← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅)

မန်ဒရင်းဘဲဟော့ပေါ့

ဟွာကျွင်းသည် အိုးအကြီးတစ်လုံးကို ထုတ်ကာ ဆေးကြောထားသော အရိုးများကို ထည့်ပြီး တစ်နာရီခန့် အချိန်ယူကာ မီးအေးအေးဖြင့် တည်လိုက်သည်။ တစ်နာရီကြာပြီးနောက် ဟင်းရည်မှာ နို့နှစ်ရောင်သဏ္ဌာန် ပြောင်းလဲလာပြီး အပေါ်ယံတွင် အဆီလေးများ ဝေ့တက်လာကာ အလွန်အရသာရှိသော ဟင်းရည် ရရှိလာတော့၏။

ထို့နောက် သူမ လျှပ်စစ်ဟော့ပေါ့အိုး၏ အကန့်နှစ်ခုထဲသို့ ဟင်းရည်များကို လောင်းထည့်လိုက်ပြီး တစ်ဖက်တွင် မှိုဟင်းရည်၊ အခြားတစ်ဖက်တွင်တော့ အစပ်ဟင်းရည်တို့ကို ထည့်လိုက်သည်။

ထို့ပြင် ပြင်ဆင်ထားသော အသားနှင့် ဟင်းသီးဟင်းရွက်များကို ပန်းကန်များထဲတွင် သေသပ်စွာ စီထည့်ပြီး ဟော့ပေါ့စားပွဲဘေးတွင် ချထားလိုက်၏။

နံရံဘေးက စားပွဲငယ်လေးကိုတော့ အချဉ် စပ်ရန်အတွက် ချထားလိုက်ပြီး အမယ်စုံကို ခင်းကျင်းထားသည်။

လုပ်ရသည်မှာ လွယ်ကူရိုးရှင်းပါ၏။ ယခုတော့ မော့ချွမ်း ရောက်လာမှာကို စောင့်ရုံသာရှိတော့သည်။

ကောင်းကင်တစ်ခွင်လုံး အမှောင်ကျသွားချိန်တွင် ဆိုင်တံခါး ပွင့်လာ၏။ ထို့နောက် လူကို မမြင်ရသေးခင် အသံက အရင်ရောက်လာသည်။

“မွှေးလိုက်တာ။ ဒီနေ့ စွပ်ပြုတ်သောက်ကြမှာလား”

မော့ချွမ်းသည် သေတ္တာအကြီးတစ်လုံးကို ပိုက်ကာ အထဲသို့ လှမ်းဝင်လာပြီး သူ့နောက်တွင်တော့ လူတစ်ယောက် ပါလာသည်။

ဟွာကျွင်း သေချာကြည့်လိုက်တော့ မတွေ့ရတာ ကြာပြီဖြစ်သည့် ကျန်းရှီယွဲ ဖြစ်နေ၏။

မော့ချွမ်းက စိတ်လှုပ်ရှားနေဆဲပင်။

“ဒီစွပ်ပြုတ်ကို ထမင်းနဲ့နယ်စားရင်တော့ တကယ် စားကောင်းမှာပဲ”

ကျန်းရှီယွဲသည် ဟွာကျွင်းကို ခေါင်းငြိမ့်နှုတ်ဆက်လိုက်သည်။

“ဟွာကျွင်း... မတွေ့ရတာ ကြာပြီနော်”

“ဟုတ်တယ်၊ ကြာပြီနော်။ မြို့ ကနေ ပြန်လာတာလား”

“ဟုတ်တယ်၊ ရက်နည်းနည်း အနားယူပြီးရင် ပြန်သွားရဦးမယ်”

မော့ချွမ်းက ယောက်မကြီးကိုယူကာ အိုးထဲတွင် ဘာပါသလဲဆိုသည်ကို ခပ်ကြည့်ရန် ပြင်နေသည်။ ဟွာကျွင်း အလျင်အမြန် တားလိုက်ရသည်။

“အဲဒီဟင်းရည်အိုးကို မထိနဲ့ဦး၊ ကျွန်မတို့ အဲဒီအတိုင်း စားမှာမဟုတ်ဘူး”

မော့ချွမ်း လက်လျှော့ကာ ယောက်မကို ပြန်ချလိုက်သည်။ သို့သော် ကျန်းရှီယွဲက ဟွာကျွင်း ရေးပြီး လွှင့်ပစ်ထားသော မီနူးစာရွက်အဟောင်းများကို သတိပြုမိသွား၏။

သူက ဖွင့်ကြည့်ရင်း မေးလိုက်သည်။

“ဟွာကျွင်း... မင်း လက်ရေးလှ ကျင့်နေတာလား”

မော့ချွမ်းလည်း အနားကို တိုးလာကြည့်ပြီး အားရပါးရ အော်ရယ်တော့၏။

“ဟားဟားဟား... ငါ့တူလေးရဲ့ လက်ရေးထက်တောင် ဆိုးတဲ့လက်ရေးမျိုးကို အခုမှ မြင်ဖူးတော့တယ်”

ဟွာကျွင်း၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ သူမသည် စာရွက်ကို အမြန်ဆွဲယူကာ လုံးချေပြီး နံရံဘေးက အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ရင်း ရှင်းပြ၏။

“ကျွန်မတို့ဆီက စုတ်တံတွေက ရှင်တို့ဆီကနဲ့ မတူဘူးလေ၊ အဲဒါကြောင့် လက်ရေးမလှတာ။ လက်ရေးကျင့်နေတာ မဟုတ်ပါဘူး၊ မီနူး ရေးနေတာပါ”

ထို့နောက် သူမ မော့ချွမ်းကို ပြောလိုက်သည်။

“ရှင့်လက်ရေးရော လှလို့လား။ လှရင် နောက်မှ လာကူရေးပေး”

