← Chapters

မာန်စွမ်းအားရှင်တို့ရဲ့ ကျင့်ကြံခြင်း တောင်တန်း

Vol. 6 Ch. 73

မာန်စွမ်းအားရှင်တို့ရဲ့ ကျင့်ကြံခြင်း တောင်တန်း

Vol. 6 Ch. 73

လေ့ချန် ထွက်ခွာ သွားချိန်မှာ အကြီးအကဲနဲ့ စုမင်တို့ပဲ အခန်းထဲမှာ ကျန်ခဲ့တယ်။ အကြီးအကဲ အခန်းထဲကို ဝင်လာတာ မြင်တာနဲ့ စုမင် မတ်တတ် ရပ်လိုက်တယ်။ သူ့အရမ်း စိတ်လှုပ်ရှား နေတယ်။ စမ်းသပ်ပွဲ ပထမအဆင့်က သူ့လုပ်ဆောင်ချက်တွေကို အကြီးအကဲအနေနဲ့ သဘောကျရဲ့လား ဆိုတာကို သူမသိဘူး။

သူ့စိတ်တွေ ယောက်ယက်ခတ် နေချိန်မှာ အကြီးအကဲ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။ သူက အရှေ့က ပင်ပန်း နွမ်းနယ်နေပုံပေါ်နေတဲ့ စုမင်ကိုကြည့်လို့ ထိုင်လိုက်တယ်။ သန့်ရှင်း ချောမောလှတဲ့ မျက်နှာပေါ်က ငယ်ရွယ်နုပျိုမှုကို ကြည့်လိုက်ချိန်မှာ အတိတ်ကို သတိရ လွမ်းဆွတ် မိသွားတယ်။

“မင်း ရင့်ကျက်လာပြီ… ငါ့ဘေးမှာ လာထိုင်ပါဦး" လို့ ခဏအကြာမှာ အကြီးအကဲက စကားဆိုတယ်။

“အကြီးအကဲ” စုမင် ဝင်ထိုင်လိုက်တယ်။ အကြီးအကဲ မျက်နှာပေါ်က အရေး အကြောင်းတွေဟာ များလာတယ်လို့ ထင်ရတယ်။ ဖြတ်သန်း ကုန်ဆုံးခဲ့တဲ့ အချိန်ကာလတွေရဲ့ အမှတ်အသားတွေဟာ ဒီလူရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေ အများကြီး ရှိကြောင်း ဖော်ပြနေသယောင်။

“စမ်းသပ်ပွဲ ပထမအဆင့်မှာ မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်” အကြီးအကဲဟာ စုမင်ခေါင်းကို ပုတ်လို့ ပုလင်းငယ်လေးကို ထုတ်ယူပြီး စုမင်ကို ပေးလိုက်တယ်။

“ရုပ်နယ်လွန်အဆင့်က မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ မာန်သွေးသုံးစက်၊ ဒီပုလင်းအထဲမှာ ရှိတယ်။ မင်း သေသေချာချာ သိမ်းထားပါ။ အချိန်ကျလာတဲ့အခါ၊ မင်းအတွက် အထောက်အပံ့ကောင်း ဖြစ်လာမယ်။ ဒါဟာ မင်းကို ငါကူညီနိုင်တာ အကုန်ပဲ…” စုမင်ကို ကြည့်နေတဲ့ အကြီးအကဲရဲ့ မျက်လုံးထဲမှာ ငယ်သေးတဲ့ စုမင်အနေနဲ့ နားမလည်နိုင်တဲ့ အကြည့်တစ်ခု ရှိနေတယ်။

“ရုပ်နယ်လွန်အဆင့်ရဲ့ မာန်စွမ်းအားရှင် အသွေးကို စုပ်ယူနိုင်မယ့် နည်းလမ်းက လွယ်ကူတယ်။ မှောင်မိုက် သွေးမှုန်မန္တန်ကိုရွတ်ပြီး မာန်စွမ်းအားရှင် အသွေးကို သွေးမှုန် အဖြစ်ပြောင်း၊ မင်းကိုယ်ခန္ဓာ တစ်ခုလုံးကို သိုင်းခြုံလာချိန်ကျရင် တဖြည်းဖြည်း စုပ်ယူလိုက်။ မင်း သွေးကြောတွေကို အားဖြည့်ဖို့သုံး။ တစ်ကြိမ်ကို သွေးတစ်စက်ပဲ အသုံးချခွင့်ရှိတာကြောင့် လောဘမကြီးနဲ့။ ဒါကို ဖြည်းဖြည်းချင်းပဲ မင်းလုပ်ရမယ်၊ ဒီလိုမလုပ်ရင် မင်းကိုယ်မင်း ထိခိုက်ဒဏ်ရာ ရစေနိုင်တယ်” အကြီးအကဲဟာ သူ့ကို ပြင်းပြင်းထန်ထန် သတိပေးတယ်။

