အခန်း (၄၄၇)
Vol. 44 Ch. 447
အခန်း။ ၄၄၇
“ဒီငှက်စုတ်”
ရွှမ်မိန်မိန်းသည် နာကျည်းလွန်းသဖြင့် အံကြိတ်ကာ အော်ဟစ်တော့သည်။ သူမသည် အနီလေးနှင့် အပြာလေးကို ဖမ်းဆီးရန် ကြိုးစားသော်လည်း အလွန်ပါးနပ်သော ဖီးနစ်လေးမှာ လျင်မြန်စွာပင် ရှောင်တိမ်းသွားခဲ့၏။
“မိန်မိန်း... တော်တော့။ ဘာမဟုတ်တဲ့ကိစ္စနဲ့ အနီလေးနဲ့ အပြာလေးကို ဘာလို့ လိုက်
နှောင့်ယှက်နေတာလဲ”
ယွမ်ပုဖော်မှာ ခေါင်းခဲသွားရပြီး ယွင်ရှန်းဘက်သို့ အားနာသလို ခေါင်းညိတ်ပြလိုက်ကာ ဒေါသထွက်နေသော ရွှမ်မိန်မိန်းကို ဒဏ်ရာဆေးထည့်ပေးရန် ဘေးသို့ ဆွဲခေါ်သွားတော့သည်။
မိန်းမယုတ်ကြီး ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ အနီလေးနှင့် အပြာလေးသည် အရှက်မရှိစွာပင် ယွင်ရှန်း၏ ပုခုံးပေါ်သို့ တစ်ဖန် ပြန်လည်ဆင်းသက်ကာ နားခိုပြန်သည်။
အဖွဲ့သားများသည် ဒီဟုန်မြို့တော်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့ကြသည်။ ဒီဟုန်မြို့တံခါးအထက်ရှိ မှောင်ရိပ်ကျသော ထောင့်တစ်နေရာတွင်မူ သခင်မပိသည် ပျံသန်းသွားသော ချုံမင်းငှက် ဒါဇင်ပေါင်းများစွာကို ကြည့်ရင်း သူမ၏မျက်ဝန်းများတွင် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ နာကျည်းမှုများ ပြည့်နှက်နေ၏။
သူမက မထီမဲ့မြင်ပြုစွာဖြင့် “ငါ့သားကို သတ်ပြီးရင် အားလုံးပြီးသွားပြီလို့ မထင်လိုက်နဲ့။ နင်တို့တွေ ရှန်းကျူးနိုင်ငံကို အသက်ရှင်လျက် ရောက်သွားလိမ့်မယ်လို့ ငါမယုံဘူး” ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
သခင်မပိ၏နောက်တွင်ရှိသော ဆင့်ခေါ်သူတစ်ဦးပုံစံရှိသည့် အစေခံက တိုးတိုးလေး ကပ်
ပြောသည်။
“သခင်မကြီး... အားလုံးကို ညွှန်ကြားထားတဲ့အတိုင်း လုပ်ဆောင်ပြီးပါပြီ။ တန်ယွမ်နိုင်ငံကို သတင်းပို့လိုက်ပါပြီ။ ဒုတိယမင်းသားဆီကိုလည်း သတင်းရောက်သွားလောက်ပါပြီ”
ယွင်ရှန်းနှင့် အဖွဲ့သားများသည် ချုံမင်းငှက်များကို စီးနင်းကာ အနောက်ဘက်သို့ ဦးတည်သွားကြသည်။ ရှန်းကျူးသည် လောကပြင်ပမှ နေရာတစ်ခုကဲ့သို့ဖြစ်ရာ ယွင်ရှန်းအနေဖြင့် ဤမျှ ဝေးလံခေါင်သီသော နေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိဖူးခြင်းပင်။
ယွမ်ပုဖော်၏ အဆိုအရ ရှန်းကျူးသို့ ရောက်ရန်အတွက် တန်ယွမ်နိုင်ငံကို အရင်ဖြတ်ကျော်ရမည် ဖြစ်သည်။
