← Chapters

အခန်း (၄၄၈)

Vol. 44 Ch. 448

အခန်း (၄၄၈)

Vol. 44 Ch. 448

အခန်း။ ၄၄၈

လီရှောင်သည် ယွင်ရှန်းအကြောင်းကို မကြာသေးမီကမှ စတင်ကြားဖူးခြင်းပင်။

သိုင်းသူတော်စင်ပြိုင်ပွဲ မတိုင်မီအထိ အမည်မသိခဲ့သော ဤအမျိုးသမီး ဆေးဆရာမလေးမှာ စုံစမ်းကြည့်လိုက်သည့်အခါ သာမန်မဟုတ်သော နောက်ခံသမိုင်းကြောင်းများ ရှိနေသည်ကို လီရှောင် သိလိုက်ရသည်။

သူမသည် ယန်ပါးဟို၏ မြေးမလေး ဖြစ်ရုံသာမက အမဲလိုက်စစ်သည်၊ မှော်ဆရာမနှင့် ဆေးဆရာမ အစရှိသည့် ဂုဏ်ပုဒ်များစွာကိုလည်း ပိုင်ဆိုင်ထားသည်။ ကျိုးနိုင်ငံတွင် ရှိနေစဉ်က ဆေးဧကရာဇ်ခန်းမကိုပင် အနိုင်ယူခဲ့ဖူးသည်ဟု ပြောကြသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ ယခုနှစ်တွင် အသက်ကိုးနှစ်ခန့်သာ ရှိသေးသော ဤမိန်းကလေးမှာ ထူးချွန်သော မှော်ဆေးဝါးပညာရှင်တစ်ဦးလည်း ဖြစ်နေခြင်းပင်။

တော်ဝင်မှော်သင်တန်းကျောင်းတွင် ပညာသင်ကြားစဉ်က သူမသည် အဆင့်မြင့်မှော်ဆေးဖြစ်သော လနတ်သမီး၏ ချီးမွမ်းသံကို ဖော်စပ်နိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် ယန်ပါးဟို ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ရခြင်းမှာလည်း ဤဆေးဆရာမလေးကြောင့်ပင်။

လီရှောင်၏ အာရုံကို ဖမ်းစားသွားသည်မှာ သခင်မပိထံမှ စာထဲတွင် ယွင်ရှန်း၏ အမည်ကို ထပ်မံတွေ့လိုက်ရခြင်းပင်။

တန်ယွမ်နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ယွမ်ပုဖော်သည် ယွင်ရှန်းကို အမှန်အတိုင်း အကုန်မပြောပြခဲ့ပေ။ လက်ရှိ တန်ယွမ်နိုင်ငံမှာ အိမ်ရှေ့မင်းသား လီချန်းနှင့် ဒုတိယမင်းသား လီရှောင်တို့ အချင်းချင်း အားပြိုင်နေကြသဖြင့် အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးနေသည်။

တစ်ပြည်လုံးတွင် ကျော်ကြားသော ဒုတိယမင်းသား လီရှောင်သည် သူ့ကိုယ်သူ နန်းလျာအစစ်အမှန်ဟု ယုံကြည်ထားသဖြင့် အိမ်ရှေ့မင်းသား လီချန်းအပေါ် အမြဲမကျေမနပ် ဖြစ်နေခဲ့သည်။

လီရှောင်၏ မိခင်မှာ ဧကရာဇ်မင်းမြတ်၏ အချစ်ဆုံး မယားငယ်ဖြစ်သဖြင့် သူသည် နှစ်ပေါင်းများစွာ အိမ်ရှေ့မင်းသားကို လွှမ်းမိုးထားနိုင်ခဲ့သည်။ သို့သော် လီချန်း၏ မိခင်မှာ ဩဇာကြီးမားသော မိသားစုမှ လာသူဖြစ်သဖြင့် သူမ၏ နောက်ခံအင်အားကို သုံး၍ သားဖြစ်သူ၏ အိမ်ရှေ့မင်းသား ရာထူးကို အမြဲကာကွယ်ပေးထားသည်။ ဤညီအစ်ကို နှစ်ဦးမှာ ဗြောင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး အမြဲတစေ တိုက်ခိုက်နေကြခြင်းပင်။

