← Chapters

အခန်း (၄၄၅)

Vol. 44 Ch. 445

အခန်း (၄၄၅)

Vol. 44 Ch. 445

အခန်း။ ၄၄၅

ဒီမိန်းကလေးကတော့ ဘာလဲ။ ယမ်းအိုးများ စားထားတာလား။ ငါ့ကို မြင်လိုက်တိုင်း ဖားတွေလို တဂွမ်ဂွမ်နဲ့အော်ပြီး ခုန်ပေါက်နေတော့တာပဲ။

ယွင်ရှန်းသည် အချစ်ရေးအသိုက်အဝန်းနှင့် ပတ်သက်လျှင် အတော်လေး အေးစက်နှေးကွေးသူပီပီ ရွှမ်မိန်မိန်းက သူမအပေါ် ဘာကြောင့် ဒီလောက်အထိ အငြိုးထားနေရတာလဲဆိုသည်ကို နားမလည်နိုင်ရှာပေ။ တကယ်တော့ ရွှမ်မိန်မိန်းသည် ယွမ်ပုဖော်က ဤယန်မျိုးနွယ် မှော်ဆရာမလေးအပေါ် စိတ်ဝင်စားမှုရှိနေသည်ကို ခပ်ရေးရေး ရိပ်မိနေသောကြောင့်ပင်။

ယခင်ကမူ သူမသည် ယွင်ရှန်းကို သိပ်ပြီး အရေးမစိုက်ခဲ့ပေ။ သူမ၏ ရုပ်ရည်မှာ သာမန်နုနယ်ရုံလေးသာဟု ထင်မှတ်ခဲ့ခြင်းပင်။ ဒါပေမဲ့ ပြီးခဲ့သည့်တစ်ခေါက် မြေကမ္ဘာအူတိုင် ဂူအတွင်း၌ နတ်ဘုရားမျိုးနွယ်၏ ကံကြမ္မာမီးလျှံနှင့် ပေါင်းစပ်ပြီးနောက်တွင်မူ ယွင်ရှန်း၏ အရှိန်အဝါမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို ရွှမ်မိန်မိန်း သတိထားမိလိုက်သည်။

ယွင်ရှန်း၏ မျက်နှာသွင်ပြင်မှာ သိသိသာသာ ပြောင်းလဲသွားပြီး ရံဖန်ရံခါတွင် ရင်သပ်ရှုမောဖွယ် ဆွဲဆောင်မှုများ၊ တောက်လောင်နေသည့် မီးလျှံတစ်ခုကဲ့သို့ တောက်ပမှုများ ထွက်ပေါ်နေသောကြောင့် နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် သူမက ဘယ်လောက်တောင် အနှိုင်းမဲ့တဲ့ အလှမျိုး ဖြစ်လာမလဲဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။ ထိုအရာကို တွေးမိလေ လက်ရှိ သူမကိုယ်သူမ ပြန်ကြည့်မိလေဖြင့် ရွှမ်မိန်မိန်းမှာ ပို၍ ဒေါသထွက်လာကာ ဓားတစ်ချောင်းထုတ်၍ ယွင်ရှန်း၏ မျက်နှာကို အကြီးအကျယ် ဖျက်ဆီးပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေတော့သည်။

အမျိုးသမီးလန်နှင့် မြို့စားမင်းတို့ကမူ သူတို့သမီး၏ စိတ်နေစိတ်ထားကို ကောင်းစွာ သိရှိကြသည်။

“နတ်ဆေးဆရာမလေး... မိန်မိန်းရဲ့ မျက်နှာကို တကယ်ပဲ ကုပေးနိုင်တဲ့ နည်းလမ်းရှိလို့လား”

အမျိုးသမီးလန်သည် ဘေးနားမှ ရွှမ်မိန်မိန်း၏ မြည်တွန်တောက်တီးမှုများကို ဂရုမစိုက်နိုင်တော့ဘဲ ယွင်ရှန်းကို အလေးအနက် မေးမြန်းလိုက်ရှာသည်။

ရွှမ်မိန်မိန်း၏ မျက်နှာမှာ အမျိုးသမီးလန်အတွက် အမြဲတမ်း စိတ်ပူနေရသည့် အရာတစ်ခုပင်။ သူမ၌ သမီးတစ်ဦးတည်း ရှိခြင်းဖြစ်ပြီး အခုဆိုလျှင် အိမ်ထောင်ပြုမည့် အရွယ်ရောက်နေပြီဖြစ်ရာ မိန်းကလေးတစ်ဦးအတွက် ရုပ်ရည်က အလွန်အရေးကြီးသည်။

