← Chapters

အတူပေါင်းပြီး ထွက်ပေါက်ရှာမယ်

Vol. 24 Ch. 246

အတူပေါင်းပြီး ထွက်ပေါက်ရှာမယ်

Vol. 24 Ch. 246

စုန့်ဝမ်သည် တစ်ဖက်လူက မတိုက်ခိုက်သဖြင့် ရှောင်ထွက်ရန် ပြင်လိုက်သည်။ မုယွမ်ရှင်း တစ်ယောက်တည်း ဒဏ်ရာရနေချိန်ဆိုလျှင် သူ သတ်နိုင်သော်လည်း၊ ယခုအခါ ရွှယ်ကူး ရောက်လာပြီ ဖြစ်သဖြင့် အခြေတည်အဆင့် အထွတ်အထိပ် ကျင့်ကြံသူ နှစ်ဦးကို သတ်ရန်မှာ ခက်ခဲလှသည်။ တိုက်ခိုက်ဖြစ်လျှင်လည်း ကျားဖြူ၏ အာရုံကို ဆွဲဆောင်မိပြီး ကိုယ်ကျိုးနည်းရန်သာ သည်။

ထိုစဉ် အနီးနားရှိ နှင်းထု ထပ်မံလှုပ်ရှားလာပြီး ဘုန်းကြီးတစ်ပါး နှင်းထဲမှ ထွက်လာသည်။ ထိုဘုန်းကြီးမှာ မျက်နှာတွင် ​ဒဏ်ရာများစွာ ရထားပြီး သွေးများဖြင့် ကြည့်ရဆိုးနေသော်လည်း မပြင်းထန်မှု မရှိပေ။

"ဟဲဟဲ... ဆရာတော်ကျဲ့ခုပါလား။ ဘာလို့ ဒီလောက်တောင် ကြည့်ရဆိုးနေတာလဲ" ဟု ရွှယ်ကူးက လှောင်လိုက်သည်။

ကျဲ့ခုက ရွှယ်ကူးကို ကြည့်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"ဒကာကြီး... ငါ့မိတ်ဆွေ ရဟန်းနှစ်ပါး ဘယ်ရောက်သွားလဲ တွေ့မိသလား"

"မင်းတို့ဂိုဏ်းက ကတုံး နှစ်ကောင် ဘယ်ပြေးသွားလဲဆိုတာ ငါဘယ်သိမလဲ၊ ကျားဖြူလက်ချက်နဲ့ သေသွားပြီလား၊ နှင်းတွေအောက်မှာပဲ မြှုပ်သွားပြီလား မသိဘူး။ ငါ့လူတွေလည်း ဘယ်ရောက်ကုန်လဲ မသိဘူး၊ ဒါတွေအားလုံးက မင်းကြောင့်ပဲ၊ မင်းက မုလေးနဲ့ ဝေဝါးဝိညာဉ်မြက် အတင်းလုလို့ နှင်းတောင်ပြိုပြီး ကျားဖြူ နိုးလာတာ မဟုတ်လား"

ဝေဝါးဝိညာဉ်မြက်မှာ အဆင့်သုံး ဝိညာဉ်ဆေးပင်ဖြစ်ပြီး ဝိညာဉ်အာရုံနှင့် စိတ်ညို့မန္တန်များကို အစွမ်းထက်စေသည်။ ဟယ်ဟွမ်ဂိုဏ်းမှ မုယွမ်ရှင်းက ထိုမြက်ကို လိုချင်ခြင်းမှာ မထူးဆန်းသော်လည်း၊ ကျဲ့ခုကဲ့သို့ ရဟန်းတစ်ပါးက ကျားကို နှောင့်ယှက်မိသည်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ခြင်းမှာ စိတ်ဝင်စားစရာပင်။

ကျဲ့ခုက "ဒကာကြီးရွှယ်... ကျင့်ကြံသူတွေကြားမှာ အခွင့်အရေးအတွက် တိုက်ခိုက်တာဟာ သာမန်ပါပဲ။ အခုလည်း ဆေးပင်က ဒကာမလေးမုရဲ့ လက်ထဲ ရောက်နေပြီပဲ၊ ဘာလို့ ဒီကိစ္စကို မပြီးနိုင် ဖြစ်နေရတာလဲ။ အခု ကျားဖြူက နိုးနေပြီဆိုတော့ လျှို့ဝှက်နယ်မြေက ထွက်ဖို့ မလွယ်ဘူး၊ ငါတို့ အာဃာတတွေကို ခဏဘေးဖယ်ထားပြီး ဒီအခြေအနေကို ကျော်လွှားဖို့ ပူးပေါင်းသင့်တယ်" ဟု ပြောလိုက်သည်။

