← Chapters

အခန်း (၄၄၃)

Vol. 44 Ch. 443

အခန်း (၄၄၃)

Vol. 44 Ch. 443

အခန်း။ ၄၄၃

နေ့လယ်တစ်နာရီအချိန်တွင် ဒီဟုန်မြို့တော်အတွင်း၌ လူအုပ်ကြီးမှာ ပြည့်နှက်နေသည်။

မြို့နေလူထုအားလုံး သိရှိထားကြသည်မှာ ယနေ့တွင် မြို့စားလေးကို သင်္ဂြိုဟ်မည်ဖြစ်ပြီးသူသေဆုံးရခြင်း၏ အကြောင်းရင်းဖြစ်သော သစ္စာဖောက် ယွမ်ရှားဟူကိုလည်း စီရင်တော့မည်ဟူသောအချက်ပင်။

ယွမ်ပုဖော်နှင့် သခင်ကြီး၊ သခင်မယွမ်တို့မှာ စောင့်ဆိုင်းရသည်မှာ အလွန်ပင် စိတ်ပင်ပန်းနေသည်။ အနီလေးနဲ့ အပြာလေးထွက်ခွာသွားသည်မှာ ငါးရက်၊ ခြောက်ရက်ရှိပြီဖြစ်သော်လည်း ယန်ချန်းလန်ကို တွေ့ရှိခဲ့ခြင်း ရှိမရှိ မည်သူမျှ မသိနိုင်ကြပေ။ ယွမ်ပုဖော်နှင့် ယွမ်ရှန်းရှန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဂနာမငြိမ် ဖြစ်နေကြသည်။

သခင်မယွမ်၏ မျက်နှာတွင် ပူဆွေးမှုများ ပြည့်နှက်နေပြီး ယွမ်ပုချူးမှာလည်း စိတ်မကောင်းခြင်းကြီးစွာဖြင့် ငိုင်နေရှာသည်။ ထောင်မြေပုံကို တိတ်တဆိတ် ထုတ်ပြကာ ယွမ်ပုဖော်တို့ မောင်နှမအား သွားရောက်ကယ်တင်ခိုင်းလျှင် အဆင်ပြေမည်ဟု သူထင်ခဲ့သည်။

သို့သော် ယွမ်ရှားဟူကိုယ်တိုင်က သေရန်ဆုံးဖြတ်ချက် ချထားပြီးဖြစ်ရာ ဘယ်လိုမှ ခေါ်ထုတ်၍ မရခဲ့ပေ။ သူတို့အနေဖြင့် သူတို့၏ သမီးကြီး အသတ်ခံရတော့မည်ကို ဤအတိုင်းပင် ထိုင်ကြည့်နေကြရတော့သည်။

“သူ ထွက်လာပြီ”

“သစ္စာဖောက်မ ထွက်လာပြီ”

မြို့တံခါးဝမှ စီတန်းလှည့်လည်လာသော လူအုပ်ကြီးကို မြင်လိုက်ရသောအခါ မြို့သူမြို့သားများမှာ စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်။ အလယ်တွင်ပါလာသော အမျိုးသမီးကို မြင်လိုက်ရသည့်အခါ လူအုပ်ကြီးမှာ ဒေါသတကြီး ဆဲဆိုကြတော့သည်။

ယွမ်ပုဖော်တို့လည်း ယွမ်ရှားဟူကို မြင်လိုက်ရသကဲ့သို့ သူမ၏ ကိုယ်ပေါ်တွင် မီးတောက်များထက်ပင် ပို၍နီရဲနေသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည်ကိုလည်း သတိပြုမိသွားကြသည်။

“တောက် သူတို့က အစ်မကြီးကို ဒီလောက်တောင် အရှက်ခွဲဝံ့ကြတယ်ပေါ့”

မင်္ဂလာဝတ်စုံနှင့်အတူ ဘေးမှနေ၍ ကျေနပ်နေသော သခင်မပိကို မြင်လိုက်ရသောအခါ ယွမ်ပုဖော်မှာ ဒေါသအလိပ်လိပ် ထွက်လာတော့သည်။

“ဒါက လွန်လွန်းတယ် အဖေ အမေ... သခင်မပိက ဒါကို တမင်သက်သက် လုပ်ပြီး ယွမ်မိသားစုကို စော်ကားနေတာ”

