ဌာနေပြန်ကြပြီ
Vol. 24 Ch. 249
လျှို့ဝှက်နယ်မြေ ပြင်ပရှိ ရေကန်ကြီး၏ မျက်နှာပြင်မှာ ပြင်းထန်စွာ လှုပ်ခတ်နေပြီး အလယ်တွင် ဧရာမ ရေဝဲကြီးတစ်ခု အဆက်မပြတ် လည်ပတ်နေသည်။ ထိုရေဝဲ၏ အထက်တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းမှာ လျှို့ဝှက်နယ်မြေမှ ပထမဆုံး ထွက်လာနိုင်သည့် စုန့်ဝမ်ပင် ဖြစ်သည်။
ချက်ချင်းဆိုသလို ရုန်ကျင့်ယွမ် ပေါ်လာပြီး စုန့်ဝမ်ကို ကျေးဇူးစကား ဆိုလိုက်သည်။
"အကြီးအကဲဝူ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
သူမသည် စုန့်ဝမ်က ရွှယ်ကူးကို တားဆီးပေးခဲ့ခြင်းကို သူမအား ကူညီခြင်းဟု ယူဆလိုက်သည်။
စုန့်ဝမ်က အထွေအထူး မပြောဘဲ ပြုံးပြလိုက်သည်။
"ဒါက သေးငယ်တဲ့ ကိစ္စလေးပါ၊ အကြီးအကဲရုန် စိတ်ထဲမထားပါနဲ့"
ရုန်ကျင့်ယွမ်က ခေါင်းခါရင်း "အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို ဘယ်လိုလုပ် မေ့ထားလို့ ရမှာလဲ။ နောက်နောင် အကြီးအကဲဝူ တစ်ခုခု လိုအပ်ရင် ကျွန်မကို အားမနာဘဲ ပြောပါ" ဟု ဆိုသည်။ စုန့်ဝမ်က "ငါတို့ကြားက ကတိကို အကြီးအကဲရုန် မှတ်မိနေမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြန်ပြောသည်။ ရုန်ကျင့်ယွမ်က ခေါင်းညိတ်ပြသည်။ သူတို့သည် တစ်ဦးစီ၏ လျို့ဝှက်ချက်များအား မပေါက်ကြားစေရန် ကိုယ်စီ ဝိညာဥ်သစ္စာ ဆိုခဲ့ပြီး မဟုတ်ပါလား။
ဤခရီးစဉ်အတွင်း စုန့်ဝမ်၏ မိုးကြိုးနည်းစနစ် သုံးစွဲမှုကို ကျင့်ကြံသူ အချို့ မြင်တွေ့သွားကြသည်။ ဤလျှို့ဝှက်ချက်မှာ ပေါက်ကြားသွားမည် ဖြစ်သော်လည်း စုန့်ဝမ်မှာ မြင်သမျှလူတိုင်းကို လိုက်သတ်ရန် မဖြစ်နိုင်ပေ။ အမှန်တကယ်တွင် မိုးကြိုးနည်းစနစ် တတ်မြောက်ခြင်းမှာ ကြီးမားသော ပြဿနာ မဟုတ်ပေ။ ကျင့်ကြံသူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြသည်သာ မဟုတ်လား။ နည်းစနစ် ၉ ခုအနက် ပထမ ၄ ခု ပေါက်ကြားပြီးဖြစ်သော လေ့မိသားစုကလည်း အရေးတယူ လုပ်နေမည် မဟုတ်ပေ။
ထိုအချိန်မှာပင် မုယွမ်ရှင်းနှင့် ကျဲ့ခုတို့ ရောက်လာကြသည်။ မုယွမ်ရှင်းက စုန့်ဝမ်ကို ကြည့်ကာ ပြုံးလိုက်သည်။
