← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃)

နန်းသုံး ကြွေပန်းကန်လုံး

ဟွာကျွင်းသည် မတတ်သာသလို ခေါင်းကို ခါယမ်းမိတော့သည်။

သူမ ချက်ထားသော ကြက်သားဟင်း ကို ထုတ်ယူကာ မိုက်ခရိုဝေ့ဖ်ဖြင့် နွှေးပေးပြီး ကြက်ဥတစ်လုံးကို အနှစ်မကျက်တကျက်လေး ကြော်လိုက်၏။ ခေတ်သစ် ကြက်ဥများသည် အရသာ သိပ်မရှိလှသဖြင့် အရသာ ပိုကောင်းသွားစေရန် ပဲငံပြာရည်အနည်းငယ် ထည့်လိုက်သည်။

သူမသည် ပန်းကန်လေးချပ် ထုတ်ကာ တစ်ပန်းကန်တွင် ထမင်းဖြူ တစ်ပုံထည့်လိုက်၏။ ထို့နောက် ဟင်းအနှစ်များကို ဆမ်းပြီး အပေါ်မှ ကြက်ဥကြော်လေး တင်လိုက်သည်။ အဘိုးအိုအတွက် တစ်ပုံကို သီးသန့်ဖယ်ထားပြီး ကျန်သုံးပုံကိုတော့ ဆိုင်ခန်းထဲသို့ သယ်လာလိုက်၏။

“ကဲ... စားလို့ရပြီနော်”

ထမင်းတစ်လုတ်ချင်းစီတွင် ဟင်းအနှစ်များ စိမ့်ဝင်နေပြီး ကြက်သားမှာ နူးအိနေသည်။ အာလူးမှာလည်း အိစက်နေပြီး အနှစ်မကျက်တကျက် ကြက်ဥလေးကို တူဖြင့် အသာအယာ ထိုးလိုက်သောအခါ ကြက်ဥအနှစ်များမှာ ထမင်းပေါ်သို့ စီးကျလာ၏။ အရောင်အဆင်း၊ အနံ့၊ အရသာ အားလုံး ပြည့်စုံလွန်းလှသည်။

“ဆေးမြစ်နံ့လေးလည်း ပါတယ်ဟ။ ဒါပေမဲ့ အရမ်းစားကောင်းတယ်”

မော့ချွမ်းက အလွန်အမင်း ချီးကျူးလိုက်သည်။

တာ့နွီသည် မရပ်မနား စားနေသော်လည်း တစ်ဝက်ခန့် ရောက်သော် ရပ်လိုက်ပြီး ဟွာကျွင်းကို လှမ်းမေး၏။ “ကျန်တဲ့တစ်ဝက်ကို သမီးမောင်လေးအတွက် သိမ်းထားလို့ ရမလားဟင်”

ဟွာကျွင်းက ကြင်နာစွာ သတိပေးလိုက်သည်။ “အကုန်စားလိုက်ပါ တာ့နွီရယ်။ မောင်လေးအတွက် မမ တစ်ပုံ သီးသန့်ဖယ်ထားပေးပြီးသားပါ”

ထိုအခါ တာ့နွီသည် ခေါင်းငုံ့ကာ ဆက်စားတော့၏။ စားရင်းနှင့် မျက်ရည်များမှာ ထမင်းပန်းကန်ထဲသို့ မမျှော်လင့်ဘဲ ကျဆင်းလာသည်။ သူမ အလျင်အမြန် သုတ်လိုက်သော်လည်း သုတ်လေ ပိုထွက်လာလေဖြစ်နေ၏။

ဟွာကျွင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

“ဘာလို့ ငိုနေတာလဲ တာ့နွီ”

တာ့နွီက ရှိုက်ကြီးတငင်ဖြင့် ပြောသည်။

“အရမ်း စားကောင်းလွန်းလို့ပါ။ သမီး ဘဝမှာ ဒီလောက်ကောင်းတာမျိုး တစ်ခါမှ မစားဖူးဘူး။ မမက သမီးတွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလူ၊ မဟုတ်ဘူး အကောင်းဆုံး နတ်သမီးလေးပဲ”

