အခန်း (၄၃၉)
Vol. 44 Ch. 439
အခန်း။ ၄၃၉
ကျုံးရန်၏ ကျေးဇူးကြောင့်သာ ဒီဟုန်မြို့တော် တည်ရှိရာနေရာနှင့် ပတ်သက်သည့် သဲလွန်စများကို ရရှိခဲ့ခြင်းပင်။
ပြင်ပလောကအတွက်မူ ဒီဟုန်မြို့တော်၏ အစစ်အမှန် တည်နေရာမှာ အမြဲတမ်း ပဟေဠိတစ်ခု ဖြစ်ခဲ့သည်။ သို့သော် ပါးနပ်လှသော ကျုံးရန်သည် လင်းနို့တပည့်တစ်ကောင်ကို အသုံးပြု၍ မဟာအကြီးအကဲနောက်သို့ တိတ်တဆိတ် လိုက်လံစောင့်ကြည့်စေခဲ့သည်။ ထိုလင်းနို့သည် လမ်းကြောင်းကို ခြေရာခံနိုင်ခဲ့သဖြင့် ဒီဟုန်မြို့တော်သို့ သွားရာလမ်းကြောင်း အကြမ်းဖျင်းကို ရရှိခဲ့ခြင်းပင်။
ရက်အနည်းငယ် ကြာပြီးနောက်၊ ဒီဟုန်မြို့တော်အတွင်းရှိ မြို့စားမင်း စံအိမ်တော်၌ ရွှမ်ဝူကျီ၏ ရုပ်အလောင်းကို ခေါင်းတလားအတွင်း ထည့်သွင်းထားပြီး ၎င်း၏ လည်ပင်းတွင် ဓားဒဏ်ရာတစ်ခုနှင့်အတူ လည်ချောင်းရိုးမှာလည်း ကြေမွနေခဲ့သည်။ ရွှမ်ဝူကျီ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး မျက်နှာတွင် နာကျည်းချက်များဖြင့် သေဆုံးသွားရသူတစ်ဦး၏ အမူအရာ ပေါ်လွင်နေ၏။
ခန်းမဆောင်အတွင်း၌ မဟာအကြီးအကဲနှင့် မြို့စားမင်း၏ မိသားစုဝင်များအားလုံး ရောက်ရှိနေကြသည်။ အစေခံမလေးတစ်ဦးသည် အိမ်ရှင်မဖြစ်သူအား တွဲကူ၍ ထွက်လာခဲ့၏။
“ဝူကျီ... ငါ့ရဲ့ သနားစရာကောင်းတဲ့ သားလေး”
မြို့စားကတော် သခင်မပိယင်းသည် သူမ၏သား ရွှမ်ဝူကျီ၏ ရုပ်အလောင်းကို မြင်လိုက်ရသောအခါ နှလုံးသားကို အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အသဲအသန် ငိုကြွေးတော့သည်။
ယခုနှစ်တွင် ဒီဟုန်မြို့တော်၏ မြို့စားမင်း ရွှမ်စီထျန်းမှာ အသက်လေးဆယ်ကျော် ရှိပြီဖြစ်သည်။ သူ၌ ဇနီးသည်နှစ်ဦးရှိရာ ရွှမ်ဝူကျီမှာ ပထမဇနီး သခင်မပိ၏ သားဖြစ်သည်။ မျက်နှာပျက်စီးသွားပြီး မြို့တော်သို့ အရင်ပြန်ရောက်နှင့်နေသော ရွှမ်မိန်မိန်းမှာမူ ဒုတိယဇနီး အမျိုးသမီးလန်၏ သမီးဖြစ်သည်။
ရွှမ်စီထျန်း၌ သားတစ်ယောက်နှင့် သမီးတစ်ယောက်သာ ရှိသည်။ ရွှမ်ဝူကျီမှာ သူ၏ တစ်ဦးတည်းသော သားဖြစ်သဖြင့် နောင်တစ်ချိန်တွင် မြို့စားမင်းရာထူးကို ဆက်ခံနိုင်ရန် အပင်ပန်းခံ၍ ပြုစုပျိုးထောင်ခဲ့ခြင်းပင်။ သို့သော်လည်း ရွှမ်ဝူကျီ၏ ပါရမီမှာ သာမန်မျှသာ ဖြစ်ပြီး ယွမ်ရှားဟူကြောင့် ယန်စံအိမ်တော်နှင့် ရန်သူများ ဖြစ်ခဲ့ကြရသည်။