"တာအိုရောင်းရင်းဝူ... ရှင့်အကူအညီကြောင့် ငါတို့ လွတ်မြောက်လာခဲ့တာပဲ။ ရှင့်ဆီမှာ စွမ်းအားတွေ ပြည့်ဝနေတဲ့အခါ ကောင်းကင်စမ်းရေဂေဟာဆီကို လာခဲ့ပါဦး၊ ငါ ကောင်းကောင်း ကြိုဆိုပါ့မယ်"
စုန့်ဝမ်မှာမူ ဝမ်းသာဖို့ အသာထား၊ ဝိညာဥ်သန္ဓေ ကျင့်ကြံသူ လန်ချန်း၏မျက်နှာကို မြင်ယောင်ပြီး အသံပင် မထွက်ဝံ့တော့ပေ။
ထိုအချိန်မှာပင် ကောင်းကင်ထက်ရှိ သင်္ဘောပျံ ငါးစင်းပေါ်မှ လူရိပ်များ ဆင်းသက်လာကြသည်။ ၎င်းတို့မှာ သားရဲသခင်ဂိုဏ်းမှ ထူလျန်၊ မဟာကောင်းကင်ဓားဂိုဏ်းမှ ယန်ယုရှန်၊ ဟယ်ဟွမ်းဂိုဏ်းမှ ရှုချင်း၊ ဟွန်းယွမ်ကျောင်းတော်မှ ဟွေ့မင်နှင့် လေ့မိသားစုမှ လေ့ကျွင်းတို့ ဖြစ်ကြသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ငါးဦးလုံး ရောက်လာကြခြင်း ဖြစ်သည်။ ယန်ယုရှန်သည် စုန့်ဝမ်တို့ကို ကြည့်ကာ မျက်နှာပျက်သွားသည်။ ထွက်လာသော လေးဦးထဲတွင် သူမ၏ ဂိုဏ်းသား တစ်ဦးမှ မပါဝင်သောကြောင့် ဖြစ်သည်။
"နယ်မြေပိတ်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်။ မင်းတို့က ပထမဆုံး ထွက်လာသူတွေပဲ။ အတွင်းမှာ ဘာတွေ ဖြစ်ခဲ့တာလဲ"ဟု ယန်ယုရှန်က မေးလိုက်သည်။
ချင်းလန်လျှို့ဝှက်နယ်မြေတွင် အဖိုးတန်ဆုံးမှာ ယင်ယန်သွေးမျက်ရည်ပင်နှင့် နှစ်တစ်သောင်းဝိညာဉ်ရည် ဖြစ်သော်လည်း ကျင့်ကြံသူတိုင်းက ထိုအရာများကို မရှာကြပေ။ အချို့မှာ အန္တရာယ်ကို ရှောင်ရှားကာ တောင်ပေါ်တွင် ဝိညာဥ်ဆေးပင်ရှာရင်း ခရီးစဉ်ကို စောစော အဆုံးသတ်ကာ ပြန်ထွက်လာတတ်ကြသည်။ သို့သော် ယခုအခါ စုန့်ဝမ်တို့ လေးဦးသာ ထွက်လာသဖြင့် သူတို့ စိုးရိမ်နေခြင်း ဖြစ်သည်။
မုယွမ်ရှင်းသည် ယန်ယုရှန်နဲ့ ကောင်းစွာ ရင်းနှီးသဖြင့် သိသဖြင့် ရိုသေစွာ နှုတ်ဆက်လိုက်သည်။
"စီနီယာယန်... တတိယအဆင့် သားရဲ အတောင်ပံပါကျားဖြူက ထွက်ပေါက်ကို ပိတ်ထားလို့ ကျွန်မတို့ လေးယောက် ပူးပေါင်း အာရုံလွဲပြီးမှ လွတ်လာတာပါ"
မုယွမ်ရှင်းက ရွှယ်ကူး သေဆုံးသွားသည့် ကိစ္စကိုမူ ထည့်မပြောပေ။ ယန်ယုရှန်ကလည်း သံသယမရှိဘဲ "ငါ့ဂိုဏ်းက တပည့်တွေကို တွေ့ခဲ့လား" ဟု ထပ်မေးရာ၊ မုယွမ်ရှင်းက "ဝိညာဉ်ရည်ခန်းမမှာ စီနီယာရွှယ်ကူးတို့နဲ့ ပူးပေါင်းခဲ့ပါသေးတယ်၊ အဲဒီနောက်မှာတော့ လူစုခွဲသွားလို့ မတွေ့တော့ပါဘူး" ဟု ပြန်ဖြေလိုက်သည်။
