← Chapters

ကျားဖြူအသိုက်

Vol. 24 Ch. 247

ကျားဖြူအသိုက်

Vol. 24 Ch. 247

မြူထု​ထဲ ဝင်သွားသော စုန့်ဝမ်မှာ ကျန်ရစ်ခဲ့သော ကူကောင်၏ မြင်ကွင်းမှ သူ့ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်ကို မသိလိုက်ပေ။ ကိုယ်ခန္ဓာ ပေါ့ပါးသွားသကဲ့သို့ ခံစားရပြီးနောက် ကျောက်တုံးအိမ်ငယ်လေး တစ်လုံးထဲသို့ ရောက်ရှိသွားသည်။ ပျောက်နေသော ကူကောင်များမှာ ထိုအိမ်ထဲတွင် ထွက်ပေါက်ရှာမတွေ့သဖြင့် ပတ်ချာလည် ပျံသန်းနေကြပြီး စုန့်ဝမ်ကို မြင်သောအခါမှ သူ့ဘေးသို့ စုရုံးလာကြသည်။ စုန့်ဝမ်လည်း ထိုကျောက်အိမ်ကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ အိမ်မှာ သေးငယ်ပြီး အလျား၊ အနံ ပေ ၃၀ ခန့်သာ ရှိသဖြင့် တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို မြင်နိုင်သည်။

အနောက်ဘက်ထောင့်တွင် အဖြူရောင် အမွှေးအမျှင် အချို့ရှိနေပြီး ၎င်းမှာ ကျားဖြူ၏ အမွှေးများ ဖြစ်ပုံရသည်။ ဤသည်မှာ ကျားဖြူ၏ အသိုက်ဖြစ်ကြောင်း အတည်ပြုရန် လုံလောက်သည်။ အိမ်၏ အလယ်တွင် သေးငယ်သော ပို့ဆောင်ရေးအစီအရင်တစ်ခု ရှိနေပြီး ၎င်းမှာ ကျောက်အိမ်မှ ထွက်ခွာရန် နည်းလမ်း ဖြစ်ပုံရသည်။ နံရံနှင့် ကြမ်းပြင်များတွင် လက်သည်းရာများစွာ ရှိနေပြီး ကျားဖြူ လက်သည်းသွေးရာမှ ကျန်ရစ်ခြင်း ဖြစ်ဟန်တူသည်။

စုန့်ဝမ် စိတ်ပျက်သွားသည်မှာ ကျောက်အိမ်ထဲတွင် ဘာပစ္စည်းမှ မရှိဘဲ ဗလာဖြစ်နေခြင်းပင်။ အကျိုးမဲ့ဖြစ်ပြီဟု တွေးနေစဉ် တောင်ဘက်နံရံပေါ်တွင် ရေးထွင်းထားသော စာအချို့ကို သတိထားမိလိုက်သည်။ သို့သော် ထိုစာများမှာ ကျားဖြူ၏ လက်သည်းရာများကြောင့် ပျက်စီးနေပြီး စာလုံးအချို့ကိုသာ ဖတ်နိုင်တော့သည်။ ထိုစာ၏ အမည်မှာ စာလုံး ခြောက်လုံးပါရှိပြီး ဒုတိယ၊ တတိယနှင့် ဆဋ္ဌမမြောက် စာလုံးများကိုသာ ဖတ်၍ရသည်။ ထိုစာလုံး သုံးလုံးမှာ ပျိုးထောင်၊ အင်မော်တယ်နှင့် သွေးတို့ ဖြစ်ကြသည်။ စာလုံးများ စီကြည့်သောအခါ အင်မော်တယ်သွေး ပျိုးထောင်ခြင်းဟု ဆက်စပ်မ်သော်လည်း ကျန်စာလုံးများ ဖတ်မရသဖြင့် တိကျသောအနက်ကို မဖော်နိုင် ဖြစ်နေသည်။

အောက်တွင် များပြားလှသော စာသားများ ရှိနေသော်လည်း ခေါင်းစဉ်ထက်ပင် ပိုမိုပျက်စီးနေသဖြင့် အနည်းငယ်သာ ဖတ်၍ရတော့သည်။

"တောင်မြင့်ကြီး၏ ခြေရင်းတွင် ပျိုးထောင်သည်"

"အောက်ဘက်ရှိ နက်ရှိုင်းသော စမ်းချောင်းရေ သောက်သုံးရသည်ကို နှစ်သက်သည်"

"သက်ရှိသတ္တဝါတို့၏ အသားနှင့် သွေးတို့ဖြင့် အာဟာရ ဖြည့်တင်းသည်"