ဟွာကျွင်း ချော့မော့ရန် ပြင်နေစဉ်မှာ မော့ချွမ်းက ကြားဖြတ်ပြောလိုက်၏။

“သူက အလှဆုံး နတ်သမီးလေးလေ။ ဒါကို ဘယ်သူ့ကိုမှ မပြောနဲ့၊ လျှို့ဝှက်ထားရမယ်‌နော်”

ဟွာကျွင်းက သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

“ စားစရာရှိတာ စားစမ်းပါ၊ ပါးစပ်ကို မပိတ်နိုင်ဘူး”

သို့သော် ချီးကျူးစကားများကြောင့် ပျော်ရွှင်သွားကာ ရေခဲသေတ္တာထဲမှ ခရင်မ်ပတ်ဖ် မုန့်များကို ထုတ်ပေးလိုက်၏။

“ရော့... ဒါလေးကို အချိုပွဲအဖြစ် စားကြဦး”

သေးငယ်သော ခရင်မ်မုန့်လေးများကို ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အထဲမှ ခရင်မ်များမှာ လျှာပေါ်တွင် ပျော်ဝင်သွားသည်။ မော့ချွမ်းကတော့ ထိုင်ခုံပေါ် မှီချရင်း ရေရွတ်၏။

“ တကယ့်ကို မသေမျိုးတွေရဲ့ဘဝကို စံစားနေရတာပါလား”

ထိုစဉ် အဘိုးအိုသည် ဆိုင်သို့ ပြန်ရောက်လာတော့၏။ သူ တစ်လမ်းလုံး မနားဘဲ ပြေးလာသဖြင့် မောဟိုက်နေကာ နဖူးတွင်လည်း ချွေးများ စိုရွှဲနေသည်။ သူ အဝတ်ဖြင့် ထုပ်ထားသော အရာတစ်ခုကို ဟွာကျွင်းထံ ကမ်းပေးလိုက်၏။ ဟွာကျွင်း ဖွင့်ကြည့်လိုက်သောအခါ ထူးခြားသည့်ပုံစံကွက်လေးများပါသည့် ပန်းကန်လုံးလေး တစ်လုံးကို တွေ့လိုက်ရသည်။

အဘိုးအိုက ရှင်းပြသည်။

“အရင် မင်းဆက်တုန်းက အရာရှိကြီးတစ်ယောက် ကျုပ်တို့ရွာကို ထွက်ပြေးလာပြီး ကျုပ်တို့ဆီ ရက်နည်းနည်း တည်းခိုသွားဖူးတယ်။ သူ ပြန်သွားတော့ ဒီပန်းကန်လုံးလေးကို ထားခဲ့တာ။ လှတယ်လို့ ထင်လို့ ကျုပ် သိမ်းထားခဲ့တာ”

မော့ချွမ်း အနားတိုးကြည့်ရင်း ဆိုလိုက်၏။

“ဒါ နန်းသုံးကြွေပန်းကန် ပဲ။ လှတော့ လှတယ်။ ဒါပေမဲ့ အရင်မင်းဆက်က ပစ္စည်းဆိုတော့ ရောင်းလို့မရဘူးလေ။ အခုချိန်မှာတော့ ဘာတန်ဖိုးမှ မရှိတော့ဘူး”

အဘိုးအိုက ခက်ခက်ခဲခဲ ပြန်ပြောလိုက်သည်။

“ဒါက ကျုပ်တို့မိသားစုမှာ အဖိုးတန်ဆုံး ပစ္စည်းပါ”

ဟွာကျွင်းက ပန်းကန်ကို မှောက်ကြည့်လိုက်သောအခါ အောက်ခြေတွင် မင်းဆက်၏ နန်းတွင်းတံဆိပ် ခတ်နှိပ်ထားသည်ကို တွေ့လိုက်ရ၏။ သူမ အဘိုးအိုကို လှိုက်လှိုက်လှဲလှဲပင် ပြောသည်။

“ဦးလေး... ကျွန်မ ဒါကို တကယ် ကြိုက်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်”

မော့ချွမ်းက မေးလိုက်၏။

“ခင်ဗျားက ဒီလိုပစ္စည်းတွေကို ကြိုက်တာလား။ အပြင်မှာ ဒီလို ပုံစံကွက်မျိုးနဲ့ ပန်းကန်တွေ၊ အိုးတွေ အများကြီး ရောင်းနေတာပဲလေ”

