အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇)
ဝမ်ဖေးတောင် မမြည်းစမ်းဖူးတဲ့ အချိုပွဲ
စုဝမ် ယနေ့တော့ အိမ်ပြန်လမ်းက အဘယ်ကြောင့် ရှည်လျားနေရသနည်း တွေးနေမိသည်။
သူမလက်ထဲက ဝါးကျည်တောက် နှစ်ခုကို ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ပိုက်ထားလိုက်၏။ ဝါးကျည်တောက်များက သေချာပိတ်ဆို့ထားမှန်း သိသော်လည်း အကြောင်းပြချက်မရှိဘဲ စိုးရိမ်နေမိပါသည်။ ထို့ကြောင့် ရတနာတစ်ပါးလို တန်ဖိုးထားကာ အပေါ်ကနေ အင်္ကျီလက်နဲ့ပါ အုပ်မိုးထားလိုက်သေး၏။
ရထားလုံးမောင်းသည့် အစေခံများကတော့ ပြတင်းပေါက်အပြင်ဘက်ကနေ ခပ်တိုးတိုး စကားဆိုကြသည်။
“ဒီနေ့ မုန့်ဆိုင်က ထွက်လာတဲ့ အနံ့ကို ရလိုက်လား၊ တကယ် မွှေးတာပဲနော်”
“ဟုတ်ပဗျာ၊ ဟော့ပေါ့အိုးကိုလည်း ကြည့်ဦး၊ အိုးတစ်လုံးထဲမှာ အရသာနှစ်မျိုးက တစ်ဖက်နဲ့တစ်ဖက် မရောဘဲ ရှိနေတာ၊ ဆိုင်ရှင်က တကယ်ကို ဉာဏ်ကောင်းတာပဲ”
“နောက်ကျရင် အဲဒီဟော့ပေါ့ကို ဆိုင်မှာ ထိုင်စားလို့ရမလား မသိဘူး၊ တကယ် မြည်းကြည့်ချင်မိတယ်”
“ပြီးခဲ့တဲ့တစ်ခေါက်က ငါးချဉ်စပ်ဟင်းကလည်း တကယ် စားကောင်းတာ၊ အခုထိတောင် သတိရနေတုန်းပဲ၊ ဒီနေ့ ဟော့ပေါ့ကလည်း အဲဒီလောက် ကောင်းမှာ သေချာတယ်”
စုဝမ်သည် စိတ်ထဲမှ ယောက်ျားလေးနှင့် မိန်းကလေး အတူတူ ထိုင်စား၍မရသည်မှာ နှမြောစရာဟု တွေးနေမိသည်။ နောက်တစ်ခါသွားရင် ဟွာကျွင်းကို ဟော့ပေါ့ လုပ်ကျွေးဖို့ ပြောရမည်ဟု ဆုံးဖြတ်လိုက်သည်။
အိမ်ပြန်ရောက်ချိန်၌ အချိန်က စောသေးသဖြင့် စုဝမ် မိဘများ၏ အခန်းဆီသို့ အပြေးလေး သွားလိုက်၏။
စုဝမ် အခန်းထဲမရောက်ခင်ကတည်းက ဦးစွာ အသံ လှမ်းပေးလိုက်သည်။
“အဖေ၊ အမေ၊ သမီး ပစ္စည်းကောင်းလေးတွေ ယူလာတယ်”
စုဝမ်၏ မေမေသည် တံခါးကို အမြန်ဖွင့်ပေးလိုက်၏။
“သမီး၊ ဖြည်းဖြည်းလာပါ၊ ပြုတ်ကျဦးမယ်”
အဖေစုက လေသံခပ်တင်းတင်းနဲ့ ဆူရှာသည်။
“ဘာလို့ အသည်းအသန် ပြေးနေတာလဲ။ မိန်းကလေးတန်မဲ့ ကလေးကလားနိုင်တာ မသင့်တော်ဘူ”
စုဝမ်သည် ရတနာတစ်ခုအလား ဝါးကျည်တောက် နှစ်ခုကို ထုတ်ပြလိုက်၏။
“အဖေနဲ့ အမေအတွက် သမီး ဘာကောင်းတာလေးတွေ ယူလာပေးလဲဆိုတာ ကြည့်ကြဦးလေ”