မော့ချွမ်းက ရယ်သံတိတ်သွား၏။

“ငါ့လက်ရေးလည်း မလှပါဘူး။ ရှီယွဲကတော့ လက်ရေးအရမ်းလှတာ။ ရှီယွဲ... မင်းပဲ သူ့ကို ကူရေးပေးလိုက်ပါလား”

ဟွာကျွင်းက ကျန်းရှီယွဲကို လှမ်းကြည့်ရာ သူက ခေါင်းငြိမ့်ပြသည်။

“ရပါတယ်”

အခက်အခဲတစ်ခု ပြေလည်သွားသဖြင့် ဟွာကျွင်းသည် မော့ချွမ်းကို မေးလိုက်သည်။

“ကျွန်မ ခိုင်းထားတဲ့ကိစ္စရော ဘယ်လိုလဲ”

အဓိကအကြောင်းအရာ ရောက်လာသဖြင့် မော့ချွမ်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောပါ၏။

“ခင်ဗျား လိုချင်တဲ့ ပစ္စည်းတွေက ဝယ်ရတာ မခက်ပါဘူး။ ဒါပေမဲ့ နန်းသုံးပစ္စည်း ဆိုရင်တော့ အဆက်အသွယ် လိုတယ်။ တော်သေးတာက ရှီယွဲ ရောက်လာလို့ သူ့ကို အကူအညီတောင်းလိုက်ရတာ။ ကဲ၊ ဒီမှာ ကြည့်”

သူသည် ဘေးက သေတ္တာကို ညွှန်ပြလိုက်သည်။

ဟွာကျွင်း သေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ပန်းရောင်ပန်းအိုးလေး တစ်လုံးကို တွေ့လိုက်ရ၏။ ပုံစံမှာ အလယ်ပိုင်းတွင် ကားပြီး ထိပ်နှစ်ဖက် ကျဉ်းသွားကာ အပေါ်တွင် ဇီးပန်း လေးများ ပန်းချီဆွဲထားသည်။ အနုပညာ နားမလည်သူပင်လျှင် ဤလက်ရာမှာ အလွန် ပြောင်မြောက်ကြောင်း သိနိုင်၏။

ကျန်းရှီယွဲသည် ရှင်းပြလာသည်။

“မော့ချွမ်းက ပြောတယ်၊ မင်းက အရင်မင်းဆက်က နန်းတွင်းသုံးပစ္စည်းတွေကို ကြိုက်တယ်ဆိုလို့။ ကိုယ့်အဖေက မြို့ထဲက အပေါင်ဆိုင်ပိုင်ရှင် တစ်ယောက်နဲ့ ရင်းနှီးတာနဲ့ ဒီပန်းအိုးကို ဝယ်လာပေးတာ”

မော့ချွမ်းက ကြားဖြတ်ပြောလိုက်၏။

“သူက ခင်ဗျားအတွက် ငွေ (၅)ငါးတေး တောင် စိုက်ပေးထားတာနော်”

ဟွာကျွင်း ကျန်းရှီယွဲကို အားနာစွာဖြင့် ပြုံးပြလိုက်သည်။

“ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ အခုလောလောဆယ် ကျွန်မဆီမှာ ငွေစအပို မရှိသေးဘူး။ ရက်နည်းနည်းနေရင် အကြွေးပြန်ဆပ်ပါ့မယ်နော်”

ကျန်းရှီယွဲက လက်ကာပြလိုက်၏။

“ရတယ်၊ မလိုပါဘူး”

ဆိုင်က ပိတ်ထားသည့်အတွက် သူမ ဘယ်ကနေ ငွေ (၅)တေး ရှာပြီး ဆပ်မည်နည်း။

ဟွာကျွင်း မော့ချွမ်းကို မျက်စောင်းထိုးလိုက်သည်။

“ဘာလို့ ငွေကို ပိုသုံးလိုက်ရတာလဲ။ ကျွန်မပေးလိုက်တဲ့ ငွေနဲ့ပဲ လောက်အောင် ဝယ်ရမှာလေ”

မော့ချွမ်းက ပြန်ဖြေလိုက်၏။

“ကျုပ်က အဲဒီလောက်ထိ မတွေးမိလိုက်ဘူး။ ခင်ဗျား ကြိုက်မှာပဲဆိုပြီး ဝယ်လိုက်တာပါ”

ကောင်းစေလိုသည့် စေတနာဖြင့် လုပ်ပေးခြင်းဖြစ်၍ ဟွာကျွင်းဘာမှ မပြောတော့ပေ။ နောက်တစ်ခါကျလျှင် သေသေချာချာ ရှင်းပြရမည်ဟု တွေးလိုက်သည်။

“အချိန်ကိုက် ရောက်လာကြတာပဲ။ ညစာ အဆင်သင့်ဖြစ်ပြီ၊ အခု စားလို့ရပြီ” ဟွာကျွင်း ပန်းအိုးကို ကောင်တာနောက်တွင် သေချာသိမ်းဆည်းပြီး ညစာစားရန် ပြောလိုက်သည်။

သူမ ဟော့ပေါ့အိုးအဖုံးကို မလိုက်သောအခါ အမွှေးနံ့များ အပေါ်သို့ ပျံ့နှံ့သွားတော့၏။ အားလုံးက မွှေးကြိုင်လှသော ဟင်းရည်အနံ့ကို ရလိုက်သည်။

မော့ချွမ်း မျက်လုံး ပေကလပ်၊ ပေကလပ်ဖြင့် ကြည့်ကာ မေးလိုက်၏။

“ဒီဟင်းရည်အကြည်က ထမင်းနဲ့ စားလို့ရတယ်။ ဒါပေမဲ့ ဒီအနီရောင် ဟင်းရည်ကိုကျတော့ ဘယ်လိုစားရမှာလဲ”

ဟွာကျွင်းသည် ဘေးနားရှိ ပါဝင်ပစ္စည်းများကို ဖွင့်ပြလိုက်သည်။

“ဒါတွေက ဟင်းရည်တွေ၊ ထမင်းနဲ့ နယ်စားဖို့ မဟုတ်ဘူး။ ကျွန်မတို့ စားမှာက ဒါတွေပဲ”

