အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
အခန်း (၂၄၅) - ရွှီနင်၏ တပည့်
“မျိုးနွယ်စုအကြီးအကဲကို ဂါရဝပြုပါတယ်”
ရွှီနင်နှင့် ချန်ကျန်းထောင်းတို့ အထဲသို့ဝင်လာပြီးနောက် ငယ်ရွယ်သော အမျိုးသား၊ အမျိုးသမီး ဆယ်ဦးက တစ်ပြိုင်နက်တည်း နှုတ်ဆက်ကြလေသည်။
သူတို့အားလုံးက ချန်ကျန်းထောင်းကို လေးစားသမှုဖြင့် ကြည့်နေကြသည်။
ဤလူငယ်ဆယ်ဦးသည် ချန်မိသားစုအတွင်း၌ အဆင့်အတန်းမြင့်မားသူများ မဟုတ်ကြချေ။ သူတို့၏မျက်လုံးထဲတွင်မူ မျိုးနွယ်စုအကြီးအကဲဖြစ်သူ ချန်ကျန်းထောင်းမှာ မြင့်မြတ်လွန်းသည့် တည်ရှိမှုတစ်ခုပင် ဖြစ်သည်။
သူတို့၏ စကားကို ကြားသောအခါ ချန်ကျန်းထောင်း၏ မျက်နှာက အေးစက်သွားလေသည်။
“ငါ မင်းတို့ကို အရင်က ပြောဖူးတယ်နော်၊ ယန့်လုဂိုဏ်းကို ရောက်ပြီးတာနဲ့ မျိုးနွယ်စုအကြီးအကဲဆိုတာ မရှိတော့ဘူး၊ မင်းတို့အားလုံး ငါ့ကို သိုင်းဦးလေးလို့ပဲ ခေါ်ရမယ်”
ချန်ကျန်းထောင်း၏ လေသံမှာ ပြတ်သားလှပေသည်။ ထိုသတိပေးမှုကို ကြားလိုက်ရသည့်အခါ လူငယ်လေးများမှာ အနည်းငယ် ကြောက်လန့်သွားကြသည်။
“နောက်တစ်ခါ ထပ်မှားမယ်ဆိုရင် ဂိုဏ်းစည်းကမ်းအတိုင်း အပြစ်ပေးမယ်”
ထို့နောက် ချန်ကျန်းထောင်းက ရွှီနင်နှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ယန့်လုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ ဒီနေ့ကစပြီး မင်းတို့အားလုံး ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံရမယ်၊ အမိန့်ကို ဖီဆန်မယ်ဆိုရင်တော့ ငါကိုယ်တိုင် မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
လူငယ်ဆယ်ဦးမှာ အလျင်အမြန်ပင် ဦးညွှတ်လိုက်ကြသည်။
ထိုလူငယ်လေးများမှာ ရွှီနင်ကို စူးစမ်းလိုစိတ်၊ ကြောက်ရွံ့စိတ်တို့ဖြင့် ကြည့်နေကြသည်။
မျိုးနွယ်စုမှ သူတို့အား ရွေးချယ်လိုက်သည့်အချိန်မှစ၍ သူတို့၏ အနာဂတ်ကံကြမ္မာသည် ယန့်လုဂိုဏ်းနှင့် ထပ်တူကျသွားပြီဖြစ်ကြောင်း သူတို့ ကောင်းကောင်း သိထားကြသည်။
ရွှီနင်သည် ထိုတပည့်လေးများ၏ အကြည့်ကို ခေါင်းငြိမ့်ပြကာ တုံ့ပြန်လိုက်သည်။
သူသည် လူငယ်ဆယ်ဦးရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း သူတို့အား အကဲခတ်နေလေသည်။
ရွှီနင်သည် ထောင့်တစ်နေရာရှိ တပည့်တစ်ဦးရှေ့တွင် ရုတ်တရက် ရပ်လိုက်ပြီး သူ့ကို အသေအချာ တစ်ချက်ကြည့်လိုက်သည်။
ထိုသူမှာ အသားညိုညို၊ အရပ်ရှည်ရှည်နှင့် တောက်ပသော မျက်လုံးများရှိသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။ သူ့ကို မြင်လိုက်ရသည့်အခါ ရွှီနင်သည် အဝေးရှိ ချောက်နက်ကြီးမြောက်ပိုင်းတွင် ရှိနေမည့် ကောယယ်ကို သတိရသွားမိသည်။
ထို့နောက်တွင်မူ ရွှီနင်သည် လူအုပ်ရှေ့တွင် ပြန်လည်ရပ်တန့်လိုက်သည်။
‘သူတို့အားလုံးက အသက်တစ်ဆယ့်ခြောက်နှစ်အောက်တွေပဲ၊ အားအနည်းဆုံးလူတောင် လူသားနယ်ပယ် သတ္တမအဆင့်မှာ ရှိနေတာပဲ’
ရွှီနင်သည် ထိုလူငယ်လေးများ၏ တက်ကြွလှုပ်ရှားမှုကို ခံစားမိသည်။
‘အသက်တစ်ဆယ့်ခြောက်နှစ်အောက် လူသားနယ်ပယ် အဆင့်မြင့်တပည့် ဆယ်ယောက်ဆိုတော့ ဝမ်ရှန့်ပြည်နယ်မှာဆိုရင် ဒါက အတော်အသင့်ရှိတယ်လို့ သတ်မှတ်လို့ရပါတယ်’
ရွှီနင်သည် ထိုတပည့်များအပေါ် အစကတည်းက မျှော်လင့်ချက် သိပ်မထားခဲ့ပေ။ အကြောင်းမှာ ယန့်လုဂိုဏ်းအနေဖြင့် ပါရမီရှင်တပည့်များကို ဆွဲဆောင်ရန် ခက်ခဲနေသေးသောကြောင့် ဖြစ်သည်။
“လူတိုင်းပဲ၊ ငါကတော့ ယန့်လုဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရွှီနင်ပါ”
ရွှီနင်က မိတ်ဆက်ပေးလိုက်သည်။
“နောက်လာမယ့် နေ့ရက်တွေမှာ ငါက မင်းတို့နဲ့အတူ ယန့်လုဂိုဏ်းကို တည်ထောင်သွားမှာပါ၊ တစ်နေ့မှာ ယန့်လုဂိုဏ်းဆိုတဲ့ နာမည်က ဝမ်ရှန့်ပြည်နယ် တစ်ခုလုံးမှာ ပျံ့နှံ့သွားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်”
ရွှီနင်၏ စကားကို ကြားသောအခါ လူငယ်ဆယ်ဦး၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။
သူတို့သည် အသစ်ပြန်လည် တည်ထောင်သည့် ယန့်လုဂိုဏ်း၏ ပထမဆုံးသော တပည့်များဖြစ်ကြောင်း သိထားကြသည်။
အကယ်၍ နောင်တွင် ယန့်လုဂိုဏ်းသာ အားကောင်းလာပါက သူတို့၏ အဆင့်အတန်းမှာလည်း မြင့်တက်လာမည်ဖြစ်သည်။
ချန်မိသားစု၏ အပယ်ခံသားသမီးများ ဖြစ်ကြသည့် သူတို့အတွက် အဆင့်အတန်း မြင့်မားလာခြင်းမှာ အလွန်တောင့်တရသည့် အရာပင်။
ချန်ကျန်းထောင်းသည်လည်း ရွှီနင်၏ စကားကို ကြားသောအခါ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။