သူမက ဝါးကျည်တောက်တစ်ခုကို ဖွင့်ပြီး ဖခင်ဖြစ်သူကို ကမ်းပေးလိုက်သည်။
“ဒါကို နို့လက်ဖက်ရည်လို့ ခေါ်တယ် အဖေ”
အဖေစုက လှမ်းယူလိုက်သည့်အခါ လတ်ဆတ်သော လက်ဖက်ရည်နံ့က နှာခေါင်းထက်ဝယ် ဝေ့တက်လာ၏။ သူ အမြတ်တနိုး သိမ်းထားသည့် ပိလော့ချွမ်း လက်ဖက်ရည်ထက်တောင် မနိမ့်ပါလား။ သူ့ တင်းမာနေသည့် မျက်နှာပေးက ချက်ချင်းကို ပျော့ပြောင်းသွားတော့၏။
စုဝမ် တိုက်တွန်းလိုက်သည်။
“မြည်းကြည့်ပါဦး၊ နွေးနွေးလေး ရှိသေးတယ်”
သူမပြောရင်းနှင့် နောက်ထပ် ဝါးကျည်တောက်တစ်ခုကို ဖွင့်ပြီး မိခင်ဖြစ်သူကို ကမ်းပေးလိုက်၏။
အဖေစုသည် တစ်ငုံ သောက်ကြည့်ပြီး ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
“ဒီလက်ဖက်ရည်ထဲမှာ နို့တွေ ထည့်ထားတာလား၊ သကြားလည်း ပါတယ်၊ အရသာ ကောင်းသားပဲ”
အမေစုကလည်း တစ်ငုံ မြည်းကြည့်လိုက်၏။
“ချိုလည်းချိုတယ်၊ လက်ဖက်ရည်နံ့လေးကလည်း မွှေးနေတာပဲ”
စုဝမ် မျက်တောင်လေး ခတ်ပြီး မေးလိုက်သည်။ “ဘယ်လိုလဲ၊ သောက်လို့ ကောင်းတယ် မဟုတ်လား”
အဖေစုက မေးလိုက်သည်။ “မဆိုးပါဘူး၊ ဒါက မြို့ပြင်က သမီး အတင်းသွားချင်နေတဲ့ မုန့်ဆိုင်က စားစရာတွေလား”
“ဟုတ်တယ် အဖေ၊ အဲဒီဆိုင်မှာ တခြား စားကောင်းတာတွေ အများကြီး ရှိသေးတယ်၊ အော်.. ဒီမှာ မုန့်လိပ်လေး နှစ်ခုလည်း ပါသေးတယ်”
စုဝမ်က ဆီစိမ်စက္ကူနဲ့ ထုပ်ထားတဲ့ မုန့်လိပ်လေးတွေကို ထုတ်ပြီး စားပွဲပေါ် ဖြန့်ခင်းလိုက်ကာ မိဘနှစ်ပါးကို အတူစားဖို့ ဖိတ်ခေါ်သည်။ အမေစုက အစပိုင်းမှာ ငြင်းရှာသည်။
“အချိန်ကလည်း နှောင်းနေပြီ၊ အိပ်ခါနီးမှ ဒါတွေ စားလို့ ဖြစ်ပါ့မလား”
စုဝမ်သည် ၎င်းကို ဂရုမစိုက်အားပေ။ သူမ မုန့်တစ်ခုကို ယူပြီး ပါးစပ်နားကို တေ့ပေးလိုက်သည့်အခါ နို့နံ့သင်းသင်းလေးက အမေစု၏ နှာခေါင်းထဲကို ဝင်သွားတော့သည်။
ကျန်းမာရေးအတွက် သူမသည် အစားအသောက် ခပ်ပေါ့ပေါ့ကို ဗိုက်ဝရုံသာ စားလေ့ရှိပြီး ယခုအချိန်မှာ ဗိုက်အနည်းငယ် ဆာနေပြီဖြစ်သည်။ ထိုအနံ့လေးကို ရလိုက်သည့်အခါ သွားရည်ပင် ကျချင်သွား၏။
စုဝမ် ချွဲနွဲ့ကာ ဆိုသည်။
“တစ်ခုလေးပဲ စားကြည့်ပါနော်”
