အခန်း (၂၄၃-၂၄၄)
Vol. 25 Ch. 243-244
အခန်း (၂၄၃) - စားသောက်ပွဲ
“သခင်ဝေ ဆိုတာ ကွမ်ဟယ်မြို့နယ်ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဝေရှုန်ကျန့် ဖြစ်ရမယ်...”
ကွမ်ဟယ်မြို့နယ်သို့ ရောက်ရှိပြီး သုံးရက်အကြာတွင် ရွှီနင်သည် ဤနေရာနှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သဘောပေါက်ခဲ့လေပြီ။
“ချန်မိသားစု ခေါင်းဆောင်”
ဝေရှုန်ကျန့်သည် လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ချန်ကျင်ရှန်၏ နှုတ်ဆက်မှုကို တုံ့ပြန်လိုက်သည်။
သူသည် မြို့နယ်တစ်ခုလုံး၏ အဆင့်မြင့်ဆုံး အရာရှိတစ်ဦး ဖြစ်သော်လည်း ဒေသခံ မိသားစုကြီးများအပေါ် အတော်ပင် ယဉ်ကျေးပျူငှာမှု ရှိပေသည်။
“အရင်အထဲဝင်ပြီး နေရာယူကြပါဦး”
ဝေရှုန်ကျန့်က ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော်တို့ အရင်ဝင်လိုက်ပါဦးမယ်”
ချန်ကျင်ရှန်သည် ချန်မိသားစုဝင်များကို ခေါ်ဆောင်ကာ ခန်းမထဲသို့ ဝင်သွားလေသည်။
ခန်းမအတွင်း၌ လူအများအပြား ရောက်ရှိနေကြပြီဖြစ်ကာ သူတို့အားလုံးမှာ အုပ်စုအလိုက် ဝိုင်းဖွဲ့ကာ စကားစမြည် ပြောဆိုနေကြလေသည်။
“ဒီစားသောက်ပွဲက ကွမ်ဟယ်မြို့နယ်မှာရှိတဲ့ အင်အားစုတွေ အချင်းချင်း ဆက်သွယ်မှုလုပ်နိုင်အောင် စီစဉ်ထားတဲ့နေရာမျိုးပဲ”
ရွှီနင်သည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ခန်းမထဲသို့ ရောက်သည်နှင့် ချန်ကျင်ရှန်သည် ချန်မိသားစုဝင်များကို ဂရုမစိုက်နိုင်တော့ဘဲ အခြားလူများနှင့် စကားလက်ဆုံ ကျနေတော့သည်။
“အရင်ထိုင်ရအောင်”
ချန်ကျန်းထောင်းသည် ဤကဲ့သို့သော အခမ်းအနားမျိုးကို မကြာခဏ တက်ဖူးသည်မှာ သိသာပေသည်။ သူသည် ချန်မိသားစုမှ တပည့်များကို သင့်တော်ရာ နေရာများတွင် ထိုင်ခိုင်းလိုက်သည်။
ခန်းမထဲတွင် စားပွဲငယ်လေးများကို စီထားပြီး မကြာမီ စားသောက်ကြတော့မည်မှာ အသေအချာပင်။ ချန်မိသားစုဝင်များကို နေရာချပေးပြီးနောက် ချန်ကျန်းထောင်းသည် ရွှီနင်ကို ခေါ်သွားကာ သူ၏ မိတ်ဆွေများနှင့် မိတ်ဆက်ပေးလေသည်။
ချန်မိသားစု၏ အကြီးအကဲတစ်ဦးဖြစ်သည့်အလျောက် ချန်ကျန်းထောင်းသည် ကွမ်ဟယ်မြို့နယ်တွင် ကိုယ်ပိုင် အဆက်အသွယ် အသိုင်းအဝိုင်း ရှိထားသူ ဖြစ်သည်။
မကြာမီအချိန်တွင် ဖိတ်ကြားထားသူများအားလုံး ရောက်ရှိလာကြသည်။
ဝေရှုန်ကျန့်သည်လည်း ခန်းမထဲသို့ လျှောက်လှမ်းလာကာ ပြောလိုက်သည်။
“အားလုံးပဲ နေရာယူကြပါဦး”
ဝေရှုန်ကျန့် ပြောလိုက်ပြီးနောက် ဆူညံနေသော အခန်းသည် ချက်ချင်း တိတ်ဆိတ်သွားတော့သည်။ လူတိုင်းသည် မိမိတို့နေရာကို အမြန်ရှာ၍ ထိုင်လိုက်ကြသည်။
ချန်ကျန်းထောင်းသည် ရွှီနင်ကို သူ၏ နေရာသို့ ခေါ်သွားသည်။
သူတို့သည် အလယ်တန်းတွင် ထိုင်ရပြီး မိသားစုခေါင်းဆောင်များက ရှေ့ဆုံး၌ ထိုင်ကြကာ မျိုးဆက်သစ် လူငယ်များက နောက်ဆုံးတွင် ထိုင်ကြရသည်။
လူတိုင်း နေရာတကျ ရှိသွားသောအခါ ဝေရှုန်ကျန့်သည် မတ်တတ်ရပ်ကာ ဝိုင်ခွက်ကို မြှောက်လိုက်သည်။ သူသည် ယဉ်ကျေးသော စကားအနည်းငယ် ပြောကြားပြီးနောက် ခွက်ထဲမှ ဝိုင်ကို သောက်ချလိုက်သည်။
အောက်တွင် ရှိနေသူများကလည်း အလားတူပင် သူတို့၏ ဝိုင်ခွက်များကို မြှောက်ကာ တုံ့ပြန်ကြလေသည်။
ရွှီနင်သည်လည်း စားပွဲပေါ်ရှိ ဝိုင်ခွက်ကို သောက်လိုက်သည်။
“ဒီဝိုင်က သာမန်တော့ မဟုတ်ဘူးပဲ...”
ဝိုင်ကို သောက်လိုက်သည်နှင့် ရွှီနင်သည် စွမ်းအင် ၁၀ ယူနစ်ကို စုပ်ယူလိုက်ရသည်။
“ဒီပွဲက ဝိုင်က စီနီယာကျင်းမုန်ရဲ့ မိစ္ဆာမျောက်ဝံဝိုင်လောက် မကောင်းပေမဲ့ မဆိုးဘူးလို့ ပြောလို့ရတယ်...”
ရွှီနင်၏ ခံတွင်းထဲ၌ ဝိုင်၏ ချိုမြိန်သော အရသာက ပျံ့နှံ့သွားသည်။
ထို့နောက် ဝေရှုန်ကျန့်သည် သူ၏ နေရာတွင် ပြန်ထိုင်လိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။
“အားလုံးပဲ အားမနာကြပါနဲ့၊ မိတ်ဆွေတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောကြပါ”
မကြာမီ ခန်းမကြီးသည် ပြန်လည် စည်ကားလာပြန်သည်။
ဝေရှုန်ကျန့်သည် ရှေ့ဆုံးတန်းရှိ မိသားစု ခေါင်းဆောင်များနှင့် စကားစမြည် ပြောဆိုနေပြီး အခြားသူများကလည်း ဘေးပတ်ဝန်းကျင်ရှိ လူများနှင့် စကားပြောကြသည်။ အတူတူ ထိုင်နေကြသူ အများစုမှာ ဂုဏ်ဒြပ် အဆင့်အတန်း တူညီကြသူများ ဖြစ်ကြလေသည်။
“ညီအစ်ကိုချန်”
ချန်ကျန်းထောင်း၏ အနီးတွင် ထိုင်နေသော အမျိုးသားတစ်ဦးသည် ရုတ်တရက် အနားသို့ တိုးလာသည်။
ထိုသူမှာ ဝဖြိုးပြီး ရိုးသားသော မျက်နှာရှိသော်လည်း သူ၏ မျက်လုံးများကမူ တစ်ခါတစ်ရံတွင် ပါးနပ်မှုကို ဖော်ပြနေတတ်သည်။
“ညီအစ်ကိုရှိ”
ချန်ကျန်းထောင်းသည်လည်း ဝိုင်ခွက်ကို မြှောက်ကာ တုံ့ပြန်လိုက်သည်။
“ဒါက ရှိမိသားစုက ညီအစ်ကို ရှိချန်ဟောက် ပါ”
ချန်ကျန်းထောင်းက ထိုအမျိုးသားကို ရွှီနင်နှင့် စတင် မိတ်ဆက်ပေးလိုက်သည်။
မိတ်ဆက်ပေးမှုကို ကြားသောအခါ ရှိချန်ဟောက်သည် ချန်ကျန်းထောင်း၏ ဘေးမှ မရင်းနှီးသော မျက်နှာကို သတိထားမိသွားသည်။
“ညီအစ်ကိုချန်... ဒါက...”