‘ယန့်လုဂိုဏ်းရဲ့ နာမည်ကို ဝမ်ရှန့်ပြည်နယ် တစ်ခုလုံး ပျံ့နှံ့စေမယ်တဲ့လား’
ချန်ကျန်းထောင်းသည် ယန့်လုဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဖြစ်သော သူ၏ဆရာ လီရှန့်မောက်ကို သတိရသွားမိသည်။ သူ၏ဆရာသည်လည်း ထိုစဉ်က ဤကဲ့သို့ပင် ပြောခဲ့ဖူးသော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့ရလေသည်။
သူသည် ရွှီနင်ကို ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
‘ဒီဂိုဏ်းချုပ်ဆိုရင်တော့ ဖြစ်နိုင်လောက်တယ်’
“ခဏနေရင် ဂိုဏ်းကနေ မင်းတို့ သိုင်းပညာကျင့်ကြံဖို့ လိုအပ်တာတွေကို ထုတ်ပေးလိမ့်မယ်၊ ယန့်လုဂိုဏ်းမှာ မင်းတို့အတွက် အရင်းအမြစ်တွေ လိုအပ်မှာ မဟုတ်ဘူး၊ မင်းတို့ဆယ်ယောက်ကို ထောက်ပံ့ပေးမယ့် အရင်းအမြစ်တွေက ချန်မိသားစုရဲ့ အဓိကအဖွဲ့ဝင်တွေ ရရှိတဲ့ ခံစားခွင့်နဲ့ တူတူပဲ ဖြစ်လိမ့်မယ်”
ရွှီနင်က ဆက်လက်ပြောကြားသည်။
“သိုင်းဂိုဏ်းတစ်ခုဆိုတာ လူတွေက အခြေခံပဲ၊ ခွန်အားကတော့ အုတ်မြစ်ပေါ့၊ ယန့်လုဂိုဏ်းမှာ ဘယ်သူမဆို နယ်ပယ်တစ်ခု တိုးတက်သွားတိုင်း ဆုလာဘ်တွေ ရရှိလိမ့်မယ်၊ မင်းတို့အားလုံး အစွမ်းကုန် ကြိုးစားကြလိမ့်မယ်လို့ ငါ မျှော်လင့်တယ်”
ရွှီနင်၏ စကားကို ကြားပြီးနောက် လူငယ်၊ လူရွယ်များမှာ စိတ်လှုပ်ရှားသွားကြလေသည်။
သူတို့မှာ ချန်မိသားစု၌ ရှိနေစဉ်အတွင်းတွင် အဓိကအဖွဲ့ဝင်များနှင့် နှိုင်းယှဉ်လျှင် အရင်းအမြစ် အနည်းငယ်သာ ရရှိခဲ့ကြသော်လည်း ယခုအခါတွင်မူ အရင်းအမြစ်များစွာကို ရရှိတော့မည် ဖြစ်သည်။
“အရင်းအမြစ်တွေ ထောက်ပံ့ပေးရုံတင် မဟုတ်ဘူး၊ မင်းတို့ရဲ့ ကျင့်ကြံမှုကိုလည်း ငါတို့ကိုယ်တိုင် လမ်းညွှန်ပေးသွားမှာပါ၊ မင်းတို့ဆယ်ယောက်လုံးက ယန့်လုဂိုဏ်းရဲ့ အဓိကတပည့်တွေ ဖြစ်လာလိမ့်မယ်”
ဤအရာများမှာ ရွှီနင်နှင့် ချန်ကျန်းထောင်းတို့ ကြိုတင်ညှိနှိုင်းထားသည့် အချက်များ ဖြစ်သည်။
“ဒီနေ့မှာ ငါက တပည့်တစ်ယောက်ကို ရွေးချယ်ပြီး တိုက်ရိုက်တပည့်အဖြစ် လက်ခံသွားမယ်၊ သူ့ရဲ့ အနာဂတ် သိုင်းကျင့်ကြံမှုအတွက် ငါကိုယ်တိုင် တာဝန်ယူပေးသွားမယ်”
ရွှီနင်က ထိုသို့ပြောလိုက်သည့် ခဏတွင် တပည့်ဆယ်ဦးလုံးမှာ အသက်ရှူပင် မှားသွားကြလေသည်။
အဓိကတပည့် ဖြစ်သော်ငြားလည်း ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့် ဖြစ်ရခြင်းက အနာဂတ်တွင် ပိုမို အဆင်ပြေချောမွေ့နိုင်မည် ဖြစ်သည်။ ထို့အပြင် အဆင့်အတန်းမှာလည်း ပို၍ မြင့်မားပေမည်။
“မင်းနာမည် ဘယ်သူလဲ”
ရွှီနင်သည် အချိန်မဆွဲတော့ဘဲ ကောယယ်နှင့်တူသော လူငယ်လေးကို တိုက်ရိုက် လက်ညှိုးထိုးကာ မေးလိုက်သည်။ ထိုလူငယ်လေးမှာ ရွှီနင်က သူ့ကို ရွေးချယ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“ဂိုဏ်းချုပ်၊ ကျွန်တော့်နာမည်က ချန်ရှုန်းပါ”
လူငယ်လေးက ရိုရိုသေသေ ပြန်ဖြေလိုက်သည်။
“ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ လက်အောက်က အဓိကတပည့်ပဲ”
ရွှီနင်က ပြောလိုက်သည်။
ချန်ရှုန်းမှာ အတိုင်းမသိ ဝမ်းသာသွားကာ ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့ပါ”
ရွှီနင်က ထိုမျှ မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်သည်ကို မြင်သောအခါ အခြားတပည့်များမှာ မနာလိုဖြစ်ကာ ကြည့်နေကြလေသည်။
“စီနီယာအစ်ကိုချန်၊ အစ်ကိုလည်း အဓိကတပည့် နှစ်ယောက်လောက် ရွေးလိုက်ဦးလေ”
ရွှီနင်က ချန်ကျန်းထောင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ချန်ကျန်းထောင်းက အမိန့်ကို နာခံကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ စုစုပေါင်း တပည့်နှစ်ဦးကို ရွေးချယ်လိုက်လေသည်။
“ကဲ၊ အားလုံး သွားနိုင်ပြီ၊ ချန်ရှုန်း၊ မင်းကတော့ နေ့လယ်ကျရင် စံအိမ်ရဲ့ နောက်ဖေးဥယျာဉ်မှာ ငါ့ကို လာရှာပါ”
ရွှီနင်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ ထို့နောက်တွင်မူ သူသည် ချန်ကျန်းထောင်းနှင့်အတူ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။
“စီနီယာအစ်ကိုချန်”
ထို့နောက် နှစ်ဦးသားမှာ စံအိမ်အတွင်း၌ လှည့်လည်ကြည့်ရှုနေကြသည်။
“ဂိုဏ်းချုပ်”
ချန်ကျန်းထောင်းသည် ရွှီနင်၏ နောက်မှ တစ်လှမ်းခွာ၍ လိုက်ပါလာသည်။
“အခု အဓိကတပည့်တွေ အတည်ပြုပြီးပြီဆိုတော့ အကြီးအကဲ ရာထူးတွေကိုလည်း လစ်ဟင်းထားလို့ မရဘူး”
ရွှီနင်က စတင်ပြောဆိုလိုက်သည်။
“ကျန်တဲ့ စီနီယာအစ်ကို၊ အစ်မ သုံးယောက် ရောက်လာတဲ့အခါ သူတို့ကို ဂိုဏ်းရဲ့ အကြီးအကဲတွေအဖြစ် ခန့်အပ်လိုက်မယ်”
