← Chapters

အခန်း (၄၄၂)

Vol. 44 Ch. 442

အခန်း (၄၄၂)

Vol. 44 Ch. 442

အခန်း။ ၄၄၂

မှော်သားရဲများ မပါရှိတော့သဖြင့် လေပြင်း၏ဒဏ်မှာ သူတို့သုံးဦးအပေါ် များစွာသက်ရောက်မှု မရှိတော့ပေ။ မကြာမီမှာပင် သူတို့သည် ဟာရီကိန်းလေတိုက်ခတ်ရာ ဧရိယာကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။

သို့သော် နောက်ထပ်ပြဿနာတစ်ခု ပေါ်ပေါက်လာပြန်သည်။ ကျုံးရန်သည် မဟာအကြီးအကဲနှင့် ယွမ်ရှားဟူတို့နောက်သို့ လင်းနို့ငယ်လေး ချန်ထားရစ်ခဲ့သော အနံ့ကိုခြေရာခံ၍ လိုက်လာခဲ့ခြင်းပင်။ လေမုန်တိုင်းဧရိယာကို ဖြတ်ကျော်ပြီးနောက်တွင်မူ ထိုလင်းနို့ငယ်လေးမှာ ဤလေပြင်းကို ကျော်ဖြတ်နိုင်ပုံမရတော့ဘဲ ရှေ့ဆက်၍ မည်သည့်အနံ့ကိုမျှ မရရှိတော့ချေ။

ကျယ်ပြောလှသော အမည်မသိ နယ်မြေကြီးကို ရင်ဆိုင်ရချိန်တွင် သူတို့သုံးဦးစလုံး၏ မျက်နှာ၌ အခက်တွေ့နေသော အမူအရာများ ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်မှာပင် ယွင်ရှန်းသည် ရွှင်မြူးသော ငှက်သံလေးများကို ကြားလိုက်ရ၏။

မနီးမဝေးမှနေ၍ အနီနှင့် အပြာရောင်ရောယှက်နေသော သတ္တဝါလေးတစ်ကောင် သူတို့ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ စာကလေးတစ်ကောင်ခန့်သာ အရွယ်အစားရှိပြီး အနီတစ်ဝက်၊ အပြာတစ်ဝက် ထူးဆန်းသော အမွှေးအတောင်များ ရှိနေသည်။ အထူးခြားဆုံးမှာ ၎င်း၏ ဦးခေါင်းပင်။ ယွင်ရှန်း ယခင်က တွေ့ဖူးသည့် အနက်လေးကဲ့သို့ပင် ထိုငှက်လေး၌ ခေါင်းနှစ်လုံး ပါရှိနေသည်။

ခေါင်းတစ်လုံးမှာ အနီရောင်ဖြစ်ပြီး ကျန်တစ်လုံးမှာ အပြာရောင်ဖြစ်သည်။

“ခေါင်းနှစ်လုံးပါ ရေခဲနှင့်မီးဖီးနစ် ဒါက ချုံမင်းငှက်ရဲ့ မျိုးကွဲပဲ”

အနီနှင့် အပြာရောင် ငှက်ငယ်လေးကို မြင်လိုက်ရသောအခါ ကျုံးရန်၏ မျက်လုံးများမှာ အရက်သမားက အရက်ကောင်းကို တွေ့လိုက်ရသကဲ့သို့ သို့မဟုတ် ကာမဂုဏ်လိုက်စားသူက မိန်းမလှလေးတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ တောက်ပသွားတော့သည်။

ယွင်ရှန်းကလည်း ပထမတစ်ချက်ကြည့်ရုံနှင့်ပင် ဤမှော်သားရဲမှာ ငယ်ရွယ်သေးသော်လည်း ၎င်း၏ စွမ်းအင်သဘာဝမှာ အလွန်ထူးခြားပြီး တိုက်ကြီးပေါ်တွင် တွေ့ရခဲလှသော ရေနှင့် မီး ဒြပ်စင်နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားကြောင်း သတိပြုမိလိုက်သည်။ အကယ်၍ ဤကဲ့သို့သော ဒြပ်စင်နှစ်မျိုးသုံး မှော်သားရဲကို ပိုင်ဆိုင်နိုင်မည်ဆိုပါက မည်သည့်ဆင့်ခေါ်သူအတွက်မဆို ကြီးမားသော အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

