အနောက်ဘက်နယ်မြေမဟာမိတ်
Vol. 6 Ch. 72
ဒီနေရာမှာ သူရပ်နေပေမဲ့လို့ ရှီဟိုင်နဲ့ အခြားလူ ရှစ်ယောက်ဟာ အကြောင်းရင်း တချို့ကြောင့် သူ့ကို သတိမမူမိကြဘူး။ ဒီပဟေဠိဆန်တဲ့လူကြီး ဘယ်အချိန်မှာ ရောက်လာတာလဲ ဆိုတာကို မသိသလို သူရှိနေတာကိုလည်း မသိကြဘူး။ သူတို့မျက်လုံး ဖွင့်ကြည့်ရင်တောင် အရှေ့က ဟင်းလင်းပြင်ကိုပဲ မြင်ရလိမ့်မယ်။
"မြင့်မြတ်တဲ့သားရဲငှက်၊ မီးလျှံမာန်မျိုးနွယ်စုရဲ့ ဒဏ္ဍာရီလာသတ္တဝါ လေးကောင်ထဲက တစ်ကာင်ပဲ… ဒီကောင်တွေဟာ အဲဒီနှစ်တုန်းက မာန်နတ်ဘုရားတွေရဲ့ သုတ်သင် ဖျက်ဆီးတာကို ခံခဲ့ရတယ်… ဒီနေရာမှာ သူ့ဝိညာဉ် တစ်စိတ်တစ်ပိုင်း ရှိနေမယ်လို့ ငါထင်မှတ်မထားဘူး… မဟူရာတောင် အကြီးအကဲ ပိထူသာ ငါ့ကို မပြောပြခဲ့ရင် ငါသိလိုက်မှာ မဟုတ်ဘူး… အို... ကောင်းပြီ၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေးရာ အကြောင်းတရားတွေကြောင့် ငါ့ကိုပြောပြတာ ဖြစ်နိုင်တယ်။ ဒီကောင်ကြီးကို ငါမြင်လိုက်ပြီ ဆိုတော့ သူ့တောင်းဆိုချက်ကို သေချာပေါက် ဖြည့်ဆည်း ပေးရမယ်”
"ဒီနေရာမှာ ရုပ်နယ်လွန်အဆင့်ကို ရောက်နေတဲ့သူ နှစ်ယောက်ပဲ ရှိတယ်။ သူတို့ကို ငါ့အချိန်တွေ အကုန်ခံပြီး စိတ်ဝင်စား ရလောက်အောင် မထိုက်တန်သေးဘူး… လေပြေစီးကြောင်း မျိုးနွယ်စုဟာ အနောက်ဘက် နယ်စပ် နယ်နိမိတ်ဒေသမှာ ရှိတယ်လို့ ကြားဖူးတယ်။ သူတို့ဟာ အရင်းတုန်းကထင်ရှားကျော်ကြားခဲ့တဲ့ မြောင် မာန်မျိုးနွယ်စုရဲ့ အဖွဲ့ငယ်တစ်ခုပဲ ဖြစ်တယ်လို့ ငါသတင်းရတယ်။ ( မြောင်မာန်မျိုးနွယ်စုဟာ တရုတ်ပြည်ရဲ့ ကျော်ကြားလှတဲ့ မဟာမျိုးနွယ်စုကြီး တစ်ခု ဖြစ်ခဲ့တယ်။) ပဟေဠိဆန်လွန်းတဲ့ လူကြီးဟာ နှုတ်ကရေရွတ်နေရင်း နောက်ထပ်တစ်ခါ ပြန်ချိပ်ပိတ်ဖို့ လုပ်နေတဲ့ လေပြေစီးကြောင်း တောင်ခြေဆီကို တစ်လှမ်းချင်း ရှေ့တိုးသွားတယ်။
စုမင်ဟာ လေပြေစီးကြောင်း မြို့တော်က နက်မှောင်တောင် အဖွဲ့သားတွေ တည်းခိုရာ နေရာကို ပြန်ရောက်လာတယ်။ ပုံမှန်ရုပ် ပြန်ဖြစ်သွားတာနဲ့ ချောမောလှပပြီး အပြစ်ကင်းတဲ့မျက်နှာပိုင်ရှင် လူငယ်ရုပ်လေး ပြန်ပေါ်လာတယ်။ ရိုးရှင်းတဲ့ သားရေအင်္ကျီကို ဝတ်ဆင်ထားပြီးတော့ နက်မှောင်တောင် အဖွဲ့သားတွေ စတည်းချတဲ့ နေရာမှာ ထိုင်နေတယ်။
သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်သောက ရောက်နေတာ တွေ့ရတယ်။ စမ်းသပ်ပွဲ ပထမအဆင့်မှာ ဖြစ်ပျက်ခဲ့သမျှတွေဟာ သူ့အတွက်တော့ အိပ်မက် တစ်ခုလိုပါပဲ။ သူကိုယ်တိုင် မဟုတ်ဘဲ အခြားတစ်ယောက်က လုပ်ခဲ့သလို ခံစားရတယ်။ အထူးသဖြင့် ကွင်းထဲကို ပြန်ရောက်လာပြီး လူတွေအားလုံး အာရုံစိုက် အလေးပေးရတဲ့ အချိန်မှာတော့ သူ့နှလုံးခုန်နှုန်းကို ပိုမြန်လို့ သွားစေတယ်။ ပိုင်လင်းကို အမျိုးသမီးကြီးနဲ့ စစ်ခုန်းအရှေ့မှာ စကားပြောခဲ့တာကို သတိရမိချိန်မှာ သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်နေမိတယ်။
အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးတော့ သူ့ရင်ထဲက စိတ်လှုပ်ရှားမှုတွေ တည်ငြိမ်သွားအောင် လုပ်တယ်။ မျက်လုံး မှိတ်လိုက်ပြီး သူ့ကိုယ်ထဲက အကန့်အသတ်မဲ့ ချီဓာတ်ကို အာရုံခံလိုက်တယ်။ သွေးကြောပေါင်း ၁၆၀ကနေ ပေါက်ကွဲ ပွင့်ထွက်လာတဲ့ စွမ်းအင်ဟာ စုမင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေလို့ သွားတယ်။
နောက်ဆုံး အနေနဲ့ သူ့ရဲ့သွေးကြောတွေဟာ ၁၅၆ကနေ ၁၆၀ကြော အဖြစ် သွေးကြော လေးကြော တိုးလာတယ်။
“ငါအခု သွေးကြော ကျောက်သား ကျင့်စဉ်ရဲ့ အဆင့် ခြောက်မှာ ရောက်နေပြီ။ အခုနေရာနဲ့ သွေးကြော ၂၄၅ကြော လိုအပ်တဲ့ သွေးကြော ကျောက်သား ကျင့်စဉ် အဆင့် ခုနစ်နဲ့ သိပ်ကွာဟမှု မရှိဘူး…” စုမင်ဟာ တတွတ်တွတ်ပြောရင်း မျက်ဝန်းမှာတော့ ထူးဆန်းတဲ့ အရောင်အဝါတွေ ရှိနေတယ်။
“မှောင်မိုက်သွေးမှုန်ကို ငါစ လေ့ကျင့်လို့ရပြီ… ဒါပေမဲ့လည်း အစွမ်းထက်မြက်တဲ့ နတ်ဆိုးသုံးဖော် ကွပ်မျက်ကို ကျင့်ကြံနိုင်ဖို့တော့ ငါနည်းနည်း ထပ်စောင့်ရဦးမယ်”
စုမင်ဟာ အာရုံစူးစိုက်တဲ့ အကြည့်နဲ့အတူ ထိုင်ချလိုက်ပြီး စမ်းသပ်ပွဲ ပထမအဆင့်မှာ ဖြစ်ပျက်ခဲ့သမျှကို ဆင်ခြင် သုံးသပ်နေတယ်။ အပြုံးတစ်ခုဟာ သူ့နှုတ်ခမ်းထောင့်စွန်းမှာ ဖြည်းဖြည်းချင်း ပေါ်လာတယ်။
