← Chapters

ထွက်ပြေးကြပြီ

Vol. 24 Ch. 248

ထွက်ပြေးကြပြီ

Vol. 24 Ch. 248

ရွှယ်ကူးတို့ ပျောက်ကွယ်သွားသည်နှင့် မုယွမ်ရှင်းက စုန့်ဝမ်ကို လှည့်ကြည့်ကာ "အကြီးအကဲဝူ... ရှင်ပြောတာကို ကျွန်မ ယုံပါတယ်၊ ကျားဖြူရဲ့ အသိုက်က တောင်ထိပ်မှာ မရှိပါဘူး" ဟု ပြောလိုက်သည်။ စုန့်ဝမ်က မျက်မှောင်ကြုတ်ကာ "ဒါဆို စောစောက ဘာလို့ အဲဒီလို ပြောခဲ့တာလဲ" ဟု မေးသည်။

မုယွမ်ရှင်းက နှာခေါင်းရှုံ့လိုက်သည်။

"အဲဒီလို မပြောရင် အဲဒီ ငတုံးနှစ်ယောက်ကို တောင်ထိပ်ဆီ ဘယ်လို ပို့ရမမလဲ။ သူတို့ တောင်ထိပ်ကို မသွားရင် ကျားဖြူကို ဘယ်သူက အာရုံလွဲပေးမှာလဲ"

"ကျားဖြူကို တောင်ထိပ်ဆီ ဆွဲခေါ်နိုင်တဲ့ နည်းရှိလို့လား" ဟု စုန့်ဝမ်က မေးရာ၊ မုယွမ်ရှင်းက "အကြီးအကဲဝူက မိုးကြိုးနည်းစနစ် ကျွမ်းကျင်ပြီး တောင်ထိပ်ကိုလည်း ရောက်ဖူးတာပဲ။ တိမ်တွေ ဖုံးနေရင်တောင် တောင်ထိပ် နေရာကို သိမှာပါ။ မိုးကြိုးနည်းစနစ် သုံးပြီး တောင်ထိပ်ကို ပစ်ချလိုက်ရင်၊ ကျားဖြူက သူ့အသိုက် တစ်ခုခု ဖြစ်ပြီ ထင်ပြီး အပြေးအလွှား သွားကြည့်မှာပဲ။ အဲဒီအချိန်မှာ ရွှယ်ကူးနဲ့ ကျဲ့ခုတို့က ကျားဖြူရဲ့ အာရုံကို ဆွဲထားပေးလိမ့်မယ်၊ ငါတို့ သုံးယောက်ကတော့ အဲဒီအခွင့်အရေးကို သုံးပြီး ကျောက်ခန်းမထဲ ဝင်ကြတာပေါ့"ဟု ရှင်းပြသည်။

စုန့်ဝမ် ချက်ချင်း မတုံ့ပြန်ဘဲ စဉ်းစားနေမိသည်။ မုယွမ်ရှင်း၏ အစီအစဉ်မှာ ဖြစ်နိုင်ခြေ ရှိသော်လည်း အန္တရာယ်လည်း ရှိသည်။ မိုးကြိုးနည်းစနစ် သုံးလျှင် ဝိညာဉ်စွမ်းအား တုန်ခါမှုများ ထွက်ပေါ်လာမည် ဖြစ်သည်။ အကယ်၍ ကျားဖြူက လျှပ်စီးနောက်သို့ မလိုက်ဘဲ ဝိညာဉ်စွမ်းအား တုန်ခါမှု ရှိရာဆီသို့ လိုက်လာလျှင် သူတို့ သုံးဦးလုံး အန္တရာယ်တွေ့ပေလိမ့်မည်။

"အကြီးအကဲဝူ... မြန်မြန် ဆုံးဖြတ်ပါ။ အချိန်ဆွဲနေရင် ရွှယ်ကူးတို့ တောင်ပေါ်က ပြန်ဆင်းလာလိမ့်မယ်၊ အခွင့်အရေး ဆုံးရှုံးသွားမှာပေါ့" ဟု မုယွမ်ရှင်းက တိုက်တွန်းသည်။ စုန့်ဝမ်သည် ရုန်ကျင့်ယွမ်ကို "အကြီးအကဲရုန်... ဒီအစီအစဉ်ကို ဘယ်လို ထင်သလဲ" ဟု မေးရာ၊ ရုန်ကျင့်ယွမ်က "အန္တရာယ်ရှိပေမဲ့ မဆိုးပါဘူး" ဟု ပြန်ဖြေသည်။