ရှိချန်ဟောက်က ယဉ်ကျေးစွာ မေးလိုက်သည်။
“ကျွန်တော်က ရွှီနင်ပါ၊ ညီအစ်ကိုချန်ရဲ့ မိတ်ဆွေကောင်းတစ်ဦးပါ”
ရွှီနင်သည် ချန်ကျန်းထောင်း၏ မိတ်ဆက်မှုကို မစောင့်တော့ဘဲ ဝိုင်ခွက်ကို ကိုယ်တိုင် မြှောက်လိုက်ကာ သဘောထား ပြည့်ဝစွာပင် နှုတ်ဆက်လိုက်သည်။
“ညီအစ်ကိုရွှီ”
ရှိချန်ဟောက်သည် နွေးထွေးစွာ ပြုံးပြပြီး ခွက်ထဲမှ ဝိုင်ကို သောက်လိုက်သည်။
သူသည် ရွှီနင်၏ နောက်ခံကို မသိသော်လည်း ချန်ကျန်းထောင်း၏ ရွှီနင်အပေါ် ထားရှိသော လေးစားမှုရှိသည့် သဘောထားကို ကြည့်ခြင်းဖြင့် ရွှီနင်၏ အဆင့်အတန်းမှာ မသေးငယ်ကြောင်း သိလိုက်ပေသည်။
“ညီအစ်ကိုရွှီက ကွမ်ဟယ်မြို့နယ်က မဟုတ်ဘူး ထင်တယ်နော်”
ရှိချန်ဟောက်သည် ရွှီနင်၏ သရုပ်မှန်ကို သိချင်သော်လည်း တိုက်ရိုက် မမေးဝံ့ပေ။
“မဟုတ်ပါဘူး၊ ကျွန်တော် ရောက်တာ မကြာသေးဘူး”
ရွှီနင်က ပြန်ဖြေလိုက်သည်။
“ကျွန်တော်နဲ့ ညီအစ်ကို ချန်က မိတ်ဆွေဟောင်းတွေပါ၊ ပြီးတော့ ညီအစ်ကိုရွှီကလည်း ညီအစ်ကိုချန်ရဲ့ မိတ်ဆွေကောင်းဆိုတော့ ကျွန်တော့်ရဲ့ မိတ်ဆွေကောင်းလို့လည်း သတ်မှတ်လို့ ရတာပေါ့။ ဒီနေ့ပွဲပြီးတော့ နောက်နှစ်ရက်လောက်နေရင် ကျွန်တော်ကိုယ်တိုင် စားသောက်ပွဲတစ်ခု ထပ်လုပ်ဖို့ ရှိတယ်၊ အဲဒီအခါကျရင် သီးသန့် တွေ့ကြတာပေါ့”
ရှိချန်ဟောက်သည် လူမှုဆက်ဆံရေး နယ်ပယ်တွင် ကျွမ်းကျင်သူ ဖြစ်ကြောင်း သိသာလှသည်။ စကားအနည်းငယ်ပြောရုံဖြင့် ရွှီနင်ကို သူနှင့် ရင်းနှီးအောင် ဆွဲဆောင်နိုင်ခဲ့လေသည်။
ခဏကြာ စကားပြောပြီးနောက် ရှိချန်ဟောက်သည် ချန်ကျန်းထောင်း၏ အနားသို့ ကပ်လိုက်ကာ ပြောလိုက်သည်။
“ညီအစ်ကိုချန်... ကျွန်တော့်မှာ တောင်းဆိုစရာလေး တစ်ခု ရှိလို့ပါ”
ရှိချန်ဟောက်သည် အသံကို နှိမ့်လိုက်သော်လည်း ရွှီနင်ကိုတော့ ရှောင်ဖယ်ခြင်း မပြုပေ။
ဤလုပ်ရပ်သည် ရွှီနင်ကို သူ၏ လူယုံတစ်ဦးကဲ့သို့ သတ်မှတ်ကြောင်း ပြသလိုက်ခြင်းပင်။ ရှိချန်ဟောက်၏ ရည်ရွယ်ချက်ကို ရွှီနင် ရိပ်မိသော်လည်း သူ့ကို လူချစ်လူခင် ပေါသူတစ်ဦးအဖြစ် မြင်မိသည်။
“ဘာကိစ္စလဲ ညီအစ်ကိုရှိ”
ချန်ကျန်းထောင်းက လက်ဟန်ဖြင့် မေးလိုက်သည်။
“ကျွန်တော် နယ်ပယ်ကျော်ဖြတ်ဆေးလုံး တစ်လုံးလောက် ဖော်စပ်ချင်လို့ပါ”
ရှိချန်ဟောက်က ဆက်ပြောလိုက်သည်။
“ညီအစ်ကို ချန်လည်း သိတဲ့အတိုင်း ကျွန်တော့်ရဲ့ သိုင်းပညာပါရမီက အတော်လေး ညံ့ဖျင်းတယ်လေ။ မိသားစုက အရင်းအမြစ်တွေရဲ့ အကူအညီနဲ့သာ ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်ကို အတင်းအကျပ် ရောက်အောင် လုပ်ခဲ့ရတာ၊ မဟုတ်ရင် ကျွန်တော်က တာအိုနယ်ပယ်ထဲတောင် ရောက်မှာ မဟုတ်ဘူး။ ကျွန်တော် ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်မှာ ပိတ်မိနေတာ ကြာပြီ၊ ကြယ်တာရာချီနယ်ပယ်ရဲ့ အဆင့်ကိုတောင် မထိတွေ့နိုင်သေးဘူး။ ဒါကြောင့် နယ်ပယ်ကျော်ဖြတ်ဆေးလုံးရဲ့ အကူအညီနဲ့ အဆင့်တက်ချင်လို့ပါ”
ချန်ကျန်းထောင်းသည် ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်သွားပြီး ပြောလိုက်သည်။
“ဒါကို ဘာလို့ ငါ့ကို လာပြောတာလဲ၊ ဆေးပညာရှင် တစ်ယောက်ကို ရှာရမှာလေ”
ရှိချန်ဟောက်က သက်ပြင်းချကာ ပြောလိုက်သည်။
“ညီအစ်ကိုချန် မသိလို့ပါ၊ သာမန် ဆေးပညာရှင်တွေက နယ်ပယ်ကျော်ဖြတ်ဆေးလုံးကို မဖော်စပ်နိုင်ကြဘူး။ အဆင့်မြင့် ဆေးပညာရှင်တွေမှသာ ဖော်စပ်နိုင်တာ။ ကျွန်တော် အရင်က ဆေးပညာရှင် အတော်များများကို ရှာခဲ့ပေမဲ့ သူတို့အားလုံးက ယုံကြည်မှု မရှိဘူးလို့ပဲ ငြင်းခဲ့ကြတယ်။ ဒါနဲ့ ညီအစ်ကိုချန်... ကျွန်တော့်အတွက် မေ့မြောခြင်းဝါးတောကို သွားပြီး ဆေးပညာရှင် လန်ယန်ကို ဒီဆေးလုံး ဖော်စပ်ပေးဖို့ ပြောပေးလို့ ရမလား”
ရှိချန်ဟောက်သည် ချန်ကျန်းထောင်းနှင့် လန်ယန်တို့ သိကျွမ်းကြောင်း ကောင်းကောင်း သိထားပုံရသည်။
ချန်ကျန်းထောင်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားပြီး တွေဝေသွားသည်။ သူသည် လန်ယန်နှင့် သိကျွမ်းသော်လည်း ဤကိစ္စအတွက် သူမကို မနှောင့်ယှက်လိုပေ။
“အဆင်မပြေရင်လည်း ထားလိုက်ပါတော့”
ချန်ကျန်းထောင်း ချက်ချင်း သဘောမတူသည်ကို မြင်သောအခါ ရှိချန်ဟောက်က ရိပ်မိသွားသည်။ သူသည် အခြားသူ မလုပ်ချင်သော ကိစ္စကို အတင်းအကျပ် ခိုင်းစေမည့်သူ မဟုတ်ပေ။
“ညီအစ်ကိုရှိ... မင်းဆီမှာ နယ်ပယ်ကျော်ဖြတ်ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးဖော်စပ်ပစ္စည်းတွေ အစုံအလင် ရှိလား”
ချန်ကျန်းထောင်းက တောင်းပန်စကား ပြောတော့မည့် အချိန်တွင် ရွှီနင်က ရုတ်တရက် ဝင်မေးလိုက်သည်။
ရှိချန်ဟောက်နှင့် ချန်ကျန်းထောင်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ချန်ကျန်းထောင်းသည် ရွှီနင်က မည်သည့်အတွက်ကြောင့် ဤသို့ မေးသည်ကို နားမလည်နိုင် ဖြစ်သွားရသည်။