ရွှယ်ကူးက ခေါင်းညိတ်​ပြီး "မင်းပြောတာလည်း ဟုတ်သားပဲ၊ အခုချိန်မှာ ဘယ်သူမှ တစ်ယောက်တည်း မတိုက်ရဲတော့ ပူးပေါင်းတာက အကောင်းဆုံးပဲ" ဟု ဆိုသည်။ ထို့နောက် စုန့်ဝမ်ကို လှည့်ကြည့်ကာ "သားရဲသခင်ဂိုဏ်းက မိတ်ဆွေ... မင်းရဲ့ အစွမ်းလည်း မဆိုးဘူးပဲ၊ ငါတို့နဲ့ ပူးပေါင်းချင်သလား" ဟု မေးလိုက်သည်။

စုန့်ဝမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တစ်ယောက်တည်း လှုပ်ရှားရသည်ကို ပိုနှစ်သက်သော်လည်း ယခုအခြေအနေတွင် ပူးပေါင်းခြင်းက အားသာချက် ရှိသည်။ အကယ်၍ ကျားဖြူနှင့် တိုးခဲ့လျှင် မြန်နှုန်းကို အားကိုးကာ ကျန်လူများကို အာရုံလွဲစရာအဖြစ် ထားခဲ့ပြီး လွတ်အောင် ပြေးနိုင်မည် မဟုတ်ပါလား။

စုန့်ဝမ် စဉ်းစားနေစဉ်မှာပင် တောင်အောက်မှ ပျံတက်လာသော ရုန်ကျင့်ယွမ် ရောက်ရှိလာသည်။

“အကြီးအကဲဝူ... ရှင် ဒီမှာရှိနေတာလား၊ အံ့သြစရာပဲ"

စုန့်ဝမ်ကို မြင်သောအခါ ရုန်ကျင့်ယွမ် ဝမ်းသာအားရ ဖြစ်သွားသည်။

"အကြီးအကဲရုန်... ဒီမှာ ဆုံရမယ်လို့ မထင်ထားဘူး၊ နယ်မြေပိတ်ဖို့ အချိန်ကျန်သေးတာပဲ၊ ဘာလို့ ရတနာတွေ ဆက်မရှာတာလဲ" ဟု စုန့်ဝမ်က မေးလိုက်သည်။

"ဒီတစ်ခေါက် ခရီးက ဒုက္ခများလွန်းလို့ ဒဏ်ရာသက်သာတာနဲ့ ထွက်တော့မလို့ပါ၊ စောစောက တောင်ခြေမှာ ရှိနေတုန်း နှင်းတောင်ပြိုတာ မြင်လို့ တက်လာကြည့်တာ အကြီးအကဲဝူနဲ့ ဆုံရမယ်လို့ မထင်ထားဘူး" ဟု ရုန်ကျင့်ယွင်က သူမ ထွက်ခွာရသည့် အကြောင်းရင်းကို အသေးစိတ် မပြောဘဲ ဝေဝါးစွာသာ ပြန်ဖြေလိုက်လေသည်။

"တာအိုရောင်းရင်း... အတော်ပဲ၊ ကျားဖြူကလည်း နိုးနေပြီဆိုတော့ ငါတို့တွေ အင်အားချင်းပေါင်းပြီး ဒီလျှို့ဝှက်နယ်မြေကနေ အတူတူထွက်ကြရင် ဘယ်လိုလဲ"

ရွှယ်ကူးက ရုန်ကျင့်ယွမ်ကို ပြောလိုက်သည်။

ရုန်ကျင့်ယွမ်မှာ အံ့သြသွားပြီး "ကျားဖြူက နိုးနေပြီလား" ဟု ပြန်မေးရာ၊ ရွှယ်ကူးက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ရုန်ကျင့်ယွမ် မျက်မှောင်ကြုတ်သွားတော့သည်။

"ကျားဖြူရဲ့ အသိုက်က တောင်ထိပ်မှာရှိတာ၊ ထွက်ပေါက်ရှိတဲ့ ကျောက်ခန်းမဆောင်က တောင်ထိပ်နဲ့ နည်းနည်း ဝေးသေးတာပဲ။ ငါတို့ သတိထားပြီး သွားရင် ကျားဖြူကို မနှောင့်ယှက်ဘဲ ထွက်သွားလို့ရနိုင်တယ် မဟုတ်လား"

"တာအိုရောင်းရင်း ထင်သလို လွယ်ကူမယ် မထင်ဘူး"

"ဘာလို့လဲ"

ရွှယ်ကူးက တောင်ထိပ်ဘက်ကို စိုးရိမ်တကြီး ကြည့်ရင်း "ကျားဖြူက အသိဉာဏ် အရမ်းမြင့်တယ်။ ငါတို့ သူ့ကို နှောင့်ယှက်မိပြီးမှတော့ သူက ငါတို့ကို ဒီနယ်မြေထဲကနေ အေးအေးဆေးဆေး ထွက်သွားခွင့်ပေးမှာ မဟုတ်ဘူး" ဟု ဆိုသည်။

