← Chapters

အခန်း (၄၄၄)

Vol. 44 Ch. 444

အခန်း (၄၄၄)

Vol. 44 Ch. 444

အခန်း။ ၄၄၄

ယွင်ရှန်း၊ ကျုံးရန်နှင့် ယန်ချန်းလန်တို့ သုံးဦးစလုံးမှာလည်း တစ်ဖက်လူထံမှ ထွက်ပေါ်လာသော ခြောက်ခြားဖွယ်ရာ အရှိန်အဝါကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

“ဒီဟုန်မြို့စားမင်းက ဆင့်ခေါ်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ကြာပြီလို့ ပြောကြတယ်။ ဒါက ဆင့်ခေါ်ဧကရာဇ်တစ်ဦးရဲ့ စွမ်းအားလား...”

ယွင်ရှန်းမှာ တုန်လှုပ်မှုကို မထိန်းနိုင်တော့ပေ။ သူမတွင် မိစ္ဆာဆင့်ခေါ်လက်ရှိပြီး ဆင့်ခေါ်

ဧကရာဇ်တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့ဖူးသော်လည်း အစစ်အမှန် ဆင့်ခေါ်ဧကရာဇ်တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင်မှ သူမ၏ ကိုယ်ပိုင်ခွန်အားမှာ မည်မျှအထိ သေးငယ်နေကြောင်း သဘောပေါက်လိုက်ခြင်းပင်။

ရွှမ်စီထျန်းသည် ကောင်းကင်ယံထက်သို့ ပျံတက်လာပြီး အထက်မှနေ၍ ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေ၏။ သူသည် မည်သည့်တိုက်ခိုက်မှုကိုမျှ မပြုလုပ်သေးပေ။ ဆင့်ခေါ်ဧကရာဇ်တစ်ဦးအနေဖြင့် သူသည် မှော်သားရဲတစ်ကောင်ကို ဆင့်ခေါ်ရုံမျှဖြင့် သူတို့သုံးဦးကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သို့သော် ရွှမ်စီထျန်းမှာ ထိုသို့ပြုလုပ်ရန် ရည်ရွယ်ချက်မရှိကြောင်း ထင်ရှားလှသည်။

အချိန်တို့မှာ တစ်စက္ကန့်ချင်း ကုန်ဆုံးသွားခဲ့သည်။

“မြို့စားမင်း ရှားဟူကို သေခွင့်ပေးဖို့ ကျွန်မ တောင်းပန်ပါတယ်”

ယန်ချန်းလန် ရုတ်တရက် ပေါ်လာခြင်းကြောင့် ယွမ်ရှားဟူ၏ စိတ်နှလုံးမှာ လှုပ်ရှားသွားခဲ့ရသော်လည်း ထိုထက်မက စိုးရိမ်ပူပန်မိသွားသည်။ သူမသည် မြေပြင်ပေါ်၌ အမြန်ဒူးထောက်လိုက်ပြီး သေရန်သာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်တော့သည်။

“မဖြစ်ဘူး ရှားဟူ... ငါ အကြောင်းစုံကို သိပြီးပြီ။ ဒီနှစ်တွေမှာ မင်း တကယ်ကို ပင်ပန်းခဲ့မှာပဲ။ ဒီပြဿနာတွေက ငါ့ဆီကနေ စခဲ့တာဆိုတော့ သေရမယ်ဆိုရင်တောင် ငါပဲ သေသင့်တာပါ”

ယန်ချန်းလန်က ယွမ်ရှားဟူကို ကြည့်ကာ နက်နက်ရှိုင်းရှိုင်း ပြောလိုက်သည်။

သူ၏ ရင်ဖွင့်သံကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီးလေး၏ နုနယ်သော ကိုယ်လေးမှာ တုန်ရီသွားခဲ့ရ၏။

“ကျွန်မက ဒီလိုပုံစံမျိုး ဖြစ်သွားတာတောင်မှ... ရှင်က ကျွန်မအတွက် အသေခံဖို့ ဆန္ဒရှိနေတုန်းပဲလား”

ယွမ်ရှားဟူသည် သူမ၏ မျက်နှာကို ရုတ်တရက် မော့လိုက်သည်။ အမာရွတ်များစွာဖြင့် ပြည့်နှက်နေသော သူမ၏ မျက်နှာကို ယန်ချန်းလန်၏ ရှေ့မှောက်၌ ဖော်ထုတ်လိုက်ခြင်းပင်။ ယန်ချန်းလန်၏ အမူအရာမှာ ပြောင်းလဲသွားပြီး ယွမ်ရှားဟူကို ကြည့်ကာ စကားလုံးများ ပျောက်ရှနေခဲ့သည်။