“ကောင်းပါပြီ”
ချန်ကျန်းထောင်းက ခေါင်းငြိမ့်ကာ မေးလိုက်သည်။
“ဒါဆို ကျွန်တော့်အတွက်ရော”
“စီနီယာအစ်ကိုချန်ကတော့ ယာယီအားဖြင့် ဒုတိယဂိုဏ်းချုပ် ဖြစ်လိမ့်မယ်”
ရွှီနင်သည် ဤကိစ္စကို ကြိုတင် စဉ်းစားထားပြီးသား ဖြစ်သည်။ အလုပ်များကို လွှဲအပ်ထားမည့် သူဌေးတစ်ဦးအနေဖြင့် သူသည် ချန်ကျန်းထောင်းကို လုပ်ပိုင်ခွင့်နှင့် အရင်းအမြစ်များ ပိုမို ပေးထားရန် လိုအပ်ပေသည်။
“ဒုဂိုဏ်းချုပ် ဟုတ်လား”
ချန်ကျန်းထောင်းမှာ အံ့အားသင့်သွားပြီး အလျင်အမြန်ပင် ငြင်းဆန်လိုက်သည်။
“ဒါက လုံးဝ မဖြစ်နိုင်တာပါ၊ ဂိုဏ်းချုပ်၊ ကျွန်တော့်ကို အကြီးအကဲ တစ်ယောက်အဖြစ် ထားပေးတာနဲ့တင် လုံလောက်ပါပြီ”
ချန်ကျန်းထောင်းက သူ၏ သဘောထားကို ပြောပြသော်လည်း ရွှီနင်က လက်ကာပြလိုက်သည်။
“ဆွေးနွေးနေဖို့ မလိုတော့ဘူး၊ ဒါက အတည်ပဲ၊ ဒါနဲ့ စကားမစပ်၊ ချန်ရှုန်းကို သိလား”
ရွှီနင်က စကားလမ်းကြောင်း လွှဲလိုက်သည်။ ချန်ကျန်းထောင်းမှာ ဘာမှမတတ်နိုင်တော့သဖြင့် ရွှီနင်၏ အမိန့်ကို လက်ခံလိုက်ရတော့သည်။
“ချန်ရှုန်းက မိသားစုခွဲတစ်ခုက ဆင်းသက်လာတာပါ၊ သူက တခြားခရိုင်တွေမှာပဲ နေလာတာ၊ ဒီကလေးက ဇွဲရှိပြီး အလုပ်လုပ်ရင်လည်း စိတ်ချရတယ်၊ သိုင်းပညာပါရမီကတော့ ဟိုဆယ်ယောက်ထဲမှာ အနိမ့်ဆုံးပဲ၊ ဒါပေမဲ့ သူက လူသားနယ်ပယ် နဝမအဆင့်ကို ရောက်နေပြီ၊ သိုင်းပညာအပေါ် ထားတဲ့ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ ဇွဲလုံ့လကတော့ သူ့သက်တူရွယ်တူတွေထဲမှာ ရှားမှရှားပဲ”
ချန်ကျန်းထောင်းသည် ချန်ရှုန်းကို အစက သိပ်သတိမထားမိသော်လည်း တပည့်များ မစုဆောင်းမီက ချန်ရှုန်း၏ အချက်အလက်များကို ဖတ်ကြည့်ထားသဖြင့် သိနေခြင်း ဖြစ်သည်။
“ဒါဆိုရင်တော့ ဟုတ်ပါပြီ”
ရွှီနင်သည် ချန်ရှုန်း၏ စရိုက်ကို သဘောကျသွားသည်။
“ဂိုဏ်းချုပ်၊ အဲဒီတပည့်ဆယ်ယောက်လုံးကို အရင်က စုံစမ်းစစ်ဆေးထားပြီးသားပါ၊ သူတို့ရဲ့ အချက်အလက်တွေက ဂိုဏ်းချုပ်ရဲ့ စာကြည့်ခန်းထဲမှာ ရှိပါတယ်”
ချန်ကျန်းထောင်းက သတိပေးလိုက်သည်။
“ကောင်းပြီ”
ထို့နောက် ရွှီနင်သည် ချန်ကျန်းထောင်းကို သိုလှောင်လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်သည်။
“စီနီယာ လန်ယန်က ဂိုဏ်းရဲ့ လက်ကျန်အရင်းအမြစ် အားလုံးကို ကျွန်တော့်ဆီ ပေးထားတယ်၊ ဒီသိုလှောင်လက်စွပ်ထဲမှာ ဂိုဏ်းရဲ့ အရင်းအမြစ် တစ်စိတ်တစ်ပိုင်း ပါတယ်”
ရွှီနင်က ပြောလိုက်သည်။
“နောင်မှာ ဂိုဏ်းအတွက် လိုအပ်တာတွေကို ဒီထဲကနေ သုံးစွဲနိုင်တယ်၊ တကယ်လို့ အရင်းအမြစ် မလောက်ငဘူးဆိုရင် ကျွန်တော့်ကို အချိန်မရွေး လာပြောပါ”
ရွှီနင်သည် လကွယ်ပုတီးစေ့အတွင်းရှိ အရင်းအမြစ်များ၏ သုံးဆယ်ရာခိုင်နှုန်းကို ချန်ကျန်းထောင်းအား ပေးအပ်လိုက်ခြင်း ဖြစ်သည်။
“နားလည်ပါပြီ”
ချန်ကျန်းထောင်းသည် ရွှီနင်၏ ယုံကြည်မှုကို ခံစားလိုက်ရသဖြင့် လက်စွပ်ကို လှမ်းယူလိုက်သည်။
“အခုလောလောဆယ် ဂိုဏ်းက အစပျိုးနေတဲ့ အဆင့်မှာပဲ ရှိသေးတာဆိုတော့ အရင်းအမြစ် အသုံးစရိတ်က သိပ်မများသေးဘူး၊ ဒါကြောင့် ဝင်ငွေလမ်းကြောင်း ရှာဖို့ကိုတော့ အလျင်မလိုပါနဲ့ဦး”
ရွှီနင်က ထပ်လောင်းပြောကြားသည်။
ဝမ်ရှန့်ပြည်နယ်တွင် တရားဝင်ဂိုဏ်းများနှင့် ထင်ရှားသော မိသားစုများသာ သိုင်းပညာအရင်းအမြစ်များကို ကုန်သွယ်ခွင့်ရှိကြလေသည်။
ထို့ကြောင့်လည်း ဂိုဏ်းတည်ထောင်ခွင့် တံဆိပ်ပြားမှာ အလွန်တန်ဖိုးရှိနေခြင်း ဖြစ်သည်။
ချန်ကျန်းထောင်းက ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
“နားလည်ပါပြီ ဂိုဏ်းချုပ်”
ချန်ကျန်းထောင်းသည် ချန်မိသားစု၏ လမ်းကြောင်းများကိုသုံးကာ ဂိုဏ်းအတွက် ဝင်ငွေရှာရန် စီစဉ်ထားသော်လည်း ရွှီနင်က ထိုသို့ပြောလာသဖြင့် ခေတ္တ ဆိုင်းငံ့ထားလိုက်ရသည်။
“ကောင်းပြီ၊ အခုမှ စပြောင်းလာတာဆိုတော့ အစ်ကို့မှာ လုပ်စရာတွေ အများကြီးရှိဦးမှာပဲ၊ ကျွန်တော် အများကြီး မပြောတော့ဘူး”
ညွှန်ကြားချက်အချို့ ပေးပြီးနောက် ရွှီနင်သည် ဆက်ပြောရန် အစီအစဉ်မရှိတော့ချေ။
“ဒါဆိုရင် ဂိုဏ်းချုပ်၊ ကျွန်တော် အလုပ်သွားလုပ်လိုက်ပါဦးမယ်”
ချန်ကျန်းထောင်းသည် ဂိုဏ်း၏ အရင်းအမြစ်များရှိနေသော သိုလှောင်လက်စွပ်ကို ဆုပ်ကိုင်ထားရင်း ဒုတိယဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခံရခြင်းကြောင့် သူ၏ပခုံးမှာ တာဝန်များဖြင့် လေးလံလာသကဲ့သို့ ခံစားလိုက်ရသည်။
ချန်ကျန်းထောင်းနှင့် လမ်းခွဲပြီးနောက် ရွှီနင်သည် စံအိမ်၏ နောက်ဖေးဥယျာဉ်သို့ သွားလိုက်သည်။
