← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁) ထာဝရ အေးခဲနေမည့် တံခါး

ဘဲကင်အကောင် (၃၀) မှာ တစ်ခဏချင်း ရောင်းကုန်သွားသလို ချိစ်ကိတ် တစ်ခုလုံးနှင့် ပိန်းဥကိတ်တို့ လည်း အကုန်ရောင်းထွက်သွား၏။

မော့ချွမ်းသည် သူ့ဘဲကင်ကို စားပြီးနောက် ဟွာကျွင်း အလုပ်မပိစေရန် စားပွဲများသိမ်းပေးခြင်း၊ ဟင်းပွဲများ ချပေးခြင်းနှင့် လူတန်းစီရာတွင် စနစ်တကျရှိစေရန် ကူညီပေးခဲ့သည်။

ဖောက်သည်များ လူစုကွဲသွားပြီးနောက် မုန့်ဆိုင်လေးမှာ ပြန်လည် တိတ်ဆိတ်သွားတော့၏။ ဟွာကျွင်း ကြက်ခြေထောက်အရိုးလွတ်၊ အာလူးကြော်များနှင့် ကိုလာနှစ်ပုလင်းကို ထုတ်ယူလိုက်ပြီး မော့ချွမ်းကို စားရန် ဖိတ်ခေါ်လိုက်သည်။

မော့ချွမ်း ပန်းကန်များကို ဆေးကြောပြီးနောက် လက်သုတ်ကာ ဟွာကျွင်း၏ ရှေ့တွင် ဝင်ထိုင်လိုက်၏။ သူ ဟွာကျွင်း၏ လှုပ်ရှားမှုများကို သေသေချာချာ အကဲခတ်နေမိသည်။

ဟွာကျွင်းသည် ကိုလာပုလင်း အဖုံးကို ဆွဲဖွင့်လိုက်ရာ ဖောက်ဟူသော အသံနှင့်အတူ အညိုရောင် အရည်များ အမြှုပ်တစီစီဖြင့် ကြည်လင်တောက်ပသော ဖန်ခွက်လေးထဲသို့ စီးဆင်းသွား၏။ ဖန်ခွက်အတွင်း၌ လှပသော အမြှုပ်ကလေးများ ကပ်တွယ်နေကြသည်။

ဤမျှ လှပသော ခွက်ထဲရှိ ရေသည် နတ်သုဒ္ဓါပင် ဖြစ်နေမည်လော တွေးရင်း မော့ချွမ်း တံတွေးပင် မျိုချလိုက်မိ၏။

ဟွာကျွင်းသည် ခွက်တစ်ခွက်ကို မော့ချွမ်းဘက်သို့ တွန်းပေးလိုက်သည်။ ထို့နောက် သူမခွက်ကို မြှောက်ကာ တစ်ငုံသောက်လိုက်၏။ ရှတတအရည်မှာ လည်ချောင်းထဲသို့ စီးဆင်းသွားရာ သူမ အလိုလိုပင် ညည်းတွားလိုက်မိသည်။

“ဟူး၊ လန်းဆန်းသွားတာပဲ”

မော့ချွမ်း နားမလည်စွာ မေးလိုက်၏။

"ဒါက ဘာလဲ။ အရောင်ကြည့်ရတာ ဆေးနဲ့ တူတယ်"

ဟွာကျွင်း လျှို့ဝှက်ချက်တစ်ခုအလား ဆန်းကြယ်စွာ ပြောသည်။

“ဒါကို ရွှင်ပျော်ပျော်အရည်လို့ ခေါ်တယ်။ သောက်လိုက်ရင် ပျော်သွားလိမ့်မယ်”

မော့ချွမ်း အံ့ဩသွား၏။“ မသေမျိုးလောကမှာပဲ ရှိနိုင်တဲ့ ထူးဆန်းတဲ့ အရည်ပဲ”

သူ ခွက်ကို အနီးကပ် ကြည့်လိုက်သည်။ အမြှုပ်ကလေးများ တစ်ခုနှင့်တစ်ခု တိုက်မိပြီး ပေါက်ထွက်ကုန်ကာ သူ့မျက်နှာပေါ်သို့ လာစင်သည့်အတွက် အေးမြမှုကို ခံစားလိုက်ရ၏။

သူသည် တစ်ငုံမျှ သောက်ကြည့်ပြီးမှ ဟွာကျွင်း အဘယ့်ကြောင့် ညည်းတွားလိုက်ရသည်ကို နားလည်သွားတော့သည်။ အရသာမှာ အေးမြမြ၊ ရှတတနှင့်ပင်။ ထိုစဉ်လေပူတစ်ချက်က ရင်ခေါင်းမှ ပါးစပ်သို့ ပြန်တက်လာရာ သူလည်း လေတက်လိုက်မိသည်။

"အေ့"

ထို့နောက် သူ ဘေးနားရှိ ကြက်ခြေထောက်များကို ကြည့်လိုက်၏။ ကြက်ခြေထောက်ကို သီးသန့်ဟင်းလျာအဖြစ် လုပ်ထားသည်အား သူ တစ်ခါမှ မမြင်ဖူး။

သံပုရာသီးနှင့် ကြက်ခြေထောက်တို့ ရောနေသည့်အတွက် အနံ့မှာ လတ်ဆက်ပြီး အရသာမှာ ချဉ်ချဉ်စပ်စပ်‌လေးပေ။ ပို၍ အံ့ဩစရာကောင်းသည်မှာ ထွေးထုတ်စရာ အရိုး မရှိခြင်းပင်။

သူ မည်သို့ပင်ဖြစ်စေ ဤမုန့်ဆိုင်တွင် ဆက်နေမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ တစ်သက်လုံး နေရမည်ဆိုပါက ပို၍ပင် ကောင်း၏။