သူတို့နှစ်ဦး သေသပ်စွာ စီထားသော အသားနှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ကာ ဆိုလိုက်၏။

“ဒါတွေက အစိမ်းတွေလေ”

ဟွာကျွင်းသည် အချဉ်စပ်လိုက်ပြီး ဟော့ပေါ့အိုးကို ဆူပွက်လာသည်အထိ စောင့်လိုက်သည်။ ထို့နောက် အမဲသားလွှာနှစ်ချပ်ကို ယူကာ မှိုဟင်းရည်ထဲတွင် ထည့်လိုက်၏။ အသားအရောင် ပြောင်းသွားသည်နှင့် ဆယ်ယူကာ အချဉ်ခွက်ထဲတွင် နယ်ဖတ်လိုက်ပြီး စားပြလိုက်သည်။

“ရှင်တို့ မြည်းကြည့်ကြဦး”

နိုင်ငံခြားသားများပင် မငြင်းဆန်နိုင်သည့် ဟော့ပေါ့ အရသာဟာ ရှေးခေတ်လူများအတွက်လည်း ထူးခြားနေပေလိမ့်မည်။

မော့ချွမ်း၏ တုံ့ပြန်မှုမှာ အလွန် တိုက်ရိုက်ကျလှသည်။ သူ ပါးစပ်ကို အုပ်ကာ မျောက်တစ်ကောင်လို ခုန်ပေါက်နေတော့၏။

“စားကောင်းလိုက်တာ။ စားကောင်းလိုက်တာ။ နည်းနည်းတော့ ပူတယ်ဟေ့”

ကျန်းရှီယွဲမှာ ပိုပြီး တည်ငြိမ်လှသည်။ သူသည် တူဖြင့် အသားဖတ်ကို ညှပ်ကာ အောက်ကနေ လက်ဖြင့် ခံလျက် အသာအယာ မှုတ်၏။ ထို့နောက် ပါးစပ်ထဲထည့်ကာ သေချာမြည်းကြည့်သည်။

ပထမဆုံး ခံစားလိုက်ရသည်မှာ မြေပဲနံ့ သင်းပျံ့နေခြင်းပင်။ မြေပဲအစိမ်းကို ဝါးနေရသလို မဟုတ်ဘဲ မြေပဲ ဒါဇင်ပေါင်းများစွာကို ကြိတ်ချေထားပြီး ပါးစပ်ထဲ ထည့်လိုက်ရသလိုမျိုး နူးညံ့နေ၏။

နူးညံ့လှသော အမဲသားကို တစ်ကိုက် ကိုက်လိုက်သည်နှင့် အမဲသား၏ အရသာမှာ လျှာပေါ်တွင် ပျံ့နှံ့သွားသည်။ ကြက်သွန်မြိတ်နှင့် နံနံပင်တို့၏ လတ်ဆတ်မှု၊ ဆား၏ ငန်ကျိကျိအရသာတို့ ပေါင်းစပ်လိုက်သောအခါ ထူးခြားသော အရသာကို ပေးစွမ်းပါ၏။

“အမဲသားနဲ့ မြေပဲက ဒီလောက်အထိ လိုက်ဖက်လိမ့်မယ်လို့ မထင်ထားဘူး”

ကျန်းရှီယွဲ ခေါင်းငြိမ့်ကာ ချီးကျူးလိုက်၏။

မော့ချွမ်းသည် ပြောလာသည်။ “ငါ ပြောသားပဲ။ ဟွာကျွင်းဆီမှာ တစ်လလုံး မထပ်အောင် စားလို့ရတဲ့ စားစရာတွေ အများကြီး ရှိတယ်ဆိုတာ”

ကျန်းရှီယွဲ့ ထောက်ခံလိုက်ပြီး ဟွာကျွင်းကို မေးလာ၏။

“အင်း... မင်း ပြောတာ မှန်တယ်။ ဒီအစားအစာမှာ နာမည်ရှိလား”

ဟွာကျွင်းက ‌ပြန်ဖြေလိုက်သည်။ “ဒါကို ဟော့ပေါ့လို့ ခေါ်တယ်”

ကျန်းရှီယွဲက ပြောလိုက်၏။

“မဟာတံတိုင်းကြီးရဲ့ အပြင်ဘက်က မျိုးနွယ်စုတွေမှာလည်း ဒီလို စားတဲ့ပုံစံမျိုး ရှိတယ်လို့ ကြားဖူးတယ်။ သူတို့က အသားတွေကို လှီးပြီး ဆူပွက်နေတဲ့ ရေထဲမှာ ခဏပြုတ်ပြီး ဆားနဲ့ တို့စားကြတာ။ ဒါပေမဲ့ ဒီဟော့ပေါ့ကတော့ ပိုပြီး ရှုပ်ထွေးသလို အရသာကလည်း အများကြီး ပိုကောင်းတယ်”

ဟွာကျွင်းသည် ခေတ္တစဉ်းစားလိုက်၏။

“ဟုတ်တယ်၊ ဒါက ပိုပြီး ကောင်းအောင် ပြုပြင်ထားတဲ့ ပုံစံပေါ့”

ထို့နောက် သူမ ပြောသည်။

“ဒီမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ကိုယ်တိုင် အချဉ်စပ်စားရတာပဲ။ အခု ရှင်တို့ စားတာက ကျွန်မ ကြိုက်တဲ့ပုံစံအတိုင်း စပ်ပေးထားတာ”

သူမ နံရံဘေးက စားပွဲကို ညွှန်ပြလိုက်၏။ “ဟိုမှာ ပါဝင်ပစ္စည်းအစုံ ရှိတယ်။ ကိုယ့်စိတ်ကြိုက် အရသာရအောင် စပ်စားလို့ ရတယ်”

မော့ချွမ်း၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ “ကိုယ်တိုင် စပ်ရမှာလား။ စိတ်ဝင်စားစရာပဲ”

