← Chapters

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း (၁-၂)

Vol. 1 Ch. 1-2

အခန်း(၁) အသင့်စား အမဲသားခေါက်ဆွဲ

လင်းရှီမြို့တွင် မြစ်ငယ်လေးတစ်စင်း ရှိပြီး ထိုမြစ်ငယ်လေးမှာ ဝူထုန်တောင်သို့ ကွေ့ကောက်ကာ စီးဆင်းနေသည်။

မြစ်ငယ်တစ်လျှောက် အပြာရောင် ကျောက်ခင်းလမ်းသွယ်လေး ရှိပြီး ထိုလမ်း၏ အဆုံး၌ ရိုးရှင်းသော မုန့်ဆိုင်အသေးလေး တစ်ဆိုင် ရှိ၏။

ထိုမုန့်ဆိုင်လေးကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ကြာအောင် ပိတ်ထားခဲ့သည့်အလား တစ်ခုတည်းသော ဆိုင်ဘုတ်လေးပေါ်၌ ဖုန်မှုန့်များ ကပ်ငြိနေ၏။

ဟွာကျွင်း သူမ၏ ညာဘက်လက်ဖြင့် ခရီးဆောင်အိတ်ကို တရွတ်တိုက် ဆွဲ၍ သွားနေရာ မညီညာ‌သော ကျောက်ခင်းလမ်းနှင့် သူမ၏ ခရီးဆောင်အိတ်မှ ဘီးလုံးတို့ ပွတ်တိုက်နေမှုကြောင့် တဒုတ်ဒုတ် အသံများလည်း ထွက်ပေါ်နေသည်။

သူမ၏ ဘယ်ဘက်လက်တွင်တော့ ဝါကျင့်ကျင့် မြေပုံလေးကို ကိုင်ကာ ပတ်ဝန်းကျင်အား ဂရုတစိုက် ကြည့်ရှူနေ၏။ နောက်ဆုံး၌ မုန့်ဆိုင်လေး၏ အပေါက်ဝသို့ ရောက်ရှိသွားတော့သည်။

“ဟူး၊ နောက်ဆုံးတော့ ရောက်ပြီ၊ အဘိုးရဲ့ မုန့်ဆိုင်ကလည်း တကယ့်ကို ချောင်ကလောင်မှာ ဖွင့်ထားရတယ်လို့၊ မြေပုံသာ မရှိရင် ရောက်မယ်တောင် မထင်ဘူး”

ဟွာကျွင်း သော့ထုတ်ကာ တခါးကို ဖွင့်လိုက်သည်။ ထိုအခိုက်၌ မုန့်ဆိုင်ငယ်လေး၏ အတွင်းပိုင်း အပြင်အဆင်ကို ဘွားခနဲ မြင်လိုက်ရတော့သည်။

ဆိုင်မှာ မီတာနှစ်ဆယ် ပတ်လည်မျှသာ ရှိ၏။ အတွင်းဘက် အကျဆုံး၌ ကောင်တာတစ်ခုနှင့် စားပွဲအနည်းငယ်သာ ရှိသည်။ ကောင်တာ အနောက်တွင်တော့ နံရံ၏ ဘေးတစ်ဖက်ကို ဖောက်ထားပြီး ဂတ်စ်မီးဖို၊ လျှပ်စစ်မီးဖိုနှင့် ပန်းကန်ခွက်‌ယောက် အစုံအနည်းငယ် တပ်ဆင်ထားသည်။ ထိုသည်မှာ မီးဖိုချောင်အသေးစားလေးပင်။

နံရံ၏ အခြားတစ်ဖက်တွင် ဒုတိယထပ်သို့ တက်နိုင်မည့် လှေကားတစ်ခု ရှိပြီး ဒုတိယ အထပ်တွင်တော့ အိပ်ခန်းငယ်လေး ရှိ၏။ ထိုအထဲတွင် ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံး ရှိသည့်အပြင် ပြတင်းပေါက်ငယ်လေးလည်း ရှိသေးသည်။

ဟွာကျွင်း အတော်လေး ကျေနပ်သွားရသည်။

မုန့်ဆိုင်လေးသည် သေးသော်ငြား ပစ္စည်းပစ္စယျ အစုံအလင် ရှိ၏။ ဟွာကျွင်း စိတ်မကောင်းရသည်မှာ သူမက ကျွမ်းကျင်စာဖိုမှူးတစ်ဦး ဟုတ်မနေခြင်းပင်။ သူမ ဤမုန့်‌ဆိုင်လေးသို့ လာသည့် အကြောင်းအရင်းမှာ နေစရာတစ်ခု လိုအပ်နေသောကြောင့်ပင်။

တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဟွာကျွင်း သူမ၏ မေဂျာဖြင့် အလုပ်အကိုင်တစ်ခု ရှာဖွေရန် ခက်ခဲကြောင်း သိလိုက်ရသည်။ မြို့ပြကြီးမှ နေထိုင်စားသောက်စရိတ်အား သူမ မတတ်နိုင်ပေ။

သူမ လမ်းပျောက်နေသည့်အချိန်မှာပင် မုန့်ဆိုင်လေး၏ ပိုင်ဆိုင်မှုစာချုပ်နှင့် သော့တစ်ချောင်းကို လက်ခံရရှိခဲ့သည်။

ဟွာကျွင်း ဆိုင်ငယ်လေး၏ နှစ်ထပ်လုံးကို သန့်ရှင်းရေးလုပ်ရန် အချိန်လေးငါးနာရီခန့် ပေးလိုက်ရသည်။ ထို့နောက် သူမ၏ ခရီးဆောင်အိတ်လေးကို ဖွင့်ကာ ပါလာသော ပစ္စည်းများကို နေရာချလိုက်ရာ အပြင်၌ ည‌မိုးချုပ်နေလေပြီ။