ကျုံးရန်၌ နဂါးလက်သည်း လင်းနို့ဘုရင်ရှိနေပြီ ဖြစ်သော်လည်း ဤကဲ့သို့သော သန့်ရှင်းသောသားရဲအဆင့်ရှိ မှော်သားရဲမှာမူ အလွန်ပင် ဆွဲဆောင်မှု ရှိနေဆဲပင်။

အမှန်စင်စစ် ဤခေါင်းနှစ်လုံးပါ ရေခဲနှင့်မီးဖီးနစ်မှာ ယွမ်ပုဖော်က ယန်ချန်းလန်ကို ရှာဖွေရန် စေလွှတ်လိုက်သော ငှက်ပင်။ ခရီးမထွက်မီက ယွမ်ပုဖော်သည် ယွမ်ရှားဟူ၏ အိပ်ဆောင်အတွင်း၌ ကျန်ရစ်ခဲ့သော ယန်ချန်းလန် ရေးသားထားသည့် စာတစ်စောင်ကို တိတ်တဆိတ် ယူဆောင်လာခဲ့သည်။ ထိုရေခဲနှင့်မီးဖီးနစ်သည် စာရွက်ပေါ်တွင် ကျန်ရှိနေသော အနံ့ကို အသုံးပြု၍ ယန်ချန်းလန် တည်ရှိရာနေရာကို ခြေရာခံနေခြင်းပင်။

သို့သော် ယွမ်ပုဖော် မေ့လျော့သွားသည်မှာ ဤငှက်လေးသည် သန့်ရှင်းသောသားရဲ ဖြစ်သော်လည်း ငယ်ရွယ်နုနယ်သေးပြီး ပြင်ပလောကနှင့် ပတ်သက်၍ အတွေ့အကြုံ မရှိသေးချေ။ ၎င်းသည် ပျံသန်းလာပြီးနောက် ဇဝေဇဝါဖြစ်ကာ လမ်းပျောက်သွားခဲ့ရသည်။ ၎င်း၏ အာရုံများ ပြန်လည်ကြည်လင်လာပြီး လူနံ့ရချိန်တွင်မှ တစ်ဦးသောသူထံ၌ ၎င်း၏သခင် ပေးလိုက်သော စာရွက်ထဲက အနံ့မျိုး ပါရှိနေသည်ကို သိလိုက်ရခြင်းပင်။

ဝမ်းသာအားရဖြင့် ၎င်းသည် သူတို့ထံသို့ ပျံသန်းလာခဲ့ခြင်းပင်။ သို့သော် ကျုံးရန်၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် ပြည့်နှက်နေပြီး ထိုရေခဲနှင့်မီးဖီးနစ်ကို အချိန်မရွေး ကင်စားတော့မည့်ပုံစံမျိုး ဖြစ်နေသည်ကိုမူ ထိုငှက်လေး မသိရှာပေ။ အနီလေးနဲ့ အပြာလေးမှာ ကြောက်လန့်သွားပြီး အနားသို့ မကပ်ရဲတော့ချေ။

“ကျုံးရန်... လောဘမကြီးစမ်းပါနဲ့။ အဲဒီကောင်လေးမှာ ပိုင်ရှင်ရှိပြီးသားဆိုတာ မမြင်ဘူးလား။ ပြီးတော့ ဒါက တခြားသူရဲ့ အသက်ချင်းဆက်နွယ်နေတဲ့ မှော်သားရဲပဲလေ”

ယွင်ရှန်းက ရယ်မောရင်း ပြောလိုက်သည်။

ထိုအခါမှ ကျုံးရန်လည်း ထိုငှက်လေးထံမှ ပြင်းထန်သော လူသားအနံ့ ထွက်ပေါ်နေသည်ကို သတိထားမိလိုက်သည်။