“ဒီထက်ပိုပြီးတော့ ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းကို ငါ ကျွမ်းကျင်သွားပြီ။ ငါ့စိတ် ရွေ့လျားနေရင် ချီဓာတ်ဟာလည်း လှုပ်ရှားနေမယ်။ ငါ့စိတ်သာ တည်ငြိမ်နေခဲ့ရင် ချီဓာတ်တွေကို ဖျောက်ပြီးသား ဖြစ်သွားမယ်… ဒီလိုသာဆိုရင် ချီဓာတ် နည်းနည်းလေးကိုတောင် ဖြုန်းတီးပစ်ရာ မရောက်တော့ဘူး။ ငါ့ရဲ့ တိုက်ရည်ခိုက်ရည် တိုးတက်လာရင် ငါ့အမြန်နှုန်းကလည်း နောက်ထပ် တစ်ဆင့်ကို ရောက်သွားလိမ့်မယ်”
စုမင်ဟာ စိတ်ဓာတ် တက်ကြွလာပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်တယ်။
“ဒီသွေးကြောနှုန်းနဲ့သာ ဆိုရင် အကြီးအကဲကို ကူညီပြီး ငါ့မျိုးနွယ်စုနဲ့ အဖွဲ့သားတွေကို တစ်နည်းနည်းနဲ့ ကာကွယ်ပေးနိုင်မယ် ငါ့မျိုးနွယ်စုအတွက် ငါတိုက်ခိုက် ပေးဆပ်ရဲတယ်"
ဆုံးဖြတ်ချက် ခိုင်မာတဲ့ အကြည့်တွေနဲ့ လက်သီးတင်းတင်း ဆုပ်လို့ထားတယ်။
“ငါ့စွမ်းအားတွေက ဒီလောက်ထိ မကောင်းသေးလို့ စိတ်မကောင်းဘူး။ ငါ့မှာ သွေးကြော ၁၆၀ပဲ ရှိသေးတယ်… တကယ်လို့ ငါဆက်ပြီး သွေးကြော တိုးလာအောင် လုပ်နိုင်မယ်ဆိုရင် သိပ်ဝမ်းသာဖို့ ကောင်းမှာ…”
စုမင် မျက်မှောင်ကြုတ် ထားတယ်။ တိတ်ဆိတ် ငြိမ်သက်နေရင်း ခဏအကြာမှာ မျက်လုံးထဲမှာ အလင်းရောင်တချို့ လက်လို့ သွားတယ်။
"တောင်တန်းဝိညာဉ် ဆေးလုံးတွေ ပိုဖော်စပ်နိုင်ဖို့ ဆေးပင်တွေ အများကြီး ဝယ်ရမယ်… ဒါပေမဲ့… ဟာ…” စုမင် မျက်လုံးတွေဟာ မှိန်ကျသွားတယ်။ လိုအပ်တာတွေဝယ်ဖို့ သူ့လက်ထဲမှာ တစ်ပြားမှမရှိဘူး။
“အခုအချိန်မှာ ငါ့မျိုးနွယ်စုဟာ ဒုက္ခ ကြီးကြီးမားမား ကြုံတွေ့နေရတယ်။ ကျောက်ဒင်္ဂါးပြားတွေ အများလိုအပ်တယ်… အကြီးအကဲကိုလည်း ဒုက္ခ ထပ်ပေးလို့မဖြစ်ဘူး… ငါနည်းလမ်း ရှာရမယ်။ ဒီလောက်များတဲ့ ငွေပမာဏကို ငါဘယ်လိုရနိုင်မလဲ…”
သူ ခေါင်းကုတ်လို့ စဉ်းစားနေချိန်မှာ နားရွက်တွေက လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။ အပြင်ကလာတဲ့ ဝူလရဲ့ စိတ်လှုပ်ရှားနေတဲ့အသံကို ကြားလိုက်တယ်။
စုမင် ထရပ်လို့ အရှေ့တံခါးကို ဖွင့်တယ်။ အဲဒီကနေ ပေလင်း၊ ဝူလ၊ လေ့ချန့်တို့ကို မြင်လိုက်ပြီး အကြီးအကဲ၊ အစောင့်အရှောက် ခေါင်းဆောင်နဲ့ ရှန့်ဟန်တို့ နောက်က လျှောက်လာတာကို တွေ့ရတယ်။
