← Chapters

ဘဝမှန် ပေါ်ခါနီးပြီ၊ ဘာလုပ်ရမလဲ

Vol. 24 Ch. 253

ဘဝမှန် ပေါ်ခါနီးပြီ၊ ဘာလုပ်ရမလဲ

Vol. 24 Ch. 253

အမျိုးသား ၃ ဦးထဲမှ နှာခေါင်းပြားပြားနှင့်လူသည် သူ့ဓားပျံကို အဆက်မပြတ် စေလွှတ်၍ ဝိညာဉ်ခွဲဓား၏ တိုက်ခိုက်မှုများအား ခုခံရင်း ယန်ယဲ့ဝမ်ကို ကယ်တင်လိုက်သည်။

"ဒီလူက ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာပဲ၊ သူလည်း အခြေတည် အထွတ်အထိပ်အဆင့် ရောက်နေတဲ့သူ ဖြစ်ရမယ်။ သူသုံးတဲ့ မိုးကြိုးနည်းစနစ်က အားကောင်းလွန်းတယ်။ ဆက်တိုက် သုံးနိုင်တယ်။ ငါတို့ ပူးပေါင်းတိုက်ရင်တောင် ယှဉ်နိုင်ဖို့ မသေချာဘူး။ ဆုတ်ခွာကြရအောင်"

ဖြူလွလွ အလင်းဒိုင်းနောက်ကွယ်မှ ယန်ယဲ့ဝမ်၏ အကြည့်များမှာ စူးရှသော အဆိပ်ဆူးများကဲ့သို့ စုန့်ဝမ်ထံသို့ စိုက်ကြည့်နေသည်။

"ဆုတ်ခွာမယ် ဟုတ်လား၊ နင်က ငါ့ကို နောက်ဆုတ်ခိုင်းတာလား။ မိသားစုအတွက် ကလဲ့စားချေဖို့ ငါ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲဆိုတာ နင်သိလား။ ငါ့ဘဝရော၊ ငါ့အသက်ရောပဲ။ ငါ အနှစ် ၃၀ နီးပါး စောင့်ခဲ့ရတယ်၊ ရန်သူက ငါ့ရှေ့မှာတင် ရှိနေတာတောင် နင်က ငါ့ကို ပြန်ဆုတ်ခိုင်းနေတယ်ပေါ့"

ယန်ယဲ့ဝမ်၏ မျက်နှာမှာ မကျေနပ်မှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေပြီး ရူးသွပ်နေသူနှင့်ပင် တူနေတော့သည်။

"မိန်းကလေးယန်... အသက်ရှင်နေသရွေ့ အခွင့်အရေး ရှိပါသေးတယ်။ အခု ရန်သူက ဘယ်သူဆိုတာ ငါတို့သိသွားပြီပဲ၊ အသက်ရှင်လျက် ဂိုဏ်းကို ပြန်ရောက်ရင် မဟာအကြီးအကဲကို အကူအညီတောင်းလို့ ရတယ်။ အခြေတည်အဆင့် ကျင့်ကြံသူဆိုတာ ဘာမှ မဟုတ်ပါဘူး"

ယန်ယဲ့ဝမ် အံကြိတ်ကာ မျက်လုံးများ နီမြန်းလျက် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် "သွားမယ်"ဟု ဆိုပြီး ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

နှာခေါင်းပြားပြားနှင့်လူ၏ မျက်နှာမှာ ဝင်းပသွားပြီး ကျန်နှစ်ဦးကို အော်ပြောလိုက်သည်။

"ရန်သူက အင်အားကြီးတယ်။ ညီအစ်ကိုတို့... ဆုတ်ကြမယ်"

"ထွက်သွားချင်တာလား၊ နောက်ကျသွားပြီ… ဒီချောက်ကမ်းပါးက မင်းတို့ရဲ့ သင်္ချိုင်းဖြစ်ရမယ်"

စုန့်ဝမ်၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။ ချောက်ကမ်းပါး အထက်တွင် အနက်ရောင် အရိပ်သုံးခု ရုတ်တရက် ပေါ်လာပြီး အောက်သို့ ဆင်းလာကြသည်။