နောက်ဖေးဥယျာဉ်ဟု ဆိုသော်လည်း ထိုနေရာမှာ ရွှီနင်၏ ထောင်ရွာထက်ပင် ပို၍ ကျယ်ဝန်းပေသည်။ ရွှီနင်သည် မိစ္ဆာသားရဲပန်းချီကားလိပ်ကို ထုတ်ယူကာ မီးခိုးရောင်လေးနှင့် စိတ်ချင်း ဆက်သွယ်လိုက်သည်။
ဝူး
မီးခိုးရောင်လေး၊ ရွှီးဟူကျွင်းနှင့် ချင်းယင်တို့သည် မိစ္ဆာသားရဲပန်းချီကားလိပ်၏ ပုတီးစေ့ထဲမှ ရုတ်တရက် ထွက်ပေါ်လာကြသည်။
မီးခိုးရောင်လေးနှင့် ချင်းယင်တို့၏ အရွယ်အစားမှာ အသင့်အတင့်ရှိသော်လည်း ရွှီးဟူကျွင်း ထွက်လာသည့်အခါတွင်မူ သူ၏ အမြင့်မှာ မီတာနှစ်ဆယ်နီးပါး ရှိသဖြင့် ရွှီနင်၏အပေါ်သို့ အရိပ်ကြီးတစ်ခု ချက်ချင်း ကျရောက်သွားလေသည်။
“နောက်ဆုံးတော့ အပြင်ထွက်ရပြီဟေ့”
ချင်းယင်က ပျော်ရွှင်စွာဖြင့် အမြီးကို လှုပ်ယမ်းကာ ရွှီနင်ကို ပတ်ချာလည် ပြေးနေတော့သည်။ ၎င်းသည် အပြင်လောကကို တောင့်တနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
“ဒီနေရာက ယန့်လုဂိုဏ်းရဲ့ ယာယီနေထိုင်ရာ ဖြစ်လိမ့်မယ်၊ နောက်ဆိုရင် မင်းတို့ ဒီနောက်ဖေးဥယျာဉ်မှာ အနားယူလို့ရသလို အနီးအနားက နေရာတွေကိုလည်း လွတ်လွတ်လပ်လပ် သွားလို့ရတယ်”
ရွှီနင်က သုံးကောင်လုံးကို ပြောပြလိုက်သည်။
“ယန့်လုဂိုဏ်းက အခုမှ တည်ထောင်တာဆိုတော့ ငါတို့က ဂိုဏ်းရဲ့ အစောင့်အရှောက် မိစ္ဆာသားရဲတွေပေါ့”
ချင်းယင်က အလွန် စိတ်လှုပ်ရှားနေသည်။
“မင်းက အစောင့်အရှောက် မိစ္ဆာသားရဲ ဖြစ်ချင်တယ်ဆိုရင် ဟင်းလင်းပြင်နယ်ပယ်မှာ ရှိနေတာနဲ့တင် မလုံလောက်သေးဘူး”
ရွှီနင်က ပြောလိုက်သည်။
“အခု မင်းတို့ အပြင်လောကကို ရောက်နေပြီဆိုတော့ မင်းနဲ့ ရွှီးဟူကျွင်းတို့ တာအိုနယ်ပယ်ကို မြန်မြန် တက်နိုင်အောင် ကြိုးစားကြဦး”
“သိပါတယ်၊ သိပါတယ်”
ချင်းယင်က ပြန်ဖြေလိုက်သည်။
၎င်းသည် မိမိ၏ သွေးမျိုးဆက် ပါရမီအပေါ် အလွန် ယုံကြည်မှုရှိလေသည်။ ဝံပုလွေပြာမျိုးနွယ်၏ သွေးမျိုးဆက်တစ်ကောင်အနေဖြင့် သဘာဝအတိုင်း ကြီးပြင်းလာရုံနှင့်ပင် တာအိုနယ်ပယ်သို့ လွယ်လွယ်ကူကူ တက်လှမ်းနိုင်ပေသည်။
မိစ္ဆာသားရဲပန်ချီကားလိပ်ထဲတွင် အကြာကြီး ပိတ်မိနေခဲ့သဖြင့် မီးခိုးရောင်လေး၊ ချင်းယင်နှင့် ရွှီးဟူကျွင်းတို့သည် စံအိမ်ထဲမှ ထွက်ကာ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုရန် ထွက်သွားကြလေသည်။
ဥယျာဉ်အတွင်း ထိုသားရဲသုံးကောင် ရုတ်တရက် ပေါ်လာခြင်းကြောင့် ချန်ကျန်းထောင်းသည် သူတို့၏ အရှိန်အဝါကို ခံစားမိသွားသည်။
သူသည် လမ်းခွဲပြီး မကြာမီမှာပင် ရွှီနင်ကို ပြန်လာရှာလေသည်။
ရွှီနင်မှ ထိုသားရဲများမှာ သူ၏ မိစ္ဆာသားရဲ အဖော်များဖြစ်ကြောင်း ရှင်းပြလိုက်သဖြင့် ချန်ကျန်းထောင်းတစ်ယောက် စိတ်အေးသွားရသည်။
တစ်ချိန်တည်းမှာပင် ချန်ကျန်းထောင်းသည် ရွှီနင်မှာ ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ခံစားလိုက်ရသည်။
ထိုမိစ္ဆာသားရဲများထဲမှ တစ်ကောင်၏ အရှိန်အဝါမှာ တာအိုနယ်ပယ် အစောပိုင်းအဆင့်တွင်ရှိနေပြီး ကျန်နှစ်ကောင်မှာလည်း တာအိုနယ်ပယ်သို့ ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်သည်။
ချန်မိသားစုပင် တာအိုနယ်ပယ် အစောပိုင်းအဆင့်ရှိ မိစ္ဆာသားရဲ နှစ်ကောင်ကိုသာ ယဉ်ပါးအောင် လုပ်ထားနိုင်သည်။
နေ့လယ်ပိုင်း၌…
ရွှီနင်၏ အမိန့်အတိုင်း ချန်ရှုန်းသည် ရွှီနင်ကို လာရှာလေသည်။
သူ နောက်ဖေးဥယျာဉ်သို့ ရောက်သောအခါ ရွှီနင်ကို မြင်လိုက်ရသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
ချန်ရှုန်းက အလျင်အမြန်ပင် ဦးညွှတ်လိုက်သော်လည်း ပြောပြီးမှ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသဖြင့် ပြန်ပြင်ပြောလိုက်သည်။
“ဆရာ့ကို ဂါရဝပြုပါတယ်”
“ရောက်လာပြီလား”
ရွှီနင်က ခေါင်းငြိမ့်ပြလိုက်သည်။
တပည့်ဆယ်ဦးထဲမှ ချန်ရှုန်းကို ရွေးချယ်လိုက်ခြင်းမှာလည်း ရေစက်တစ်မျိုးပင် ဖြစ်ပေလိမ့်မည်။
ရွှီနင်က ချန်ရှုန်းကို စကားပြောမည်အပြုတွင် ဥယျာဉ်အတွင်းသို့ အရိပ်ကြီးတစ်ခု ရုတ်တရက် ကျရောက်လာလေသည်။
ရွှီးဟူကျွင်း၊ မီးခိုးရောင်လေးနှင့် ချင်းယင်တို့မှာ တစ်ပြိုင်နက်တည်း ဆင်းသက်လာကြခြင်းဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ထိုအရှိန်အဝါများကို ခံစားလိုက်ရသောအခါ ချန်ရှုန်း၏ ခြေထောက်များမှာ ချက်ချင်းပင် အားပျော့သွားတော့သည်။
အခန်း (၂၄၆) - လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာသည့် ယန့်လုဂိုဏ်း
“ဒါက...”
