ရန်သူဟောင်းနှင့် ပြန်ဆုံပြီ
Vol. 24 Ch. 252
ထိုည သန်းခေါင်ယံအချိန်တွင် စုန့်ဝမ်သည် မျက်နှာဖုံးကို တပ်ဆင်ကာ ဆေးပင်ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ နှလုံးငြိမ်ဆေးပင်မှာ အဆင့်သုံး ဝိညာဉ်ဆေးပင်များထဲတွင် ရှားပါးပြီး ဈေးကြီးသည်။ ဝိညာဉ်ကျောက် နှစ်သောင်းပေးချေပြီးနောက် နှလုံးငြိမ်ဆေးပင် နှစ်ပင်ကို ရရှိခဲ့သည်။
ဝိညာဥ်ဆေးပင်ဆိုင်မှ ထွက်လာပြီးနောက် စုန့်ဝမ်သည် သတင်းအချက်အလက်ရောင်းသည့် ဆိုင်ထဲသို့ ဝင်ကာ ဝိညာဉ်ကျောက် နှစ်ထောင်သုံးပြီး အလောင်းနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်နှိမ်နင်းမှု သတင်းများကို ဝယ်ယူခဲ့သည်။ လွန်ခဲ့သော သုံးလေးနှစ်ခန့်က စုန့်ဝမ်ကဲ့သို့ ပုန်းအောင်းနိုင်သူ အနည်းငယ်မှအပ၊ သစ္စာဖောက်အများစုမှာ အလောင်းနတ်ဆိုးဂိုဏ်း၏ နှိမ်နင်းခြင်းကို ခံလိုက်ရပြီဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းသည်လည်း လိုက်လံသတ်ဖြတ်သည့် တပည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ ယခုအခါ လမ်းမှန်ဂိုဏ်းများ၏ နယ်မြေအတွင်း အလောင်းနတ်ဆိုးဂိုဏ်း၏ လှုပ်ရှားမှုများကို မတွေ့ရတော့ပေ။
ဤသည်မှာ စုန့်ဝမ်အတွက် သတင်းကောင်းပင်ဖြစ်သည်။ ဂိုဏ်း၏ လိုက်လံသတ်ဖြတ်မှုမှာ သူ့အပေါ်တွင် ဓားတစ်စင်းကဲ့သို့ အမြဲရှိနေခဲ့သော်လည်း ယခုအခါ ထိုဓားမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဆိုင်မှထွက်ပြီးနောက် တစ္ဆေဈေးထဲတွင် လျှောက်သွားသော်လည်း ထူးခြားသည့်အရာ မတွေ့သဖြင့် သားရဲသခင်ဂိုဏ်းဘက်သို့ ပြန်လာခဲ့သည်။
ဂိုဏ်းနှင့် မိုင်ငါးရာခန့်အကွာသို့ ရောက်သောအခါ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ဝူရှန်းအသွင်သို့ ပြန်ပြောင်းကာ ဆက်လက်ထွက်ခွာလာသည်။ မိုင်နှစ်ရာခန့် ခရီးနှင်ပြီးနောက် ရုတ်တရက် အေးစက်စက် ဓားအလင်းတန်း သုံးခု သူ့ထံသို့ တိုးဝင်လာခဲ့သည်။ စုန့်ဝမ်၏ မျက်နှာမှာ အေးစက်သွားသည်။ ဂိုဏ်းနှင့် မိုင်သုံးရာသာ ဝေးတော့သည့်နေရာတွင် ဂိုဏ်းသားတစ်ဦးကို လုပ်ကြံရဲသူ ရှိနေသည်မှာ အံ့သြစရာပင်။