ဤသို့ ဖြေခြင်းမှာ စုန့်ဝမ်ကို ကာကွယ်ပေးလို၍ မဟုတ်ပေ။ သူမ အမှန်အတိုင်း ပြောလျှင်ပင် ထူလျန် ရှိနေသဖြင့် ယန်ယုရှန်က စုန့်ဝမ်ကို သတ်နိုင်မည် မဟုတ်ပေ။ ထိုအစား သူမ၏ အကွက်ဆင်မှုကိုသာ သိသွားနိုင်ပြီး ရွှယ်ကူးနှင့် ရင်းနှီးသူများ၏ ရန်ငြိုးကို ခံရပေလိမ့်မည်။ စုန့်ဝမ်နှင့် ရုန်ကျင့်ယွမ်တို့က သူမကို ဖော်မည်မဟုတ်သလို၊ ကျဲ့ခုသည်လည်း ရွှယ်ကူးနှင့် ပတ်သက်မှုမရှိသဖြင့် အမှန်အတိုင်း ပြောမည်မဟုတ်ဟု သူမ တွက်ဆထားသည်။ သေပြီးသူအတွက် ရှင်သန်ကျန်ရစ်သူများနှင့် ရန်ငြိုးမဖွဲ့လိုပေ။
ယန်ယုရှန်သည် စိတ်ပျက်စွာဖြင့် သူမ၏ သင်္ဘောပေါ်သို့ ပြန်သွားသည်။ ကျန်သူများလည်း လူစုခွဲကုန်ကြသည်။ ဟွေ့မင်သည် ကျဲ့ခုနှင့်အတူ သူ၏ သင်္ဘောဆီသို့ သွားနေစဉ်၊ ရှုချင်း၏ အသံကို ကြားလိုက်ရသည်။
"ဆရာတော်ဟွေ့မင်... ကျွန်မရဲ့ အခန်းထဲမှာ စောင့်နေမယ်နော်။ ဆရာတော်ရဲ့ ဗုဒ္ဓတရားတော်တွေက အရမ်းထူးခြားလို့ ကျွန်မ သဘောကျမိတယ်"
ဓားပျံစီးနေသော ဟွေ့မင်မှာ ထိုစကားကို ကြားသောအခါ ဟန်ချက်ပင် ပျက်သွားပြီး သူ့ခါးကို ကိုင်လိုက်မိသည်။ ၁၀ ရက်ကျော်ကြာ တိုက်ပွဲဝင်ခဲ့ရသဖြင့် ရွှေအမြုတေအဆင့် ဖြစ်သော်လည်း တစ်ဖက်သား၏ အလွန်အမင်း တောင်းဆိုမှုများကို မခံနိုင်တော့ပေ။ ဟယ်ဟွမ်ဂိုဏ်း၏ နည်းလမ်းမှာ ယင်အားဖြည့်ရန် ယန်စွမ်းအင်ကို စုပ်ယူသည့် နည်းလမ်းဖြစ်သော်လည်း၊ ဟွန်းယွမ်ကျောင်းတော်၏ နည်းလမ်းမှာလည်း ယန်အားဖြည့်ရန် ယင်စွမ်းအင်ကို စုပ်ယူခြင်း ဖြစ်သဖြင့် အပြန်အလှန် ဖြစ်သည်။ သို့သော်လည်း သူ့ပြိုင်ဘက်မှာ အတွေ့အကြုံများသော ရှူးချင်းဖြစ်သဖြင့် စာအုပ်ကြီးအတိုင်း ကျင့်ကြံခဲ့သော ဟွေ့မင်မှာ သူမကို မယှဉ်နိုင်ပေ။ ယနေ့ည ဆက်တရားပြပါက အနောက်အရပ်ရှိ နိဗ္ဗာန်ဘုံတွင် ဗုဒ္ဓကို ဖူးတွေ့ရနိုင်သဖြင့် စိတ်လျှော့လိုက်ရသည်။ သူသည် "ကျဲ့ခု ပြန်လာတာနဲ့ မေးစရာတွေ ရှိလို့ပါ၊ နောက်နေ့မှပဲ လာခဲ့ပါ့မယ်" ဟု ဆိုကာ သင်္ဘောပျံပေါ်သို့ အမြန် ပျံတက်သွားတော့သည်။
...