အနားတွင် ထိုင်ကာ ဆေးလုံးများဖြင့် ဒဏ်ရာကုသနေသော မုယွမ်ရှင်းသည် မျက်လုံးဖွင့်လာပြီး ရုန်ကျင့်ယွမ်ကို ကြည့်ကာ "အစ်မရုန်... အခြေအနေက အရေးကြီးနေပြီ၊ ပူးပေါင်းတာက အကောင်းဆုံး နည်းဗျူဟာပဲ" ဟု ပြောလိုက်သည်။ ရုန်ကျင့်ယွမိက အနည်းငယ် ပြုံးလိုက်သည်။ "မုလေးလည်း ဒီမှာရှိနေတာပဲကိုး" သူမတို့ ပြောဆိုပုံအရ အသိဟောင်းများ ဖြစ်ကြောင်း သိသာသည်။

ထို့နောက် ရုန်ကျင့်ယွမ်က စုန့်ဝမ်ဘက်သို့ လှည့်ကာ အကဲခတ်သည့် အမူအရာဖြင့် ကြည့်သည်။ မုယွမ်ရှင်းတို့ထက်စာလျှင် သူမသည် စုန့်ဝမ်ကို ပို၍ ယုံကြည်သည်။ အကယ်၍ တစ်စုံတစ်ဦးနှင့် အတူသွားရမည်ဆိုလျှင် စုန့်ဝမ်ကိုသာ ပို၍ ရွေးချယ်လိုသည်။ စုန့်ဝမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ ရွှယ်ကူး၏ စကားမှာလည်း အမှန်တရားပင်။ တစ်ယောက်တည်း သွားခြင်းက အုပ်စုနှင့်သွားခြင်းထက် ပို၍ အန္တရာယ်များပေမည်။ စုန့်ဝမ်၏ သဘောတူညီမှုကို ရရှိပြီးနောက် ရုန်ကျင့်ယွမ်က "အကြီးအကဲဝူနဲ့ ကျွန်မလည်း ရှင်တို့နဲ့အတူ ပူးပေါင်းပါ့မယ်" ဟု ရွှယ်ကူးကို ပြောလိုက်သည်။

"ဒါက အကောင်းဆုံးပဲ" ဟု ရွှယ်ကူးက ပြန်ဖြေသည်။ ထို့နောက် သူက စကားလမ်းကြောင်းပြောင်းကာ "ဒါပေမဲ့ စောစောက နှင်းတောင်ပြိုတုန်းက မဟာကောင်းဓားဂိုဏ်း၊ ဟယ်ဟွမ်ဂိုဏ်းနဲ့ ဟွန်းယွမ်ကျောင်းတော်က တပည့်တွေ ပျောက်နေတာ ရှိတယ်။ မင်းတို့ ဒီမှာ ခဏစောင့်နေပါဦး၊ ငါနဲ့ ဆရာတော်ကျဲ့ခုတို့ သွားရှာကြည့်လိုက်မယ်" ဟု ဆိုသည်။ ၎င်းတို့သည် ဂိုဏ်းတူများကို တကယ်သွားရှာခြင်းလား သို့မဟုတ် သေသူများ၏ ပစ္စည်းများကို လိုချင်၍လား ဆိုသည်မှာမူ မသေချာပေ။

နာရီဝက်ခန့် ကြာပြီးနောက် ကျဲ့ခု ပြန်ရောက်လာသည်။ သူ၏ မျက်နှာမှာ ဝမ်းနည်းကြေကွဲမှုများနှင့် ပြည့်နေပြီး ဂိုဏ်းတူညီအကိုများကို ရှာတွေ့ခဲ့ပုံ မရပေ။ ခဏအကြာတွင် ရွှယ်ကူးသည် ဖြတ်တောက်ခံထားရသော လူခေါင်းတစ်ခုကို ကိုင်ကာ ချောက်ကမ်းပါးဘေးတွင် ပေါ်လာသည်။ ထိုလူခေါင်း၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး သေသည့်တိုင် မျက်စိမမှိတ်နိုင်ဘဲ ရှိနေသည်။

ရွှယ်ကူးက သက်ပြင်းချလိုက်ပြီး ထိုခေါင်းကို နှင်းထဲသို့ ပစ်ချရင်း "ငါ့ဂိုဏ်းတူညီရဲ့ အကြွင်းအကျန်ကိုပဲ တွေ့ခဲ့တယ်၊ ငါက စီနီယာတစ်ယောက်အနေနဲ့ သူတို့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး"ဟု ဝမ်းနည်းဟန်ဖြင့် ပြောသော်လည်း သူ့မျက်နှာတွင်မူ ပူဆွေးမှု အရိပ်အယောင် လုံးဝမရှိပေ။