စုန့်ဝမ်လည်း ချက်ချင်းပင် မြေကမ္ဘာစေတီကို အသက်သွင်းလိုက်ရာ စေတီတော်သည် လေထဲတွင် ချက်ချင်းပင် ပေါ်ထွက်လာပြီး စုန့်ဝမ်၏ ဦးခေါင်းအထက်တွင် ဝဲပျံကာ အဝါရောင် အလင်းတန်းများ ဖြာထွက်လာသည်။
"ချွင်... ချွင်... ချွင်"
ဓားအလင်းတန်း သုံးခုသည် အဝါရောင်အလင်းကို ထိမှန်သွားသော်လည်း အပြင်သို့ ပြန်ကန်ထွက်သွားသည်။ သို့သော် ထိုဒဏ်ကြောင့် စုန့်ဝမ်မှာ နောက်သို့ အကြိမ်ကြိမ် ဆုတ်ခဲ့ရသည်။ ချောင်းမြောင်းတိုက်ခိုက်သူ သုံးဦးစလုံးမှာ အခြေတည်အဆင့် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်နေသဖြင့် စုန့်ဝမ် အံအားသင့်သွားသည်။
"ဟင်" အမျိုးသမီးတစ်ဦး၏ အံ့သြသံ ထွက်ပေါ်လာသည်။ အခြေတည်အဆင့် အထွ်အထိပ် ကျင့်ကြံသူ သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို စုန့်ဝမ် ခံနိုင်ရည်ရှိနေသည်ကို သူမ အံ့သြသွားပုံရသည်။
ချက်ချင်းပင် ရှေ့ရှိ သစ်တောထဲမှ လူရိပ်လေးခု ထွက်ပေါ်လာသည်။ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်ပြီး အားလုံးမှာ အနက်ရောင် ဝတ်ဆင်ထားကြသည်။ အမျိုးသမီးမှာ အလယ်တွင်ရှိပြီး အခြေတည် အထွတ်အထိပ် ကျင့်ကြံသူ အမျိုးသား သုံးဦးက ဝိုင်းရံထားရာ သူမမှာ ခေါင်းဆောင်ဖြစ်ကြောင်း သိသာသည်။ သူမမှာ လှပပြီး သွယ်လျသူ ဖြစ်သည်။ သူမ၏ တောက်ပသော မျက်လုံးများထဲတွင် စုန့်ဝမ်ကို တစ်စစီ ဆုတ်ဖြဲပစ်ချင်သည့် နက်ရှိုင်းသော အာဃာတနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
"ကျိယင်... အနှစ် ၃၀ တောင်မပြည့်သေးတဲ့ အချိန်အတွင်းမှာ နင်က အဆင့်နိမ့် ချီစုစည်းခြင်းအဆင့်ကနေ အခြေတည် အလယ်အဆင့်ထိ ရောက်လာတာပဲ။ အလောင်းနတ်ဆိုးဂိုဏ်းရဲ့ အပြင်စည်းတပည့်လေးဘဝကနေ သားရဲသခင်ဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်လာခဲ့တာပေါ့။ အခြေတည် အထွတ်အထိပ် သုံးယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်သေးတယ်ဆိုတော့ နင့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိပုံရတယ်"
အမျိုးသမီး၏ လေသံမှာ အမုန်းတရားများဖြင့် ပြည့်နေသည်။
"အဲဒီတုန်းက ငါ့ရဲ့ ယန်မိသားစုဝင် ရှစ်သောင်းကျော် သေဆုံးခဲ့ရတာ နင့်ကြောင့်ပဲ။ ဒီနေ့တော့ နင့်ကို အရှင်လတ်လတ် အရေခွံခွာပြီး နင့်ဝိညာဉ်ကို အလောင်းထဲမှာ သန့်စင်ပြီး ထာဝရ နှိပ်စက်ပစ်မယ်"