ဒီဟုန်မြို့တော်နှင့် တန်ယွမ်နိုင်ငံမှာ နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် တစ်ဖက်နှင့်တစ်ဖက် ပတ်သက်မှုများ ရှိနေကြသည်။ ရွှမ်ဝူကျီ၏ ရွှမ်မိသားစုမှာ လီရှောင်နှင့် ရင်းနှီးပြီး ယွမ်မိသားစုမှာမူ အိမ်ရှေ့မင်းသား လီချန်းကို တိတ်တဆိတ် ထောက်ခံနေကြသူများ ဖြစ်သည်။

ထို့ကြောင့် သခင်မပိသည် လီရှောင်နှင့် လျှို့ဝှက်ဆက်သွယ်ခဲ့ခြင်းပင်။ သူမ၏သား သေဆုံးသွားခဲ့ရသဖြင့် အခြားသူများ ကောင်းစားနေသည်ကို သူမ မကြည့်ရက်နိုင်ပေ။ ရွှမ်မိန်မိန်း၊ ယွမ်ပုဖော် သို့မဟုတ် ယွင်ရှန်း မည်သူဖြစ်စေ အခြားသူ၏ လက်ကို ငှား၍ အားလုံးကို အပြတ်ရှင်းပစ်ချင်နေခြင်းပင်။

“တကယ့်ကို သူတစ်ပါးလက်ကို ငှားပြီး လူသတ်တဲ့အကြံပဲ။ ဒါပေမဲ့ ဒီလူကို အရှင်မထားသင့်တာတော့ အမှန်ပဲ။ ဒီလောက် ပါရမီရှိတဲ့ ကျိုးနိုင်ငံသားကို ဒီအတိုင်း လွှတ်ထားရင် နောင်မှာ ပြဿနာကြီးလိမ့်မယ်။ အမြန်ဆုံး ရှင်းပစ်ရမယ်”

ထိုသို့ပြောကာ လီရှောင်က သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာသော မီးလျှံဖြင့် စာကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။

“ဒုတိယမင်းသား... ဒီဟုန်မြို့တော်က လူတွေရဲ့ ပျံသန်းမယ့် လမ်းကြောင်းကို စုံစမ်းသိရှိရပါပြီ။ ဒီညမှာ သူတို့တွေ ပိုင်ထန်မြို့ရဲ့ ဆင်ခြေဖုံးကို ဖြတ်သွားကြပါလိမ့်မယ်”

စစ်သည်များက လီရှောင်ကို လာရောက် သတင်းပို့သည်။

“တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ မှော်ဆရာ ငါးဆယ်ကို စုစည်းပြီး ဆင်ခြေဖုံးမှာ ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားလိုက်။ သံသယဖြစ်ဖွယ် ပျံသန်းတဲ့အဖွဲ့ကို မြင်တာနဲ့ ချက်ချင်း ကြားဖြတ် တိုက်ခိုက်ပစ်ရမယ်”

လီရှောင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

ယွင်ရှန်းနှင့် ယွမ်ပုဖော်တို့ အဖွဲ့သည် တန်ယွမ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ညနေစောင်း အချိန်တွင် ချုံမင်းငှက်များသည် ကောင်းကင်ယံ၌ ပျံသန်းနေကြသည်။ တန်ယွမ်နိုင်ငံ၏ မြို့တော်ဖြစ်သော ပိုင်ထန်မြို့ကို အဝေးမှ လှမ်းမြင်နေရပြီ ဖြစ်သည်။

ဆင်ခြေဖုံးအရပ်၌ အနက်ရောင် မှော်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် မှော်ဆရာအဖွဲ့တစ်ဖွဲ့မှာ ချုံခိုစောင့်ဆိုင်းနေကြသည်။ သူတို့မှာ လီရှောင်၏ လက်အောက်ခံများ ဖြစ်သည်။