“သူ့ကို မခြောက်ပါနဲ့။ ကြည့်ရတာ သူက ကျွန်မတို့ကို တစ်ခုခု ပြောချင်နေပုံပဲ”

ထိုငှက်လေးသည် ယန်ချန်းလန်ကို အနားမခွာဘဲ မရပ်မနား ပတ်ချာလည် ပျံသန်းနေသည်ကို ယွင်ရှန်း သတိပြုမိလိုက်သည်။

ယွင်ရှန်းသည် အကြံတစ်ခု ရရှိသွားပြီး သားရဲစကားပြောလက်စွပ်အတွင်းမှနေ၍ လင်လုံသားရဲမျှော်စင်၏ နတ်ဘုရားစွမ်းအားကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။

လင်လုံသားရဲမျှော်စင်သည် အဖိုးတန်ရတနာတစ်ခုဖြစ်ရာ သာမန်မိစ္ဆာသားရဲများပင်လျှင် ယင်းကို အလွန်တမ်းတကြသည်။

အနီလေးနဲ့ အပြာလေးကဲ့သို့သော သန့်ရှင်းသောသားရဲအဆင့်ရှိ ငှက်ငယ်လေးအတွက်မူ ထိုလန်းဆန်းသောရနံ့ကို ရရှိလိုက်သည်နှင့်တစ်ပြိုင်နက် ရင်းနှီးကျွမ်းဝင်လိုစိတ်များ ချက်ချင်းပေါ်ပေါက်လာကာ ယွင်ရှန်း၏ ပုခုံးပေါ်သို့ ဆင်းသက်၍ နားခိုတော့သည်။ ၎င်းသည် ယွင်ရှန်း၏ နားရွက်ကို နှုတ်သီးလေးဖြင့် အသာအယာ တို့ထိရင်း သာယာသောအသံလေးများဖြင့် မြည်တမ်းနေ၏။

ယွင်ရှန်းသည် ယားကျိကျိခံစားချက်ကြောင့် ရယ်မောလိုက်ပြီး “ကောင်လေး... နင့်ကို ဘယ်သူလွှတ်လိုက်တာလဲဆိုတာ မြန်မြန်ပြောစမ်းပါ။ အဖြေကောင်းရင် နင့်အတွက် ဆုလာဘ်ရှိတယ်နော်” ဟု ပြောလိုက်သည်။

ထိုငှက်ငယ်လေးသည် ယွင်ရှန်း၏ စကားကို နားလည်ပုံရပြီး မျက်နှာလိုမျက်နှာရဖြင့် ၎င်း၏ တောင်ပံများကို ဖြန့်ကားပြလိုက်သည်။ ယွင်ရှန်းက အသေအချာ ကြည့်ရှုစစ်ဆေးလိုက်ရာ တောင်ပံအောက်၌ ဝှက်ထားသော စာတစ်စောင်ကို တွေ့ရှိခဲ့ရ၏။ စာကို ဖွင့်ဖတ်လိုက်သည်နှင့်တစ်ပြိုင်နက် ယွင်ရှန်း၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားတော့သည်။

ယန်ချန်းလန်သည် စာကို လှမ်းယူကြည့်လိုက်ရာ စာတွင်ပါရှိသော လက်မှတ်ရေးထိုးသည့် ရက်စွဲကို မြင်ပြီးနောက် သူ၏ နှလုံးခုန်သံများ မြန်ဆန်သွားခဲ့သည်။ စာထဲမှ လက်ရေးများမှာ အလွန်ကမန်းကတန်း ရေးသားထားခြင်းဖြစ်ပြီး ယွမ်ပုဖော်က အလွန်အရေးကြီးသည့် အခြေအနေတွင် ရေးသားခဲ့ခြင်းဖြစ်ကြောင်း သိသာလှသည်။