သင်္ဘောပျံပေါ် ရောက်သည်နှင့် ထူလျန်က စုန့်ဝမ်နှင့် ရုန်ကျင့်ယွမ်ကို "ဒီတစ်ခေါက် ခရီးစဉ်မှာ ဘာတွေ ရခဲ့လဲ" ဟု မေးလိုက်သည်။ ၎င်းမှာ ယင်ယန်သွေးမျက်ရည်ပင် ရ၊ မရ မေးခြင်းဖြစ်ကြောင်း စုန့်ဝမ် သိသည်။ စုန့်ဝမ်က ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်ပြလိုက်ရာ အတွင်း၌ လေးရွက်ပါ ယင်ယန်သွေးမျက်ရည်ပင် တစ်ခက် ရှိနေသည်။ သူသည် ယခင်က အတွေ့အကြုံများ ရှိခဲ့သဖြင့် မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ တန်ဖိုးကြီးသော ဝိညာဥ်ဆေးပင်များ၊ ဝိညာဥ်ပုလင်းများနှင့် အခြားသိမ်းဆည်းရမိ ပစ္စည်းများကို နှလုံးအိမ်ထဲတွင် ဝှက်ထားသော သိုလှောင်လက်စွပ်ထဲသို့ ထည့်ထားပြီး၊ အပြင်က လက်စွပ်ထဲတွင်မူ ဤဆေးပင်နှင့် ဝိညာဉ်ရည် အနည်းငယ်ကိုသာ ချန်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထူလျန်သည် သိုလှောင်လက်စွပ်ကို စစ်ဆေးခြင်း မပြုဘဲ စုန့်ဝမ်၏ လက်ထဲမှ ဆေးပင်ကို လှမ်းယူကာ "ကောင်းတယ်။ အရွက် ၄ ရွက်ပါတဲ့ ယင်ယန်သွေးမျက်ရည်ပင်ကို ရတာ ရှားတယ်၊ ဒါကို ဂိုဏ်းမှာ နှစ် ၂၀ လောက် ထပ်မွေးပြီးရင် ရွှေအမြုတေ ဆေးလုံး ဖော်စပ်လို့ ရပြီ။ အောင်မြင်ရင် မင်းလည်း ဆေးလုံးတစ်လုံး ရပြီး တစ်နေ့မှာ ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်" ဟု အသိအမှတ်ပြု ပြောဆိုခဲ့သည်။ စုန့်ဝမ်လည်း ဝမ်းသာဟန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ရုန်ကျင့်ယွမ်ကလည်း နှစ် ၂၀၀ သက်တမ်းရှိ ဆေးပင်တစ်ခက်ကို ပေးအပ်ရာ ထူလျန်က ကျေနပ်စွာ လက်ခံလိုက်သည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် ဤဆေးပင်ကို ကိုယ်ပိုင် သိမ်းဆည်းထားလေ့ မရှိကြပေ။ အကြောင်းမှာ ၎င်းတို့တွင် ဆေးလုံးဖော်စပ်နိုင်စွမ်း မရှိသဖြင့် ဂိုဏ်းသို့ အပ်နှံခြင်းကသာ အန္တရာယ်အကင်းဆုံးနှင့် အကျိုးအရှိဆုံး ဖြစ်သောကြောင့် ဖြစ်သည်။
သင်္ဘောပျံကြီး ငါးစင်းမှာ ကန်ရေပြင်ထက်တွင် ကျန်ရှိသော သူများကို ဆက်လက် စောင့်ဆိုင်းနေကြသည်။ အချိန်အတော်ကြာပြီးနောက် ကျင့်ကြံသူ ကိုးဦးသာ အတူတူ ထွက်လာနိုင်ကြသည်။ ထိုကိုးဦး၏ ပြောပြချက်အရ ၎င်းတို့သည် ကျားဖြူနှင့် တွေ့ခဲ့သော်လည်း ကျားဖြူမှာ တောင်ခါးပန်းရှိ တိုက်ပွဲတစ်ခုကြောင့် အာရုံလွဲသွားသဖြင့် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့နောက်တွင်မူ လျို့ဝှက်နယ်မြေထွက်ပေါက် ပိတ်သွားပြီး မည်သူမျှ ထွက်မလာနိုင်တော့ပေ။ ဤသည်မှာ အခြားဂိုဏ်းများအတွက် ဝမ်းနည်းစရာ ဖြစ်သော်လည်း၊ သားရဲသခင်ဂိုဏ်းမှာမူ လူအများဆုံး ပြန်ထွက်လာနိုင်သည့်အပြင် အဖိုးတန် ဝိညာဥ်ဆေးပင်များလည်း ရရှိခဲ့သဖြင့် ထူလျန်မှာ စိတ်ကျေနပ်လျက် ရှိသည်။ ထို့နောက် သားရဲသခင်ဂိုဏ်း၏ သင်္ဘောပျံကြီးသည် ဂိုဏ်းဆီသို့ ဦးတည်ကာ ပြန်လည် ထွက်ခွာခဲ့တော့သည်။
……..