သူမ မီးအိမ်တစ်လုံးကို ဖွင့်၍ အမဲသား ခေါက်ဆွဲတစ်ပန်းကန် ပြင်လိုက်သည်။ ထို့နောက် ကွန်ပျူတာဖွင့်ကာ ခေါက်ဆွဲစားရင်း အလုပ်ရှာနေလိုက်သည်။

“ဒေါက်၊ ဒေါက်၊ ဒေါက်”

သစ်သားတံခါးထံမှ အသံထွက်လာပြီး နောက်တစ်စက္ကန့်မှာပင် တံခါး ပွင့်သွားသည်။ ထိုအခိုက် တံခါးဝတွင် အဘိုးအိုတစ်ဦး ပေါ်လာ၏။ သူကို ကြည့်ရသည်မှာ တုန့်ဆိုင်းနေသည့်ဟန်ပင်။

“ဆိုင်ရှင်လေးရေ၊ အားနာပါတယ်ကွယ်၊ စားဖို့ တစ်ခုခုများ ကျန်သေးလား မသိဘူး"

ဟွာကျွင်း သူမရှေ့မှ အဘိုးအိုကို ကြည့်နေမိသည်။ ထိုသူသည် မီးခိုရောင် ဆံပင်ရှည်ကြီးကို စည်းထားပြီး အဖာအစပ်များရှိသည့် ဖျင်ထည်အင်္ကျီကို ဝတ်ဆင်ထား၏။ ကျောဘက်တွင်လည်း ကြိမ်ခြင်းတောင်းအား လွယ်ထားသေးသည်။

‘ဒီနားမှာ ရိုက်ကူးရေးအဖွဲ့ ရှိတာ ထင်တယ်၊ ဒါဆို ဒီဦးလေးက ရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်နေတာလား’

“ဦးလေး ကျွန်မဆိုင်က မဖွင့်ရသေးဘူးရှင့်၊ အခုတော့ ကျွန်မမှာ အသင့်စား ခေါက်ဆွဲပဲရှိတယ်၊ ဦးလလေး အဆင်ပြေရင်တော့ တစ်ပွဲ ပြုတ်ပေးပါ့မယ်"

သူ အနည်းငယ် ရှုပ်ထွေးသွားပြီး ဟွာကျွင်း ပြောလိုက်သည့် စကားကို နားမလည်ပေ။ အဆင်ပြေလျှင်ဟူသည့် စကားကိုသာ နားလည်လိုက်၏။ သူ ခေါင်းအသာ ညိတ်ကာ ပြောလိုက်သည်။

“ဒါဆိုလည်း ကျေးဇူးပြုပြီး လုပ်ပေးပါဦး ဆိုင်ရှင်လေးရေ၊ ကျုပ်က အကုန်စားပါတယ်"

‘အတော်လေး ယဉ်ကျေးတာပဲ’

ဟွာကျွင်း လှည့်ထွက်သွားပြီး အသင့်စား ခေါက်ဆွဲတစ်ထုပ်ကို ဖောက်လိုက်သည်။ အဘိုးအို၏ ပင်ပန်းနေသည့် ပုံစံအား တွေးရင်း သူမ မီးဖိုချောင်းထဲသို့ သွားကာ လျှပ်စစ်မီးဖိုကို ဖွင့်၍ ခေါက်ဆွဲပြုတ်အား အိုးဖြင့် ပြုတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ ခေါက်ဆွဲပြုတ်၏ အမြင့်မားဆုံး စံနှုန်းပင်။ သုံးမိနစ်ခန့် ရေနွေးရောရုံ မဟုတ်သဖြင့် ပို၍ပင် စားကောင်းပေလိမ့်မည်။

သူမ ဦးစွာ ရေနွေးတစ်အိုး တည်လိုက်သည်။ ထို့နောက် ကြက်ဥဖောက်ထည့်ကာ ရေနွေးဆူ၍ ကြက်ဥအသင့်ဖြစ်ချိန်တွင် ခြောက်ဆွဲခြောက်ကို ထည့်လိုက်သည်။

ခေါက်ဆွဲနူးသွားချိန်၌ ဟွာကျွင်း ရေအချို့ကို ဖယ်ထုတ်လိုက်ပြီး ဟင်းခတ်အမှုန့်များ ထည့်တော့သည်။ ဟင်းခတ်မှုန့်များ ရေ‌နွေးအပူနှင့် ထိတွေ့မိချိန်တွင် ပျော်ကျသွားတော့၏။

ထို့နောက် ဟွာကျွင်း တူဖြင့် ညင်သာစွာ မွှေလိုက်၏။ ထိုအခါ သရေယိုစရာ အနံ့‌မွှေးမွှေးလေး သူမ၏ အနံ့ခံအာရုံကို လာရောက် ရိုက်ခတ်တော့သည်။ ဟွာကျွင်း ‌ခေါက်ဆွဲပြုတ်ကို ပန်ကန်လုံး အဖြူလေးထဲသို့ ထည့်ပြီး အဘိုးအို၏ ရှေ့တွင် ချပေးလိုက်သည်။

အဘိုးအို အတော်လေး ဆာလောင်နေသည်မှာ သိသာလှ၏။ သူ့မျက်လုံးများမှာ ဟွာကျွင်း၏ လက်ထဲမှ ပန်ကန်လုံး အပေါ်သို့သာ ကျရောက်နေသည်။

ဟွာကျွင်း ပြောလိုက်၏။

“ဦးလေး ခေါက်ဆွဲက ရပြီနော်၊ စားလို့ ရပြီရှင့်"

အဘိုးအို တခဏမျှ တုန့်ဆိုင်းသွားသည်။ သူ ခေါက်ဆွဲအလွတ်တစ်ပွဲသာ လိုချင်သော်လည်း ဆိုင်ရှင်လေးမှ ‌မမျှော်လင့်စွာဖြင့် အနံ့အရသာနှင့် ပြည့်စုံသော ခေါက်ဆွဲတစ်ပန်းကန် ချပေးလာသည်။ ထိုထဲတွင် ကြက်ဥပင် ပါသေး၏။