ထိုစာထဲ၌ ယွမ်ရှားဟူသည် ယန်ချန်းလန်ကြောင့် ဒီဟုန်မြို့တော်မှ နှင်ထုတ်ခံခဲ့ရပုံ၊ ရှစ်နှစ်ကျော်တိုင်အောင် အပြင်လောကတွင် နာကျင်ခံစားချက်များဖြင့် တစ်ယောက်တည်း လှည့်လည်သွားလာခဲ့ရပုံတို့ကို အသေးစိတ် ဖော်ပြထားသည်။ ထို့ပြင် ယန်ချန်းလန်အတွက်ကြောင့်ပင် သူမသည် ဒီဟုန်မြို့တော်၏ သစ္စာဖောက်အဖြစ် အထင်ခံယူရန် ဝန်မလေးခဲ့ဘဲ ရွှမ်ဝူကျီ၏ သေဆုံးမှုအတွက် နောက်ရက်အနည်းငယ်အတွင်း အသတ်ခံရတော့မည်ဖြစ်ကြောင်း ရေးသားထား၏။

စာကို ဖတ်ပြီးနောက် ယန်ချန်းလန်၏ နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ ယွမ်ရှားဟူသည် ဤမျှအထိ ကြီးမားသော ဒဏ်ရာဒုက္ခများကို ခံစားခဲ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သလို ဤနှစ်များတစ်လျှောက်လုံး သူမအပေါ် မတရား အပြစ်တင်ခဲ့မိသည်ကိုလည်း နောင်တရမိတော့သည်။

“ဦးလေး... ဝမ်းနည်းမနေပါနဲ့တော့။ အခု အရေးကြီးဆုံးက ဒီဟုန်မြို့တော်ကို ချက်ချင်းသွားဖို့ပဲ။ ဒီစာက လွန်ခဲ့တဲ့ ခြောက်ရက်က ရေးထားတာဆိုတော့ ကျွန်မ တွက်ချက်ကြည့်ရသလောက် မနက်ဖြန်က ဒေါ်ဒေါ့်ကို အပြစ်ပေးမယ့်နေ့ပဲ မဟုတ်လား”

ယွင်ရှန်း၏ စိတ်ထဲတွင်လည်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ သူတို့သည် လမ်းခရီးတွင် အချိန်များစွာ နှောင့်နှေးခဲ့ရပြီဖြစ်ရာ ဒီဟုန်မြို့တော်သို့ အမြန်မရောက်ရှိပါက အချိန်မီတော့မည်မဟုတ်ပေ။ သူတို့သုံးဦးသည် အနီလေးနဲ့ အပြာလေး၏ လမ်းပြမှုဖြင့် ဒီဟုန်မြို့တော်ဆီသို့ အပြင်းနှင်ခဲ့ကြသည်။

နောက်တစ်နေ့ နံနက်တွင် ဒီဟုန်မြို့တော်၏ မြေအောက်ထောင်အတွင်း၌ ဒီဟုန်မြို့တော် စစ်သည်တစ်စုသည် သခင်မပိနှင့်အတူ ထောင်ထဲသို့ ဝင်လာကြသည်။ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးနေသော ယွမ်ရှားဟူမှာမူ ခေါင်းပင်မဖော်တော့ပေ။

“ယွမ်ရှားဟူ... ဒီအဝတ်အစားတွေကို ဝတ်လိုက်စမ်း”

သခင်မပိက သူမ၏ ကိုယ်ရံတော် အစေခံမလေးအား အဝတ်အစားတစ်စုံကို ရှေ့သို့ ယူဆောင်လာရန် ခိုင်းစေလိုက်သည်။ ယွမ်ရှားဟူသည် ထိုအဝတ်အစားကို မြင်လိုက်ရသောအခါ အမူအရာ ကင်းမဲ့နေသော သူမ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ၎င်းမှာ မီးတောက်ကဲ့သို့ နီရဲနေသော မင်္ဂလာဆောင် ဝတ်စုံတစ်စုံ ဖြစ်နေသောကြောင့်ပင်။

“ဒါက ဘာသဘောလဲ”