ထို့နောက် ပန်ကန်းလုံးတစ်လုံးယူကာ သွားစပ်တော့၏။

ကျန်းရှီယွဲ မေးလိုက်သည်။ “သခင်မလေး စပ်ပေးတာက ကျွန်တော့်အရသာနဲ့ ကိုက်ညီပါတယ်။ ဒါကို ဘယ်လို စပ်ရမလဲဆိုတာ သိလို့ရမလား”

“ရတာပေါ့” ဤအချဉ်ရည်မှာ ဟွာကျွင်း အွန်လိုင်းတွင် နာမည်ကြီးသော နည်းလမ်းအတိုင်း စပ်ထားခြင်းပင်။ မြေပဲအနှစ်၊ နှမ်းဆီ၊ ခရုဆီ၊ ပဲငံပြာရည်၊ ရှာလကာရည် အနည်းငယ်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ဆားနှင့် သကြားတို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

မော့ချွမ်းသည် အစပ်ကြိုက်သဖြင့် ဟွာကျွင်း သူ့ကို အစပ်ဟော့ပေါ့အရည်နှင့် လိုက်ဖက်မည့် အချဉ်ပြစ်ပြစ်ကို စပ်ခိုင်းလိုက်၏။ ကျန်းရှီယွဲက အရသာ ပေါ့ပေါ့ပါးပါးကို ကြိုက်သဖြင့် မှိုဟင်းရည်နှင့် မြေပဲအချဉ်က အလိုက်ဖက်ဆုံးပင်။

မော့ချွမ်းမှာ အစပ်ဟင်းရည်ကြောင့် နှာခေါင်းတွင် ချွေးစလေးများ ထွက်လာသဖြင့် ကိုလာတစ်ဗူးကို မော့လိုက်၏။ ထို့နောက် ဟွာကျွင်းကို အတုခိုးကာ အော်လိုက်သည်။ “လန်းဆန်းသွားတာပဲ ”

ကျန်းရှီယွဲက နားမလည်သဖြင့် မေးလိုက်သည်။ “လန်းဆန်းသွားတယ် ဆိုတာ ဘာကို ပြောတာလဲ”

မော့ချွမ်း ပြန်ဖြေ၏။

“လန်းဆန်းတယ်ဆိုတာ တစ်ကိုယ်လုံး နေလို့ကောင်းသွားတာကို ပြောတာပေါ့။ မင်းလည်း ဒီ ရွှင်ပျော်ပျော်လူဝကြီးရေ ကို သောက်ကြည့်ဦး”

ဟွာကျွင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“ဒါကို ကိုလာ လို့ ခေါ်တယ်၊ နောင်ကျရင် နာမည်တွေကို လျှောက်မခေါ်နဲ့တော့”

ကျန်းရှီယွဲ တစ်ငုံ သောက်ကြည့်၏။

သို့သော် မော့ချွမ်း ပြန်ပြောလာသည်။

“အဲဒီလို မဟုတ်ဘူး။ အများကြီးသောက်မှ သူ့ရဲ့ အရသာအစစ်အမှန်ကို သိမှာ”

ကျန်းရှီယွဲလည်း အများကြီး သောက်လိုက်သောအခါ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်သွားရတော့သည်။

“ဒီကိုလာက တကယ် ထူးခြားတာပဲ”

မော့ချွမ်းက ပြောသည်။ “အစပ်အိုးနဲ့ တွဲစားရင် ပိုတောင် ကောင်းသေးတယ်။ စားကြည့်ကြည့်”

အခန်း (၁၆)

စုဝမ်၏ အမှာစာ

ကျန်းရှီယွဲသည် မယုံကြည်သော်လည်း အစပ်ဟင်းရည်အိုးထဲမှ သိုးသားတစ်ဖတ်ကို ခပ်ယူစားကြည့်လိုက်သည့်အခါ ချက်ချင်းပင် ချောင်းတဟွတ်ဟွတ်ဆိုးတော့၏။

မော့ချွမ်း ရယ်မောရင်း ပြောသည်။

“မင်း စားရင်း ကျင့်သားရသွားလိမ့်မယ်”

ပါးစပ်ထဲက အစပ်ဒဏ် လျော့ပါးသွားသည်နှင့် ထိုအရသာက ကျန်းရှီယွဲကို ဆွဲဆောင်သွားတော့၏။ သူသည် မှိုဟင်းရည်ထက် ပို၍ အရသာရှိသော အစပ်ဟင်းရည်ကို စွဲလန်းသွားပြီး ဆီဝေ့နေသည့် အနီရောင်ဟော့ပေါ့ဟင်းရည်ကိုသာ အာရုံစိုက် စားသောက်တော့သည်။

အမယ်စုံကို အလှည့်ကျ ထည့်ကြရင်း သူတို့သုံးဦး ချွေးပြန်သည်အထိ စားကြပါ၏။ ထို့နောက် ကိုလာနှင့် ဝမ်လောင်ကျီ ဆေးဖက်ဝင်လက်ဖက်ရည်တို့ကို သောက်ကြ၏။

ဟွာကျွင်း သက်ပြင်းချကာ ဆိုသည်။

“ငါ့ဦးနှောက်ကို ကြည့်စမ်းပါဦး၊ ဇီးဖျော်ရည် ပြင်ထားဖို့ မေ့သွားတယ်”

မော့ချွမ်း သိလိုစိတ်ဖြင့် မေး၏။

“ဇီးဖျော်ရည်ဆိုတာ ဘာလဲ”

ဟွာကျွင်းက ရှင်းပြသည်။ “ဇီးဖျော်ရည်ဆိုတာ ဇီးသီးကို သကြားနဲ့ ပြုတ်ထားတာလေ၊ အရသာက ချိုချိုချဉ်ချဉ်လေး၊ ဟော့ပေါ့စားရင်း သောက်လိုက်ရင် အဆီအစိမ့်တွေပြေပြီး ခံတွင်းရှင်းသွားရော”