စုမင်ဟာ အကြီးအကဲကို ကြည့်တယ်။ ဘာကြောင့်မှန်း မသိပေမဲ့ သူသဘောမကျတဲ့ အရာတွေ ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်။ အကြီးအကဲရဲ့ မျက်နှာအမူအရာနဲ့ ပြောစကားတွေဟာ ဒီစကားတွေရဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို  နားမလည်နိုင်အောင် ဖြစ်လို့ သွားစေတယ်။

“အကြီးအကဲ…” စုမင်ဟာ မာန်သွေးကို ယူလိုက်တယ်။ စကားပြန်ပြောဖို့ လုပ်နေတုန်းမှာ အကြီးအကဲဟာ ပြုံးပြီး ခေါင်းခါ နေတာကို မြင်လိုက်တယ်။ စုမင်ကို ကြင်ကြင်နာနာ ကြည့်လို့နေတယ်။

“မစိုးရိမ်ပါနဲ့။ မျိုးနွယ်စုအဖွဲ့မှာ ကြုံတွေ့နေရတဲ့ အန္တရာယ် အခက်ခဲကို ငါ ဖြေရှင်းနိုင်ပါတယ်။ လေပြေစီးကြောင်း မျိုးနွယ်စု အကြီးအကဲနဲ့ ငါဆွေးနွေးပြီးပြီ။ ဒီအခြေအနေမှာ ဘာအမှားအယွင်းမှ ရှိမှာမဟုတ်ဘူး။

“အခု မင်းလုပ်ဖို့ ရှိနေတဲ့အရာက ကောင်းကောင်း လေ့ကျင့် သင်ယူရမယ်။ တကယ်လို့ အချိန်ကျလာတဲ့အခါမှာ မင်းရုပ်နယ်လွန် အဆင့်ကို ရောက်သွားရင်… မင်းဒီနေရာက ထွက်သွားပြီး အပြင်ဘက်က လောကတစ်ခွင်ကို စွန့်စား သွားလာနိုင်ခဲ့ရင်… "မာန်စွမ်းအားရှင်တို့ရဲ့ ကျင့်ကြံခြင်း တောင်တန်း” ကို သွားဖို့ သတိရပါ အကြီးအကဲက ပြောတယ်။

"မာန်စွမ်းအားရှင်တို့ရဲ့ကျင့်ကြံခြင်း တောင်တန်းဆိုတာ … ဘာလဲခင်ဗျာ” စုမင် အံ့သြသွားတယ်။ ဒီ အကြောင်းအရာဟာ သူမွေးဖွားလာမှုနဲ့ ပတ်သက်မှု ရှိနေမယ်လို့ ခံစားမိတယ်။ အကြီးအကဲဟာ ဒီအကြောင်းကို ရုတ်တရက် ပြောလိုက်တာကြောင့် ရင်ထဲမှာရှိနေတဲ့ အံ့အားသင့်မှုနဲ့ မရေရာ မသေချာမှုတွေအစား စိုးရိမ်ပူပင် သောကတွေက နေရာယူလို့သွားပြီး သူ့ရဲ့မကောင်းတဲ့ ခံစားချက်က ပိုအားကောင်း လာတော့တယ်။

“အဲဒါက မင်းရင်ထဲမှာ…”အကြီးကဲဟာ စုမင်ကို ကြည့်လို့ ပြောတယ်။

အချိန်ခဏလောက် တွေဝေနေမိပြီးတော့ သူ့မျက်နှာမှာ ယုံမှားသံသယ ဖြစ်နေတဲ့ အကြည့်ကို တွေ့ရတယ်။