"မော့စု အရမ်းတော်တာပဲ နင်တို့ မြင်လိုက်တယ် မဟုတ်လား။ သူ ပြန်ရောက်လာတာနဲ့ လူတိုင်းရဲ့အာရုံကို ချက်ချင်း ဖမ်းစားထားနိုင်တယ် ရဲဝမ်တောင်မှ သူ့ကို သွားစကား ပြောရတယ် တခြားသူတွေ ပြောပုံအရဆိုရင် ဒီလိုအဖြစ်မျိုးက တကယ့်ကို ရှားရှားပါးပါး ဖြစ်ရပ်ပဲ” ဝူလမျက်နှာဟာ စိတ်လှုပ်ရှားမှုတွေနဲ့ လင်းလက်နေတယ်။ သူမမျက်ဝန်းတွေဟာ စိတ်အား ထက်သန်မှုတွေနဲ့အတူ တောက်ပလို့နေပြီး ပေလင်းနဲ့ လေ့ချန်ကို တစ်လမ်းလုံး စကားတောက်လျှောက် ပြောလာတာ ဖြစ်လာတယ်။
“မော့စုပုံစံဟာ သာမန်ဆိုပေမဲ့ တော်တော်များရဲ့ အာရုံကို ဖမ်းစားထားတယ်။ အစွမ်းအစရှိတဲ့သူတွေ အားလုံးဟာ ဒီလိုပဲ ဖြစ်သင့်တယ်လို့ ငါထင်တယ်။ သူက နောက်ဆုံး အဆင့်ကနေ ထိပ်ဆုံးအဆင့်ကို ရောက်ခဲ့တယ်။ သူပြန်လာတဲ့ အချိန်မှာလည်း တကယ့်ကို တည်ငြိမ်မှုရှိတယ်။ ဩဇာတိက္ကမကြီးတဲ့ လူတစ်ယောက်ရဲ့ အသွင်အပြင်မျိုး သူ့မှာ အခိုင်အမာရှိတယ်။ ရဲဝမ်ကို သူပြောခဲ့တဲ့စကားကို ငါမှတ်မိ နေသေးတယ်။ “စမ်းသပ်ပွဲ ဒုတိယအဆင့်ကို ငါဝင်ပြိုင်မှာ မဟုတ်ဘူး”လို့ ပြောခဲ့တဲ့ သူ့စကားကြောင့် လူတော်တော်များများကို အံ့အားသင့် စေခဲ့တယ်” ဝူလဟာ လက်ဟန်အမူအရာပြလို့ အားတက်သရော ပြောပြနေတယ်။ သူမရင်ထဲမှာ မော့စုဟာ လေးလေးနက်နက် ယူလို့ထားပြီး သူ့ကို အမှန်တကယ် ကြည်ညိုလေးစား နေတယ်ဆိုတာ သိသာတယ်။
စုမင်ဟာ အိမ်အပြင်မှာ ရပ်လို့ ပြန်လာနေတဲ့ လူအုပ်ကို ကြည့်နေတယ်။ ဝူလ စိတ်လှုပ်ရှားနေတာကို ကြည့်ပြီး သူ နှာဖျားကို ကိုင်မိတယ်။ သူ အရမ်းကို နေရခက်နေခဲ့တာကို သတိရမိတယ်။ လူတွေ ဝိုင်းပြီး အာရုံစိုက်တာခံရတဲ့ ခံစားချက်နဲ့ နေသားတကျ ဖြစ်ဖို့က လက်ခံနိုင်ဖို့ သိပ်ခက်ခဲတယ်။ ဝူလ အခုလိုပြောနေတဲ့ ရင့်ကျက်တည်ငြိမ်မှုမျိုး သူ့မှာ လုံးဝမရှိခဲ့ဘူး…။
“မော့စုကို ဘယ်သူမှ မသိခဲ့ပေမဲ့ အခုတော့ သူက လူသိများ ကျော်ကြားနေပြီ။ လေပြေစီးကြောင်း မျိုးနွယ်တစ်ခုလုံးမှာ သူ့နာမည် မသိသူမရှိတော့ဘူး။ မကြာခင်မှာ ဒီဒေသအနီးနားက မျိုးနွယ်စုတွေ အားလုံးဟာ သူ့နာမည်ကို သိလာကြလိမ့်မယ်” ပေလင်းမျက်နှာမှာ ဥပေက္ခာပြုထားမျိုးတွေ မရှိတော့ဘဲ မြင်ရဖို့ ခဲယဉ်းလွန်းတဲ့ ပျော်ရွှင်နေတဲ့ ဟန်ပန်တွေ လွှမ်းမိုးလို့ ထားတယ်။