ထိုအမျိုးသမီးမှာ ယန်မိသားစု၏ ပါရမီရှင် ယန်ယဲ့ဝမ်ပင် ဖြစ်သည်။ စုန့်ဝမ်ကို အလွန်တရာ မုန်းတီးသော်လည်း အလျင်စလို မတိုက်ခိုက်သေးပေ။ သူမလက်အောက်တွင် အခြေတည် အထွတ်အထိပ်အဆင့် သုံးဦးရှိရာ စုန့်ဝမ်ကို သတ်ရန်မှာ လွယ်ကူသည်ဟု သူမ ယူဆထားသည်။
စုန့်ဝမ်၏ စေတီတော်မှာ ခုခံမှုကောင်းသော်လည်း ကျင့်ကြံမှုအဆင့် သာလွန်သူသုံးဦး၏ အဆက်မပြတ် တိုက်ခိုက်မှုကို ကြာရှည် ခံနိုင်မည်မဟုတ်ပေ။ သူမက စုန့်ဝမ်ကို ကြောက်ရွံ့တုန်လှုပ်စေချင်ပြီး မျှော်လင့်ချက်မဲ့သည့် ခံစားချက်ကို ခံစားစေချင်သည်။ ထိုသို့ နှိပ်စက်နိုင်မှသာ လွန်ခဲ့သော အနှစ် ၃၀ ကတည်းက မြုပ်နှံထားသည့် အာဃာတများကို ဖြေဖျောက်နိုင်မည် ဖြစ်သည်။
စုန့်ဝမ်သည်လည်း ယန်ယဲ့ဝမ်ကို မှတ်မိသွားသဖြင့် အတော်လေး အံ့သြနေမိသည်။ အနှစ် ၃၀ မပြည့်ခင်မှာပင် သူမသည် အခြေတည် နှောင်းပိုင်းအဆင့်သို့ ရောက်နေပြီး အထွတ်အထိပ်အဆင့် ကျင့်ကြံသူ သုံးဦးကို ခေါ်၍ ကလဲ့စားလာချေနိုင်သည်မှာ သူမနောက်တွင် အင်အားကြီးသည့် အထောက်အပံ့တစ်ခု ရှိရမည်မှာ မြေကြီးလက်ခတ် မလွဲပင်။
စုန့်ဝမ်ကို ပို၍ ဇဝေဇဝါဖြစ်စေသည်မှာ ယန်ယဲ့ဝမ် သူ့ကို မည်သို့ ရှာတွေ့သနည်းဟူသောအချက် ဖြစ်သည်။ အလောင်းနတ်ဆိုးဂိုဏ်းတွင် ကျန်ခဲ့သည့် ဝိညာဉ် အပိုင်းအစကြောင့် ဖြစ်မည်ဟုသာ တွေးလိုက်သည်။ လမ်းမှန်နှင့် နတ်ဆိုးလမ်းစဥ် စစ်ပွဲပြီးကတည်းက ကိုးနန်းတော်ဂိုဏ်းနှင့် အလောင်းနတ်ဆိုးဂိုဏ်းတို့ ပို၍ နီးစပ်လာခဲ့ရာ၊ ယန်ယဲ့ဝမ်သည် ကိုးနန်းတော်ဂိုဏ်း၏ အထောက်အပံ့ဖြင့် သူ့ဝိညာဉ်အမှတ်အသားကို ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။
ယန်ယဲ့ဝမ်က သူ့ကို တဖြည်းဖြည်း နှိပ်စက်လိုသော်လည်း၊ စုန့်ဝမ်ကမူ သူမနှင့် အချိန်ဖြုန်းရန် အစီအစဉ်မရှိပေ။ သူမ ကိုယ်တိုင် ရောက်လာမှတော့ သူမ၏ ဆွေမျိုးသားချင်းများရှိရာသို့ ပို့ပေးလိုက်ရုံသာ ရှိသည်။ မိသားစုဆိုသည်မှာ အတူတူ ရှိနေသင့်သည် မဟုတ်လား။ ထို့ပြင် သူမလက်ထဲရှိ သူ့ဝိညာဉ်အပိုင်းအစကို ပြန်ယူနိုင်လျှင် နောင်ရေးအတွက် စိတ်အေးရမည် ဖြစ်သည်။