သူ၏ အချစ်ပြိုင်ဘက် ယန်ချန်းလန်ကို ဒုက္ခိတဘဝ ရောက်အောင် လုပ်နိုင်ခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ယန်ပါးဟိုနှင့် သူ၏ စွမ်းအင်ဝိညာဉ်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ နှစ်ပေါင်းများစွာတိုင်အောင် သူ၏ သိုင်းအဆင့်မှာ တိုးတက်မှုမရှိဘဲ ဒီဟုန်မြို့တော်အတွင်း သူ၏ ဂုဏ်သတင်းမှာလည်း ကျဆင်းခဲ့ရသည်။
ရွှမ်စီထျန်းသည် သားဖြစ်သူကို ယန်စံအိမ်တော်အား ထပ်မံ၍ ရန်မစရန် အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း ရွှမ်ဝူကျီမှာ နောင်တရခြင်း မရှိခဲ့ပေ။ သူသည် ရွှမ်မိန်မိန်းနှင့်အတူ အပြင်ထွက်သွားစဉ်အတွင်း ထန်ယွမ်နှင့် တိတ်တဆိတ် ပူးပေါင်းခဲ့သဖြင့် နောက်ဆုံးတွင် လမ်းဘေးကြွက်တစ်ကောင်ထက်ပင် ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရသည်။
မြို့စားမင်းသည် သူ့သား၏ ရည်မှန်းချက် မရှိပုံကို အပြစ်တင်မိသော်လည်း တစ်ဦးတည်းသော သားဖြစ်သဖြင့် စိတ်မကောင်း ဖြစ်နေမိသည်။ ရွှမ်ဝူကျီသည် ကျိုးနိုင်ငံတွင် ကြီးမားသော ဘေးဒုက္ခများ ဖန်တီးမိမှာကို စိုးရိမ်သဖြင့် မဟာအကြီးအကဲအား နိမိတ်ပုံ တော်ဝင်ကျောက်စိမ်းနှင့်အတူ စေလွှတ်၍ လိုက်လံရှာဖွေခိုင်းခဲ့ခြင်းပင်။
သို့သော် သူ၏သားကို မကယ်တင်နိုင်ခဲ့ရုံမျှမက တော်ဝင်ကျောက်စိမ်းမှာလည်း ပျောက်ဆုံးသွားခဲ့ပြီး သူ၏သားမှာလည်း အသတ်ခံလိုက်ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ထိုလူသတ်
သမားမှာလည်း အခြားသူမဟုတ်ဘဲ ယွမ်ရှားဟူပင်။
ရွှမ်ဝူကျီ၏ ရုပ်အလောင်းနှင့်အတူ မဟာအကြီးအကဲနှင့် အမူအရာ ကင်းမဲ့နေသော ယွမ်ရှားဟူတို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
“နင်လို မိန်းမယုတ် နင်က ငါ့သားကို သတ်တယ်ပေါ့”