နှစ်ရက်ကြာပြီးနောက် သင်္ဘောပျံသည် သားရဲသခင်ဂိုဏ်းသို့ ဆိုက်ရောက်လာခဲ့သည်။ စုန့်ဝမ်နှင့် ရုန်ကျင့်ယွမ်တို့သည် အတူတူ လျှောက်လှမ်းရင်း ဆေးတောင်ထိပ်သို့ ပြန်လာခဲ့ကြသည်။
လမ်းတွင် စုန့်ဝမ်က "အကြီးအကဲရုန်…. ရွှေအမြုတေဆေးလုံးကို ဘယ်သူဖော်စပ်မှာလဲဆိုတာ သိလား" ဟု မေးလိုက်သည်။ သားရဲထိန်းဂိုဏ်းအတွင်း အတော်ဆုံး ဆေးဖော်စပ်သူ အများစုမှာ ဆေးတောင်ထိပ်မှ ဖြစ်ကြသည်။ ထို့ကြောင့် ဆေးတောင်ထိပ်ရှိ သူ့အဆင့်အတန်းအပြင် တောင်သခင်ဖုန့်နှင့် ရင်းနှီးမှုကို အသုံးချကာ ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်အား စောင့်ကြည့် လေ့လာလိုသော ဆန္ဒ စုန့်ဝမ်တွင် ရှိနေသည်။
"ရွှေအမြုတေဆေးလုံး ဖော်စပ်တာ အောင်မြင်ရင် ဂိုဏ်းထဲမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တိုးလာမှာဆိုတော့ ဒါက ဂိုဏ်းအတွက် အရေးကြီးတယ်။ ဒါကြောင့် တောင်သခင်ဖုန့် ကိုယ်တိုင်ပဲ ဖော်စပ်ဖို့ များပါတယ်။ ဘာလဲ... အကြီးအကဲဝူက ဆေးဖော်တာကို ကြည့်ချင်လို့လား"
စုန့်ဝမ်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော့်က ဆေးဖော်စပ်တဲ့နေရာမှာ ပါရမီ တော်သင့်ရုံပဲ ရှိပေမဲ့ အဲဒါကို အရမ်းစိတ်ဝင်စားလို့ပါ"
ရုန်ကျင့်ယွမ်က "ကောင်းတာပေါ့၊ ကျွန်မလည်း အဲဒါကို မြင်ဖူးချင်နေတာ။ ဒါဆို တောင်သခင်ဆီ အတူတူသွားပြီး ခွင့်တောင်းကြမလား" ဟု ဆိုသဖြင့် ၎င်းတို့နှစ်ဦး တောင်သခင် ဖုန့်ဖန်းယီ၏ ကျောက်ဂူဆီသို့ အတူထွက်လာခဲ့ကြသည်။ ရောက်သည်နှင့် စုန့်ဝမ်သည် တောင်သခင်ဖုန့်ထံသို့ ဆက်သွယ်ရေးကျောက်ပြားမှတဆင့် သူနှင့် ရုန်ကျင့်ယွမ်က တွေ့ဆုံလိုကြောင်း အကြောင်းကြားပြီး ဂူအပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ခဏအကြာတွင် တောင်သခင်ဖုန့်အသံ ထွက်ပေါ်လာပြီး ကျောက်ဂူတံခါး ပွင့်လာသည်။
"မင်းတို့နှစ်ယောက် ဝင်လာခဲ့ကြ"
