← Chapters

ရွှေအမြုတေဆေးလုံးဖော်ရန် ကြိုတင်ပြင်ဆင်ပြီ

Vol. 24 Ch. 250

ရွှေအမြုတေဆေးလုံးဖော်ရန် ကြိုတင်ပြင်ဆင်ပြီ

Vol. 24 Ch. 250

အကြီးအကဲဖုန့်၏ ဂူမှ ထွက်လာပြီးနောက် စုန့်ဝမ်သည် မြွေဂူသို့သွားကာ လျိုကျန်းထံမှ တာဝန်များကို ပြန်လည် လွှဲပြောင်းယူခဲ့သည်။ လျိုကျန်းကလည်း ဝမ်းသာအားရ လွှဲပြောင်းပေးသည်။ သူက မြွေလူသား သန့်စင်ခြင်းထက် မွေးမြူခြင်းကိုသာ ပို၍ စိတ်ဝင်စားသူ ဖြစ်သည်။ စုန့်ဝမ် မရှိသည့် ကာလအတွင်း မြွေဂူမှ တာဝန်ခံ အကြီးအကဲ နှစ်ဦးဖြစ်သော ကျန်းပင်းနှင့် လီရှီတို့၏ ပါရမီမှာလည်း အသင့်အတင့်သာ ရှိသဖြင့် အလုပ်မှာ အတော်လေး နှေးကွေးခဲ့သည်။

စုန့်ဝမ်လည်း ဒုတိယအဆင့် အလယ်အလတ်ရှိသော မြွေလူသားနှစ်ကောင်နှင့် လျိုကျန်းပေးလိုက်သော သိုလှောင်လက်စွပ်ကို ယူကာ ကျောက်ဂူသို့ ပြန်လာခဲ့သည်။ ထိုလက်စွပ်ထဲတွင် ဝိညာဉ်ကျောက် ငါးသိန်းခန့် တန်ဖိုးရှိသော သန့်စင်မှုဆိုင်ရာ ပစ္စည်းများ ပါဝင်သည်။ မြွေလူသားများကို ဂူရှိ မြွေကျင်းထဲသို့ ထည့်ပြီးနောက်၊ ဤတစ်ခေါက် ခရီးစဉ်မှ ရရှိခဲ့သော ရတနာများကို စစ်ဆေးပြီး စာရင်းပြုစုလိုက်သည်။

ယခု ခရီးစဥ်တွင် ယင်ယန်သွေးမျက်ရည်ပင် ၄ ပင်နှင့် နှစ်တစ်သောင်း ဝိညာဉ်ရည် ၇ ပုလင်း ရရှိခဲ့သည်။ ထို့ပြင် မီးတောက်အလင်းအိုးနှင့် ကျောက်စိမ်းမီးတောက် တစ်ခုလည်း ရခဲ့သည်။ သတ်ဖြတ်မှုများမှတဆင့် ရရှိခဲ့သော ပညာရပ်များထဲတွင် ကျိရုရွှယ်ထံမှ ရသော မိုးကြိုးနည်းစနစ်၏ တတိယနှင့် စတုတ္ထ နည်းစနစ်များမှာ အဖိုးတန်ဆုံး ဖြစ်သည်။ မိစ္ဆာနှိမ်နင်းဓားဝက်ပါနှင့် မီးတောက်ထိန်းချုပ်ပညာတို့မှာလည်း မဆိုးလှပေ။ ဝိညာဉ်ကျောက် သုံးသိန်းကျော်နှင့် ဝိညာဉ်လက်နက်များလည်း ရရှိခဲ့သည်။

ပစ္စည်းစာရင်း စစ်ဆေးပြီးနောက် စုန့်ဝမ် မြွေလူသားကို သန့်စင်ရန် ပြင်ဆင်နေစဉ် ဂူအပြင်ဘက်မှ ကျိုးစစ်ယိအသံကို ကြားလိုက်ရသည်။

"ဝူရှန်း... နင် ပြန်ရောက်ပြီဆိုလို့ ငါ လာကြည့်တာ"