"မုလေး... ဒဏ်ရာတွေ ဘယ်လိုနေလဲ" ရွှယ်ကူးက မုယွမ်ရှင်းကို စိုးရိမ်တကြီး မေးရာ၊ မုယွမ်ရှင်းက "သက်သာလာဖို့ နည်းနည်း ကြာဦးမယ်" ဟု ပြန်ဖြေသည်။ ရွှယ်ကူးက အားလုံးကို လှည့်ကြည့်ကာ "ဒါဆို ခဏလောက် ထပ်စောင့်ကြတာပေါ့။ မုလေးရဲ့ ဒဏ်ရာတွေ သက်သာမှ ငါတို့ ခရီးဆက်ကြမယ်။ အခုက နှင်းတောင်ပြိုပြီးတာ နာရီဝက်လောက်ပဲ ရှိသေးတော့ ကျားဖြူက သတိရှိနေလိမ့်မယ်၊ တောင်တက်ဖို့ မသင့်သေးဘူး" ဟု ဆိုရာ အားလုံးက တိတ်တဆိတ် သဘောတူလိုက်ကြသည်။

နှစ်နာရီခန့်ကြာပြီးနောက် မိုးချုပ်စပြုလာသည်။ လျှို့ဝှက်နယ်မြေအတွင်း၌ မြူထူများ စတင်တက်လာပြီး တောင်ထိပ်တွင် မြူမျာ ပိုမိုထူထပ်လာသည်။ ညအချိန်တွင် မြူများ ပိုမိုထူထပ်သဖြင့် အမြင်အာရုံကို ပိတ်ဆို့ထားကာ ဝိညာဉ်အာရုံမှာလည်း ကန့်သတ်ချက် ရှိနေသဖြင့် တောင်တက်ရန် မသင့်တော်တော့ပေ။ နေထွက်သည်အထိ စောင့်ရန်သာ ရှိတော့သည်။

...

နောက်တစ်နေ့ နံနက်စောစော နေရောင်ခြည် ထွက်ပေါ်လာချိန်တွင် မြူများ စတင်ကွယ်ပျောက်သွားသည်။ စုန့်ဝမ်တို့အဖွဲ့လည်း တောင်၏ အခြားတစ်ဖက်မှ ပတ်၍ တောင်ထိပ်သို့ ဦးတည်ခဲ့ကြသည်။ ဤဘက်အခြမ်းမှာ နှင်းတောင်မပြိုခဲ့သဖြင့် သစ်ပင်များ ထူထပ်ကာ ပုန်းကွယ်သွားလာရန် ကောင်းမွန်သည်။ အားလုံးက ၎င်းတို့၏ ကျင့်ကြံမှုအော်ရာကို ဖျောက်ကာ ခန္ဓာကိုယ် ခွန်အားကိုသာ သုံး၍ သစ်တောထဲတွင် သွားလာနေကြသည်။

လမ်းကြောင်းရှာဖွေသည့် တာဝန်ကို ရုန်ကျင့်ယွမ်က ယူလိုက်သည်။ သူမသည် ဒုတိယအဆင့် အစောပိုင်းရှိ ဝိညာဉ်ကြောင် တစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ ထိုကြောင်မှာ နှစ်ပေခန့် ရှည်လျားပြီး လျင်မြန်ကာ အသိဉာဏ် မြင့်မားသည်။ ၎င်းသည် သစ်တောထဲတွင် အသံတိတ် လှုပ်ရှားနိုင်သဖြင့် အကောင်းဆုံး ကင်းထောက်တစ်ဦး ဖြစ်သည်။ ထိုကြောင်၏ နောက်မှ ရွှယ်ကူးက ကပ်၍ လိုက်ပါခဲ့သည်။ သူသည် ဓားကျင့်ကြံသူ ဖြစ်သဖြင့် တိုက်ခိုက်ရေးစွမ်းအား အကောင်းဆုံးသူ ဖြစ်သည်။ စုန့်ဝမ်နှင့် ကျန်သုံးဦးမှာ ရွှယ်ကူး၏ နောက်မှ ယပ်တောင်ပုံစံ ဖြန့်၍ လိုက်ပါကြသည်။ ဤသို့ဖြင့် တစ်ဖက်ဖက်မှ အန္တရာယ်တွေ့ပါက အခြားသူများက အချိန်မီ ကူညီနိုင်မည်ဖြစ်သည်။ သို့သော် ဤသည်မှာ နှုတ်ကတိသာ ဖြစ်ပြီး အန္တရာယ်အစစ်အမှန် တွေ့ပါက တိုက်မည်လား သို့မဟုတ် ထွက်ပြေးမည်လား ဆိုသည်မှာ ရန်သူ၏ အင်အားပေါ်တွင်သာ မူတည်ပေလိမ့်မည်။