စုန့်ဝမ်က ခေါင်းညိတ်ကာ "မင်းတို့ နှစ်ယောက်လုံး သဘောတူရင် လုပ်ကြတာပေါ့"ဟု ဆိုလိုက်သည်။ သူသည် ထွက်ပြေးရာတွင် ကျွမ်းကျင်သလို အစားထိုးရုပ်သေးလည်း ရှိသဖြင့် အခြားသူများထက် အခွင့်သာနေသည်။ အကယ်၍ ကျားဖြူနှင့် တိုးခဲ့လျှင်လည်း ၎င်းတို့ နှစ်ဦးကို အမြောက်စာအဖြစ် ထားခဲ့နိုင်မည် ဖြစ်သည်။

ဆုံးဖြတ်ပြီးသည်နှင့် သုံးဦးသား ကျောက်ခန်းမဆောင်ရှိရာသို့ အမြန်သွားခဲ့ကြသည်။ အနီးရောက်သည်နှင့် စုန့်ဝမ်သည် ရုန်ကျင့်ယွမ်နှင့် မုယွမ်ရှင်းကို အသင့်ပြင်ခိုင်းပြီး မဟာဂူမိုးကြိုးနည်းစနစ်ကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် ကောင်းကင်မှ လျှပ်စီးကြီး တစ်ကြောင်း တောင်ထိပ်သို့ ကျဆင်းသွားတော့သည်။

"ဝုန်း...ဂျိမ်း.."

ပြင်းထန်သော ပေါက်ကွဲသံကြီးကြောင့် ကျောက်ခန်းမထဲရှိ ကျားဖြူသည် ရုတ်တရက် နိုးလာပြီး အပြင်ထွက်ကာ အသံလာရာ တောင်ထိပ်သို့ လှမ်းကြည့်လိုက်သည်။ ၎င်း၏ အသိုက်မှာ ဗလာဖြစ်နေသော်လည်း နှစ်ပေါင်းများစွာ နေထိုင်လာသည့် လုံခြုံရာရော ဖြစ်သဖြင့် အလွန်တရာ စိုးရိမ်သွားပြီး တောင်ထိပ်သို့ ပျံတက်သွားတော့သည်။

စုန့်ဝမ်တို့ သုံးဦးလည်း အရှိန်ကို အစွမ်းကုန်မြှင့်ကာ ကျောက်ခန်းမဆောင်ဆီသို့ ပျံတက်ခဲ့ကြသည်။ ရင်ပြင်ကြီးကို မြှားတစ်စင်းကဲ့သို့ ဖြတ်ကျော်ခဲ့ကြသည်။ အရှိန်ပြင်းလွန်းသဖြင့် နှင်းများပင် လွင့်ပျံကုန်သည်။ စုန့်ဝမ်က ရှေ့ဆုံးမှဖြစ်ပြီး၊ ရုန်ကျင့်ယွမ်နှင့် မုယွမ်ရှင်းတို့က နောက်မှ ကပ်လိုက်လာသည်။ ကျောက်ခန်းမ တံခါးဝသို့ ရောက်လုနီးချိန်တွင် ရုတ်တရက် လူရိပ်နှစ်ခု ဘေးဘက်မှ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ကျဲ့ခုနှင့် ရွှယ်ကူးတို့ပင် ဖြစ်သည်။ ၎င်းတို့သည် တောင်ထိပ်သို့ မသွားဘဲ ကျောက်ခန်းမ၏ နောက်ဘက်တွင် ပုန်းနေကြခြင်း ဖြစ်သည်။

"မုယွမ်ရှင်း၊ ကောက်ကျစ်တဲ့မိန်းမ.. ငါက မင်းကို ကောင်းကောင်း ဆက်ဆံခဲ့တာတောင်၊ ငါ့ကို အန္တရာယ်ထဲ တွန်းပို့ဖို့ ကြိုးစားတယ်ပေါ့၊ ငါတို့သာ တောင်ပေါ်ကို တန်းမသွားဘဲ မှောင်ရိပ်ပျားကို လွှတ်ပြီး စောင့်မကြည့်ခဲ့ရင်၊ ငါတို့ နှစ်ယောက် ကျားဗိုက်ထဲ ရောက်ပြီး မင်းတို့ လွတ်မြောက်ဖို့အတွက် လှေကားထစ် ဖြစ်သွားမှာပေါ့" ဟု ရွှယ်ကူးက အော်ဟစ်ကာ ကျောက်ခန်းမထဲသို့ ပြေးဝင်သွားသည်။