အေးစက်သော အလင်းတန်းနှင့်အတူ ဝိညာဉ်ခွဲဓား လေထဲသို့ ပျံထွက်သွားသည်။ ယန်ယဲ့ဝမ်မှာ စုန့်ဝမ်က ထွက်မပြေးဘဲ ဦးအောင် တိုက်ခိုက်ရဲသည်ကို အံ့သြသွားသည်။ "သူ့ကို အရှင်ဖမ်းကြ" ဟု သူမ အမိန့်ပေးလိုက်သည်။ အခြေတည် အထွတ်အထိပ် သုံးဦးသည် သူတို့၏ ဓားပျံများကို စုန့်ဝမ်ထံသို့ စေလွှတ်လိုက်ကြသည်။ တချိန်တည်းမှာပင် ၎င်းတို့ထဲမှ တစ်ဦးက ဒိုင်းကို အသုံးပြုကာ ဝိညာဥ်ခွဲဓားကို ကာကွယ်လိုက်သည်။
သို့သော် ဝိညာဉ်ခွဲဓားမှာ အယောင်ပြသာ ဖြစ်သည်။ ၎င်းသည် ရန်သူများနှင့် ပေ ၃၀ ခန့်အကွာတွင် ရုတ်တရက် လမ်းကြောင်းပြောင်းကာ အောက်ရှိ သစ်တောထဲသို့ ဆင်းသွားသည်။ စုန့်ဝမ်သည်လည်း သစ်တောထဲသို့ ချက်ချင်း ခုန်ဆင်းသွားသည်။ ရန်သူ့ဓားပျံ သုံးစင်းမှာ ထပ်ချပ်မကွာ လိုက်ပါလာသော်လည်း မြေကမ္ဘာစေတီ၏ ခုခံမှုကြောင့် စုန့်ဝမ်သည် ထိခိုက်မှုမရှိဘဲ သစ်ပင်များကြားထဲသို့ ကွယ်ပျောက်သွားသည်။
"လိုက်ကြ"
ယန်ယဲ့ဝမ်က အံကြိတ်ကာ ပြောလိုက်သည်။ သူမသည် စုန့်ဝမ် ဂိုဏ်းပြင်ထွက်လာမည့်အချိန်ကို နှစ်နှစ်တောင် စောင့်ခဲ့ရခြင်း ဖြစ်သဖြင့် လွယ်လွယ်နှင့် အလွှတ်ပေးမည် မဟုတ်ပေ။ လေးယောက်စလုံး သစ်တောထဲသို့ ဆင်းလိုက်လာကြသည်။
ထိုစဉ် စုန့်ဝမ်၏ ကိုယ်မှ မိုးကြိုးစွမ်းအင်များ ထွက်ပေါ်လာပြီး အရှိန်မှာ သိသိသာသာ မြန်ဆန်သွားရာ ၎င်းတို့နှင့် အလှမ်းဝေးသွားခဲ့သည်။
"မိုးကြိုးလွတ်မြောက်နည်းစနစ်လား။ ဒီကောင်က မိုးကြိုးပညာရပ်မှာ ပါရမီရှင်ပဲ။ နင်တို့ မီအောင်လိုက်ကြ၊ ငါ့ကို ဂရုမစိုက်နဲ့" ဟု ယန်ယဲ့ဝမ်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။ ၎င်းတို့ထဲတွင် သူမက ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဖြစ်သဖြင့် အရှိန်အနှေးဆုံး ဖြစ်နေသည်။ ကျန်သုံးဦးမှာ သူမကို ကာကွယ်ရန်အတွက် အရှိန်နှုန်း လျှော့ထားခဲ့ကြခြင်း ဖြစ်သည်။
"မိန်းကလေးယန်... မိန်းကလေးရဲ့ ဘေးကင်းရေးကော" ဟု တစ်ဦးက စိုးရိမ်တကြီး မေးရာ၊ "ငါ့ကို ဂရုမစိုက်နဲ့၊ ကျိယင်ကို အမိဖမ်းဖို့ပဲ လုပ်ကြ" ဟု ယန်ယဲ့ဝမ်က ပြတ်ပြတ်သားသား ဆိုလိုက်သည်။ ထိုအခါမှ အမျိုးသား သုံးဦးသည် အစွမ်းကုန် အရှိန်မြှင့်ကာ လိုက်သွားကြသည်။ ယန်ယဲ့ဝမ်သည်လည်း သူမ၏ အပြာရောင်ဖိနပ်မှ ထွက်ပေါ်လာသော စွမ်းအင်များဖြင့် အရှိန်မြှင့်ကာ နောက်မှ လိုက်ပါလာခဲ့သည်။