“အစ်မဟွာ၊ အစ်မရဲ့ လက်ရာက ဒီလောက်ကောင်းတာ၊ ဒီလို ညစ်ပတ်ပင်ပန်းတဲ့ အလုပ်တွေ အစ်မကို မလုပ်ခိုင်းရက်ဘူး။ ကျွန်တော်က ညဘက်ဆို အားနေတာပဲ၊ အခုကစပြီး ဆိုင်က ပန်းကန်တွေကို ကျွန်တော်ပဲ တာဝန်ယူပါ့မယ်”

ဟွာကျွင်းသည် အကူတစ်ယောက်ရှိခြင်း၏ အကျိုးကျေးဇူးကို နားလည်သွားသည်။ သူမ မေးမြန်းလိုက်၏။

“ဒါဆို ရှင့်ကို လစာ ဘယ်လောက် ပေးရမလဲ”

“လစာ မလိုပါဘူး။ ကျွန်တော်က ညဘက် တစ်နာရီ၊ နှစ်နာရီလောက်ပဲ လုပ်ပေးမှာလေ။ ကျွန်တော့်ကို ဆိုင်မှာ စားခွင့်ပေးရင် ရပါပြီ။ ကျွန်တော့်အတွက် သီးသန့် ပြင်ပေးစရာ မလိုဘူးနော်။ ဆိုင်မှာ ကျန်တာပဲ ဖြစ်ဖြစ်၊ ရှိတာပဲ ဖြစ်ဖြစ် စားပါ့မယ်။ ဘယ်လိုလဲ”

ဟွာကျွင်းသည် ဆိုင်၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း သဘောမတူသေးဘဲ ပြောလိုက်သည်။ "ဒါဆိုလည်း စမ်းလုပ်ကြည့်တာပေါ့"

ဟွာကျွင်းသည် ယနေ့ရရှိသော ငွေများကို ထုတ်ယူကာ ရေတွက်ကြည့်၏။ ယနေ့ ဘဲကင် အကောင် (၃၀)ရောင်းရသဖြင့် ကြေးပြား (၃၆၀၀)ရသည်။ ကိတ်မုန့်နှစ်ခု ရောင်းရ၏။ ကိတ်မုန့်တစ်ခုလျှင် တြိဂံပုံစံ (၈) ခု လှီးရသဖြင့် စုစုပေါင်း ကြေးပြား(၁၂၈၀) ရရှိသည်။

နေ့စဉ် ငွေရေတွက်ရသည်မှာ အပျော်ရဆုံး အလုပ်ဖြစ်သော်လည်း ရေတွက်ရင်းနှင့် သူမ ပြန်၍ စိုးရိမ်လာမိ၏။ "ဒီလောက် ကြေးပြားတွေ အများကြီးကို တစ်ပြိုင်နက် လဲရင်တော့ အဖမ်းခံရမှာပဲ။ ဒါပေမဲ့ မလဲရင်လည်း ဘယ်လိုလုပ် ငွေသားဖြစ်လာမှာလဲ"

ဟွာကျွင်း အကြံမရသေးသဖြင့် ကြေးပြားများကို လောလောဆယ် သိမ်းထားလိုက်သည်။

ဝမ်ဖူစားသောက်ဆိုင်သို့ ပြန်ရောက်သည့်အခါမှသာ ကျန်းစန်းနှင့် လီစစ်တို့ သူတို့တွင် တာဝန်ရှိသည်ကို သတိရတော့၏။

ဝမ်ဖူရုံ မေးလိုက်သည်။

“မင်းတို့ ဝယ်လာတဲ့ မုန့်တွေကို ထုတ်စမ်း၊ ငါ ကြည့်၊ ကြည့်မယ်”

ထိုအခါမှ ကျန်းစန်းနှင့်လီစစ်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီး ခေါင်းငုံ့သွားကာ အားပျော့စွာ ဖြေ၏။

“ကျွန်တော်တို့ အကုန် စားလိုက်မိလို့ ဘာမှ မပါလာတော့ဘူး”

ဝမ်ဖူရုံမှာ အလွန်အမင်း စိတ်တိုသွားပြီး သူ့စိတ်ပုတီးဖြင့် သူတို့နှစ်ဦးကို တရစပ် ရိုက်နှက်တော့သည်။

“မင်းတို့ကို ကျွေးထားတာ ဘာအသုံးကျလဲ။ အသုံးမကျတဲ့ လဒကောင်တွေ”

သူတို့ ဘာမှ မဖုံးကွယ်ထားကြပေ။ ကျန်းစန်းက ပါးနပ်စွာ ပြောလိုက်၏။

“သခင်ကြီး၊ အဲဒီမုန့်က တကယ် အရသာရှိတာပါ။ ကျွန်တော် မဝယ်လာနိုင်ပေမဲ့ ကျွန်တော့်ဆီမှာ အနံ့တွေ ကျန်နေသေးတယ်၊ သခင်ကြီး နမ်းကြည့်ပါလား”

ဝမ်ဖူရုံ ပို၍ စိတ်တိုသွားပြီး သူ့ကို ကန်ထုတ်လိုက်သည်။

“အသုံးမကျတဲ့ကောင်၊ မင်းကိုယ်က အနံ့ကို ငါ့ကို နမ်းခိုင်းရအောင် မင်းက ဘာကောင်မလို့လဲ”

သူတို့ကို မောင်းထုတ်ပြီးနောက် ဝမ်ဖူရုံ ကုလားထိုင်ပေါ်တွင် ထိုင်ကာ အမောတကြီး စဉ်းစားနေမိသည်။ "တစ်ယောက်ပြီးတစ်ယောက် ဘာလို့ လိပ်ပြာလွင့်မတတ် ဖြစ်နေကြတာလဲ။ တကယ်ပဲ အဲဒီလောက် အရသာရှိလို့လား"