နှာခေါင်းပြားပြားနှင့်လူမှာ အပေါ်သို့ မော့ကြည့်လိုက်ပြီး မျက်နှာပျက်သွားတော့သည်။

"မကောင်းတော့ဘူး၊ အလောင်းရုပ်သေးတွေပဲ။ ပြေးကြ" သတိပေးရင်း အဖြူရောင်ဒိုင်းကို ခြေထောက်ဖြင့် ကန်လိုက်ရာ ယန်ယဲ့ဝမ်မှာ လွင့်ထွက်သွားပြီး အလောင်းရုပ်သေးများ၏ အန္တရာယ်မှ လွတ်မြောက်သွားသည်။ ထို့နောက် သူကိုယ်တိုင်လည်း ယန်ယဲ့ဝမ်နောက်သို့ လိုက်ပြေးလေသည်။

ကျန်ရှိနေသော အမျိုးသား နှစ်ဦးမှာ ဖောက်ထွက်ရန် ကြိုးစားသော်လည်း အလောင်းရုပ်သေး သုံးခု ရောက်ရှိလာခဲ့သည်။ ငွေအလောင်းရုပ်သေးက တစ်ဦးကို ရင်ဆိုင်ပြီး ကြေးနီအလောင်းရုပ်သေး ၂ ကောင်က နောက်တစ်ဦးကို ဝိုင်းထားလိုက်သည်။

နှာခေါင်းပြားပြားနှင့်လူ ခဏမျှ ပြေးပြီးနောက် သူကန်ထုတ်လိုက်သော ယန်ယဲ့ဝမ်မှာ ချောက်ထဲသို့ အရှိန်ဖြင့် ပြန်လည် ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်တွင် ဧရာမ တစ္ဆေကြီးတစ်ကောင် မည်သည့်အချိန်က ပေါ်လာသည်မသိဘဲ ကြီးမားသော ဓားကြီးတစ်စင်းကို ကိုင်ထားသည်။ တစ္ဆေဘုရင်က ဓားဖြင့် ယန်ယဲ့ဝမ်ကို ပြန်လည် ရိုက်ချလိုက်ခြင်း ဖြစ်သည်။ တစ္ဆေဘုရင်က နှာခေါင်းပြားပြားနှင့်လူကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။

စုန့်ဝမ်လည်း အနားသို့ လျင်မြန်စွာ ချဥ်းကပ်လာပြီး ဝိညာဉ်ခွဲဓားဖြင့် ယန်ယဲ့ဝမ်ကို တိုက်ခိုက်လိုက်ပြန်သည်။ ယန်ယဲ့ဝမ်၏ အဖြူရောင်ဒိုင်းမှာ လျှို့ဝှက်နယ်မြေထဲတွင် ဝူဆွေ့ အသုံးပြုခဲ့သော ဒိုင်းနှင့် ဆင်တူနေသည်။ ဝူဆွေ့၏ ဒိုင်းမှာ ဝူယန်၏ မှော်ပညာ ဖြစ်သလို၊ ယန်ယဲ့ဝမ်၏ ဒိုင်းမှာလည်း သူမဆရာထံမှ ရရှိထားခြင်း ဖြစ်နိုင်သည်။ သို့သော် ဤဒိုင်းမှာ ဝူဆွေ့၏ ဒိုင်းထက် ဆယ်ဆခန့် ပိုမို ခိုင်ခံ့သည်။ ယန်ယဲ့ဝမ်၏ နောက်ခံမှာ ရွှေအမြုတေအဆင့်ထက် များစွာသာသော ကျင့်ကြံသူ ဖြစ်ရမည်။ ဝိညာဥ်သန္ဓေအဆင့် ဖြစ်နိုင်သည်။ ထို့ကြောင့် သူမကို အသေသတ်မှသာ နောင်ရေး စိတ်အေးရမည် ဖြစ်သည်။ သူမ၏ အဖြူရောင်ဒိုင်းမှာ ပြင်ပမှ ရရှိသော မှော်စွမ်းအင် ဖြစ်သဖြင့် အဆက်မပြတ် တိုက်ခိုက်ပါက တစ်ချိန်ချိန်တွင် စွမ်းအင်ကုန်ခမ်းကာ ပျက်စီးသွားမည် ဖြစ်သည်။

