အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
အခန်း (၂၄၁) - မီးခိုးရောင်လေး၏ အဆင့်တက်ခြင်း
ချန်ကျန်းထောင်းသည် ရွှီနင်အတွက် တည်းခိုရန်နေရာကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးခဲ့သည်။
သူသည် ရွှီနင်၏ အဆောင်မှ ထွက်လာသည့်အခါ စိတ်ထဲတွင် ထူးဆန်းသော လုံခြုံမှုကို ခံစားလိုက်ရသည်။
“ကျန်းထောင်း”
အိမ်တော်အတွင်း ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် ချန်ကျန်းထောင်းသည် ရုတ်တရက် အတားခံလိုက်ရသည်။
ချန်ကျန်းထောင်း လှည့်ကြည့်လိုက်သောအခါ သူ့ကို တားလိုက်သူမှာ အခြားသူမဟုတ်ဘဲ လက်ရှိ ချန်မိသားစု၏ အကြီးအကဲဖြစ်သည့် ဦးလေးဖြစ်သူ ချန်ကျင်ရှန် ဖြစ်နေလေသည်။
ချန်ကျင်ရှန်သည် ချန်မိသားစုတွင် ကျင့်ကြံဆင့် အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး တာအိုနယ်ပယ်၏ စတုတ္ထအဆင့်တွင် ရှိနေသူဖြစ်သည်။
အကယ်၍ လန်ယန်နှင့် ချန်ကျင်ရှန်တို့သာ တစ်ချိန်တည်းတွင် ထွက်မလာခဲ့ပါက ယန့်လုဂိုဏ်း ပြိုကွဲသွားသည့်တိုင်အောင် တပည့်ရင်းများသည် ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံကြရပေလိမ့်မည်။
“ဦးလေး”
ချန်ကျန်းထောင်း ခြေလှမ်းရပ်လိုက်သည်။
“မင်းမှာ ဧည့်သည် ရောက်နေတယ်လို့ ငါကြားတယ်”
ချန်ကျင်ရှန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
“သူငယ်ချင်းတစ်ယောက်ပါ”
ချန်ကျန်းထောင်း ခေတ္တတုံ့ဆိုင်းသွားပြီး အသေးစိတ် ရှင်းမပြခဲ့ပေ။
“ဘယ်သူလဲ”
ချန်ကျင်ရှန်က ချန်ကျန်းထောင်းကို စိုက်ကြည့်နေသည်။
ချန်ကျန်းထောင်းသည် ချန်ကျင်ရှန်၏ လေသံထဲရှိ မကျေနပ်မှုကို သတိထားမိလိုက်သည်။
“အဲဒီလူက ယန့်လုဂိုဏ်းနဲ့ ပတ်သက်နေတာ မဟုတ်လား”
ချန်ကျန်းထောင်း အဖြေမပေးနိုင်ခင်မှာပင် ချန်ကျင်ရှန်က ဦးအောင် ပြောလိုက်သည်။
“ဟုတ်ပါတယ်...”
ချန်ကျန်းထောင်း ခေါင်းညိတ်ပြလိုက်သည်။
ရွှီနင်သည် မေ့မြောခြင်းဝါးတောမှ လာခြင်းဖြစ်ကြောင်း ချန်ကျင်ရှန်က ကင်းသမားထံမှ သိထားပြီးဖြစ်ပုံရသည်။
မေ့မြောခြင်းဝါးတောမှ ချန်ကျန်းထောင်းကို လာရှာသူမှန်သမျှသည် ယန့်လုဂိုဏ်းနှင့် ပတ်သက်သူများသာ ဖြစ်ရပေမည်။
“ကျန်းထောင်း”
ချန်ကျင်ရှန်က လေးလေးနက်နက် ပြောလိုက်သည်။
“ငါ မင်းကို ပြောပြီးပြီပဲ၊ ယန့်လုဂိုဏ်းဆိုတာ အတိတ်ကအရာ ဖြစ်သွားပြီ၊ သမိုင်းထဲမှာ ပျောက်ကွယ်သွားပြီ။ မင်းအနေနဲ့ အဲဒါကို နေ့ရောညပါ ပူပန်နေဖို့ မလိုသလို ပူပန်လို့လည်း မရဘူး”
“မင်းမှာ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ချင်တဲ့ စိတ်ရှိနေသေးတာကို ငါသိတယ်၊ မင်း လန်ယန်ဆီကိုလည်း အကြိမ်ကြိမ် သွားခဲ့တာပဲ။ ဒါပေမဲ့ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ဆိုတာ ဘယ်လောက်ခက်ခဲလဲဆိုတာ မင်းလည်း သိမှာပါ”
“ယန့်လုဂိုဏ်းမှာ ပြန်လည်တည်ထောင်ဖို့ အခြေခံအုတ်မြစ်တွေ ကျန်နေသေးလားဆိုတာ ထားလိုက်ပါဦး၊ ရှိနေရင်တောင် ချင်းဖုန်းဂိုဏ်းနဲ့ ဖုန်းဝူအိမ်တော်တို့ရဲ့ ဖိနှိပ်မှုကို ကျော်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်။ ဂိုဏ်းချုပ် လီရှန့်မောက်တစ်ယောက် အဲဒီတုန်းက အရမ်းကို ရည်မှန်းချက်ကြီးခဲ့တာတောင် ဂိုဏ်းနှစ်ခုကို တိုက်ခိုက်ရင်း သေဆုံးခဲ့ရတာပဲ။ ဒါတွေကို ထည့်သွင်းစဉ်းစားကြည့်ရင် မင်းအနေနဲ့ ယန့်လုဂိုဏ်းကို အရင်လို အခြေအနေမျိုး ပြန်ရောက်အောင် လုပ်နိုင်ဖို့ အခွင့်အရေး ဘယ်လောက်ရှိမှာလဲ”
ချန်ကျင်ရှန်က ဆက်ပြောလိုက်သည်။
“ယန့်လုဂိုဏ်းက လူတွေနဲ့ အဆက်အသွယ် မလုပ်နဲ့၊ မေ့မြောခြင်းဝါးတောက လူတွေနဲ့လည်း မပတ်သက်နဲ့။ ဒါက အားလုံးအတွက် ပိုကောင်းလိမ့်မယ်”
“ဦးလေး၊ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကိစ္စပါ”
ချန်ကျန်းထောင်း၏ လေသံမှာ နှိမ့်ချမှုလည်း မရှိသလို မောက်မာမှုလည်း ကင်းမဲ့နေသည်။
“မင်းရဲ့ ကိုယ်ပိုင်ကိစ္စ ဟုတ်လား”
ချန်ကျင်ရှန်က နှာခေါင်းရှုံ့လိုက်သည်။
“မင်းက မင်းကိုယ်တိုင်ကိုပဲ ကိုယ်စားပြုတာ မဟုတ်ဘူး၊ မင်းက ချန်မိသားစုဝင် တစ်ယောက်ပဲ”
“ဒီနေ့ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောမယ်၊ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ စိတ်ကူးတွေကို ရပ်လိုက်တော့။ မင်းရဲ့ သူငယ်ချင်းက ရက်အနည်းငယ်လောက် တည်းခိုလို့ရတယ်၊ ပြီးရင်တော့ အကြောင်းပြချက်တစ်ခုခုပေးပြီး သူ့ကို လွှတ်လိုက်တော့”
ချန်ကျင်ရှန်သည် စိတ်မရှည်တော့ပေ။
“ဦးလေး”