"အကန့်အသတ်မဲ့ ပွားများပြန့်ကားသည်"

"အင်မော်တယ်သွေးကို သန့်စင်ခြင်းဖြင့် ကျင့်ကြံမှု အတားအဆီးကို ကျော်ဖြတ်နိုင်သည်"

ဤဝါကျ၏ အဓိပ္ပာယ်အပြည့်အစုံမှာ အင်မော်တယ်သွေးကို သန့်စင်ခြင်းဖြင့် ကျင့်ကြံမှု အဆင့်တစ်ခု၏ အတားအဆီးကို ကျော်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် အင်မော်တယ်သွေးဆိုသည်မှာ အမှန်တကယ်တွင် အဘယ်နည်း။ ဝိညာဉ်ဆေးပင်လား၊ သားရဲတစ်မျိုးလား၊ သို့မဟုတ် အခြားအရာတစ်ခုခုလား။ မည်သည့်အဆင့်မှ မည်သည့်အဆင့်သို့ တက်လှမ်းသည့် အတားအဆီးကို ကျော်ဖြတ်ပေးနိုင်သနည်း။ ထို့အပြင် ဤမှတ်တမ်း၏ အရေးကြီးဆုံးအချက်ဖြစ်သော အင်မော်တယ်သွေးကို သန့်စင်သည့် နည်းလမ်းမှာ အဘယ်နည်း။

စုန့်ဝမ် စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ပေါက်လာသည်။ စာသားများမှာ အလွန်အမင်း ပျက်စီးနေသဖြင့် ထိုအချက်အလက်များကို အတည်မပြုနိုင်ပေ။ ခက်ခက်ခဲခဲနှင့် ဤကျောက်အိမ်ထဲသို့ ဝင်ရောက်နိုင်ခဲ့သော်လည်း ရတနာများ မတွေ့ရဘဲ ပျက်စီးနေသော စာသားအချို့ကိုသာ တွေ့ရသဖြင့် အတော်လေး စိတ်ပျက်သွားမိသည်။

ထို့နောက် ကျောက်အိမ်အလယ်ရှိ ပို့ဆောင်ရေး အစီအရင်အနားသို့ ချဉ်းကပ်ကာ စစ်ဆေးလိုက်သည်။ အစီအရင်မှာ လက်သည်းရာများ မရှိဘဲ နဂိုအတိုင်း ရှိနေသည်။ ကျားဖြူသည် အသိဉာဏ် အနည်းငယ်တော့ ရှိပုံရသည်၊ ဤတယ်လီပို့ကို ဖျက်ဆီးလိုက်ပါက သူကိုယ်တိုင် ဤကျောက်အိမ်ထဲတွင် ပိတ်မိသွားမည်ကို သိပုံရသည်။ ဤအစီအရင် အကွာအဝေး အနည်းငယ်သာ ပို့ဆောင်ပေးနိုင်သော သေးငယ်သည့် အစီအရင် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို အသက်သွင်းရန် ကုန်ကျစရိတ်မှာ အနည်းငယ်သာ ရှိသည်။ စုန့်ဝမ်၏ ခန့်မှန်းချက်အရ ရွှေရောင်အမြုတေအဆင့်နှင့် အထက်ကျင့်ကြံသူဆိုပါက ဝိညာဉ်စွမ်းအားကို ထည့်သွင်းရုံဖြင့် အသက်သွင်းနိုင်သည်။ စုန့်ဝမ်ကမူ အခြေတည် နှောင်းပိုင်းအဆင့်သာ ရှိသေးသဖြင့် ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းရန် ခက်ခဲသည်။ အစီအရင်၏ ဘေးပတ်ပတ်လည်တွင် ဝိညာဉ်ကျောက်များ ထည့်ရန် ကျင်းကလေး ၈၁ ကျင်း ရှိသည်။

စုန့်ဝမ်လည်း ကူကောင်များကို သိမ်းပြီး လက်ကိုမြှောက်ကာ အဆင့်နိမ့်ဝိညာဥ်ကျောက်များ ပစ်ထည့်လိုက်သော်လည်း အစီအရင်က မလှုပ်ပေ။ ၎င်းတို့ကို ပြန်သိမ်းယူပြီး နှမျောတွန့်တိုစွာဖြင့် အလယ်အလတ် ဝိညာဉ်ကျောက် ၈၁ လုံးကို ပစ်ထည့်လိုက်မှ ချက်ချင်းပင် ပို့ဆောင်ရေးအစီအရင်မှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ခဏအကြာတွင် စုန့်ဝမ်လည်း ကျောက်တုံးအိမ်ထဲမှ ပျောက်ကွယ်သွားတော့သည်။