“သူက နက်မှောင်တောင်နဲ့ ဘာပတ်သက်မှုမှ မရှိတာက နှမြောစရာ ကောင်းတယ်။ အာ… နက်မှောင်တောင် မျိုးနွယ်စုမှာ ဒီလိုပါရမီရှင်သာရှိရင် သိပ်ကောင်းမှာပဲ…” ပေလင်း သက်ပြင်းချမိတယ်။ မနာလို မုန်းတီးတာမျိုး သူ့ဆီမှာ လုံးဝမရှိဘူး။ ဒါဟာ လူတွေရဲ့ သဘောသဘာဝ ဖြစ်တယ်။ သူတို့နဲ့ မတိမ်းမယိမ်းအဆင့်ရှိတဲ့ သူအချင်းချင်းနဲ့ပဲ ပြိုင်ဆိုင်နေကြတယ်။ သူတို့ထက် အဆပေါင်းအများကြီး သာနေတဲ့သူတွေကို မနာလို ဖြစ်ရတာဟာ ပင်ပန်းလွန်းတယ်။ တကယ်လို့ တစ်ယောက် အကြောင်းကို တစ်ယောက် လုံးဝ သေသေချာချာ သကြပြီးတော့ ကြီးပြင်းလာကြတာ ဆိုရင်တော့… မနာလိုတဲ့စိတ်က ရှိနေမှာပဲ။
“ဒါဟုတ်တယ်။ သူသာ နက်မှောင်တောင် မျိုးနွယ်စုက ဖြစ်ခဲ့ရင်… မော့စု၊ မော့စန်း၊ သူတို့နာမည်တွေက သိပ်တူနေတယ်။ မော့စု… “ဝူလ မျက်ဝန်းထဲမှာ ရိုသေလေးစားမှုတွေ ရှိနေပြီး သူမမျက်နှာဟာ ရှက်သွေးဖြာလို့ သွားတယ်။ သူမဆက်ပြောနေပေမဲ့ အိမ်အပြင်မှာ ရပ်နေတဲ့ စုမင်ကို တွေ့လိုက်ချိန်မှာ မျက်မှောင်ကြုတ် လိုက်တယ်။ အထင်အမြင်သေးတဲ့ အမူအရာဟာ သူမမျက်နှာမှာ ပေါ်နေတယ်။
လေ့ချန်ပြောခဲ့တာကို သတိရလိုက်တယ်။ သူမလေးစားရတဲ့ မော့စုဟာ စုမင် ဖြစ်မယ်လို့ ယူဆခဲ့တယ်။ ဒါဟာ မော့စုကို အရှက်ခွဲနေတာပဲလို့ သူမကတော့ ထင်တယ်။
လေ့ချန်ကတော့ နှုတ်ဆိတ်နေတယ်။ စုမင်ကို မြင်လိုက်ချိန်မှာ သူ့ကို စေ့စပ် အကဲခတ်လိုက်တယ်။ ခဏအကြာမှာတော့ သူ့အကြည့်တွေ ညိုမှောင်သွားတယ်။ စုမင်နဲ့ မော့စုမှာ ပတ်သက်မှုရှိတယ် ဆိုတာကို သူမယုံကြည်ဘူး ဆိုတာ သိပ်ထင်ရှားတယ်။
ပေလင်းကတော့ စုမင်ရပ်နေတာကို မြင်နေပေမဲ့ ချက်ချင်း လျစ်လျူရှု ထားလိုက်တယ်။ သူ့မျက်ဝန်းက ဥပေက္ခာပြုမှုတွေဟာ သိပ်ကို ထင်ရှားလွန်းပြီး ဘယ်လိုမှ ဖျောက်ဖျက်မယ့်ပုံ မပေါ်ဘူး။
“မော့စုဟာ သိပ်ကို လျှို့ဝှက်လွန်းတယ်။ အခုထိ သူ ဘယ်မျိုးနွယ်စုကနေ လာတယ်ဆိုတာကို မသိရသေးဘူး။ နောက်ထပ် ရက်အနည်းငယ် ကြာလာရင် ငါတို့ သိကောင်း သိလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါက နက်မှောင်တောင်ကို ကိုယ်စားပြုပြီး သူ့ကို မိတ်ဆက်မယ်…” ပေလင်းဟာ စုမင်ကို ကြည့်မနေပါဘူး။ မော့စုအကြောင်းကို ပြောနေချိန်မှာ သူ့မျက်လုံးတွေမှာ ရိုသေလေးစားမှုတွေ ရှိနေတယ်။