ချန်ရှုန်းမှာ မိစ္ဆာသားရဲသုံးကောင် ဆင်းသက်လာသည်ကိုကြည့်ရင်း ခြေထောက်များတုန်ရင်ကာ မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်လျက်သား ဖြစ်သွားချေသည်။
ရွှီနင်က လက်ဝှေ့ယမ်းလိုက်ပြီး ချန်ရှုန်းကို ထိုဖိအားများမှ ကာကွယ်ပေးလိုက်သည်။
“ဒါက ငါ့ရဲ့ တပည့်သစ် ချန်ရှုန်းပဲ”
ရွှီနင်က မီးခိုးရောင်လေးနှင့် ကျန်နှစ်ကောင်ကို ပြောလိုက်သည်။
“ဒီသုံးကောင်က ငါတို့ဂိုဏ်းကို စောင့်ရှောက်မယ့် အစောင့်အရှောက် မိစ္ဆာသားရဲတွေပဲ။ မင်းက ငါ့တပည့်ဆိုတော့ နောက်ဆို သူတို့နဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံရလိမ့်မယ်”
ရွှီနင်က ချန်ရှုန်းကို ပြောလေသည်။
“နှုတ်ခွန်းဆက်သပါတယ် စီနီယာတို့”
ချန်ရှုန်းမှာ မတ်တတ်ရပ်ကာ မီးခိုးရောင်လေးတို့အား ဦးညွှတ်လိုက်သည်။
ချင်းယင်က ရှေ့သို့ တိုးလာပြီး ချန်ရှုန်းကို တစ်ပတ်ပတ်ကြည့်လေသည်။
ချန်ရှုန်းမှာမူ မလှုပ်ဝံ့ဘဲ ငြိမ်နေမိသည်။
“ပါရမီကတော့ ညံ့ဖျင်းလိုက်တာ”
ချင်းယင်က ပြောလိုက်သည်။
“ဒါပေမဲ့ ကြည့်ရတာတော့ တော်တော်လေး ရိုးသားပုံရပါတယ်”
ထိုသို့ပြောရာတွင် ချင်းယင်မှာ ဂိုဏ်းမှ စီနီယာကြီးတစ်ဦးကဲ့သို့ တမင်ဟန်လုပ်ကာ ပြောနေခြင်းပင်။
“ဖယ်စမ်း”
မီးခိုးရောင်လေးက ချင်းယင်ကို ရိုက်ထုတ်လိုက်ရာ ချင်းယင်မှာ အံကြိတ်မိသော်လည်း ပြန်မတိုက်ခိုက်ဝံ့ချေ။
မီးခိုးရောင်လေးသည် ယခုအခါ တာအိုနယ်ပယ် မိစ္ဆာသားရဲတစ်ကောင် ဖြစ်နေပြီဖြစ်ရာ ချင်းယင်မှာ ယှဉ်နိုင်စွမ်း မရှိတော့ပေ။
“မင်းက ငါ့အစ်ကိုရဲ့တပည့်ဆိုတော့ ငါ့တပည့်တစ်ဝက်လည်း ဖြစ်တာပဲ”
မီးခိုးရောင်လေးက ပြောလေသည်။
“မင်း ဟင်းလင်းပြင်နယ်ပယ်ကို ရောက်တဲ့အခါကျရင် မင်းအတွက် စီးနင်းဖို့ မိစ္ဆာသားရဲတစ်ကောင် ငါပေးမယ်။ ကြိုးစားပြီး ကျင့်ကြံဖို့ မျှော်လင့်တယ်”
မီးခိုးရောင်လေး၏ မိစ္ဆာသားရဲပန်းချီကားလိပ်ထဲတွင် သူ့စိတ်ကြိုက်စေခိုင်းနိုင်သော ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲများစွာ ရှိနေလေသည်။
ထို့ကြောင့် ချန်ရှုန်းအတွက် မိစ္ဆာသားရဲတစ်ကောင် လက်ဆောင်ပေးရန်မှာ လွယ်ကူသော ကိစ္စတစ်ခုပင်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ချန်ရှုန်းအတွက်မူ ချင်းယင်နှင့် မီးခိုးရောင်လေးအပေါ် ထားရှိသည့်အမြင်မှာ လုံးဝ ကွဲပြားသွားချေပြီ။ သိသာသည်မှာ ဤအဖြူရောင် မိစ္ဆာသားရဲသည် စီနီယာကြီးတစ်ဦးနှင့် ပို၍တူလှပေသည်။
“ချန်ရှုန်း”
ရွှီနင်က ပြောလိုက်သည်။
“မင်းအကြောင်းကို စီနီယာအစ်ကို ချန်ဆီကနေ ငါနည်းနည်း ကြားထားပြီးသား။ မင်းရဲ့ သိုင်းပညာပါရမီက ပျမ်းမျှလောက်ပဲရှိပေမဲ့ မင်းမှာ ဇွဲရှိတယ်။ မင်းရဲ့ စိတ်နေစိတ်ထားကို ငါသဘောကျတယ်”
“ဂိုဏ်းချုပ်ရဲ့ တပည့်ရင်းတစ်ယောက်အနေနဲ့ရော ငါ့ရဲ့ ပထမဆုံးတပည့် အနေနဲ့ပါ ငါ မင်းကို စိတ်ရောကိုယ်ပါ လေ့ကျင့်ပေးသွားမယ်။ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”
ချန်ရှုန်းတစ်ယောက် မတုံ့ပြန်ရသေးမီမှာပင် ရွှီနင်က ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်ဖြစ်သော ဒီရေလက်သီးနှင့် ကျင့်ကြံခြင်းအတွက် လိုအပ်သည့် ဆေးလုံးအချို့ကို ထုတ်ပေးလိုက်သည်။
“ဒီ ဒီရေလက်သီးက ငါလူသားနယ်ပယ်မှာတုန်းက ပထမဆုံး ကျင့်ခဲ့ရတဲ့ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်ပဲ။ အခု အဲဒါကို မင်းကို သင်ပေးမယ်”
ရွှီနင်က ပြောလိုက်သည်။
“ပြီးတော့ အခြေအနေအရ မင်းသောက်လို့ရမယ့် ဆေးလုံးအချို့လည်း ပါတယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
ချန်ရှုန်းက ထိုအရာများကို လက်ခံယူကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဂိုဏ်းချုပ်နောက်သို့ လိုက်ခြင်းက အခြားသူများ ရရှိသည်ထက် ပိုမိုများပြားသော ရင်းမြစ်များကို ရရှိနိုင်မည်ဖြစ်ကြောင်း သူ ကောင်းကောင်း သိလေသည်။
“အခုကစပြီး သုံးရက်တစ်ခါ ငါ့ဆီကို လာခဲ့ပါ”
ရွှီနင်က ပြောလိုက်သည်။
“ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မင်းမှာ ဘာမေးခွန်းပဲရှိရှိ ငါ ဖြေရှင်းပေးမယ်”
“တကယ်လို့ ငါ ဂိုဏ်းထဲမှာ မရှိဘူးဆိုရင် မီးခိုးရောင်လေးဆီ သွားလို့ရတယ်။ သူက မိစ္ဆာသားရဲဆိုပေမဲ့ ငါနဲ့အတူ နေလာတာ ကြာပြီ။ သူ့ရဲ့ သိုင်းပညာ အတွေ့အကြုံတွေကို မင်းကို မျှဝေပေးဖို့က သူ့အတွက် မခက်ခဲပါဘူး”