ယွမ်ရှားဟူသည် နာကျင်စွာဖြင့် ငိုကြွေးတော့သည်။ သူမ၏ ယခုရုပ်ရည်မှာ သူမကိုယ်တိုင်ပင် မကြည့်ချင်သော ပုံစံမျိုးဖြစ်ရာ ယန်ချန်းလန်ဆိုလျှင် ပို၍ပင် ဖြစ်ပေလိမ့်မည်။ အမျိုးသားဟူသည် လှပသော အပေါ်ယံအကာအကွယ်ကိုသာ မက်မောတတ်ကြသည်။ ယခုအခါ ယန်ချန်းလန်မှာ ထွန်းတောက်လာသော သိုင်းသူတော်စင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ သူ၏ဘေးတွင် ရှိနေသင့်သူမှာ အနှိုင်းမဲ့ အလှပဂေးတစ်ဦးသာ ဖြစ်သင့်သည်။

ယွမ်ရှားဟူသည် လုံးဝ စိတ်ပျက်အားငယ်သွားကာ သူမ၏ ကိုယ်ပေါ်မှ ဆံထိုးတစ်ချောင်းကို ထုတ်လိုက်သည်။ ထိုဆံထိုး၏ အဖျားမှာ အလွန်စူးရှနေပြီး သူမ ကြိုတင်ပြင်ဆင်ထားသော အရာပင်။ အကယ်၍ သခင်မပိက သူမကို အရှက်ခွဲရန် ကြိုးစားပါက ရွှမ်ဝူကျီနှင့် ခေါင်းတလားထဲ၌ အတူလဲလျောင်းနေမည့်အစား သူမကိုယ်သူမ အဆုံးစီရင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသော ဆံထိုးအဖျားမှာ ယွမ်ရှားဟူ၏ နုနယ်သော လည်ပင်းဆီသို့ ဦးတည်သွားပြီး သူမ အင်ကုန်သုံး၍ ထိုးစိုက်လိုက်တော့သည်။ သို့သော် လျှပ်စီးအလား မြန်ဆန်စွာဖြင့် ယန်ချန်းလန်သည် ကောင်းကင်မှ ဆင်းသက်လာကာ ယွမ်ရှားဟူ၏ ဆံထိုးကို သူ၏ လက်ဖဝါးဖြင့် တားဆီးလိုက်သည်။ ဆံထိုးမှာ သူ၏ တိုက်ပွဲဝင်စိတ်ဝိညာဉ်စွမ်းအင်နှင့် ထိတွေ့ကာ လွင့်ထွက်သွားခဲ့၏။

“အလှတရားဆိုတာ ခဏပါပဲ ရှားဟူ... ငါ ဒါတွေကို တစ်ခါမှ ဂရုမစိုက်ခဲ့ဘူး။ ငါ အမြဲတမ်း သဘောကျခဲ့တာက မင်းရဲ့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ မြင့်မြတ်တဲ့ စိတ်ထားပဲ။ ငါ့အတွက်နဲ့ မင်းရဲ့ မိသားစုကိုတောင် စွန့်လွှတ်ခဲ့ပြီး စစ်မြေပြင်မှာ ငါ့အနားမှာ သုံးရက်သုံးည မနားမနေ ရှိပေးခဲ့တာ မင်းပဲလေ။ ဒီနှစ်တွေတစ်လျှောက်လုံး မင်းက ငါ့နှလုံးသားထဲမှာ အမြဲရှိနေခဲ့တာပါ”

ယန်ချန်းလန်က အချစ်ရိပ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် နူးညံ့စွာ ပြောလိုက်သည်။

ယွမ်ရှားဟူသည် ရင်ထဲတွင် ဆို့နင့်သွားခဲ့ရသည်။ သူမသည် စိတ်သဘောထားမပြောင်းလဲသော ထိုအမျိုးသားကို မော့ကြည့်ရင်း မျက်ရည်များကို ထိန်းမထားနိုင်တော့ပေ။ သူတို့နှစ်ဦးမှာ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဂရုမစိုက်တော့ဘဲ တစ်ဦးကိုတစ်ဦး တင်းတင်းကျပ်ကျပ် ဖက်ထားကြတော့သည်။