စုန့်ဝမ်လည်း မြွေကျင်းကို ပြန်ပိတ်ကာ သူမကို အထဲပေးဝင်လိုက်သည်။ အထဲရောက်သည်နှင့် ကျိုးစစ်ယိက စုန့်ဝမ်ကို ဒဏ်ရာရ၊ မရ စိုးရိမ်တကြီး မေးမြန်းတော့သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်မကျိုး၊ ကျွန်တော် ဘာဒဏ်ရာမှ မရပါဘူး"

"ဝူရှန်း.. နင်က အမြဲတမ်း သတိရှိတဲ့သူပါ။ လျို့ဝှက်နယ်မြေထဲ ဝင်သွားတာ နင့်မှာ အကြောင်းပြချက် ရှိမှာဆိုပေမဲ့ ဒီတစ်ခါတော့ တကယ့်ကို အဆင်အခြင်မဲ့တာပဲ။ နောက်နောင် တစ်ခုခုလုပ်ရင် သေချာစဉ်းစားပါဦး"

စုန့်ဝမ်လည်း ခေါင်းညိတ်လက်ခံလိုက်သည်။

ကျိုးစစ်ယိ၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားသည်။

"ကျင့်ကြံသူတွေအနေနဲ့ အချင်းချင်း သံသယထားကြတာ သဘာဝပါပဲ။ ဒါပေမဲ့ နင်က ငါ့အသက်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှင်ပါ။ ငါ နင့်အပေါ် ဘယ်တော့မှ မကောင်းတဲ့စိတ် မထားဘူး၊ ငါ့ကို ယုံကြည်လို့ ရပါတယ်။ နောက်နောင် တစ်ခုခု ဆုံးဖြတ်စရာရှိရင် ငါ့ကိုလည်း အသိပေးဦးနော်"

စုန့်ဝမ်က "ဒါပေါ့" ဟု ဖြေလိုက်သော်လည်း စိတ်ထဲတွင်မူ 'ငါ့ကိုယ်ငါတောင် ငါ မယုံဘူး' ဟု တွေးနေမိသည်။

ကျိုးစစ်ယိ လျှို့ဝှက်နယ်မြေထဲမှ စိတ်ဝင်စားစရာ အကြောင်းများကို မေးရာ စုန့်ဝမ်က "ထူးထူးခြားခြား မရှိပါဘူး၊ ကျွန်တော့် ကျင့်ကြံမှုက နိမ့်တော့ ရတနာတွေ မလုရဲပါဘူး။ ဘေးကင်းတဲ့ နေရာတွေမှာပဲ လှည့်ပတ်သွားနေခဲ့တာပါ" ဟု လိမ်ပြောလိုက်သည်။

ထိုစကား ကြားသည်နှင့် ကျိုးစစ်ယိ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး "နင် ခုနက ငါ့ကို ယုံတယ်လို့ ပြောခဲ့တယ်လေ။ အကြီးအကဲရုန် ပြောပြလို့ နင် ထွက်ပေါက်မှာ ကျားဖြူနဲ့ တိုးခဲ့တာ ငါ သိတယ်" ဟု ပြောလိုက်ရာ စုန့်ဝမ်မှာ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားတော့သည်။

...

ရက်အနည်းငယ်အကြာတွင် စုန့်ဝမ် ဆေးဖော်စပ်ခန်းသို့ ရောက်လာသည်။ ထိုနေရာတွင် ကျော့ရွှေယွင်၊ ဝေ့တင်းတို့နှင့် တိုးခဲ့သည်။ ဝေ့တင်းမှာ ယခုအခါ အာဏာမရှိသော ဂုဏ်ထူးဆောင် အကြီးအကဲအဖြစ် ရာထူးလျှော့ချခံထားရပြီး မြေကမ္ဘာမီးတောက်ကို စောင့်ရှောက်ရသော တာဝန်ကျနေသည်။ ကျော့ရွှေယွင်သည်လည်း ထိုနေရာတွင် တာဝန်ကျသဖြင့် နှစ်ဦးသား ပြန်လည် နီးစပ်နေကြခြင်း ဖြစ်သည်။