မော့ချွမ်း ပြောလိုက်သည်။

“လုပ်ရတာ ရိုးရှင်းသားပဲ၊ ကိုယ့်ဘာသာတောင် ပြုတ်သောက်လို့ ရတယ်”

ဟွာကျွင်းသည် သူမခေတ်က ဇီးဖျော်ရည်များတွင် နည်းပညာများ ပါဝင်ပေါင်းစပ်ထားသဖြင့် အရသာချင်း မတူဟု မရှင်းပြနိုင်ပေ။

ကျန်းရှီယွဲသည် ဟွာကျွင်း၏ လက်ရာကို ချီးကျူးစကားဆိုသည်။ “ဘယ်လိုလုပ် ရိုးရှင်းမှာလဲ၊ ဟွာကျွင်းဆီက စားစရာတွေကို ကြည့်ဦး၊ ငါတို့ထဲက ဘယ်သူ လုပ်တတ်လို့လဲ”

ထိုစဉ် လူတစ်ယောက် ဝင်လာသည်။ ဟွာကျွင်း မည်သို့ပြန်ပြောရမှန်း မသိဖြစ်နေစဉ်မှာပင် ထိုလူရောက်ရှိလာခြင်းက သူမအတွက် ကံကောင်းသွားသည်။ စုဝမ်သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် လှမ်းဝင်လာရင်း နှုတ်ဆက်လိုက်၏။

“ဟွာကျွင်း၊ အနံ့လေးက အရမ်းမွှေးနေတာပဲနော်”

ရင်းနှီးပြီးသား မျက်နှာကို မြင်လိုက်ရသဖြင့် ဟွာကျွင်း ဝမ်းသာအားရ ဖိတ်ခေါ်သည်။ “စုဝမ်ပါလား၊ အချိန်ကိုက် ရောက်လာတာပဲ၊ ကျွန်မတို့နဲ့အတူ ဟော့ပေါ့ စားမလား”

စုဝမ်သည် ဟော့ပေါ့အိုးကို တစ်ချက်ကြည့်၊ အမျိုးသားနှစ်ဦးကို တစ်ချက်ကြည့်လိုက်၏။ မိသားစု အဆုံးအမများအရ မရင်းနှီးသောအမျိုးသားများနှင့် စားပွဲတစ်လုံးတည်းတွင် အတူထိုင်စားရန်မှာ မဖြစ်နိုင်ပေ။ အနံ့က မွှေးကြိုင်နေသော်ငြား သူမ ယဉ်ကျေးစွာပင် ငြင်းပယ်လိုက်သည်။

“မစားတော့ပါဘူး။ ကျေးဇူးတင်ပါတယ်ရှင်၊ ကျွန်မ ညစာ စားခဲ့ပြီးပြီ။ အခုလာတာက အကူအညီလေးတစ်ခု တောင်းချင်လို့ပါ”

ဟွာကျွင်းသည် စုဝမ်ကို စားပွဲလွတ်တစ်ခုသို့ ခေါ်သွားပြီး နို့လက်ဖက်ရည် တစ်ခွက်ပေးကာ တစ်ဖက်သူ ပြောမည့်စကားကို စောင့်ဆိုင်းရင်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ စုဝမ်သည် စကားဆက်ပြောရန် ပြင်သော်လည်း ရှေ့က နို့လက်ဖက်ရည်ကို မြင်သည်နှင့် စကားမှာ လည်ချောင်းထဲတွင် နစ်မြှုပ်သွားတော့၏။ သူမသည် ကျွမ်းကျင်စွာပင် ပိုက်ကိုထိုးထည့်ကာ အားရပါးရ စုပ်သောက်လိုက်သည်။

စုဝမ် အားရပါးရ သောက်ပြီးနောက် စကားဆိုသည်။ “ဒီအရသာလေးကို အရမ်းသတိရနေတာ၊ ပြီးခဲ့တဲ့ ရက်တွေက မလာနိုင်တော့ အတော်လေး သောက်ချင်နေတာလေ”

ဟွာကျွင်း သူမကို ပြုံးကြည့်နေသည်။ စုဝမ်သည် အာသာပြေသွားသည်အထိ သောက်ပြီးနောက် စကားဆက်လိုက်၏။

“နောက်ရက်နည်းနည်းကြာရင် လပြည့်ပွဲတော် ရောက်တော့မယ်။ ထုံးစံအရ မိသားစုဝင်တွေ အားလုံး စုံစုံလင်လင်နဲ့ ညစာစားပွဲကို လာကြမှာလေ။ အဲဒီပွဲအတွက် ရှင် မုန့်လေးတချို့ ပြင်ဆင်ပေးနိုင်မလား သိချင်လို့ပါ”

ဟွာကျွင်းက အသေးစိတ် မေးလိုက်သည်။ “စုဝမ်တို့ရဲ့ မိသားစုစားပွဲမှာ လူဘယ်နှစ်ယောက်လောက် ရှိလဲ”

စုဝမ်သည် တွက်ချက်ကာ ဆို၏။ “ ဆွေမျိုးတွေ အားလုံးပေါင်းရင် လူလေးဆယ်၊ ငါးဆယ်လောက်ရှိမယ်”

ဟွာကျွင်း စဉ်းစားလိုက်သည်။ ဤသည်မှာ အခွင့်အလမ်းကြီး ဖြစ်သော်လည်း သူမတွင် အတွေ့အကြုံ မရှိသေးပေ။ အကယ်၍ သူမကြောင့် သူတို့မိသားစုစားပွဲ ပျက်စီးသွားပါက မကောင်းနိုင်ပေ။ စုဝမ်သည် ဟွာကျွင်း၏ ဝေခွဲမရဖြစ်နေမှုကို သတိပြုမိသွားပြီး တောင်းပန်သည်။