သူ ခေါင်းမော့ပြီး မဝံ့မရဲပြောလိုက်သည်။

“ဆိုင်ရှင်လေး ကျုပ်၊ ကျုပ်မှာ အဲလောက်ပိုက်ဆံမပါဘူး၊ ခေါက်ဆွဲဖိုးကို ကျုပ် မတတ်နိုင်ဘူး"

ဤမျှ ထူးဆန်း‌သော ခေါက်ဆွဲပန်ကန်လုံးကိုပင် သူ တစ်ခါမှ မမြင်ဖူးပေ။ သို့သော် သူ့အား ခေါက်ဆွဲပန်းကန်လုံးထဲမှ ‌သရေယိုစရာ အနံ့မှ ဈေးကြီးကြောင်း အသံတိတ် ပြောနေသည်။

ဟွာကျွင်း စိတ်မသက်မသာ ဖြစ်နေသည့် အဘိုးအိုကို ကြည့်ရင်း မနေနိုင်တော့ဘဲ သူမအဘိုးကို ပြန်ပြောင်း သတိရမိသွားရာ သူမ၏ နှလုံးသား ပျော့ပြောင်း သွားရတော့သည်။

"အဆင်ပြေပါတယ်ရှင်၊ ဒါက အလကားပါ၊ ဘာမှစိုးရိမ်ပါနဲ့၊ ဒီအတိုင်းသာစားလိုက်နော်"

“မဟုတ်၊ မဟုတ်တာကွယ်၊ အလကားတော့ မစားနိုင်ပါဘူး"

အဘိုးအို သူ၏လက်များကို အလျင်အမြန် ခါယမ်းလိုက်သည်။

“ရပါတယ်ဆို၊ ခေါက်ဆွဲက ပြုတ်ပြီးသွားပြီလေ၊ ဦးလေးသာမစားရင် အလကားဖြစ်သွား လိမ့်မယ်နော်"

ဟွာကျွင်း ထိုသို့ပြောပြီး ကောင်တာသို့ ပြန်သွားကာ အဘိုးအို အေးဆေးစားနိုင်ရန် တစ်ယောက်တည်း ထားခဲ့လိုက်သည်။

အဘ်ိုးအို တုန့်‌ဆိုင်းစွာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် အသားမာတက်နေသော လက်များဖြင့် တူကို ကိုင်ကာ ပါးစပ်အပြည့် ခေါက်ဆွဲတစ်လုတ် ထည့်လိုက်သည်။

သူ နတ်သုဒ္ဓါကို စားနေသည့်အလား အားရပါးရ စားလိုက်သည်။ သူ့ပါးစပ်ထဲသို့ ခေါက်ဆွဲပူပူ ဝင်သွားသည်နှင့် ‌သူ၏ အရသာခံဖုလေးများကို ထိခတ်သွားသည်။

‘ကောင်းလိုက်တာ’

အဘိုးအို ဤကဲ့သို့ အရသာရှိလှသော အရာကို မစားဖူးပေ။ သူ မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တစ်လုတ်ပြီးတစ်လုတ် စားတော့သည်။ သူ လုံးဝကို မရပ်တန့်နိုင်တော့ဘဲ နောက်ဆုံး ခေါက်ဆွဲအမျှင်ကို စားပြီးနောက် ပန်ကန်လုံးကို မကာ အရည်အားလုံးကို သောက်ချလိုက်သည်။

သူ ဟွာကျွင်းကို ထပ်မံ ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးမှာ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။

“ကျေးဇူးတင်ပါတယ် ဆိုင်ရှင်လေး၊ ကျုပ် ဘဝမှာ ဒီလောက် ကောင်းတာမျိုး မစားဖူးဘူး၊ ဒါပေမဲ့ ကျုပ်မှာ ကြေးပြားတော့ အလုံအလောက် ပါမလာဘူး"

ထို့နောက် သူ ကြေးပြားနှစ်ပြားကို ထုတ်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်၏။ ထို့နောက် သူ၏ ခြေထောက်နားမှ ကြိမ်ခြင်းကို ကုန်းပြီး ကောက်လိုက်သည်။

“ ဒါတွေက ကျုပ်ကိုယ်တိုင် စိုက်ထားတဲ့ မုန်လာဉဖြူတွေလေ၊ ဒီနေ့ပဲ ဈေးမှာ သွားရောင်းရင်း ကျန်‌ခဲ့တာ၊ ဒါတွေကို ခေါက်ဆွဲဖိုးအနေနဲ့ ပေးလို့ရမလား၊ ဘယ်လောက် ထပ်ပေးရမလဲတော့ မသိဘူး"

ဟွာကျွင်း လက်မခံနိုင်ပေ။ သူမ လက်ခါပြလိုက်သည်။

“ခေါက်ဆွဲတစ်ပန်းကန်ပါပဲ ဦးလေးရယ်၊ ပေးနေဖို့ မလိုပါဘူး"

သို့သော် အဘိုးအို၏ တောင်းဆိုမှုကြောင့် မုန်လာဥဖြူကြီးလေးလုံးကို ယူလိုက်ပြီး သူမ၏ ပထမဆုံးဖောက်သည်ကို လိုက်ပို့ရန် တံခါးဝသို့ လျှောက်လာ၏။

ခါးကိုင်းကိုင်းဖြင့် အဝေးသို့ ပျောက်ကွယ်သွားသည့် အဘိုးအိုကို ကြည့်ရင်း ဟွာကျွင်း သူမ၏ အဘိုးဟွာကို သတိရသွားရာ သူမ၏ မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များ ယှက်သန်းလာသည်။