ဟွာကျွင်းက မော့ချွမ်းကို ကြည့်ကာ ချီးမွမ်းလိုက်သည်။ “ရှင်က တကယ့် ပါရမီရှင်ပဲ”

အကယ်၍ သူမသည် ငွေစများကို သုံးပြီး ယခုကဲ့သို့ အိုးခွက်ပန်းကန်များကို ဝယ်နိုင်မည်ဆိုလျှင် အရောင်းအဝယ် လုပ်ရသည်မှာ ပို၍ လွယ်ကူသွား‌ပေမည်။ အဘိုးအိုနှင့် တာ့နွီကိုပြန်ပို့ပြီးနောက် ဟွာကျွင်း ငွေတုံးများနှင့်ကြေးပြားများကို မော့ချွမ်းထံ ပေးလိုက်၏။

“ဒါတွေနဲ့ ကျွန်မအတွက် ခွက်တွေ၊ပန်းအိုးတွေ ဝယ်ပေးပါ။ အလှဆုံးတွေကို ရွေးဝယ်နော်။ နန်းတွင်းသုံးပစ္စည်းတွေ ရရင်တော့ ပိုကောင်းတာပေါ့။ မနက်ဖြန်ညနေကျရင် ဆိုင်ကို လာခဲ့ဦး၊ အရသာရှိတာတစ်ခုခု လုပ်ကျွေးမယ်”

မော့ချွမ်း နှုတ်ခမ်းသပ်ပြီး အလေးအနက် ပြန်ပြောလိုက်သည်။ “ကျုပ်ကိုသာ စိတ်ချထားလိုက်”

တစ်ဖက်တွင်လည်း အဘိုးအိုသည် တာ့နွီကို ခေါ်ဆောင်ကာ ကောက်ရိုးမိုးထားသည့် အိမ်လေးသို့ ပြန်လာ၏။ သူ့ဇနီးသည်မှာ အားနည်းသော ခန္ဓာကိုယ်ဖြင့် ခုတင်ပေါ်တွင် ထိုင်ကာ ဖိနပ်အောက်ခံများကို ချုပ်နေပြီး မြေးလေးမှာ အိပ်ပျော်နေသည်။

အဘိုးအိုက ဇနီးသည်၏ လက်ထဲမှ ဖိနပ်အောက်ခံကို အလျင်အမြန် လုယူပြီး ဆူလိုက်၏။ “အနားယူပါလို့ ပြောထားတာကို၊ ဘာလို့ ပြန်ထလာတာလဲ”

အဘွားအိုက မေးလိုက်သည်။

“အိပ်နေတာများပြီး မသက်သာဖြစ်လို့ပါ။ ပန်းကန်လုံးလေးကို သွားပေးခဲ့လား။ သူ လက်ခံလိုက်လား”

“သူ လက်ခံပါတယ်၊ စိတ်မပူပါနဲ့”

အဘွားအိုက ခေါင်းငြိမ့်၏။ “ တော်သေးတာပေါ့၊ မဟုတ်ရင် ကျွန်မ စိတ်မကောင်း ဖြစ်နေတော့မှာ”

အဘိုးအိုသည် ဟွာကျွင်း ထည့်ပေးလိုက်သော ပစ္စည်းများကို စားပွဲပေါ်တွင် တစ်ခုချင်းစီ ထားလိုက်သည်။

“ဒါပေမဲ့ တာ့နွီကိုတော့ ရောင်းလို့မရခဲ့ဘူး”

“ဘာဖြစ်လို့လဲ။ သူတို့က တာ့နွီကို သဘောမကျကြဘူးလား”

အဘိုးအိုက သက်ပြင်းချ၏။

“သူတို့က တာ့နွီက အသက်ကြီးသွားလို့ သင်ပေးရတာ ခက်လိမ့်မယ်လို့ ထင်နေကြတာ”

ထိုအခါ တာ့နွီက သတ္တိမွေးကာ ပြောသည်။

“သမီး... သမီး အရောင်းမခံချင်တော့ဘူး။ အဘိုးနဲ့ အဘွားကို မခွဲချင်ဘူး”

“ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့ဆီမှာ ငွေမရှိဘူး။ နင့်ကို တခြားပို့လိုက်မှ ဝဝလင်လင် စားရမှာလေ။ အိမ်မှာနေရင် ငတ်သေကုန်လိမ့်မယ်”