ချန်ကျန်းထောင်း ခေတ္တတိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“အဲဒီတုန်းက ဦးလေးလည်း ကျွန်တော့်ဆရာကို ကျေးဇူးကြွေးတင်နေတယ် မဟုတ်လား”
ချန်ကျင်ရှန်၏ မျက်လုံးများ ပြူးသွားသော်လည်း အဖြေမပေးခဲ့ပေ။
ချန်ကျန်းထောင်း ပြောသကဲ့သို့ပင် လီရှန့်မောက်သည် သူ့ကို များစွာ ကူညီခဲ့ဖူးသည်။ ဤခင်မင်မှုကြောင့်ပင် သူသည် ငယ်ရွယ်သော ချန်ကျန်းထောင်းကို လီရှန့်မောက်ထံတွင် တပည့်အဖြစ် သွားရောက်အပ်နှံခဲ့ခြင်း ဖြစ်သည်။
“ငါ ဂိုဏ်းချုပ် လီရှန့်မောက်ကို ကျေးဇူးကြွေး တင်နေတာ မှန်ပါတယ်”
ချန်ကျင်ရှန်က ဝန်ခံလိုက်သည်။
“သူ သေဆုံးသွားတော့ ငါလည်း ရင်ထဲမှာ နာကျင်ခဲ့ရတယ်။ ငါ သူ့အတွက် ကလဲ့စားမချေနိုင်ခဲ့ဘူး၊ ဒါကြောင့် ယန့်လုဂိုဏ်းကနေ ပို့လိုက်တဲ့ မင်းတို့လို တပည့်ရင်းတွေကို ကာကွယ်ပေးဖို့ပဲ ငါ အစွမ်းကုန် ကြိုးစားနိုင်ခဲ့တယ်။ ငါလည်း ယန့်လုဂိုဏ်းကို အရင်လို ပြန်ဖြစ်စေချင်တာပေါ့၊ ဒါပေမဲ့ မင်းတို့ထဲက ဘယ်သူက ဂိုဏ်းကို ပြန်လည်တည်ထောင်မယ့် တာဝန်ကို ယူနိုင်မှာလဲ”
“အဓိပ္ပာယ်မရှိတာတွေကို လုပ်နေမယ့်အစား မင်းရဲ့ အသက်ကို ကာကွယ်ပြီး ဂိုဏ်းချုပ် လီရှန့်မောက် မင်းအပေါ် ထားခဲ့တဲ့ နောက်ဆုံးမေတ္တာကို စောင့်ရှောက်တာက ပိုကောင်းတယ်။ နောက်ဆုံးတော့ ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းတို့ရဲ့ နောက်ကွယ်မှာ မင်းသမီး မော့လန် ရှိနေတာပဲလေ”
“မင်းသမီး မော့လန်” အမည်ကို ပြောလိုက်သည့်အခါ ချန်ကျင်ရှန်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ချန်ကျန်းထောင်းနှင့် ချန်ကျင်ရှန်တို့ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြသည်။
“ကျွန်တော်တို့ထဲက ဘယ်သူမှ ဂိုဏ်းကို ပြန်လည်တည်ထောင်မယ့် တာဝန်ကို မထမ်းဆောင်နိုင်ပါဘူး”
“ဒါပေမဲ့...”
ချန်ကျန်းထောင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒါပေမဲ့ အကြီးအကဲ ဝမ့်ယယ် ရွေးချယ်ပေးခဲ့တဲ့လူကတော့ လုပ်နိုင်ပါတယ်”
“ဘာ၊ ဝမ့်ယယ် အသက်ရှင်နေသေးတာလား”
ဤသတင်းကို ကြားလိုက်ရသည့်အခါ ချန်ကျင်ရှန်၏ မျက်လုံးများ တောက်ပသွားသည်။
“အကြီးအကဲ ဝမ့်ယယ် အသက်ရှင်နေရုံတင်မကဘူး၊ ချောက်နက်ကြီးမြောက်ဘက်ကနေ ဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့အတွက် ဆက်ခံမယ့်သူကိုပါ ရှာဖွေတွေ့ရှိခဲ့ပါတယ်”
ချန်ကျန်းထောင်းက ပြောလိုက်သည်။
“ဂိုဏ်းကို ပြန်တည်ထောင်မယ့် ဆက်ခံသူ ဟုတ်လား”
ချန်ကျင်ရှန်သည် ချန်ကျန်းထောင်း အခုလေးတင် ထွက်လာခဲ့သည့် ရွှီနင် တည်းခိုရာဘက်သို့ လှမ်းကြည့်လိုက်သည်။
“ဟုတ်ပါတယ်၊ အခု ရောက်လာတဲ့လူပါပဲ”
ချန်ကျန်းထောင်းက ပြောလိုက်သည်။
“အဲဒီလူက ယန့်လုဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပါ၊ ကျွန်တော်တို့ ဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ ပြင်ဆင်နေကြပါပြီ”
ချန်ကျင်ရှန် ဤစကားကို ကြားပြီးနောက်တွင် သူ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားသည်။
သူသည် ဒေါသထွက်နေပုံရော၊ ဇဝေဇဝါဖြစ်နေပုံပါ ပေါက်နေသည်။
ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်မည့် ကိစ္စကြောင့် မိသားစုအတွက် ပြဿနာ မဖြစ်စေချင်ပေ။
တစ်ချိန်တည်းမှာပင် ဝမ့်ယယ် ရွေးချယ်လိုက်သည့် လူအပေါ်လည်း သူ စိတ်ဝင်စားမိသွားသည်။
ချန်ကျင်ရှန်နှင့် ဝမ့်ယယ်တို့မှာ မိတ်ဆွေဟောင်းများ ဖြစ်ကြသဖြင့် ဝမ့်ယယ်သည် စံနှုန်းအလွန်မြင့်သူဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
ယခုအခါ ဝမ့်ယယ်သည် ဝမ့်ရှန့်ပြည်နယ်မှ ထွက်ခွာသွားသည်မှာ အနှစ်တစ်ရာပင် ရှိနေပြီဖြစ်ရာ သူရွေးချယ်လိုက်သည့် ဆက်ခံသူသည် အနှစ်တစ်ရာအတွင်း သူတွေ့ခဲ့သမျှတွင် အကျေနပ်ဆုံးလူ ဖြစ်ရပေမည်။
ဒါပေမဲ့ ချောက်နက်ကြီးမြောက်ဘက်မှာ တကယ်ပဲ အဲဒီလို ပါရမီရှင် ရှိနေလို့လား။
“ဦးလေး၊ ကျွန်တော် ရှိနေတာက ချန်မိသားစုအတွက် ပြဿနာ ဖြစ်စေမယ်လို့ ဦးလေး ထင်ရင် ကျွန်တော် မိသားစုကနေ ထွက်သွားပေးပါ့မယ်။ ဦးလေး အနေနဲ့ ကျွန်တော့်ကို မိသားစုကနေ စွန့်ပစ်လိုက်ပြီလို့ လူသိရှင်ကြား ကြေညာလို့ ရပါတယ်”
ချန်ကျန်းထောင်း၏ လေသံမှာ ပြတ်သားလွန်းလှသည်။
ချန်ကျင်ရှန် သက်ပြင်းချလိုက်သည်။
ချန်ကျန်းထောင်းနှင့် လီရှန့်မောက်တို့၏ ဆက်ဆံရေးကို သူ ကောင်းကောင်းသိသည်။ ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်ရန်အတွက် ချန်ကျန်းထောင်းသည် အရာအားလုံးကို စွန့်လွှတ်ဝံ့သူဖြစ်သည်။ “ထားလိုက်ပါတော့...”