ရွှယ်ကူးနှင့် ကျဲ့ခုကို မြင်သောအခါ စုန့်ဝမ်တို့ မျက်နှာ ပျက်သွားသည်။ ၎င်းတို့ တောင်ပေါ်မသွားလျှင် ကျားဖြူကို အာရုံလွဲပေးမည့်သူ မရှိတော့ပေ။ ကျားဖြူသည် တောင်ပေါ်မှာ ဘာမှမရှိကြောင်း သိသည်နှင့် ချက်ချင်း ပြန်လာပေလိမ့်မည်။ သို့သော် နောက်ဆုတ်ရန် လမ်းမရှိတော့သဖြင့် အားလုံး ကျောက်ခန်းမထဲသို့ တိုးဝင်ခဲ့ကြသည်။

စုန့်ဝမ်က ပထမဆုံး ဝင်သွားပြီး ရုန်ကျင့်ယွင်က နောက်မှ လိုက်သည်။ မုယွမ်ရှင်းမှာမူ တံခါးဝတွင် ရွှယ်ကူးတို့နှင့် တိုးနေသည်။ ရွှယ်ကူးသည် မုယွမ်ရှင်းကို နာကျည်းနေသော်လည်း စုန့်ဝမ်တို့ တံခါးပိတ်သွားမှာ စိုးသဖြင့် သူမကို မတိုက်ခိုက်ဘဲ အတူတူ ဝင်ခဲ့ကြသည်။ သို့သော် ခန်းမထဲ ရောက်သောအခါ အားလုံး၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ ခန်းမထဲတွင် တိုင်အနည်းငယ်သာ ရှိပြီး ဘာမှမရှိပေ။ ကမ္ဘာပြင်ပသို့ ထွက်မည့် ထွက်ပေါက်မှာ ဘယ်မှာနည်း။

"ထွက်ပေါက်က ဘယ်မှာလဲ။ ဘာလို့ မရှိတာလဲ" ဟု မုယွမ်ရှင်းက ဖြူဖျော့သော မျက်နှာဖြင့် အော်ဟစ်မိသည်။

“ဝေါင်း”

ကျားဖြူ၏ ဟိန်းဟောက်သံမှာ အပေါ်ဘက်မှ ပဲ့တင်ထပ်လာသည်။ အသိဉာဏ် မြင့်မားသော ကျားဖြူသည် မိမိကို မျှားခေါ်သွားမှန်း သိသွားပြီ ဖြစ်သည်။ ၎င်းသည် တောင်ပေါ်မှ ထိုးဆင်းလာပြီး ကျောက်ခန်းမ တံခါးဝသို့ ဦးတည်လာနေသည်။

"တံခါးပိတ်" ဟု ရုန်ကျင့်ယွင်က အော်လိုက်ရာ၊ ကျန်သုံးဦးလုံး ဝိညာဉ်စွမ်းအားကို သုံး၍ ကျောက်တံခါးကြီးကို ဝုန်းခနဲ ပိတ်လိုက်ကြသည်။

စုန့်ဝမ်မှာမူ ကျားဖြူကို ဂရုမစိုက်ဘဲ ခန်းမထဲကိုသာ စိုက်ကြည့်နေသည်။ ဤခန်းမသည် တစ်ခုခု ထူးဆန်းနေသည်ဟု သူ ခံစားရသည်။ ခဏအကြာတွင် ခန်းမ၏ အချိုးအစားမှာ မညီမညာ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ ပုံမှန်အားဖြင့် ခန်းမတစ်ခု၏ အနံထက် အလျားက ပိုရှည်ရမည် ဖြစ်သော်လည်း၊ ဤခန်းမမှာ အလျားနှင့် အနံက တူညီနေသည်။

စုန့်ဝမ်သည် လက်ကိုမြှောက်ကာ ၁၀ ပေခန့် ရှည်သော လျှပ်စီးလှံ သုံးစင်းကို ရှေ့မှ နံရံဆီသို့ ပစ်လွှတ်လိုက်သည်။

“ဂျိမ်း..”