“ရှိပါတယ်”
ရှိချန်ဟောက်က အလိုအလျောက် တုံ့ပြန်လိုက်သည်။
သူ၏ စိတ်ထဲ၌ ရွှီနင်သည် ဆေးပညာရှင် တစ်ယောက်ယောက်နှင့် သိကျွမ်းသဖြင့် မိတ်ဆက်ပေးတော့မည်ဟု တွေးမိနေသည်။
“ဒါဆိုရင် ကျွန်တော့်ကိုပဲ အပ်လိုက်ပါ။ နောက်သုံးရက်နေရင် ချန်မိသားစုဆီလာပြီး ဆေးလုံးကို လာယူလို့ ရပါပြီ”
ရွှီနင်က ပြောလိုက်သည်။
ယခင်ကဆိုလျှင် ရွှီနင်၏ အဆင့်မှာ နယ်ပယ်ကျော်ဖြတ်ဆေးလုံးကို ဖော်စပ်ရန် မလုံလောက်သေးပေ။ သို့သော် ပင်လယ်နီဆေးကျမ်းကို ဒုတိယအဆင့်သို့ မြှင့်တင်ပြီးနောက်တွင်မူ ရွှီနင်သည် ဤဆေးလုံးကို ကောင်းကောင်း ကိုင်တွယ်နိုင်ပြီ ဖြစ်သည်။
“ညီအစ်ကိုရွှီ... မင်းက...”
ရှိချန်ဟောက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်းက ဆေးပညာရှင် တစ်ယောက်လား”
ရှိချန်ဟောက် မေးလိုက်သောအခါ ချန်ကျန်းထောင်း၏ မျက်လုံးများမှာ အံ့သြမှုများဖြင့် ပြည့်နှက်သွားတော့သည်။ ရွှီနင်သည် ဆေးပညာရှင် တစ်ဦးဖြစ်ကြောင်း သူလည်း မသိထားခဲ့ပေ။
သံသယဖြစ်နေသော အကြည့်များကို ရွှီနင်က အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
ရွှီနင်၏ အတည်ပြုချက်ကို ရရှိပြီးနောက် ရှိချန်ဟောက်သည် ခေတ္တမျှ မှင်တက်သွားပြီးမှ သူ၏ ဝိုင်ခွက်ကို အမြန် ပြန်ဖြည့်လိုက်ကာ ပြောလိုက်သည်။
“ကြိုတင်ပြီး ကျေးဇူးတင်ပါတယ် ညီအစ်ကိုရွှီ”
ရှိချန်ဟောက်သည် အလွန်အမင်း ဝမ်းသာသွားလေသည်။
သူသည် ယခင်က ဆေးဖော်စပ်ရန် ငြင်းဆန်ခဲ့သော ဆေးပညာရှင်များကြောင့် အားလျော့နေခဲ့ရသော်လည်း ယခုအခါတွင်မူ သူနှင့် အစောပိုင်းကမှ သိကျွမ်းခဲ့သော ရွှီနင်မှာ ဆေးပညာရှင် တစ်ဦးဖြစ်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။
ချန်ကျန်းထောင်း၏ စိတ်ထဲတွင်မူ တက်ကြွနေတော့သည်။
ရွှီနင်၏ သိုင်းပညာပါရမီနှင့် တိုးတက်မှု အရှိန်အဟုန်မှာ ကမ္ဘာပေါ်တွင် ရှားပါးသည်ဟု ထင်မှတ်ထားခဲ့ပေးသည်။
မမျှော်လင့်ထားသည်မှာ သူသည် ဆေးပညာရှင် တစ်ဦးလည်း ဖြစ်နေပြန်သည်။
လူအများစုသည် များသောအားဖြင့် သိုင်းပညာ သို့မဟုတ် ဆေးပညာ တစ်ခုခုတွင်သာ အာရုံစိုက်လေ့ရှိပြီး တစ်သက်လုံး ကြိုးစားသော်လည်း အောင်မြင်မှု မရနိုင်ကြပေ။
သို့သော် ရွှီနင်ကမူ လမ်းစဉ်နှစ်ခုလုံးတွင် ထိပ်တန်းသို့ ရောက်ရှိနေလေပြီ။
“ယန့်လုဂိုဏ်းက ပထမဆုံး ဂိုဏ်းချုပ်လက်ထက်ကလို ဂုဏ်သိက္ခာမျိုးကို တကယ်ပဲ ပြန်လည် ထူထောင်နိုင်တော့မှာပါလား...”
ဤအတွေးသည် ချန်ကျန်းထောင်း၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။
“ညီအစ်ကိုရွှီ... ဒါတွေက နယ်ပယ်ကျော်ဖြတ်ဆေးလုံးအတွက် လိုအပ်တဲ့ပစ္စည်းတွေပါ”
ရှိချန်ဟောက်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအစုလိုက်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်သည်။
“စုစုပေါင်း ငါးစုံစာ ရှိပါတယ်။ မလောက်သေးရင်လည်း အိမ်တော်ကို ထပ်ပို့ပေးလို့ ရပါတယ်”
“လောက်ပါပြီ”
ရွှီနင်သည် လက်ဟန်ပြကာ ဆေးပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ သူ၏ ယုံကြည်မှုက ရှိချန်ဟောက်ကိုလည်း အားတက်စေသည်။
အကယ်၍ အရာအားလုံး အဆင်ပြေပါက နောက်သုံးရက်ကြာပြီးနောက် သူသည် ကြယ်တာရာချီနယ်ပယ်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
“ညီအစ်ကိုရွှီ... အဖိုးအခကိုတော့ စိတ်ကြိုက်သာ တောင်းဆိုပါ”
ရှိချန်ဟောက်က ပြောလိုက်သည်။
“ညီအစ်ကိုရှိက ညီအစ်ကိုချန်နဲ့ မိတ်ဆွေကောင်းတွေပဲလေ၊ ဒါကိုတော့ ထည့်မတွက်ပါနဲ့”
ရွှီနင်က လက်ယမ်းကာ ငြင်းလိုက်သည်။
ရှိချန်ဟောက်သည် ရွှီနင်အပေါ် ပို၍ပင် အထင်ကြီးသွားတော့သည်။
သူသည် အတင်းအကျပ် မလုပ်တော့ဘဲ ပြောလိုက်သည်။
“ဒါဆိုရင်လည်း ဒီကိစ္စကို ကျွန်တော့်အပေါ် အကြွေးတင်တယ်လို့ပဲ သတ်မှတ်လိုက်ပါ။ ညီအစ်ကိုရွှီမှာ တောင်းဆိုစရာ ရှိရင်လည်း အားမနာဘဲ ပြောပါ”
ရှိချန်ဟောက်၏ အမူအရာမှာ အတော်ပင် တည်ကြည်လေးနက်နေသည်။
“မလိုပါဘူး၊ ကိစ္စမရှိပါဘူး”
ရွှီနင်ကတော့ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
ထို့နောက် ရှိချန်ဟောက်သည် သူတို့နှစ်ဦးနှင့် ခေတ္တမျှ စကားစမြည် ပြောပြီးနောက် သူ၏ နေရာသို့ ပြန်သွားလေသည်။
ရှိချန်ဟောက်၏ စိတ်ထဲတွင် ရွှီနင်နှင့် မည်သို့ ဆက်ဆံရေး တိုးမြှင့်ရမည့်အကြောင်းကို စီစဉ်နေခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော အဆင့်မြင့် ဆေးပညာရှင် တစ်ဦးနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ပါက အနာဂတ်အတွက် များစွာ အကျိုးရှိမည်မှာ အမှန်ပင်။
“ဂိုဏ်းချုပ်... ခင်ဗျားကတော့ တကယ်ပဲ ကိုယ့်စွမ်းအားကို ဖုံးကွယ်ထားတာပဲ...”