ချန်ကျင်ရှန်က သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်သည်။
“နောက်သုံးရက်နေရင် မြို့နယ်အုပ်ချုပ်ရေးမှူးက စားပွဲသောက်ပွဲတစ်ခု ကျင်းပပြီး ခရိုင်အတွင်းက မိသားစုကြီးတွေကို ဖိတ်ထားတယ်။ အဲဒီအချိန်ကျရင် မင်းရဲ့ ဂိုဏ်းချုပ်ကိုပါ ခေါ်လာခဲ့၊ ငါတို့ အတူတူသွားကြတာပေါ့”
ချန်ကျန်းထောင်း၏ မျက်လုံးများ တောက်ပသွားသည်။
“အဲဒီအချိန်ကျရင် ငါ သူ့ကို သေချာ စောင့်ကြည့်ရမယ်”
ချန်ကျင်ရှန်က ထပ်လောင်း ပြောလိုက်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေး”
ချန်ကျန်းထောင်းက အလျင်အမြန် ပြောလိုက်သည်။
ချန်ကျင်ရှန်က သူ့ကို ဂရုမစိုက်ဘဲ ထွက်ခွာသွားလေသည်။
“တကယ်ပါပဲ ဦးလေးရယ်၊ ဦးလေးလည်း ကျွန်တော့်ဆရာအပေါ် ကျေးဇူးသိတတ်ပါသေးတယ်...”
ချန်ကျန်းထောင်း မိမိကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။
အကယ်၍ ရွှီနင်၏ အရည်အချင်းမှာ ချန်ကျင်ရှန်အား စိတ်ကျေနပ်မှု ပေးနိုင်ခဲ့မည်ဆိုပါက ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်ရေးအတွက် မိသားစု၏ အကူအညီကိုပင် ရနိုင်မည်ဖြစ်ကြောင်း သူ သိလိုက်ရသည်။
…
ဤအချိန်တွင် ရွှီနင်မှာမူ မိမိအကြောင်း ဆွေးနွေးနေကြသည်ကို မသိရှိသေးပေ။
‘ချန်ကျန်းထောင်းကတော့ ယုံကြည်ရမယ့်ပုံပဲ...’
ရွှီနင်သည် ချန်ကျန်းထောင်းအပေါ် အမြင်ကောင်းရှိသည်။ နောင်တွင် ဤလူသည် သူ့ကိုယ်စား ဂိုဏ်း၏ ကိစ္စအဝဝကို တာဝန်ယူနိုင်လိမ့်မည်ဟု ခံစားမိသည်။
သူ လုပ်ဆောင်ရန် လိုအပ်သည်မှာ ကျင့်ကြံဆင့်ကို မြှင့်တင်ပြီး ယန့်လုဂိုဏ်း၏ ပင်မထောက်တိုင် ဖြစ်လာရန်သာ ဖြစ်သည်။
‘တပည့်တွေ စုမိပြီဆိုရင်တော့ ချန်ကျန်းထောင်းကို ဒုတိယဂိုဏ်းချုပ်အဖြစ် ရာထူးတိုးပေးရမယ်...’
ရွှီနင်သည် လောလောဆယ်တွင် ဘာမှမလုပ်နိုင်သေးသော်လည်း ဂိုဏ်းအတွက် အစီအစဉ်များ ရှိနေပြီးသား ဖြစ်သည်။
“ဟင်”
မီးခိုးရောင်လေးသည် အခန်းထဲတွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်ကို ရွှီနင် ရုတ်တရက် သတိထားမိလိုက်သည်။ ၎င်း၏ အခြေအနေမှာ ပုံမှန်နှင့် အနည်းငယ် ကွဲပြားနေလေသည်။
“မီးခိုးရောင်လေး”
ရွှီနင် ခေါ်လိုက်သည်။
မီးခိုးရောင်လေး ခေါင်းလှည့်ကြည့်လိုက်သောအခါ ၎င်း၏ နဖူးပေါ်ရှိ ငွေရောင်အမှတ်အသားမှာ လင်းလက်နေသည်ကို ရွှီနင် မြင်လိုက်ရသည်။
“မီးခိုးရောင်လေး၊ မင်း တာအိုနယ်ပယ်ကို အဆင့်တက်တော့မှာလား”
ရွှီနင် ရုတ်တရက် သဘောပေါက်သွားသည်။
မိစ္ဆာသားရဲတစ်ကောင်သည် အဆင့်ကြီးတစ်ခုသို့ မတက်လှမ်းမီ သူတို့၏ ကိုယ်ထဲရှိ သွေးသားရင်းမြစ်များမှာ ထိန်းချုပ်မရဘဲ သောင်းကျန်းတတ်ကြပြီး အပြုအမူများမှာလည်း ပုံမှန်နဲ့မတူဘဲ ဖြစ်တတ်သည်။
အထူးသဖြင့် ကြမ်းတမ်းသော မိစ္ဆာသားရဲအချို့မှာ အဆင့်တက်စဉ်တွင် အလွန်အမင်း ရန်လိုတတ်ကြလေသည်။
ဝမ့်ရှန့်ပြည်နယ်တွင် အဆင့်တက်ခါနီး သို့မဟုတ် အဆင့်တက်ပြီးချိန်တွင် စိတ်လွတ်သွားပြီး လူသားမြို့ပြများထဲသို့ ကျူးကျော်ကာ သတ်ဖြတ်မှုများ ပြုလုပ်တတ်သည့် မိစ္ဆာသားရဲများ ရှိခဲ့ဖူးပြီး ၎င်းတို့ကို လူသားပညာရှင်များက သုတ်သင်ခဲ့ကြရသည်။
“အစ်ကို၊ ကျွန်တော့်ကိုယ်ထဲက သွေးတွေက အရမ်းသောင်းကျန်းနေသလို ခံစားရတယ်”
မီးခိုးရောင်လေးသည် မသက်မသာဖြစ်မှုကို အောင့်အည်းကာ ရွှီနင်ကို ရရှင်းပြလိုက်သည်။
“ဟုတ်တယ်၊ မင်း တာအိုနယ်ပယ်ကို အဆင့်တက်တော့မှာပဲ”
ရွှီနင်က မီးခိုးရောင်လေးကို ပွတ်သပ်ပေးလိုက်ပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို တာအိုနယ်ပယ် စွမ်းအားဖြင့် စမ်းသပ်ကြည့်လိုက်သည်။
“လာ၊ ငါတို့ မိစ္ဆာသားရဲပန်းချီကားလိပ်ထဲ သွားကြစို့”
ရွှီနင် ဆုံးဖြတ်ချက် ချလိုက်သည်။
“ပန်းချီကားလိပ်ထဲဝင်ပြီး အဆင့်တက်မယ်”
မိစ္ဆာသားရဲလိပ်စာအုပ်သည် ထိပ်တန်းရတနာတစ်ခု ဖြစ်သည်။ ယခင်က သားရဲထိန်းကျောင်းသူပင် ၎င်းကို အပြည့်အဝ မကျွမ်းကျင်ခဲ့ပေ။
၎င်းသည် ပျက်စီးနေသည့်တိုင် ရွှီနင်၏ လကွယ်ပုတီးစေ့ထက် ပို၍ အစွမ်းထက်သေးသည်။
မိစ္ဆာသားရဲပန်းချီကားလိပ်အတွင်းရှိ ဟင်းလင်းပြင်မှာ ပိုမိုကျယ်ဝန်းပြီး တည်ငြိမ်လေသည်။ အတွင်းရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ပြင်ပကမ္ဘာလောက် မမြင့်သော်လည်း သုံးပုံတစ်ပုံခန့် ရှိနေဆဲဖြစ်သည်။
မီးခိုးရောင်လေးအတွက် အတွင်း၌ အဆင့်တက်ခြင်းက ပိုမိုလုံခြုံပြီး ဝိညာဉ်စွမ်းအင်မှာလည်း မိစ္ဆာသားရဲများအတွက် လုံလောက်မှု ရှိပေသည်။
“နားလည်ပါပြီ အစ်ကို”
မီးခိုးရောင်လေးသည် မိမိကိုယ်ကို သတိကပ်ထားကာ သူနှင့် ရွှီနင်ကို မိစ္ဆာသားရဲပန်းချီကားလိပ်ထဲသို့ ပို့ဆောင်လိုက်သည်။