မူလကမူ ရွှမ်မိန်မိန်း ခရီးမှ ပြန်လာလျှင် မြို့စားမင်းကို ပြောကြားပြီး ယွမ်ပုဖော်နှင့် စေ့စပ်ပေးရန် အမျိုးသမီးလန်က စီစဉ်ထားခြင်းပင်။ ဒါပေမဲ့ ကံဆိုးချင်တော့ ထိုအချိန်မှာပင် ရွှမ်မိန်မိန်း၏ မျက်နှာမှာ ဤကဲ့သို့ ပုံစံပျက်ယွင်းသွားခဲ့ရသည်။

ယွမ်ပုဖော်သည် အရင်ကတည်းက ရွှမ်မိန်မိန်းကို သိပ်ပြီး သဘောကျလှသည် မဟုတ်သည့်

အပြင် အခုလို ကံကြမ္မာမီးလျှံကြောင့် အမာရွတ်များ ဖြစ်သွားချိန်တွင်မူ ဤလက်ထပ်ပွဲမှာ ပို၍ပင် ခက်ခဲသွားမည်မှာ အသေအချာပင်။

“အမေ... သူမပြောတဲ့ အဓိပ္ပာယ်မရှိတာတွေကို နားမယောင်ပါနဲ့။ သူမမှာ ဘာအရည်အချင်း ရှိမှာမို့လို့လဲ။ မြို့ထဲက ဆရာဝန်တွေတောင် သမီးမျက်နှာက ဒဏ်ရာတွေကို ဘာမှမတတ်နိုင်ကြဘူးလေ”

ရွှမ်မိန်မိန်းက ပြောရင်းဖြင့် မငိုဘဲ မနေနိုင်တော့ဘဲ ရွှမ်စီထျန်း၏ လက်မောင်းကို ဆွဲကာ “အဖေ... ဒီမျက်နှာကို ပျောက်အောင် ကုပေးဖို့ နည်းလမ်းရှာပေးပါဦး။ သမီး ယွမ်ရှားဟူလို ရုပ်ဆိုးမကြီးအဖြစ်နဲ့ တစ်သက်လုံး မနေချင်ဘူး” ဟု ငိုယိုပြောဆိုတော့သည်။

ယွင်ရှန်းသည် ဒါကို ကြားလိုက်ရသည့်အခါ မျက်မှောင် အနည်းငယ် ကြုတ်သွားမိသည်။ သူမသည် ရွှမ်မိန်မိန်းကို တကယ်ပင် မနှစ်မြို့တော့ပေ။

ယွမ်ရှားဟူရဲ့ မျက်နှာက ဘာဖြစ်နေလို့လဲ။

သူမအမြင်တွင်မူ ဒေါ်ဒေါ်၏ မျက်နှာသည် ရွှမ်မိန်မိန်းထက် အဆပေါင်း သန်းချီ၍ ပိုမိုကြည့်ကောင်းသည်။ ဒေါ်ဒေါ်သည် ရွှမ်မိသားစု၏ ဖိအားများကြောင့်သာ သူမမျက်နှာကို ဖျက်ဆီးခဲ့ရခြင်းဖြစ်ပြီး ဤမျှအထိ မြင့်မြတ်သော အမျိုးသမီးကို လေးစားရန်သာ ထိုက်တန်သည်။

ဘာပဲဖြစ်ဖြစ် ဒေါ်ဒေါ် ယွမ်ရှားဟူ၏ မျက်နှာကိုမူ သူမ ဘယ်လိုနည်းနှင့်မဆို ကုသပေးရန် စိတ်ထဲတွင် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ဦးလေးက ဒါကို ဂရုမစိုက်ဘူး ဆိုသော်လည်း ဒေါ်ဒေါ်ကမူ စိတ်ထဲတွင် တစ်ခုခု တနုံ့နုံ့ ဖြစ်နေမည်မှာ အမှန်ပင်။ သူတို့၏ အိမ်ထောင်ရေး သာယာစေရန်အတွက် ဒေါ်ဒေါ်ကို ကုသပေးရမည်ပင်။

ရွှမ်မိန်မိန်း၏ မျက်နှာမှာမူ ကုသပေးရင်းတန်းလန်း ကြုံကြိုက်သဖြင့် ကုသပေးလိုက်ရုံမျှသာ။

“မြို့စားမင်း... သခင်လေး ယွမ်ပုဖော် အပြင်မှာ အခစားဝင်ဖို့ တောင်းဆိုနေပါတယ်”