ယွမ်ရှန်းရှန်းမှာလည်း သူမ၏ အစ်မဖြစ်သူ ဝေဒနာခံစားနေရသည်ကို မြင်ရသောအခါ နှလုံးသားထဲတွင် စူးနစ်အောင် ခံစားလိုက်ရသည်။ သခင်မယွမ်မှာ မျက်ရည်များကျရင်း သမီးဖြစ်သူကို တိုက်ရိုက်မကြည့်ဝံ့ဘဲ အားတင်းထားရရှာသည်။ ယွမ်ပုချူးမှာမူ သူ၏ ထိုင်ခုံလက်ရန်းကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ၏ မျက်ဝန်းများထဲတွင် ဒေါသ၊ အရှက်ရမှုနှင့် စိတ်လှုပ်ရှားမှုများမှာ တဖျတ်ဖျတ် လက်နေသည်။

“အဖေ... ကျွန်တော် အစ်မကြီးကို သွားကယ်မယ်”

ယွမ်ပုဖော်သည် ဆက်၍ ထိုင်မနေနိုင်တော့ပေ။

“မလုပ်နဲ့ နင့်အစ်မက... ငါတို့ကို ပြဿနာထဲ ဆွဲမသွင်းချင်လို့ သူမကိုယ်တိုင် ရွေးချယ်ခဲ့တာ”

ယွမ်ပုချူးသည် သူ၏ သမီးကြီးကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်လိုက်သည်။ အလွန်တရာ အရှက်ခွဲခံနေရသော်လည်း ယွမ်ရှားဟူသည် သူမ၏ မိသားစုကို တစ်ချက်မျှ မော့မကြည့်ခဲ့ပေ။ ယခုအချိန်တွင် သူမသည် အမြန်ဆုံး သေဆုံးသွားရန်သာ ဆုတောင်းနေမိသည်။ သူမကြောင့် မိသားစုကို ထပ်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတော့ပေ။

ရွှမ်ဝူကျီ၏ ခေါင်းတလားကို သယ်ဆောင်လာခဲ့ကြပြီး ၎င်း၏ဘေးတွင် နောက်ထပ် ခေါင်းတလားတစ်ခု ပါလာသည်။ ၎င်းမှာ ယွမ်ရှားဟူအတွက် ပြင်ဆင်ထားခြင်းပင်။ သူမကို ခေါင်းတလားထဲ ထည့်၍ သံမှိုရိုက်ကာ ရွှမ်ဝူကျီနှင့်အတူ မြေမြှုပ်ပစ်ရန် စီစဉ်ထားခြင်းပင်။

မွန်းတည့်ချိန်သို့ ရောက်သောအခါ အနီရောင်ဝတ်စုံဖြင့် ယွမ်ရှားဟူသည် ခေါင်းတလားရှိရာသို့ အပို့ခံလိုက်ရသည်။ သူမသည် တစ်လှမ်းချင်း လျှောက်လှမ်းသွားရာ ယွမ်ပုဖော်၏ နှလုံးသားထဲတွင် ဝေဒနာများ တိုးပွားနေခဲ့သည်။ ယွမ်ရှားဟူကို ခေါင်းတလားအတွင်းသို့ တွန်းပို့လိုက်

သည့်အချိန်တွင် ယွမ်ပုဖော်မှာ ဆက်၍ ငြိမ်မနေနိုင်တော့ဘဲ “မဖြစ်ဘူး အဖေ ကျွန်တော် ဒီအတိုင်း မကြည့်နေနိုင်ဘူး” ဟု အော်ပြောလိုက်သည်။

သူသည် လက်ထဲမှ နဂါးပုလွေကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး လူအုပ်ကြီးထဲသို့ တိုးဝင်ရန် ပြင်လိုက်စဉ်မှာပင် ထိုစဉ် ကောင်းကင်ယံထက်မှ သာယာနာပျော်ဖွယ် ငှက်မြည်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုငှက်မြည်သံနှင့်အတူ ကြည်လင်ပြတ်သားသော အမျိုးသားတစ်ဦး၏ အသံမှာ ဒီဟုန်မြို့တော်အပြင်ဘက်၌ ပဲ့တင်ထပ်သွားတော့သည်။

“ကျွန်တော်ကတော့ ကျိုးနိုင်ငံက ယန်ချန်းလန်ပါ။ ဒီဟုန်မြို့စားမင်းကို လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်”

မြို့တံခါးအပြင်ဘက် ကောင်းကင်ယံ၌ လူသုံးဦးမှာ လေထဲတွင် တန့်ရပ်နေကြသည်။ အလယ်တွင် ယန်ချန်းလန်၊ လက်ဝဲဘက်တွင် ကျုံးရန်နှင့် လက်ယာဘက်တွင် ယွင်ရှန်းတို့ ရှိနေကြ၏။