သို့သော် ပို့ဆောင်ပြီးနောက်တွင် မိစ္ဆာသားရဲပန်းချီကားလိပ်မှ ဖြစ်ပေါ်လာသော ပုတီးစေ့လေးမှာ ပြင်ပတွင် ကျန်ရစ်ခဲ့လေသည်။
သို့သော် ၎င်းမှာ ချန်မိသားစုအိမ်တော်အတွင်းတွင် ဖြစ်သဖြင့် ပျက်စီးသွားမည်ကို စိုးရိမ်စရာ မလိုပေ။
“မင်းတို့ ဘာလို့ ဒီကို ရောက်လာတာလဲ”
ရွှီနင်နှင့် မီးခိုးရောင်လေး ဝင်လာသည်နှင့် ရွှီးဟူကျွင်းက သတိပြုမိသွားပြီး အပြေးအလွှား ရောက်လာသည်။
ချင်းယင်လည်း နောက်ကနေ ကပ်ပါလာသည်။
“ရွှီနင်၊ ငါတို့ကို ဘယ်တော့ အပြင်ထုတ်ပေးမှာလဲ။ ဒီမှာက နေရောင်လည်း မရှိဘူး၊ အရမ်းပျင်းဖို့ကောင်းတယ်”
ချင်းယင်က ရွှီနင်ကို လာရောက်ညည်းညူသည်။
ရွှီနင်က ချင်းယင်ကို ဂရုမစိုက်ခဲ့ပေ။ ဤကောင်လေးမှာ အလွန်အမင်း ဆူညံလွန်းလှသည်။
“မီးခိုးရောင်လေး တာအိုနယ်ပယ်ကို အဆင့်တက်တော့မယ်”
ရွှီနင်က ရွှီးဟူကျွင်းကို ပြောလိုက်သည်။
“ဝမ့်ရှန့်ပြည်နယ်ရဲ့ ဝိညာဉ်စွမ်းအင်က သိပ်သည်းတယ်၊ မီးခိုးရောင်လေးရဲ့ သွေးသားကလည်း အရမ်းသန့်စင်တယ်။ အချိန်အတော်ကြာ လှုံ့ဆော်ခံရပြီးနောက် အခုလို အဆင့်တက်တာက ပုံမှန်ပါပဲ”
“သူက ငါ့ထက်တောင် ဘယ်လိုလုပ် မြန်မြန်အဆင့်တက်သွားတာလဲ”
ချင်းယင်က မျက်လုံးပြူးလိုက်သည်။
“ရွှီနင်၊ ဒီကြောင်လေး အဆင့်တက်ပြီးရင် ငါ့ကို အပြင်ထုတ်ပေးနော်။ ငါ ဝမ့်ရှန့်ပြည်နယ်ရဲ့ ဝိညာဉ်စွမ်းအင်ကို ခံစားချင်ပြီ။ ငါလည်း တာအိုနယ်ပယ်ကို အဆင့်တက်ချင်တယ်”
ချင်းယင်ကို ဝမ့်ယယ်က ချောက်နက်ကြီးမြောက်ဘက်သို့ ခေါ်သွားစဉ်က ၎င်းမှာ မွေးကင်းစသာ ရှိသေးပြီး ဘာကိုမှ မမှတ်မိပေ။
ထို့ကြောင့် ၎င်းသည် ဝမ့်ရှန့်ပြည်နယ်အပေါ် မည်သည့်အမှတ်တရမှ မရှိသဖြင့် ပြင်ပကမ္ဘာကို အလွန်တောင့်တနေခြင်း ဖြစ်သည်။
“ပါးစပ်ပိတ်ထားစမ်း”
ရွှီးဟူကျွင်း၏ ကြီးမားသော လက်သည်းကြီးမှာ ချက်ချင်း ကျရောက်လာပြီး ချင်းယင်ကို ရွှံ့ထဲသို့ နင်းခြေလိုက်သည်။
“ငါ့သခင်လေးရဲ့ အဆင့်တက်မှုကို မနှောင့်ယှက်နဲ့”
ချင်းယင်သည် ရုန်းကန်ပြီး ဆဲဆိုချင်သော်လည်း ရွှီနင်၏ ခြိမ်းခြောက်နေသော အကြည့်ကို မြင်လိုက်ရသည့်အခါ ကြောက်လန့်သွားရသည်။
ရွှီနင်သည် တာအိုနယ်ပယ်သို့ အဆင့်တက်သွားပြီဖြစ်ရာ ၎င်းကို ကိုင်တွယ်ရန်မှာ အရင်ကထက် ပို၍ လွယ်ကူသွားပြီ ဖြစ်သည်။
“မီးခိုးရောင်လေး၊ ဒီဆေးလုံးကို သောက်လိုက်”
ရွှီနင်သည် ဆေးလုံးအချို့ကို ထုတ်ယူကာ မီးခိုးရောင်လေးကို ကျွေးလိုက်သည်။ ၎င်းတို့မှာ မီးခိုးရောင်လေး၊ ရွှီးဟူကျွင်းနှင့် ချင်းယင်တို့အတွက် သူ ပြင်ဆင်ထားသော ဆေးလုံးများ ဖြစ်သည်။
၎င်းကို သောက်လိုက်ခြင်းဖြင့် အဆင့်တက်နေစဉ်အတွင်း သတိတရားကို ထိန်းထားနိုင်စေပြီး သွေးသားရင်းမြစ်များ ထိန်းချုပ်မရဖြစ်ခြင်းနှင့် ဒဏ်ရာရခြင်းတို့မှ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ဆေးသောက်ပြီးနောက် မီးခိုးရောင်လေး၏ အခြေအနေမှာ များစွာ တိုးတက်လာခဲ့သည်။
နဖူးပေါ်ရှိ ငွေရောင်အမှတ်အသားမှာလည်း ပို၍ ပို၍ တောက်ပလာလေသည်။
“မီးခိုးရောင်လေး အဆင့်တက်ဖို့အတွက် တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တစ်ခု ပေးထားလိုက်ကြရအောင်”
ရွှီနင်က ပြောလိုက်သည်။
ထို့နောက်တွင် သူသည် ချင်းယင်နှင့် ရွှီးဟူကျွင်းကို ခေါ်ထုတ်သွားပြီး မိစ္ဆာသားရဲပန်းချီကားလိပ်အတွင်းရှိ ကွင်းပြင်တစ်ခု၌ စောင့်ဆိုင်းနေလိုက်သည်။
ဝေါင်း…
မကြာမီမှာပင် ဟိန်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ရွှီနင်၊ ရွှီးဟူကျွင်းနှင့် ချင်းယင်တို့သည် မီးခိုးရောင်လေး ရှိနေသည့်နေရာမှ ပြင်းထန်သော တုန်ခါမှုကြီးတစ်ခုကို ခံစားလိုက်ရသည်။
အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ မီးခိုးရောင်လေးသည် ကောင်းကင်တွင် ပျံဝဲနေပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား ငွေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
ဟိန်းသံတစ်ချက်အပြီးတွင် မြေပြင်များ အက်ကွဲကုန်ကာ မီးခိုးရောင်လေး၏ ပတ်ဝန်းကျင်ရှိ သစ်ပင်ခြောက်များနှင့် ကျောက်တုံးများမှာလည်း လွင့်စင်ကျိုးပဲ့ကုန်လေသည်။
“တာအိုနယ်ပယ်ရဲ့ အစောပိုင်းအဆင့်၊ မီးခိုးရောင်လေး အဆင့်တက်သွားပြီ”
ရွှီနင်သည် တာအိုနယ်ပယ် မိစ္ဆာသားရဲတစ်ကောင်၏ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ပါတော့သည်။
အခန်း (၂၄၂) - မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်တော်
ရွှီနင်သည် မီးခိုးရောင်လေးဆီသို့ ချက်ချင်းပင် အပြေးသွားလိုက်သည်။
ရွှီးဟူကျွင်းနှင့် ချင်းယင်တို့ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာကြလေသည်။
“မီးခိုးရောင်လေး”