ရှိချန်ဟောက် ထွက်သွားပြီးနောက် ချန်ကျန်းထောင်းက ရွှီနင်ကို တိုးတိုးလေး ပြောလိုက်သည်။
“ရှိချန်ဟောက်က ကွမ်ဟယ်မြို့နယ် ရှိမိသားစု ခေါင်းဆောင်ရဲ့ သားပဲ။ ကျွန်တော်နဲ့ သက်တူရွယ်တူပေါ့။ သူက အနာဂတ်မှာ မိသားစု ခေါင်းဆောင် ဖြစ်လာဖို့ မသေချာပေမဲ့ ရှိမိသားစုရဲ့ အရင်းအမြစ်တွေကိုတော့ သူ့လက်ထဲမှာ ထားနိုင်မှာ အသေအချာပဲ။ ကျွန်တော်တို့ ဂိုဏ်းကို ပြန်လည် ထူထောင်တဲ့အခါ အရင်းအမြစ်တွေ လိုအပ်ရင် သူ့ဆီက အကူအညီ တောင်းလို့ ရနိုင်တယ်”
“ဟုတ်ပြီ... နားလည်ပြီ”
ရွှီနင်က ခေါင်းညိတ်လိုက်သည်။
မကြာမီတွင် ရှိချန်ဟောက် ပြန်ရောက်လာလေသည်။
ဤတစ်ကြိမ်တွင်မူ ရွှီနင်ကို သူ၏ မိတ်ဆွေများနှင့် မိတ်ဆက်ပေးလေသည်။
ယခုအခါ ရွှီနင်သည် ကွမ်ဟယ်မြို့နယ်ရှိ တာအိုနယ်ပယ် ကျွမ်းကျင်သူ ထက်ဝက်ခန့်နှင့် ရင်းနှီးသွားလေပြီ။
“ဒီရွှီနင်ကတော့ ထူးခြားတဲ့ ဆွဲဆောင်မှု ရှိတာပဲ...”
ထိုအချိန်တွင် ချန်ကျင်ရှန်သည်လည်း ရွှီနင်ကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။
ရွှီနင်သည် အချိန်တိုအတွင်း မိတ်ဆွေသစ်များစွာ ရရှိခဲ့ပြီး တစ်ဖက်လူ၏ လေးစားမှုကိုပါ ရရှိခဲ့သည်ကို မြင်သောအခါ ချန်ကျင်ရှန်သည် ရွှီနင်ကို ပို၍ပင် အသိအမှတ်ပြုလာတော့သည်။
“ရွှီနင်က တကယ်ပဲ ယန့်လုဂိုဏ်းကို ပြန်ပြီး နိုးထစေနိုင်မှာလားမသိဘူး...”
ချန်ကျင်ရှန်က စိတ်ထဲမှ တွေးလိုက်မိသည်။
သူသည် အားကောင်းပြီး လူတို့၏ စိတ်နှလုံးကို စုစည်းနိုင်စွမ်း ရှိသည်။ ဤအချက်များသည် အရည်အချင်းရှိသော ဂိုဏ်းချုပ်တစ်ဦး၏ လက္ခဏာရပ်များပင် ဖြစ်သည်။
နေ့လယ်ပိုင်း စားသောက်ပွဲ ပြီးဆုံးသောအခါ အားလုံးသည် ချန်မိသားစု အိမ်တော်သို့ ပြန်ခဲ့ကြသည်။
လမ်းခရီးတွင်-
“ရွှီနင်”
ရထားလုံးပေါ်တွင် ချန်ကျင်ရှန်က စတင်၍ စကားပြောလာသည်။
“မင်း ယန့်လုဂိုဏ်းကို ပြန်လည် ထူထောင်တဲ့အခါ တစ်ခုခု အခက်အခဲ ရှိရင် ငါ့ကို ပြောပါ”
“ဦးလေး”
ချန်ကျန်းထောင်းသည် အံ့သြသွားသည်။
ချန်ကျင်ရှန်၏ စကားမှာ ရွှီနင်ကို အသိအမှတ်ပြုပြီး ယန့်လုဂိုဏ်း ပြန်လည် တည်ထောင်ရေးကို ကူညီရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။
“ငါ မိသားစုထဲက ပါရမီရှိတဲ့ မျိုးဆက်သစ်တချို့ကို ရွေးချယ်ပြီး ယန့်လုဂိုဏ်းကို ဝင်ခိုင်းလိုက်မယ်”
ချန်ကျင်ရှန်က ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် လူတော်တွေရှိတာက ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲလေ”
ရွှီနင်သည် အတော်ပင် အံ့အားသင့်သွားရသည်။
ချန်ကျင်ရှန် ဤသို့ လုပ်ဆောင်ခြင်းမှာ ချန်မိသားစုကို ယန့်လုဂိုဏ်းနှင့် အပြီးတိုင် ချည်နှောင်လိုက်ခြင်းပင် ဖြစ်ပေသည်။
“ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်ချန်”
ရွှီနင်သည် လက်သီးနှစ်ဖက် ဆုပ်ကိုင်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
ချန်မိသားစု၏ ထောက်ပံ့မှုဖြင့် ဂိုဏ်းကို ပြန်လည် ထူထောင်ရာတွင် ဖိအားများစွာ လျော့ပါးသွားပေလိမ့်မည်။
အခန်း (၂၄၄) - ဒြပ်စင်စွမ်းအင်များကို စုပ်ယူခြင်း
သုံးရက်တာ ကုန်လွန်သွားခဲ့ပြီးနောက်…
ရှိချန်ဟောက် အကူအညီတောင်းထားသည့် နယ်ပယ်ကျော်ဖြတ်ဆေးလုံးကို ရွှီနင် ဖော်စပ်ပြီးစီးသွားပြီ ဖြစ်သည်။