“သမီး နတ်သမီးမမဆီမှာ အလုပ်လုပ်ချင်တယ်”

အဘိုးအိုက ပြောသည်။ “အဲဒီလို အလုပ်ကောင်းမျိုးကို နင်ရပါ့မလား။ ပြီးတော့ ငါတို့က သူ့အပေါ် ကျေးဇူးကြွေးတွေ အများကြီး တင်နေတာ။ သူ့ကို ထပ်ပြီး ဒုက္ခမပေးချင်တော့ဘူး”

စားပွဲပေါ်တွင် အစားအစာများ အဆင်သင့် ဖြစ်ချိန်တွင် အဘွားအိုက အိပ်ပျော်နေသော မြေးလေးကို နှိုးလိုက်ပြီး အားလုံး ဝိုင်းဖွဲ့စားသောက်ကြတော့၏။

အဘိုးအို၏ မြေးသည် ကြက်ပေါင်ကို တစ်ကိုက် ကိုက်ပြီး ပလုတ်ပလောင်းစားရာ သီးတော့မလိုပင် ဖြစ်သွားသည်။ တာ့နွီ သူ့ကျောကို ပုတ်ပေးရင်း ပြော၏။ “ဖြည်းဖြည်းစားပါ မောင်လေးရယ်၊ ဘယ်သူမှ လုမစားပါဘူး”

“အရမ်းမွှေးတာပဲ၊ အရမ်းမွှေးတာပဲ” မြေးလေးသည် ပါးစပ်တစ်ခုလုံး ဆီများ ပေကျံနေအောင် စားသောက်ပြီး ကြက်ရိုးတွင် ကပ်နေသော အသားများကိုပင် ကုန်အောင်စားနေတော့၏။ အဘိုးအိုက ထိုအရိုးများကို လွှင့်မပစ်ရက်ဘဲ မနက်ဖြန် ဟင်းရည်ချက်ရန် ပန်းကန်ထဲသို့ ပြန်ထည့်ထားလိုက်သည်။

အဘွားအိုသည် ဟွာကျွင်း အထူးချက်ပေးလိုက်သော ဆန်ပြုတ်ကို ဖွင့်လိုက်၏။ ဆန်ပြုတ်မှာ နွေးနေဆဲပင်။ ပထမတစ်ဇွန်း သောက်လိုက်ရုံဖြင့် သူမ အံ့ဩသွားရသည်။

“အဘိုးကြီး... ရှင် အဲဒီဆိုင်က အစားအသောက်တွေ ကောင်းကြောင်း ခဏခဏ ပြောတာ မဆန်းပါဘူး။ အခု မြည်းကြည့်ရတော့မှ တကယ့် နတ်သုဒ္ဓါတွေပဲဆိုတာ သိတော့တယ်။ ဒီသစ်သားဘူးလေးကအစ ဘယ်လောက် သေသပ်လိုက်သလဲ”

သူမသည် နေမကောင်းဖြစ်သဖြင့် အစားအသောက် ပျက်နေသော်လည်း ယခုအခါ အစားပြန်ဝင်လာသည်။ သို့သော် အများကြီး မစားရက်သဖြင့် သုံးဇွန်းခန့်သာ သောက်ပြီး ကျန်သည်ကို မနက်ဖြန် မိသားစုအတွက် သိမ်းထားလိုက်၏။

နောက်တစ်နေ့ မနက်စောစောတွင် ဟွာကျွင်းသည် အဘိုးအိုပေးသော ပန်းကန်လုံးကို ယူဆောင်ကာ ပြီးခဲ့သည့်တစ်ခေါက်က ရှေးဟောင်းပစ္စည်းဆိုင်သို့ ကားငှား၍ သွားလိုက်သည်။

အားလပ်ရက်ဖြစ်သဖြင့် ဆိုင်တွင် လူအတော်များနေသည်။ ဆိုင်ရှင်သည် ဟွာကျွင်းကို မှတ်မိနေသဖြင့် အခြားဖောက်သည်များကို ထားခဲ့ကာ သူမထံ ပြေးလာနှုတ်ဆက်သည်။ “ကောင်မလေး... မတွေ့ရတာ ကြာပြီနော်။ ဒီနေ့ရော ဈေးပေါပေါနဲ့ ရောင်းဖို့ ပစ္စည်းကောင်းလေးတွေ ပါလား”