“ကောင်းပြီ။ ဒါကို မှတ်ထားပါ။ နောက်ထပ် ဆက်မပြောတော့ဘူး။  လေပြေစီးကြောင်း မျိုးနွယ် အကြီးအကဲနဲ့ ငါဆွေးနွေးပြီးပြီ။ အခုချိန်ကစပြီး မော့စုအဖြစ် လေပြေစီးကြောင်း မျိုးနွယ်စုမှာ  မင်းနေရမယ်။ လေပြေစီးကြောင်း မျိုးနွယ်စု အကြီးအကဲဟာ မင်းနဲ့ရဲဝမ်ကို ကူညီလေ့ကျင့် ပေးလိမ့်မယ်။ အဲဒါက မင်းအတွက် ကြီးမားတဲ့ အကူအညီဖြစ်ပြီး ငါမင်းကို ကူညီနိုင်တာထက်ကို သူက ပိုကူညီပေးလိမ့်မယ်။ ရုပ်နယ်လွန်အဆင့်ကို ရောက်နိုင်မယ့် အခွင့်အရေးလည်း ပိုများလာလိမ့်မယ်” စုမင်ကိုကြည့်နေတဲ့ အကြီးအကဲရဲ့ အကြည့်တွေဟာ လေးနက် စူးရှလွန်းတယ်။ စုမင် ဇဝေဇဝါဖြစ်နေပြီး စကားပြောဖို့ ဟန်ပြင်လိုက်ချိန်မှာ အကြီးအကဲဟာ မျက်နှာထား တင်းလိုက်တယ်။

“ဒါပေမဲ့… အကြီးအကဲ၊ လေပြေစီးကြောင်း မျိုးနွယ်စုမှာ ကျွန်တော် မနေချင်ဘူး။ ကျွန်တော် …” မထင်မှတ်ထားတဲ့ အကြီးအကဲ စကားတွေကြောင့် စုမင် လုံးဝ ပြင်ဆင်ချိန် မရလိုက်ဘူး။ သူ ဒီလို မျှော်လင့်မထားခဲ့ဘူး။ တကယ်လို့ စမ်းသပ်ပွဲ ပထမအဆင့်က ရလဒ်ကြောင့် ဒီလိုတွေဖြစ်လာမယ် ဆိုတာကို အစကတည်းက သိခဲ့ရင် ထိပ်တန်းအဆင့်ထိ ရောက်အောင် သူလုံးဝလုပ်မှာ မဟုတ်ဘူး။ သူ့အတွေး မဆုံးခင်မှာဘဲ အကြီးအကဲရဲ့ အကြည့်တွေဟာ ကြောက်ဖို့ ကောင်းလာတယ်။

“စုမင် ငါဆုံးဖြတ်ချက် ချပြီးပြီ။ အခုကစပြီး ဒီနေရာမှာ မင်းနေရမယ်” အကြီးအကဲဟာ မာမာထန်ထန်နဲ့ ပြောတယ်။

စုမင် ငြိမ်သက်လို့ သွားပေမဲ့ မနာခံလိုတဲ့ အကြည့်တွေဟာ သူ့မျက်လုံးထဲမှာ ထင်ရှားတယ်။

စုမင်ရဲ့ ခေါင်းမာမှုကို တွေ့ရချိန်မှာ အကြီးအကဲဟာ သက်ပြင်းချလို့ နူးညံ့တဲ့ အမူရာ ပြောင်းလဲသွားတယ်။ “စုမင်၊ နက်မှောင်တောင်နဲ့ လေပြေစီးကြောင်းက မဝေးပါဘူး။ မင်းကြိုက်တဲ့ အချိန်တိုင်း ပြန်လာလို့ ရပါတယ်” လို့ စုမင်ကိုကြည့်ပြီး ပြောတယ်။

စုမင် နှုတ်ခမ်းကိုက်လို့ ထားလိုက်တယ်။ ဘာပြန်ပြောရမယ် ဆိုတာ သူမသိဘူး။

“ပြီးတော့၊ ငါ ဆုံးဖြတ်ပြီးသွားပြီ။ နက်မှောင်တောင် မျိုးနွယ်စုဟာ နက်မှောင်တောင်ကနေ ပြောင်းရွှေ့ပြီး လေပြေစီးကြောင်း အဖွဲ့နဲ့ ပူးပေါင်းမယ်။ ရွှံ့မြေကျောက်သား မြို့တော်ရဲ့ အပြင်ဘက်မှာ ငါတို့နေထိုင်မယ်။ အမှန်ပြောရရင် မင်းဟာ မျိုးနွယ်စုအဖွဲ့နဲ့ တကယ် နီးတဲ့နေရာမှာ ရှိနေမယ်” အကြီးအကဲဟာ ဆက်ရှင်းပြတယ်။