“နယ်ပယ်ကျော်ဖြတ်ဆေးလုံးဆိုတာက အဆုံးမှာတော့ ပြင်ပအထောက်အပံ့သက်သက်ပဲ။ ဒါကို သုံးပြီးမှ အဆင့်တက်မယ်ဆိုရင် အခြေခံအုတ်မြစ်က အရမ်းကို မတည်မငြိမ် ဖြစ်သွားမှာပဲ။”
ဤဆေးလုံးကို ပထမဆုံးအကြိမ် ဖော်စပ်ခြင်းဖြစ်သော်လည်း ရွှီနင်သည် ဆေးဖက်ဝင်ပစ္စည်း နှစ်စုံကိုသာ အသုံးပြုကာ အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
“ဒါပေမဲ့ ရှိချန်ဟောက်ရဲ့ သိုင်းပညာပါရမီက တကယ်ပဲ အားနည်းလွန်းတယ်။ နယ်ပယ်ကျော်ဖြတ်ဆေးလုံးသာ မရှိရင် သူ အဆင့်ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ချက် ရှိမှာမဟုတ်ဘူး။”
ရွှီနင်သည် သူဖော်စပ်ထားသည့် ဆေးလုံးကို ပြင်ဆင်ပြီးဖြစ်ရာ ရှိချန်ဟောက် လာရောက်ယူဆောင်မည့်အချိန်ကိုသာ စောင့်ဆိုင်းနေတော့သည်။
နေ့လယ်ခင်းအချိန်တွင် ချန်ကျန်းထောင်းသည် ရှိချန်ဟောက်နှင့်အတူ အပြေးအလွှား ရောက်ရှိလာလေသည်။
“အစ်ကိုရှိ၊ နယ်ပယ်ကျော်ဖြတ်ဆေးလုံး ဖော်စပ်ပြီးသွားပါပြီ။”
ရှိချန်ဟောက်ကိုမြင်သည်နှင့် ရွှီနင်က တိုက်ရိုက်ပင် အကြောင်းအရာကို ပြောလိုက်ပြီး ဆေးလုံးထည့်ထားသည့် ကြွေပုလင်းငယ်ကို ထုတ်ကာ ရှိချန်ဟောက်ထံ ကမ်းပေးလိုက်သည်။
ရှိချန်ဟောက်က ပြုံးလိုက်ပြီး ဆေးပုလင်းကို ယူကာ ချက်ချင်းပင် ဖွင့်ဖောက်၍ ဆေးရနံ့ကို ရှူရှိုက်ကြည့်လေသည်။
“ညီအစ်ကိုရွှီ၊ ကျေးဇူးတင်ပါတယ်ဗျာ။”
ရှိချန်ဟောက်က ကျေးဇူးတင်စကား ဆိုလိုက်သည်။
ရွှီနင်က လက်ယမ်းပြလိုက်သည်။ ၎င်းမှာ သူ့အတွက် ခက်ခဲသော အလုပ်မဟုတ်ဟု သူယူဆထားခြင်းကြောင့် ဖြစ်သည်။
သို့သော် ရှိချန်ဟောက်က သူ့ကို “ညီအစ်ကိုရွှီ” ဟု တတွတ်တွတ် ခေါ်ဆိုနေသည်မှာ သူ့အတွက် အနည်းငယ် အဆင်မပြေဖြစ်စေသည်။
အမှန်အတိုင်း ပြောရလျှင် ရှိချန်ဟောက်သည် ယွဲ့လန်ဂိုဏ်းရှိ သူ၏ဆရာဖြစ်သူ မီရှင်းယယ်ထက်ပင် အသက်ကြီးနိုင်သော်လည်း ယခုမူ သူ့ကို ညီအစ်ကိုသဖွယ် ခေါ်ဆိုနေပေသည်။
သို့သော် သိုင်းပညာ ထွန်းကားသော နေရာတစ်ခုတွင် လူတစ်ယောက်၏ အင်အားကသာ အဆင့်အတန်းကို ဆုံးဖြတ်ပေးကြောင်းကိုလည်း ရွှီနင် သိရှိနားလည်ထားသည်။
ထိုသို့သော ပတ်ဝန်းကျင်တွင် အသက်အရွယ်၏ အရေးပါမှုမှာ သဘာဝအတိုင်းပင် ပျောက်ကွယ်သွားရစမြဲ ဖြစ်ပေသည်။
“ညီအစ်ကိုရွှီ၊ မင်း ငါ့ကို အများကြီး ကူညီပေးခဲ့တာဆိုတော့ ငါ့ဘက်ကလည်း ကျေးဇူးတုံ့ပြန်ရမယ်။”
ရှိချန်ဟောက်က နယ်ပယ်ကျော်ဖြတ်ဆေးလုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲမှ သစ်သားသေတ္တာနှစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုသစ်သားသေတ္တာနှစ်လုံးအား ပုံစံဖော်ထားပုံမှာ အလွန်ပင် လက်ရာမြောက်လှပြီး ထူးဆန်းသော အမှတ်အသားများကို ထွင်းထုထားလေသည်။
၎င်းတို့မှာ အရာဝတ္ထုများကို သိုလှောင်ရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။
“မင်းက မူလအစပြန်သွားခြင်းနယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားနေတာဆိုပေမဲ့ လက်ရှိမှာ ရေနဲ့မီးဓာတ်ရဲ့ ဒြပ်စင်စွမ်းအင်တွေ လိုအပ်နေတယ်လို့ အစ်ကိုချန်ဆီက ကြားခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါတို့ရှိမိသားစုရဲ့ ကုန်သွယ်ရေးအဖွဲ့က မကြာသေးခင်က ရေဓာတ်နဲ့ မီးဓာတ် ဒြပ်စင်စွမ်းအင်နှစ်ခုကို ရထားတာရှိလို့ ညီလေးရွှီကို လက်ဆောင်ပေးဖို့ ငါယူလာခဲ့တယ်။”
ရှိချန်ဟောက်က ဒြပ်စင်စွမ်းအင်နှစ်ခုကို ရွှီနင်ထံသို့ ကမ်းပေးလိုက်လေသည်။
“ဒါတွေက အရမ်းတန်ဖိုးမကြီးလွန်းဘူးလား...”