ဟွာကျွင်း ရှေ့မှ လမ်းသွယ်လေးသည် နေ့ခင်းကနှင့်‌ မတူတော့ဘဲ ပြောင်းလဲသွားသည်ကို သတိမပြုမိပေ။ လမ်းမီးတိုင်များ ပျောက်ကွယ်သွားပြီး မြေသားလမ်းကို လရောင်ဖျော့ဖျော့မှ အလင်းပေးထား၏။

သူမ ဆိုင်ထဲသို့ ပြန်ဝင်လာပြီး စားပွဲရှင်းကာ အဖိုအိုချန်ခဲ့သော ကြေးပြားနှစ်ပြားကို ယူလိုက်သည်။ သူမ လမ်းတွင် တွေ့ခဲ့သည့် ရှေးဟောင်းပစ္စည်းဆိုင်ကို သတိရသွားပြီး အားမှ သွားမေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

—

နောက်တစ်နေ့တွင် ဟွာကျွင်း စောစော နိုးလာပြီး ဆိုင်တံခါးကို ဖွင့်လိုက်သည်။ ဈေးဆိုင်များမှာ ဖွင့်နေကြလေပြီ။

အပြာရောင် ကျောက်ခင်းလမ်းလေးသည် အသီးအရွက်တန်းနှင့် တူ၏။ ဟွာကျွင်း လမ်းတစ်လျှောက်တွင် အသီးအရွက် ဆိုင်များနှင့် အသားဆိုင် အနည်းငယ်ကို တွေ့ခဲ့သည်။

သူမ ကျောက်ခင်းလမ်း တစ်လျှောက် လည်ပတ်ရင်း ဆန်၊ ခေါက်ဆွဲ၊ ဘန်းမုန့်နှင့် ဖက်ထုပ်အချို့ကို ဝယ်လိုက်သည်။

အဖိုအိုးထံမှ ရခဲ့သော မုန်လာဥဖြူကြီးများကို သတိရသွားပြီး ဝက်ခြေထောက်နှစ်ချောင်း ထပ်ဝယ်လိုက်သည်။

နေ့လည်စာအတွက် ဝက်ခြေထောက်စတူး၊ မုန်လာဥစွပ်ပြုတ်နှင့် ညစာအတွက် ဝက်ရိုးခေါက်ဆွဲ ချက်ရန် ပြင်လိုက်သည်။ ဤဟင်းအမယ်များသည် သူမတစ်နပ်စာတော့ လောက်ငှပါ၏။

သို့သော် ဟွာကျွင်း စိုးရိမ်နေဆဲပင်။ သူမ၏ အိတ်ထဲ၌ ယွမ်(၃၀၀၀)ထက် နည်းနေလေပြီ။ အလုပ်တစ်ခုသာ ရှာမတွေ့ပါက သူမ ငတ်ပေတော့မည်။

ဟွာကျွင်း မုန့်ဆိုင်လေးသို့ ပြန်လာလိုက်ပြီး မုန်လာဥဖြူနှင့် ဝက်ရိုးများကို ဆေးကြောကာ မြေအိုးကြီးတစ်လုံးအား ရှာ၍ အရိုးများနှင့် ခြံနောက်မှ တွင်းရေ ထည့်လိုက်သည်။ ထို့နောက် မီးအေးအေးဖြင့် တည်ထားလိုက်၏။

ဟွာကျွင်း အလုပ်များနေစဉ် အပြင်ဘက်တွင် စည်ကားသိုက်မြိုက်နေသည်။ သူမ ဤနေရာလေးကို သဘောကျသွားတော့သည်။

မုန့်ဆိုင်စီးပွားရေးလေးသာ အဆင်ပြေသွားပါက ဤနေရာ၌ အခြေချရမည်မှာလည်း မဆိုးလှပေ။

အရိုးများကို တစ်နာရီကျော်ကြာ ပြုတ်ပြီးနောက် ဟွာကျွင်း လှီးဖြတ်ထားသော မုန်လာဲဖြူများကို ထည့်လိုက်သည်။ မုန်လာအနံ့မှာ လျင်မြန်စွာ ထွက်ပေါ်လာပြီး ဝက်ခြေထောက်ရိုးမှ အသားနံ့နှင့် ပေါင်းစပ်သွား၏။ အရသာမှာကား အံ့မခန်းပေ။

အဖိုအိုချန်ခဲ့သော မုန်လာဥဖြူများမှာ အရသာ ကြွယ်ဝပြီး လတ်ဆတ်လှသည်။ ဟင်းခတ်အမွှေးအကြိုင်များ ထပ်ပေါင်းထည့်နေရန်ပင် မလိုတော့ချေ။

ဟွာကျွင်း စားတော့မည့်အချိန်မှာပင် မုန့်ဆိုင်ငယ်လေးထဲသို့ အဒေါ်ကြီး တစ်ယောက် ဝင်လာ၏။

အခန်း(၂) မုန်လာ ဝက်ရိုးစွတ်ပြုတ်

“ ဟယ်၊ သမီးရဲ့ မုန်လာဥဖြူကြီးတွေက လတ်ဆတ်လှချည်လား"

သူမ မြေအိုးထဲမှ ဝက်ရိုးများကို တစ်ချက် ကြည့်ပြီး ဘေးက မသုံး‌ရသေးသော မုန်လာဥဖြူများကို ကောက်ယူ၍ နမ်းရှုံ့ကြည့်လိုက်သည်။

“ သမီး ဒါတွေကို ဘယ်က ဝယ်လာတာလဲ"

ဟွာကျွင်း ပြန်ဖြေလိုက်၏။

"ဝယ်လာတာ မဟုတ်ဘူးရှင့်၊ အသိတစ်ယောက် လက်ဆောင်ပေးသွားတလေ"