“ဒါပေမဲ့ အကြီးအကဲ၊ ကျွန်တော် လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ယောက် မဖြစ်ချင်ဘူး၊ ကျွန်တော်က နက်မှောင်တောင် မျိုးနွယ်စုရဲ့ အဖွဲ့သား တစ်ယောက်ပဲ ဖြစ်တယ်”ခဏတာ တွေဝေပြီးတဲ့နောက် စုမင်ဟာ အသံတိုးတိုးလေးနဲ့ ပြောတယ်။

အကြီးအကဲဟာ စုမင်ကို တိတ်တဆိတ် ကြည့်တယ်။ ခဏအကြာမှာတော့ သူ့စကား ထပ်ပြောတယ်။ "စုမင်၊ မင်းကို လေပြေစီးကြောင်း မျိုးနွယ်စုဆီကို သွားစေချင်တာဟာ မင်းရဲ့ကောင်းကျိုးအတွက် ဖြစ်တဲ့အပြင် နောက်ထပ် ရည်ရွယ်ချက်တစ်ခု ငါ့မှာ ရှိသေးတယ်။ မင်းနာမည်ဟာ မင်းအစွမ်းအစလိုပဲ ဂုဏ်သတင်း ကြီးလာလိမ့်မယ်။ ရဲဝမ်နဲ့ အဆင့် အတူတူဖြစ်လာတဲ့အခါ မင်းအနေနဲ့ နက်မှောင်တောင်ကို ကာကွယ် နိုင်ပါလိမ့်မယ်။ နက်မှောင်တောင်ကို မင်း မကာကွယ်ပေးချင် ဘူးလား”

“ကျွန်တော်…”စုမင် ကြောင်နေမိတယ်။

“ဒီလိုဆိုရင်ရော။ ဒီကိစ္စဟာ အရေးမကြီးတဲ့အတွက် မင်းအနေနဲ့ အရမ်းကြီး စဉ်းစားစရာ မလိုသေးဘူး။ ဒါတွေအားလုံး ပြီးဆုံးသွားတဲ့အခါ ဒီနေရာကို နက်မှောင်တောင် မျိုးနွယ်စုဝင်တွေ ပြောင်းလာမယ်၊ ပြီးမှ မင်းဆုံးဖြတ်ချက် ချနိုင်တယ်။ အဲဒီအချိန်ကျရင် မင်းကို အဲဒီပို့ပေးမယ်။ မြို့တော်မှာတောင် မင်းနေစရာမလိုဘူး၊ နက်မှောင်တောင် မျိုးနွယ်စုမှာပဲ မင်း ဆက်နေနိုင်တယ်။ ဘယ်လိုလဲ” အကြီးအကဲဟာ ပြုံးလို့ စုမင်ဆံပင်ကို ဖွလိုက်တယ်။

စုမင် စိတ်သက်သာရာ ရသွားတယ်။ ခဏလောက် စဉ်းစားပြီးတော့ ကျိုးကျိုးနွံနွံနဲ့ ခေါင်းညိတ် လိုက်တယ်။ ဒီလိုသာဆိုရင် သူ သဘောတူတယ်။ စုမင် ရင်ထဲမှာ သူဟာ မျိုးနွယ်စုတစ်ခုနဲ့ပဲ သက်ဆိုင်တယ်၊ အဲဒါကလည်း နက်မှောင်တောင် မျိုးနွယ်စုပဲဖြစ်တယ်။