ကျောက်ဂူထဲသို့ ရောက်သည်နှင့် တောင်သခင်ဖုန့်က စုန့်ဝမ်ကို မကျေမနပ် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"အကြီးအကဲဝူ... မင်း ဘာလို့ ချန်းလန်လျှို့ဝှက်နယ်မြေထဲ အဆင်အခြင်မဲ့ ဝင်သွားရတာလဲ။ မင်း ရွှေအမြုတေဆေးလုံး လိုချင်ရင် ငါ့ကိုပြော၊ ငါတစ်နည်းနည်းနဲ့ ရှာပေးမှာပေါ့။ ပြီးတော့ မင်းက အခြေတည် အလယ်အဆင့်ပဲ ရှိသေးတာ၊ နောက်ထပ် နှစ် ၃၀ ကနေ ၅၀ လောက် ကြိုးစားမှ ရွှေအမြုတေအဆင့်ကို ရောက်မှာ။ ဘာလို့ အဲဒီလောက် အလောတကြီး သွားရတာလဲ"
တောင်သခင်ဖုန့်ဖန်းယီက စုန့်ဝမ်၏ အသက်အန္တရာယ်ကို အမှန်တကယ် စိုးရိမ်နေခြင်း မဟုတ်ပေ။ လက်ရှိအချိန်အထိ စုန့်ဝမ်တစ်ဦးတည်းသာ ဆန်းကြယ်ချီကို အောင်မြင်စွာ သန့်စင်နိုင်သူ ဖြစ်သည်။ အကယ်၍ စုန့်ဝမ် တစ်ခုခုဖြစ်သွားပါက သူ့အနေဖြင့် ပထမမဟာအကြီးအကဲထံ ဖြေရှင်းချက် ပေးနိုင်မည် မဟုတ်ပေ။
စုန့်ဝမ်က အရိုအသေပြုရင်း "လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်သခင်။ ကျွန်တော် အဆင်အခြင်မဲ့သွားပါတယ်။ နောက်နောင် ဘာပဲလုပ်လုပ် ကြိုတင် တင်ပြပါ့မယ်" ဟု တောင်းပန်စကား ဆိုလိုက်သည်။ စုန့်ဝမ် လျှို့ဝှက်နယ်မြေထဲ ဝင်ရခြင်းမှာ အကြောင်းရင်း နှစ်ချက်ရှိသည်။ ပထမအချက်မှာ သူ့ခွန်အားကို သူ ယုံကြည်မှုရှိခြင်း ဖြစ်သည်။ အခြေတည်အဆင့် ကျင့်ကြံသူများသာ ဝင်နိုင်သော နယ်မြေတွင် သူ့အနေဖြင့် အနည်းဆုံး မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိသည်။ ဒုတိယအချက်မှာ ရွှေအမြုတေဆေးလုံး လိုအပ်နေခြင်း ဖြစ်သည်။ တောင်သခင်ဖုန့်က ပေးမည်ဆိုလျှင်ပင် နောက်ထပ် ဆယ်စုနှစ်နှင့်ချီ၍ ကြာနိုင်သည်။
စုန့်ဝမ်၏ အပြင်ပန်း ကျင့်ကြံမှုမှာ အခြေတည် အလယ်အဆင့်သာ ဖြစ်သော်လည်း၊ အမှန်တကယ်တွင်မူ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး အထွတ်အထိပ်သို့ ရောက်ရန်လည်း မဝေးတော့ပေ။ သွေးဝိညာဉ်ဆေးလုံးများ၏ အကူအညီဖြင့် သူ့ကျင့်ကြံမှုမှာ အလွန်လျင်မြန်နေသည်။ နောက်ထပ် နှစ်အနည်းငယ်အတွင်း အထွတ်အထိပ်အဆင့်သို့ ရောက်လျှင် ရွှေအမြုတေဆေးလုံးကို သုံး၍ အဆင့်တက်ရန် ကြိုးစားရပေလိမ့်မည်။ ထို့ကြောင့် တောင်သခင်ဖုန့် ပေးမည့်နေ့ကို ထိုင်စောင့်မနေနိုင်ပေ။
စုန့်ဝမ်က အမှားကို ဝန်ခံဟန်ရှိသဖြင့် တောင်သခင်ဖုန့်၏ ဒေါသမှာ အနည်းငယ် ပြေလျော့သွားသည်။