“ ဒီမှာ နှစ်ခုတော့ ကျန်သေးတယ်၊ အဒေါ့်ကို ရောင်းလိုက်ပါလား၊ ဒီနေ့ အိမ်ပြန်ရင် စွပ်ပြုတ်လေး ချက်ချင်လို့"

အမျိုးသမီးကြီး အတင်း ဝယ်ယူရန် ကြိုးစားလိုက်သည်။

ဤအခြေအနေမျိုးမှာ ဟွာကျွင်း ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။ သူမ တုန့်ဆိုင်းစွာ ပြန်ဖြေလိုက်၏။

“ ဒါပေမဲ့ ကျွန်မ၊ ကျွန်မ ဘယ်ဈေးနဲ့ ရောင်းရမလဲ မသိဘူး “

“ဟယ်၊ သမီးကိုသမီး ပြန်ကြည့်အုံး၊ ဆိုင်ဖွင့်ထားပြီး ရောင်းဈေးကို မသိဘူးလား၊ ဒါဆို ဒီလိုလုပ်၊ အဒေါ်တို့ လူအိုကြီးလျူရဲ့ အရွက်ဆိုင်က မုန်လာဥဖြူဈေးအတိုင်း လုပ်ကြတာပေါ့၊ နှစ်ခုကို ယွမ်နှစ်ဆယ်နဲ့ ရောင်းလိုက်”

ဟွာကျွင်း သူမကိုယ်တိုင်လည်း မသိသည့်အတွက် ခေါင်းအသာ ညိတ်လိုက်၏။

ငွေပေးချေပြီးနောက် အမျိုးသမီးကြီးမှ ထည့်ရန် အိတ်ပင် တောင်းမနေတော့ဘဲ မုန်လာဥဖြူများကို အဝတ်အိတ်ထဲသို့ ထည့်ကာ အဝေးသို့ ထွက်သွားတော့သည်။

ဟွာကျွင်း သူမ ထွက်ခွာသွားသည်ကို ငေးကြောင်ကြည့်လျက် ကျန်ခဲ့သည်။

‘ ထူးဆန်းလိုက်တာ၊ ငါ မနက်အစောကြီး ယွမ်(၂၀)ကို မထင်မှတ်ဘဲ ရလိုက်တယ် ‘

ညနက်လာချိန် လမ်းသွယ်လေးသည်လည်း ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ဟွာကျွင်း အပေါ်ထပ်တက်ပြီး အနားယူရန် ပြင်လိုက်စဉ် မုန့်ဆိုင်လေး၏ တံခါး ပွင့်လာတော့သည်။

ဆိုင်ထဲသို့ လူတစ်ဦး ဝင်လာကာ ယမန်နေ့မှ အဘိုးအိုပင်။ ထိုသူမှာ ချီတုံချတုံဖြင့် အထဲသို့ ဝင်လာ၏။

မနေ့ညက စားခဲ့ရသော ခေါက်ဆွဲမှာ သူ့ဘဝတွင် စားခဲ့ဖူးသမျှထဲ အကောင်းဆုံးပင်။ သူ အိမ်ပြန်ရောက်သည့်အခါ၌ပင် ခေါက်ဆွဲရနံ့မှာ သူ့‌နှာခေါင်း၌ ရစ်ဝဲနေသေး၏။

သူ့ဇနီးပင် အနံ့ရသွားသည်။ ထို့နောက် သူကြုံခဲ့ရသော ကိစ္စကို ပြန်ကြားသိရပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မွှေးလိုက်တဲ့ခေါက်ဆွဲ၊ ဒီလိုခေါက်ဆွဲမျိုးကို ရှင်က ဆိုင်ရှင်ကို ကြေးပြားနှစ်ပြားပဲ ပေးခဲ့တာလား၊ သိပ်မသင့်‌တော်ဘူးနော်”

အဘိုးအိုလည်း ထိုအခါမှ နောင်တရသလို ခံစားလိုက်ရသည်။ သူပေးခဲ့သည့်ငွေမှာ နည်းလွန်းသည်ပင်။ သူ တစ်ဘဝလုံး ရိုးသားဖြောင့်မတ်စွာ နေထိုင်လာခဲ့ပြီး ယခုအခါ သူ့စိတ်ထဲတွင် စိတ်ခုစရာ ရှိလာ၏။ ထို့ကြောင့် သူ တစ်ညလုံး အေးအေးချမ်းချမ်း မအိပ်နိုင်တော့ဘဲ လူးလိမ့်နေမိတော့သည်။

နောက်တစ်နေ့တွင် သူ အလုပ်များ လျင်မြန်စွာ လုပ်ပြီးနောက် မုန့်ဆိုင်လေးထံသို့ ပြန်ရောက်လာခဲ့သည်။

ဟွာကျွင်း ထိုလူကို မှတ်မိသွားပြီး အံ့ဩစွာ ပြောလိုက်သည်။

“ဦးလေး အချိန်မှန်ရောက်လာတာပဲ၊ ရှင် မနေ့က ချန်ခဲ့တဲ့ မုန်လာဥဖြူတွေ‌က ရောင်းထွက်သွားတယ် “

အဘိုးအို လက်ယမ်းပြကာ ပြောလေသည်။

“အာ၊ အဲဒီမုန်လာဥဖြူတွေက အိမ်စိုက်တွေလေ၊ သူတို့က အရမ်း တန်ဖိုးမရှိပါဘူး”

ထို့နောက် သူ အဝတ်အိတ်ကို ကမ်းပေးလိုက်သည်။

“ဒီမှာ တောရိုင်းသစ်အယ်သီးတွေ ရှိတယ်၊ အဘိုးရဲ့မြေးလေး တောင်ပေါ်ကနေ ခူးလာတာ၊ ကျေးဇူးပြုပြီး လက်ခံပေးပါ “