“မင်းသားက အမိန့်ပေးထားပြီးပြီ။ ဒီဟုန်မြို့တော်က လူတစ်ယောက်ကို မြင်တာနဲ့ ချက်ချင်း တိုက်ခိုက်ရမယ်”

ထိုမှော်ဆရာများသည် ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။ သူတို့ စိတ်မရှည် ဖြစ်နေစဉ်မှာပင် အရောင်အသွေး စုံလင်သော ချုံမင်းငှက်အုပ်စုမှာ ကောင်းကင်ယံ၌ ပေါ်လာတော့သည်။

“ဒီဟုန်မြို့တော်ရဲ့ ချုံမင်းငှက်တွေပဲ စတင် တိုက်ခိုက်ကြ”

ထိုအချိန်တွင် ယွင်ရှန်းနှင့် အခြားသူများမှာမူ ပေပေါင်း ရာနှင့်ချီသော အောက်ဘက် မြေပြင်မှ ထူးခြားမှုများကို သတိမပြုမိကြသေးပေ။

“မနက်ဖြန်ဆိုရင် ငါတို့ တန်ယွမ်မြို့တော်ထဲကို ဝင်ကြမယ်။ ဒီညတော့ ဒီအနီးအနားမှာပဲ အနားယူကြတာပေါ့။ မြို့တော်ကို ဖြတ်ကျော်ပြီး နောက်ထပ် ခုနစ်ရက်၊ ရှစ်ရက်လောက် ခရီးဆက်ရင် ရှန်းကျူးနိုင်ငံကို ရောက်နိုင်ပြီ”

ယွမ်ပုဖော်က အဖွဲ့သားများကို စနစ်တကျ စီစဉ်ကာ ညွှန်ကြားနေတော့သည်။

ဒီဟုန်မြို့တော်၏ အမှတ်အသား ပါရှိနေပါလျက်နှင့် ယခုကဲ့သို့ ချုံခိုတိုက်ခိုက်ခံရလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။ ခဏချင်းအတွင်းမှာပင် မရေမတွက်နိုင်သော မှော်အတတ်များမှာ ကောင်းကင်ယံသို့ ပစ်မှတ်ထား ရောက်ရှိလာတော့သည်။

“ဒုက္ခပဲ ချုံခိုတိုက်ခိုက်ခံနေရပြီ”

ယွမ်ပုဖော် သတိထားမိလိုက်ချိန်တွင်ပင် ပြင်းထန်သော လေဓားတစ်ချက်မှာ သူ၏ဘေးမှ သိုင်းပညာရှင်တစ်ဦး၏ ခေါင်းကို ဖြတ်ချသွားခဲ့ပြီ ဖြစ်သည်။ ယွမ်ပုဖော်သည် ကောင်းကင်ထက်သို့ ခုန်တက်လိုက်ပြီး သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ယွင်ရှန်းကို ကာကွယ်ရန်ပင်။

သို့သော် မှော်တိုက်ခိုက်မှုများမှာ အလွန်ပင် များပြားလှသည်။ မှော်ပစ္စည်း အမျိုးမျိုးကို ကိုင်ဆောင်ထားသော မှော်ဆရာ ငါးဆယ်ကျော်မှာ တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်ခြင်းဖြစ်ရာ ကောင်းကင်ယံ၌ မီးရှူးမီးပန်းများ ပေါက်ကွဲနေသကဲ့သို့ပင်။

ဒီဟုန်မြို့တော်မှ သိုင်းပညာရှင်များမှာ ကျွမ်းကျင်ကြသော်လည်း နယ်စားအဆင့်သို့ ရောက်ရှိသူ အနည်းငယ်သာ ပါရှိသည်။ ချုံမင်းငှက်များမှာလည်း တိုက်ခိုက်ခံရသဖြင့် ထိတ်လန့်တုန်လှုပ်ကုန်ကာ ကျောပေါ်မှ လူများကို ခါချပစ်တော့သည်။ အချို့မှာ မြေပြင်သို့ မကျမီမှာပင် အသက်ပျောက်သွားကြပြီး အချို့မှာမူ ဝေဟင်၌ပင် မှော်အတတ်များ ထိမှန်ကာ ခန္ဓာကိုယ်များ အပိုင်းပိုင်း ပြတ်ထွက်ကုန်ကြသည်။ တစ်ခဏချင်းအတွင်းမှာပင် အော်ဟစ်သံများ လေထုထဲ၌ ပြည့်နှက်သွားပြီး သွေးမိုးများ ရွာသွန်းလာသကဲ့သို့ပင်။