မီးခိုးရောင်လေး၏ ပြောင်းလဲသွားမှုကို မြင်လိုက်ရသောအခါ ရွှီနင် အံ့ဩသွားရသည်။
အရင်က ကြောင်ပေါက်လေးတစ်ကောင် အရွယ်အစားသာရှိသော မီးခိုးရောင်လေးမှာ ယခုအခါ ခြင်္သေ့တစ်ကောင်ကဲ့သို့ ဖြစ်နေလေပြီ။
အရင်က မီးခိုးရောင်လေးမှာ ကလေးဆန်သော အငွေ့အသက်များ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ခန့်ညားထည်ဝါပြီး ဒေါသကြီးသည့်ပုံစံ ပေါက်နေသည်။
မီးခိုးရောင်လေး၏ ကြီးထွားလာမှုအတွက် ရွှီနင် စိတ်ရင်းနှင့် ဝမ်းသာမိသော်လည်း ၎င်း၏ပြောင်းလဲသွားမှုက သူ့ကို အနည်းငယ် အနေရခက်သလို ခံစားရစေသည်။
မီးခိုးရောင်လေး၏ ပြောင်းလဲသွားမှုကို ကျင့်သားရရန် အချိန်အနည်းငယ် ယူရမည်ဟု ရွှီနင် ခံစားလိုက်ရသည်။
“အစ်ကိုကြီး”
ယခုအကြိမ်တွင်မူ မီးခိုးရောင်လေးသည် စိတ်ချင်းဆက်သွယ်ကာ စကားပြောမည့်အစား တိုက်ရိုက်ပင် စကားပြောဆိုလိုက်သည်။
၎င်း၏အသံမှာ နက်ရှိုင်းလှသည်။ တောက်ပသော ငွေရောင်အမွှေးအမျှင်များနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းသည် သွေးမျိုးဆက် အလွန်မြင့်မားသော ထူးကဲသည့် မိစ္ဆာသားရဲတစ်ကောင်ဖြစ်ကြောင်း ထင်ရှားနေပေသည်။
“ကျွန်တော် တာအိုနယ်ပယ်ကို တက်လှမ်းနိုင်သွားပြီဗျ”
ဝေဟင်တွင် ဝဲပျံနေသော မီးခိုးရောင်လေး၏ ကိုယ်ထည်မှာ ဖြည်းညှင်းစွာဖြင့် မြေသို့ ဆင်းသက်လာခဲ့သည်။
၎င်း၏ အပြာရောင်မျက်လုံးများအတွင်းရှိ ငွေရောင်မျက်ဆံများမှာ ဖြည်းညှင်းစွာ လည်ပတ်နေလေသည်။
‘ဒါ ဟင်းလင်းပြင်သားရဲရဲ့ ထူးခြားတဲ့ သွေးမျိုးဆက်စွမ်းအားပဲလား’
မီးခိုးရောင်လေးမှာ ယခုအခါ ပျံသန်းနိုင်ပြီဖြစ်သဖြင့် ရွှီနင် အနည်းငယ် အံ့အားသင့်သွားရသည်။
အကယ်၍ လူသားသိုင်းပညာရှင်တစ်ဦးသည် လေထဲတွင် ပျံသန်းလိုပါက အနည်းဆုံး တာအိုနယ်ပယ်၏ သတ္တမအဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။
မီးခိုးရောင်လေးတွင် အတောင်ပံများ မရှိသော်လည်း တာအိုနယ်ပယ်သို့ ရောက်ရှိသည်နှင့် ပျံသန်းနိုင်နေပြီ ဖြစ်သည်။
ထိုအရာသည် အဓိကအားဖြင့် မီးခိုးရောင်လေးမှာ ဟင်းလင်းပြင်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းကြောင့်ပင်။
“ဂုဏ်ယူပါတယ် မီးခိုးရောင်လေးရာ”
ရွှီနင်သည် မီးခိုးရောင်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
“ဂုဏ်ယူပါတယ် သခင်လေး”
ရွှီးဟူကျွင်းမှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။
ရွှီးဟူကျွင်းသည် မီးခိုးရောင်လေးအပေါ် မျှော်လင့်ချက်များစွာ ထားရှိထားသူဖြစ်သည်။
ယခုအခါတွင် မီးခိုးရောင်လေးကြီးထွားလာသည်ကို မြင်တွေ့ရသောအခါ အလွန်ပင် စိတ်သက်သာရာ ရသွားလေသည်။
ချင်းယင်သည်လည်း အနားသို့ ရောက်ရှိလာပြီးနောက် မီးခိုးရောင်လေးကို ပတ်၍ လျှောက်ကြည့်နေကာ သူ၏မျက်လုံးများထဲတွင် မနာလိုမှုများ ပြည့်နှက်နေသည်။
“နောက်ပိုင်းကျရင် အကိုကြီးအတွက် ကျွန်တော် ပိုပြီး လုပ်ဆောင်ပေးနိုင်တော့မှာ”
မီးခိုးရောင်လေးမှာ အနည်းငယ် စိတ်လှုပ်ရှားနေသည်။
“ဒါ့အပြင် အရင်တုန်းကဆိုရင် ကျွန်တော်က အကိုကြီးရဲ့ ပခုံးပေါ်မှာပဲ အမြဲအိပ်နေခဲ့တာလေ။ အခုတော့ အကိုကြီးက ကျွန်တော့်ကို စီးတော်ယာဉ်အဖြစ် သုံးလို့ရပြီ”
မီးခိုးရောင်လေးက ဤသို့ပြောလိုက်သောအခါ မိဘကို ပြန်လည်လုပ်ကျွေးနိုင်ရန် ကြီးပြင်းလာသော ကလေးတစ်ယောက်၏ ဂုဏ်ယူမှုကို မြင်တွေ့နေရသလိုပင်။
ထိုအရာကို ကြားလိုက်ရသောအခါ ရွှီနင် ရယ်မောလိုက်သည်။
“မီးခိုးရောင်လေး... အခု မင်း တာအိုနယ်ပယ်ကို ရောက်သွားပြီဆိုတော့ မိစ္ဆာသားရဲပန်းချီကားလိပ်အပေါ်မှာ မင်းရဲ့ ထိန်းချုပ်နိုင်စွမ်းက ပိုပြီး အားကောင်းလာလိမ့်မယ်။ နောက်ပိုင်း ငါ့ရဲ့ ခွန်အားတွေ ထပ်ပြီး တိုးတက်လာတဲ့အခါ မိစ္ဆာသားရဲပန်းချီကားလိပ်ကို ပြုပြင်ဖို့ နည်းလမ်းရှာပေးမယ်”
ရွှီနင် ပြောလိုက်သည်။
သားရဲထိန်းကျောင်းသူသည် မိစ္ဆာသားရဲပန်းချီကားလိပ်ကို လွဲမှားစွာ အသုံးပြုခဲ့ခြင်းကြောင့် စာလိပ်မှာ ပြင်းထန်စွာ ပျက်စီးသွားခဲ့ရသည်။
သို့သော်လည်း ၎င်းသည် အလွန်အသုံးဝင်သော လျှို့ဝှက်ရတနာတစ်ခု ဖြစ်နေဆဲပင်။
အကယ်၍ ၎င်းကို ပြန်လည်ပြုပြင်နိုင်ခဲ့လျှင် မီးခိုးရောင်လေးသည် မိစ္ဆာသားရဲပန်းချီကားလိပ်ကို အရေးကြီးသော လက်နက်တစ်ခုအဖြစ်ပင် အသုံးပြုနိုင်မည်ဖြစ်သည်။
“ရွှီနင်... ဝမ်ရှန့်ပြည်နယ်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ခံစားကြည့်ဖို့ ငါတို့ကို ဘယ်တော့ အပြင်လွှတ်မှာလဲ”
ချင်းယင်က ထပ်မံမေးမြန်းပြန်သည်။
“မကြာခင်ပါပဲ”
ရွှီနင်က ပြောလိုက်သည်။