ဟွာကျွင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။

“ကျွန်မမှာ ပန်းကန်လုံးလေးတစ်လုံး ပါလာတယ်၊ ဦးလေး ကြည့်ပေးပါဦး”

ဆိုင်ရှင်သည် ချက်ချင်းပင် နားလည်သွားကာ သူမကို ဒုတိယထပ်သို့ ခေါ်ဆောင်သွား၏။

ဒုတိယထပ်ကို ရှေးဟောင်းဒီဇိုင်းဖြင့် လှပစွာ ပြင်ဆင်ထားသည်။ ဆိုင်ရှင်က လက်အိတ်နှင့် မှန်ဘီလူးကို ယူကာ ဟွာကျွင်းပေးသော ပန်းကန်လုံးကို သေချာစွာ စစ်ဆေးကြည့်ရှုသည်။

“ဒါ တကယ့် ရတနာပဲ”

ထိုမင်းဆက်မှာ အချိန်တိုတောင်းပြီး စစ်ပွဲများသာ များခဲ့သဖြင့် ဤကဲ့သို့ ကြွေထည်ပစ္စည်းများ အကောင်းအတိုင်း ကျန်ရစ်ရန်မှာ အလွန် ခဲယဉ်းလှ၏။ ဆိုင်ရှင်၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်နေသည်ကို မြင်သောအခါ ဟွာကျွင်းသည် ဤပစ္စည်းမှာ အဖိုးတန်ကြောင်း သိလိုက်သည်။

ဆိုင်ရှင် မေးလိုက်သည်။

“ဒါလည်း မင်းရဲ့ အဘိုး ထားခဲ့တာလား”

ဟွာကျွင်း ပြန်ဖြေသည်။

“ဟုတ်တယ်။ ဘယ်လောက်ရမလဲ မသိဘူး”

ဆိုင်ရှင်ဦးလေးကြီးနှင့် သူမ အရင်ကလည်း စီးပွားရေးလုပ်ဖူး၏။

“ခင်ဗျား ပုံမှန်ဖောက်သည်ပဲလေ”

“အမှန်အတိုင်းပြောပြမယ်။ အရင်က ရောင်းသွားတဲ့ ငွေတုံးတွေနဲ့ ကြေးပြားတွေကို ဦးလေး ပြန်ရောင်းလိုက်တာ အမြတ်အများကြီး ရလိုက်တယ်။ ဒါကြောင့် ဒီပန်းကန်လုံးကိုတော့ ဦးလေး ဈေးမနှိမ်တော့ပါဘူး။ ဒါက တကယ့် နန်းသုံးပစ္စည်း အစစ်အမှန်ဖြစ်သလို လက်ရာကလည်း အပြစ်ပြောစရာ မရှိဘူး။ ဦးလေး ဒါကို ယွမ်(၁.၂) သန်း နဲ့ ဝယ်ပါ့မယ်”

အခန်း (၁၄)

သရဲခြောက်သည့်အိမ်

ယွမ် (၁.၂ )သန်း တောင်လား။

ဆိုင်ရှင်၏ ပါးစပ်က တလှုပ်လှုပ်ဖြင့် ရှင်းပြနေသည်များကို ဟွာကျွင်း တစ်ခုမှ မကြားရတော့ပေ။ သူမ ဆွံ့အသွားရသည်။ ဤပန်းကန်လုံးသည် ရှေးဟောင်းပစ္စည်းဖြစ်၍ ငွေအတန်အသင့်ရမည်ဟု ထင်ထားခဲ့သော်လည်း ဤမျှအထိ တန်ဖိုးရှိလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

အဘိုးအိုသည် သူမအတွက် ပထမဆုံးသော ဝင်ငွေကို ရှာပေးခဲ့သည့်အပြင် ယခု တန်ဖိုးများစွာ ထိုက်သည့် ပန်ကန်းလုံးကို ပေးလာ၏။ နောင်တွင် အဘိုးအိုနှင့် မိသားစုအတွက် ပိုမိုအရသာရှိသော အစားအစာများကို ချက်ပြုတ်ပေးရမည်ဟု ဟွာကျွင်း ဆုံးဖြတ်လိုက်သည်။