ဝမ်ဖူရုံ မနမ်းကြည့်သော်လည်း ကျန်းစန်းနှင့် လီစစ်တို့မှာမူ သူတို့ကိုယ်သူတို့ ပြန်နမ်းနေကြသည်။ နမ်းရုံနှင့် အားမရသဖြင့် သူတို့ အကြံကောင်းတစ်ခု ထုတ်လိုက်ကြ၏။ သူတို့ အပေါ်အင်္ကျီများကို ချွတ်ကာ ခေါင်းအုံးသဏ္ဌာန် ခေါက်လိုက်ပြီး ထိုအနံ့လေးကို ရှူရှိုက်ရင်း အိပ်ပျော်သွားကြတော့သည်။

နောက်တစ်နေ့ မနက်တွင် လီစစ်က ပါးစပ်ဘေးမှ သွားရည်များကို သုတ်ရင်း ပြောလိုက်၏။

“ငါ အိမ်မက်ထဲမှာ ကိတ်မုန့်တွေ စားနေတာ။ (၁၀) ခုတောင် စားလိုက်တယ်”

ကျန်းစန်းကလည်း ပြောသည်။ “ငါလည်း အိမ်မက်မက်တယ်၊ ဘဲကင်တွေ စားနေတာ။ တစ်ကောင်ပြီးတစ်ကောင်၊ ရပ်လို့ကို မရဘူး၊ အရမ်း အရသာရှိတာပဲ”

သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ “ဒီညလည်း ထပ်သွားစားကြရင် ကောင်းမလား”

ကျန်းစန်းနှင့်လီစစ်တို့ မျက်နှာသစ်ကာ ဝမ်ဖူစားသောက်ဆိုင်သို့ ထမင်းစားရန် လာကြသည်။ ယနေ့ ဆိုင်တွင် ဘဲသားချက် ကျွေး၏။

“ဒီဘဲသားတွေက ဘာလို့ အတုံးကြီးနေတာလဲ၊ အရောင်ကလည်း မလှဘူး၊ အမည်းကြီးပဲ” ကျန်းစန်း တူဖြင့် ဘဲသားကို ဟိုထိုးဒီထိုး လုပ်ရင်း ညည်းသည်။

"အနံ့ကလည်း ညှီစို့စို့နဲ့"

ကျန်းစန်းက တစ်လုတ် စားကြည့်ပြီး ပြောလိုက်၏။ "စားလို့တောင် မရဘူး"

မနေ့ညက စားခဲ့ရသော ဘဲကင်မှာ အသားလွှာတိုင်း တောက်ပနေပြီး အရသာရှိလှသည်။ သူ့ချည်းပဲစားလျှင် အနည်းငယ် ငန်သော်လည်း ဆော့စ်ချိုချိုလေးနှင့် တို့ကာ သခွားသီး၊ ကြက်သွန်မြိတ်လေးများနှင့် တွဲဖက်စားလိုက်လျှင် နတ်သုဒ္ဓါအလားပင်။

ကောင်တာထဲက မုန့်များကို မပြောချင်တော့ပေ။ တစ်ကိုက်၊ ကိုက်ကြည့်လိုက်လျှင် ပုံပျက်သွားပြီး အီလွန်း၏။ ယခင်က ကောင်းသည်ဟု ထင်ခဲ့သော်လည်း ဟွာကျွင်းဆိုင်မှ မုန့်များနှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ အရသာမှာ လုံးဝ ကွဲပြားသွားသည်။

ဟွာကျွင်းဆိုင်မှ ချိစ်ကိတ်လေးမှာ တစ်ကိုက်စားပြီးတိုင်း ထပ်စားချင်လာ၏။ ချိုသော်လည်း မအီဘဲ ထပ်ကာထပ်ကာ စားချင်စိတ် ဖြစ်စေသည်။

အရောင်၊ အနံ့၊ အရသာ မည်သည့်အရာကိုမှ နှိုင်းယှဉ်၍ မရနိုင်ပေ။ တကယ့်ကို စိတ်ပျက်စရာပင်။

ပင်ပန်းခဲ့သော နေ့ရက်များကြောင့် ဟွာကျွင်း မနက် (၁၁) နာရီအထိ အိပ်ပျော်သွားသည်။ ယနေ့သည် အမျိုးသားနေ့ ဖြစ်သဖြင့် သူမကိုယ်သူမ အားလပ်ရက် အတိုလေး ပေးရန် ဆုံးဖြတ်လိုက်၏။ သူမ A4 စာရွက်တစ်ရွက်တွင် "၇ ရက် ပိတ်သည်" ဟု ရေးကာ ဆိုင်ရှေ့တံခါးတွင် ကပ်ထားလိုက်သည်။

ဟွာကျွင်း သူမ၏ အဝတ်ဗီဒိုကို မွှေနှောက်ကြည့်ရာ တီရှပ်အင်္ကျီ (၃-၄)ထည်၊ ဂျင်းဘောင်းဘီ (၂) ထည်နှင့် အပေါ်ဝတ် အင်္ကျီ (၂)ထည်သာ ရှိပါ၏။ ၎င်းက သူမ ပိုင်ဆိုင်သမျှ အားလုံးပင်။

သူမ အဝတ်အစားများကို ကောက်ဝတ်ရင်း အဝတ်အစားသစ် ဝယ်ရန်နှင့် ဆိုင်အတွက် ပစ္စည်းများ ဖြည့်တင်းရန် လိုအပ်သည်ကို တွက်ချက်လိုက်၏။ သူမ၏ ဘဏ်စာရင်းထဲတွင် ငွေ (၃)သိန်းနီးပါး ရှိနေသဖြင့် စိတ်ကြိုက် သုံးစွဲနိုင်ပေသည်။

သူမ မြို့ထဲသို့ တက္ကစီ စီးသွားပြီး အကြီးဆုံး ကုန်တိုက်ကြီး၏ (၅) ထပ်သို့ တန်းသွားလိုက်၏။ ဟွာကျွင်း သူမ စိတ်ဝင်စားသော ရုပ်ရှင်အသစ် ထွက်နေသည်ကို အွန်လိုင်းတွင် တွေ့ထားလေသည်။