“ယွမ်ပုဖော်... နင် တန်ယွမ်နိုင်ငံက မှော်ဆရာတွေအကြောင်း ဘယ်လောက်သိလဲ”
ယွင်ရှန်းသည် မှော်ဆရာမတစ်ဦးဖြစ်သည့်အလျောက် တန်ယွမ်နိုင်ငံမှာ တိုက်ကြီးပေါ်တွင် မှော်ဆရာအများဆုံးရှိသည့် နိုင်ငံဖြစ်ပြီး မှော်ဘုရားကျောင်း၏ ဌာနချုပ်ပင် ထိုနေရာ၌ တည်ရှိကြောင်း ကြားဖူးသည်။
အကယ်၍ အချိန်ရမည်ဆိုပါက သက်စောင့်ရေစင်ကို ရယူပြီးနောက် သူမအနေဖြင့် တန်ယွမ်၌ ခေတ္တရပ်နားကာ မှော်ဘုရားကျောင်းသို့ သွားရောက်ပြီး ရှာဝမ်ရွှီနှင့် တွေ့ဆုံရန် စိတ်ကူးရှိသည်။ အကြောင်းမှာ သက်စောင့်ရေစင်၏ စစ်မှန်သော အသုံးပြုပုံကို သူမ သေချာမသိသေးသောကြောင့်ပင်။
“ကျွန်တော်လည်း သိပ်အများကြီးတော့ မသိပါဘူး။ အဖေပြောပြတာပဲ ကြားဖူးတာပါ။ တန်ယွမ်နိုင်ငံထဲမှာ မှော်ဆရာတွေ တကယ်ကို အများကြီးရှိသလို အတော်များများကလည်း အရမ်းစွမ်းအားကြီးကြတယ်။ ဩဇာရှိတဲ့ မှော်ဆရာမိသားစုတွေလည်း အများကြီးရှိတော့ သူတို့ကို မစော်ကားမိအောင် အထူးသတိထားရမယ်။ ဒီခရီးစဉ်မှာ တန်ယွမ်ကို ဖြတ်ရမှာဆိုတော့ ချုံမင်းငှက်တွေမှာ ဒီဟုန်မြို့တော်ရဲ့ အမှတ်အသားကို မဖြစ်မနေ ရေးထိုးထားရမယ်”
ယွမ်ပုဖော်က ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြသည်။ ဒီဟုန်မြို့၏ စည်းကမ်းအရ အရွယ်မရောက်ခင် မြို့ပြင်ထွက်ခွင့် မရှိသဖြင့် သူလည်း အပြင်လောက အတွေ့အကြုံ သိပ်မရှိရှာပေ။
တန်ယွမ်နိုင်ငံရှိ မြို့ကြီးအများစုမှာ မပျံသန်းရဇုန်များ သတ်မှတ်ထားပြီး ဖြတ်သန်းလိုသော ပြင်ပမှ ပျံသန်းသည့် သားရဲများမှာ သတ်မှတ်ထားသော အမှတ်အသား ပါရှိရမည်ဖြစ်သည်။ ဒီဟုန်မြို့တော်နှင့် တန်ယွမ်နိုင်ငံမှာ ဆက်ဆံရေး ကောင်းမွန်သဖြင့် အမှတ်အသားပါလျှင် အဆင်ပြေပေလိမ့်မည်။
“အမှတ်အသား မပါရင် ဘာဖြစ်မလဲ”
ယွင်ရှန်းက မေးလိုက်သည်။ ကျိုးနိုင်ငံနှင့် ဟောက်ချင်းနိုင်ငံများတွင် ဤကဲ့သို့ တင်းကျပ်သော စည်းကမ်းမျိုး သူမ မတွေ့ဖူးပေ။
“အကျိုးဆက်က အရမ်းပြင်းထန်တယ်။ တန်ယွမ်က ဘယ်မှော်ဆရာမဆို အမှတ်အသားမပါတဲ့ ပျံသန်းသားရဲတွေကို တိုက်ခိုက်ပိုင်ခွင့်ရှိပြီး ရလာတဲ့ ပစ္စည်းမှန်သမျှ အဲဒီမှော်ဆရာက ပိုင်ဆိုင်ခွင့်ရှိတယ်”
ယွမ်ပုဖော်က ဥပမာပေးကာ ရှင်းပြသည်။ သူကြားဖူးသည့် သိုင်းဆရာကြီးတစ်ဦးမှာ ဤစည်းကမ်းကို မလိုက်နာဘဲ ဇွတ်ဖြတ်သန်းရာ မြို့ပေါ်ရောက်သည်နှင့် မှော်အတတ်ပေါင်း ရာနှင့်ချီ၍ ဝိုင်းဝန်းပစ်ခတ်ခြင်း ခံရကာ အရိုးပင် ရှာမရတော့သည့် အဖြစ်အပျက်ကို ပြောပြသောအခါ ယွင်ရှန်းပင် ကြက်သီးထသွားရသည်။