အမေစုမှာ မတတ်သာတော့ဘဲ ပါးစပ်လေးဟကာ အသာအယာ ကိုက်ကြည့်လိုက်သည်။ သူမသည် ချမ်းသာကြွယ်ဝသော ဘဝမှာ နေထိုင်ခဲ့ရသူမို့ မုန့်မျိုးစုံကို စားဖူးသူပေ။ ငယ်စဉ်က မြို့ထဲတွင် နာမည်အကြီးဆုံး ဝမ်ဖူစားသောက်ဆိုင်က မုန့်များလည်း သူမ စားဖူးပါသည်။
သို့သော် သမီးဖြစ်သူ ယူလာသည့်မုန့်ကတော့ လုံးဝ မတူကွဲပြားပေသည်။ မုန့်သားက အင်မတန် နူးညံ့ပြီး ဝါးစရာပင်မလိုဘဲ ပျော်ဝင်သွားကာ မြင်တွေ့နေကျ မုန့်များလို အရမ်းမချိုပေ။ နို့နံ့လေးနှင့် ပေါင်းစပ်လိုက်သည့်အခါ အရသာရော ခံစားချက်ပါ နှစ်မျိုးစလုံး ပြည့်စုံသွားသည်။ အသားလေးက နူးညံ့လွန်း၍ နောက်ထပ်တစ်ကိုက် ထပ်ကိုက်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။
ဣန္ဒြေပင် မေ့သွားပြီး နောက်တစ်ကိုက် ထပ်ကိုက်ကာ အံ့ဩတကြီး ဆိုသည်။
“နန်းတော်ထဲက ဝမ်ဖေးတွေတောင် ဒီလောက်ကောင်းတဲ့ မုန့်မျိုး စားဖူးမှာ မဟုတ်ဘူး”
စုဝမ်ကလည်း တစ်ကိုက် ကိုက်လိုက်ရင်း မျက်လုံးလေးတွေ မှိတ်ကာ အရသာခံရင်း ဆိုသည်။ “တကယ် စားကောင်းတယ်၊ တကယ်ကို စားကောင်းတာပဲ”
အဖေစုက ဇဝေဇဝါဖြစ်ကာ မေးသည်။ “မင်းတို့ကလည်း ချဲ့ကားလိုက်တာ၊ အဲဒီလောက်တောင် ကောင်းလို့လား”
သူက အမျိုးသမီးများလို အချိုပွဲ သိပ်မကြိုက်သော်လည်း ဇနီးနဲ့ သမီးဖြစ်သူ၏ အမူအရာကို မြင်တော့ စိတ်ဝင်စားသွားသည်။ သို့ဖြစ်၍ စားပွဲပေါ်မှာ ကျန်နေသည့် မုန့်လိပ်လေးကို ယူစားလိုက်သည့်အခါ မျက်လုံးပြူးသွားတော့သည်။
“ဒါကို ဘယ်လိုများ လုပ်ထားတာလဲ၊ မုန့်သားလေးက တကယ်ကို ထူးခြားတာပဲ”
စုဝမ်က ပါးစပ်ထဲက မုန့်ကို မျိုချလိုက်ပြီး ပြော၏။ “အဖေ၊ သန်ဘက်ခါ လပြည့်ည မိသားစုစားပွဲမှာ ဒီအချိုပွဲတွေကိုသာ ဧည့်သည်တွေကို ကျွေးလိုက်ရင် တကယ်ကို မျက်နှာပွင့်မှာနော်”
အဖေစု၏ မျက်လုံများ တောက်ပသွားပြီး ခေါင်းငြိမ့်ကာ ဆိုသည်။ “မဆိုးပါဘူး၊ သမီး ပြောတာ မှန်တယ်။ မနက်ဖြန် အဒေါ်ကျန်းကို အဲဒီဆိုင်လိပ်စာ ပေးလိုက်ပြီး သူမကိုပဲ စီစဉ်ခိုင်းလိုက်မယ်”
စုဝမ်ကတော့ စိတ်ထဲကနေ ခပ်ပြုံးပြုံးလေးနှင့် အမေဖြစ်သူကို လှမ်းကြည့်လိုက်သည်။ အမေစုကလည်း ချက်ချင်း သဘောပေါက်သွားပြီး ပြောလိုက်၏။