“ဟွာကျွင်း၊ ကူညီပါဦးနော်။ ဒါက ကျွန်မအတွက် မိသားစုထဲမှာ မျက်နှာပွင့်မဲ့ အခွင့်အရေးမလို့ လက်မလွှတ်ချင်လို့ပါ”

စုဝမ်၏အမေမှာ မျိုးရိုးမြင့်မိသားစုမှ ဖြစ်သော်လည်း သူမတို့အိမ်က အဒေါ်ကျန်းမှာ ကုန်သည်မျိုးရိုးမှ လာသူဖြစ်၏။ ထို့ကြောင့် ဖခင်ဖြစ်သူက အိမ်တွင်းစီမံခန့်ခွဲမှု အဝဝကို အဒေါ်ကျန်းအား လွှဲအပ်ထားသည်။ စုဝမ်နှင့် အဖေတူအမေကွဲ ညီမဖြစ်သူ စုယန်မှာ သူမထက် တစ်နှစ်ငယ်သည်။ သူမ၏ အမေဖြစ်သူကိုယ်တိုင် လက်ထပ်သင်ကြားပေးထားသဖြင့် အိမ်တွင်းစီမံခန့်ခွဲမှုတွင် အလွန်ကျွမ်းကျင်၏။ မကြာသေးမီက ကျင်းပခဲ့သော မိသားစုစားပွဲများကို စုယန်ကသာ တာဝန်ယူ စီစဉ်ပေးပြီး အစစ၊အရာရာ ပြည့်စုံလွန်းသဖြင့် ဖခင်ဖြစ်သူ၏ ချီးကျူးမှုကို ရရှိခဲ့သည်။

ဤမျှနှင့်ဆို ပြဿနာမရှိသော်လည်း စုယန်သည် အခြားညီအစ်မများရှေ့တွင် စုဝမ်ကို သွယ်ဝိုက်၍ လှောင်ပြောင်လေ့ရှိ၏။ စုဝမ်မှာ အိမ်ထောင်ပြုတော့မည်ဖြစ်သော်လည်း အိမ်မှုကိစ္စ ဘာမှမသိသဖြင့် သမီးကြီးပီသမှု မရှိကြောင်း၊ သူမ၏ အမေမှာလည်း သမီးကို မည်သို့ဆုံးမရမှန်း မသိကြောင်းကို စော်ကားပြောဆိုတော့သည်။ သို့သော် စုဝမ်၏ အမေက မသင်ပေးချင်၍ မဟုတ်ပေ။ အမေဖြစ်သူက ဖခင်ဖြစ်သူအား စုဝမ်ကို အခွင့်အရေးပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးသည်။

သို့သော် အဒေါ်ကျန်းက ထိုကိစ္စကို လုံးဝ အလျှော့မပေးဘဲ စုဝမ်မှာ အိမ်ထဲတွင်သာ အချိန်ကုန်နေသူ ဖြစ်ကြောင်း၊ ဖခင်ဖြစ်သူ ရာထူးတက်ရန် အရေးကြီးနေသည့် အချိန်တွင် အမှားအယွင်း မခံနိုင်ကြောင်း ပြောဆိုကာ တားဆီးထား၏။ အကယ်၍ ဟွာကျွင်းသာ ကူညီမည်ဆိုလျှင် သူမ၏ ဖခင်ထံမှ မျက်နှာသာ ရရှိမည်ဟု စုဝမ် ယုံကြည်ပါသည်။

စုဝမ်သည် နှုတ်ခမ်းကို အသာကိုက်ပြီး သူမ၏မျက်နှာလှလှလေးတွင် ဝမ်းနည်းရိပ်များ ယှက်သန်းနေသည်။ ထိုပုံစံကို ကြည့်ပြီး ဟွာကျွင်း မငြင်းရက်တော့ပေ။ မည်သို့ပင်ဖြစ်စေ စုဝမ်တွင် အတွေ့အကြုံ မရှိသလို သင်ပေးမည့်သူလည်း မရှိပေ။ ဟွာကျွင်းက အမှားအယွင်းဖြစ်မှာ စိုးရိမ်သဖြင့် စုဝမ်ကို မေးကြည့်မှတော့ ရမည်။

ဟွာကျွင်းက မေးလိုက်သည်။ “ပစ္စည်း ဘယ်နှစ်မျိုး ဝယ်ရမယ်၊ တစ်မျိုးကို ဘယ်လောက် ဝယ်ရမယ်ဆိုတာ သိလား”

စုဝမ်သည် ချက်ချင်းပင် ယုံကြည်မှုများ ပြန်တက်လာပြီး ဖြေလိုက်၏။

“အဲဒါက ဘာမှမခက်ပါဘူး။ ကျွန်မကိုယ်တိုင် မစီမံဖူးပေမဲ့ ငယ်ငယ်ကတည်းက ပွဲလမ်းသဘင် အကြီးအသေး ပေါင်းစုံကို တက်ခဲ့တာလေ။ ကျွန်မ မြင်ဖူးတာတွေကို အတုယူလိုက်ရင် ရတာပဲ။ ပြီးတော့ ကျွန်မက စားသောက်ပြီးမှ ကျွေးမဲ့ အချိုပွဲလေးကိုပဲ တာဝန်ယူမှာဆိုတော့ ပိုတောင် လွယ်သေးတယ်”

ဟွာကျွင်းက ကူညီရန် စိတ်အားထက်သန်စွာ မေးသည်။ “ဒါဆိုရင် ဘယ်လို ကူညီပေးရမလဲ”

စုဝမ်က သိလိုစိတ်ဖြင့် မေးလိုက်၏။ “ရှင့်ရဲ့ မုန့်ဆိုင်မှာ ဘယ်လို အချိုပွဲလေးတွေ ရှိလဲဆိုတာ ပြောပြပေးနိုင်မလား”