"ချွင်... ချွင်... ချွင်"

ဝိညာဉ်ခွဲဓားသည် လှိုင်းလုံးများသဖွယ် အဖြူရောင်ဒိုင်းကို အဆက်မပြတ် ရိုက်ခတ်နေသည်။ အကြိမ်ပေါင်း ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ တိုက်ခိုက်လိုက်သဖြင့် စုန့်ဝမ်၏ ဝိညာဉ်စွမ်းအင်များ ထက်ဝက်ကျော် ကုန်ခမ်းသွားသည်။ ထိုအချိန်တွင် အဖြူရောင်ဒိုင်းမှာ အရောင်မှိန်လာပြီး နောက်ဆုံးတွင် ဝုန်းခနဲ မြည်ကာ တစ်စစီ ကွဲကြေသွားတော့သည်။

ဒိုင်းက ကာကွယ်ပေးထားသော်လည်း အဆက်မပြတ် တိုက်ခိုက်ခံရသည့် တုန်ခါမှုဒဏ်ကြောင့် ယန်ယဲ့ဝမ်မှာ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး ပါးစပ်တွင် သွေးများ ထွက်နေကာ ဒဏ်ရာ အပြင်းအထန် ရနေပြီ ဖြစ်သည်။ သူမက စုန့်ဝမ်ကို အမုန်းတရားများဖြင့် စိုက်ကြည့်နေသည်။ "ကျိယင်... နင် ငါ့ကို သတ်လို့မရပါဘူး။ နင်ကသာ ငါ့လက်ထဲမှာ သေရမှာ"ဟု ဆိုကာ ငွေရောင်အဆောင်တစ်ခု ထုတ်ယူပြီး ဝိညာဉ်စွမ်းအင် ထည့်လိုက်သည်။ ချက်ချင်းပင် အဆောင်မှာ ကွဲအက်သွားပြီး တောက်ပသော ငွေရောင်အလင်းများ ထွက်ပေါ်လာကာ ယန်ယဲ့ဝမ်၏ ပုံရိပ်မှာ ဝေဝါးလာခဲ့သည်။

ဝိညာဉ်ခွဲဓားက ယန်ယဲ့ဝမ်ကို ထိုးဖောက်သွားသော်လည်း သွေးတစ်စက်မျှ ထွက်မလာဘဲ သူမ၏ ပုံရိပ်မှာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။ ဤသည်ကို မြင်သောအခါ စုန့်ဝမ်မျက်နှာ မည်းမှောင်ကျသွားတော့သည်။ ယန်ယဲ့ဝမ် လွတ်သွားလိမ့်မည်ဟု မထင်ထားခဲ့။ ထိုငွေရောင်အဆောင်မှာ မည်သို့သော ရတနာဖြစ်သဖြင့် သူမကို နေရာရွှေ့ပြောင်း ပေးလိုက်သနည်းဟု တွေးနေမိသည်။

ချောက်အောက်ခြေသို့ ဆင်းလိုက်သောအခါ တိုက်ပွဲပြီးဆုံးနေပြီ ဖြစ်သည်။ အခြေတည် အထွတ်အထိပ်အဆင့် အမျိုးသား သုံးဦးမှာ တစ္ဆေဘုရင်နှင့် အလောင်းရုပ်သေးများ၏ လက်ချက်ဖြင့် မသေရုံတမယ် ဖြစ်နေကြသည်။ စုန့်ဝမ်သည် ၎င်းတို့၏ ဝိညာဉ်များကို ရှာဖွေစစ်ဆေးမှု ပြုလိုက်သည်။ ထို ၃ ဦး၏ မှတ်ဉာဏ်များကို ပေါင်းစပ်ကြည့်သောအခါ အခြေအနေကို ကောင်းစွာ သဘောပေါက်သွားသည်။