ဟွာကျွင်း သစ်အယ်သီးမစားရသည်မှာ ကြာလှပြီပင်။ သို့ဖြစ်၍ သူမ အဝတ်အိတ်ကို လက်ခံလိုက်သည်။

‘ဘုရားရေ၊ လေးလိုက်တာ၊ တစ်ဆယ်ကတ်တီလောက် ရှ်ိမယ် ထင်တယ် ‘

“ဦးလေး စားပြီးပြီလား၊ ကျွန်မ ခေါက်ဆွဲတစ်ပွဲ ပြင်ပေးမယ်လေ၊ ဒီနေ့ မုန်လာဉ စွပ်ပြုတ် ခေါက်ဆွဲစားမလား”

ဟွာကျင်း စွပ်ပြုတ်ရည်ကို ‌မီးအေးအေးဖြင့် ချက်ထားပြီး မူလက မနက်ဖြန်အတွက် မနက်စာစားရန် ချန်ထားခြင်းပေ။

“အို ကောင်းတာပေါ့၊ ကျေးဇူးတင်ပါတယ် ဆိုင်ရှင်လေးရေ “

ထိုသို့ပြောပြီးနောက် သူ နောင်တရသွားသည်။ သူ ဤနေရာသို့ ထပ်လာရခြင်းမှာ ဆိုင်ရှင်ကို ကျေးဇူတင်ရန် ဖြစ်သော်လည်း စွပ်ပြုတ်နံ့ သင်းသင်းလေးကြောင့် သရေယိုလာသည်။

‘ ဒီနေ့ရော ခေါက်ဆွဲအတွက် ဘယ်လောက် ပေးရမလဲ ‘

ဟူး…

အဘိုးအို သက်ပြင်းချကာ ဆိုင်ထောင့်တစ်နေရာသို့ လျှောက်လာသည်။

ဟွာကျွင်း မီးဖိုချောင်ထဲသို့ လျှောက်ဝင်သွားပြီး ရေနွေးတစ်အိုးတည်ကာ မ‌နက်က ဝယ်ခဲ့သော ခေါက်ဆွဲခြောက်ကို ယူ၍ ထည့်လိုက်၏။ ခေါက်ဆွဲနူးသွားသောအခါ ဆယ်ယူလိုက်ပြီး ရေအေးအေးဖြင့် ဆေးကာ ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။

ထိုလုပ်ငန်းစဉ် ပြီးဆုံးသွားချိန် ခေါက်ဆွဲသားများမှာ တစ်ခုနှင့်တစ်ခု ကပ်တွယ်နေခြင်း မရှိတော့ဘဲ အမျှင် တစ်မျှင်ချင်းစီမှာ စေးပိုင်ကျစ်လျစ်လျက် ဝါးကောင်းသော အနေထားသို့ ရောက်သွားသည်။

ပဲငံပြာရည် အကြည်အနည်းငယ်၊ ဆားနှင့် ကြက်သွန်မြိတ်များကို ပန်းကန်လုံးထဲသို့ ထည့်လိုက်၏။ ထို့နောက် ဟွာကျွင်း ပန်းကန်လုံးအား မီးဖိုသို့ သယ်ဆောင်သွားပြီး ဟင်းရည်တစ်ယောက်စာကို ခပ်ယူလိုက်ကာ ဝက်ရိုးတစ်တုံးနှင့် မုန်လာဥဖြူ အနည်းငယ်ကိုပါ ထည့်ပေးလိုက်သည်။

ဝက်ရိုးနှင့်အတူ ချက်ပြုတ်ထားသော မုန်လာဥဖြူမှာ တစ်နေကုန် မီးအေးအေးဖြင့် တည်ထားခြင်း ဖြစ်၏။ ဝက်ရိုးမှ အသားမျှင်လေးများမှာ အသာအယာ ကိုက်နိုင်အောင် နူးညံ့နေပြီး ပါးစပ်အတွင်း၌ပင် အရည်ပျော်သွားနိုင်သောကြောင့် သက်ကြီးရွယ်အိုများနှင့် အထူးပင် သင့်လျော်လှပေသည်။

ဝက်ရိုးစွပ်ပြုတ်ရည်များ စိမ့်ဝင်နေသည့် မုန်လာဥဖြူမှာတော့ တစ်ကိုက် ကိုက်လိုက်သည်နှင့် စွပ်ပြုတ်ရည်များမှာ ပန်းထွက်လာပြီး မွှေးကြိုင်သော ရနံ့မှာလည်း တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။

ပူနွေးသော စွပ်ပြုတ်ရည်သည် ပဲငံပြာရည်အကြည်နှင့် ကြက်သွန်မြိတ်တို့၏ ရနံ့ကို ပိုမိုပေါ်လွင်စေပြီး အစပ်အဟက် တည့်လေရာ ခေါက်ဆွဲတစ်ပန်းကန်မှာ အဘိုးအိုအတွက်မူ အလွန်ပင် ဆွဲဆောင်မှုရှိနေ၏။ တိတ်ဆိတ် ငြိမ်သက်နေသော ဆိုင်ကလေးအတွင်း၌ အဘိုးအို၏ ခေါက်ဆွဲစားသံမှတစ်ပါး အခြား မည်သည့်အသံမှ မရှိတော့ပေ။

“ဘဝမှာ ဒီလောက်ကောင်းတဲ့ ခေါက်ဆွဲကို စားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

အဘိုးအို ပန်းကန်လုံးကို ချလိုက်ပြီး အင်္ကျီလက်ဖြင့် ပါးစပ်ကို သုတ်ကာ သက်ပြင်းချလိုက်သည်။