လျှပ်စီးလှံများ ထိမှန်ရာတွင် ကျောက်နံရံမှာ အလွန်မာကျောသဖြင့် ပေါက်ထွက်မသွားဘဲ ၅ ပေခန့် ကျယ်ပြီး ၃ ပေခန့် နက်သော ကျင်းကြီးသာ ဖြစ်သွားသည်။ စုန့်ဝမ်က နောက်ထပ် လျှပ်စီးလှံ သုံးစင်းကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။ ထိုအခါမှ ရွှယ်ကူးတို့လည်း သတိဝင်လာပြီး ၎င်းတို့၏ ဝိညာဉ်လက်နက်များဖြင့် ထိုနေရာကို ဝိုင်းဝန်း တိုက်ခိုက်ကြတော့သည်။

အားလုံး ဝိုင်းတိုက်လိုက်သောအခါ ကျောက်နံရံမှာ လူတစ်ရပ်စာခန့် အပေါက်ကြီး ပွင့်သွားသည်။ နံရံမှာ ၁၀ ပေခန့် ထူသည်။ ထိုအပေါက်မှတစ်ဆင့် နံရံနောက်က အခန်းတစ်ခုကို မြင်လိုက်ရသည်။ အခန်း၏ အလယ်တွင် လေထဲ၌ လွင့်နေသော အနက်ရောင် ဟင်းလင်းပြင်ကြီး တစ်ခု ရှိနေပြီး၊ ၎င်းမှာ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ပင် ဖြစ်တော့သည်။

ယခင် လျှို့ဝှက်နယ်မြေဖွင့်စဉ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ကြသော ကျင့်ကြံသူများသည် ဤလျှို့ဝှက်အခန်း တည်ရှိမှုအကြောင်းကို တစ်ခါမျှ မပြောဖူးကြချေ။ ဤသည်မှာ ဤအခန်းသည် ယခင်က မရှိခဲ့ကြောင်း ဆိုလိုခြင်းဖြစ်သည်။ သို့မဟုတ်ပါကလည်း ကျောက်နံရံမှာ ယခင်က မရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

တရားခံမှာ အတောင်ပံပါကျားဖြူပင် ဖြစ်လိမ့်မည်။ သက်တမ်းကြာလာသည်နှင့်အမျှ ဥာဏ်ရည်မြင့်လာပုံရသော ဤသားရဲသည် မည်သို့နည်းဖြင့်မသိ၊ ကျောက်တုံးကြီးများကို သယ်ဆောင်လာပြီး ကျောက်ခန်းမကို ပိတ်ဆို့ကာ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ကို ပိတ်ပစ်ခဲ့ခြင်း ဖြစ်မည်။ ကျားဖြူ၏ အသိဉာဏ်မှာ အတော်ပင် ကြောက်စရာကောင်းလှသည်။ ၎င်းသည် နယ်မြေထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူအားလုံးကို အတွင်း၌ ပိတ်မိနေစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

စုန့်ဝမ်တို့ နံရံရှိ အပေါက်ကို ချဲ့ရန် အချိန်မရလိုက်မီမှာပင် ကျားဖြူသည် ခန်းမတံခါးဝသို့ ရောက်ရှိလာပြီး ကျောက်တံခါးကို လက်ဖြင့် ရိုက်ချလိုက်သည်။ တခဏအတွင်း ကျောက်တံခါးကြီးမှာ အပိုင်းအစများစွာ ကွဲကြေသွားပြီး ခန်းမအတွင်းဘက်သို့ အရှိန်ဖြင့် လွင့်စင်လာတော့သည်။ အတွင်းရှိ လူငါးဦးမှာ ထိတ်လန့်သွားကြပြီး နံရံအပေါက်ဆီသို့ အပြေးအလွှား သွားခဲ့ကြသည်။ သို့သော် အပေါက်မှာ ကျဉ်းမြောင်းလှသဖြင့် တစ်ကြိမ်လျှင် တစ်ယောက်သာ ဖြတ်သွားနိုင်သည်။