ခေါင်းတလားအတွင်းသို့ ခြေတစ်ဖက် လှမ်းဝင်နေပြီဖြစ်သော ယွမ်ရှားဟူသည် ရင်းနှီးလှသော်လည်း ဝေးကွာနေခဲ့သည်မှာ ကြာပြီဖြစ်သော ထိုအသံကို ကြားလိုက်ရသည့်အခါ စိတ်နှလုံးတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။ သူမ၏ နုနယ်သော ကိုယ်လေးမှာ တုန်ရီနေပြီး ကောင်းကင်ယံထက်သို့ မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်မိသည်။

ဒီဟုန်မြို့စားမင်း ရွှမ်စီထျန်းသည်လည်း လေထဲမှ ထိုလူသုံးဦးကို သတိပြုမိသွားသည်။ သူတို့သုံးဦးစလုံးမှာ ပျံသန်းသည့် မှော်သားရဲများ မပါရှိဘဲ ကိုယ်တိုင်ပျံသန်းနိုင်သော စွမ်းအားရှင်များ ဖြစ်နေကြသည်ကို သူ တွေ့လိုက်ရ၏။ ပျံသန်းနိုင်စွမ်းရှိသော ပါရမီရှင် သုံးဦး တစ်ပြိုင်နက်တည်း ပေါ်လာခြင်းမှာ မြို့စားမင်းအတွက်ပင် အထူးသတိထားရမည့် အခြေအနေ ဖြစ်နေသည်။

ယန်ချန်းလန်သည် မြင့်မားသော နေရာမှနေ၍ လူအုပ်ကြီးကြား၌ ယွမ်ရှားဟူ၏ ပုံရိပ်ကို အသဲအသန် ရှာဖွေနေသည်။ သူမ၏ ရုပ်ရည်ကို အသေအချာ မမြင်ရသေးသော်လည်း ရင်းနှီးလှသော ထိုပုံရိပ်လေးကို သူ တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။ ယွမ်ရှားဟူသည် မင်္ဂလာဆောင်ဝတ်စုံကို ဝတ်ဆင်ထားရသည်ကို မြင်လိုက်ရသောအခါ သူ၏ ပတ်ဝန်းကျင်၌ ပြင်းထန်သော ဒေါသအရှိန်အဝါများမှာ ရူးသွပ်စွာ ထွက်ပေါ်လာတော့သည်။

“မြို့စားမင်း... အဲဒီလူက ယန်ချန်းလန်ပဲ။ သူ့ဘေးမှာက သန့်ရှင်းသောသားရဲဆင့်ခေါ်သူ ကျုံးရန်နဲ့ သူ့တူမ ယွင်ရှန်းတို့ ပါလာတာ။ အဲဒီယွင်ရှန်းက အရင်တစ်ခေါက် တော်ဝင်ကျောက်စိမ်းကို လုသွားတဲ့ မှော်ဆရာမလေးပဲ။ သူမမှာ နတ်ဘုရားမျိုးနွယ်စုရဲ့ ကံကြမ္မာမီးလျှံအမှတ်အသား ရှိပုံပဲ။ ပြီးတော့ သူမမှာ ထူးခြားတဲ့ ဆေးပညာအရည်အချင်းရှိတယ်လို့ ကြားတယ်။ ယန်ချန်းလန်ရဲ့ လက်ကို ကုပေးခဲ့တာလည်း သူမပဲ”

မဟာအကြီးအကဲသည် ယန်ချန်းလန်ကို မှတ်မိသွားပြီး သူသည် မိုးကြိုးဖြင့် ခန္ဓာကိုယ်သန့်စင်ကာ အဆင့်တက်လှမ်းထားသော သိုင်းသူတော်စင်တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ ခရီးထွက်သွားသည်မှာ တစ်လပင် မပြည့်သေးသော်လည်း ယန်ချန်းလန်၏ ခွန်အားမှာ များစွာ တိုးတက်လာခဲ့သည်။ သူ ဒေါသထွက်နေသော ယန်ချန်းလန်ကို အနိုင်တိုက်နိုင်ပါမလားဆိုသည်ကို မဟာအကြီးအကဲကိုယ်တိုင်ပင် မသေချာတော့ပေ။

ဤသည်ကို ကြားလိုက်ရသောအခါ ရွှမ်စီထျန်း၏ ဘေးတွင် ရပ်နေသော အမျိုးသမီးလန်မှာ ရှေ့သို့ အမြန်တိုးလာသည်။