“‌ကောင်မလေး ဈေးနှုန်းကို သဘောမတူလို့လား” ဟွာကျွင်း ငြိမ်သက်နေသဖြင့် ဆိုင်ရှင်မှာ စိုးရိမ်တကြီး မေးလာသည်။

“မဟုတ်ပါဘူး၊ ရပါတယ်၊ ဒီဈေးနဲ့ပဲ ဖြစ်ပါတယ်”

(၁.၂)သန်းဆိုသည်မှာ သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပြီဖြစ်ရာ ဟွာကျွင်း ဈေးမဆစ်တော့ဘဲ ခေါင်းငြိမ့်သဘောတူလိုက်၏။

သူမ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်သည် ဟွာကျွင်းပေးသော ကတ်နံပါတ်သို့ ငွေများကို ချက်ချင်းလွှဲပေးလိုက်ရာ (၅) မိနစ်အတွင်း ငွေများ ရောက်လာတော့သည်။ ဟွာကျွင်းသည် သူမ၏ အကောင့်ထဲရှိ သုည လေးများကို အကြိမ်ကြိမ် ပြန်ရေတွက်ကြည့်ပြီးမှ စိတ်အေးသွားတော့၏။

မော့ချွမ်းကို အရသာရှိသော ညစာ ကျွေးမည်ဟု ကတိပေးထားသဖြင့် ဟွာကျွင်းသည် ဟော့ပေါ့ လုပ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။ နောင်တွင် သူမ၏ မုန့်ဆိုင်တွင်လည်း ဟော့ပေါ့ကို ကြော်ညာပေးနိုင်သဖြင့် မော့ချွမ်းကို အရသာမြည်းခိုင်းရန် အခွင့်ကောင်းပင်။

သူမ သွင်းကုန်စူပါမားကတ်တစ်ခုတွင် အကြီးအကျယ် ဈေးဝယ်တော့သည်။ သိုးသားလွှာ (၃)ဘူး၊ ချောင်ရှန်း အမဲသားလုံး (၂) ထုပ်၊ ပုစွန်လုံး (၁) ထုပ်၊ ပုစွန်အခွံနွှာပြီးသား (၁)ပွဲ၊ သြစတြေးလျ အမဲသားလွှာ (၂)ဘူး၊ အမဲအူကြမ်း (၁)ဘူးနှင့် လည်ရိုးသား(၁)ဘူးတို့ကို ဝယ်ယူခဲ့၏။ အိမ်တွင် အမဲအဆီလွှာများ ကျန်သေးသဖြင့် ထပ်မဝယ်တော့ပေ။

ထို့အပြင် ဟင်းသီးဟင်းရွက်ဗန်းများ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ နံနံပင်၊ နှမ်းစေ့နှင့် နှမ်းအနှစ်၊ မြေပဲအနှစ်များကိုပါ ဝယ်ခဲ့သည်။ ဟော့ပေါ့အရည်အတွက် မှိုဟင်းရည်နှင့် အစပ်အရည်ကို ရွေးချယ်ပြီး ဟော့ပေါ့အတွက် သီးသန့် လျှပ်စစ်အိုးတစ်လုံးကိုပါ ဝယ်ယူခဲ့၏။ ယခင်အတိုင်းပင် နို့လက်ဖက်ရည် (၄)ခွက်ကိုပါ ထုပ်ပိုးလာခဲ့သည်။

မုန့်ဆိုင်သို့ ပြန်ရောက်သောအခါ ဟွာကျွင်း အဘိုးအိုပေးထားသော တောမှိုများနှင့် မုန်လာဥများကို ဆိုင်ရှေ့တွင် ခင်းကျင်းလိုက်သည်။ ထို့နောက် “တောမှိုစစ်စစ် ၁ ကီလို (၁၅၀) ယွမ်” နှင့် “စိုက်ခင်းထွက် မုန်လာဥဖြူ ၁ လုံး (၁၀) ယွမ်” ဟု စာရေးကာ ဈေးဆိုင်လေး ဖွင့်လှစ်လိုက်သည်။