“နင်သူနဲ့ သိဖို့လိုအပ်တယ်။ မော့စု… မော့စု… သူသိပ်ကို တန်ခိုးအစွမ်း ရှိတယ်လို့ ငါထင်တယ်။ သူ စမ်းသပ်ပွဲ ဒုတိယအဆင့်နဲ့ တတိယအဆင့်မှာ မပြိုင်တာက နှမြောဖို့ ကောင်းလိုက်တာ…” စုမင်ဟာ ဝူလရဲ့ အားတက်သရောရှိလှတဲ့ အပြုအမူတွေကြောင့် မနေနိုင်မထိုင်ဖြစ်ပြီး သူ့နှာခေါင်းကို ထပ်ကိုင်မိတယ်။
“သူ့အစွမ်းအစက အဲဒီလောက်လည်း ရှိချင်မှရှိမှာပါ။ ဒါကြောင့် သူဆက်ပြီး မပြိုင်တာ ဖြစ်မှာပါ…” စုမင်ဟာ ဟန်မဆောင် နိုင်တော့ဘဲ အလိုလို ထုတ်ပြောလိုက်မိတယ်။
“စုမင်၊ နင် ဘာပြောလိုက်တာလဲ” ဝူလ ဒီစကားကို ကြားရချိန်မှာ ကြောက်စရာ ကောင်းတဲ့အကြည့် ချက်ချင်း ပေါ်လာတယ်။ စုမင်ကို ဒေါသတကြီး စိုက်ကြည့်လို့ နေတယ်။
“နင့်အနေနဲ့ မော့စုအကြောင်းကို ဘာမှဝေဖန်စရာ မလိုဘူး။ သူ့ရဲ့ စွမ်းရည်သတ္တိက တကယ့်ကို ပြောင်မြောက်တယ် သူ့မှာ ကိစ္စတစ်ခုခုရှိနေလို့ ဒါမှမဟုတ် ယှဉ်ပြိုင်တာကို စိတ်မဝင်စားလို့ နောက်စမ်းသပ်ပွဲမှာ လာမပြိုင်တာ"
စုမင်ဟာ ခါးခါးသီးသီးပြုံးလို့ နှုတ်ဆိတ် နေလိုက်တယ်။ ဝူလရဲ့ ဒေါသထွက်နေတဲ့ အမူအရာကြောင့် ဝမ်းသာ သင့်သလား မသိဘူး။
“စုမင်၊ ဒါတွေကို မင်းအခုလို ပြောနေတာဟာ မော့စုအကြောင်းကို တခြား တစ်နေရာက မင်းကြားလာတာ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီတည်းခိုဆောင်ကနေ ထွက်သွားတာနဲ့ မင်းဒီလို စကားမျိုးမပြောဖို့ ငါ မင်းကို သတိပေးမယ် ဒီလိုပြောဆိုတာဟာ မျိုးနွယ်စုအတွက် အန္တရာယ် ဖြစ်လာစေနိုင်တယ်။ မော့စု ဟာ ငါတို့ဒီလို လက်လွတ်စပယ် ပြောလို့ရတဲ့ သူမဟုတ်ဘူး” ပေလင်းဟာ ခက်ထန်တဲ့ မျက်နှာကြောနဲ့ စုမင်ကို စိုက်ကြည့်လို့ တစ်လုံးချင်း ပြောတယ်။ နက်မှောင်တောင် မျိုးနွယ်စုရဲ့ လူငယ်တွေ ကြားထဲမှာ အတော်ဆုံးဖြစ်တဲ့ သူအနေနဲ့ အခုလိုပြောတာဟာ စည်းကျော်ရာ မရောက်ပါဘူး။