သတင်းပို့ပြီးနောက်တွင်မူ ထိုထုံပေပေ လူငယ်လေး ယွမ်ပုဖော်က ဇွတ်အတင်း ဝင်ရောက်လာတော့သည်။ ဤလူငယ်လေးသည် အခြေအနေကို ဘာမှမစဉ်းစားဘဲ ဝင်လာသည်နှင့် “မြို့စားမင်း... မိန်မိန်းရဲ့ ဒဏ်ရာက မိန်းကလေးယန်နဲ့ ဘာမှမဆိုင်ပါဘူး။ ကျေးဇူးပြုပြီး သူမကို အပြစ်မတင်ပါနဲ့” ဟု အော်ဟစ်ကာ ပြောဆိုလိုက်ခြင်းပင်။

ယန်ချန်းလန်က ယွမ်ရှားဟူနောက်သို့ လိုက်သွားပြီး အချိန်မီ ကယ်တင်နိုင်ခဲ့သည့်အပြင် မြို့စားမင်းကလည်း သူမ၏ အပြစ်များကို ထပ်မံမပြောဆိုတော့ဘူးဟု ဆိုသောကြောင့် ယွမ်စံအိမ်တော်တစ်ခုလုံးတွင် ဝမ်းသာအားရ ဖြစ်နေကြခြင်းပင်။

သို့သော် ယွမ်ပုဖော်ကမူ ရွှမ်မိန်မိန်းက ယွင်ရှန်းကို မြင်လျှင် ပြဿနာရှာပြီး အပြစ်ဖို့မည်ကို စိုးရိမ်နေသဖြင့် မိဘများ တားဆီးသည့်ကြားမှ မြို့စားစံအိမ်သို့ အပြေးအလွှား လာခဲ့ခြင်းပင်။

ဝင်ဝင်ချင်းမှာပင် ရွှမ်မိန်မိန်း၊ အမျိုးသမီးလန်တို့ ရှိနေသည်ကို တွေ့လိုက်ရသလို၊ ယွင်ရှန်းကလည်း ဟန်မပျက် ရပ်နေပြီး သူ့ကို မြင်သည့်အခါ ခင်မင်စွာ ခေါင်းညိတ်ပြလိုက်သည်ကို တွေ့လိုက်ရသည်။

ယွင်ရှန်း၏ ဆွဲဆောင်မှုရှိသော အပြုံးလေးကို မြင်လိုက်ရသည့်အခါ ယွမ်ပုဖော်မှာ ရုတ်တရက် ရှက်သွေးဖြာသွားပြီး သူ၏ အသံကျယ်ကြီးမှာ ချက်ချင်း တိုးဝင်သွားကာ မျက်လုံးကို ဘယ်နားထားရမှန်း၊ လက်ကို ဘယ်လိုကိုင်ရမှန်း မသိတော့ဘဲ ဖြစ်သွားရှာသည်။

ဒီဟုန်မြို့စားမင်းနှင့် အမျိုးသမီးလန်တို့မှာ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားကြသလို ဘေးနားမှ ရွှမ်မိန်မိန်းကမူ ဒေါသထွက်လွန်းသဖြင့် မျက်လုံးများပင် ပေါက်ထွက်မတတ် ဖြစ်နေတော့သည်။

ဒီဟုန်မြို့တော်မှ လူတိုင်း သိကြသည်မှာ ယွမ်မိသားစု၏ ပါရမီရှင်လူငယ် ယွမ်ပုဖော်သည် အမြဲတမ်း မာနကြီးလွန်းပြီး မြို့ထဲမှ ဘယ်မိန်းကလေးကိုမျှ မျက်နှာသာ မပေးတတ်ခြင်းပင်။ ရွှမ်မိန်မိန်းကိုပင် သူ အဖက်မလုပ်ခဲ့ပေ။ သို့သော် ယခု သူ၏ အမူအရာကမူ ပထမဆုံးအကြိမ် အချစ်တွင် နစ်မွန်းနေသူတစ်ဦးကဲ့သို့ ယွင်ရှန်းအပေါ် သဘောကျနေသည်ကို အထင်အရှား ပြသနေခြင်းပင်။

ဤနေရာတွင် ဒါကို မသိသည်မှာ ယွင်ရှန်း တစ်ဦးတည်းသာ ရှိလိမ့်မည်ပင်။

ဒီဟုန်မြို့စားမင်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ဘေးနားရှိ ယွင်ရှန်းကို ကြည့်လိုက်