မွန်းတည့်ချိန်နီးပြီဖြစ်၍ လမ်းပေါ်တွင် လူသိပ်မရှိပေ။ ခဏကြာသည်အထိ မည်သူမှ စိတ်ဝင်စားခြင်းမရှိသဖြင့် ဟွာကျွင်း ပျင်းရိလာပြီး ဘေးနားရှိ ဆိုင်လွတ်ကြီးကို ကြည့်ကာ စိတ်ကူးတစ်ခု ရလိုက်သည်။ သူမ ထိုဆိုင်ကို ဝယ်ယူပြီး မုန့်ဆိုင်ကို ချဲ့ထွင်နိုင်၏။

ထိုဆိုင်၏ အပြင်ဘက်တွင် ဆက်သွယ်ရန် လိပ်စာမရှိပေ။ ဟွာကျွင်း မှန်ပြတင်းပေါက်နားသို့သွားကာ ခြေဖျားထောက်၍ အတွင်းဘက်ကို ချောင်းကြည့်သည်။ ဖုန်များ ထူထပ်နေသဖြင့် အတွင်းကို မမြင်ရပေ။ သူမ အဝတ်စတစ်ခုဖြင့် မှန်ကို သုတ်လိုက်သောအခါ ပရိဘောဂအချို့ ဟိုဒီပြန့်ကျဲနေသည်ကို တွေ့ရ၏။ ဆိုင်ပုံစံမှာ သူမ၏ မုန့်ဆိုင်နှင့် ဆင်တူပြီး နှစ်ထပ်အိမ် ဖြစ်ပေသည်။

ထိုစဉ် အနောက်မှ အသံတစ်သံ ထွက်လာ၏။ “ဘာလုပ်နေတာလဲ”

လှည့်ကြည့်လိုက်သောအခါ မုန်လာဥ လာဝယ်လေ့ရှိသည့် အဒေါ်လီ ဖြစ်နေသည်။ ဟွာကျွင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။ “အဒေါ်လီ၊ ဒီဆိုင်ပိုင်ရှင်ရဲ့ ဖုန်းနံပါတ်ကို သိလား။ ကျွန်မ ဒီအိမ်ကို ဝယ်ချင်လို့ပါ”

အဒေါ်လီက မိန်းကလေးမှာ ဆိုင်ဝယ်ရန် ပြောနေသဖြင့် အံ့ဩသွားပြီး သူမကို အနားသို့ခေါ်ကာ တိုးတိုးလေး ပြောသည်။ “ဒီဆိုင်ကိုတော့ မဝယ်ပါနဲ့ သမီး။ အဒေါ်က သမီးကောင်းဖို့ ပြောတာ”

ဟွာကျွင်းက မေးလိုက်၏။

“ဘာဖြစ်လို့လဲဟင်”

အဒေါ်လီသည် ဤရပ်ကွက်တွင် နေလာသည်မှာ ဆယ်စုနှစ်နှင့်ချီနေပြီဖြစ်၍ ပတ်ဝန်းကျင်က သတင်းမှန်သမျှကို သိထားသည်။ သူမက ပြောပြလာ၏။

“ကိုးဆယ်ကျော်ကာလတုန်းက ဒီဆိုင်က အပ်ချုပ်ဆိုင်လေးပေါ့။ ဆိုင်ရှင်က သားတစ်ယောက်ရှိတဲ့ မုဆိုးမလေးလေ၊ အရောင်းအဝယ်ကလည်း တော်တော်ကောင်းတယ်”

“ဒါပေမဲ့ တစ်နေ့မှာတော့ သူက ဒီအိမ်မှာ သရဲခြောက်တယ်လို့ ပြောလာတယ်”

အဒေါ်လီက ခဏရပ်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ ဆက်ပြောသည်။

“ညတိုင်း အိပ်ရာထဲလှဲနေရင် လူတွေ စကားပြောနေသံတွေကို ကြားရတယ်တဲ့၊ လူတွေ အများကြီးပဲတဲ့။ စည်ကားနေတဲ့ ဈေးကြီးဘေးမှာ နေနေရသလိုမျိုးပဲတဲ့”

“အဲဒီလိုဖြစ်နေတော့ သူ ဘယ်လိုအိပ်နိုင်မှာလဲ။ ရက်နည်းနည်းကြာတော့ မခံနိုင်တော့တာနဲ့ သတ္တိမွေးပြီး ထကြည့်လိုက်တယ်။ ဘာတွေ့တယ် ထင်သလဲ”