သို့ဖြစ်၍ သူမ လက်မှတ်ဝယ်ကာ နို့လက်ဖက်ရည် တစ်ခွက်နှင့်အတူ အားလပ်ရက်ကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်၏။ မိဘများ ဆုံးပါးသွားကတည်းက ဟွာကျွင်းတွင် ဝင်ငွေမရှိဘဲ အချိန်ပိုင်းအလုပ်မှ ရသော ငွေလေးဖြင့်သာ ကျောင်းလခနှင့် နေထိုင်စရိတ်ကို ဖြေရှင်းခဲ့ရသည်။ နို့လက်ဖက်ရည်သောက်ရန်နှင့် ရုပ်ရှင်ကြည့်ရန်ဆိုသည်မှာ သူမအတွက် အိမ်မက်မျှသာ ဖြစ်ခဲ့၏။

“တကယ် ကောင်းတာပဲ။ ဒီရုပ်ရှင်က ဇာတ်လမ်းအလှည့်အပြောင်းတွေက ထင်မှတ်မထားစရာပဲ။ နောက်ဆို အပတ်တိုင်း လာကြည့်ရမယ်” ဟွာကျွင်း ရေရွတ်လိုက်သည်။

အမျိုးသားနေ့ ဖြစ်သောကြောင့် ကုန်တိုက်တွင် လူများဖြင့် ပြည့်နှက်နေ၏။ ဟွာကျွင်းသည် လူနည်းသော ဆိုင်တစ်ဆိုင်ကို ရှာကာ ဝင်လိုက်သည်။

၎င်းမှာ ဟော့ပေါ့ ဆိုင် ဖြစ်၏။ သူမ တစ်ယောက်တည်း ဖြစ်သဖြင့် အများကြီး မမှာဘဲ ဟော့ပေါ့အစုံလိုက် တစ်ပွဲကိုသာ မှာယူလိုက်သည်။

ခရမ်းချဉ်သီး စွပ်ပြုတ်ရည်က အမဲသားလွှာလေးများနှင့် လိုက်ဖက်လှသလို၊ အစပ်ဟင်းရည် အိုးထဲတွင်လည်း အာလူး၊ ပုစွန်လုံးနှင့် ဘဲသွေးတုံးလေးများ ထည့်ကာ ပြုတ်စားလိုက်၏။

ဆူပွက်နေသော ဟင်းရည်ထဲသို့ အမဲသားလွှာလေးများကို ထည့်လိုက်ရာ ခဏချင်းပင် တွန့်လိပ်သွားသည်။ အရောင်ပြောင်းသွားသည်နှင့် ဆယ်ယူကာ ဆော့စ်ဖြင့်တို့ပြီး ပါးစပ်ထဲသို့ အပြည့်ထည့်စားလိုက်၏။

ဟော့ပေါ့ကို မကြိုက်သောသူ မရှိနိုင်ပေ။ တစ်နေ့ကျလျှင် သူမ၏ မုန့်ဆိုင်တွင်လည်း ဟော့ပေါ့ ရောင်းလျှင် ကောင်းမည်ဟု တွေးမိသည်။ သို့သော် လောလောဆယ်တွင် မုန့်များကိုသာ အာရုံစိုက်ရဦးမည်။

ဆောင်းဦးရာသီ ရောက်လာပြီဖြစ်ရာ သူမ အနွေးထည်များနှင့် စောင်အထူကြီး နှစ်ထည်ကို ဝယ်ယူလိုက်သည်။

ညဘက် ရောက်သောအခါ စားချင်ဇောဖြင့် အပြေးအလွှား လာကြသော ကျန်းစန်းနှင့်လီစစ်တို့ ဆိုင်ရှေ့က စာတန်းကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ တစ်နေ့လုံး ဤသည်ကို စားရန် မျှော်လင့်နေခဲ့သော်လည်း ဆိုင်က ပိတ်ထားသည်။

၎င်းပြင် (၇) ရက်တောင် ပိတ်ပေမည်။

“၇ ရက်မပြောနဲ့၊ တစ်ရက်တောင် ငါ မအောင့်နိုင်ဘူး”

လီစစ်၏ မျက်နှာမှာ ညှိုးငယ်သွားတော့၏။

သူတို့ မည်မျှပင် တံခါးခေါက်စေကာမူ အတွင်းမှ တုံ့ပြန်မှုမျှ မရှိသဖြင့် လက်လျှော့ကာ ပြန်ခဲ့ကြရသည်။

“ထားလိုက်ပါတော့၊ မြို့ထဲပြန်ပြီး ကောင်းကောင်းသွားစားရအောင်။ သူ့ဆိုင်ထက် ကောင်းတဲ့ဆိုင် မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး”

ထိုအချိန်တွင် ဟွာကျွင်းမှာ ပစ္စည်းများ ထုပ်ပိုးကာ အလုပ်များနေသည်။

နေ့ခင်းပိုင်းက သူမ ကုန်တိုက်တွင် ပုစွန်ထုပ် (၂၀)၊ ပုစွန် ရိုးရိုးဖက်ထုပ်(၃၀)၊ ဖက်ထုပ်ပြုတ် (၃၀)၊ ကိတ်မုန့်လိပ် (၅)ဘူး၊ ခရင်မ်ပတ်ဖ်မုန့် (၅) ဘူးနှင့် မိုချီ (၃) ဘူးတို့ကို ဝယ်ယူခဲ့၏။

ထို့ပြင် အသားတန်းမှ ကြက်ပေါင်ကင် (၄)ဘူး၊ ဘဲလည်ပင်းရိုး(၃)ဘူးနှင့် အမဲသားလိပ် (၅)ဘူးတို့ကိုလည်း ဝယ်ယူခဲ့သေးသည်။