မြေကမ္ဘာမီးတောက်မှာ ဆေးတောင်၏အောက် နက်ရှိုင်းသော ဂူတစ်ခုအတွင်း တည်ရှိသည်။ ထိုနေရာသို့ ဝင်ရောက်ရန် အစီအရင် အကာအကွယ်များစွာ ခင်းကျင်းထားသော လမ်းကြောင်းတစ်ခုသာ ရှိသည်။ ခွင့်ပြုမိန့်တံဆိပ်သာ မရှိလျှင် ရွှေအမြုတေအဆင့် အကြီးအကဲများပင် ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ စောင့်ရှောက်သူများအနေဖြင့် အထွေအထူး စောင့်ကြည့်ရန် မလိုဘဲ မီးတောက်ပြင်းအားကို နာရီအနည်းငယ်ခြား တစ်ခါသာ စောင့်ကြည့်အစီအရင်၏ တံဆိပ်ပြားမှတဆင့် စစ်ဆေးရန် လိုအပ်သည်။ တာဝန် နည်းသကဲ့သို့ ခံစားခွင့် နည်းပါးသောအလုပ်လည်း ဖြစ်သည်။

စုန့်ဝမ်၏ အဆင့်အတန်းမှာ ယခုအခါ အလွန်မြင့်မားနေပြီ ဖြစ်သဖြင့် ကျော့ရွှေယွင်မှာ ယခင်ကကဲ့သို့ မဟုတ်ဘဲ မျက်နှာချိုသွေး ဆက်ဆံလာသည်။ စုန့်ဝမ်ကမူ သူမကို ပုံမှန်အတိုင်းသာ ဆက်ဆံခဲ့သည်။ ဝေ့တင်းမှာမူ စုန့်ဝမ်သည် ကံကောင်း၍ မဟာအကြီးအကဲ၏ လူယုံဖြစ်နေခြင်းသာ ဖြစ်ပြီး တစ်နေ့တွင် အသုံးမဝင်တော့ပါက ဆိုးရွားစွာ အဆုံးသတ်လိမ့်မည်ဟု မနာလိုစိတ်ဖြင့် တွေးနေမိသည်။ စုန့်ဝမ်က ၎င်းတို့ကို လျစ်လျူရှုကာ အထဲသို့ ဆက်ဝင်ခဲ့သည်။

ဆေးဖော်စပ်ခန်းတွင်း ရောက်သည်နှင့် ကြိုတင်ပြီး ဆက်သွယ်ထားသော ဟော့တင်းဆီမှ ဟွမ်ရင်မြက် သန့်စင်နည်းကို လေ့လာခဲ့သည်။ ၎င်းဝိညာဥ်ဆေးပင်မှာ ရွှေအမြုတေဆေးလုံး ဖော်စပ်ရာတွင် အရေးပါသော အကူဆေးပင်ဖြစ်ပြီး စုန့်ဝမ် တစ်ကြိမ်တစ်ခါမျှ အသုံးမပြုဖူးသဖြင့် လေ့လာရခြင်း ဖြစ်သည်။ ဟော့တင်းမှာ ဆေးဖော်စပ်ခြင်းတွင် ပါရမီထူးသူဖြစ်ပြီး စုန့်ဝမ်ကိုလည်း သေချာစွာ ပြသပေးခဲ့သည်။

“ကျေးဇူးတင်ပါတယ် အကြီးအကဲဟော့”

“ရပါတယ်၊ ဆရာက အကြီးအကဲဝူကို သေချာပြပေးဖို့ မှာထားပါတယ်”

“ဟုတ်ကဲ့၊ တောင်သခင်ဖုန့်ကိုလည်း ကျေးဇူးတင်ပါတယ်”

ထို့နောက် စုန့်ဝမ်သည် ကျမ်းစာဆောင်သို့သွားကာ အစိမ်းရောင်မီးတောက်အကြောင်း ရှာဖွေခဲ့သည်။ ထိုမီးတောက်မှာ ငရဲအအေးမီးတောက်ဟု ခေါ်သော ယင်ဓာတ်လွှမ်းမိုးသည့် ဝိညာဉ်မီးတောက် ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းသည် အလောင်းသန့်စင်သူများနှင့် တစ္ဆေကျင့်ကြံသူများအတွက် အလွန်တန်ဖိုးရှိသည်။ ရန်သူကို တိုက်ခိုက်ရန်သာမက အလောင်းရုပ်သေးနှင့် ဝိညာဥ်များကို သန့်စင်ရာတွင် အသုံးပြုနိုင်သည်။