ယွမ်ရှားဟူက အေးစက်စွာ မေးလိုက်သည်။

“ဘာသဘောရမှာလဲ။ ဒီနေ့က ငါ့သားရဲ့ သင်္ဂြိုဟ်မယ့်နေ့၊ နင့်အတွက်တော့ သူ့နောက်ကို လိုက်သွားရမယ့်နေ့ပဲ။ သူက အသက်ရှင်စဉ်တုန်းက နင်နဲ့ လက်ထပ်ချင်ခဲ့တာလေ။ နှမြောစရာကောင်းတာက နင်လို မိန်းမယုတ်က အပြင်မှာ တခြားယောက်ျားနဲ့ ဖောက်ပြန်ပြီး အရှက်မရှိ စေ့စပ်မှုကို ဖျက်သိမ်းခဲ့တယ်”

သခင်မပိ၏ မျက်နှာမှာ ရက်စက်မှုများဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေသည်။

“နင်က မြို့စားလေးရဲ့ ဇနီးအဖြစ် မနေချင်ခဲ့ဘူးဆိုတော့ ဒီနေ့မှာတော့ ဝူကျီရဲ့ နောက်ဆုံးခရီးကို မယားငယ်တစ်ယောက်အနေနဲ့ လိုက်ပါသွားစေရမယ်”

သခင်မပိက အံကြိတ်ပြီး ပြောလိုက်သည်။ သူမသည် ယွမ်ရှားဟူကို သေပြီးသည့်တိုင်အောင် အေးချမ်းစွာ မသေစေဘဲ အရှက်တကွဲ ဖြစ်စေလိုခြင်းပင်။

“သခင်မပိ ကျေးဇူးပြုပြီး အတန်အသင့်ပဲ လုပ်ပါ”

ယွမ်ရှားဟူသည် ရွှမ်ဝူကျီကို သတ်ခဲ့မိသည့်အတွက် သခင်မပိအပေါ် အနည်းငယ် စိတ်မကောင်း ဖြစ်မိခဲ့သမျှမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သခင်မပိ၏ လုပ်ရပ်မှာ သူမကိုသာမက ယွမ်မိသားစုနှင့် ယန်ချန်းလန်ကိုပါ စော်ကားခြင်းပင်။ ယွမ်ရှားဟူသည် ယန်ချန်းလန်၏ ဇနီးအစစ်အမှန် မဖြစ်ခဲ့ဖူးသော်လည်း သူမ၏ စိတ်ထဲတွင်မူ သူသည်သာ သူမ၏ တစ်ဦးတည်းသော ခင်ပွန်းဖြစ်သည်။

“ငါက နင့်ကို အတင်းအကျပ် လုပ်နေတာလေ ဘာဖြစ်လဲ။ ငါ့သားက အသက်ရှင်တုန်းက နင့်ကို မပိုင်ဆိုင်ခဲ့ရပေမဲ့ သေတဲ့အခါကျရင်တော့ နင်က သူ့အနားမှာ ရှိနေရမယ်။ ဒါမှ သူ စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်မှာပေါ့။ နင်လို သေလူတစ်ယောက်အတွက် ယွမ်မိသားစုက ငါ့ကို ပြန်တော်လှန်ရဲမယ် ထင်လို့လား။ အစောင့်တွေ ဒီမိန်းမရဲ့ အဝတ်အစားတွေကို ချွတ်ပြီး မင်္ဂလာဝတ်စုံကို ဝတ်ပေးလိုက်ကြစမ်း”

သခင်မပိ၏ အမိန့်အရ ယွမ်ရှားဟူအား အင်အားသုံး၍ ဖိနှိပ်ထားကြသည်။

သနားစရာကောင်းသော ယွမ်ရှားဟူမှာ ရက်ပေါင်းများစွာ အစာငတ်ပြတ်နေခဲ့ရုံမျှမက သူမ၏ စွမ်းအင်များလည်း ပိတ်လှောင်ခံထားရသဖြင့် မည်သို့မျှ ပြန်လည် မခုခံနိုင်တော့ပေ။ သူမသည် အရှက်တကွဲဖြင့် အဝတ်အစားများ ချွတ်ပစ်ခြင်း ခံရကာ မင်္ဂလာဝတ်စုံကို ဝတ်ဆင်ပေးခြင်း ခံလိုက်ရပြီး သူမ၏ မျက်ဝန်းများတွင်လည်း အကြီးအကျယ် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်။

All Chapters