ရှေ့မှ ပြေးနေသော စုန့်ဝမ်သည် ရန်သူလေးဦး၏ အနေအထားကို ကြည့်ကာ ၎င်းတို့ မမီမကမ်း ဖြစ်နေစေရန် အရှိန်ကို ထိန်းညှိထားသည်။ ဤသို့ဖြင့် မိုင်တစ်ထောင်ကျော်အကွာ၊ ဝိညာဉ်စွမ်းအင် ခေါင်းပါးသော ချောက်ကမ်းပါး တစ်နေရာသို့ ရောက်လာခဲ့ကြသည်။ စုန့်ဝမ်သည် ချောက်ထဲသို့ ခုန်ဆင်းလိုက်သည်။ ချောက်ထဲတွင် ရေစီးသန်သော မြစ်တစ်စင်း ရှိသည်။ စုန့်ဝမ်သည် မြစ်ပြင်ထက်တွင် ရပ်တန့်လိုက်ပြီး ဓားကို ကိုင်ကာ စောင့်နေသည်။
ဤနေရာမှာ ဂိုဏ်းနှင့် မိုင်နှစ်ထောင်ခန့် ဝေးသဖြင့် လူသူမသိစေဘဲ လူသတ်ရန် အကောင်းဆုံးနေရာ ဖြစ်သည်။ နောက်မှ ထပ်ချပ်မကွာ လိုက်လာသော အမျိုးသား သုံးဦးသည် စုန့်ဝမ် ရပ်နေသည်ကို မြင်သည်နှင့် တိုက်ခိုက်ကြတော့သည်။ စုန့်ဝမ်သည် သုံးယောက်ညှပ် တိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ခုခံနေရဟန် ပြသထားသည်။ မြေကမ္ဘာစေတီသာ မရှိပါက သူ သေဆုံးနေလောက်ပြီ ဖြစ်သည်။
ယန်ယဲ့ဝမ် ရောက်လာချိန်အထိ စုန့်ဝမ် အချိန်ဆွဲထားခဲ့သည်။ စုန့်ဝမ် အရေးနိမ့်နေသည်ကို မြင်သောအခါ ရောက်လာသော ယန်ယဲ့ဝမ်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ကျိယင်... နင် တော်တော် ပြေးနိုင်တာပဲ၊ ဒါပေမဲ့ အခုတော့ ဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့"
စုန့်ဝမ်၏ မျက်နှာတွင်လည်း အလားတူ အပြုံးတစ်ခု ပေါ်လာသည်။
"နောက်ဆုံးတော့ လူစုံသွားပြီပေါ့။ နင့်ကို စောင့်နေရတာ ကြာလိုက်တာ"
ယန်ယဲ့ဝမ်တို့ ဇဝေဇဝါ ဖြစ်သွားစဉ် စုန့်ဝမ်က "မိုးကြိုးကြီး... ဆင်းသက်စမ်း"ဟု ကြုံးဝါးရင်း မဟာဂူမိုးကြိုးနည်းစနစ် အသက်သွင်းလိုက်ရာ ကောင်းကင်တွင် တိမ်တိုက်များ ရုတ်တရက် ပေါ်လာပြီး အားပြင်းသော မိုးကြိုးကြီး ရန်သူတစ်ဦးထံသို့ ကျရောက်လာခဲ့သည်။
ထိုမိုးကြိုးအလင်းကြောင့် ချောက်တစ်ခုလုံး လင်းထိန်သွားသည်။ ၎င်းမှာ တောင်များကို ဖြိုခွဲနိုင်သည့် အရှိန်အဝါပင် ပါဝင်နေသည်။ ထိုလူမှာ ထိတ်လန့်သွားပြီး "ကူကြပါဦး" ဟု အော်ဟစ်ကာ ဓားပျံဖြင့် ခုခံလိုက်သည်။ ကျန်နှစ်ဦး၏ ဓားပျံများလည်း ကူညီရန် ရောက်ရှိလာပြီး မိုးကြိုးကို ဆီးကြို တိုက်ခိုက်ကြသည်။
"ဂျိမ်း.."