စုန့်ဝမ်တွင် ယခုအခါ ဖုန်ချီထံမှ ရရှိသော ကျောက်စိမ်းမီးတောက်သည့် သန့်စင်ယန်မီးတောက်ဖြစ်ပြီး၊ ယခု မီးတောက်မှာ ယင်မီးတောက် ဖြစ်သဖြင့် မတူကွဲပြားသော မီးတောက် နှစ်မျိုးလုံး ရှိနေပြီ ဖြစ်သော်လည်း ၎င်းတို့ကို သန့်စင်အသုံးပြုနိုင်ရန် ရွှေအမြုတေအဆင့်သို့ ရောက်ရန် လိုအပ်ပေသေးသည်။ ထို့နောက် ကျောက်ဂူအိမ်သို့ ပြန်လာကာ ကျင့်ကြံခြင်း၊ အလောင်းသန့်စင်ခြင်းနှင့် ဆေးဖော်စပ်ခြင်းများကိုသာ အာရုံစိုက် လုပ်ဆောင်နေခဲ့တော့သည်။

……..

လအနည်းငယ်ကြာပြီးနောက် ဖုန့်ဖန်းယီက ရွှေအမြုတေဆေး ဖော်စပ်မှုကို လေ့လာရန် ခေါ်ယူသဖြင့် စုန့်ဝမ်နှင့် ရုန်ကျင့်ယွမ်တို့ သွားရောက်ခဲ့ကြသည်။ အသင့်ဖြစ်သည်နှင့် ဖုန့်ဖန်းယီက ဆေးစတင်ဖော်စပ်ပြီး၊ စုန့်ဝမ်တို့က ဘေးရှိ အခန်းငယ်တွင်းမှ စောင့်ကြည့်ကြသည်။ ရွှေအမြုတေဆေး ဖော်စပ်သည့် လုပ်ငန်းစဉ်မှာ အလွန်တရာ ရှုပ်ထွေးလှပြီး ဝိညာဉ်ဆေးပင် အမျိုးပေါင်း တစ်ရာကျော် ပါဝင်သည်။

ပထမတစ်အိုးကို ဖော်စပ်ရာတွင် ဖုန့်ဖန်းယီမှာ တစ်လခွဲခန့် အချိန်ယူခဲ့ရပြီးမှ အောင်မြင်စွာ ထုတ်လုပ်နိုင်ကာ ရွှေအမြုတေဆေးလုံး နှစ်လုံး ရရှိခဲ့သည်။ ရက်အနည်းငယ်ခန့် တရားထိုင် အနားယူပြီးနောက် ဖုန့်ဖန်းယီသည် ဒုတိယအကြိမ် ဖော်စပ်ပြန်သည်။ ဒုတိယအကြိမ်တွင်လည်း အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဆေးလုံး ၃ လုံး ရရှိခဲ့သည်။

ရွှေအမြုတေဆေးလုံး ဖော်စပ်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်းကြောင့် စုန့်ဝမ်သည် ဆေးဖော်စပ်မှု နည်းစနစ်များအပေါ် ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။ ဖုန့်ဖန်းယီက မြေကမ္ဘာမီးတောက်၏ အပူရှိန်ကို သုံး၍ ဆေးဖော်စပ်ခြင်းဖြစ်သည်ကို စုန့်ဝမ် သတိပြုမိလိုက်သည်။ မြေအောက်နက်ရှိုင်းသော နေရာတွင် ပိတ်လှောင်ထားသည့် မြေကမ္ဘာမီးတောက်ကို တိုက်ရိုက် ဆွဲယူအသုံးပြုနေခြင်း ဖြစ်သည်။ အပြာရောင် မီးတောက်များသည် ဆေးဖော်ခန်းရှိ နက်ရှိုင်းသော လမ်းကြောင်းမှတဆင့် တိုးထွက်လာပြီး၊ ဖုန့်ဖန်းယီ၏ တိကျသော ထိန်းချုပ်မှုအောက်တွင် ပြင်းထန်လိုက်၊ မှိန်သွားလိုက်ဖြင့် တလှည့်စီ ဖြစ်နေသည်။ ဤသည်မှာ ဆေးဖော်ချိန်ကို များစွာ တိုတောင်းစေပြီး အောင်မြင်မှုနှုန်းကိုလည်း မြင့်တက်စေသည်။