နှစ်သစ်ကူးကာလတွင် သူ ဝက်သား ဝယ်ယူခဲ့ဖူးသော်လည်း ဤဝက်သားမှာတော့ ထူးခြားလှပြီး ညှီနံ့ဟူ၍ အနည်းငယ်မျှပင် မရှိချေ။ ထို့အပြင် တစ်နေကုန် မီးအေးအေးဖြင့် ချက်ထားခြင်းကြောင့်လည်း အရသာမှာ တကယ့်ကို ကောင်းမွန်လွန်းလှသည်။ စကားပြောဆိုပြီးနောက် သူ ကြေးပြားငါးပြားကို ထုတ်ယူပြီး စားပွဲပေါ်သို့ ဂရုတစိုက် တင်လိုက်သည်။

“ဦးလေး၊ ကျွန်မက ဦးလေးပေးတဲ့ သစ်အယ်သီးတွေကို လက်ခံထားပြီးပြီပဲလေ။ ဘယ်လိုလုပ်ပြီး ပိုက်ဆံ ထပ်ယူရမှာလဲ”

ဟွာကျွင်း ပြောလိုက်၏။ ထို့အပြင် သူမအနေဖြင့် ဤကြေးပြားများကို မည်သို့မှ အသုံးပြုနိုင်မည်လည်း မဟုတ်ပေ။

အဘိုးအို ငြင်းလိုက်သည်။

“အဲ့ဒီ သစ်အယ်သီးတွေက တန်ဖိုးရှိလှတာ မဟုတ်ပါဘူး၊ တောင်ပေါ်ကနေ ကောက်လာတာတွေပါ”

သူတို့နှစ်ဦး အပြန်အလှန် ငြင်းခုံနေကြစဉ် ဆိုင်အတွင်းသို့ လူသုံးဦး ထပ်မံဝင်ရောက်လာသည်။

“ကြည့်လိုက်အုံး၊ ဒီနေ့တော့ ရှားရှားပါးပါး မြင်ဖူးပြီ၊ ကြေးပြားငါးပြား ယူဖို့ကိုတောင် အချင်းချင်း အားနာနေကြတာပဲ”

ထိုထဲမှ တစ်ဦးက ဆိုသည်။ ဟွာကျွင်း ဝင်ရောက်လာသူများဘက်သို့ လှည့်ကြည့်လိုက်ရာ မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။ သူမ ပန်းရောင်ဖျော့ဖျော့ ‌ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် ဖြူဖွေးသောအသားအရေမှာ ပေါ်လွင်နေသည်။

နောက်ကျောဘက်တွင် ဆံနွယ်ရှည်များကို အသာအယာ စည်းနှောင်ထားသောကြောင့် အလွန်ပင် လှပနေ၏။ ထို့အပြင် မောက်မာသော အရိပ်အယောင်ဖြင့် မေးစေ့ကို အနည်းငယ် မော့ထားပြီး သူမ၏ အနောက်တွင်မူ ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင် အမျိုးသားနှစ်ဦး ရှိနေသည်။ ဟွာကျွင်း ဇဝေဇဝါ ဖြစ်သွားပြီး အနီးအနားတွင် လည်ပတ်စရာ နေရာများရှိနေ၍လား သို့မဟုတ် ဓာတ်ပုံရိုက်ရန် လာခြင်းလားဟု တွေးလိုက်မိသည်။

ထိုမိန်းကလေးလည်း ဟွာကျွင်းကို အကဲခတ်လိုက်၏။

“ရှင့်ရဲ့ ဝတ်စုံက ထူးဆန်းလိုက်တာ၊ ထားပါတော့၊ ကျွန်မဗိုက်ဆာနေပြီ၊ ဆိုင်မှာ ဘာစားစရာတွေ ရှိလဲ”

မိန်းကလေး မေးလိုက်သည်။ ဟွာကျွင်း အင်္ကျီအကွက်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသော မိမိကိုယ်မိမိ ပြန်လည်ကြည့်ရှုကာ ထူးဆန်းနေသလားဟု တွေးတောလိုက်မိသည်။

“စိတ်မရှိပါနဲ့ရှင့်၊ ဆိုင်က အခုမှ ဖွင့်ဖို့ ပြင်ဆင်နေတုန်းမို့လို့ ရောင်းဖို့ မစရသေးပါဘူး”

ဟွာကျွင်း ပြန်ဖြေလိုက်သည်။

မိန်းကလေး မျက်မှောင်ကြုတ်ကာ အဘိုးအိုကို ညွှန်ပြလိုက်သည်။

“လာလိမ်မနေနဲ့၊ မရောင်းသေးရင် သူက ဘယ်လိုလုပ်ပြီး စားနေတာလဲ”

သူမနောက်မှ အမျိုးသားမှ ဓားရိုးကို ကိုင်ဆုပ်ကာ ရှေ့သို့ တစ်လှမ်းတက်၍ ခက်ထန်စွာ ပြောသည်။

“မြန်မြန် စားစရာပြင်ပေးစမ်း”

ဟွာကျွင်း နှုတ်ခမ်းကို တွန့်လိုက်မိသည်။ ဤသူများမှာ ပြဇာတ် ကပြနေခြင်းလော သို့မဟုတ် သူမကသာ အရူးများနှင့် တွေ့နေခြင်းလောဟု တွေးတောပြီး စိတ်ပျက်သွားသော်လည်း မိန်းကလေးကို အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

“ခေါက်ဆွဲတော့ ကျန်သေးတယ် စားမလား၊ မစားချင်ရင်တော့ ရှေ့ကို နည်းနည်း ထပ်လျှောက်သွားလိုက်ပါ၊ တခြားဆိုင်တွေ ဖွင့်ထားတာ ရှိပါလိမ့်မယ်”

ထိုအခါ မိန်းကလေး ပြန်ပြောလာ၏။

“ကျွန်မတို့ လမ်းတစ်လျှောက်လုံး လာခဲ့တာ ရှင့်ဆိုင်တစ်ဆိုင်ပဲ တွေ့တယ်၊ ညနက်နေတော့ ဆိုင်တွေ မဖွင့်ကြတော့ဘူး၊ ရှင့်ရဲ့ ခေါက်ဆွဲက အနံ့လေး မွှေးသားပဲ၊ အဲဒါပဲ စားတော့မယ်”