မိုင်ပေါင်းများစွာ သွားပြီးနောက် အဖွဲ့သည် ပေတစ်ရာခန့် မြင့်သော ချောက်ကမ်းပါးခြေရင်းသို့ ရောက်လာသည်။ ထိုချောက်၏ အပေါ်တွင် ထွက်ပေါက်ရှိရာ ကျောက်ခန်းမ တည်ရှိသည်။ အဖွဲ့မှာ ချောက်အောက်တွင် ပုန်းနေစဉ် ဝိညာဉ်ကြောင်က အပေါ်သို့ တက်ကာ ကင်းထောက်သည်။ ကြောင်သည် မတ်စောက်လှသော ကျောက်သားနံရံပေါ်တွင် လျင်မြန်စွာ ခုန်တက်သွားပြီး ချောက်ထိပ်သို့ ရောက်သွားသည်။ ၎င်းသည် ချောက်ဘေးတွင် ဝပ်၍ အန္တရာယ်ရှိမရှိ စစ်ဆေးပြီးနောက် အပေါ်သို့ ခုန်တက်ကာ ပျောက်ကွယ်သွားသည်။

အမွှေးတိုင်တစ်တိုင် မကုန်ခင်မှာပင် ကြောင်သည် ချောက်ဘေးတွင် ပြန်ပေါ်လာသည်။ ၎င်းသည် ပေတစ်ရာခန့် မြင့်သော ချောက်ပေါ်မှ တိုက်ရိုက် ခုန်ချလာပြီး ရုန်ကျင့်ယွမ်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ကြောက်လန့်တကြား တုန်ရီနေတော့သည်။ ဤမြင်ကွင်းကို ကြည့်ပြီး အားလုံး၏ စိတ်ထဲတွင် စိုးရိမ်သွားတော့သည်။ ထို့နောက် ရုန်ကျင့်ယွမ်၏ စကားက အားလုံး၏ စိုးရိမ်မှုကို အတည်ပြုပေးလိုက်သည်။

"ကျားဖြူက ကျောက်ခန်းမရဲ့ တံခါးနောက်မှာ အိပ်ပျော်နေသလိုလိုနဲ့ စောင့်နေတာတဲ့။ ငါတို့တွေ ဒီကျောက်ခန်းမကို ဖြတ်မှ လျှို့ဝှက်နယ်မြေထဲက ထွက်လို့ရမယ်ဆိုတာကို သူ သိနေပုံရတယ်၊ သူက ငါတို့ကို စောင့်နေတာပဲ"

အားလုံး မျက်နှာပျက်ကာ တိတ်ဆိတ်သွားကြသည်။ ရွှေရောင်အမြုတေအဆင့် ကျားဖြူကို ရင်ဆိုင်ရန်မှာ နယ်မြေထဲက ကျင့်ကြံသူ အားလုံးပေါင်းလျှင်ပင် အနိုင်ရရန် မလွယ်ကူပေ။

"အခု ငါတို့ ဘာလုပ်ကြမလဲ။ ဒီနယ်မြေထဲမှာပဲ ပိတ်မိနေတော့မှာလာ?" ဟု မုယွမ်ရှင်းကဟစိုးရိမ်တကြီး မေးသည်။ ရွှယ်ကူးက "ငါတို့ ကျားဖြူကို တိုက်ရိုက် နိုင်စရာမလိုပါဘူး၊ သူ့ကို တစ်နေရာကို မျှားခေါ်နိုင်ရင် ရပြီ" ဟု ဆိုသည်။ ကျဲ့ခုက "ဒကာကြီးရွှယ် ပြောတာ ဟုတ်ပေမယ့် ကျားဖြူကို ဘယ်သူက သွားမျှားမှာလဲ။ သွားတဲ့သူက သေဖို့ သေချာသလောက်ပဲ" ဟု ဆိုရာ ရွှယ်ကူးမှာ စကားမဆက်နိုင်ဘဲ တိတ်သွားတော့သည်။

စုန့်ဝမ်က ချောက်ကမ်းပါးကို ကြည့်ကာ "အခုလောလောဆယ် ကျားဖြူကို မျှားခေါ်ဖို့ နည်းလမ်းမရှိသေးပုံပဲ။ ငါ့မှာ လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့ မင်းတို့နဲ့ အတူမလိုက်တော့ဘူး"ဟု ပြောလိုက်သည်။