မတူညီသော ဝိညာဉ်မီးတောက်များတွင် ထူးခြားပြီး ထူးကဲသော အသုံးဝင်မှုများ ရှိကြောင်း စုန့်ဝမ် နားလည်သွားသည်။ မြေကမ္ဘာမီးတောက်သည် တိုက်ခိုက်မှုတွင် အစွမ်းမထက်သော်လည်း၊ ဆေးဖော်စပ်ရာတွင်မူ ပြိုင်ဘက်ကင်းသည်။ ဤအချက်မှာ စုန့်ဝမ် လက်ဝယ်ရှိ ကျောက်စိမ်းမီးတောက်နှင့် ငရဲအအေးမီးတောက်တို့ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

ဆေးဖော်စပ်မှု လေ့လာပြီးချိန်မှ စ၍ စုန့်ဝမ်သည် ရွှေအမြုတေဆေးလုံးအတွက် လိုအပ်သော ဝိညာဉ်ပစ္စည်းများကို တိတ်တဆိတ် စုဆောင်းနေခဲ့သည်။ လပိုင်းအတွင်း အလွန်ရှားပါးသော ဆေးပင် နှစ်မျိုးမှအပ ကျန်လိုအပ်သည့် အမယ်အားလုံးကို စုဆောင်းနိုင်ခဲ့သည်။ လိုအပ်နေသော ဆေးပင်များမှာ ကြယ်ဝိညာဉ်ပန်းနှင့် နှလုံးငြိမ်ဆေးရွက်တို့ ဖြစ်ကြသည်။

ကြယ်ဝိညာဥ်ပန်းမှာ အဆင့်နှစ် ဝိညာဉ်ဆေးပင် ဖြစ်ပြီး၊ ထန်းယွမ်ကျောင်းတော်၏ တစ်ဦးတည်းပိုင် ထွက်ကုန်ဖြစ်သဖြင့် အပြင်တွင် ရှာရန် အလွန်ခက်ခဲသည်။ သားရဲသခင်ဂိုဏ်းသည် ထန်းယွမ်ကျောင်းတော်ထံမှ သုံးလလျှင် တစ်သုတ် ဝယ်ယူလေ့ရှိသည်။ ကြယ်ဝိညာဉ်ပန်းများမှာ ဂိုဏ်းအတွင်းရှိ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ လက်ထဲသို့သာ ရောက်သွားလေ့ရှိသဖြင့် စုန့်ဝမ်ကဲ့သို့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် ရရှိရန်မှာ ခက်ခဲသောကိစ္စ ဖြစ်နေသည်။

နှလုံးငြိမ်ဆေးပင်မှာမူ အဆင့်သုံး ဝိညာဉ်ဆေးပင် ဖြစ်ပြီး စိုက်ပျိုး၍မရပေ။ ၎င်းသည် သွေးအရိပ်ပုရွက်ဆိတ်ဟု ခေါ်တွင်သော အဆိပ်ရှိပိုးကောင်များ၏ အသိုက်အနီးတွင်သာ ပေါက်ရောက်တတ်သည့် အပင်ဖြစ်သည်။ ရှားပါးလွန်းသဖြင့် ဈေးနှုန်းမှာ အလွန်မြင့်မားပြီး ပုံသေဈေးလည်း မရှိပေ။ သွေးအရိပ်ပုရွက်ဆိတ်များသည် ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နေရာများတွင်သာမက၊ စွမ်းအင် ခေါင်းပါးသော နေရာများတွင်လည်း ရှိတတ်သဖြင့် ဆေးပင်ကို ရှာတွေ့ရန်မှာ ကံတရားပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေသည်။ ဈေးများတွင် တစ်ခါတစ်ရံ တစ်ကိုယ်တော် ကျင့်ကြံသူများက လာရောက်ရောင်းချလေ့ ရှိသော်လည်း အင်အားကြီးအဖွဲ့အစည်းများက ချက်ချင်း လက်ဦးအောင် ဝယ်ယူသွားလေ့ ရှိကြသည်။