“ဒါဆို သုံးပန်းကန်လား”

ဟွာကျွင်း ပြန်မေးလိုက်သည်။ မိန်းကလေး မည်သည်ကိုမှ ထပ်မပြောတော့ဘဲ ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်သည်။

ဟွာကျွင်း မီးဖိုချောင်အတွင်းသို့ ဝင်တော့မည့်ဆဲဆဲတွင် တံခါးဝဆီသို့ ယိုင်တိုင်တိုင် သွားနေသော အဘိုးအိုကို တွေ့မြင်လိုက်သဖြင့် တစ်စုံတစ်ခုအား စဉ်းစားမိကာ လှမ်းခေါ်လိုက်သည်။ ထို့နောက် သူမ အိတ်အတွင်းမှ ယုန်ဖြူနို့သကြားလုံး တစ်ဆုပ်ကို ထုတ်ယူကာ အဘိုးအို၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

“အဘိုး၊ ဒီသကြားလုံးတွေကို အိမ်ယူသွားပြီး အဘိုးရဲ့ မြေးလေးကို ကျွေးလိုက်ပါဦး”

အဘိုးအို သကြားလုံးများကို လက်နှစ်ဖက်ဖြင့် လှမ်းယူကာ သူမကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ပြော‌‌လေသည်။

ဟွာကျွင်းသည် သာမန် အင်ဂျင်နီယာ ကျောင်းသူတစ်ဦး ဖြစ်ပါလျက်နှင့် ဤသို့ မုန့်ဆိုင်လေးကို စတင်ဖြစ်လိမ့်မည်ဟု တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။

ဤခေါက်ဆွဲသုံးပန်းကန်မှာ ရှိသမျှ ဝက်ရိုးစွပ်ပြုတ်ရည်များကို အကုန်အစင် သုံးလိုက်ရခြင်း ဖြစ်ရာ သူမအနေဖြင့် အနည်းငယ် နှမြောတသ ဖြစ်မိသော်လည်း ထိုလူသုံးဦးမှ ခေါက်ဆွဲများကို အရသာရှိလှသော စားဖွယ်ကောင်းတစ်ခုကဲ့သို့ အငမ်းမရ စားသုံးနေကြသည်ကို မြင်တွေ့ရသည့်အခါ သူမ၌ တစ်ခါမှ မခံစားဖူးသော အောင်မြင်သည့် ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

‘ငါက တကယ်ပဲ ချက်ပြုတ်တဲ့နေရာမှာ ပါရမီရှိနေတာလား’

ဗိုက်ထဲသို့ ခေါက်ဆွဲများ ရောက်ရှိသွားပြီးနောက် မိန်းကလေး၏ မျက်နှာမှာ သိသိသာသာ ကြည်လင်လာသည်။

“နင့်ခေါက်ဆွဲက တကယ် ကောင်းတာပဲ၊ ငါတို့အိမ်က စားဖိုမှူးတွေ ချက်တာထက်တောင် အများကြီး ပိုအရသာရှိသေးတယ်”

စားဖိုမှူးများပင် ထားရှိနိုင်သည် ဖြစ်ရာ သူဌေးအိမ်မှ ဖြစ်ရမည်ဟု ဟွာကျွင်း တွေးလိုက်မိသည်။ မိန်းကလေး နံဘေးရှိ အမျိုးသားကို အချက်ပြလိုက်ရာ ထိုသူသည် ရင်ဘတ်ထဲမှ ငွေစတစ်စကို ထုတ်ယူ၍ စားပွဲပေါ်သို့ တင်လိုက်သည်။ ပထမတွင် ကြေးပြား၊ ယခုမူ ငွေစ ဖြစ်နေသဖြင့် ဟွာကျွင်း လုံးဝကို ဇဝေဇဝါ ဖြစ်သွားရသည်။

သူမ စမ်းသပ်သည့်အနေဖြင့် မေးမြန်းကြည့်သည်။

“အင်ပါယာ ကျောက်စိမ်းဝိုင်ရော ချက်တတ်လား”

မိန်းကလေးမှ နားမလည်ဟန်ဖြင့် ပြန်လည်မေးမြန်းလိုက်သည်။

“နင့်ဆိုင်မှာ ဝိုင်လည်း ရောင်းတာလား၊ အင်ပါယာကျောက်စိမ်းဝိုင်ဆိုတာ နန်း‌တော်ကို ဆက်သရတဲ့ ဝိုင်လား”

ဟွာကျွင်း အနည်းငယ် ကြောက်ရွံ့လာမိသဖြင့် စကားစမြည် ပြောဟန်ဆောင်ကာ မေးလိုက်သည်။

“ရှင်တို့က ဘယ်ကလာတာလဲ၊ ဘာလို့ အခုချိန်ကြီးအပြင်မှာ ရောက်နေတာလဲ”

မိန်းကလေး ပြန်ဖြေသည်။

“ဒီနေ့ တောင်ပေါ်က လော့ရှဘုရားကျောင်းကို လာတာလေ၊ ကျွန်မ အဖေ့အတွက် ဆုတောင်းပေးဖို့၊ ဒါပေမဲ့ အပြန်လမ်းမှာ မိုးမိမယ်လို့ မထင်လိုက်ဘူး၊ မိုးက အရမ်းသည်းတော့ ကျွန်မတို့လည်း နောက်ကျသွားရော “

‘ ဒီနေ့က နေသာနေတာကြီးကို၊ ဘယ်က မိုးတွေ သည်းနေတာလဲ၊ ပြီးတော့ တောင်ပေါ်က ဘုရားကျောင်းကိုလည်း မကြားဖူးပါဘူး ‘

All Chapters