လျှင် ဝင့်ကြွားစွာ ပွင့်လန်းနေသည့် နှင်းဆီပန်းတစ်ပွင့်အလား သူမ၏ ဆွဲဆောင်မှုရှိသော အပြုံးမှာ ညှို့ယူဖမ်းစားနိုင်ပြီး မည်သည့်အချိန်တွင်မဆို တည်ငြိမ်ယဉ်ကျေးကာ ကျော့ရှင်းနေသည်။ ထို့နောက် မသူ၏ သမီးဖြစ်သူကို ပြန်ကြည့်လိုက်လျှင်မူ ခေါင်းမာကာ စိတ်လိုက်မာန်ပါ လုပ်တတ်သဖြင့် မည်သူမဆို ဤနှစ်ယောက်ကြားတွင် မည်သူ့ကို ရွေးချယ်မည်ကို သိနိုင်သည်။

"ပုဖော်... မင်းကတော့ ကလေးကျနေတာပဲ။ အရမ်းစိတ်လိုက်မာန်ပါ လုပ်တာပဲ။ ဒီထဲကို ဘယ်လိုဖြစ်ပြီး ဇွတ်ဝင်လာရတာလဲ။ မင်းအမေသာ သိရင်တော့ မင်းကို ထပ်ပြီး ဆူဦးမှာပဲ" အမျိုးသမီးလန်သည် မြို့စားမင်းနောက်တွင် နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူပီပီ အမျိုးသားများ၏ စိတ်နေစိတ်ထားကို ကောင်းကောင်းနားလည်သော်လည်း ၎င်းကို ဖော်မပြခဲ့ပေ။

"နတ်ဆေးဆရာမလေးယန်က ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပါ။ သူမကို ငါတို့က လျစ်လျူရှုထားမှာ မဟုတ်ပါဘူး။ အခုလေးတင် ငါက မိန်မိန်းကို ခေါ်လာပြီး နတ်ဆေးဆရာမလေး ယန်ဆီမှာ ကုသဖို့ ပြနေတာ။ နတ်ဆေးဆရာမလေးယန်က မိန်မိန်းမျက်နှာကို ကုပေးနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောတယ်"

"ဟုတ်ပါတယ်။ ကျွန်မမှာ နည်းလမ်းရှိပါတယ်။ မိန်းကလေးရွှမ်ရဲ့ မျက်နှာက နတ်ဘုရားမျိုးနွယ်ရဲ့ ကံကြမ္မာမီးလျှံကြောင့် ဒဏ်ရာရခဲ့တာပါ။ ဒါကို ကုသဖို့အတွက် နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ကျင်းရှန်းနတ်ဘုရားတိုင်းပြည်ရဲ့ နန်းတွင်းက သက်စောင့်ရေစင်ပဲ"

ယွင်ရှန်းက ပြောလိုက်သည်နှင့် မြို့စားမင်းနှင့် ယွမ်ပုဖော်တို့ နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

၎င်းကို ကြားလိုက်ရသည်နှင့် ရွှမ်မိန်မိန်းက ချက်ချင်းပင် အော်ဟစ်တော့သည်။

"အဖေ... ဘာကို စောင့်နေတာလဲ။ သက်စောင့်ရေစင်ကို သွားယူဖို့ လူအမြန်လွှတ်လိုက်လေ"

"မိန်မိန်း... မိုက်မဲမနေစမ်းနဲ့။ သက်စောင့်ရေစင်ဆိုတာ အဲဒီလောက် အလွယ်တကူ ရနိုင်

တယ်လို့ မင်းထင်နေတာလား"

မြို့စားမင်းသည် တိုက်ကြီးပေါ်ရှိ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သော်လည်း နတ်ဘုရားတိုင်းပြည်အကြောင်း ကြားလိုက်ရသည့်အခါတွင်မူ သတိကြီးစွာ ထားနေဆဲပင်။

ကျင်းရှန်းနတ်ဘုရားတိုင်းပြည်သည် တိုက်ကြီးပေါ်တွင် အမြဲတမ်း ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။ ၎င်းသည် တိုက်ကြီး၏ အင်အားကြီး ငါးနိုင်ငံအနက် စစ်ပွဲတစ်ခါမျှ မကြုံဖူးသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သည်။ တိုက်ကြီးပေါ်တွင် မည်မျှပင် ရုန်းရင်းဆန်ခတ်