“ကျွန်တော် မှတ်ထားပါ့မယ်”
ချန်ရှုန်းက အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
ထို့နောက် ချန်ရှုန်း၏ ကိစ္စရပ်များကို စီစဉ်ပြီးနောက် ရွှီနင်သည် ဂိုဏ်းရှိ လူသားနယ်ပယ် တပည့်များအတွက် ပိုမိုခိုင်မာသော အာမခံချက် ပေးနိုင်ရန် အခြေခံဆေးလုံးအချို့ကို စတင်ဖော်စပ်လေတော့သည်။
ညသန်းခေါင်အချိန်…
ကွမ်ဟယ်မြို့နယ်…
လူသုံးဦးမှာ အတူတူ ခရီးနှင်လာကြသည်။
အကယ်၍ ချန်ကျန်းထောင်းသာ ဤနေရာတွင် ရှိနေပါက ထိုသူသုံးဦးမှာ သူကိုယ်တိုင် ဖိတ်ခေါ်ထားသည့် ဂျူနီယာ မောင်နှမသုံးဦး ဖြစ်ကြောင်း သိပေလိမ့်မည်။
သူတို့သည် ချန်ကျန်းထောင်းထံ ခိုလှုံရန် ရည်ရွယ်ချက်ဖြင့် အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲတစ်ကောင်၏ ကျောပေါ်တွင် ထိုင်ကာ အတူတကွ ခရီးနှင်လာကြခြင်း ဖြစ်သည်။
“ယန့်လုဂိုဏ်း ပြန်လည်တည်ထောင်ဖို့အတွက် ငါတို့ တော်တော်လေး စောင့်ခဲ့ရတာပဲ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် သာမန်ရုပ်ရည်နှင့် အမျိုးသားက သက်ပြင်းချရင်း ဆိုလေသည်။ ထိုသူ၏အမည်မှာ ရှောက်ရွှင် ဖြစ်သည်။
“ဟုတ်တာပေါ့။ ယန့်လုဂိုဏ်း ပြန်တည်ထောင်တာကို ငါတို့ မမြင်ရတော့ဘူးလို့ ထင်နေတာ။ စီနီယာအစ်ကိုချန်ဆီကနေ သတင်းရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
ယခုတစ်ကြိမ် ပြောလိုက်သူမှာ နူးညံ့သိမ်မွေ့သောအမူအရာနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမအမည်မှာ ထုံလီဖြစ်သည်။
“စိတ်မကောင်းစရာ တစ်ခုတည်းကတော့ ဂိုဏ်းချုပ်က စီနီယာအစ်ကို ချန်မဟုတ်ဘဲ ပြင်ပလူ ဖြစ်နေတာပဲ”
နောက်ထပ် မုတ်ဆိတ်မွှေးထူထူနှင့် သန်မာသောအမျိုးသားက နှမြောတသဟန်ဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုချန်က ဂိုဏ်းချုပ်ဖြစ်သင့်တယ်လို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက အရင်ဂိုဏ်းချုပ်ရဲ့ တပည့်ရင်းလေ”
“ဂျူနီယာညီလေးအိုးဝေ အဲဒီလိုမျိုး ထပ်မပြောပါနဲ့တော့”
ရှောက်ရွှင်၏ မျက်နှာက တင်းမာသွားလေသည်။
“ဒီဂိုဏ်းချုပ်ကို အကြီးအကဲဝမ့်ယယ်က ကိုယ်တိုင်ရွေးချယ်ခဲ့တာဆိုတော့ အကြီးအကဲမှာလည်း သူ့ရဲ့ စဉ်းစားချက်တွေ ရှိမှာပေါ့။ စီနီယာအစ်ကိုချန်ကိုယ်တိုင်တောင် ပေးတဲ့စာထဲမှာ သူ့ကို ချီးကျူးထားသေးတာပဲ။ ငါတို့က ဘာပြောစရာ ရှိသေးလို့လဲ”
“ဟုတ်ကဲ့ စီနီယာအစ်ကိုရှောက်ပြောတာ မှန်ပါတယ်”
ထုံလီက ပြောလိုက်သည်။
“အဲဒီကို ရောက်တဲ့အခါ အဲဒါကို ထပ်မပြောပါနဲ့တော့။ မဟုတ်ရင် လက်ရှိဂိုဏ်းချုပ်က ဘာမှမလုပ်ရင်တောင် စီနီယာအစ်ကိုချန်က မင်းကို မောင်းထုတ်လိမ့်မယ်။ စီနီယာအစ်ကိုချန်က မင်းကို ဂိုဏ်းတွင်း ပဋိပက္ခတွေ ဖန်တီးခွင့်ပေးမှာ မဟုတ်ဘူး”
အိုးဝေမှာ ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး ခေါင်းကို ကုတ်လိုက်သည်။
“ကျွန်တော်သိပါတယ်၊ ကျွန်တော်က ဒီအတိုင်း လွှတ်ခနဲ ပြောလိုက်မိတာပါ”
အိုးဝေက ထိုသို့ပြောသော်လည်း သိသိသာသာပင် ကျေနပ်ပုံမရချေ။
သို့သော် ကျန်နှစ်ဦး၏ မျက်နှာကို ထောက်ထား၍ ဤအကြောင်းကို ဆက်မပြောတော့ပေ။
“ငါတို့ ဂိုဏ်းချုပ်အသစ်က ပေါင်းသင်းရလွယ်တဲ့သူဖြစ်ဖို့နဲ့ ယန့်လုဂိုဏ်းကို တကယ် ပြန်လည်တည်ထောင်ချင်တဲ့သူဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်”
ထုံလီက ပြောလိုက်သည်။
“ယန့်လုဂိုဏ်းက တစ်နေ့မှာ အရင်ကလို တောက်ပလာဦးမယ်လို့ ငါမျှော်လင့်တုန်းပဲ”
“ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်”
ရှောက်ရွှင်က ပြောလိုက်သည်။
“စီနီယာအစ်ကိုချန်ကတော့ စာထဲမှာ ဒီဂိုဏ်းချုပ်အသစ်က တော်တော်လေး ငယ်သေးပြီး ပါရမီကလည်း ထူးချွန်တယ်လို့ ပြောထားတယ်။ ဒီလို ပါရမီရှင်မျိုးမှာ သူ့ရဲ့ မာန်မာနတော့ ရှိမှာပဲ။ သူက ပေါင်းသင်းရလွယ်တဲ့သူဖြစ်ဖို့တော့ မမျှော်လင့်ပါဘူး၊ အကြီးအကဲဝမ့်ယယ်ရဲ့ မျှော်လင့်ချက်တွေကို ပြည့်မီစေဖို့ပဲ မျှော်လင့်ပါတယ်။ သူသာ ဂိုဏ်းကို ပြန်လည်တည်ထောင်နိုင်ရင် သူခိုင်းတာမှန်သမျှ ငါလုပ်ပေးမှာ”
“ဒါပေါ့”
အိုးဝေက ခေါင်းညိတ်လိုက်သည်။
