွက် ကဲ့စားမချေပေးဘူးလား"
"ဒီနေရာက တောင်ထိပ်နဲ့ နီးလွန်းတယ်၊ ကျားဖြူကလည်း အခုမှ နိုးထားတာဆိုတော့ တိုက်ခိုက်ဖို့ အဆင်မပြေဘူး" ဟု ပြောကာ ရွှယ်ကူး၏ လက်များက မုယွမ်ရှင်းကို လွှတ်မပေးဘဲ ရှိနေသည်။ မုယွမ်ရှင်းသည် ရွှယ်ကူး၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး "ယောက်ျားဆိုတာ အခွင့်အရေးယူဖို့ ချောင်းနေတဲ့ ခွေးမသားတွေချည်းပဲ"ဟု စိတ်ထဲမှ ဆဲဆိုရင်း ထိုနေရာမှာပင် တရားထိုင်ကာ ဒဏ်ရာများကို ကုသရန် ပြင်လိုက်သည်။
……..