ယန့်မိသားစု ပျက်စီးပြီးနောက် ယန်ယဲ့ဝမ်သည် ကိုးနန်းတော်ဂိုဏ်းသို့ ထွက်ပြေးခဲ့ပြီး မဟာအကြီးအကဲတစ်ဦးဖြစ်သော ထိုက်ဟယ်က တပည့်အဖြစ် လက်ခံခြင်း ခံခဲ့ရသည်။ ထိုက်ဟဲမှာ ဝိညာဥ်သန္ဓေ အလယ်အဆင့် ရောက်နေသူ ဖြစ်သည်။ သူက ယန်ယဲ့ဝမ်ကို အလွန်အမင်း ဂရုစိုက်ပြီး လိုအပ်သမျှ ဆေးဝါးနှင့် ရတနာများကို အလျှံပယ် ပေးခဲ့သည်။ ထို့ကြောင့် ယန်ယဲ့ဝမ်သည် နှစ်အနည်းငယ်အတွင်း အခြေတည်အဆင့်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် သူမက ကံကောင်း၍ ဆရာကောင်းနှင့် တွေ့သည်ဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထူးဆန်းသည်များကို သတိပြုမိလာသည်။ သူမ၏ အလှကြောင့် ဝိုင်းဝိုင်းလည်နေသော အမျိုးသားအားလုံးကို သူမဆရာက နှင်ထုတ်ပစ်ပြီး အချို့မှာ တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။ တစ်နေ့တွင် အကြီးအကဲတစ်ဦး၏ သားက ချစ်ရေးဆိုလာသောအခါ သူမက ကလဲ့စားချေရန် အင်အားစုဆောင်းလိုသဖြင့် လက်ခံရန် စဉ်းစားခဲ့သော်လည်း၊ ထိုက်ဟယ်က ထိုဂိုဏ်းအကြီးအကဲ၏ သားကို လူသူရှေ့မှာတင် သတ်ပစ်ခဲ့သည်။

ယန်ယဲ့ဝမ်က သူမဆရာကို အကျိုးအကြောင်း မေးမြန်းသောအခါမှ ထိုက်ဟယ်က အမှန်တရားကို ဖွင့်ပြောခဲ့သည်။ ယန်ယဲ့ဝမ်တွင် သန့်စင်ယင်ခန္ဓာဟုခေါ်သော အထူးခန္ဓာဖွဲ့စည်းပုံ ရှိနေပြီး ၎င်းမှာ ကျင့်ကြံသူတစ်ဦးအတွက် အကောင်းဆုံးသော လူသားဆေးဖို ဖြစ်သည်။ ထိုက်ဟယ်က သူမကို တပည့်အဖြစ် လက်ခံသည်မှာ သူမ၏ ယင်ဓာတ်ကို စုပ်ယူပြီး ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်အတွက်သာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူမ၏ ကျင့်ကြံမှုမှာ နိမ့်နေသေးသဖြင့် ဆက်လက် မွေးမြူထားခြင်း ဖြစ်သည်။

ဤစကားကို ကြားသောအခါ ယန်ယဲ့ဝမ်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ဝမ်းသာသွားခဲ့သည်။ သူမသည် ထိုက်ဟယ်၏ ဆေးမီးဖိုအဖြစ် ခံယူရန် အသင့်ရှိကြောင်း၊ သို့သော် သူမ၏ရန်သူ ကျိယင်နှင့် အလောင်းနတ်ဆိုးဂိုဏ်းကို ကလဲ့စားချေပေးရန် တောင်းဆိုခဲ့သည်။ တိုက်ဟယ်က အလောင်းနတ်ဆိုးဂိုဏ်း၏ မဟာအကြီးအကဲမှာ ဝိညာဥ်သန္ဓေ အထွတ်အထိပ်သို့ ရောက်နေသူဖြစ်သဖြင့် သူကိုယ်တိုင်ပင် မယှဉ်နိုင်ကြောင်း၊ ထို့ကြောင့် ဂိုဏ်းကို ကလဲ့စားချေရန်မှာ မဖြစ်နိုင်ကြောင်း ပြောခဲ့သည်။ သို့သော် ကျိယင်ကို သတ်ရန်မှာမူ သူ့အတွက် အသေးအဖွဲကိစ္စသာ ဖြစ်သဖြင့် လက်ခံခဲ့သည်။ လူသားဆေးဖိုအဖြစ် အသုံးချရာတွင်လည်း ကာယကံရှင်၏ ကျင့်ကြံမှု မြင့်မားပြီး စိတ်တူကိုယ်တူ ဖြစ်ပါက အကျိုးကျေးဇူး ပိုမိုရရှိသည်ဖြစ်၍ ဤနည်းလမ်းဖြင့် ဝိညာဥ်သန္ဓေ အထွတ်အထိပ်အဆင့်ထိ တက်လှမ်းလိုသောကြောင့် ထိုက်ဟယ်မှာ ယန်ယဲ့ဝမ်အား အလိုလိုက်နေခြင်း ဖြစ်သည်။