“ယန့်လုဂိုဏ်းရဲ့ ယာယီစခန်းကို ငါ ရွေးချယ်ပြီးပြီ။ နောက်ထပ် ရက်အနည်းငယ်ကြာရင် မိစ္ဆာသားရဲပန်းချီကားလိပ်ထဲကနေ မင်းတို့ ထွက်လို့ရပြီ”
“ဟား... ဟုတ်ပြီ”
ရွှီနင်၏ အဖြေကို ကြားလိုက်ရသောအခါ ချင်းယင်မှာ ပုံမှန်ထက် ပို၍ ပျော်ရွှင်သွားသည်။
“မီးခိုးရောင်လေး... မင်းက အရမ်းပြောင်းလဲသွားတာပဲ။ ဟင်းလင်းပြင်သားရဲတစ်ကောင်ရဲ့ ထူးခြားချက်တွေက အရမ်းကို ထင်ရှားနေတယ်”
ရွှီနင်က ဆက်ပြောလိုက်သည်။
“စီနီယာ ဝမ့်ယယ်ရဲ့ အဆိုအရ ဝမ်ရှန့်ပြည်နယ်က ထိပ်တန်းသွေးမျိုးဆက်ရှိတဲ့ မိစ္ဆာသားရဲတွေဟာ အားကောင်းတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပစ်မှတ်ထားခြင်းနဲ့ ကျွန်ပြုခံရခြင်းကို လွယ်လွယ်ကူကူ ကြုံတွေ့နိုင်တယ်။ ငါ့ရဲ့ လက်ရှိအင်အားက မင်းကို လုံးဝကာကွယ်ပေးနိုင်ဖို့ မလုံလောက်သေးဘူး။ ဒါကြောင့် ဂိုဏ်းစခန်းကို မပြောင်းရွှေ့ခင်အထိ မိစ္ဆာသားရဲပန်းချီကားလိပ်ထဲမှာပဲ ခဏလောက် နေနေပါဦး”
“နားလည်ပါပြီ အစ်ကိုကြီး”
မီးခိုးရောင်လေးသည် လိမ္မာပါးနပ်စွာပင် နားထောင်ရှာသည်။
ထို့နောက် ရွှီနင်သည် မီးခိုးရောင်လေးကို သူ့အား အပြင်သို့ ပြန်လည်ပို့ဆောင်ခိုင်းလိုက်သည်။
“ရွှီနင်... ငါတို့ကို အပြင်လွှတ်ဖို့ မမေ့နဲ့ဦးနော်”
ချင်းယင်၏ အသံမှာ ရွှီနင်၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ထို့နောက်တွင် ရွှီနင်သည် အခန်းထဲ၌ ပြန်လည်ပေါ်လာခဲ့လေသည်။
သူသည် မိစ္ဆာသားရဲပန်းချီကားလိပ်ဖြင့် ဖွဲ့စည်းထားသော ပုတီးစေ့ကို သိမ်းဆည်းလိုက်သည်။
‘အခုလောလောဆယ် ဘာမှလုပ်စရာမရှိသေးဘူးဆိုတော့ ပင်လယ်နီဆေးကျမ်းကို နောက်တစ်ဆင့် တိုးမြှင့်လိုက်တာ ပိုကောင်းမယ်’
ရွှီနင် စိတ်ထဲတွင် တွေးလိုက်သည်။
ပင်လယ်နီဆေးကျမ်း တိုးတက်လာမှုတိုင်းတွင် ရွှီနင်၏ ဆေးဖော်စပ်ခြင်း အတတ်ပညာမှာ တိုးတက်လာမည်ဖြစ်သည်။
အောင်မြင်မှုနှုန်း မြင့်မားလာရုံသာမက ခက်ခဲသော ဆေးလုံးများကိုလည်း ဖော်စပ်နိုင်လာမည် ဖြစ်သည်။
‘လကွယ်ပုတီးစေ့ထဲမှာ သိုလှောင်ထားတဲ့ ဝိညာဉ်ဆေးပင်တွေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးရှိတယ်။ အဲဒီဝိညာဉ်ဆေးပင်တွေကို ဆေးလုံးတွေအဖြစ် ဖော်စပ်နိုင်ရင် အဲဒီထဲကနေ စွမ်းအင်တွေ ပိုပြီး ရလာနိုင်လိမ့်မယ်’
‘ပင်လယ်နီဆေးကျမ်းကို အဆင့်မြှင့်ပြီးမှ ဆေးလုံးတွေကို ပိုပြီး ဖော်စပ်လိုက်မယ်’
ဆုံးဖြတ်ချက်ချပြီးနောက် ရွှီနင်သည် လကွယ်ပုတီးစေ့အတွင်းသို့ ဝင်ရောက်ကာ စွမ်းအင် ယူနစ် ၃၀၀,၀၀၀ ကို စုပ်ယူလိုက်ပြီး ပင်လယ်နီဆေးကျမ်းကို ဒုတိယအဆင့်သို့ မြှင့်တင်လိုက်သည်။
ထို့နောက်တွင် ရွှီနင်သည် သူ၏အခန်းထဲ၌ ဆေးလုံးအချို့ကို စတင်ဖော်စပ်လေတော့သည်။
ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
ချန်ကျန်းထောင်းသည် ရွှီနင်ကို လာရောက်ရှာဖွေခဲ့သည်။
“ဂိုဏ်းချုပ်”
ချန်ကျန်းထောင်းသည် ရွှီနင်ကို တွေ့လိုက်ပြီး “မနက်ဖြန်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်ထဲက ထိပ်တန်းမိသားစုဝင် အနည်းငယ်ကို ဖိတ်ကြားပြီး စားသောက်ပွဲတစ်ခု ကျင်းပဖို့ရှိပါတယ်။ ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးပါဦး”
“ငါ့ကိုပါ လိုက်ခဲ့စေချင်တာလား”
ရွှီနင် ဇဝေဇဝါ ဖြစ်သွားရသည်။
“ဟုတ်ပါတယ်”
ချန်ကျန်းထောင်းသည် ဆင်ခြေတစ်ခုကို ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။
“ဂိုဏ်းချုပ်က ချောက်နက်ကြီးမြောက်ဘက်ကနေ လာတာဆိုတော့ ဝမ်ရှန့်ပြည်နယ်မှာ မိတ်ဆွေမရှိသေးဘူးလေ။ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ စားသောက်ပွဲမှာ မိတ်ဆွေတွေ ပိုပြီး ရလာနိုင်မယ်ဆိုရင် ဒါက ယန့်လုဂိုဏ်းကို ပြန်ထူထောင်ဖို့အတွက် ကောင်းတဲ့အချက် ဖြစ်ပါလိမ့်မယ်”
“ကောင်းပြီလေ”
ရွှီနင်အနေဖြင့် ဤအရာမှာ အဓိပ္ပာယ်မရှိဟု ခံစားရသော်လည်း ချန်ကျန်းထောင်း၏ အဆိုပြုချက်ကို လက်ခံလိုက်သည်။
သူသည်လည်း ဝမ်ရှန့်ပြည်နယ်၏ ထိပ်တန်းပုဂ္ဂိုလ်များနှင့် အဆက်အသွယ်လုပ်ရန် ဆန္ဒရှိပေသည်။
“ဒါဆိုရင် မနက်ဖြန်ကျရင် ကျွန်တော် လာခေါ်ပါ့မယ်”
ချန်ကျန်းထောင်းက ပြောလိုက်သည်။
“အချိန်ကျရင်တော့ ဂိုဏ်းချုပ်က ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်အဖြစ် ယာယီဟန်ဆောင်ပေးပါ”
“ရတာပေါ့”
ရွှီနင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ချန်ကျန်းထောင်း ထွက်ခွာသွားလေသည်။
ချန်ကျန်းထောင်းသည် ရွှီနင်ကို ချန်ကျင်ရှန်ကိုယ်တိုင် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း မပြောပြခဲ့ပေ။
အကယ်၍ တိုက်ရိုက်ရှင်းပြလိုက်လျှင် ရွှီနင် စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို ချန်ကျန်းထောင်း စိုးရိမ်မိသောကြောင့်ပင်။