မဟာအကြီးအကဲထံမှ အကြောင်းစုံကို ကြားသိပြီးနောက် သခင်မပိယင်းသည် ရှေ့သို့ တိုးလာကာ ယွမ်ရှားဟူကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တော့သည်။ သခင်မပိသည် ယွမ်ရှားဟူကို အလွန်မုန်းတီးသဖြင့် သူမ၏ ပါးကို နှစ်ချက်ဆင့်၍ ရိုက်နှက်လိုက်ရာ ယွမ်ရှားဟူမှာ ရုန်းကန်ခြင်း မရှိဘဲ ဆံပင်များ ဖရိုဖရဲ ဖြစ်ကာ ပါးပြင်မှာလည်း နီရဲ၍ ရောင်ကိုင်းသွားတော့သည်။
ယွမ်ရှားဟူမှာမူ နှုတ်ဆိတ်နေဆဲပင်။
“သခင်မ... ကျေးဇူးပြုပြီး သနားညှာတာပေးပါဦး”
ယွမ်ရှားဟူ၏ မိဘများ ဖြစ်ကြသော သခင်ကြီးနှင့် သခင်မယွမ်တို့သည်လည်း သတင်းကြားကြားချင်းပင် အပြေးအလွှား ရောက်ရှိလာကြသည်။ သူတို့၏ သမီးကြီး ယွမ်ရှားဟူ မြို့တော်သို့ ပြန်ရောက်လာပြီဟု ကြားသိရသော်လည်း ခဏအကြာတွင် သူမက ရွှမ်ဝူကျီကို သတ်လိုက်ပြီဟု သိလိုက်ရသဖြင့် အလျင်အမြန် လာခဲ့ကြခြင်းပင်။
“ရှားဟူ”
သခင်မယွမ်သည် သူမ၏ သမီးကို မတွေ့ရသည်မှာ ရှစ်နှစ်ကျော် ရှိပြီ ဖြစ်သည်။ သူမ အချစ်ရဆုံး သမီးကြီး၏ ယခုကဲ့သို့ အခြေအနေကို မြင်လိုက်ရသောအခါ နှလုံးသားမှာ ဓားနှင့် အမွှန်းခံရသကဲ့သို့ ခံစားလိုက်ရပြီး သမီးဖြစ်သူကို ဖက်၍ ငိုကြွေးတော့သည်။ သို့သော် ယွမ်ရှားဟူမှာမူ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေပြီး သူမ၏ မိခင် ဖက်ထားသည်ကိုသာ အသာတကြည် ခံယူနေ၏။
“ယွမ်ပုချူး ရှင့်သမီးက ကျွန်မသားကို သတ်ပစ်တာ သူမ အသက်နဲ့ ပြန်ပေးဆပ်ရမယ်”
မြို့တော်ရှိ မွန်မြတ်သော မိသားစုမှ မွေးဖွားလာသူဖြစ်သည့် သခင်မပိသည် ယွမ်ရှားဟူ စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့စဉ်ကတည်းက ယွမ်မျိုးနွယ်စုအပေါ် နာကျည်းခဲ့ခြင်းပင်။ ထိုစဉ်က ရွှမ်ဝူကျီမှာ ဒီဟုန်မြို့တော်တွင် မျက်နှာပျက်ခဲ့ရသည်။
ထိုစဉ်က မြို့တော်အကြီးအကဲများနှင့် သခင်ကြီးနှင့် သခင်မယွမ်တို့၏ ကာကွယ်ပေးမှုကြောင့် သူမ လုပ်နိုင်ခဲ့သည်မှာ ယွမ်ရှားဟူကို မြို့တော်မှ နှင်ထုတ်ရန် မြို့စားမင်းကို တိုက်တွန်းခဲ့ခြင်းသာ ရှိခဲ့သည်။
ရှစ်နှစ်အကြာတွင် သူမ၏သား သေဆုံးရခြင်း၏ အကြောင်းရင်းမှာ ယွမ်ရှားဟူ ဖြစ်လာလိမ့်မည်ဟု သခင်မပိ တစ်ခါမျှ ထင်မှတ်မထားခဲ့ပေ။
“ရှားဟူ... တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ နင် တကယ်ပဲ...”