စုန့်ဝမ် ရုတ်တရက် လူစုခွဲရန် ပြောလိုက်သဖြင့် ကျန်လေးဦးလုံး စဥ်းစားရကြပ်သွားသည်။ ရုန်ကျင့်ယွမ်က မျက်မှောင်ကြုတ်ကာ "အကြီးအကဲဝူ... နယ်မြေပိတ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တာ၊ ရှင် ဘယ်သွားမလို့လဲ" ဟု မေးသည်။ စုန့်ဝမ်က တိုက်ရိုက်မဖြေဘဲ "ငါတို့ ဒီမှာ စုနေလည်း အပိုပဲ၊ လူစုခွဲပြီး လှုပ်ရှားတာက ပိုကောင်းပါတယ်" ဟု ဆိုကာ ကျောက်တုံးများပေါ်သို့ တွယ်တက်သွားတော့သည်။

"အကြီးအကဲဝူ… ရှင်..." ရုန်ကျင့်ယွမ်က အံ့သြစွာ ရေရွတ်မိသည်။ စုန့်ဝမ် ချောက်ပေါ်သို့ တက်သွားလိမ့်မည်ဟု သူမ မထင်ထားပေ။ သူက ကျားဖြူကို ရှောင်ပြီး ကျောက်ခန်းမထဲ ခိုးဝင်နိုင်မယ်လို့ တကယ်ထင်နေသည်လား။ ကျန်သုံးဦးလည်း အံ့သြနေကြသည်။ မုယွမ်ရှင်းက "သူက သူ့ရဲ့ လှုပ်ရှားမှုနည်းစနစ်က အခြေတည်အဆင့်မှာ အကောင်းဆုံးဆိုပေမယ့် ကျားဖြူလက်က လွတ်မယ်လို့ ထင်နေတာလား" ဟု နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

ဝိညာဉ်ရည်ခန်းမတွင် ရှိစဉ်က မုယွမ်ရှင်းနှင့် ရွှယ်ကူးတို့သည် စုန့်ဝမ်၏ လျှပ်စီးလှုပ်ရှားမှုနည်းစနစ်ကို တွေ့ဖူးကြသည်။ စုန့်ဝမ်၏ မြန်နှုန်းမှာ အခြေတည်အဆင့် အထွတ်အထိပ် ကျင့်ကြံသူ အများစုထက် သာသည်ဟု သူမ ယုံကြည်သည်။ သို့သော် ရွှေအမြုတေအဆင့် အတောင်ပံပါကျားဖြူနှင့် ယှဉ်လျှင်မူ မလုံလောက်ပေ။ သို့သော် စုန့်ဝမ် မဆိုင်းမတွ တက်သွားသည်ကို မြင်သောအခါ မုယွမ်ရှင်း၏ စိတ်ထဲတွင် ဒွိဟဖြစ်လာသည်။ "သူ တကယ်ပဲ ကျားဖြူကို ရှောင်ပြီး ကျောက်ခန်းမထဲ ဝင်နိုင်တဲ့ နည်းရှိလို့လား"ဟု စိတ်ထဲမှ ရေရွတ်နေမိသည်။

လေးဦးလုံး အံ့သြနေစဉ်မှာပင် စုန့်ဝမ် ချောက်ထိပ်သို့ ရောက်ရှိသွားသည်။ ရောက်သည်နှင့် ချက်ချင်း မတက်သေးပဲ ရှေ့ကမြင်ကွင်းကို အကဲခတ်လိုက်သည်။ ပထမဆုံး မြင်လိုက်ရသည်မှာ မိုင်ဝက်ခန့် ကျယ်ဝန်းသော နှင်းဖုံးနေသည့် ရင်ပြင်ကြီး ဖြစ်သည်။ ထိုရင်ပြင်တွင် ရှေးဟောင်းခန်းမဆောင်ကြီး တစ်ခု ရှိသည်။ ထိုခန်းမမှာ ဟောင်းနွမ်းနေပြီး ခန့်ညားထည်ဝါမှု မရှိတော့ဘဲ လစ်ဟာ ခြောက်ကပ်နေသည်။ ကျောက်တံခါးမှာ အနည်းငယ်သာ ပွင့်နေသဖြင့် အတွင်းပိုင်းကို မမြင်ရပေ။

စုန့်ဝမ်သည် ကူကောင်တစ်ကောင်ကို လွှတ်ကာ ခန်းမဆောင်ထံသို့ တိတ်တဆိတ် ချဉ်းကပ်ခိုင်းသည်။ မကြာမီတွင် ပိုးကောင် ပြန်ရောက်လာပြီး တံခါးနောက်တွင် အတောင်ပံပါ ကျားဖြူ အမှန်ပင် ရှိနေကြောင်း သတင်းပို့သည်။ စုန့်ဝမ်သည် ကျောက်ခန်းမ၏ နောက်ဘက်၊ တောင်၏ အမြင့်ဆုံးနေရာကို လှမ်းကြည့်လိုက်သည်။ ချန်းလန်လျှို့ဝှက်နယ်မြေတွင် ခွန်အားကြီးသော သားရဲများ ရှိရာ၌ ရတနာများ ရှိတတ်စမြဲပင်။ သားရဲက ပိုအားကောင်းလေ၊ ၎င်း၏ အသိုက်အနားရှိ ရတနာက ပိုရှားပါးပြီး တန်ဖိုးရှိလေ ဖြစ်သည်။ ယခုလည်း ကံစမ်းရန် ဆုံးဖြတ်လိုက်သည်။