“ယွင်ရှန်း”

ယွမ်ပုဖော်သည် ယွင်ရှန်းကို ရှာမတွေ့တော့သဖြင့် ဒေါသများကြောင့် မျက်ဝန်းများ နီမြန်းလာခဲ့သည်။ သူစီးနင်းလာသော ချုံမင်းငှက်မှာလည်း လျှပ်စီးမှော်အတတ် ထိမှန်သဖြင့် နာကျင်စွာ အော်ဟစ်နေ၏။

“အစ်ကိုပုဖော်...ညီမကို ကယ်ပါဦး”

ယွမ်ပုဖော်၏ အောက်ဘက်တွင်မူ ရေခဲနှင့်မီးဖီးနစ်လေးမှာ စတင်ပျံသန်းလာသည်။ ၎င်း၏ သေးငယ်သော ခန္ဓာကိုယ်မှ အပြာရောင်နှင့် ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ရုတ်တရက်ပင် ကြီးမားထည်ဝါသော အနီနှင့်အပြာရောင် အမွှေးအတောင်များရှိသည့် ဖီးနစ်ငှက်ကြီးအဖြစ် အသွင်ပြောင်းသွားတော့သည်။

ဖီးနစ်ဆိုသည်မှာ သဘာဝတရား၏ ကောင်းချီးပေးမှုကို ခံထားရသော သတ္တဝါဖြစ်ရာ သာမန်မှော်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည်။ ယွမ်ပုဖော်သည် ဖီးနစ်ငှက်ကြီးကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ပြီး ထိတ်လန့်တုန်လှုပ်နေသော ရွှမ်မိန်မိန်းကို ဆွဲတင်လိုက်သည်။

“အစ်ကိုပုဖော်... ကျွန်မတို့ အမြန်ဆင်းမှ ဖြစ်မယ်”

ရွှမ်မိန်မိန်းသည် အခွင့်ကောင်းယူကာ ယွမ်ပုဖော်၏ ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။

အခြားတစ်ဖက်တွင်မူ ရုတ်တရက် ပေါ်ပေါက်လာသော ချုံခိုတိုက်ခိုက်မှုများမှာ ယွင်ရှန်းကိုသာ အဓိက ဦးတည်နေခဲ့သည်။ ယွင်ရှန်းသည် ဤမျှများပြားသော မှော်တိုက်ခိုက်မှုများကို တစ်ပြိုင်နက်တည်း မကြုံဖူးပေ။ သူမ၏ တုံ့ပြန်မှု မြန်ဆန်သော်လည်း ယခုတစ်ကြိမ်တွင်မူ အငိုက်မိသွားခဲ့ရသည်။

“မဖြစ်ဘူး”

ယွမ်ပုဖော်၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရချိန်တွင်ပင် ယွင်ရှန်းသည် သူမအောက်မှ ချုံမင်းငှက်မှာ မှော်အတတ်များကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားသည်ကို ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် သူမသည် ဟင်းလင်းပြင်မှ အောက်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားတော့သည်။

ရွှေရောင်အရိပ်တစ်ခုသည် ယွင်ရှန်း၏ ရှေ့မှောက်၌ အကာအကွယ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။

“မိန်မိန်း... လက်လွှတ်စမ်း ငါ ယွင်ရှန်းကို ရှာရမယ်”

ယွင်ရှန်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ ယွမ်ပုဖော်၏ ရင်ထဲ၌ မီးလောင်သကဲ့သို့ ပူလောင်သွားခဲ့ရသည်။