စုန့်ဝမ် ပြန်ပေါ်လာသည့် အချိန်တွင် တောင်ထိပ်ပေါ်က တိမ်မြူများကြားသို့ ရောက်ရှိနေသည်။ အဖိုးတန်သည့်အရာ ဘာမှမရဘဲ အလယ်အလတ် ဝိညာဉ်ကျောက် ၈၁ လုံး အလကားကုန်သွားသဖြင့် အလွန်ပင် နှမြောမိသွားသည်။ သို့သော် ကျောက်တုံးအိမ်ထဲမှ လွတ်မြောက်လာခြင်းမှာပင် ကံကောင်းခြင်း တစ်ခုဟု ဆိုရမည်။ စုန့်ဝမ် သက်ပြင်းချရင်း တောင်အောက်သို့ ဆင်းလာခဲ့သည်။

...

လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ရှိရာ ကျောက်ခန်းမဆောင်တွင် ကျားဖြူမှာ အိပ်မောကျနေဆဲ ဖြစ်သည်။ စုန့်ဝမ်သည် ကျားဖြူကို စောင့်ကြည့်နေသော ကူကောင်ကို ပြန်မသိမ်းသေးပေ။ တောင်ထိပ်ကို ကြည့်ရင်း တစ်ယောက်တည်း ထွက်သွားရန် ကြိုးစားမလား သို့မဟုတ် အခြားသူများနှင့် ပူးပေါင်းမလားဟု တွေးတောနေသည်။ ကျားဖြူကို တစ်ယောက်တည်း ရင်ဆိုင်ရန် ယုံကြည်မှု မရှိသဖြင့် နောက်ဆုံးတွင် တောင်ခြေဘက်သို့ ပျံဆင်းသွားကာ ရုန်ကျင့်ယွမ်တို့ကို ရှာဖွေခဲ့သည်။ အဖွဲ့နှင့်အတူ ထွက်ခွာခြင်းက အန္တရာယ်အကင်းဆုံး ဖြစ်လိမ့်မည်။ အနည်းဆုံးတော့ ကျားဖြူ နိုးလာချိန်တွင် သူ့မြန်နှုန်းကို အားပြုကာ အခြားသူများကို အာရုံလွဲစရာအဖြစ် ထားခဲ့ပြီး လွတ်အောင် ပြေးနိုင်မည် ဖြစ်သည်။

ခဏအကြာတွင် ရုန်ကျင့်ယွမ်တို့ကို တောင်ခါးပန်းရှိ ဆင်ခြေလျှောတစ်ခုပေါ်တွင် တွေ့ရှိခဲ့သည်။ စုန့်ဝမ်ကို မြင်သောအခါ ရုန်ကျင့်ယွမ် အံအားသင့်သွားသည်။

"အကြီးအကဲဝူ... ရှင်က တောင်အောက်ဆင်းသွားတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး တောင်ထိပ်ဘက်ကနေ ဆင်းလာရတာလဲ"

စုန့်ဝမ်က ပြုံးရုံသာ ပြုံးပြလိုက်ပြီး ပြန်မဖြေပေ။ သို့သော် အနားရှိ မုယွမ်ရှင်းက လှောင်ပြောင်သံဖြင့် "သူက ကျောက်ခန်းမဆောင်ကို ကျားဖြူ စောင့်နေတာ မြင်တော့၊ ကျားဖြူရဲ့ အသိုက်ထဲမှာ ရတနာတွေ ရှိမယ်ထင်လို့ လောဘတက်ပြီး တောင်ထိပ်ကို သွားရှာတာ နေမှာပေါ့"ဟု ပြောလိုက်သည်။

မုယွမ်ရှင်း စကားဆုံးသည်နှင့် ရုန်ကျင့်ယွမ်၊ ရွှယ်ကူးနှင့် ကျဲ့ခုတို့ အားလုံး သတိဝင်လာပြီး စုန့်ဝမ်၏ စောစောက အပြုအမူကို ပြန်လည် မြင်ယောင်သွားကြသည်။ ရွှယ်ကူးက "နတ်မိမယ်မု... ဘာလို့ ဒါကို စောစောက မပြောတာလဲ။ ကျားဖြူရဲ့ အသိုက်ထဲမှာ ရတနာတွေ ရှိမှာ သေချာတယ်။ သူ ရသွားပြီ ထင်တယ်" ဟု ဆိုကာ စုန့်ဝမ်ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