ရှိချန်ဟောက်၏ ရက်ရောမှုအပေါ် ရွှီနင် အနည်းငယ် အံ့အားသင့်သွားရသည်။
သူသည် ဒြပ်စင်စွမ်းအင်များ လိုအပ်နေသောကြောင့် ဈေးကွက်ထဲတွင် ရှာဖွေပေးရန် ချန်ကျန်းထောင်းကို အကူအညီတောင်းထားခြင်း ဖြစ်သည်။
အကူအညီတောင်းပြီး နှစ်ရက်အကြာတွင် ရှိချန်ဟောက်က ၎င်းတို့ကို ယူဆောင်လာခဲ့ခြင်းပင် ဖြစ်သည်။
သူသည် ရှိချန်ဟောက်အတွက် နယ်ပယ်ကျော်ဖြတ်ဆေးလုံး ဖော်စပ်ပေးခဲ့သည်မှာ မှန်သော်လည်း ဒြပ်စင်စွမ်းအင်နှစ်ခု၏ တန်ဖိုးမှာ ဆေးဖော်စပ်ခထက် သိသိသာသာ ပိုမိုမြင့်မားလှသည်။
မူလက ရှိချန်ဟောက်က သူ့အပေါ် အကြွေးတင်နေခြင်း ဖြစ်သော်လည်း ယခုအခါ ဤဒြပ်စင်စွမ်းအင်များကို လက်ခံလိုက်ပါက သူကသာ ပြန်လည် အကြွေးတင်သွားတော့မည် ဖြစ်သည်။
“ညီအစ်ကိုရွှီကတော့ အားနာနေပြန်ပြီ။”
ရှိချန်ဟောက်က ရယ်မောလိုက်ပြီး ဒြပ်စင်စွမ်းအင်နှစ်ခုကို ရွှီနင်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်လေသည်။
ဤမတိုင်မီက ရွှီနင်သည် မည်သည့်အရာကိုမျှ ပြန်မတောင်းဘဲ ရှိချန်ဟောက်အတွက် ဆေးလုံးဖော်စပ်ပေးရန် ဦးဆောင်ကူညီပေးခဲ့လေသည်။
ဤလုပ်ရပ်ကြောင့် ရှိချန်ဟောက်၏ စိတ်ထဲတွင် ရွှီနင်အပေါ် ထားရှိသည့် အထင်အမြင်ကောင်းများမှာ သိသိသာသာ တိုးပွားသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ရွှီနင်ကဲ့သို့ ဆေးပညာရှင် တစ်ယောက်၏ တန်ဖိုးကိုလည်း သူသိရှိသောကြောင့်ဖြစ်သည်။
ဤကဲ့သို့ ဒြပ်စင်စွမ်းအင်များကို ပေးကမ်းခြင်းမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုဟုလည်း မှတ်ယူနိုင်ပေသည်။
“ညီအစ်ကိုရွှီ၊ လက်ခံလိုက်ပါ။ နောက်ပိုင်း ငါတို့ကုန်သွယ်ရေးအဖွဲ့မှာ ရေနဲ့မီးဓာတ် ဒြပ်စင်စွမ်းအင်တွေ ထပ်ရလာရင်လည်း ငါ အထူးဂရုစိုက်ပြီး မင်းဆီ ပို့ပေးဦးမှာပါ။”
ရွှီနင်သည် စုစုပေါင်း မီးနှင့် ရေဓာတ်မျိုးစေ့ ခြောက်ခုကို စုစည်းထားကြောင်းကို ရှိချန်ဟောက်က ချန်ကျန်းထောင်းထံမှ သိရှိထားပြီးသား ဖြစ်သည်။
ဤအချိန်တွင် ရှိချန်ဟောက်သည် ရွှီနင်၏ ဆေးဖော်စပ်ခြင်းနှင့် သိုင်းပညာပါရမီတို့အပေါ် များစွာ လေးစားအားကျနေမိသည်။
“ဒါဆိုရင်လည်း ဝမ်းမြောက်စွာနဲ့ လက်ခံလိုက်ပါ့မယ်။”
ရွှီနင် ထပ်မံ ငြင်းဆန်ခြင်း မပြုတော့ပေ။
သူသည် ဒြပ်စင်စွမ်းအင်များကို အမှန်တကယ်ပင် လိုအပ်နေခြင်း ဖြစ်သည်။
ဈေးကွက်အတွင်းတွင် ဒြပ်စင်စွမ်းအင်များ ပေါ်ထွက်လေ့ရှိသော်လည်း ၎င်းတို့မှာ ရေနှင့် မီးဓာတ်များ ဖြစ်ရန် မသေချာလှပေ။
ထို့ပြင် ကိုယ်တိုင်လိုက်လံ ရှာဖွေရသည်မှာလည်း အချိန်နှင့် လူအင်အား ကုန်လှပေသည်။
“ညီအစ်ကိုရွှီ၊ ငါ စားသောက်ဆိုင်မှာ စားသောက်ပွဲတစ်ခု ပြင်ဆင်ထားတယ်၊ ငါတို့ သွားပြီး သောက်ကြရအောင်လေ။”
ရွှီနင် လက်ခံသွားသည်ကို မြင်သောအခါ ရှိချန်ဟောက်က ထပ်မံ ဖိတ်ကြားလိုက်ပြန်သည်။
“နောက်မှပေါ့။”
ရွှီနင် မဖြေကြားနိုင်မီမှာပင် ချန်ကျန်းထောင်းက ကြားဖြတ်၍ ပြောလိုက်သည်။
“ရွှီနင် ဒြပ်စင်စွမ်းအင်နှစ်ခုကို စုပ်ယူပြီးမှပဲ ငါတို့ ပြန်ဆုံကြတာပေါ့”
“မလိုပါဘူး...”
ရွှီနင်က လက်ယမ်းပြလိုက်ကာ ပြောလိုက်သည်။
“အစ်ကိုရှိရဲ့ စေတနာကို မပယ်ရှားသင့်ပါဘူး”
သူသည် ရှိချန်ဟောက်ထံမှ အဖိုးတန်ပစ္စည်းများကို လက်ခံထားပြီးဖြစ်ရာ သူ၏မျက်နှာကို ထောက်ထားရပေမည်။
“အဲဒီလိုဆိုရင်လည်း ကြွပါဗျာ။”
ရှိချန်ဟောက်က မိမိကို လေးစားမှုပြသသည်ကို ခံစားလိုက်ရသဖြင့် ရှေ့ကနေ ဦးဆောင်ကာ ထွက်လာခဲ့လေသည်။
သို့သော် တစ်ချိန်တည်းမှာပင် ရှိချန်ဟောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
ချန်ကျန်းထောင်း၏ ရွှီနင်အပေါ် ထားရှိသည့် သဘောထားမှာ စစ်မှန်သော လေးစားမှုမျိုး အမြဲတမ်း ပါဝင်နေသည်ကို သူ သတိပြုမိလိုက်သည်။
ချန်ကျန်းထောင်းမှာ ရွှီနင်အတွက် အကောင်းဆုံးဖြစ်မည့်အရာကိုသာ အမြဲတမ်း တွေးတောနေပုံရလေသည်။
ရှိချန်ဟောက်မှာ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို နားမလည်နိုင် ဖြစ်နေပေသည်။
ထို့နောက် သူတို့သုံးယောက် အတူတူ နေ့လယ်စာ စားခဲ့ကြသည်။
စားသောက်ပွဲတွင် တည်ခင်းထားသော အစားအသောက်နှင့် အရက်များမှာ အလွန်ပင် အဖိုးတန်လှသည်။ ဤစားသောက်ပွဲမှတစ်ဆင့် ရွှီနင်သည် စွမ်းအင်ယူနစ် ၃၀၀၀ ခန့်ကို စုပ်ယူနိုင်ခဲ့လေသည်။
“ဂိုဏ်းချုပ်၊ စံအိမ်ကို စီစဉ်ပြီးပါပြီ။ ကျွန်တော်တို့ အချိန်မရွေး ပြောင်းလို့ရပါတယ်”
ရှိချန်ဟောက်ကို နှုတ်ဆက်ပြီးနောက် ရွှီနင်နှင့် ချန်ကျန်းထောင်းတို့သည် ချန်မိသားစုအိမ်တော်သို့ ပြန်လာခဲ့ကြသည်။
လမ်းပေါ်တွင် ဘယ်သူမှမရှိသောကြောင့် ချန်ကျန်းထောင်းသည် ဂိုဏ်း၏ လက်ရှိအခြေအနေကို စတင် အစီရင်ခံလေသည်။
“ကျွန်တော့်ဦးလေးကလည်း ကျွန်တော်တို့နောက်ကို လိုက်ဖို့အတွက် မျိုးဆက်သစ် ဆယ်ယောက်ကို ရွေးချယ်ထားပြီးပါပြီ။”
ချန်ကျန်းထောင်းက ပြောပြလိုက်သည်။
“ဒါ့အပြင် ယန့်လုဂိုဏ်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ တပည့်တွေထဲက အယုံကြည်ရဆုံး လူသုံးယောက်ကို ကျွန်တော် ရွေးထားပါတယ်။ သူတို့ကို ဂိုဏ်းပြန်လည် တည်ထောင်ဖို့အတွက် ကွမ်ဟယ်မြို့နယ်ကို လာခဲ့ဖို့ ဖိတ်ခေါ်ထားပါတယ်၊ သူတို့အားလုံးကလည်း နောက်ရက်အနည်းငယ်အတွင်း ရောက်လာပါ့မယ်လို့ သဘောတူကြပါတယ်”
“ကောင်းတယ်၊ တကယ်တော်တယ်။”
ရွှီနင်က သူ့ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
လောလောဆယ်တွင် သူသည် အရာအားလုံးကို ချန်ကျန်းထောင်းထံ လွှဲအပ်ထားသည့် အလုပ်ရှင်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
“ဒါက ကျွန်တော့်ရဲ့ တာဝန်ပါပဲ။”
ချန်ကျန်းထောင်းက ချီးကျူးမှုကို လက်ခံသော်လည်း ဂုဏ်မမောက်ခဲ့ပေ။
ချန်မိသားစုအိမ်တော်သို့ ပြန်ရောက်ပြီးနောက် ရွှီနင်သည် သူ၏အခန်းထဲသို့ ပြန်ဝင်ကာ ဒြပ်စင်စွမ်းအင်များကို စတင် စုပ်ယူတော့သည်။
ရှိချန်ဟောက် ပေးထားသည့် သစ်သားသေတ္တာများကို ထုတ်ကာ ရှေ့တွင် ချထားလိုက်သညမ။
“တစ်နည်းအားဖြင့် ပြောရရင် ဒြပ်စင်စွမ်းအင်တွေက လျှို့ဝှက်ရတနာတွေနဲ့ ဆင်တူတယ်။ နှစ်မျိုးလုံးက သဘာဝကပေးတဲ့ ရတနာတွေပဲ။ ဒါပေမဲ့ လျှို့ဝှက်ရတနာတွေကတော့ ရဖို့ ပိုခက်ခဲတာပေါ့။”
ဥပမာအားဖြင့် ရွှီနင်၏ လေမီးခိုးဘူးသီးခြောက်သည် အဆိပ်ငွေ့များကို စုပ်ယူနိုင်စွမ်းရှိခဲ့သည်။
၎င်းကို ပေါင်းစပ်ပြီးနောက်တွင် အသုံးပြုသူသည် စိတ်တိုင်းကျ ထိန်းချုပ်နိုင်လေသည်။
ရွှီနင်သည် ပထမဆုံးသေတ္တာကို ဖွင့်ရန် ကြိုးစားကြည့်သည်။
‘ဒါက ပိတ်လှောင်ထားတဲ့ စွမ်းအားရှိနေတာပဲ...’