နောက်တစ်နေ့ မွန်းတည့်အချိန်တွင် ချန်ကျန်းထောင်းသည် ရွှီနင်ကို ချန်မိသားစုအိမ်တော်မှ ခေါ်ဆောင်လာခဲ့သည်။
ထို့နောက် ချန်ကျန်းထောင်းသည် ရွှီနင်ကို ရထားလုံးဆီသို့ ခေါ်သွားခဲ့သည်။
ရထားလုံးကို ဆွဲနေသော မြင်းများမှာ သိသာထင်ရှားစွာပင် မိစ္ဆာသားရဲများ၏ မျိုးဆက်များ ဖြစ်ကြသည်။ ၎င်းတို့၏ အရှိန်အဝါများမှာ ဟင်းလင်းပြင်နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေကြသည်။
အစွမ်းထက်သော သိုင်းပညာရှင်များအတွက်မူ သယ်ယူပို့ဆောင်ရေး ကိရိယာများ မလိုအပ်သည်မှာ ထင်ရှားလေသည်။
သို့သော်လည်း ဤစားသောက်ပွဲမှာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ အိမ်တော်တွင် ကျင်းပခြင်း ဖြစ်သောကြောင့် ပိုမိုစနစ်တကျ ဖြစ်ရန်မှာ ပိုကောင်းပေသည်။
“ဒီရထားလုံးပေါ် တက်ကြစို့”
ချန်ကျန်းထောင်းသည် ရွှီနင်ကို ရှေ့ဆုံးမှ ရထားလုံးဆီသို့ ခေါ်ဆောင်သွားသည်။
ဤရထားလုံးမှာ အတော်လေး ခမ်းနားထည်ဝါလှသည်။
“ကျွန်တော့်ဦးလေးက ရထားလုံးထဲမှာ ရှိပါတယ်”
ချန်ကျန်းထောင်းက သတိပေးလိုက်သည်။
ချန်ကျန်းထောင်း၏ ဦးလေးဖြစ်သူ ချန်ကျင်ရှန်သည် ချန်မိသားစု၏ အကြီးအကဲဖြစ်ပြီး တာအိုနယ်ပယ် စတုတ္ထအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ရွှီနင် သိရှိထားသည်။
ရွှီနင်နှင့် ချန်ကျန်းထောင်းတို့သည် ရထားလုံးထဲသို့ ဝင်လိုက်ကြသည်။ ရထားလုံးပေါ်သို့ ရောက်သည်နှင့် ရထားလုံး၏ အလယ်တွင် ထိုင်နေသော ထွားကျိုင်းသည့် လူတစ်ယောက်ကို ရွှီနင် တွေ့လိုက်ရသည်။
သူသည် သူ၏အရှိန်အဝါကို ထိန်းချုပ်ထားသော်လည်း ဖိအားအချို့ကိုမူ ပေးစွမ်းနေဆဲ ဖြစ်သည်။
“မိသားစုအကြီးအကဲချန်”
ရွှီနင်သည် ဦးစွာ နှုတ်ဆက်လိုက်သည်။
ချန်ကျင်ရှန်သည် တိုက်ရိုက်ပြန်လည် မတုံ့ပြန်ဘဲ ရွှီနင်ကိုသာ ကြည့်နေလေသည်။
‘မိသားစုအကြီးအကဲချန်က ငါ့အပေါ်မှာ အမြင်တစ်ခုခု ရှိနေပုံပဲ’
ထိုအရာကို ရွှီနင် သတိထားမိလိုက်သည်။
ချန်ကျင်ရှန်သည် သူမည်သူဖြစ်ကြောင်း သိထားသည်ဟု ချန်ကျန်းထောင်းက သူ့ကို ယခင်က ပြောပြထားဖူးလေသည်။
ချန်ကျန်းထောင်းသည် ဤသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဦးလေး... ဒါက...”
ချန်ကျန်းထောင်း မိတ်ဆက်ပေး၍ မပြီးမီမှာပင် ချန်ကျင်ရှန်က ဦးစွာ စကားပြောလိုက်သည်။
“ဂိုဏ်းချုပ်ရွှီ”
ချန်ကျင်ရှန်သည် ရွှီနင်ကို ခေါင်းညိတ်ပြလိုက်သည်။
သူ နှုတ်ဆက်လိုက်သော်လည်း ရွှီနင်ကို အထင်အမြင်သေးစွာ ကြည့်နေသည်ဟု ရွှီနင် ခံစားရဆဲပင်။
သို့သော်လည်း ရွှီနင်ကမူ ဂရုမစိုက်ခဲ့ပေ။
‘ဒီမိသားစုအကြီးအကဲ ချန်က ငါ့ကို မကြိုဆိုချင်ဘူးပဲ... ဖြစ်နိုင်တာက ယန့်လုဂိုဏ်းကို ပြန်လည်ထူထောင်တာက ချန်မိသားစုအတွက် ပြဿနာတွေ သယ်ဆောင်လာနိုင်တယ်လို့ သူ ထင်နေတာ ဖြစ်လိမ့်မယ်’
ချန်ကျန်းထောင်းက ဘာမှမပြောသော်လည်း ရွှီနင်အနေဖြင့် ခန့်မှန်းနိုင်ပေသည်။
ရထားလုံးမှာ တည်ငြိမ်စွာပင် ရွေ့လျားနေလေသည်။
“ဂိုဏ်းချုပ်ရွှီက ချောက်နက်ကြီးမြောက်ဘက်ကနေ လာတာလို့ ကြားတယ်” ချန်ကျင်ရှန်က ဦးစွာ စကားစလိုက်သည်။
“မိသားစုအကြီးအကဲချန်... ကျွန်တော့်ကို နာမည်အတိုင်းပဲ ခေါ်နိုင်ပါတယ်”
ရွှီနင်က ပြောလိုက်သည်။
“စီနီယာအစ်ကို ချန် ပြောပြချက်အရဆိုရင် မိသားစုအကြီးအကဲက စီနီယာ ဝမ့်ယယ်နဲ့ မိတ်ဆွေဟောင်းတွေလို့ သိရပါတယ်။ ဒီလိုဆိုရင် ခင်ဗျားကို ကျွန်တော့်ရဲ့ စီနီယာတစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါတယ်”
ချန်ကျင်ရှန်က မျက်ခုံးများကို ပင့်လိုက်သည်။
မနေ့ညက ချန်ကျန်းထောင်းသည် လျိုယန်ခရိုင် အပြင်ဘက်ရှိ စံအိမ်တော်ကို တောင်းဆိုရန် ချန်ကျင်ရှန်ထံ နောက်တစ်ကြိမ် ထပ်မံသွားရောက်ခဲ့သည်။
ထိုအချိန်တွင် ချန်ကျင်ရှန်သည် ရွှီနင်၏ အခြေအနေကို ပိုမိုသိရှိရန် အခွင့်အရေး ယူခဲ့သည်။
ချန်ကျန်းထောင်းက ချန်ကျင်ရှန်အား ရွှီနင်အကြောင်း ပြောပြခဲ့သည်။
ရွှီနင်၏ သိုင်းပညာပါရမီမှာ အလွန်အံ့အားသင့်စရာ ကောင်းလှကြောင်း ချန်ကျင်ရှန် သိရှိသွားသောအခါ ဝမ့်ယယ်က အဘယ်ကြောင့် ဂိုဏ်းတံဆိပ်ပြားကို သူ့အား ပေးအပ်ခဲ့သည်ကို နားလည်သွားခဲ့သည်။
ထို့ကြောင့်ပင် ချန်ကျင်ရှန်သည် စားသောက်ပွဲ မစတင်မီ ရွှီနင်နှင့် အဆက်အသွယ်ရရန် ချန်ကျန်းထောင်းအား ရွှီနင်ကို သူ၏ရထားလုံးပေါ်သို့ ခေါ်ဆောင်လာရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။
ချန်ကျင်ရှန်သည် ရွှီနင်ကို မတွေ့မီက ဤကဲ့သို့သော လူငယ်ပါရမီရှင်တစ်ဦးမှာ မောက်မာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း ရွှီနင်မှာ နှိမ့်ချမှုရှိနေဆဲဖြစ်ရာ ၎င်းက ချန်ကျင်ရှန်အား ရွှီနင်အပေါ် အထင်ကြီးလေးစားမှု ဖြစ်ပေါ်စေခဲ့သည်။