ထိုက်ဟယ်သည် အလောင်းနတ်ဆိုးဂိုဏ်း အကြီးအကဲများထံမှ ကျိယင်၏ ဝိညာဉ်အမှတ်အသားကို ရယူပြီး ယန်ယဲ့ဝမထထံ ပေးအပ်ခဲ့သည်။ ထို့ပြင် အမှားအယွင်း မရှိစေရန် အယုံကြည်ရဆုံး လူယုံသုံးဦးကို အတူစေလွှတ်၍ စုန့်ဝမ်ကို လိုက်လံရှာဖွေခိုင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် စုန့်ဝမ်၏ ဝိညာဉ်အမှတ်အသားကို သုံး၍ လိုက်ရှာရာမှ သားရဲသခင်ဂိုဏ်းတွင် ပုန်းနေကြောင်း သိသွားခဲ့ကြခြင်း ဖြစ်သည်။

ယန်ယဲ့ဝမ် အသုံးပြုသွားသော ငွေရောင်အဆောင်မှာ အလယ်အဆင့် ရွေ့ပြောင်းအဆောင်ဖြစ်ပြီး မိုင်နှစ်ရာ၊ သုံးရာခန့်ကို ချက်ချင်း ရွှေ့ပြောင်းပေးနိုင်သည်။ ၎င်းမှာ ထိုက်ဟဲက သူမ၏ ဘေးကင်းရေးအတွက် ပေးထားခြင်း ဖြစ်သည်။ စုန့်ဝမ်သည် ထိုလူသုံးဦး၏ ဝိညာဉ်နှင့် သွေးအဆီအနှစ်များကို စုပ်ယူပြီးနောက် ၎င်းတို့၏ အလောင်းများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ဓားပျံကို စီး၍ သားရဲသခင်ဂိုဏ်းသို့ အမြန် ပြန်လာခဲ့သည်။

ယန်ယဲ့ဝမ် လွတ်သွားခြင်းကြောင့် သားရဲသခင်ဂိုဏ်းသည် သူ့အတွက် လုံခြုံသော နားခိုရာ မဟုတ်တော့ပေ။ သူမသည် ကိုးနန်းတော်ဂိုဏ်းသို့ ပြန်ရောက်ပါ ထိုက်ဟယ်ကို သတင်းပို့ပြီး သူ့ကို လိုက်သတ်ခိုင်းမည်မှာ သေချာလွန်းလှသည်။ သားရဲသခင်ဂိုဏ်းသည်လည်း အကျိုးအမြတ်ရှိပါက သူ့ကို အသာတကြည် လွှဲပေးလိုက်ရန် ဝန်လေးမည် မဟုတ်ပေ။ စုန့်ဝမ်သည် မိမိ၏ ကံကြမ္မာကို သူတစ်ပါးလက်ထဲ မအပ်လိုပေ။ သို့သော် လောလောဆယ်တွင် ယန်ယဲ့ဝမ်မှာ ဒဏ်ရာအပြင်းအထန် ရထားသဖြင့် ဂိုဏ်းသို့ ပြန်ရောက်ရန် အချိန်ယူရဦးမည် ဖြစ်သည်။