မုယွမ်ရှင်းက "သူ အလကား အားထုတ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်၊ ကျားဖြူရဲ့ အသိုက်က တောင်ထိပ်မှာ မရှိပါဘူး"ဟု ပြန်ပြောသည်။ "နတ်သမီးမုက ဘယ်လိုသိတာလဲ။ တောင်ထိပ်ကို ရောက်ဖူးလို့လား" ဟု ရွှယ်ကူးက မေးရာ၊ မုယွမ်ရှင်းက "ကျွန်မ မရောက်ဖူးပေမယ့်၊ လွန်ခဲ့တဲ့ တစ်ခေါက် နယ်မြေပွင့်တုန်းက ဟယ်ဟွမ်းဂိုဏ်းက စီနီယာတစ်ယောက် ကျားဖြူ အမဲလိုက်ဖို့ တောင်အောက်ဆင်းချိန်မှာ တောင်ထိပ်ကို သွားဖူးတယ်၊ အဲဒီမှာ နှင်းတွေကလွဲလို့ ဂူတောင် မရှိဘူးတဲ့" ဟု ဖြေလိုက်သည်။ ထို့နောက် သူမက စုန့်ဝမ်ကို ကြည့်ကာ "အကြီးအကဲဝူ... ကျွန်မ ပြောတာ ဟုတ်တယ်မဟုတ်လား" ဟု မေးသည်။

စုန့်ဝမ်က ခေါင်းညိတ်ပြလိုက်သည်။

"နတ်သမီးမု ပြောတာ အမှန်ပါပဲ။ တောင်ထိပ်မှာ ကျားဖြူရဲ့ အသိုက်ကို ရှာမတွေ့ခဲ့ဘူး"

ရွှယ်ကူးမှာ ဇဝေဇဝါ ဖြစ်သွားသည်။

"ကျားဖြူက အမြဲတမ်း တောင်ထိပ်က တိမ်တွေထဲ ပျောက်သွားတာလေ၊ ထွက်လာရင်လည်း အဲဒီကပဲ ထွက်လာတာ။ အသိုက်က တောင်ထိပ်မှာ မရှိရင် ဘယ်မှာ ရှိမှာလဲ။ နတ်သမီးမု... ကျားဖြူရဲ့ အသိုက်က အမှန်တကယ် တောင်ထိပ်မှာ ရှိနေပြီး မင်းတို့ဂိုဏ်းက စီနီယာက သတိမထားမိတာ ဖြစ်နိုင်မလား"

မုယွမ်ရှင်းသည် စုန့်ဝမ်ကို စိုက်ကြည့်လိုက်သည်။

"အဲဒါကိုတော့ အကြီးအကဲဝူကိုပဲ မေးရမှာပေါ့။ ကျွန်မ သိသလောက်ဆိုရင် သူက တောင်ထိပ်ကို ဒုတိယမြောက် ရောက်ဖူးတဲ့သူပဲ။ အသိုက် ရှိမရှိ သူ အသိဆုံး ဖြစ်မှာပေါ့"

ရွှယ်ကူးက စုန့်ဝမ်ကို မကျေမနပ်ဟန်ဖြင့် ကြည့်လိုက်သည်။

"သူက လူအမှ မဟုတ်တာ၊ ရတနာတွေ ရခဲ့ရင်တောင် ဝန်ခံပါ့မလား"

ကျင့်ကြံသူ ငါးဦးကြားတွင် လေထုမှာ ရုတ်တရက် တင်းမာသွားသည်။ နယ်မြေထဲက ထွက်ခွာရန် တူညီသော ရည်မှန်းချက် ရှိစဉ်က ပူးပေါင်းနိုင်ခဲ့သော်လည်း၊ ယခုအခါ စုန့်ဝမ်တွင် ရတနာရှိသည်ဟု သံသယဝင်လာသောအခါ အချင်းချင်း ယုံကြည်မှု ပျက်ပြားလာကြသည်။ ရွှယ်ကူးသာမက ကျဲ့ခုကလည်း စုန့်ဝမ်၏ မျက်နှာကို စူးစိုက်ကြည့်နေသည်။