ရွှီနင်သည် သစ်သားသေတ္တာကို ချက်ချင်း ဖွင့်မရပေ။
‘တင်းတင်းကျပ်ကျပ် ချိတ်ပိတ်ထားတာပဲ...’
ထို့နောက် သူသည် တာအိုနယ်ပယ် စွမ်းအားများကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်မှသာ အဖုံးပွင့်သွားပြီး အပူလှိုင်းတစ်ခုသည် သူ့ထံသို့ တိုးဝှေ့လာလေသည်။
‘ချော်ရည်မီးတောက်ပုံဆောင်ခဲ...’
သေတ္တာအတွင်းမှ အရာကို ရွှီနင် မှတ်မိသွားသည်။
၎င်းမှာ လက်သီးဆုပ်ခန့်ရှိသော အနီရောင် ပုံဆောင်ခဲတစ်ခု ဖြစ်သည်။ အပြင်ဘက်အလွှာမှာ ကြည်လင်နေသော်လည်း အတွင်းဘက်မှာမူ မီးတောက်များ လှုပ်ခတ်နေသကဲ့သို့ အနီရဲရဲ တောက်ပနေလေသည်။
‘ပုံစံကြည့်ရတာ ဒီချော်ရည်မီးတောက်ပုံဆောင်ခဲက ဝိညာဉ်စွမ်းအင် အလွန်သိပ်သည်းတဲ့ မီးတောင်ဝအချို့မှာပဲ ဖြစ်တည်နိုင်တာပဲ...’
ရွှီနင်က ၎င်းကို ဂရုတစိုက် ကြည့်လိုက်သည်။
“ဒီချော်ရည်မီးတောက်ပုံဆောင်ခဲက တကယ်တော့ ဒြပ်စင်စွမ်းအင်ကို သယ်ဆောင်ထားတဲ့ အရာတစ်ခုသက်သက်ပဲ။ အတွင်းထဲက ပူပြင်းတဲ့ စွမ်းအင်ကမှ ဒြပ်စင်စွမ်းအင်ရဲ့ စွမ်းအားအစစ်အမှန်ပေါ့...”
ဒြပ်စင်စွမ်းအင်များမှာ အနှစ်သာရအားဖြင့် ဝိညာဉ်စွမ်းအင် သိပ်သည်းသော ပတ်ဝန်းကျင်ရှိ သဘာဝဓာတ်စွမ်းအားများ၏ အသွင်ကွဲများသာ ဖြစ်သည်။
––
စွမ်းအင်ယူနစ် ၂၉၀၀၀ ရှာဖွေတွေ့ရှိသည်။
စုပ်ယူမည်လား။
စုပ်ယူမည် / မစုပ်ယူပါ
––
‘စွမ်းအင်ယူနစ် သုံးသောင်းနီးပါးတောင်ပဲ...’
ရွှီနင်မှာ ၎င်းကို စုပ်ယူရန် ရွေးချယ်မည်မဟုတ်သည်မှာ သိသာလှသည်။
၂၉၀၀၀ ယူနစ်မှာ ပုံဆောင်ခဲတွင် ကပ်ပါလာသော စွမ်းအင်ပမာဏမျှသာ ဖြစ်ပြီး ဒြပ်စင်စွမ်းအားမှာသာ ဤပုံဆောင်ခဲ၏ အဖိုးတန်ဆုံး အစိတ်အပိုင်း ဖြစ်ပေသည်။
ရွှီနင်သည် စွမ်းအင်စုပ်ယူရန် ငြင်းဆိုလိုက်ပြီးနောက် ချော်ရည်မီးတောက်ပုံဆောင်ခဲကို လက်ထဲတွင် ဆုပ်ကိုင်ကာ အတွင်းရှိ သဘာဝမီးဓာတ်စွမ်းအားကို သူ၏ခန္ဓာကိုယ်ထဲသို့ စတင် စုပ်ယူလိုက်သည်။
‘အရမ်းပူတာပဲ...’
ချော်ရည်မီးတောက်ပုံဆောင်ခဲအတွင်းမှ ဒြပ်စင်စွမ်းအားများ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦးဖြစ်သော ရွှီနင်ပင်လျှင် အသားထဲမှ လောင်မြိုက်နေသော ခံစားမှုကို ရရှိလိုက်လေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်...
ရှူး…
ဒြပ်စင်စွမ်းအား၏ နောက်ဆုံးအစအနကို စုပ်ယူပြီးသောအခါ ရွှီနင်၏ လက်ထဲရှိ ချော်ရည်မီးတောက်ပုံဆောင်ခဲမှာ ရုတ်တရက် ပြာမှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။
ရွှီနင်၏ ခန္ဓာကိုယ်အတွင်း တာအိုနယ်ပယ်စွမ်းအားနှင့် မီးဓာတ်ဒြပ်စင်စွမ်းအားတို့ ရောယှက်သွားပြီးနောက် အနီရဲရဲ ဘောလုံးငယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
‘ဒါက အမြုတေရဲ့ အခြေခံပုံသဏ္ဌာန်ပဲ။ တာအိုနယ်ပယ် စတုတ္ထအဆင့်ကို ရောက်သွားတဲ့အခါကျရင် ဒါက တကယ့်အမြုတေအဖြစ် ပြောင်းလဲသွားမှာပဲ...’