“ကောင်းပြီ။ နောက်ထပ် ပြိုင်ပွဲတွေမှာ မင်း မပါဘူးဆိုတော့ ရက်နည်းနည်းလောက် လေပြေစီးကြောင်းမှာနေပြီး ဒီနေရာနဲ့ ရင်းနှီးသွားအောင် လုပ်ပေါ့။ ပေလင်းနဲ့ အခြားသူတွေ ပြိုင်ပွဲပြီးတာနဲ့ ငါတို့ မျိုးနွယ်စုရှိရာကို ပြန်ကြမယ်” အကြီးအကဲဟာ ပြုံးလို့ မတ်တတ်ရပ်တယ်။ စုမင် ထိပ်ဆုံးရောက်ဖို့ ဘယ်လို လုပ်ခဲ့သလဲ ဆိုတာကို မမေးသလို ဂဏန်း‌ခြောက်လုံးရဲ့ အဓိပ္ပာယ်ကိုလည်း စုမင်ကို မရှင်းပြခိုင်းဘူး။ စုမင်ကို ပြုံးလို့သာ ကြည့်ပြီး ပြန်သွားခဲ့တယ်။

ထွက်ခွာသွားတဲ့ အကြီးအကဲရဲ့ နောက်ကျောကို စုမင် ကြည့်နေတယ်။ အတွေ့အကြုံတွေနဲ့ ဘဝရဲ့ဝန်ထုပ်‌တွေ သယ်ပိုးထားတဲ့ ကျောပြင်ဟာ ကြည့်နေတဲ့ စုမင်ရဲ့ရင်ထဲမှာ ဖော်ပြလို့မရနိုင်တဲ့ အရာတစ်ခုကြောင့် လှုပ်ခတ်လို့ သွားတယ်။

အကြီးအကဲ ထွက်သွားပြီးတဲ့နောက် အခန်းထဲမှာ စုမင်တစ်ယောက်ပဲ ကျန်ခဲ့တယ်။ သူ့နေရာမှာ ငြိမ်ငြိမ်ထိုင်လို့ အကြီးအကဲပြောခဲ့တဲ့ စကား တစ်ခွန်းချင်းစီကို စဉ်းစားနေမိတယ်။ စိုးရိမ်သောက တွေဟာ သူ့ရင်ထဲမှာ တစိမ့်စိမ့်ပူပင်သောက ပွားစေပါတယ်။

“ငါမှာ လုံလောက်တဲ့ တန်ခိုးစွမ်းအင် မရှိသေးဘူး… ငါသန်မာလာဖို့ လိုတယ်”

အချိန်အတော်ကြာပြီး နောက်မှာတော့  စုမင် အံတင်းတင်း ကြိတ်လိုက်တယ်။ အကြီးအကဲရဲ့အကြည့်ကို အပြည့်အဝ နားမလည်ပေမဲ့ ဒီကိစ္စဟာ ဒီလောက် မရိုးရှင်းဘူးဆိုတာ သူ့ပြောနိုင်တယ်။ မျိုးနွယ်စုအပေါ်မှာ ကျရောက်နေတဲ့ အန္တရာယ်ဟာ အကြီးအကဲ ပြောသလိုမျိုး အလွယ်တကူ ဖြေရှင်းနိုင်လို့ရမယ့်ပုံ မပေါ်ဘူး။

“ဒီအချိန်တိုတွင်းမှာ နောက်ထပ် သွေးလောင်ကျွမ်းခြင်းကို ငါမလုပ်နိုင် လောက်တော့ဘူး။ တကယ်လို့ အင်အားကြီးမားတဲ့ လူတစ်ယောက် ဖြစ်လာချင်ရင်တာ့ ဆေးလုံးတွေ ထပ်ဖော်စပ်ဖို့ပဲ ငါလုပ်နိုင်တော့မယ်… ဒါဆိုရင် ကျောက်ဒင်္ဂါးပြား အများကြီး ငါလိုလိမ့်မယ်…”

စုမင် မျက်မှောင်ကြုတ် မိတယ်။ အခုသူ့မှာ  ငွေ တစ်ပြားတစ်ချပ်မှ မရှိဘူး။

“ငါဘာလုပ်သင့်သလဲ… မြူမှုန်ထိုးခွဲ ဆေးကိုလည်း ငါရောင်းခဲ့ပြီးပြီ။ လူတွေကို ဆွဲဆောင်နိုင်ခဲ့လားဆိုတာ ငါသိချင်မိတယ်… ဒါပေမဲ့ ငါနောက်ထပ် မရောင်းတော့ရင် ငါဘယ်လိုမှ ပိုက်ဆံမရနိုင်ဘူး… တကယ်လို့ တစ်ယောက်ယောက်က မိသွားရင် ဒီဆေးတွေ ငါ နောက်ထပ် ရောင်းလို့မရနိုင်တော့ဘူး”