ဒီဟုန်မြို့တော်၏ လူထုမှာလည်း ထိုအခိုက်အတန့်တွင် တိတ်ဆိတ်သွားခဲ့ရသည်။ သူတို့အားလုံးမှာ ထိုချစ်သူနှစ်ဦး၏ သံယောဇဉ်အပေါ် စိတ်လှုပ်ရှားစွာဖြင့် ငေးကြည့်နေမိကြသည်။

ယွမ်မိသားစုဝင်များမှာမူ မျက်ရည်စများကို မသုတ်နိုင်ဘဲ ရှိနေကြသည်။ သခင်မယွမ်မှာ တရှုံ့ရှုံ့ငိုနေပြီး ယွမ်ပုဖော်နှင့် ယွမ်ရှန်းရှန်းတို့မှာမူ သက်ပြင်းအရှည်ကြီး ချနိုင်သွားကြတော့သည်။ သခင်မပိ တစ်ဦးတည်းသာလျှင် ဒေါသတကြီးဖြင့် ကြည့်နေခဲ့၏။

ဒီဟုန်မြို့စားမင်းက ချောင်းအနည်းငယ် ဟန့်လိုက်ရာ ကောင်းကင်ယံမှ ယွင်ရှန်းနှင့် ကျုံးရန်တို့လည်း အနည်းငယ် အနေရခက်သွားကြသည်။ သူတို့သည် ယခုရင်ဆိုင်နေရသော အန္တရာယ်ကို မေ့လျော့နေကြသည်တော့ မဟုတ်ပေ။

“ဦးလေး... ဒေါ်ဒေါ်ကို ရင်ဖွင့်ချင်ရင်တောင် အချိန်အခါလေးတော့ ရွေးပါဦး။ ကျွန်မတို့မှာ ဆွေးနွေးစရာ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်ထင်တယ်”

ယွင်ရှန်းသည် ကျော့ရှင်းစွာဖြင့် မြေပြင်သို့ ဆင်းသက်လိုက်ပြီး ကျောပေါ်မှ တောင်ပံများ ကွယ်ပျောက်သွားသည်။ သူမက ယွမ်ရှားဟူကို ကြည့်ကာ ခင်မင်ရင်းနှီးစွာဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

ယွင်ရှန်းက ဒေါ်ဒေါ်ဟု ခေါ်ဝေါ်လိုက်သဖြင့် ယွမ်ရှားဟူမှာ ရှက်သွေးဖြာသွားပြီး ယန်ချန်းလန်၏ ရင်ခွင်ထဲ၌ မျက်နှာဝှက်ထားမိတော့သည်။ ယန်ချန်းလန်မှာလည်း အနေခက်စွာ ပြုံးလိုက်မိ၏။ စိတ်လှုပ်ရှားမှုများကြောင့် လက်ရှိအခြေအနေကို ခေတ္တမေ့သွားခဲ့ကြခြင်းပင်။

ရွှမ်စီထျန်းသည်လည်း ယွင်ရှန်း၏ ကျောနောက်မှ တောင်ပံများမှာ သာမန် တိုက်ပွဲဝင်စိတ်ဝိညာဉ်တောင်ပံသို့မဟုတ် မှော်တောင်ပံများ မဟုတ်သည်ကို သတိပြုမိသွားရာ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ပို၍ သံသယဝင်လာခဲ့သည်။

“မြို့စားမင်းရွှမ်... ရှားဟူနဲ့ ကျွန်တော့်ကြားက ကိစ္စတွေကြောင့် ဒီဟုန်မြို့တော်အတွက် အခက်အခဲတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။ မြို့စားလေး သေဆုံးမှုအတွက် တာဝန်ယူရမယ်ဆိုရင် ကျွန်တော် ချန်းလန်မှာလည်း တာဝန်ရှိတာ ရှောင်လွှဲလို့မရပါဘူး။ ဒါပေမဲ့ မြို့စားလေးလည်း ကွယ်လွန်သွားပြီဖြစ်တာကြောင့် ကျွန်တော် ချန်းလန်နဲ့ ကျိုးနိုင်ငံ ယန်စံအိမ်တော်ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကိစ္စကို သင့်တော်သလို ကိုင်တွယ်ပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်”