“သူမ သေပါစေလေ... အဲဒီမိန်းကလေးက ဘာမှတန်ဖိုးရှိတာ မဟုတ်ဘူး”

ယွမ်ပုဖော်၏ စိုးရိမ်ပူပန်နေသော ပုံစံကို မြင်ရသောအခါ ရွှမ်မိန်မိန်းမှာ မနာလိုစိတ်ကို မထိန်းနိုင်တော့ပေ။

“သူမ မသေဘူး နင် အဲဒီလို ထပ်ပြောရင် နင့်ကို အခုချက်ချင်း အောက်ကို ပစ်ချလိုက်မယ်”

သေခြင်းဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ ယွမ်ပုဖော်၏ နှလုံးသားမှာ ဓားဖြင့် မွှန်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ မြေပြင်ပေါ်သို့ ကျရောက်နေသော မှော်တိုက်ခိုက်မှုများကို ကြည့်ရင်း သူ၏ စိတ်အစုံမှာ အေးစက်သွားခဲ့ရ၏။ တန်ယွမ်နိုင်ငံ၏ နယ်မြေအတွင်း သူတို့ကို ဗြောင်ကျကျ တိုက်ခိုက်ဝံ့သူမှာ တစ်ဦးတည်းသာ ရှိသည်။ ထိုသူမှာ တန်ယွမ်၏ ဒုတိယမင်းသား လီရှောင်ပင်။

လီရှောင်... အကယ်၍ ယွင်ရှန်းသာ တစ်ခုခုဖြစ်သွားရင် ငါ ယွမ်ပုဖော်က နင့်ကို လုံးဝ ခွင့်လွှတ်မှာမဟုတ်ဘူး

လေပြင်းများက ပြင်းထန်စွာ တိုက်ခတ်နေပြီး မှော်တိုက်ခိုက်မှုများမှာလည်း တစ်ခုပြီးတစ်ခု နောက်ကွယ်မှ လိုက်ပါလာသည်။ ယွင်ရှန်းသည် ချုံမင်းငှက်ပေါ်မှ ပြုတ်ကျသွားချိန်တွင် မှော်အတတ်များစွာမှာ သူမဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။

လေထဲတွင် ရှိနေသဖြင့် ယွင်ရှန်းအနေဖြင့် ပေါင်းစပ်တိုက်ပွဲဝင်စွမ်းရည်ကို ချက်ချင်း အသုံးမပြုနိုင်မီမှာပင် သူဌေးကြီးရွှေမှာ အလိုအလျောက် ပေါ်ထွက်လာခဲ့သည်။ သူဌေးကြီးရွှေသည် လှပသော လေဟုန်စီးကွက်တစ်ခုဖြင့် ယွင်ရှန်းကို သူ၏ခန္ဓာကိုယ်ဖြင့် ကွယ်ကာပေးလိုက်သည်။ ကံကြမ္မာမီးလျှံဖြင့် ဖွဲ့စည်းထားသဖြင့် ၎င်းသည် မည်သည့် လက်နက်နှင့် မှော်အတတ်ကိုမဆို ခုခံနိုင်သည်။

သူဌေးကြီးရွှေသည် ယွင်ရှန်းကို ဘေးကင်းစွာ ပွေ့ပိုက်လိုက်ပြီး အမြင့်မှနေ၍ လျင်မြန်စွာ လေဟုန်စီးဆင်းကာ မြေပြင်သို့ ဆင်းသက်လိုက်တော့သည်။ ပိုင်မင်း၏ လေ့ကျင့်ပေးမှုကြောင့် ယွင်ရှန်း အန္တရာယ်ကြုံရသည့် မည်သည့်အခြေအနေတွင်မဆို သူဌေးကြီးရွှေမှာ သူမကို ကာကွယ်ရန် ပထမဆုံးအကြိမ် ပေါ်လာစမြဲပင်။ သူ၏ အကာအကွယ်ကြောင့် ယွင်ရှန်းသည် ဘေးကင်းသော နေရာတစ်ခုသို့ အမြန်ဆုံး ရောက်ရှိသွားတော့သည်။

All Chapters