ကြယ်ဝိညာဉ်ပန်းအတွက်မူ လောလောဆယ်တွင် နည်းလမ်းမရှိသဖြင့် နောက်ပိုင်းတွင် ဖုန့်ဖန်းယီထံမှ တောင်းယူရန် စုန့်ဝမ် စီစဉ်ထားသည်။ နှလုံးငြိမ်ဆေးပင်အတွက်မူ အရှေ့ဟွာဖန်းဈေးနှင့် တစ္ဆေဈေးတို့တွင် ကံစမ်းကြည့်ရန် စဉ်းစားလိုက်သည်။

သို့သော် ဟယ်ဟွမ်းဂိုဏ်းမှ လန်ချန်း အရှေ့ဟွာဖန်းဈေးတွင် ရှိနေဆဲလားဆိုသည်ကို မသေချာသဖြင့် ထိုနေရာသို့ မသွားရဲပေ။ တစ္ဆေဈေးသို့ ကိုယ်တိုင်သွားရန်ပင် တွန့်ဆုတ်နေမိသည်။ ယခင်က ဆုံခဲ့ချိန်တွင် လန်ချန်း သူ့ကို မှတ်မိသွားသည်ဟု စုန့်ဝမ် ခံစားခဲ့ရသည်။ အကယ်၍ တစ်ယောက်တည်း ထွက်သွားရင်း လန်ချန်းနှင့် တိုးပါက ကျားတွင်းထဲ ဆိတ်ဆင်းသကဲ့သို့ ဖြစ်သွားပြီး၊ သူမ၏ ပျော်တော်ဆက် လူသားဆေးမီးဖိုအဖြစ် အသုံးချခံရကာ ပြန်လာနိုင်တော့မည် မဟုတ်ပေ။

တစ္ဆေဈေးသို့ ကိုယ်စား သွားပေးမည့် နှုတ်လုံသူ ရှာဖွေပြီး အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် စုန့်ဝမ်သည် ထလာပြီး ကျိုးစစ်ယိ၏ ဂူဝသို့ သွားခဲ့သည်။ "စီနီယာအစ်မကျိုး... ကျွန်တော် ဝူရှန်းပါ၊ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"ဟု သတင်းပို့လိုက်သည်။

ကျိုးစစ်ယိလည်း ချက်ချင်းပင် ဂူအိမ်ထဲမှ ပြုံးရွှင်စွာ ထွက်လာသည်။

"ဂျူနီယာမောင်လေးဝူ... နင် ငါ့ဆီကို ပထမဆုံးအကြိမ် လာလည်တာပဲ၊ အထဲဝင်ခဲ့ပါဦး"

ကျိုးစစ်ယိ၏ ဂူအိမ်မှာ ဇိမ်ခံပစ္စည်းများ မရှိသော်လည်း သေသေချာချာ စီစဉ်ထားသည်။ သူမသည် ကျောက်နံရံများကို သုံး၍ အိပ်ခန်း၊ ဧည့်ခန်း၊ ဆေးဖော်ခန်းနှင့် မီးဖိုချောင် စသဖြင့် နေရာအမျိုးမျိုး သပ်ရပ်စွာ ခွဲခြားထားသည်။ နှစ်ဦးသား ဧည့်ခန်းတွင် ထိုင်မိသောအခါ ကျိုးစစ်ယိက "မောင်လေးဝူ... ဒီနေ့ ငါ့ဆီ ဘာကိစ္စနဲ့ လာတာလဲ" ဟု မေးသည်။ စုန့်ဝမ်က "ကျွန်တော် အကူအညီတစ်ခု တောင်းစရာ ရှိလို့ပါ" ဟု ပြန်ဖြေသည်။