နောက်ဆုံးတွင် နို့လက်ဖက်ရည် (၃) ခွက်ကို ဝယ်ကာ ကားခေါ်ပြီး အိမ်ပြန်ခဲ့၏။

သူမ ခရင်မ်ပတ်ဖ် တစ်ဘူးနှင့် ကြက်ပေါင် တစ်ဘူးကို ညစာအတွက် ချန်ထားပြီး ကျန်တာကို ရေခဲသေတ္တာထဲသို့ ထည့်လိုက်သည်။

ထိုစဉ် တံခါးကို တစ်ဦးဦးက ထပ်မံ လာခေါက်ပြန်၏။

ဟွာကျွင်း ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရာ ပထမဆုံးနေ့က လာခဲ့သော အဘိုးအိုနှင့် မိန်းကလေးငယ်လေးတစ်ဦးကို တွေ့လိုက်ပါသည်။

အခန်း (၁၂) ပုစွန်နှင့် အသားဆန်ပြုတ်

“ဦးလေး၊ မတွေ့ရတာ ကြာပြီနော်”

ဟွာကျွင်း တံခါးဖွင့်ပေးရင်း အဘိုးအိုကို ပြုံးပြ နှုတ်ဆက်လိုက်သည်။

အဘိုးအိုက အိတ်နှစ်အိတ်သယ်လာ၏။ ထို့နောက် အိတ်များကို ဟွာကျွင်းထံ ကမ်းပေးရင်း ပြောသည်။ “အိမ်က မိန်းမ နေမကောင်းတာ၊ ရက်နည်းနည်း ရှိသွားလို့ အပြင်မထွက်ဖြစ်ဘူးလေ။ အခုက သူ နည်းနည်းသက်သာလာလို့ မြို့ထဲကို အိမ်ထွက်သီးနှံတွေ လာရောင်းရင်း မြေးမလေးကိုပါ ခေါ်လာခဲ့တယ်”

ဟွာကျွင်း (၁၁) နှစ်၊ (၁၂) နှစ်ခန့်သာ ရှိဦးမည့် မိန်းကလေးငယ်ကို ကြည့်လိုက်၏။ သူမသည် အဖာအထေး (၇)၊ (၈)ခုခန့် ရှိနေသော ဖျင်ကြမ်းထည်ကို ဝတ်ဆင်ထားသည်။ အဝတ်အစားမှာ ဟောင်းနွမ်းနေသော်လည်း သန့်ရှင်းသပ်ရပ်ပါ၏။

အဘိုးအို မိန်းကလေးငယ်ကို ရှေ့ဆွဲထုတ်ကာ ဟွာကျွင်းကို ပြောလိုက်သည်။

“တာ့နွီ... ဆိုင်ရှင်ကို မြန်မြန် နှုတ်ဆက်လိုက်လေ”

တာ့နွီလေး ရှက်ကိုးရှက်ကန်းဖြင့် ဟွာကျွင်းကို နှုတ်ဆက်ပါ၏။

“မင်္ဂလာပါ ဆိုင်ရှင် မမ”

ဟွာကျွင်း ပြုံးလျက် ပြန်ဖြေလိုက်သည်။

“ဟွာကျွင်းလို့ပဲ ခေါ်လို့ရတယ်နော်။ တာ့နွီ... ဒီနှစ်ထဲမှာ အသက်ဘယ်လောက်ရှိပြီလဲ”

“သမီး အသက်က (၁၅) နှစ် ရှိပါပြီမမ”

‘ (၁၅)နှစ်တောင် ရှိပြီလား၊ မထင်ရဘူးပဲ ‘

ယခုခေတ် ကလေးများနှင့်ယှဉ်လျှင် သူမ ပို၍ အကောင်သေးနေခြင်းမှာ ကာလရှည်ကြာ အာဟာရချို့တဲ့မှုကြောင့်ရပေမည်။

အဘိုးအို သူယူလာသော အိတ်များကို ရှေ့ချရင်း ဆိုသည်။

“ဒါတွေက တောင်ပေါ်ကရတဲ့ မှိုရိုင်းတွေလေ။ ဒီအိတ်ထဲကတော့ အိမ်မှာစိုက်ထားတဲ့ မုန်လာဥတွေပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါဦး”

“ကျွန်မ ရောင်းပေးပါ့မယ် ဦးလေး။ ပြီးခဲ့တဲ့တစ်ခေါက်က မုန်လာဥတွေနဲ့ သစ်အယ်သီးတွေဆို လူကြိုက်များလွန်းလို့ အကုန်ရောင်းကုန်သွားတယ်”

ဟွာကျွင်း အကြံပြုလိုက်သည်။

အဘိုးအိုက ဆိုသည်။ သူ့ခါးက အနည်းငယ်ကိုင်းနေ၏။

“ဒါတွေက ဆိုင်ရှင်လေးကို လက်ဆောင်ပေးတာပါ၊ စိတ်ကြိုက်သာ လုပ်ပါတော့”

“တကယ်တော့ ဒီနေ့ အားနာနာနဲ့ တောင်းဆိုစရာလေး တစ်ခုရှိလို့ပါ”

“ဦးလေး အားမနာဘဲ ပြောပါရှင်” ဟွာကျွင်း ပြန်ဖြေလိုက်သည်။

အဘိုးအိုမှာ အခက်အခဲ တစ်ခုခု ရှိနေပုံရ၏။ သူမ၏ ပထမဆုံးသော ဝင်ငွေကို ရှာပေးခဲ့သည် ဖြစ်၍ မည်သို့ပင်ဖြစ်စေ အစွမ်းကုန် ကူညီပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