စုန့်ဝမ်သည် အပေါက်နှင့် အနီးဆုံးတွင် ရှိနေသဖြင့် ပထမဆုံး ပြေးဝင်သွားသည်။ အပေါက်ကို ဖြတ်ဝင်တော့မည့် ဆဲဆဲတွင် သူ့နောက်ဘက်မှ လေတိုးသံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ ၎င်းမှာ ရွှယ်ကူးပင် ဖြစ်သည်။ သူသည် စုန့်ဝမ်နောက်မှ ကပ်လိုက်လာပြီး ဓားပျံဖြင့် စုန့်ဝမ်၏ ခြေထောက်ကို တိုက်ခိုက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ ရွှယ်ကူးသည် ဓားစီး၍ အလွန်လျင်မြန်သော အရှိန်ဖြင့် လာနေသဖြင့် ကျန်သုံးဦးထက် အတော်လေး ရှေ့ရောက်နေသည်။ အကယ်၍ စုန့်ဝမ်ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်နိုင်လျှင် အဟန့်အတားတစ်ခုကို ဖယ်ရှားနိုင်ရုံသာမက၊ သူကိုယ်တိုင်လည်း အပေါက်ကို အရှိန်အပြည့်ဖြင့် ဖြတ်သွားနိုင်မည် ဖြစ်သည်။ စုန့်ဝမ်ကိုမူ ကျားဖြူ ဒေါသဖြေဖျောက်စရာအဖြစ် ထားခဲ့ပြီး သူ လွတ်မြောက်ရန် အချိန်ဆွဲနိုင်မည် ဖြစ်သည်။

နှစ်ဦးကြား အကွာအဝေးမှာ အလွန်နီးကပ်ပြီး ဓားပျံ၏ အရှိန်မှာလည်း မြန်ဆန်သဖြင့် စုန့်ဝမ်မှာ ဝိညာဉ်လက်နက်ကို ထုတ်၍ ကာကွယ်ရန် အချိန်မရတော့ပေ။ သို့သော် သတိကြီးသော စုန့်ဝမ်တွင် ကြိုတင်ပြင်ဆင်မှု တစ်ခုမဟုတ် တစ်ခု အမြဲရှိနေခဲ့သည်။ ရုတ်တရက် သူ့ကိုယ်ပေါ်မှ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး လျှပ်စီးများ ဝန်းရံနေသည့် ကြေးညိုရောင် အိုးကြီးတစ်လုံး ချက်ချင်း ပေါ်လာကာ တစ်ကိုယ်လုံးကို ကာကွယ်ထားလိုက်သည်။ အိုး၏ အပြင်ဘက်တွင် လျှပ်စီးများ စုစည်းသွားပြီး ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လျှပ်စီးဒိုင်း အပြည့်အဝ မဖြစ်ပေါ်မီမှာပင် ဓားချီ ထိမှန်သွားတော့သည်။ ဓားချီသည် လျှပ်စီးဒိုင်းကို ဖောက်ထွက်သွားပြီး ကြေးညိုအိုးကို ဆက်လက် ထိမှန်သွားသော်လည်း အိုးမှ အစိမ်းရောင်အလင်းများ တောက်ပလာသည်။ ရွှယ်ကူးမှာ အလျင်စလို တိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် အရှိန်အပြည့် မပါဝင်ခဲ့ပေ။ ထို့ကြောင့် ကြေးညိုအိုးသည် ထိုတိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့သည်။

ဓားပျံမှ ရိုက်ခတ်လာသော အင်အားကြောင့် စုန့်ဝမ်မှာ ရှေ့သို့ လွင့်ထွက်သွားပြီး နံရံအပေါက်ထဲသို့ ဟန်ချက်ပျက်လျက် ဝင်သွားတော့သည်။ စုန့်ဝမ်သည် အပေါက်ထဲသို့ ဝင်လုဆဲဆဲတွင် ချက်ချင်း နောက်သို့ လှည့်ကာ ဓားမြှောင်တစ်လက်ကို ထုတ်၍ ပစ်လွှတ် တိုက်ခိုက်လိုက်သည်။ ထိုဓားမြှောင်မှာ အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေပြီး မြင်ရသူကို တုန်လှုပ်စေသည်။ ဤသည်မှာ အဆင့်မြင့် ဝိညာဉ်လက်နက်ဖြစ်သော ဝိညာဉ်ဖြတ်ဓားပင် ဖြစ်သည်။

ဝိညာဉ်ဖြတ်ဓား ပြေးဝင်လာသည်နှင့် ရွှယ်ကူးမှာ မျက်နှာပျက်သွားပြီး သူ့ဓားပျံကို ပြန်ခေါ်ကာ ထိုဓားမြှောင်ကို ခုခံလိုက်ရသည်။ လက်နက်နှစ်ခု ထိတွေ့သံနှင့်အတူ ပြင်းထန်သော အားလှိုင်းရိုက်ခတ်မှုကြောင့် ရွှယ်ကူးမှာ ဟန်ချက်ပျက်ကာ နောက်သို့ ဆုတ်သွားရပြီး သူ့အရှိန်မှာလည်း သိသိသာသာ လျော့ကျသွားသည်။