စုမင်ဟာ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်း မှန်သမျှသုံးပြီး အကြံထုတ် စဉ်းစားနေပေမဲ့ ဘာအဖြေမှ ရှာမတွေ့ဘူး။

“ကြည့်ရတာ အကြီးအကဲဆီကနေ ကျောက်ဒင်္ဂါး နည်းနည်းလောက် သွားချေးမှ ဖြစ်မယ်…”

စုမင် သက်ပြင်းချတယ်။ သူ့အနေနဲ့ အကြီးအကဲကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ သူ့အကြံအတိုင်းဆိုရင် ဒီတစ်ကြိမ်မှာ ကျောက်ဒင်္ဂါး ပမာဏအများကြီး  လိုအပ်လိမ့်မယ်။

စုမင် မတ်မတ်ရပ်လို့ အကြီးအကဲကို သွားရှာခါနီးမှာ အတွေးတစ်ခု ခေါင်းထဲမှာ ပေါ်လာတယ်။

စူးရှထက်မြက်တဲ့ မျက်ဝန်းတစ်စုံနဲ့ တံခါးနားမှာ ရပ်ရင်း ခေါင်းထဲက အတွေးဟာ ပိုထင်ရှားလို့ လာတယ်။ ခဏ အကြာမှာတော့ စုမင် ထိုင်ချလို့ စဉ်းစားလိုက်ပြီး သူ့ရင်ဘတ်ထဲကနေ ပုလင်းတစ်လုံး ဆွဲထုတ်လိုက်တယ်။

ပုလင်း ပတ်ပတ်လည်မှာ အရောင်တောက် နေတယ်။ အထဲမှာတော့ အရင်တုန်းက ဝူစန်းဆီကနေ ယူထားတဲ့ အစိမ်းရောင်သွေး ဘောလုံးရှိတယ်။ အဲဒီပုလင်းကို ဝှက်ထားဖို့အတွက် လရဲ့ အလင်းရောင်နဲ့ ဖုံးလွှမ်း ထားခဲ့တယ်။

အခု ပုလင်းကို ထုတ်လိုက်တဲ့နောက်မှာ သူ့မျက်လုံးတွေ ပိုတောက်ပ လာတယ်။ ဒီအတွေးကို သူ့ခေါင်းထဲမှာ အကြိမ်ပေါင်းများစွာ စဉ်းစားကြည့်ပြီး နောက်မှာတော့ အကြံတစ်ခု ရလာတယ်။

“ဒီအရာက ဝူစန်းအတွက် အရမ်း အရေးကြီးတာ ဖြစ်ရမယ် ပြီးတော့… လေပြေစီးကြောင်း မျိုးနွယ်စုမှာ ဝူစန်းဟာ ချန်ချွန်းနဲ့ လက်ရည်တူ ဖြစ်ပြီးတော့ ရဲဝမ်ထက် နည်းနည်းလေးပဲ  နိမ့်တယ်ဆိုတာကို ပေလင်းပြောတာ ကြားဖူးတယ်”

သူဟာ အရင်ပြိုင်ပွဲတွေတုန်းက ထိပ်ဆုံး သုံးယောက်စာရင်းမှာ အမြဲရှိနေခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ … အဆင့် တစ်ဆယ့်နှစ် နေရာမှာပဲ ရှိနေခဲ့တယ်… ပိစု ပေါ်လာတဲ့အတွက် ထိပ်ဆုံး ၃ ဆင့်ကနေ  ပြုတ်ကျသွားရင်တောင် ထိပ်ဆုံး ၁၀ ယောက်ထဲမှာတော့ ရှိနေသင့်တယ်။

“ဒီလို ပြောင်းလဲသွားရတာက… ဖြစ်နိုင်ချေ တစ်ခုပဲရှိတယ်။ သူ အားနည်းနေခဲ့လို့ပဲ သူကိုယ်ခံစွမ်းအား လျော့နည်းနေချိန်မှာ ပြိုင်ပွဲဝင်ပြိုင် လိုက်ရတဲ့အတွက် ဒီလိုညံ့ဖျင်းတဲ့ ရလဒ်ကိုပဲ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်တယ်။ ပြိုင်ပွဲမှာ သူ့ရဲ့တန်ခိုးအစွမ်းတွေကို ဖုံးကွယ်ထားစရာ အကြောင်း လုံးဝမရှိဘူး။ သူ့ရဲ့ အဆင့်အတန်းနဲ့လည်း ဒီလိုလုပ်ဖို့ မလိုအပ်ဘူး” စုမင်ဟာ အခြေအနေတွေကို သုံးသပ်လို့ အတွေးထဲမှာ ရေရွတ်နေမိတယ်