သူသည် ဂိုဏ်းချုပ်နေရာအတွက် မကျေနပ်သော်လည်း ယန့်လုဂိုဏ်းမှာ ထိုသူ၏ လက်အောက်တွင် တိုးတက်လာလိမ့်မည်ဟု မျှော်လင့်နေဆဲပင်။
မဟုတ်လျှင် ချန်ကျန်းထောင်းက သူ့ကို ခေါ်ယူနေမည် မဟုတ်ချေ။
ညဉ့်နက်ပိုင်းတွင် သူတို့သည် ပျံသန်းနိုင်သော မိစ္ဆာသားရဲကို စီးနင်းကာ အမြန်ဆုံး ခရီးနှင်ခဲ့ကြသည်။
နံနက်စောစော၌…
ရွှီနင်သည် သူ၏ အိပ်ဆောင်လေးထဲတွင် မျက်လုံးဖွင့်လိုက်သည်။
ရွှီနင်သည် အိပ်စက်ရန် မလိုအပ်တော့သော်လည်း နေ့စဉ် နှစ်နာရီခန့် ငြိမ်သက်စွာ ထိုင်လေ့ရှိသည်။ ဤနည်းဖြင့် သူသည် စိတ်ကို အပန်းဖြေနိုင်ပြီး ပိုမိုကောင်းမွန်သော စိတ်အခြေအနေကို ထိန်းသိမ်းထားနိုင်လေသည်။
မကြာမီ ရွှီနင်သည် အိမ်ထဲမှ ထွက်လာခဲ့သည်။ ဝင်းထဲတွင် မြေပြင်ကို သန့်ရှင်းရေးလုပ်နေပြီး ပန်းပင်များကို ပြုပြင်နေကြသည့် အစေခံအချို့ ရှိနေလေသည်။
ဤအစေခံများသည် ချန်မိသားစုမှ ပို့ပေးထားခြင်း ဖြစ်သည်။
သူတို့သည် ချန်မိသားစုနှင့် ကျွန်စာချုပ် ချုပ်ဆိုထားသူများ ဖြစ်ရာ သခင်၏ စကားကို နားထောင်ရလေသည်။
“ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်သပါတယ်”
အစေခံများနှင့် အိမ်ဖော်များက ရွှီနင်ကို ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။
သူတို့အနက် အများစုမှာ သာမန်လူများဖြစ်ပြီး အချို့မှာ သိုင်းပညာပင် မသင်ကြားဖူးကြပေ။
“အင်း”
ရွှီနင်က ခေါင်းညိတ်ပြလိုက်သည်။
တုံ့ပြန်မှုက အေးစက်သည်ဟု ထင်ရသော်လည်း အစေခံများနှင့် အိမ်ဖော်များ၏ စိတ်ထဲတွင်မူ ရွှီနင်သည် သခင်ကောင်းတစ်ဦးပင်။
သူသည် အိမ်တော်ရှိ အစေခံများနှင့် အိမ်ဖော်များ၏ ခံစားခွင့်ကို မြှင့်တင်ပေးရုံသာမက သူတို့ကို အစောင့်အရှောက်များနှင့်အတူ သိုင်းပညာ သင်ကြားခွင့်လည်း ပေးထားလေသည်။
ရွှီနင်၏ ဂုဏ်သတင်းနှင့် လူအများအပေါ် နူးညံ့စွာ ဆက်ဆံတတ်မှုကြောင့် အစေခံများနှင့် အစောင့်များမှာ သူ့အား စိတ်ရင်းဖြင့် လေးစားကြသည်။
“ဂိုဏ်းချုပ်”
အိမ်တော်မှ မထွက်ခွာမီ ရွှီနင်သည် ချန်ကျန်းထောင်း၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်။
မကြာမီတွင် ချန်ကျန်းထောင်းမှာ မျက်နှာတွင် အပြုံးများဖြင့် လမ်းလျှောက်ဝင်လာသည်။
“ကျွန်တော် ဖိတ်ထားတဲ့ ဂျူနီယာ သုံးယောက် ရောက်လာပါပြီ”
ရွှီနင်ကတော့ ထိုစကားကို ကြားရသည့်အတွက် မအံ့သြပေ။ သူသည် အစိမ်းသက်သက် ဖြစ်နေသည့် တာအိုနယ်ပယ် ကျွမ်းကျင်သူသုံးဦး၏ ဖိအားကို အာရုံခံမိသောကြောင့်သာ အိမ်ထဲမှ ထွက်လာခြင်း ဖြစ်သည်။
“ကျွန်တော့်ကို သူတို့ဆီ ခေါ်သွားပေးပါ”
ရွှီနင်က ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ချန်ကျန်းထောင်းက တက်ကြွစွာဖြင့် လမ်းပြလိုက်လေသည်။
ချန်ကျန်းထောင်းသည် သူ၏ မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရသည့်အတွက် အလွန် ပျော်ရွှင်နေလေသည်။
မကြာမီ ရွှီနင်သည် ဧည့်ခန်းထဲတွင် ရှောက်ရွှင်၊ ထုံလီနှင့် အိုးဝေတို့ကို တွေ့လိုက်ရသည်။
“နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းချုပ်”
ချန်ကျန်းထောင်းက လူငယ်တစ်ဦးကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ သူတို့ သုံးဦးလုံးသည် တစ်ပြိုင်နက်တည်း မတ်တတ်ရပ်လိုက်ကြသည်။
နှုတ်ဆက်ရင်း သူတို့၏ ဂိုဏ်းချုပ်ကို တိတ်တဆိတ် အကဲခတ်နေကြသည်။
“ဂိုဏ်းချုပ်၊ သူတို့က ရှောက်ရွှင်၊ ထုံလီနဲ့ အိုးဝေတို့ပါ”
ချန်ကျန်းထောင်းက သူတို့ သုံးဦးကို တစ်ယောက်ချင်း မိတ်ဆက်ပေးလေသည်။
“စီနီယာအစ်ကိုတို့နဲ့ စီနီယာအစ်မ”
ရွှီနင်က မာန်မာနမထားဘဲ ပြန်လည် နှုတ်ဆက်လိုက်သည်။
ရွှီနင်သည် ချန်ကျန်းထောင်းထံမှ ဤသုံးဦး၏ အမည်နှင့် နောက်ခံများကို သိထားပြီးသား ဖြစ်သည်။
ထိုသို့မြင်သောအခါ သူတို့ သုံးဦးလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့ စိတ်သက်သာရာ ရသွားကြသည်။ ဤဂိုဏ်းချုပ်က ပေါင်းသင်းရလွယ်ကူလှသည်။
ဂိုဏ်းချုပ် ရွေးချယ်မှုအပေါ် ကနဦးက မကျေနပ်ခဲ့သည့် အိုးဝေပင်လျှင် ရွှီနင်ကို အသိအမှတ်ပြုလိုက်ချေပြီ။
“စီနီယာတို့ ဒီကိုလာရတာ တော်တော်လေး ပင်ပန်းလာကြမှာပဲ”
ရွှီနင်က သူတို့ကိုထိုင်ရန် အမူအရာ ပြလိုက်ပြီး အစေခံများကို ဆေးဖက်ဝင် လက်ဖက်ရည် တည်ခင်းခိုင်းလိုက်သည်။