ဟွာကျွင်းက အကြံပေးလိုက်၏။ “ဒီလိုလုပ်ပါလား။ ရှင် မနက်ဖြန် ညနေပြန်လာခဲ့။ ကျွန်မ ရှင့်အတွက် အချိုပွဲ အမျိုးမျိုး ပြင်ဆင်ထားမယ်။ အကုန်မြည်းကြည့်ပြီးမှ ဆုံးဖြတ်ပေါ့”

စုဝမ်ကဝမ်းသာအားရ ဆိုသည်။ “ကောင်းတာပေါ့”

သူမက မိသားစုအတွက် စဉ်းစားကာ တောင်းဆိုသည်။

“ကျွန်မအဖေ မြည်းကြည့်ဖို့အတွက် မုန့်လိပ်လေးတချို့ ယူသွားလို့ ရမလား၊ အဖေ စားကြည့်လို့ ကြိုက်သွားရင် ကျွန်မကို အချိုပွဲ တာဝန်ပေးဖို့ သူ သဘောတူမှာ သေချာတယ်”

ဟွာကျွင်း သဘောတူလိုက်၏။ “ရတာပေါ့၊ ပြဿနာမရှိဘူး”

စုဝမ် ထပ်လောင်းကာ ပြောသည်။ “ပြီးတော့ ပြီးခဲ့တဲ့ တစ်ခေါက်ကလို နို့လက်ဖက်ရည်မျိုးလည်း ပါရင် ပိုကောင်းမယ်”

ဟွာကျွင်းသည် ချက်ချင်းပင် မူရင်းအရသာ တစ်ခုနှင့် အရသာလက်သစ်တစ်ခုကို ဆီစိမ်စက္ကူဖြင့် သေချာထုပ်ပိုးပေးလိုက်၏။ ထို့နောက် ဘိုယာကျွယ်ရှန်းနှင့် ချင်းချင်းနော့ရှန်း လက်ဖက်ရည်တို့ကို ဝါးကျည်တောက် နှစ်ခုထဲ ထည့်ပေးလိုက်သည်။ ဤနှစ်မျိုးစလုံးမှာ လက်ဖက်ရည်နံ့ ပိုရသဖြင့် စုဝမ်၏မိဘများ ကြိုက်နှစ်သက်ကြမည်မှာ သေချာသလောက်ပင်။

[T/N ဘိုယာကျွယ်ရှန်းနှင့် ချင်းချင်းနော့ရှန်း(နို့လက်ဖက်ရည် တံဆိပ်ပါနော်]

ထုပ်ပိုးမှုပုံစံ ပြောင်းလဲလိုက်သည်ကို ကြည့်ပြီး စုဝမ် အံ့ဩသွားသော်လည်း ဟွာကျွင်း လုပ်သမျှမှာ အကြောင်းရှိမည်ဟု တွေးကာ ဘာမှမမေးဘဲ နေလိုက်သည်။ ထို့ပြင် ဆီစိမ်စက္ကူနှင့် ဝါးကျည်တောက်တို့မှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းနေသည်။ အဝါနုရောင် ဆီစိမ်စက္ကူထက်တွင် အညိုရောင်နှင့် အဝါရောင် အကွက်ငယ်လေးများ ရိုက်နှိပ်ထားပြီး အရောင်စပ်ပုံမှာ ထူးခြားဆန်းသစ်နေပါ၏။

အထူးခြားဆုံးမှာ ဝါးကျည်တောက်ပင်။ စိမ်းစိမ်းစိုစို ဝါးပေါ်တွင် ဟွာကျွင်းမုန့်ဆိုင်ဟု စာသားထွင်းထားပြီး ဘေးတွင် အငွေ့တထောင်းထောင်းထနေသည့် လက်ဖက်ရည်ခွက်ပုံလေးကိုလည်း ထွင်းထုထားသည်။ အဖုံးကို ပိတ်လိုက်သည့်အခါ ထုတ်ပုံမှာ သပ်ရပ်သဖြင့် ပြောင်းပြန်လှန်လိုက်လျှင်ပင် တစ်စက်မှ ဖိတ်ကျခြင်း မရှိပေ။ စုဝမ်သည် ပို၍ ယုံကြည်မှု ရှိသွား၏။

စုဝမ် တွေးလိုက်သည်။ “ဒီလောက် အဆင့်မြင့်တဲ့ ထုပ်ပိုးမှုမျိုးနဲ့ဆိုရင် အဖေက သေချာပေါက် သဘောတူမှာပဲ”

ဟွာကျွင်းသည် စုဝမ်ကို လိုက်ပို့ပြီး ပြန်လာသည့်အခါ ကျန်းရှီယွဲနှင့် မော့ချွမ်းတို့မှာ စားပွဲပေါ်က စားစရာအားလုံးကို ကုန်စင်အောင် စားသောက်ပြီးနေသည်ကို တွေ့လိုက်ရ၏။ ဟွာကျွင်း အံ့အားသင့်သွားသည်။ ဤသည်မှာ လူငါးယောက်စာ ပမာဏပေ။

ဟွာကျွင်းသည် အံ့ဩစွာ ဆိုသည်။ “ရှင်တို့ နှစ်ယောက် တော်တော်လေးစားနိုင်တာပဲ”

မော့ချွမ်း စားပွဲသိမ်းရန် တက်ကြွစွာ ထရပ်လာပြီး ကျန်းရှီယွဲကတော့ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။ သူ ဟွာကျွင်းကို ကျေးဇူးတင်စကား ပြောရင်း မေးသည်။ “ဆိုင်ရှင်၊ မင်း မီနူး ရေးတော့မှာလား”

ဟွာကျွင်းက ဆိုသည်။ “ရေးတော့မယ်လေ။ ဒါနဲ့ ကျွန်မကို ဟွာကျွင်းလို့ပဲ ခေါ်ပါ၊ ဆိုင်ရှင်လို့ ခေါ်နေဖို့ မလိုဘူး”