“ဒီလိုသာဆိုရင် သူ့ရဲ့စွမ်းဆောင်ရည်ကို မပြနိုင်တာက ဒါကို ဆုံးရှုံးရလို့ဆိုတာ ငါးဆယ်ရာခိုင်နှုန်း သေချာနေပြီ"

စုမင် မျက်လုံးတွေ ဝင်းလက် သွားတယ်။ လက်ထဲက ပုလင်းကိုကြည့်လို့ သူ့နှုတ်ခမ်းမှာ အပြုံးတစ်ချက် ပေါ်လာတယ်။

“ဝူစန်းဟာ လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ စွမ်းအားရှင် တစ်ယောက် ဖြစ်တာကြောင့် သေချာပေါက် ချမ်းသာ ကြွယ်ဝရမယ်…”

စုမင် နှုတ်ခမ်းပေါ်က အပြုံးဟာ ပိုပြီး ကြီးမားလာတယ်။

“ဒါပေမဲ့ ဒါကဘာကြီးလဲ။ ဘာကြောင့် သူ့အတွက် ဒီလောက်အထိ အရေးပါနေရတာလဲ”

စုမင် ခဏလောက် တိတ်ဆိတ် သွားတယ်။ ချက်ချင်း မလှုပ်ရှားဘဲ တင်ပျဉ်ချိတ်ထိုင်ဖို့ ရွေးချယ်လိုက်ပြီးနောက် သူ့ချီဓာတ် ပြန်ကောင်းလာအောင် ဝင်လေထွက်လေကို တိတ်တဆိတ် ထိန်းချုပ်လိုက်တယ်။ ကောင်းကင်ပေါ်မှာ လမင်းကြီး ရောက်လာတာနဲ့ ရုပ်တရက် မျက်လုံးဖွင့်လိုက်တယ်။

“အခုငါ စမ်းသပ်လို့ရပြီ”

စုမင် တွေဝေမနေတော့ဘဲ ပုလင်းငယ်ကို ထုတ်လို့ ဘယ်လက်ကို ပုလင်းပေါ်က ဝှေ့ယမ်းလိုက်တယ်။ ပုလင်းပေါ်က လရောင်ဟာ ချက်ချင်း ပျောက်ကွယ် သွားတယ်။ အနီးကပ် ဆွဲယူလိုက်ပြီး အဆို့ကိုဖွင့်လို့ သေသေချာချာ ကြည့်နေမိတယ်။

ဒီပုလင်းထဲက အစိမ်းရောင်သွေးဟာ နည်းနည်း အရောင်မှိုင်း နေတယ်။ ဝူစန်းဆီကနေ ယူခဲ့တာ နည်းနည်း ကြာနေပြီဖြစ်လို့  သူ့အရောင်နဲ့ ဝိညာဉ်ဓာတ်က လွင့်ပြယ်နေပြီ။

“ဒီအရာက ငါ့အတွက် အသုံးဝင်မလားဆိုတာကို ကြည့်ရမယ်။ ဒါက အလုပ်မဖြစ်ဘူး ဆိုတော့မှ နောက်တစ်လှမ်း လှုပ်ရှားမယ်”

စုမင် တွေဝေမနေတော့ဘဲ ပုလင်းထဲက အရည်ကို အပြင် ထုတ်လိုက်တယ်။ လတ်ဆတ်နေတဲ့သွေးဟာ သူ့ရှေ့မှာ မျောလွင့်နေတယ်။ အညှီအဟောက်အနံ့ လုံးဝမရှိတဲ့ အဲဒီအရာဟာ သွေးမဟုတ်သလိုပဲ။

စုမင်ဟာ အဲဒါကို စိုက်ကြည့်လိုက်တယ်၊ သွေးတွေကို ဆွဲယူလိုက်ပြီး မျက်ခုံးရဲ့ အလယ်ဗဟိုမှာ ထားလိုက်တယ်။

***

All Chapters