သူ၏ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ခံစားကြည့်ပြီးနောက် ရွှီနင်သည် နောက်ထပ် သစ်သားသေတ္တာကို ဖွင့်လိုက်ပြန်သည်။
“ဒါက လရောင်ရေကြာပန်းပဲ”
သေတ္တာထဲတွင် လက်ဝါးခန့်ရှိသော ကြည်လင်သည့် အပြာရောင် ကြာပန်းတစ်ပွင့် ရှိနေသည်။
သစ်သားသေတ္တာ လှုပ်ရှားသွားသည်နှင့် လရောင်ရေကြာပန်း၏ မျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်လေးများ ပေါ်လာသည်။ ဤလရောင်ရေကြာပန်းမှာ ရေဖြင့် ပြုလုပ်ထားပုံရလေသည်။
ရွှီနင်က ၎င်းကို လက်ဖြင့် ထိကြည့်လိုက်သည်။
စွမ်းအင်သတိပေးချက်တစ်ခု ထပ်မံ ပေါ်လာပြန်သည်။ လရောင်ရေကြာပန်းတွင် ပါဝင်သော စွမ်းအင်မှာ ၃၂၀၀၀ ယူနစ် ဖြစ်သည်။ ရွှီနင်က စွမ်းအင်ကို စုပ်ယူရန် ငြင်းပယ်လိုက်ပြီးနောက် လရောင်ရေကြာပန်းအတွင်းရှိ ဒြပ်စင်စွမ်းအားကို သူ၏ခန္ဓာကိုယ်ထဲသို့ စတင် သွင်းယူလိုက်လေသည်။
ချော်ရည်မီးတောက်ပုံဆောင်ခဲကို စုပ်ယူစဉ်က ပူပြင်းမှုနှင့် နှိုင်းယှဉ်ပါက လရောင်ရေကြာပန်းကို စုပ်ယူချိန်တွင်မူ ရွှီနင်သည် လန်းဆန်းမှုကို ခံစားလိုက်ရသည်။
အဆုံးတွင် ကြာပန်းအတွင်းရှိ ဒြပ်စင်စွမ်းအားများမှာ အငွေ့ပျံပျောက်ကွယ်မသွားမီ အကုန်အစင် စုပ်ယူခြင်း ခံလိုက်ရသည်။
ရွှီနင်၏ ခန္ဓာကိုယ်အတွင်းရှိ နီရဲရဲ ဘောလုံးငယ်မှာလည်း အပြာရောင်တစ်ဝက်၊ အနီရောင်တစ်ဝက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
‘ခံစားချက်က တော်တော်လေး ကောင်းတာပဲ...’
သူ၏ အင်အားများ တိုးတက်လာသည်ကို ရွှီနင် ခံစားလိုက်ရသည်။
‘တာအိုနယ်ပယ်မှာ တစ်ဆင့်ချင်း တိုးတက်လာတာက အနှစ်သာရအားဖြင့် မူလအစကို ရှာဖွေတဲ့ ဖြစ်စဉ်တစ်ခုပဲ။ ငါသိထားသလောက်ဆိုရင် တာအိုနယ်ပယ်ရဲ့ အဆုံးသတ်ကို ရောက်သွားတဲ့အခါ ကမ္ဘာ့မူလအစရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်တယ်’
‘ဒြပ်စင်စွမ်းအားလေးခုကို ထပ်ပြီး စုပ်ယူဖို့ပဲ လိုတော့တယ်။ အဲဒီနောက်မှာတော့ ငါ မူလအစပြန်သွားခြင်းနယ်ပယ်ကို တက်လှမ်းနိုင်ပြီ’
မူလအစပြန်သွားခြင်းနယ်ပယ်မှာ ဒြပ်စင်စွမ်းအားများကို စုပ်ယူပြီးမှသာ ရောက်ရှိနိုင်သည့် နယ်ပယ်တစ်ခု ဖြစ်သည်။
နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက်…
ချန်မိသားစု၏ အကူအညီဖြင့် ရွှီနင်နှင့် အခြားသူများသည် မြို့ပြင်ရှိ စံအိမ်တစ်ခုသို့ ပြောင်းရွှေ့ခဲ့ကြသည်။
ထိုမြို့ပြင်ရှိ စံအိမ်မှာ ချန်မိသားစုပိုင်ဖြစ်ပြီး အလွန်ပင် ကျယ်ဝန်းလှရာ မေ့မြောခြင်းဝါးတော၏ သုံးပုံတစ်ပုံခန့် ရှိပေသည်။
ယန့်လုဂိုဏ်းတွင် လူနည်းစုသာ ရှိသောကြောင့် အစောင့်အရှောက်များနှင့် အစေအပါးများ ပါဝင်လျှင်ပင် အားလုံး နေထိုင်ရန် လုံလောက်သည်ထက် ပိုနေသေးသည်။
မြို့ထဲတွင် နေထိုင်ရသည်မှာ အနည်းနှင့်အများ အဆင်မပြေမှု ရှိသော်လည်း မြို့ပြင်တွင်မူ သူတို့၏ လှုပ်ရှားမှုများမှာ ပိုမို လွတ်လပ်လှသည်။
သေချာသည်မှာ မြို့ထဲနှင့် နှိုင်းယှဉ်ပါက မြို့ပြင်တွင် အန္တရာယ် ပိုများပေသည်။ အဘယ်ကြောင့်ဆိုသော် မြို့ပြင်တွင် သိုင်းပညာရှင်များ တိုက်ခိုက်ခြင်းကို တားမြစ်ထားခြင်း မရှိသောကြောင့် ဖြစ်သည်။
“ဂိုဏ်းချုပ်၊ အရာအားလုံး အဆင်သင့် ဖြစ်ပါပြီ။”
မြို့ပြင် ဗီလာသို့ ပြောင်းရွှေ့ပြီးနောက် ချန်ကျန်းထောင်းသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
ယန့်လုဂိုဏ်းကို ပြန်လည် တည်ထောင်ခြင်း အလုပ်မှာ စတင်နေပြီ ဖြစ်သည်။
“ကျွန်တော့်ဦးလေး ရွေးချယ်ထားတဲ့ မျိုးဆက်သစ် လူငယ်လေးတွေ စောင့်နေကြပြီ။ ဂိုဏ်းချုပ် သူတို့ကို တွေ့ချင်လား”
ချန်ကျန်းထောင်းက မေးလိုက်သည်။
“သွားကြည့်ကြတာပေါ့။”
ရွှီနင်အနေဖြင့် ထိုလူများကို တွေ့ဆုံရန် လိုအပ်ပေသည်။ သူတို့သည် အသစ်ပြန်လည် တည်ထောင်သည့် ယန့်လုဂိုဏ်း၏ ပထမဆုံး တပည့်များ ဖြစ်လာကြမည် မဟုတ်ပါလား။
ရွှီနင်သည် သူတို့ထဲမှ တပည့်တစ်ဦးကို သူ၏ တိုက်ရိုက်တပည့်အဖြစ် ရွေးချယ်ရန်လည်း စီစဉ်ထားသည်။
“ဂိုဏ်းချုပ်၊ ဒီမျိုးဆက်သစ်တွေထဲက အများစုက ကိုယ်လုပ်တော်က မွေးတဲ့သူတွေပဲ။ သူတို့ရဲ့ အဆင့်အတန်းက မမြင့်ပေမဲ့ သူတို့ရဲ့ ပါရမီတွေကတော့ မဆိုးပါဘူး...”
ချန်ကျန်းထောင်းက ဆက်လက်၍ ပြောလိုက်သည်။
“မိသားစုရဲ့ အဓိကတပည့်တွေကို မရွေးချယ်ခဲ့တာက မလိုအပ်တဲ့ ပြဿနာတွေကို လျှော့ချဖို့အတွက်ပါ”
“နားလည်ပါပြီ။”
ရွှီနင် ခေါင်းညိတ်ပြလိုက်သည်။
မိသားစု၏ အဓိကတပည့်လူငယ်များမှာ အဆင့်အတန်း မြင့်မားကြပြီး ပြင်ပလောကနှင့် ထိတွေ့ရန် ကွမ်ဟယ်မြို့နယ်မှ မကြာခဏ ထွက်လေ့ရှိကြသဖြင့် ထိုသူတို့အား လက်ခံမည်ဆိုလျှင် အမှန်တကယ်ပင် အလုပ်ရှုပ်စရာ ဖြစ်လာပေလိမ့်မည်။
ထို့နောက် ရွှီနင်သည် ချန်ကျန်းထောင်း နောက်သို့ လိုက်ပါကာ ခြံဝင်းတစ်ခုအတွင်းသို့ ဝင်ခဲ့လေသည်။
ထိုနေရာတွင် ငယ်ရွယ်သော အမျိုးသား၊ အမျိုးသမီး ဆယ်ယောက်တို့မှာ ကြိုတင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။