အဘိုးအို ခေတ္တတွေဝေသွားပြီးမှ စဉ်းစားကာ ပြော၏။

“အိမ်က ကျုပ် မိန်းမ နေမကောင်းတာ ရက်နည်းနည်း ရှိပြီ။ အခု သက်သာလာပြီ ဆိုပေမဲ့လည်း အစား လုံးဝမစား ဖြစ်နေလို့။ ပြီးခဲ့တဲ့တစ်ခေါက်ကလို ခေါက်ဆွဲခြောက်လေး တစ်ပွဲလောက် ပြန်ရောင်းပေးလို့ ရမလား။ အဲဒီလို အရသာမျိုးဆိုရင် သူ စားနိုင်မယ်ထင်တယ်”

ဤတောင်းဆိုမှုမှာ ရိုးရှင်းလှပါ၏။

“ရတာပေါ့။ ဒါပေမဲ့ ခေါက်ဆွဲခြောက်က အာဟာရ သိပ်မရှိဘူး။ လူမမာအတွက် ပိုသင့်တော်မဲ့ ဆန်ပြုတ်ကို ကျွန်မ ချက်ပေးပါ့မယ်”

ဟွာကျွင်းသည် လှည့်၍ ကြက်ပေါင်နှစ်ခု ချပေးလိုက်သည်။ ထို့နောက် နို့လက်ဖက်ရည် နှစ်ခွက် ငှဲ့ပေးလိုက်၏။

“ဒါလေးတွေ အရင် စားထားပါဦး၊ ခဏလေး စောင့်နော်”

ထို့နောက် သူမ ဆန်ပြုတ်၊ ပြုတ်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

ဟွာကျွင်း ရေခဲသေတ္တာထဲမှ ပုစွန်အချို့နှင့် လက်သီးဆုပ်ခန့်ရှိသော အသားတစ်တုံး ထုတ်ကာ မိုက်ခရိုဝေ့ဖ်ဖြင့် ရေခဲများကို ဖျော်ထားလိုက်၏။ တစ်ဖက်တွင်လည်း မြေအိုးထဲတွင် ရေထည့်၍ မီးပြင်းပြင်းဖြင့် ဆူပွက်အောင် တည်ထားလိုက်သည်။ ထို့နောက် မီးကို အရှိန်လျှော့ကာ ဆန်ပြုတ်၊ ပြုတ်တော့၏။

မကြာမီ နို့နှစ်ရောင် ဆန်ပြုတ်ရည်ပြစ်ပြစ်လေးမှာ အိုးထဲတွင် ဆူပွက်လာတော့သည်။

ထိုစဉ် အခြားအိုးတစ်လုံး၌ ဆီထည့်ကာ အပူပေး၏။ ဟွာကျွင်း ပုစွန်ခေါင်းများကို အကြော်အိုးထဲ ထည့်ပြီးပုစွန်ဆီများ ထွက်လာသည်အထိ စောင့်ကာ ဆယ်လိုက်သည်။ ကျန်ရစ်ခဲ့သည့် ဆီမှာ ရွှေဝါရောင်သန်းသွား၏။ ထို့နောက် ဟွာကျွင်း ကျက်ခါနီးသည့် ဆန်ပြုတ်ကို လောင်းထည့်လိုက်သည်။

တစ်ဖန် မရပ်မနား မွှေပေးနေသဖြင့် ဆန်ပြုတ်မှာ အဝါနုရောင် ပြောင်းသွားပါ၏။ ထို့နောက် နုပ်နုပ်စင်းထားသော အသားများ၊ခေါင်းဖြုတ်ထားသည့် ပုစွန်များနှင့် ဘဲဥဆားငန်တို့ကို ထည့်လိုက်သည်။

ဆန်ပြုတ်ပွက်သွားသည့်အသံနှင့်အတူ အသားနှင့် ဆန်ပြုတ်၏ မွှေးရနံ့မှာ တစ်ဆိုင်လုံး ပျံ့လွင့်သွားတော့၏။

အာဟာရ ပိုဖြစ်စေရန် အသီးအရွက်လေးများ လှီး၍ ထည့်လိုက်၏။ အပေါ်ယံမှ ဆားအနည်းငယ် ဖြူးလိုက်သည်။

ထိုအခိုက် မွှေးပျံ့လှသော ဆန်ပြုတ်တစ်အိုး အဆင်သင့် ဖြစ်သွားတော့၏။

ငယ်ငယ်က ဟွာကျွင်း ဖျားနာသည့်အခါ ဘာမှမစားနိုင်ခဲ့ပေ။ ထိုစဉ် သူမ၏ မိခင်ဖြစ်သူက ဤကဲ့သို့ ဆန်ပြုတ်တစ်ခွက် ချက်ပေးကာ မှုတ်ပေးပြီး တစ်ဇွန်းချင်းစီ ခွံ့ကျွေးဖူးသည်။

ဆန်ပြုတ်၏ ရနံ့မှာ မပြောင်းလဲသော်လည်း မိခင်ဖြစ်သူမှာ မရှိတော့ပေ။ အရသာမှာ အမှတ်တရများကို သယ်ဆောင်ပေးသည့်အရာ ဖြစ်ပြီး အစားအသောက်သည် ခံစားချက်များကို လက်ဆင့်ကမ်းပေးသည့်အရာ ဖြစ်သည်။ အချိန်မည်မျှ ကုန်လွန်သွားပါစေ အစားအသောက်မှ ပေးစွမ်းသော ခံစားချက်မှာ မည်သည့်အခါကမှ ပျောက်ကွယ်မသွားပေ။

ဟွာကျွင်း ရင်ထဲတွင် တဆစ်ဆစ် ခံစားလိုက်ရသဖြင့် အသက် ပြင်းပြင်းရှူကာ ဆန်ပြုတ်များကို သစ်သားဘူးထဲသို့ ထည့်လိုက်၏။