စုန့်ဝမ်က မုယွမ်ရှင်းကို ကြည့်ကာ ဒေါသထွက်နေသည်။ မြွေကို သေအောင်မရိုက်လျှင် ဒုတ်ကို ပြန်ပတ်လိမ့်မည် ဟူသော စကားမှာ အမှန်ပင်။ မုယွမ်ရှင်းသည် စကားအနည်းငယ်ဖြင့် ရွှယ်ကူးနှင့် ကျဲ့ခုကို သူ့အပေါ် သံသယဝင်အောင် လုပ်နိုင်ခဲ့သည်။ သူမသည် စုန့်ဝမ်က သူမကို သတ်ရန် ကြိုးစားခဲ့ခြင်းအတွက် လက်စားချေနေခြင်း ဖြစ်သည်။

စုန့်ဝမ်က "အားလုံးပဲ... ကျားဖြူက ကျောက်ခန်းမဆောင်ထဲမှာ အိပ်ပျော်နေတာပါ။ မင်းတို့လည်း တောင်ထိပ်ကို သွားကြည့်နိုင်ပါတယ်၊ အသိုက် ရှိမရှိ ကိုယ်တိုင် စစ်ဆေးကြည့်ကြပေါ့" ဟု ဆိုသည်။ ရွှယ်ကူးနှင့် ကျဲ့ခုတို့မှာ စိတ်ဝင်စားသွားကြသည်။ "အကယ်၍ ရတနာတွေကို မင်း ယူသွားပြီးပြီဆိုရင် ငါတို့ သွားတာ အလကား ဖြစ်မှာပေါ့၊ ပြီးတော့ ကျားဖြူက အချိန်မရွေး ပြန်လာနိုင်တာပဲ" ဟု ရွှယ်ကူးက တုံ့ပြန်သည်။

စုန့်ဝမ်က "မင်းတို့က ရှေ့မှာ ဝံပုလွေရှိမှာ ကြောက်၊ နောက်မှာ ကျားရှိမှာ ကြောက်နဲ့။ တစ်ဖက်ကို သေအောင်တိုက်မယ့် ဓားကျင့်ကြံသူတွေနဲ့ လုံးဝ မတူဘူးပဲ" ဟု ရွဲ့ပြောလိုက်သည်။ ရွှယ်ကူးက "ငါ့ကို လာဆွမနေနဲ့၊ မင်းက ဒီနေရာမှာ ငါတို့ မင်းကို ဘာမှမလုပ်ရဲဘူးလို့ ထင်နေတာမလား" ဟု ဆိုကာ ကျဲ့ခုကို လှည့်ကြည့်ပြီး "ဆရာတော်... တောင်ထိပ်ကို အတူတူ သွားရှာကြည့်ကြမလား" ဟု မေးရာ၊ ကျဲ့ခုက "ငါလည်း အဲဒီလိုပဲ စိတ်ကူးထားတယ်" ဟုဆိုကာ သဘောတူလိုက်သည်။

ရွှယ်ကူးက မုယွမ်ရှင်းကို "နတ်သမီးမုကော လိုက်မလား" ဟု မေးရာ၊ မုယွမ်ရှင်းက "ကျွန်မ ဒဏ်ရာက မသက်သာသေးလို့ မလိုက်တော့ဘူး" ဟု ငြင်းလိုက်သည်။ ရွှယ်ကူးက ခေါင်းညိတ်ပြကာ "မင်း ဒီမှာ ကျန်ခဲ့ပေါ့၊ ဒါပေမဲ့ သားရဲသခင်ဂိုဏ်းက ဒီနှစ်ယောက်ကိုတော့ သတိထားဦး။ ကျားဖြူက ကြောက်စရာကောင်းပေမဲ့ ငါတို့ မရှိတုန်း သူတို့က မင်းကို အလစ်တိုက်တာမျိုး ဖြစ်နိုင်တယ်" ဟု ဆိုသည်။ ရွှယ်ကူးက မုယွမ်ရှင်းကို စိုးရိမ်ပြနေသော်လည်း စိတ်ထဲတွင်မူ 'တောင်ထိပ်မှာ ရတနာတွေ့ရင် ငါတို့နှစ်ယောက်ပဲ ခွဲယူရမှာ၊ မုယွမ်ရှင်း မလိုက်တာ ပိုတောင် ကောင်းသေး' ဟု တွေးနေခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာရွှယ်၊ ရှင်တို့လည်း သတိထားပါဦး။ ကျားဖြူက အချိန်မရွေး နိုးပြီး တောင်ထိပ်ကို ပြန်လာနိုင်တယ်နော်" ဟု မုယွမ်ရှင်းက အလိုက်သင့် ပြောလိုက်သည်။ ရွှယ်ကူးနှင့် ကျဲ့ခုတို့မှာ တောင်ထိပ်သို့ ဦးတည် ထွက်ခွာသွားကြတော့သည်။

………

All Chapters