စုန့်ဝမ်လည်း သားရဲသခင်ဂိုဏ်းမှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်ပြီး၊ နောင်ကျင့်ကြံမှုအတွက် လိုအပ်မည့် ပစ္စည်းများကို ကြိုတင် စုဆောင်းရန် အစီအစဉ်ဆွဲလိုက်သည်။ ဂူအိမ်သို့ ပြန်ရောက်သောအခါ အဖိုးတန် ကျင့်ကြံရေးပစ္စည်းများနှင့် မြွေတွင်းများမှ အစီအရင် အလံများကို သိမ်းဆည်းလိုက်သည်။ မိုးလင်းသောအခါ ဆေးတောင်ထိပ်သို့ သွားပြီး ဝိညာဉ်ကျောက် အမြောက်အမြား သုံး၍ လိုအပ်သော ဆေးပင်များကို ဝယ်ယူခဲ့သည်။ ဂိုဏ်းမှ ထွက်တော့မည် ဖြစ်သဖြင့် လူအများ၏ အာရုံစိုက်ခြင်းကို မကြောက်တော့ပေ။ ဝယ်ယူသော ဝိညာ်ဆေးပင်အများစုမှာ သားရဲအသားများကို သန့်စင်ရန်အတွက် ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း ကူပိုးကောင် ခြောက်ကောင်ကို သားရဲအသားနှင့် သွေးများ ကျွေးမွေးခဲ့ရာ၊ ယခုအခါ ၎င်းတို့မှာ ဒုတိယအဆင့် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

နံနက်ခင်းတွင် စုန့်ဝမ်သည် ဖုန့်ဖန်းယီကို သွားရောက် တွေ့ဆုံခဲ့သည်။ "အကြီးအကဲဝူ... မနက်စောစောစီးစီး ဘာအခက်အခဲရှိလို့လဲ" ဟု ဖုန့်ဖန်းယီက ပြုံးလျက် မေးသည်။ စုန့်ဝမ်က အလောင်းသန့်စင်ရန်အတွက် ပစ္စည်းအချို့ ကုန်သွားသဖြင့် လာရောက် တင်ပြခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်။ ဖုန့်ဖန်းယီက ပစ္စည်းများမှာ အဆင်သင့် ရှိနေပြီဖြစ်ကြောင်း ပြောကာ သိုလှောင်လက်စွပ်တစ်ကွင်း ပေးလိုက်သည်။ ထိုအထဲတွင် ဝိညာဉ်ကျောက် တစ်သိန်းကျော် တန်ဖိုးရှိသော အလောင်းသန့်စင်ရေး ပစ္စည်းများ ပါဝင်သည်။

ထို့နောက် ဖုန့်ဖန်းယီက ကျောက်စိမ်းသေတ္တာ လေးလုံးကို ထုတ်ပေးလိုက်သည်။

"ဒါက ငါကတိပေးထားတဲ့ ကြယ်ဝိညာဉ်ပန်း လေးပွင့်ပဲ"

စုန့်ဝမ် သေတ္တာများကို စစ်ဆေးကြည့်သောအခါ သက်တမ်းနှစ် နှစ်ရာခန့်ရှိသော ဆေးပင်များကို တွေ့လိုက်ရသဖြင့် အလွန် ဝမ်းသာသွားပြီး ဖုန့်ဖန်းယီကို အလေးအနက် ကျေးဇူးတင်စကား ဆိုလိုက်သည်။

ဖုန့်ဖန်းယီက "အခု အရေးကြီးဆုံးက မဟာအကြီးအကဲ ခိုင်းထားတဲ့အတိုင်း မြွေလူသား ၁၀ ကောင်ကို အမြန် သန့်စင်ပေးဖို့ပဲ၊ ငါ့မျှော်လင့်ချက်တွေကို မပျက်စီးစေနဲ့" ဟု မှာကြားလိုက်သည်။ စုန့်ဝမ်က "ဟုတ်ကဲ့ပါ၊ ကျွန်တော် အခုပဲ မြွေဂူကို သွားပြီး အစွမ်းကုန် ကြိုးစားပါ့မယ်" ဟု ပြန်လည် ဖြေကြားလိုက်ပြီးနောက် ထွက်ခွာလာခဲ့သည်။

စုန့်ဝမ်သည် မြွေဂူသို့ ရောက်ရှိလာပြီး လျိုကျန်းကို သွားတွေ့သည်။

"အကြီးအကဲလျို... ကျွန်တော့်ကို အသားလုံးတချို့ ထပ်ပေးလို့ရမလား"

"အကြီးအကဲဝူ... လွန်ခဲ့တဲ့ သုံးရက်ကမှ အသားလုံး ၁၀ လုံး ယူသွားတယ်မဟုတ်လား။ အဲဒါတွေက ဒီလောက်တောင် မြန်မြန် ကုန်သွားတာလား"