“ဒါဆိုရင်တော့ တကယ်ကို သတိထားရမှာပဲ။ အချိန်မဆွဲဘဲ ငါတို့ ငှက်တွေပေါ်မှာ အမှတ်အသားတွေ အမြန်ဆွဲကြရအောင်”
ယွမ်ပုဖော်သည် ပြုံးလျက် သူ၏လူများကို မှော်အစီအရင်များ ရေးဆွဲရန် အမိန့်ပေးလိုက်သည်။ ယွင်ရှန်းက မေးသမျှကိုလည်း သူက စိတ်ရှည်လက်ရှည် ဖြေကြားပေးသည်။ ယွမ်ပုဖော်မှာ အပြင်ဗဟုသုတ နည်းပါးသော်လည်း စာပေအမြောက်အမြား ဖတ်ရှုထားသူဖြစ်ရာ သူတို့နှစ်ဦးမှာ အတော်ပင် စကားပြော၍ ကောင်းနေကြသည်။
မလှမ်းမကမ်းမှ ရယ်မောသံများကို ကြားနေရပြီး ယွမ်ပုဖော်၏ မျက်နှာပေါ်မှ ရှက်သွေးဖြာနေသော အမူအရာကို မြင်ရသည့်အခါတွင်မူ ရွှမ်မိန်မိန်းမှာ စကားတစ်ခွန်းပင် ဝင်မပြောနိုင်ဘဲ ဒေါသများဖြင့်သာ ကြိတ်မှိတ်နေရသည်။
ယွမ်ပုဖော်သည် သူမကို တစ်ခါမျှ ဤကဲ့သို့ စကားမပြောခဲ့ဖူးပေ။
သူက ယွင်ရှန်းအပေါ်ကျမှ ဘာလို့ ဒီလောက်တောင် အလေးပေးနေရတာလဲ... တစ်လမ်းလုံးလည်း အနားကမခွာဘဲ ဂရုတစိုက်နဲ့ မေးနေတာ။
ယွင်ရှန်းအပေါ် သူ၏ မျက်နှာသာပေးမှုကို မျက်မမြင်တစ်ဦးပင် မြင်နိုင်သည်။
ရွှမ်မိန်မိန်းသည် နာကျည်းမှုများဖြင့် ဘေးသို့ ထွက်သွားပြီး ယွင်ရှန်းအား မည်သို့ ဒုက္ခပေးရမည်ကို နည်းလမ်းရှာတော့သည်။ သို့သော် ယွမ်ပုဖော် ရှိနေသရွေ့ သူမအနေဖြင့် လှုပ်ရှားရန် အခွင့်အရေး လုံးဝမရှိပေ။
ခေတ္တကြာသော် မှော်အစီအရင်များ ရေးဆွဲပြီးစီးသွားသဖြင့် အားလုံးမှာ ခရီးဆက်ခဲ့ကြသည်။ သူတို့သည် တန်ယွမ်နိုင်ငံကို ဖြတ်ကျော်ကာ ရှန်းကျူးသို့ ဦးတည်ရန် စီစဉ်ထားကြ၏။
တစ်ဖက်တွင်မူ တန်ယွမ်နိုင်ငံ၏ မြို့တော်၌ ဒုတိယမင်းသား လီရှောင်ထံသို့ အရေးကြီးသော လျှို့ဝှက်စာတစ်စောင် ရောက်ရှိလာသည်။
"ရွှမ်ဝူကျီ သေသွားပြီဟုတ်လား။ တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ"
လီရှောင်သည် စာကိုဖွင့်ဖတ်ရင်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ ထိုစာမှာ သခင်မပိ ရေးသားလိုက်ခြင်းဖြစ်ပြီး ရှုံးနိမ့်သွားသော အစီအစဉ်များနှင့် ရွှမ်ဝူကျီ အသတ်ခံလိုက်ရပုံတို့ကို အသေးစိတ် ရှင်းပြထားခြင်းပင်။