“အခု ယန့်လုဂိုဏ်းက ပုံစံတကျ ဖြစ်လာပြီဆိုတော့ စီနီယာအစ်ကိုချန်ကို ဒုတိယဂိုဏ်းချုပ်အဖြစ် ကျွန်တော်ခန့်အပ်ထားတယ်။ တကယ်လို့ စီနီယာတို့သာ စိတ်မရှိဘူးဆိုရင် ဂိုဏ်းရဲ့ အကြီးအကဲတွေအဖြစ် တာဝန်ယူပေးကြပါလား”
ရွှီနင်က တိုက်ရိုက်ပင် ပြောလိုက်သည်။
သူတို့ သုံးဦးလုံးမှာ တာအိုနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သူတို့အနက် ရှောက်ရွှင်နှင့် အိုးဝေတို့မှာ တာအိုနယ်ပယ် ဒုတိယအဆင့်တွင် ရှိကြပြီး ထုံလီမှာမူ တာအိုနယ်ပယ် ပထမအဆင့်တွင် ရှိလေသည်။
“ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ့မယ်”
သူတို့ သုံးဦးလုံးမှာ အလွန်ပင် နာခံမှု ရှိကြသည်။
သူတို့သည် ရွှီနင်၏ ဂိုဏ်းချုပ်ဟူသော ဂုဏ်ပုဒ်ကြောင့်သာမက ရွှီနင်၏ အင်အားသည်လည်း မရိုးရှင်းကြောင်းကို သတိပြုမိသောကြောင့် လေးစားကြခြင်းဖြစ်သည်။
ရွှီနင်က သူ၏ ဖိအားကို တမင်တကာ ဖုံးကွယ်မထားပေ။
တစ်နည်းအားဖြင့် သူ၏ အင်အားကို ပြသခြင်းနှင့် ဂုဏ်သိက္ခာကို တည်ဆောက်ခြင်းပင်။
အရှင်သခင်အနေဖြင့် ငြိမ်းချမ်းမှုနှင့် သဟဇာတ ဖြစ်မှုကို ဆောင်ကြဉ်းနိုင်ရမည် ဖြစ်သလို လူအများက သူ့ကို ရိုသေလေးစားစေရန်လည်း လုပ်ဆောင်ရမည်ဖြစ်သည်။
“စီနီယာအစ်ကိုတို့နဲ့ စီနီယာအစ်မ၊ အခုလောလောဆယ် စီနီယာအစ်ကိုချန်က ဂိုဏ်းရဲ့ အလုပ်ကိစ္စတွေကို ကိုင်တွယ်နေတယ်။ တကယ်လို့ သိချင်တာရှိရင် သူ့ကိုပဲ မေးမြန်းနိုင်ပါတယ်”
ရွှီနင်က ပြောလိုက်လေသည်။
ထိုသူသုံးဦးက ချန်ကျန်းထောင်းကို ကြည့်လိုက်ပြီးနောက် ဤဂိုဏ်းချုပ်သည် အာဏာကို ချုပ်ကိုင်ထားလိုသူမဟုတ်ကြောင်း သဘောပေါက်သွားကြသည်။
ထို့နောက် ရွှီနင်သည် သူတို့ သုံးဦးနှင့်အတူ ဂိုဏ်း၏ အနာဂတ် အစီအစဉ်များအကြောင်း ဆွေးနွေးလေသည်။
တစ်ချိန်တည်းမှာပင် ရွှီနင်ကလည်း သူတို့ သုံးဦးကို အကဲခတ်နေလေသည်။
ယေဘုယျအားဖြင့် ရွှီနင်သည် သူတို့ သုံးဦးအပေါ် အတော်လေး ကျေနပ်မိသည်။
“ကောင်းပါပြီ၊ စီနီယာတို့ လေးယောက် အခုမှ ပြန်ဆုံတာဆိုတော့ စီနီယာတို့ရဲ့ အချိန်တွေကို အများကြီး မယူတော့ပါဘူး။ မဆုံတာ ကြာပြီဆိုတော့ ပြောစရာတွေလည်း အများကြီး ရှိနေမှာပေါ့၊ အဲဒါကြောင့် သွားခွင့်ပြုပါဦး”
ရွှီနင်သည် စကားအနည်းငယ် ပြောဆိုပြီးနောက် အခန်းထဲမှ ထွက်ခွာသွားသည်။
“စီနီယာအစ်ကိုချန်၊ ဒီဂိုဏ်းချုပ်က ခေါင်းဆောင်ကောင်းတစ်ယောက်ပဲ”
ရွှီနင် ထွက်သွားသည်နှင့် ရှောက်ရွှင်က ပြောလိုက်လေသည်။
“ဒီလူရဲ့ အင်အားကို ထားလိုက်ဦး၊ ယန့်လုဂိုဏ်းအပေါ် ထားတဲ့ သူ့ရဲ့ သဘောထားကို ကြည့်။ သူပြောပြတဲ့ ယန့်လုဂိုဏ်းရဲ့ အနာဂတ်က သေချာပေါက် ဂရုတစိုက် စဉ်းစားထားတာပဲ။ ဒါကိုကြည့်ရင် သူ ဂိုဏ်းတံဆိပ်ပြားကို လက်ခံခဲ့တာက ယန့်လုဂိုဏ်းရဲ့ ရင်းမြစ်တွေကို လိုချင်လို့ မဟုတ်ဘဲ ဂိုဏ်းရဲ့ တာဝန်ကို တကယ် ထမ်းဆောင်ချင်လို့ဆိုတာ သိသာတယ်”
“ဟုတ်တယ်၊ ကျွန်တောိတို့လည်း အဲဒီလိုပဲ ခံစားရတယ်”
အိုးဝေနှင့် ထုံလီက ပြန်ထူးသည်။
“အကြီးအကဲဝမ့်ယယ်က ဘယ်မှားပါ့မလဲ”
ချန်ကျန်းထောင်းက ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။
သူသည် ရွှီနင်နှင့် ထိုသူသုံးဦး၏ ဆက်ဆံရေးအတွက် စိုးရိမ်ခဲ့သော်လည်း ယခုတော့ အားလုံး အဆင်ပြေသွားပုံရသည်။
“ကောင်းပြီ၊ မင်းတို့ ဂိုဏ်းထဲကို ရောက်ပြီဆိုတော့ ဒီအတိုင်း ရပ်မနေနဲ့ဦး။ မင်းတို့ရဲ့ အရည်အချင်းတွေကို ထုတ်ပြပြီး လုပ်သင့်တာတွေကို လုပ်ကြစို့”
ချန်ကျန်းထောင်းက သူတို့ သုံးဦးကို ကြည့်လိုက်သည်။
“ကျွန်တော်ကတော့ အရင်ဆုံး ဒီအိမ်တော်ထဲမှာ ဝိညာဉ်စွမ်းအင် စိုက်ခင်းတစ်ခု ဖန်တီးပြီး ဝိညာဉ်ဆေးပင်တွေ စိုက်ပျိုးမယ်”
ရှောက်ရွှင်က ပြောလိုက်သည်။
“ကျွန်တော်ကတော့ နောင်တစ်ချိန်မှာ လူသားနယ်ပယ် တပည့်တွေ သုံးဖို့အတွက် လိုအပ်တဲ့ လက်နက်တွေကို သွန်းလုပ်မယ်”
အိုးဝေက ပြောလိုက်သည်။
“ငါကတော့ ဂိုဏ်းအတွက် ဆေးလုံးအချို့ ဖော်စပ်ပေးမယ်။ အခုလောလောဆယ် ငါတို့ဆီမှာ ဆေးလုံးတွေ မရှားသေးဘူး ဆိုပေမဲ့ ငါလည်း ဒီအတိုင်း ထိုင်မနေချင်ဘူးလေ”
ထုံလီက ပြုံးရင်း ပြောလိုက်သည်။
ချန်ကျန်းထောင်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ယန့်လုဂိုဏ်းမှာ လမ်းကြောင်းမှန်ပေါ်သို့ စတင် ပြန်ရောက်လာချေပြီ။