“မြို့စားမင်း... အဲဒီမိန်းကလေးက နတ်ဆေးဆရာမလေးဆိုတာ တကယ်လား။ ဒါဆိုရင် မိန်မိန်းရဲ့ မျက်နှာကို သူမ ကုပေးနိုင်မှာလား”

အမျိုးသမီးလန်သည် ရွှမ်မိန်မိန်း၏ မိခင်ဖြစ်ပြီး သူမ၏ တစ်ဦးတည်းသော သမီးကို အလွန်အမင်း အလိုလိုက်သူ ဖြစ်သည်။

ရွှမ်မိန်မိန်း၏ မျက်နှာမှာ ကံကြမ္မာမီးလျှံဖြင့် အမာရွတ်ထင်ကျန်ရစ်ခဲ့ရာ ဒီဟုန်မြို့တော်အတွင်း မည်သူမျှ ကုသပေးနိုင်ခြင်း မရှိခဲ့ပေ။ အမျိုးသမီးလန်မှာ မယားငယ်တစ်ဦးသာ ဖြစ်သော်လည်း သူမသည် ယခင်ကတည်းက ရွှမ်စီထျန်း၏ ကိုယ်ရေးကိုယ်တာ အစေခံ ဖြစ်ခဲ့သည်။

အကယ်၍သာ ရွှမ်စီထျန်းအနေဖြင့် မြို့စားမင်းရာထူးကို ရယူရန် သခင်မပိကို လက်ထပ်ဖို့ မလိုအပ်ခဲ့လျှင် သူမသည်သာ မြို့စားကတော် ဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း ရွှမ်စီထျန်းမှာ သူမကို အမှန်တကယ်ပင် ချစ်မြတ်နိုးလှသဖြင့် နောက်ဆုံးတွင် မယားငယ်အဖြစ် သိမ်းပိုက်ခဲ့ခြင်းပင်။

ရွှမ်ဝူကျီ သေဆုံးသွားခြင်းအတွက် အပျော်ဆုံးလူမှာ အမှန်စင်စစ် အမျိုးသမီးလန်ပင်။ သားသမီး မရှိတော့သော သခင်မပိမှာ နောက်နှစ်အနည်းငယ်အတွင်း အာဏာစက် ကျဆင်းသွားမည်မှာ မလွဲဧကန်ပင်။ တစ်ဖက်တွင်မူ ရွှမ်မိန်မိန်း၏ ပါရမီမှာ ရွှမ်ဝူကျီထက် သာလွန်သော်လည်း သမီးမိန်းကလေး ဖြစ်နေသဖြင့် မြို့စားမင်းရာထူး ဆက်ခံခွင့် ဆုံးရှုံးနေရခြင်းပင်။

သို့သော် အမျိုးသမီးလန်သည် သူမ၏ စိတ်ထဲ၌ အစီအစဉ်တစ်ခု ကြိုတင်ဆွဲထားပြီးသား ဖြစ်သည်။ သူမ၏ သမီးက မြို့စားမင်းရာထူး မရနိုင်လျှင်ပင် သမီးဖြစ်သူက ယွမ်ပုဖော်ကို သဘောကျနေသည်မှာ ကြာလှပြီ ဖြစ်သည်။ အကယ်၍ ဤအခွင့်အရေးကို အသုံးချ၍ ယွမ်မိသားစုကို ကျေးဇူးပြုနိုင်မည်ဆိုလျှင် နောင်တစ်ချိန်တွင် မိသားစုနှစ်ခု ခမည်းခမက် ဖြစ်သွားကြပါက သူမသည် မြို့စားမင်း၏ ယောက္ခမ ဖြစ်လာမည်ဖြစ်ရာ သူမ၏ အာဏာမှာ ဆက်လက်တည်မြဲနေပေလိမ့်မည်။

ဤသို့ တွေးမိသောအခါ အမျိုးသမီးလန်သည် ယန်ချန်းလန်တို့အပေါ် ရန်ငြိုးမထားသည့်အပြင် သူတို့ကိုပင် ကျေးဇူးတင်နေမိသည်။ သို့သော် ၎င်းမတိုင်မီ မိန်မိန်း့မျက်နှာကို အရင်ကုသပေးနိုင်ရန် နည်းလမ်းရှာရပေမည်။ ယခု မဟာအကြီးအကဲက ထိုအဖွဲ့ထဲတွင် နတ်ဆေးဆရာမလေး တစ်ဦးပါကြောင်း ပြောလိုက်သဖြင့် အမျိုးသမီးလန်မှာ အခွင့်အရေးကို ဖမ်းဆုပ်ကာ အခြားသူများကို နူးညံ့စွာ ဖျောင်းဖျတော့သည်။