ယွမ်ပုချူး၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးနေပြီး သူ၏သမီးဖြစ်သူက ရွှမ်ဝူကျီအပေါ် ဤမျှအထိ နက်ရှိုင်းသော နာကျည်းချက်ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။ ရွှမ်ဝူကျီသည် မကောင်းမှုများစွာ ကျူးလွန်ခဲ့သော်လည်း သူသည် မြို့စားမင်း၏သား ဖြစ်နေသည်။ ထို့ပြင် မဟာအကြီးအကဲကိုယ်တိုင်က လူသတ်မှုကို မျက်မြင်တွေ့ခဲ့ရသဖြင့် သူသည် သမီးဖြစ်သူကို ကယ်တင်ချင်လျှင်ပင် မည်သို့မျှ တတ်နိုင်စွမ်း မရှိတော့ပေ။
“သူက သေသင့်တဲ့သူမို့လို့ သတ်တာ”
ယွမ်ရှားဟူ၏ အသံမှာ ရေခဲအလား အေးစက်နေပြီး သူမ၏ အကြည့်များတွင်လည်း နောင်တရရိပ် အနည်းငယ်မျှ မရှိချေ။ ရွှမ်ဝူကျီကြောင့် လူများစွာ ဒုက္ခရောက်ခဲ့ရပြီး ချန်းလန် ရှစ်နှစ်တိုင်တိုင် ဝေဒနာခံစားခဲ့ရမည်ကိုသာ သူမ ကြိုသိခဲ့လျှင် ဤကောင်ကို သတ်ပစ်သည်မှာ ကြာလှပြီဖြစ်သည်။
“နင်လို ဖောက်ပြန်တဲ့ မိန်းမယုတ် ဝူကျီနဲ့ စေ့စပ်ထားရက်နဲ့ တခြားယောက်ျားနဲ့ ဖောက်ပြန်
ရုံတင်မကဘူး။ အခု ငါ့သားကိုပါ သတ်ပစ်တယ်ပေါ့။ စီဟိုင်... ဒီမိန်းမကို ငါ့သားနဲ့အတူ မြေမြှုပ်ပစ်ဖို့ ငါအမိန့်ပေးတယ်”
မြို့စားကတော်က အငြိုးအတေးကြီးစွာဖြင့် အော်ဟစ်တော့သည်။ သူမသည် ဝူကျီ၏ဘဝကို ဖျက်ဆီးခဲ့သော ယွမ်ရှားဟူကို အရိုးထဲက နာကျည်းနေခြင်းပင်။
“သခင်မပိ... ဘာစကား ပြောတာလဲ။ မြို့စားလေးကသာ အနိုင်မကျင့်ခဲ့ရင် ရှားဟူက ဒီလိုလုပ်မှာမဟုတ်ဘူး။ အခု သူလည်း သေသွားပြီပဲ။ မြို့စားမင်းအနေနဲ့ ယွမ်မိသားစုနဲ့ ရှိခဲ့တဲ့ သံယောဇဉ်တွေကို ထောက်ထားပြီး ရှားဟူရဲ့အသက်ကို ချမ်းသာပေးပါဦး”
သခင်မယွမ်သည် သမီးဖြစ်သူကို သတ်ဖြတ်မည်ဟူသော စကားကြောင့် ကြောက်လန့်တကြားဖြင့် သမီးကို ဖက်ထားရင်း တောင်းပန်ရှာသည်။
“အသက်ချမ်းသာပေးရမယ် ဟုတ်လား။ သူမ အသက်ရှင်နေရင် ငါ့သားက အလကား သေသွားတာပေါ့။ သူမတင်မကဘူး။ အဲဒီ ယန်မျိုးနွယ်ဆိုတဲ့ ယောက်ျားကိုလည်း ဝူကျီရဲ့အသက်အတွက် ပြန်ပေးဆပ်ခိုင်းရမယ်”
သခင်မပိက ယွမ်ရှားဟူကို လက်ညှိုးငေါ့ငေါ့ထိုးကာ တစ်လုံးချင်း ကြိမ်းဝါးသည်။
“ယန်ချန်းလန်နဲ့ ဘာမှမဆိုင်ဘူး။ ကျွန်မလုပ်တာ ကျွန်မပဲ တာဝန်ယူမယ် အသက်ကို အသက်နဲ့ လဲချင်တာမလား။ ရတယ်... ရှင့်သားနဲ့အတူ ကျွန်မကို မြေမြှုပ်လိုက်ပါ။ ယွမ်ရှားဟူ ပြန်လာတာက တာဝန်ယူဖို့ပဲ သေရမှာကို မကြောက်ဘူး”
ယွမ်ရှားဟူက သူမ၏မိခင်ကို တွန်းဖယ်ကာ ရဲရဲဝံ့ဝံ့ပင် ပြန်ပြောလိုက်သည်။
“တော်စမ်း အားလုံး ပါးစပ်ပိတ်ထားကြ”