စုန့်ဝမ်သည် ကူကောင်တစ်ကောင်ကို ရင်ပြင်ပေါ်တွင် ချန်ထား၍ ကျားဖြူကို စောင့်ကြည့်ခိုင်းသည်။ ထို့နောက် ချောက်ပေါ်မှ ခုန်ချကာ ရုန်ကျင့်ယွမ်တို့အနားမှ ဖြတ်၍ တောင်ခြေသို့ အရှိန်ဖြင့် ပြေးဆင်းသွားသည်။ ရုန်ကျင့်ယွမ်က စုန့်ဝမ် ထွက်သွားသည်ကို စိုးရိမ်စွာ ကြည့်နေသော်လည်း ရွှယ်ကူးနှင့် ကျဲ့ခုတို့ကမူ အရေးမစိုက်ပေ။ မုယွမ်ရှင်းကမူ စုန့်ဝမ်၏ နောက်ကျောကို ကြည့်ကာ တစ်ခုခုကို စဉ်းစားနေပြီး သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

စုန့်ဝမ်သည် တောင်အောက်သို့ နှစ်မိုင်ခန့် သွားပြီးနောက် ကျောက်တုံးကြီးတစ်ခုအောက် ဝင်ကာ အပေါ်မှ လေးဦး၏ အမြင်ကို ရှောင်ကွင်းလိုက်သည်။ ထို့နောက် တောင်၏ အခြားတစ်ဖက်သို့ ပတ်သွားကာ တောင်ထိပ်သို့ ပြန်တက်ခဲ့သည်။ ဤလမ်းမှ သွားလျှင် ကျောက်ခန်းမဆောင်ကို ရှောင်နိုင်မည်ဖြစ်သည်။ မကြာမီတွင် စုန့်ဝမ်သည် တောင်၏ အမြင့်ဆုံးနေရာသို့ ရောက်သွားသည်။

တောင်ထိပ်တွင် လေပြင်းများ တိုက်ခတ်နေပြီး တိမ်တိုက်၊ မြူများနှင့် နှင်းမှုန်များ ရောထွေးဝေ့ဝဲနေသည်။ စုန့်ဝမ်သည် တောင်ထိပ်တစ်ဝိုက်ကို ရှာဖွေသော်လည်း အသိုက်ဟု ယူဆရမည့် အရာ သို့မဟုတ် ဝိညာဉ်ဆေးပင်နှင့် ရတနာများကို မတွေ့ရပေ။ ဂူတစ်ခုပင် ရှာမတွေ့ချေ။ ထိုအခါမှ စုန့်ဝမ် သတိဝင်လာသည်။ ကျားဖြူသည် တောင်ထိပ်တွင် နေထိုင်သည်ဆိုခြင်းမှာ ခန့်မှန်းချက်သာ ဖြစ်သည်။ ထိုကျားသည် လွန်ခဲ့သော ၁၀ နှစ်ခန့်ကမှ ရွှေအမြုတေအဆင့်သို့ တက်လှမ်းခဲ့ပုံရသည်။ လွန်ခဲ့သော အကြိမ်က ဝင်ခဲ့သည့် ကျင့်ကြံသူများမှာ ကျားဖြူကို တောင်ထိပ်က မြူများကြားတွင်သာ တွေ့ခဲ့ရပြီး ပြန်သွားလျှင်လည်း မြူများကြားထဲ ပျောက်ကွယ်သွားသည်ဟု ဆိုကြသည်။ ထိုမှတစ်ဆင့် ကျားဖြူသည် တောင်ထိပ်တွင် နေသည်ဟူသော ကောလာဟလ ထွက်ပေါ်လာခြင်းဖြစ်သည်။ အမှန်တကယ်တွင်မူ မည်သူမျှ ကျားဖြူ၏ အသိုက်ကို မတွေ့ဖူးကြပေ။

စုန့်ဝမ် စိတ်ပျက်သွားမိသည်။ အကယ်၍ ကျားဖြူ၏ အသိုက်မှာ တောင်ထိပ်တွင် မရှိလျှင် မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။ ဝေ့ဝဲနေသော တိမ်မြူများကို ကြည့်ပြီး စဉ်းစားနေရင်း ရုတ်တရက် စုန့်ဝမ်၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ ကျားဖြူသည် တောင်ထိပ်က မြူများကြားတွင် သွားလာနေသည်ဆိုလျှင် ၎င်း၏ အသိုက်မှာ အပေါ်က မြူများကြားထဲတွင် ပုန်းကွယ်နေခြင်း ဖြစ်နိုင်မည်လား။ ဤအတွေးဖြင့် သူသည် ကူကောင်တစ်ကောင်ကို အပေါ်သို့ လွှတ်လိုက်သည်။