ယန်ချန်းလန်က ရွှမ်စီထျန်းကို အလေးအနက် ပြောကြားလိုက်သည်။

“ဒီဟုန်မြို့တော်နဲ့ ယန်စံအိမ်တော်ကြားက နှစ်ရှည်လများ ရန်ငြိုးတွေကို ဖြေရှင်းဖို့အတွက် မြို့စားမင်းအနေနဲ့ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ ကျွန်မတို့နဲ့ ထိုင်ပြီး ဆွေးနွေးပေးဖို့ တောင်းဆိုချင်ပါတယ်”

ယွင်ရှန်းသည် ဉာဏ်ပြေးသူပီပီ မြို့စားမင်း၏ တွေဝေနေမှုကို ရိပ်မိလိုက်ခြင်းပင်။

ရွှမ်စီထျန်းသည် ယွင်ရှန်းတစ်ဦးတည်းကိုသာ ဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။ ယင်းကို မြင်သောအခါ ယွမ်ရှားဟူက ဝင်ရောက်တားဆီးရန် ပြင်သော်လည်း ယန်ချန်းလန်က တားမြစ်လိုက်ကာ “မစိုးရိမ်ပါနဲ့။ ရှန့်အာက အရမ်းဉာဏ်ကောင်းတယ်။ သူမ အရှုံးခံမှာမဟုတ်ဘူး။ မင်း ငါ့ကို မင်းရဲ့ မိဘတွေဆီ ခေါ်သွားပေးပါဦး” ဟု ပြောလိုက်သည်။

မလာခင်ကတည်းက ယွင်ရှန်းသည် မြို့ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မြို့စားမင်းက ယွမ်ရှားဟူကို လွှတ်ပေးရန် သဘောတူလာအောင် သူမ၌ နည်းလမ်းရှိသည်ဟု ပြောခဲ့ဖူးသည်။

ယွင်ရှန်းသည် မြို့စားမင်းနောက်သို့ လိုက်ပါကာ ဘေးဆောင်ခန်းမတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ကျုံးရန်က လိုက်ပါလိုသော်လည်း သူမက ပြန်လွှတ်လိုက်၏။ ယွင်ရှန်း၏ မကြောက်မရွံ့သော အမူအရာကို မြင်ရသောအခါ မြို့စားမင်းသည် သူမ၏ နောက်ခံအကြောင်းအရင်းကို ပို၍ပင် သံသယပွားလာခဲ့သည်။

“မြို့စားမင်း... ယွင်ရှန်းရဲ့ အခုလို လာရောက်မှုက ရိုင်းပျသလို ဖြစ်သွားခဲ့ရင် တောင်းပန်တဲ့အနေနဲ့ ကျွန်မမှာ မြို့စားမင်းအတွက် လက်ဆောင်နှစ်ခု ပြင်ဆင်ထားပါတယ်”

သူမသည် ဆေးပုလင်းတစ်လုံးနှင့် သေတ္တာတစ်လုံးကို ထုတ်ယူကာ မြို့စားမင်းထံ ဆက်သလိုက်သည်။

မဟာအကြီးအကဲက မြို့စားမင်း၏ အမိန့်အရ လက်ခံယူလိုက်ပြီး ဆေးပုလင်းကို ဖွင့်ကြည့်ရာ အတွင်း၌ ခရမ်းရောင်ရွှေဂျင်ဆင်းဆေးလုံးသုံးလုံးကို တွေ့လိုက်ရသည်။ သေတ္တာအတွင်း၌မူ သွေးလက်သည်းဂိုဏ်းနှင့် ရွှမ်ဝူကျီတို့အကြား အတိတ်က ဆက်သွယ်ခဲ့သော အထောက်အထားစာလွှာများ ရှိနေ၏။

“မြို့စားမင်း... ဒါတွေက သန့်ရှင်းသောအဆင့်ရှိတဲ့ ဆေးလုံးတွေပဲ”

မဟာအကြီးအကဲမှာ အဖိုးတန်ဆေးလုံးများကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ ဖြစ်သွားသည်။ သန့်ရှင်းသောအဆင့်ရှိ ဆေးလုံးများကို ဆေးဧကရာဇ်ခန်းမကသာ အမြဲတစေ လက်ဝါးကြီးအုပ်ထားလေ့ရှိပြီး ဤဂျင်ဆင်းဆေးလုံးမှာ သာမန်လူများအတွက် နုပျိုမှုကို ပေးစွမ်းနိုင်သလို သိုင်းပညာရှင်များနှင့် မှော်ဆရာများအတွက်လည်း ခန္ဓာကိုယ်ကို ပြန်လည်အသက်ဝင်စေနိုင်သည်။