ကျိုးစစ်ယိက "ပြောပါ၊ ငါ လုပ်ပေးနိုင်တာဆိုရင် မငြင်းပါဘူး" ဟု ဆိုရာ၊ စုန့်ဝမ်က "တစ္ဆေဈေးနဲ့ အရှေ့ဟွာဖန်းဈေးတွေမှာ နှလုံးငြိမ်ဆေးပင် ရှာပေးစေချင်လို့ပါ" ဟု ပြောလိုက်သည်။

ကျိုးစစ်ယိမှာ ဇဝေဇဝါ ဖြစ်သွားသည်။

"နှလုံးငြိမ်ဆေးပင်.. အဲဒါက အဆင့်သုံး ဝိညာဉ်ဆေးပင်လေ။ ငါသိသလောက်တော့ အဆင့်နှစ် ဆေးလုံးတွေ ဖော်စပ်ရာမှာ အဲဒါကို သုံးခဲပါတယ်။ ဘာလို့ အဲဒါကို ရှာနေတာလဲ"

"ကျွန်တော့်မှာ ကိုယ်ပိုင် အကြောင်းပြချက် ရှိလို့ပါ၊ ထပ်မမေးပါနဲ့ဦး။ အခြေအနေအရ ကျွန်တော် ကိုယ်တိုင် အပြင်သွားလို့ မဖြစ်တာနဲ့ စီနီယာအမကို ဝယ်ပေးဖို့ အကူအညီ တောင်းတာပါ"

"ကောင်းပြီလေ၊ ငါ ထပ်မမေးတော့ပါဘူး၊ နင့်အတွက် ရှာပေးမယ်။ ဒါပေမဲ့ ငါ တစ္ဆေဈေးကို တစ်ခါမှ မရောက်ဖူးဘူး၊ နေရာကိုတောင် သေချာမသိဘူး။ အရှေ့ဟွာဖန်းဈေးမှာတော့ အဲဒီဆေးပင်ကို တွေ့ဖို့ အခွင့်အရေး အတော်နည်းလိမ့်မယ်"

စုန့်ဝမ်သည် တစ္ဆေဈေးနှင့် ပတ်သက်၍ သူသိသမျှကို ရှင်းပြလိုက်သည်။ ထို့နောက် ကျိုးစစ်ယိထံ သိုလှောင်အိတ် တစ်အိတ် ပေးလိုက်သည်။ အိတ်ထဲတွင် ဝိညာဉ်ကျောက် တစ်သောင်းနှင့် သံမျက်နှာဖုံးတစ်ခု ပါဝင်သည်။ ဤမျက်နှာဖုံးမှာ မူလက ဝမ်မင်၏ ပစ္စည်းဖြစ်ပြီး အခြေတည်အဆင့် ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံခံမှုကို ကာကွယ်ပေးနိုင်ကာ တပ်ဆင်ထားသူ၏ ရုပ်ရည်နှင့် ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ပေးနိုင်သည်။ လွန်ခဲ့သော တစ်လက ဤမျက်နှာဖုံးကို ပုံစံပြောင်း၍ ပြန်လည် သန့်စင်ထားခဲ့သဖြင့် မည်သူမျှ မှတ်မိနိုင်တော့မည် မဟုတ်ပေ။

"စီနီယာအစ်မကျိုး... တစ္ဆေဈေးက အန္တရာယ်များတယ်၊ သတိထားလုပ်ပါ။ ပြီးတော့ နှလုံးငြိမ်ဆေးပင် ဝယ်တဲ့ ကိစ္စကို ဘယ်သူ့မှ မပြောပါနဲ့ဦး"

ကျိုးစစ်ယိသည် အိတ်ကို သိမ်းဆည်းလိုက်သည်။ သူမ၏ မျက်နှာတွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်လာသည်။ စုန့်ဝမ်၏ ယုံကြည်မှုကို ရရှိခြင်းမှာ သူမအတွက် အလွန်ပျော်စရာကောင်းသော အရာဖြစ်ဟန် တူသည်။

"စိတ်မပူပါနဲ့ မောင်လေး၊ ဒီကိစ္စက ငါတို့နှစ်ယောက်ကြားမှာပဲ လျှို့ဝှက်ချက်အဖြစ် ရှိနေမှာပါ"

…..

All Chapters