ဟွာကျွင်းက အဖြေကို ခန့်မှန်းမိသော်လည်း ခေါင်းခါပြလိုက်သည်။ အဒေါ်လီက အသံကို နည်းနည်းမြှင့်ကာ ပြော၏။ “အပြင်မှာ မှောင်မည်းနေတာပဲ၊ လူတစ်ယောက်မှ မရှိဘူး”

“ပြီးတော့ရော”

“ပြီးတော့ အပ်ချုပ်သည်မလေးလည်း မနေရဲတော့ဘူးပေါ့။ တစ်ညလုံး ထိုင်စောင့်နေပြီး နောက်နေ့မှာပဲ ပစ္စည်းတွေထုပ်ပြီး ရွာဘက်ကို ပြန်ပြေးသွားတော့တာပဲ။ အဲဒီအချိန်ကစပြီး ဘယ်သူမှ မနေရဲကြတော့ဘူး”

အဒေါ်လီက တစ်ခုခု သတိရသွားပြီး မေးလိုက်သည်။

“သမီး ဒီမှာနေတာ ရက်နည်းနည်းရှိပြီ၊ ဘာအသံမှ မကြားဘူးလား”

ဟွာကျွင်းက ခေါင်းခါကာ တွေးလိုက်မိ၏။ ထိုအချိန်က သူမ၏ အဘိုးသည် မုန့်ဆိုင်ကို ဖွင့်ထားပြီးဖြစ်ရာ အပ်ချုပ်သည် ကြားခဲ့သည့်အသံမှာ သူမအဘိုးဆိုင်က ဖောက်သည်များ၏ အသံဖြစ်ပေလိမ့်မည်။ နံရံများက အသံမလုံခဲ့လောက်ပေ။ ကံကောင်းထောက်မစွာဖြင့် ထိုအမျိုးသမီးမှာ ကြောက်တတ်သဖြင့် ဆက်လက်မစုံစမ်းခဲ့ပေ။

သူမသည် ဤအိမ်ကို မဖြစ်မနေ ဝယ်ရမည်။ သို့မဟုတ်ပါက တစ်နေ့တွင် သတ္တိရှိသူတစ်ဦး ဝင်နေပါက သူမ မုန့်ဆိုင်လေး၏လျှို့ဝှက်ချက် ပေါက်ကြားသွားနိုင်၏။

အဒေါ်လီက မုန်လာဥနှစ်လုံး ဝယ်သွားပြီး ဟွာကျွင်းက သူမကို မှိုရိုင်းလက်တစ်ဆုပ်စာ လက်ဆောင်ပေးလိုက်သည်။ အဒေါ်လီက ဈေးကြီးသည့်မှိုများကို လက်ဆောင်ရသဖြင့် အလွန်ပျော်သွားပြီး ဘေးက ဆိုင်ပိုင်ရှင်ကို စုံစမ်းပေးမည်ဟု ကတိပေးကာ ထွက်သွားတော့သည်။

ထို့နောက် ဟွာကျွင်းသည် “ဟွာကျွင်း မုန့်ဆိုင်” ဆိုသည့် ဆိုင်းဘုတ်အသစ်တစ်ခုနှင့် ဈေးနှုန်းစာရင်း ရေးရန်အတွက် ဗလာစာအုပ်၊ မှင်နှင့် ဘောပင်များကို ဝယ်ယူခဲ့သည်။ ဆိုင်ရှိမီနူးက နေ့စဉ် ပြောင်းလဲနေသည့်အတွက် ပရင့်ထုတ်ခြင်းထက် လက်ရေးဖြင့် ရေးခြင်းက ပိုအဆင်ပြေပေသည်။ သူမကိုယ်တိုင် ရေးကြည့်သော်လည်း လက်ရေးက အလွန်ဆိုးလှသဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရသည်။ နေဝင်လုနီးပြီဖြစ်ရာ သူမသည် မရောင်းရသေးသော ပစ္စည်းများကို သိမ်းဆည်းကာ ညစာ ဟော့ပေါ့အတွက် စတင်ပြင်ဆင်ပါတော့သည်။

All Chapters