“စုမင်… မင်း ဒီလိုမပြောသင့်ဘူးလို့ ငါလည်းထင်တယ်။ မော့စုဟာ… မင်းကိုယ်တိုင် သူ့ကိုမမြင်ခဲ့ဘူး။ သူဟာ သိပ်ကို ထူးချွန်တယ်၊ ရဲဝမ်တောင်မှ သူ့ကို အသိအမှတ်ပြုရတယ် ဒီလိုလူမျိုးဟာ ငါတို့ ဝိုင်းဖွဲ့ဆွေးနွေးလို့ရတဲ့ လူမျိုးမဟုတ်ဘူး။ သူက… သိပ်ကိုထူးချွန် ထက်မြက်တယ်” လေ့ချန်လည်းပဲ စကားတိုးတိုး ဆိုတယ်။ သူ့စကားအဆုံးမှာ ခဏလောက်တွေ ဝေနေပြီး စုမင်ကို ရှုပ်ထွေးနေတဲ့ မျက်နှာထားနဲ့ စိုက်ကြည့်နေတယ်။ သူတစ်ခုခု ပြောချင်နေပေမဲ့ ဆက်မပြောနိုင်တော့ သလိုပဲ။
စုမင် ထပ်ပြီး ခါးသီးစွာ ရယ်လိုက်တယ်။
“ကောင်းပြီ။ မနက်ဖြန်မှာ မင်းတို့ သုံးယောက်က နောက်ထပ်ပြိုင်ပွဲ ပြိုင်ဖို့ ရှိသေးတယ်။ အနားယူဖို့ ကိုယ့်အခန်း ကိုယ်ပြန်ပါ” အစောင့်အရှောက် ခေါင်းဆောင်ဟာ မျက်မှောင်ကြုတ်လို့ လေသံမာမာနဲ့ ပြောတယ်။ ပေလင်းနဲ့ အခြားနှစ်ယောက်ဟာ ချက်ချင်း အသံတိတ်သွားပြီး အခန်းထဲကို ပြန်သွားကြတယ်။
မော့စန်းဟာ စုမင်ကို ခေါင်းညိတ်ပြတယ်။ မျက်လုံးထဲက ချီးကျူး ဂုဏ်ယူနေမှုတွေဟာ သိပ်ကိုသိသာ ထင်ရှားလွန်းတယ်။ စကားတစ်ခွန်းမှမဆိုပဲ သူ့အခန်းကို ပြန်သွားခဲ့တယ်။ အစောင့်အရှောက် ခေါင်းဆောင်နဲ့ ရှန့်ဟန်လည်း သူနောက်က ထက်ကြပ်မကွာ လိုက်သွားကြတယ်။ ဒီအရာကြောင့် သူတို့တစ်ခုခုကို ဆွေးနွေးကြမယ် ဆိုတာ သိသာပါတယ်။
သူတို့ ထွက်သွားတာနဲ့ စုမင် သူ့အခန်းကို ပြန်လာခဲ့တယ်။ မကြာခင်မှာ သူ့ဆီကို အကြီးအကဲ ရောက်လာနိုင်ခြေ အများကြီး ရှိတယ်ဆိုတာ သူသိတယ်။ ဒါကြောင့် ဒီနေရာမှာထိုင်ပြီး တိတ်တိတ်ကလေး စောင့်ဖို့ သူရွေးချယ် လိုက်တယ်။
သူ ခဏကြာတဲ့အထိ စောင့်ခဲ့ပေမဲ့ အကြီးအကဲ ရောက်မလာခဲ့ဘူး။ အဲဒီအစား လေ့ချန်ဟာ ဇဝေဇဝါနဲ့ ရောက်လာတယ်။ စုမင် အခန်းထဲကိုလာပြီး အရှေ့မှာထိုင်လို့ အံ့ဩမှင်တက်နေတဲ့ အမူအရာနဲ့ သူ့ကို ကြည့်နေတယ်။
“ဘာလဲ” စုမင်ဟာ လေ့ချန်ရဲ့ မျက်နှာပေါ်က ရိုးသားလွန်းတဲ့ ခပ်တုံးတုံး အမူအရာကို ကြည့်ပြီး ပြုံးလိုက်တယ်။
"မဟုတ်ဘူး… ဘာမှမဟုတ်ပါဘူး… စုမင်၊ မင်း… မင်းလား…” လေ့ချန်ဟာ ချီတုံချတုံနဲ့ အံကြိတ်လို့ တိုးတိုးမေးတယ်။ “မင်း ပိုင်လင်းကို သဘောကျလား”
ကြောင်အသွားပြီး ဘယ်လို ဖြေရမှန်း စုမင် မသိဘူး။