သူ၏အမြင်အရဆိုလျှင် ယန့်လုဂိုဏ်းကို ပြန်လည်ထူထောင်လိုပါက ဂိုဏ်းချုပ်ဖြစ်သူသည် သည်းခံစိတ်နှင့် ခိုင်မာသော စိတ်ဓာတ် ရှိရမည်ဖြစ်သည်။
ယခုကြည့်ရသည်မှာ ရွှီနင်၏ သဘောထားမှာ ချန်ကျင်ရှန်၏ ထောက်ခံမှု ထက်ဝက်ခန့်ကို ရရှိသွားပုံရလေသည်။
“ဟုတ်ပါတယ်... ကျွန်တော်က ချောက်နက်ကြီးမြောက်ဘက်က လာတာပါ”
ရွှီနင်က ချန်ကျင်ရှန်၏ မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။
“ဝမ့်ယယ်ကော နေကောင်းရဲ့လား”
ချန်ကျင်ရှန်၏ စိုးရိမ်မှုမှာ စစ်မှန်လှပေသည်။
“စီနီယာ ဝမ့်ယယ် ဝမ်ရှန့်ပြည်နယ်ကနေ ထွက်ပြေးခဲ့တုန်းက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး သူ့ရဲ့နယ်ပယ်ကလည်း ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒဏ်ရာတွေကို သက်သာစေဖို့ ဆေးလုံးတွေ သောက်ခဲ့ပေမဲ့ သူ့ရဲ့အခြေအနေကတော့ အခုထိ မကောင်းသေးပါဘူး”
ရွှီနင်သည် ဝမ့်ယယ်နှင့် ပတ်သက်မှုအချို့ ရှိကြောင်း သိရှိထားပြီးသား ဖြစ်သည်။
ဒါကို ကြားလိုက်ရသောအခါ ချန်ကျင်ရှန်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှမပြောတော့ပေ။
“ရွှီနင်... ယန့်လုဂိုဏ်းကို ပြန်လည်ထူထောင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ မင်း သိရဲ့လား”
ချန်ကျင်ရှန်သည် အကြောင်းအရာကို မပြောင်းမီ ခေတ္တမျှ စဉ်းစားလိုက်သည်။
“မင်းအနေနဲ့ ယန့်လုဂိုဏ်းကို အရင်ကလို ခမ်းနားထည်ဝါအောင် လုပ်ချင်တယ်ဆိုရင် ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းတို့ဆီက ဖိနှိပ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်”
“ကျွန်တော် ဂိုဏ်းတံဆိပ်ပြားကို လက်ခံခဲ့ကတည်းက ဒါတွေအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပါ”
ရွှီနင် ပြုံးလိုက်သည်။
ချန်ကျင်ရှန်သည် မျက်လုံးများကို မှေးလိုက်ကာ ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလေသည်။
ထို့နောက်တွင် ချန်ကျင်ရှန်သည် စကားမပြောတော့ဘဲ ရထားလုံးထဲ၌ တိတ်ဆိတ်သွားတော့သည်။
ချန်ကျန်းထောင်းသည် ဤသည်ကို မြင်သောအခါ ချန်ကျင်ရှန်က ရွှီနင်နှင့် တွေ့ဆုံလိုသည့် ရည်ရွယ်ချက်ကို စတင်စဉ်းစားနေမိသည်။
ကြည့်ရသည်မှာ သူသည် ရွှီနင်ကို မုန်းတီးပုံမပေါ်ပေ။
မကြာမီမှာပင် ရထားလုံး ရပ်တန့်သွားခဲ့သည်။
“အကြီးအကဲ... မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ကို ရောက်ပါပြီ”
အပြင်ဘက်ရှိ မြင်းထိန်းက ပြောလိုက်သည်။
“ဆင်းကြစို့”
ချန်ကျင်ရှန်က အရင်ဆုံး ဆင်းသွားပြီး ရွှီနင်နှင့် ချန်ကျန်းထောင်းတို့က နောက်မှ လိုက်သွားကြသည်။
“ငါ့နောက်ကနေ လိုက်ခဲ့ကြ”
ချန်ကျင်ရှန်သည် ရုတ်တရက် ခေါင်းကိုလှည့်ကာ သူတို့နှစ်ဦးလုံးကို ကြည့်၍ ပြောလိုက်သည်။
ချန်ကျန်းထောင်းမှာ ရုတ်တရက် စိတ်သက်သာရာ ရသွားလေတော့သည်။
ထို့နောက်တွင် ရွှီနင်နှင့် ချန်ကျန်းထောင်းတို့သည် ချန်ကျင်ရှန်၏ နောက်မှလိုက်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်တော်ထဲသို့ ဝင်သွားကြသည်။ သူတို့နောက်တွင်မူ ချန်မိသားစု၏ လူငယ်မျိုးဆက်သစ်များ ရှိနေကြသည်။
ဤချန်မိသားစုဝင် လူငယ်များမှာ ရွှီနင်၏ သရုပ်မှန်ကို အမှန်တကယ် မသိကြပေ။
ထို့ကြောင့် သူသည် ချန်ကျင်ရှန်၏ နောက်တွင် လမ်းလျှောက်နေသည်ကို မြင်သောအခါ ရွှီနင်မှာ မည်သူဖြစ်ကြောင်းကို ခန့်မှန်းရန် ကြိုးစားရင်း အတော်လေး ဇဝေဇဝါ ဖြစ်နေကြသည်။
သို့သော်လည်း မိသားစုအကြီးအကဲချန်၏ ဂုဏ်သတင်းကြောင့် သူတို့ တိုက်ရိုက်မမေးရဲကြပေ။
‘ဝမ်ရှန့်ပြည်နယ်ရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေဆိုတော့လည်း ထင်တဲ့အတိုင်းပဲ’
မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်တော်တွင် အခြားဧည့်သည်များလည်း ရှိနေကြသည်။
ချန်ကျင်ရှန်ကို မြင်သောအခါ သူတို့အချင်းချင်း နှုတ်ဆက်ကြလေသည်။
ရွှီနင်သည် ဤလူများဆီမှ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါများကို ခံစားနေရသည်။
သူသည် တာအိုနယ်ပယ် စတုတ္ထအဆင့် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်မှ သိုင်းပညာရှင် အများအပြားကိုပင် တွေ့ခဲ့ရလေပြီ။
“သခင်ဝေ”
ချန်ကျင်ရှန်သည် ချန်မိသားစုကို ခန်းမထဲသို့ မခေါ်ဆောင်မီ ခန်းမရှေ့တွင် ယဉ်ကျေးသိမ်မွေ့သော လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူကို မြင်သောအခါ ချန်ကျင်ရှန်သည် အမြန်ပင် ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်လေတော့သည်။