အဘိုးအိုနှင့် မြေးမလေးမှာ စားပွဲတွင် မတ်မတ်ထိုင်နေကြသည်။ စားပွဲပေါ်က အစားအစာများကို လုံးဝ မထိကြဘဲ ငေးကြည့်နေကြ၏။

ဟွာကျွင်း ထွက်လာသည်ကို မြင်သောအခါ အဘိုးအိုက အလျင်အမြန် ထရပ်လိုက်သည်။ တာ့နွီမှာ ကြက်ပေါင်များကိုသာ ငေးကြည့်နေသည်။

“ဘာလို့ မစားကြတာလဲ” ဟွာကျွင်း အံ့ဩတကြီး မေးလိုက်၏။

“သမီး ပေးထားတာတွေက အများကြီး ဖြစ်နေပါပြီ။ ဒါတွေက ကျုပ်တို့လို လူတွေအတွက် တန်ဖိုးကြီးပါတယ်” အဘိုးအို ပြန်ဖြေလိုက်သည်။

ဟွာကျွင်း နားလည်သွား၏။ သူမ စားပွဲပေါ်က ကြက်ပေါင်နှင့် နို့လက်ဖက်ရည်ကို ထုပ်ပိုးပေးလိုက်ပြီး ပေါင်မုန့်ခြောက် နှစ်အိတ်ကိုပါ ထပ်တိုးပေးလိုက်သည်။

တာ့နွီသည် ဟွာကျွင်း၏ လှုပ်ရှားမှုများကို ကြည့်ရင်း တံတွေးပင် မျိုချမိ၏။

ဟွာကျွင်း သူမကို ပြောလိုက်သည်။

“အိမ်ပြန်ရောက်မှ မောင်လေးနဲ့တူတူ စားလိုက်နော်”

အဘိုးအိုတွင် နောက်ထပ် မြေးတစ်ယောက် ရှိသေးကြောင်း ဟွာကျွင်း မှတ်မိ၏။ တောသစ်အယ်သီးများကို ထိုမြေးလေးက ကောက်ထားခြင်း ဖြစ်သည်ဟု အဘိုးအိုက ပြောဖူးပါသည်။

“ဆိုင်ရှင်မမ ကျေးဇူးတင်ပါတယ်‌။ သမီး မဆာပါဘူး၊ ဒီကြက်ပေါင်တွေကို အဘွားနဲ့ မောင်လေးအတွက် ပေးလိုက်မယ်။ အဘွားက နေမကောင်းဘူး၊ မောင်လေးကလည်း ငယ်သေးတယ်။ သူတို့ကိုပဲ စားခိုင်းရမယ်”

ဟွာကျွင်း သူမ၏ ဆံပင်လေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး နို့လက်ဖက်ရည် တစ်ခွက်ကို ဖောက်ပေးလိုက်သည်။

“ဒါလေးကိုတော့ သောက်လိုက်ပါ။ ဒါက မမက တာ့နွီအတွက် သီးသန့်ပေးတာပါ”

အဘိုးအိုသည် တုန်တုန်ရင်ရင်ဖြင့် ကြေးပြားများကို ထုတ်ကာ ဟွာကျွင်းကို အတင်းပေးရန် ကြိုးစား၏။ ထိုငွေမှာ မလောက်ငှသော်လည်း သူပိုင်ဆိုင်သမျှ အားလုံးပင်။

ဟွာကျွင်းက လုံးဝ လက်မခံပေ။

“ဦးလေးက ကျွန်မကို မှိုတွေ၊ မုန်လာဥတွေ ပေးပြီးပြီပဲ၊ လုံလောက်ပါပြီဆို”

ခေတ်သစ်ကာလတွင် ဤကြေးပြားများမှာ မည်မျှ တန်ဖိုးရှိသည်ကို အဘိုးအို မသိရှာပေ။ သူ သိသည်မှာ ဟွာကျွင်းသည် အလွန် ကြင်နာတတ်သူ ဖြစ်ပြီး သူကတော့ သူမအပေါ် ကျေးဇူးကြွေး ပိုတင်လာရသည်ကိုသာ ခံစားနေရ၏။

သူက ငွေများကို အတင်းပေးနေသဖြင့် နောက်ဆုံးတွင် ဟွာကျွင်း စိတ်ဆိုးချင်ယောင် ဆောင်လိုက်ရသည်။

“ဦးလေး အတင်းပေးနေဦးမယ်ဆိုရင် နောက်ခါ ကျွန်မဆိုင်ကို မလာနဲ့တော့”

ထိုအခါမှသာ အဘိုးအိုက ကြေးပြားများကို ပြန်သိမ်းသွားတော့သည်။ သူသည် စိုစွတ်နေသော မျက်ရည်စများကို သုတ်ကာ တာ့နွီကို ဆွဲ၍ ဟွာကျွင်းကို သုံးကြိမ်တိုင်တိုင် အရိုအသေ ပေးလိုက်၏။

ထိုစဉ် အဘိုးအို တစ်ခုခုကို သတိရသွား၏။

“ဆိုင်ရှင် ခဏစောင့်ပါဦး၊ ကျုပ် အခုချက်ချင်း ပြန်လာခဲ့မယ်။ တာ့နွီကို ခဏထားခဲ့မယ်နော်”

သူ လှည့်ထွက်သွားပြီး လဲကျလုမတတ် ခြေလှမ်းများဖြင့် အပြေးအလွှား ထွက်သွားတော့သည်။

ဟွာကျွင်း အနောက်ကနေ လှမ်းအော်ပြောလိုက်ရ၏။

“ဦးလေး... ဖြည်းဖြည်းသွားပါ၊ ချော်လဲဦးမယ်”

အဘိုးအိုကတော့ နောက်လှည့်မကြည့်ဘဲ လက်ပြကာ တံခါးဝရှိ မော့ချွမ်းကို ဖြတ်သွားသည်။

မော့ချွမ်း အဘိုးအိုကို သံသယဖြင့် ကြည့်လိုက်ပြီး ဆိုင်ထဲဝင်ကာ ဟွာကျွင်းကို ပြောလိုက်၏။