ဟွာကျွင်းသည် စာရွက်အလွတ်နှင့် စာရေးကိရိယာများကို ထုတ်ပေးလိုက်၏။ ကျန်းရှီယွဲသည် ကျွမ်းကျင်ညင်သာစွာဖြင့် စာရွက်ကို ဖြန့်လိုက်သည်။ ထို့နောက် စုတ်တံကို ညာဘက်လက်ဖြင့် ကိုင်ကာ စာရွက်အဖြူပေါ်တွင် ရေးရန် အသင့်ပြင်ထားလိုက်၏။ သူ့မျက်နှာမှာ တည်ငြိမ်နေပြီး ဟွာကျွင်း ပြောမည့်အချက်အလက်ကို စောင့်ဆိုင်းနေသည်။ အလုပ်တစ်ခုကို အလေးအနက် လုပ်နေသော အမျိုးသားသည် အချောဆုံးပေ။

ကျန်းရှီယွဲသည် ဟွာကျွင်း၏ အသံကို မကြားသဖြင့် သူမကို သံသယဖြင့် မော့ကြည့်လိုက်သည်။ ထိုအခါမှ ဟွာကျွင်း သတိပြန်ဝင်လာပြီး ချောင်းနှစ်ချက်ဟန့်လိုက်၏။

ဟွာကျွင်းက ပြောလိုက်၏။ “လောလောဆယ်တော့ မုန့်ဆိုင်မှာ အသင့်စားတွေကိုပဲ အဓိက ထားမယ်။ ပထမဆုံး အူဒုံ ကို အမြဲတမ်းရမဲ့ ဟင်းအဖြစ် ထည့်မယ်။ အသီးအရွက် တုတ်တစ်ချောင်းကို တစ်ပြား၊ အသားတုတ်တစ်ချောင်းကို နှစ်ပြားလို့ ရေးပေးပါ”

ကျန်းရှီယွဲက အကြံပြုသည်။ “ဈေးနှုန်းက နည်းနည်း နိမ့်နေသလားလို့။ ကိုယ် အူဒုံ စားဖူးတယ်၊ အရသာက အရမ်းကောင်းပြီး အသားတွေကလည်း အရည်အသွေး မြင့်တယ်။ အသီးအရွက်ကို (၁၀) ပြား ၊ အသားကို (၁၅) ပြားလို့ ပြောင်းလိုက်ကြရအောင်”

ဟွာကျွင်းက စိုးရိမ်စွာ မေးလိုက်၏။ “အဲဒါက အရမ်းဈေးကြီးမသွားဘူးလား”

ကျန်းရှီယွဲက ရှင်းပြသည်။ “ဒီဆိုင်က စားစရာတွေက အရေအတွက် နည်းပေမဲ့ အဆင့်အတန်း မြင့်ပြီး ဈေးကွက်မှာလည်း ထူးခြားနေတာလေ။ ရှားပါးတဲ့ ပစ္စည်းက ပိုတန်ဖိုးရှိတာမို့ ဈေးမြင့်ပြီး ရောင်းတာက သဘာဝကျပါတယ်”

ဟွာကျွင်းက သဘောတူလိုက်၏။ “ကောင်းပြီလေ။ မနက်ဖြန်ကစပြီး ပုစွန်ဖက်ထုပ်၊ ဖက်ထုတ်ပြုတ်နဲ့ အသားပေါင်းတွေကိုလည်း ရောင်းမယ်။ ဈေးကိုတော့ တစ်ခု (၈) ပြားစီ ထားမယ်။ ပြီးတော့ ခေါက်ဆွဲခြောက်ကို တစ်ပွဲ (၃၀) ပြား၊ ကိတ်မုန့်ကို တစ်ခု (၅၀) ပြားလို့ သတ်မှတ်ရအောင်”

ဟွာကျွင်းက ဆက်ပြော၏။ “လောလောဆယ်တော့ ဒီအမယ်တွေကိုပဲ ရေးလိုက်ပါဦး။ နောက်မှ တစ်ဖြည်းဖြည်း တိုးသွားတာပေါ့”

ဘေးက ဖြတ်သွားသော မော့ချွမ်းက ကြားသွားပြီး မေးလိုက်သည်။ “ပုစွန်ဖက်ထုပ်ဆိုတာ ဘာလဲ”

ဟွာကျွင်းက ရှင်းပြပါ၏။ “ပုစွန်ဖက်ထုပ်ဆိုတာ ဖောက်ထွင်းမြင်ရတဲ့ ဖက်ထုတ်အသားလေးထဲမှာ အသားအနှစ်နဲ့ ပုစွန်တစ်ကောင် ထည့်ထားတာလေ”

မော့ချွမ်းက ဟွာကျွင်းကို ချက်ချင်းပင် သနားစဖွယ် ကြည့်ကာ ဆိုသည်။ “ကျုပ် မစားဖူးသေးဘူး”

ဟွာကျွင်းက ကတိပေးလိုက်၏။ “ဒီနေ့တော့ ရှင် ဗိုက်ဝနေပြီလေ။ မနက်ဖြန်မှ လာခဲ့၊ ကျွန်မ ပေါင်းပေးမယ်”

မော့ချွမ်း တစ်ခုခုကို သတိရသွားပြီး မေးလိုက်၏။ “မနက်ဖြန် မင်း မုန့်တွေ မြည်းကြည့်မဲ့အချိန်မှာ စားပွဲသုတ်ဖို့ ၊ ပန်းကန်ဆေးဖို့ လူလိုမှာ မဟုတ်လား”

ဟွာကျွင်းက ဖိတ်ခေါ်လိုက်သည်။ “လိုတာပေါ့၊ မနက်ဖြန် အတူတူ လာခဲ့ကြ၊ မုန့်ဆိုင်ရဲ့ မီနူးကို အချောသတ်ဖို့ ကူညီပေးကြဦး”

ကျန်းရှီယွဲသည် ခေါင်းငြိမ့်ပြပြီး ရေးထားသော မီနူးစာရွက်ကို လိုက်ကာ ဘေးတွင် ချထားလိုက်၏။

All Chapters