ဤတစ်ကြိမ်တွင် သူ၏ အစီအစဉ်မှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံသည်ဟု လီရှောင် ထင်မှတ်ခဲ့သော်လည်း အဆုံးသတ်တွင် လုံးဝရှုံးနိမ့်သွားလိမ့်မည်ဟု ဘယ်သူမှမထင်ထားပေ။ အားလုံးကို ခြုံငုံသုံးသပ်ရလျှင် ရွှမ်ဝူကျီမှာ အလွန်ပင် အသုံးမကျလွန်းသောကြောင့်သာ ဖြစ်သည်။
လီရှောင်သည် တန်ယွမ်နိုင်ငံ၏ ဒုတိယမင်းသား ဖြစ်သော်လည်း ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်သူဖြစ်ပြီး ဝူကျီရတနာငါးပါးအကြားတွင်ပင် သူ၏ ပါးနပ်မှုကြောင့် လူသိများသည်။ သူသည် မဟာဗျူဟာများ၌ ကျွမ်းကျင်ပြီး ဉာဏ်နီဉာဏ်နက် အလွန်များသူ ဖြစ်၏။
ရွှမ်ဝူကျီနှင့် ပူးပေါင်းဆောင်ရွက်သည်ဟု ဆိုသော်လည်း အမှန်တကယ်တွင်မူ လီရှောင်က သူ့ကို နောက်ကွယ်မှ ကြိုးကိုင်နေခြင်းသာ ဖြစ်သည်။ ရွှမ်ဝူကျီသည် ဒီဟုန်မြို့တော်၏ မြို့စားလေးတစ်ဦးဖြစ်သဖြင့် အနည်းဆုံးတော့ အကြံအဖန် အချို့ရှိလိမ့်မည်ဟု သူထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ လုံးဝ အသုံးမကျခဲ့ပေ။
ယန်စံအိမ်ကို လုပ်ကြံသည့် အစီအစဉ် ရှုံးနိမ့်ရုံသာမက ထျန်းချွဲကျီနှင့် ယန်ပါးဟိုတို့၏ ပြိုင်ပွဲမှာလည်း ပျက်ပြားသွားခဲ့ရသည်။ ထို့ပြင် ဟောက်ချင်းမင်းသားကလည်း သူနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်လိုက်၏။ ၎င်းမှာ အခွင့်အရေးကို အသုံးချ၍ ကျိုးနိုင်ငံကို ကျူးကျော်ရန် စီစဉ်ထားသော လီရှောင်အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားခဲ့သည်။
နောက်ပိုင်းတွင် အရာရာတိုင်းမှာ အဆင်မပြေမှုများဖြင့်သာ ပြည့်နှက်နေသည်ဟု သူ ခံစားနေရသည်။ ခရမ်းရောင်ရွှေသတ္တုတွင်း ကိစ္စကစ၍ လီရှောင်သည် သူ၏ အစီအစဉ်များမှာ အပြစ်ကင်းစင်ပြီး မည်သူမျှ နှောင့်ယှက်နိုင်လိမ့်မည်မဟုတ်ဟု အမြဲတွေးခဲ့သည်။ သို့သော်လည်း မကြာသေးမီက ဖြစ်ရပ်အတော်များများမှာ အကြောင်းပြချက်မရှိဘဲ ပျက်စီးခဲ့ရသလို ခရမ်းရောင်ရွှေရိုင်းများ၏ တည်နေရာမှာလည်း ယနေ့တိုင် ပဟေဠိဖြစ်နေဆဲ ဖြစ်ရာ လီရှောင်မှာ အရှုံးများစွာနှင့် ရင်ဆိုင်နေရသည်။
မှော်သားရဲ အာဟာရရည်ကိစ္စမှာလည်း ထိုနည်းတူပင် ဖြစ်ခဲ့သည်။
ထိုဖြစ်ရပ်များအားလုံး၌ ရှုံးနိမ့်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ယွင်ရှန်းအမည်ရှိသော အမျိုးသမီး ဆေးဆရာမလေးကြောင့်သာ ဖြစ်သည်။
“ကျိုးနိုင်ငံက ယွင်ရှန်း... ဒီလူကိုတော့ ငါ အပြတ်ရှင်းပစ်မှ ဖြစ်မယ်”