"အာ... စုမင်၊ မင်း သူမကိုကြိုက်လား မကြိုက်ဘူးလား ဆိုတာ အရေးမကြီးပါဘူး။ မင်းရဲ့သူငယ်ချင်း တစ်ယောက်အနေနဲ့ အကြံပေးရရင်… လက်လျှော့လိုက်ပါ။ ငါ အံ့ဩ မိတယ်ကွာ။ ပိုင်လင်းက ဒီလောက်တောင် ချောလို့လားကွာ။ သူက ပိုင်ဖန်းလောက်တောင် မလှဘဲနဲ့…” လေ့ချန်ဟာ နှုတ်က တတွတ်တွတ် ပြောပြီး စစ်ကြော မေးမြန်းနေဟန်က သူ့မျက်နှာမှာ ရှိနေတယ်။
“စုမင်၊ လေပြေစီးကြောင်း တောင်ခြေက ကွင်းထဲမှာ ရှိနေသင့်တယ်ကွာ။ နောက်ဆုံးမှာ မော့စုက ပိုင်လင်းဆီသွားပြီး စက်ဝန်း တစ်ပတ် လမ်းလျှောက်ဖို့ လူအားလုံးရှေ့မှာ ဘယ်လို ပြောခဲ့တယ် ဆိုတာကို မင်းမမြင်ခဲ့ဘူး ချီးကို စက်ဝန်းတစ်ပတ် ငါသူ့ကို မကြိုက်ဘူး” လေ့ချန်ဟာ စုမင် အမူအရာကို ခိုးကြည့်ပြီး ခပ်မြန်မြန် ပြောတယ်။
"အဆိုးဆုံးကတော့ ပိုင်လင်းဟာ ရှက်နေတဲ့ အမူအရာနဲ့ သဘောတူခဲ့တာကွ အာ… ဒီမြင်ကွင်းကို မင်း မမြင်ခဲ့လို့သာပဲ။ သူ မော့စုကို ကြိုက်တယ်ဆိုတာ သိသာတယ် ဒီ ပိုင်လင်းဟာ သိပ်စိတ်ပျက်ဖို့ ကောင်းတယ်”လေ့ချန် နောက်တစ်ခါ ထပ်ပြောလိုက်တယ်။
စုမင်မျက်နှာ အမူအရာဟာ ထူးဆန်းလို့နေတယ်။ သူ မဖွင့်ပြောခင်မှာ ခဏလောက် တွေဝေနေတယ်။ “လေ့ချန်၊ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်… တကယ်တော့ ငါဟာ မော့စုပဲ”
လေ့ချန်တစ်ယာက် ကြက်သေသေ သွားမိတယ်။ သူ လက်မြှောက်လို့ စုမင် နဖူးကို စမ်းချိန်မှာ စုမင် ခေါင်းရှောင် လိုက်တယ်။ လေ့ချန်က တစ်ခုခုထပ်ပြောဖို့ လုပ်နေတုန်းမှာ အခန်းအပြင်က အကြီးအကဲရဲ့ ချောင်းဟန့်သံကို ကြားလိုက် ရတယ်။
လေ့ချန်ဟာ အလျင်အမြန် မတ်တတ် ရပ်လိုက်တယ်။ အခန်းတံခါးဟာ ပွင့်သွားပြီး အကြီးအကဲဟာ အပြုံးဆောင်လို့ ဝင်လာတယ်။
အကြီးအကဲဆီကနေ စကားတစ်ခွန်းမှ ဆိုစရာတောင် မလိုဘဲ လေ့ချန်ဟာ မြန်မြန်ဆန်ဆန် ထွက်ခွာသွားတယ်။ စုမင်ကို တစ်ချက်ခိုးကြည့်ပြီး အခန်းထဲက ထွက်သွားတယ်။ ဒါပေမဲ့လို့ သူ့မျက်နှာမှာ စိုးရိမ်မှုတွေ ရှိလို့နေတယ်။ အခုနက ပြောလိုက်တဲ့ စုမင်ရဲ့ စကားတွေဟာ သူ့ကို လန့်ဖျပ် သွားစေခဲ့တယ်။ စုမင်ဟာ အရမ်း စိတ်မကောင်း ဖြစ်သွားတဲ့အတွက် ဒီလိုစကားမျိုးတွေ ပြောခဲ့တာလို့ သူယူဆ လိုက်တော့တယ်။
***