“ဒီညနေက ငါလာကြည့်တော့ ‘ပိတ်သည်’ လို့ ရေးထားတာ တွေ့တယ်။ ဘာလို့ ပြန်ဖွင့်နေတာလဲ”

ဟွာကျွင်း ပြန်ဖြေလိုက်သည်။ “ပိတ်တယ်ဆိုတာ မြင်ရဲ့သားနဲ့ ဘာလို့ လာနေသေးတာလဲ”

မော့ချွမ်း ရယ်မောလိုက်သည်။ သူ ဗိုက်ဆာလွန်း၍ အိပ်မပျော်နိုင်သည့်အကြောင်းနှင့် သူ့ကံကို စမ်းကြည့်ရန်လာကြောင်း သေချာပေါက်မပြောပေ။

“တစ်ယောက်ယောက် တံခါးရိုက်ချိုးပြီး ပြဿနာရှာဖို့ ဖွင့်ဝင်လာမှာဆိုးလို့”

“ကျေးဇူးတင်လိုက်တာရှင်”

ဟွာကျွင်း ရွဲ့ပြောသည်။

“ဒါနဲ့... စားစရာ တစ်ခုခု ရှိလား။ ဗိုက်ဆာနေပြီ”

ထိုအချိန်တွင် မော့ချွမ်းသည် အစားတောင်းနေသော ခွေးလေးနှင့်ပင် တူနေတော့၏။

“ရှိတာပေါ့၊ ရှိတာပေါ့။ ရှင့်ကို အငတ်ထားရအောင် ကျွန်မက နှလုံးသားမရှိတဲ့သူ မဟုတ်ပါဘူး”

မော့ချွမ်း အခွင့်အရေးရတုန်း တောင်းဆိုလိုက်သည်။

“မနေ့ကလို ရွှင်ပျော်ပျော်ရေလေးလည်း သောက်ချင်တယ်”

ဟွာကျွင်း ကိုလာတစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်၏။

“သတိပေးပါရစေ၊ အဲဒါရဲ့ နာမည်အပြည့်အစုံက ရွှင် ပျော်ပျော်လူဝကြီးရေတဲ့။ အများကြီး သောက်ရင် ဝလာလိမ့်မယ်”

မော့ချွမ်း ခွက်ကို နှစ်လက်ဖြင့် ကိုင်ကာ သောက်လိုက်သည်။

“ကိစ္စမရှိပါဘူး၊ ကျုပ်က နေ့တိုင်း လေ့ကျင့်ခန်း လုပ်တယ်။ ဒီလို အရသာရှိတဲ့ အချိုရည်ကို သောက်ရမယ်ဆိုရင် ဝလာလည်း ပျော်ပါတယ်”

သူ တစ်ငုံ သောက်လိုက်ရာ တစ်ကိုယ်လုံး လန်းဆန်းသွား၏။ ထိုစဉ် ဘေးနားရှိ တာ့နွီကို သတိပြုမိသည်။

“ ဟွာကျွင်း ဒါ ဘယ်သူလဲ။ ပြောတော့ လူမငှားဘူးဆို”

တာ့နွီသည် နို့လက်ဖက်ရည်ကို တစ်ငုံချင်း အရသာခံ သောက်နေ၏။ သူမ ယခင်က အဒေါ်ကျန်း၏ ချွေးမ မီး နေသည်ကာလ၌ အချိုရည် သောက်ဖူးသော်လည်း ဤနို့လက်ဖက်ရည်မှာမူ အလွန် ထူးခြားပါသည်။ နို့နံ့သင်းပျံ့ပြီး ဝါး၍ရသည့်အစေ့လေးများကြောင့် သူမမှာ ခုန်ပေါက်ချင်စိတ်ပင် ဖြစ်နေမိ၏။

ဟွာကျွင်း ထမင်းအိုးတည်ရင်း ပြောလိုက်သည်။ “လျှောက်မပြောပါနဲ့၊ အဲဒါ ကျွန်မရဲ့ ဧည့်သည်”

“ဧည့်သည်၊ ဒီလို ဝတ်စားပုံနဲ့တော့ ခင်ဗျားဆိုင်က ပစ္စည်းကို ဝယ်နိုင်မှာ မဟုတ်ဘူး။ ဆိုင်ရှင်၊ ခင်ဗျား ပရဟိတတွေဘာတွေလုပ်နေတာလား”

ဟွာကျွင်း မျက်စောင်းထိုးရင်း ပြန်ပြောသည်။

“မှန်ထဲ ပြန်ကြည့်လိုက်ပါဦး၊ ရှင့်ကို ကျွေးနေတာရော အလကားမဟုတ်လို့ ဘာလဲ”

မော့ချွမ်း ပြန်ငြင်းလိုက်၏။

“ကျုပ်က မတူဘူးလေ။ ကျုပ်က အလုပ်လုပ်ပေးတယ်။ ပန်းကန်ဆေးတယ်၊ စားပွဲသုတ်တယ်၊ သန့်ရှင်းရေးလုပ်ပေးတယ်။ အို၊ အကုန်ကိုလုပ်ပေးတာ”

ထိုစကားကို ကြားသောအခါ တာ့နွီ အလျင်အမြန် ပြောလိုက်သည်။

“သမီးလည်း အလုပ်လုပ်နိုင်ပါတယ်။ သမီးက အလုပ်လုပ်တာ တော်ပါတယ်နော်”

မော့ချွမ်းက ကိုယ်ကို မတ်လိုက်ပြီး ပြောလိုက်၏။

“ဟေ့ ကလေးမ၊ စားပြီးရင် မြန်မြန် အိမ်ပြန်တော့။ ငါ့အလုပ်ကို လာမလုနဲ့ကွ”

All Chapters