ထိုအခိုက်အတံ့မှာပင် သူ့နောက်မှ ကပ်လိုက်လာသော ရုန်ကျင့်ယွမ်သည် ဦးခေါင်းပေါ်တွင် အဝါရောင် အလံငယ်လေးတစ်ခု လွင့်တင်ပြီး ရွှယ်ကူးကို ကျော်ဖြတ်ကာ နံရံအပေါက်ဆီသို့ အပြေးအလွှား ပျံသန်းသွားခဲ့သည်။ အလံငယ်လေး၏ အကာအကွယ်အလွှာကြောင့် ဓားချီများ၏ ရိုက်ခတ်မှုဒဏ်က ရုန်ကျင့်ယွမ်အပေါ် သက်ရောက်မှု မရှိချေ။။ ရုန်ကျင့်ယွင်ပါ သူ့ကို ကျော်သွားသည်ကို မြင်သောအခါ ရွှယ်ကူး ပို၍ ဒေါသထွက်သွားပြီး သူမ၏ ကျောပြင်ကို ဓားဖြင့် ခုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် မခုတ်ရသေးမီမှာပင် ဝိညာဉ်ဖြတ်ဓားမှာ ထပ်မံ ရောက်ရှိလာပြန်သည်။

“ချွမ်”

ကျယ်လောင်သည့် သံချင်းထိတွေ့သံနှင့်အတူ အဆင့်မြင့် ဝိညာဥ်လက်နက်ဖြစ်သော ဝိညာဉ်ဖြတ်ဓား၏ အင်အားကြောင့် ရွှယ်ကူးမှာ နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားရပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ ထိုအချိန်မှာပင် ကျဲ့ခုနှင့် မုယွမ်ရှင်းတို့မှာ သူ့ကို ဘေးတစ်ဖက်စီမှ ကျော်တက်ကာ နံရံပေါက်ထဲသို့ ပြေးဝင်သွားကြတော့သည်။ ဝိညာဥ်ဖြတ်ဓားမှာလည်း လျှပ်ပြက်သည့်အလား လျင်မြန်စွာဖြင့် ဟင်းလင်းပြင်ထွက်ပေါက်အနီး ရောက်ရှိနေသော စုန့်ဝမ်ထံ ပြန်ရောက်သွားသည်။

“ဝေါင်း…”

ရွှယ်ကူး၏ နောက်ဘက်မှ ကျားဟိန်းသံနှင့်အတူ ပြင်းထန်သော ဖိအားလှိုင်းကြီး တစ်ခု ရောက်ရှိလာသည်။ ကျားဖြူ ရောက်လာပြီ ဖြစ်သည်။ ရွှယ်ကူး၏ မျက်နှာမှာ ပြာနှမ်းသွားကာ နောက်သို့ လှည့်မကြည့်ဘဲ ဓားပျံဖြင့် ပစ်လွှတ် ခုခံလိုက်သည်။ သို့သော် ထိုဓားပျံမှာ ကျားဖြူ၏ လက်သည်းဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရသည်။ ကျားဖြူသည် အတောင်ပံကို ဖြန့်ကာ လျင်မြန်စွာ ပျံသန်းရင်း နံရံအပေါက်ထဲသို့ ပြေးဝင်ရန် ကြိုးစားနေသော ရွှယ်ကူးကို ကိုက်ချလိုက်သည်။

"အား….."

ရွှယ်ကူး၏ နာကျင်စွာ အော်ဟစ်သံနှင့်အတူ ကျားဖြူသည် သူ့ကို ဝါးမျိုပစ်လိုက်တော့သည်။ ကျားဖြူသည် သူ၏ သွေးစာနေသော မျက်လုံးများဖြင့် နံရံအပေါက်မှတစ်ဆင့် အတွင်းခန်းကို ကြည့်လိုက်သည်။ ထိုအချိန်တွင် အခန်းထဲ၌ မုယွမ်ရှင်းနှင့် ကျဲ့ခုတို့သာ ကျန်ရှိပြီး ဟင်းလင်းပြင် ထွက်ပေါက်ဆီသို့ ပြေးနေကြကာ၊ စုန့်ဝမ်နှင့် ရုန်ကျင့်ယွင်တို့မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

...

All Chapters