ဖြစ်နေပါစေ ကျင်းရှန်းနိုင်ငံသည် အမြဲတမ်း ကြားနေဝါဒကိုသာ ကျင့်သုံးခဲ့သည်။ အကြောင်းမှာ နတ်ဘုရားမျိုးနွယ်များနှင့် သူတို့၏ အနွယ်ဝင်များသည် ငြိမ်းချမ်းရေးကို မြတ်နိုးကာ ကျူးကျော်စစ်ကို မုန်းတီးကြသောကြောင့်ပင်။

သို့သော် ၎င်းမှာ ကျင်းရှန်းနိုင်ငံသည် အနိုင်ကျင့်ရန် လွယ်ကူသည်ဟု မဆိုလိုပေ။ ယခင်က တန်ယွမ်နိုင်ငံသည် ကျင်းရှန်းနှင့် နီးကပ်နေသဖြင့် ကျင်းရှန်းကို ကျူးကျော်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် သူတို့ ကျင်းရှန်းနယ်စပ်သို့ ချဉ်းကပ်လိုက်သည်နှင့်တစ်ပြိုင်နက် မရေမတွက်နိုင်သော နတ်ဘုရားစစ်သည်တော်များ ပေါ်ပေါက်လာခဲ့သည်။ ခဏချင်းအတွင်းမှာပင် သူတို့သည် စွမ်းအားကြီး မှော်ဆရာများ ပါဝင်သည့် တန်ယွမ်ကျူးကျော်စစ်တပ်ကို အမြစ်ပြတ် ချေမှုန်းလိုက်ကြတော့သည်။

တန်ယွမ်စစ်တပ်မှာ တစ်ဦးတစ်ယောက်မျှ အသက်မချန်ဘဲ လုံးဝ သုတ်သင်ခံလိုက်ရခြင်းဖြစ်ရာ ၎င်းမှာ တန်ယွမ်နိုင်ငံ တည်ထောင်ပြီးကတည်းက အဆိုးရွားဆုံးသော ရှုံးနိမ့်မှုကြီး ဖြစ်ခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူ မရှိသဖြင့် ကျင်းရှန်းနိုင်ငံက မည်သို့သော ကာကွယ်ရေးအင်အားကို အသုံးပြုခဲ့သည်ကို မည်သူမျှ မသိရှိကြပေ။

အချို့ကမူ နတ်ဘုရားစစ်သည်တော် အမြောက်အမြားဟု ဆိုကြပြီး အချို့ကမူ ကျင်းရှန်းနိုင်ငံသည် စွမ်းအားကြီးမားသော နတ်ဘုရားမှော်ဆရာတစ်ဦးကိုသာ စေလွှတ်ခဲ့ပြီး အင်အားကြီး မိစ္ဆာချုပ်နှောင်ခြင်း မှော်ပညာကို သုံး၍ ချေမှုန်းခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။

ထိုအချိန်မှစ၍ မည်သူမျှ ကျင်းရှန်းကို မကျူးကျော်ဝံ့ကြတော့သလို အခြားနိုင်ငံသားများအတွက်လည်း ကျင်းရှန်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှသည်။ ယွင်ရှန်း ပြောသော သက်စောင့်ရေစင်မှာ အမှန်တကယ် ရှိသော်လည်း ၎င်းမှာ နတ်ဘုရားနန်းတွင်းတောအုပ်အတွင်း၌ တည်ရှိသည့် ဒဏ္ဍာရီလာ ပစ္စည်းတစ်ခု ဖြစ်နေကာ ပြင်ပလောကသားများအတွက် ရရှိနိုင်ရန် အခွင့်အလမ်း မရှိပေ။ သက်စောင့်ရေစင်ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျင်းရှန်းနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ နတ်ဘုရားဘုရင်မ၏ ခွင့်ပြုချက်ကို ရယူရန်သာ ဖြစ်သည်။ ၎င်းမှာကား အလွန်ပင် ခက်ခဲလှသည်မှာ အသေအချာပင်။

"ဒီကိစ္စကိုတော့ ငါတို့ ရေရှည်အတွက် စဉ်းစားဖို့ လိုအပ်လိမ့်မယ်"

မြို့စားမင်းသည် ချက်ချင်း ဆုံးဖြတ်ချက် မချခဲ့သော်လည်း ယွင်ရှန်းအပေါ် ထားရှိသော သဘောထားမှာ သိသိသာသာ ပို၍ လေးစားသမှု ရှိလာခဲ့သည်။ သူသည် ယွင်ရှန်းနှင့် သူမ၏ အဖော်များ တည်းခိုရန်အတွက် မြို့အတွင်း၌ အထူးအစီအစဉ်များ ပြုလုပ်ရန်ပင် အမိန့်

ပေးလိုက်သည်။

All Chapters