ကူပိုးကောင် မြူများကြားထဲ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စုန့်ဝမ် ရယ်လိုက်မိသည်။ ကောင်းကင်ပေါ်တွင် အသိုက်ဆောက်ထားသည်ဟု အတွေးခေါင်သွားခြင်း မဟုတ်ပါလား။ ယင်းမှာ ကောင်းကင်မြို့တော်တစ်ခုခု ရှိနေမှသာ ဖြစ်နိုင်ပေလိမ့်မည်။ သို့သော် ကူကောင်မှာ ဝိညာဥ်အာရုံခံနိုင်စွမ်း ပြင်ပသို့ ရောက်သွားပြီဖြစ်ရာ ပြန်ခေါ်ရန် နောက်ကျသွားခဲ့သည်။ ကူကောင် ရှာဖွေပြီး ပြန်အလာကိုသာ စောင့်ရန် ရှိတော့သည်။

၁၅ မိနစ်ခန့် ကြာပြီးနောက် ကူကောင် ပြန်ရောက်မလာသဖြင့် နောက်တစ်ကောင် ထပ်လွှတ်လိုက်သည်။ မကြာမီမှာပင် ကူကောင် ပြန်ရောက်လာပြီး ပထမစေလွှတ်ထားသော ကူကောင် ပျောက်သွားပြီဟု သတင်း လာပို့သည်။ ထိုပိုးကောင် မည်သို့ ပျောက်သွားသည်ကို စုန့်ဝမ် သိချင်သော်လည်း အသိဉာဏ်နည်းသော ကူကောင်က ရှင်းရှင်းလင်းလင်း မပြောပြနိုင်ပေ။ တောင်ထိပ်ရှိ မြူခိုးများအတွင်း လျှို့ဝှက်ချက်တစ်ခု ရှိနေမည်ဟု စုန့်ဝမ် တွေးမိကာ ကျန်ရှိသော ကူကောင်များကို ဦးဆောင်ခိုင်းပြီး ကိုယ်တိုင် တက်သွားခဲ့သည်။

အပေါ်သို့ ပျံတက်လေလေ တိမ်မြူများက ပိုထူလာလေ ဖြစ်သည်။ မကြာမီတွင် စုန့်ဝမ်သည် တောင်ထိပ်အထက် ပေ ၃၀၀ ခန့်သို့ ရောက်လာသည်။ ကူကောင်က ရုတ်တရက် ရပ်လိုက်ပြီး ရှေ့သို့ နောက်တစ်လှမ်း တိုးလိုက်လျှင် ပထမ ကူကောင် ပျောက်သွားသည့် နေရာသို့ ရောက်မည်ဟု အချက်ပြသည်။ သို့သော် ထိုနေရာမှာ မြူများမှလွဲ၍ ဘာမှမရှိပေ။ မျက်စိနှင့် ကြည့်ကြည့်၊ ဝိညာဉ်အာရုံနှင့် ကြည့်ကြည့် မည်သည့် ထူးခြားမှုမျှ မရှိချေ။ ဝိညာဥ်အာရုံ ဖြန့်ကြတ်ပြီး ပျောက်နေသော ကူကောင်နှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း အကြောင်းမထူးပေ။ ယခုအခါ ကူကောင် ငါးကောင် စေလွှတ်ထားရာ တစ်ကောင်သာ ပြန်လာပြီး ကျန်လေးကောင်မှာ ဆက်သွယ်မှု ပြတ်တောက်နေသည်။ သို့သော် စိတ်ချင်းဆက်နွှယ်မှုမှာ ရှိနေသေးသဖြင့် ၎င်းတို့ အသက်ရှင်နေသေးသည်မှာ သေချာသည်။

ခဏမျှ စဉ်းစားပြီးနောက် စုန့်ဝမ် စွန့်စားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဤနေရာသည် ကျားဖြူ၏ အသိုက်ဖြစ်ပြီး ကျားဖြူက လွတ်လွတ်လပ်လပ် သွားလာနိုင်လျှင် သူလည်း သွားနိုင်ရမည် မဟုတ်ပါလား။ ရှေ့သို့ နှစ်လှမ်း တိုးလိုက်ရာ စုန့်ဝမ်ခန္ဓာကိုယ်မှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ကူကောင် မြင်လိုက်ရသဖြင့် စိုးရိမ်တကြီးဖြစ်ကာ စုန့်ဝမ် ပျောက်ကွယ်သွားသည့် မြူထဲသို့ သူပါ လိုက်ဝင်သွားတော့သည်။

.........

All Chapters