"အကြီးအကဲလျိုကျန်းက မြွေဂူကို စီမံနေတဲ့အချိန်မှာ မြွေလူသားအလောင်း သန့်စင်တာ အတော်လေး နှေးကွေးနေတယ်။ အခု မင်း ပြန်ရောက်ပြီဆိုတော့ မြွေဂူရဲ့ ကိစ္စတွေကို ပြန်တာဝန်ယူလိုက်ပါ။ မဟာအကြီးအကဲက လောစရာ မလိုဘူးလို့ ပြောထားပေမဲ့ ငါတို့ကတော့ ပေါ့ဆလို့ မရဘူး"
"အမိန့်အတိုင်းပါခင်ဗျာ"
တောင်သခင်ဖုန့်က ရုန်ကျင့်ယွမ်ကို လှည့်ကြည့်ကာ "အကြီးအကဲရုန်... ငါ ဒီလို စီစဉ်တာကို တစ်ခုခု ကန့်ကွက်စရာ ရှိလား" ဟု မေးသည်။ မြွေဂူမှာ မူလက ရုန်ကျင့်ယွမ် စီမံခဲ့ခြင်း ဖြစ်သဖြင့် သူမ မကျေမနပ် ဖြစ်မည်ကို ဖုန့်ဖန်းယီက စိုးရိမ်ခြင်း ဖြစ်သည်။ "အကြီးအကဲဝူရဲ့ အလောင်းသန့်စင်မှု ပါရမီက ရှားပါးပါတယ်။ သူ စီမံတာကို ကျွန်မ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး" ဟု ရုန်ကျင့်ယွမ်က ဖြေသည်။
ဖုန့်ဖန်းယီက ကျေနပ်စွာ ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ဒါပေမဲ့ အကြီးအကဲဝူက ဂိုဏ်းထဲကို ရောက်တာ မကြာသေးတော့ နားမလည်တာတွေ ရှိနိုင်တယ်၊ အကြီးအကဲရုန်က ကူညီပေးဦးပေါ့" ဟု ဆိုသည်။ ထို့နောက် သူက "ဒါနဲ့... မင်းတို့ ငါ့ဆီ လာတာ ဘာကိစ္စ ရှိလို့လဲ" ဟု မေးရာ စုန့်ဝမ်က "တောင်သခင်ခင်ဗျာ... ကျွန်တော်တို့ ရွှေအမြုတေဆေးလုံး ဖော်စပ်တာကို ဘေးကနေ လေ့လာခွင့်ရဖို့ တောင်းဆိုချင်လို့ပါ" ဟု ပြောလိုက်သည်။
ဖန့်ဖုန်ယိသည် ချက်ချင်း သဘောမတူဘဲ စဉ်းစားနေသည်။
"ဒီတစ်ခေါက် ယင်ယန်သွေးမျက်ရည်ပင် ဘယ်လောက် ရခဲ့လဲ"
စုန့်ဝမ်က လျှို့ဝှက်နယ်မြေထဲမှ အဖြစ်အပျက်များကို အကျဉ်းချုပ် တင်ပြလိုက်ရာ ဖန့်ဖုန်ယိ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"သုံးခုတောင်လား၊ မဆိုးပါဘူး။ မင်းတို့ လေ့လာချင်တယ်ဆိုရင်လည်း ရပါတယ်၊ ဒါပေမဲ့ ဘေးခန်းကနေပဲ ကြည့်ရမယ်၊ ဘာအသံမှလည်း မထွက်စေနဲ့"
ဆေးဖော်စပ်ရာတွင်၊ အထူးသဖြင့် အဆင့်မြင့်ဆေးလုံးများ ဖော်စပ်ရာတွင် အာရုံပျံ့လွင့်မည် စိုးသဖြင့် မည်သူ့ကိုမျှ အနားမကပ်ခိုင်းပေ။ သို့သော် တပည့်များ လေ့လာနိုင်ရန်အတွက် ဆေးဖော်စပ်ခန်း ဘေးတွင် အပေါက်ငယ်လေးများ ပါသော ဘေးခန်းများကို ပြင်ဆင်ထားလေ့ ရှိသည်။ စုန့်ဝမ်နှင့် ရုန်ကျင့်ယွမ်တို့မှာ ဝမ်းသာအားရ ကျေးဇူးစကား ဆိုလိုက်ကြသည်။
……