ဤဆေးလုံးများကို ချက်ချင်း ပေးအပ်နိုင်ခြင်းက သူမသည် သန့်ရှင်းသောအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည့် အစစ်အမှန် နတ်ဆေးဆရာမလေးတစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။ သို့သော် သေတ္တာထဲမှ စာများကို မြင်လိုက်ရသောအခါ ရွှမ်စီထျန်း၏ မျက်နှာမှာ ပျက်သွားခဲ့သည်။ သူသည် ယွင်ရှန်းကို ကြည့်လိုက်ပြီး ဤမှော်ဆရာမလေးမှာ အလွန်ဉာဏ်နီဉာဏ်နက် များကြောင်း သိလိုက်ရသည်။ ၎င်းမှာ အချိုကျွေးပြီးမှ ပါးရိုက်လိုက်သကဲ့သို့ပင်။

“ဒါက ဘာသဘောလဲ။ မင်းက မြို့စားမင်းဖြစ်တဲ့ ငါ့ကို ခြိမ်းခြောက်နေတာလား”

ရွှမ်စီထျန်းက ဒေါသတကြီး မေးလိုက်သည်။ သူသည် မြို့စားမင်းရာထူး၌ ရှိစဉ်အတွင်း ဤကဲ့သို့ ဗြောင်ကျကျ ခြိမ်းခြောက်ခံရဖူးခြင်း မရှိပေ။

“မြို့စားမင်း... ကျေးဇူးပြုပြီး အထင်မမှားပါနဲ့။ ယွင်ရှန်းက ပစ္စည်းတွေကို ပိုင်ရှင်အစစ်ဆီ ပြန်ပေးရုံသက်သက်ပါ။ အခုချိန်ကစပြီး သွေးလက်သည်းဂိုဏ်းနဲ့ ဒီဟုန်မြို့တော်ကြားက ပတ်သက်မှုကို ဘယ်သူမှ သိမှာမဟုတ်တော့ပါဘူး”

ယွင်ရှန်းက ပြုံးလျက် ပြောလိုက်သည်။

ထိုစဉ် “မြို့စားမင်း...” ဟု ခေါ်ကာ အမျိုးသမီးလန် ဝင်လာခဲ့သည်။ သူမ၏နောက်တွင် မျက်နှာဖုံးဦးထုပ် ဆောင်းထားသော ရွှမ်မိန်မိန်းလည်း ပါလာ၏။ အမျိုးသမီးလန်မှာ ရက်စက်တတ်သော သခင်မပိနှင့် ယှဉ်လျှင် များစွာ ပို၍ သိမ်မွေ့နူးညံ့ပြီး ကြည့်ရသည်မှာ စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။ သူမက မြို့စားမင်း၏ နားနားသို့ ကပ်၍ စကားအနည်းငယ် ပြောလိုက်သည်။

“နင်ပဲ နင် ဒီဟုန်မြို့တော်မှာ ဘာလာလုပ်တာလဲ။ အဖေ... ဒီမိန်းမက သမီးကို အခုလို ဖြစ်အောင် လုပ်ခဲ့တဲ့သူပဲ”

ယွင်ရှန်းကို မြင်လိုက်ရသည်နှင့် ရွှမ်မိန်မိန်းမှာ ဒေါသတကြီး အော်ဟစ်တော့သည်။

“မိန်းကလေးရွှမ်... လိမ်မယ်ဆိုရင်လည်း သတိလေးတော့ ထားပါဦး။ ရှင့်ရဲ့ မျက်နှာက ဆွမ်နီရဲ့ ကံကြမ္မာမီးလျှံအစီရင်ကြောင့် ဒဏ်ရာရခဲ့တာ ရှင်းနေတာပဲ။ ဘာလို့ ကျွန်မကို အပြစ်တင်နေတာလဲ။ ဒါတောင် ကျွန်မက ရှင့်ရဲ့ ရုပ်ရည်ကို ပြန်ကောင်းအောင် ကူညီပေးဖို့ စိတ်ကူးထားသေးတာ”

ယွင်ရှန်းက မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

All Chapters