"မပြောပါနဲ့တော့ဗျာ၊ ကျွန်တော် အမှားအယွင်း ဖြစ်ပြီး ပျက်စီးအောင် လုပ်မိသွားလို့ပါ"

လျိုကျန်းမှာ အံ့အားသင့်သွားပြီး ကြောင်အသွားသည်။ အသားလုံး တစ်လုံးစီမှာ ဇလုံတစ်လုံးခန့် အရွယ်အစား ရှိရာ၊ တစ်ခါတည်းနှင့် ၁၀ လုံးကျော် ပျက်စီးသွားအောင် မည်သို့လုပ်မိသနည်းဟု သူ တွေးမရပေ။ သို့သော် အများကြီး ထပ်မတွေးတော့ပါ။ စုန့်ဝမ်၏ ရာထူးအဆင့်နှင့်ဆိုလျှင် အသားလုံး ၁၀ လုံးအတွက် သူ့ရှေ့တွင် လိမ်ပြောနေစရာ မလိုဟု ယူဆလိုက်သည်။ လျိုကျန်းက လက်ဝေ့ယမ်းလိုက်ရာ အသားလုံး ၁၀ လုံး ထွက်ပေါ်လာပြီး စုန့်ဝမ်ထံသို့ ပျံသန်းသွားသည်။

စုန့်ဝမ်သည် အသားလုံးများကို အားမနာတမ်း လက်ခံလိုက်သော်လည်း စိတ်ကျေနပ်ဟန် မပေါ်ဘဲ "အကြီးအကဲလျို... ဒါက နည်းလွန်းရာ မကျဘူးလား။ ၁၀ လုံးဆိုတာ ကြာကြာမခံဘူးဗျ၊ နည်းနည်းလောက် ထပ်ပေးပါဦး"ဟု ဆိုပြန်သည်။

လျိုကျန်းမှာ မျက်နှာရှုံ့မဲ့သွားပြီး "အကြီးအကဲဝူ... အသားလုံးတွေကို ဝိညာဉ်သားရဲတောင်ကနေ ထောက်ပံ့တာပါ၊ သူတို့က တစ်ခါပေးရင် ဆယ်ရက်စာပဲ ပေးတာ။ အခုပေးလိုက်တဲ့ ၁၀ လုံးတောင် ကျွန်တော် အချိန်အကြာကြီး စုထားရတာပါ။ ဒီထက် ပိုပေးလိုက်ရင် ဂူထဲက ကျန်တဲ့ မြွေလူသားတွေ ငတ်ကုန်လိမ့်မယ်။ ပိုလိုချင်ရင် ဝိညာဉ်သားရဲတောင်ထိပ်က သားရဲရိက္ခာတာဝန်ခံ အကြီးအကဲကျွမ်းထောင်ကို သွားပြောကြည့်ပါတော့" ဟု ရှင်းပြသည်။

"ဘာ… ဝိညာဉ်သားရဲတောင်က ကျွန်တော်တို့ကို အဟန့်အတား လုပ်ရဲတာလား။ မြွေလူသားတွေကို အမြန်သန့်စင်ဖို့ မဟာအကြီးအကဲက အရေးတကြီး ခိုင်းထားတာကို သူတို့ မသိကြဘူးလား"

လျိုကျန်းကလည်း မကျေမချမ်းဖြင့် "ဘယ်သူသိမှာလဲဗျာ၊ အဲဒီလူတွေက အမြဲတမ်း ဘဝင်မြင့်ပြီး ရိုင်းစိုင်းကြတာ။ သူတို့ကို အကူအညီတောင်းတိုင်း နှာခေါင်းရှုံ့ပြီး လျစ်လျူရှုတတ်ကြတာ" ဟု ဆိုသည်။

"ဟွန်း.. ဒါဆို ကျွန်တော် ကျွမ်းထောင်ကို သွားရှာလိုက်မယ်။ မဟာအကြီးအကဲရဲ့ အမိန့်ပါတာတောင် မကူညီဘဲ နေရဲမလား ကြည့်ကြသေးတာပေါ့" ဟု ဆိုကာ စုန့်ဝမ်သည် ဒေါသတကြီး ထွက်ခွာသွားသည်။

………

All Chapters