မိုးကြိုးနှင့် ဓားများ ထိတွေ့သွားသည့် အသံမှာ မြေကြီးတုန်မတတ် ပြင်းထန်လှသည်။ ထိုစဉ် စုန့်ဝမ်သည် မိုးကြိုးလှံ သုံးစင်းကို ထပ်မံ ဖန်တီးကာ အမျိုးသား သုံးဦးထံသို့ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်ခွဲဓားသည် နောက်ကွယ်ရှိ ယန်ယဲ့ဝမ်ထံသို့ လျှပ်စီးသဖွယ် ပြေးဝင်သွားသည်။ အမျိုးသား သုံးဦးမှာ မိုးကြိုးလှံများကို ခုခံနေရသဖြင့် ယန်ယဲ့ဝမ်ကို မကူညီနိုင်ကြပေ။
ယန်ယဲ့ဝမ်မှာ ဝိညာဥ်ရတနာဒိုင်းဖြင့် ကာကွယ်သော်လည်း ဝိညာဉ်ခွဲဓား၏ ဒဏ်ကြောင့် ဒိုင်းမှာ လွင့်ထွက်သွားသည်။ သူမခန္ဓာကိုယ်ကို ဓားထိတော့မည့် ဆဲဆဲတွင် သူမ၏ ဝတ်ရုံမှ ခရမ်းရောင် အလင်းဒိုင်းတစ်ခု ပေါ်လာပြီး ကာကွယ်ပေးလိုက်သည်။ ဓားဒဏ်ကြောင့် သူမမှာ လွင့်စင်သွားပြီး ကျောက်နံရံနှင့် ဆောင့်မိသွားသော်လည်း ဒိုင်းက မပေါက်ထွက်သေးပေ။ "မိန်းကလေးယန်ကို ကယ်ကြ" ဟု တစ်ဦးက အော်လိုက်သည်။
ထိုစဥ်မှာပင် နောက်ထပ် မိုးကြိုးတစ်စင်း ကျလာပြန်သည်။ အမျိုးသား သုံးဦးထဲမှ တစ်ဦးက ယန်ယဲ့ဝမ်ကို ကယ်ရန် ပြေးသွားပြီး ကျန်နှစ်ဦးမှာ စုန့်ဝမ်ကို ခုခံနေကြသည်။ စုန့်ဝမ်၏ မိုးကြိုးပညာရပ်မှာ အလွန်ထက်မြက် အဆက်မပြတ် ကျရောက်နေသဖြင့် ထိုနှစ်ဦးမှာ အလူးအလဲ ခံနေရတော့သည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း လျှပ်စစ်စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး ၎င်းတို့မှာ လွတ်လမ်းမရှိအောင် ပိတ်မိနေကြတော့သည်။
……..