“အမျိုးသမီးလန်... မင်းက ဘာတွေကို ဆိုလိုချင်နေတာလဲ။ ယန်ချန်းလန်က ဒီဟုန်မြို့တော်ရဲ့ ရန်သူပဲ။ သူ့ကို မြို့ထဲ ပေးဝင်လို့ ဘယ်ဖြစ်မလဲ။ မြို့စားမင်း... ဝူကျီကို ယွမ်ရှားဟူ သတ်တာလို့ ပြောပေမဲ့ နောက်ဆုံးတော့ ဒါတွေက ယန်ချန်းလန်ကြောင့် ဖြစ်ရတာပါ။ ကျွန်မအမြင်အရဆိုရင် သူတို့ကို အခုချက်ချင်း မြားမိုးရွာပြီး ပစ်ချလိုက်သင့်တယ်”

ဤသို့ ပြောရင်း သခင်မပိသည် လေးသည်တော်များကို အမိန့်ပေးလိုက်ရာ မြားအားလုံးမှာ ကောင်းကင်ယံမှ လူများဆီသို့ ဦးတည်သွားတော့သည်။

“နေဦး”

ရွှမ်စီထျန်းသည် ယွင်ရှန်းနှင့် ယန်ချန်းလန်တို့အား အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ မြို့စားမင်းတစ်ဦးအနေဖြင့် သူသည် အမုန်းတရားကြောင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားမည့်သူ မဟုတ်ပေ။ သားဖြစ်သူ အသတ်ခံရသည့် နာကျည်းချက်မှာ မေ့ပျောက်၍ မရနိုင်သော်လည်း ထူးခြားစွာ စွမ်းအားကြီးမားသော လူသုံးဦးကို တွေ့ရာင်္သချိုင်းမရွေး ချက်ချင်း သတ်ပစ်နိုင်ရန်မှာ မလွယ်ကူလှပေ။

ထို့ပြင် ဤသုံးဦးမှာ သာမန်လူများ မဟုတ်ဘဲ သူတို့၏ နောက်ကွယ်တွင် ကျိုးနိုင်ငံနှင့် ရှန်းကျူးနိုင်ငံတို့၏ အင်အားစုများ ရှိနေနိုင်သည်။ ဒီဟုန်မြို့တော်မှာ စွမ်းအားကြီးသည်ဟု ဆိုနိုင်သော်လည်း တိုက်ကြီး၏ အင်အားကြီးနှစ်နိုင်ငံကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရန်မှာမူ အောင်နိုင်ခြေ မရှိသလောက်ပင်။

“သူမလား...”

ယွမ်ပုဖော်သည်လည်း ကောင်းကင်မှ လူသုံးဦးကို မြင်လိုက်ရသည်။ သို့သော် သူ၏ အကြည့်များမှာ လက်ယာဘက်မှ ယွင်ရှန်းထံသို့ ချက်ချင်း ကျရောက်သွားခဲ့သည်။

လေထဲမှ ယွင်ရှန်းသည် သူမ၏ ဆံပင်ရှည်များကို ကျောနောက်သို့ ပေါ့ပေါ့ပါးပါး စည်းနှောင်ထားပြီး လရောင်အလား ဖြူစင်သော မှော်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ နေရောင်အောက်မှ သူမ၏ နုနယ်သော မျက်နှာလေးမှာ အဖိုးတန် ကျောက်စိမ်းတစ်ခုအလား အပြစ်ပြောဖွယ်မရှိ လှပလွန်းလှသည်။ ယွမ်ပုဖော်မှာ သူမ၏ အလှတွင် လုံးဝ နစ်မျောသွားခဲ့ရ၏။ ထိုအခါမှသာ သူသည် ကောင်းကင်ယံမှ ထိုပုံရိပ်လေးကို မည်မျှအထိ လွမ်းဆွတ်နေခဲ့မိကြောင်း သဘောပေါက်လိုက်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ဒီဟုန်မြို့စားမင်းသည် ရုတ်တရက် လေထဲသို့ ပျံတက်လိုက်ရာ အတိုင်းအဆမရှိသော ဖိအားကြီးတစ်ခုမှာ သူတို့ဆီသို့ ချက်ချင်း တိုးဝင်လာတော့သည်။

All Chapters