မြို့စားမင်း ရွှမ်စီထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ပြဿနာတွေက ဒီလောက်အထိ ကြီးနေတာကို မလုံလောက်သေးဘူးလား။ ယွမ်ရှားဟူကို ထောင်ထဲမှာ သွားပိတ်ထားလိုက်။ မဟာအကြီးအကဲနဲ့ ယွမ်ပုချူးပဲ နေခဲ့ ကျန်တဲ့လူတွေ အားလုံး အပြင်ထွက်ကြ”
မြို့စားမင်းက လက်ဝှေ့ယမ်းလိုက်ရာ အစေခံများက ရွှမ်ဝူကျီ၏ အလောင်းကို အမြန်သယ်ထုတ်သွားကြတော့သည်။
“မြို့စားမင်း... ဒီကိစ္စကို အရှိန်မမြှင့်သင့်တော့ဘူး။ ကျွန်တော် သတင်းရထားတာကတော့ ယန်ချန်းလန်ဟာ အဆင့်တက်လှမ်းနိုင်ခဲ့ပြီ။ ဒါ့အပြင် ရာစုနှစ်မှာ တွေ့ရခဲတဲ့ ကောင်းကင်ဘုံ မိုးကြိုးဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်နဲ့ သိုင်းသူတော်စင် ဖြစ်လာတာပါ။ သူ့ရဲ့ အနာဂတ်အစွမ်းက ခန့်မှန်းလို့ မရနိုင်တော့ဘူး”
မဟာအကြီးအကဲသည် ထိုနေ့က ကောင်းကင်ယံမှ ထူးခြားသော နိမိတ်များကို မြင်ကတည်းက တစ်ခုခု ထူးခြားနေပြီဟု သိလိုက်ခြင်းပင်။ သို့သော်လည်း ယန်ချန်းလန်က ထိုမျှ ပြင်းထန်သော စမ်းသပ်မှုကို ကျော်ဖြတ်ပြီး ကျိုးနိုင်ငံ၏ သိုင်းသူတော်စင်သစ် ဖြစ်လာလိမ့်မည်ဟုမူ မထင်ထားခဲ့ပေ။
မဟာအကြီးအကဲ၏ စကားကို ကြားပြီးနောက် မြို့စားမင်းနှင့် ယွမ်ပုချူးတို့မှာ အတွေးကိုယ်စီ ဖြစ်သွားကြသည်။
ယွမ်ပုချူး နောင်တရမိသွား၏။ အကယ်၍သာ ဤသို့ ဖြစ်လာမည်ကို သိခဲ့လျှင် သူ့သမီးကို ယန်ချန်းလန်နှင့် ပေါင်းဖက်ခွင့်ရရန် သူ အသေအလဲ တိုက်ပွဲဝင်ခဲ့မိမှာ ဖြစ်သည်။ မိုးကြိုးဖြင့် ခန္ဓာကိုယ်သန့်စင်ထားသော သိုင်းသူတော်စင်ဆိုသည်မှာ သိုင်းသူတော်စင်များအကြား၌ပင် အထွတ်အထိပ် အဆင့်အတန်း ဖြစ်သည်။
ယန်ချန်းလန်က ယခုမှ အသက်သုံးဆယ်ကျော်သာ ရှိသေးသည်။ ဤအသက်အရွယ်ဖြင့် ဤမျှ စွမ်းအားကြီးနေလျှင် နောင်တစ်ချိန်တွင် ဒဏ္ဍာရီလာ သိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရန် အခွင့်အလမ်း အလွန်များသည်။ ရွှမ်ဝူကျီကဲ့သို့သော အသုံးမကျသည့် သားတစ်ယောက်နှင့် ယှဉ်လျှင် ယန်ချန်းလန်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
ဒီဟုန်မြို့စားမင်း၏ စိတ်ထဲ၌လည်း လှိုင်းတံပိုးများ ထန်နေ၏။ တစ်ဖက်တွင် သူ၏တစ်ဦးတည်းသောသား အသတ်ခံရခြင်းအတွက် မဟာအကြီးအကဲ၏ ကိုင်တွယ်ပုံကို ဒေါသထွက်သလို ယွမ်ရှားဟူကိုလည်း မုန်းတီးမိသည်။ သို့သော်လည်း ယန်ချန်းလန်၏ ထွန်းတောက်လာမှုမှာ ငြင်းပယ်၍မရသော အမှန်တရား ဖြစ်လာခဲ့သည်။
ယခုအခါ ဒီဟုန်မြို့တော်အနေဖြင့် ယန်စံအိမ်တော်နှင့် ရန်သူဖြစ်ရန် မသင့်တော်တော့ပေ။