“အရှင်၊ ဒီမုန့်ကို ဝမ်အာ (ဝမ်လေး) ရှာတွေ့တာဆိုတော့ သူလည်း အားထုတ်ထားတာ ရှိမှာပါ။ သူ့ကိုပဲ အခွင့်အရေး ပေးလိုက်ပါဦး။ အတွေ့အကြုံ ရသွားအောင်လို့လေ၊ နောက်ကျရင် သူများအိမ်ရောက်သွားတဲ့အခါ အပြောအဆို မခံရအောင်လို့ပါ”
အဖေစုက အနည်းငယ် တွန့်ဆုတ်နေသည်။ “အရင်တုန်းက အဒေါ်ကျန်းပဲ ဒါတွေ အကုန်လုပ်နေတာလေ။ အခုမှ ဘာလို့ ရုတ်တရက်ကြီး ပြောင်းရမှာလဲ”
စုဝမ်က ချွဲနွဲ့ကာ ဆိုသည်။ “ဖေဖေကလည်း အကုန်လုံး ပြောင်းခိုင်းတာ မဟုတ်ပါဘူး။ လပြည့်ည စားပွဲအတွက် အချိုပွဲနဲ့ သောက်စရာကို သမီး တာဝန်ယူပါရစေ။ ကျန်တာတွေကိုတော့ အဒေါ်ကျန်းပဲ ဆက်လုပ်ပေါ့”
အဖေစုသည် သမီးအပေါ် အလိုလိုက်လွန်း၍ သမီးဖြစ်သူမှာ အိမ်မှုကိစ္စများကို ဘာမှမသိဘူး ဟူသည့် ကောလာဟလများကို ကြားဖူးထားသည်။ ထိုသတင်းများ ဘယ်ကထွက်လာသလဲ သူ မသိသော်လည်း ယခုကတော့ ရှင်းပြဖို့ အခွင့်ကောင်းပင်။
“ကောင်းပြီလေ၊ မနက်ဖြန် အဒေါ်ကျန်းကို ပြောလိုက်မယ်။ အချိုပွဲကိုတော့ သမီးပဲ ပြင်ဆင်လိုက်တော့၊ ဒါပေမဲ့ အမှားအယွင်းတော့ မရှိစေနဲ့နော်”
စုဝမ်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။
“စိတ်ချပါ အဖေ။ ဒီလောက်လေးကတော့ သမီးကို ဒုက္ခမပေးနိုင်ပါဘူး”
နောက်တစ်နေ့ မနက်စာ စားနေကြသည့်အချိန်မှာ အဖေစုက အဒေါ်ကျန်းကို မေးလိုက်သည်။
“သန်ဘက်ခါ လပြည့်ည မိသားစုစားပွဲအတွက် ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ”
အဒေါ်ကျန်းက အသာအယာ ဦးညွှတ်ပြီး ဖြေလိုက်၏။
“အရှင်ယုံကြည်လို့ ဒီအိမ်တော်က ကိစ္စတိုင်းကို ကျွန်မကို လွှဲပေးထားတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ အရင်နှစ်တွေကအတိုင်း အကုန် စီစဉ်ထားပြီးသားမလို့ စိတ်ချပါရှင်”
သူမသည် ခဏရပ်ပြီး အမေစုကို လှမ်းကြည့်ကာ မခို့တရို့ ပြုံးလိုက်ရင်း ဆက်ပြောသည်။
“အစ်မကတော့ ဒီလို အသေးအဖွဲကိစ္စတွေကို မလုပ်ချင်ဘူးလေ။ သမီးကြီးကလည်း ဒါမျိုးတွေ မတော်တော့ ကျွန်မကပဲ အရှင်ရဲ့ စိုးရိမ်မှုတွေကို ကူပြီး ဖြေရှင်းပေးရမှာပေါ့”
အမေးသည်ကို ပြန်ဖြေလိုက်သည့်အပြင် အမေ့ကိုပါ ဆွဲထည့်သွားလိုက်သေး၏။ အာဏာကို သူမပဲ ဆုပ်ကိုင်ထားသော်လည်း မတတ်သာ၍ လုပ်ပေးရသလိုမျိုး ပြောနေသည်။ စုဝမ် စိတ်ထဲကနေ မဲ့ရွဲ့လိုက်သည်။
အဖေစုသည် အဒေါ်ကျန်းကို ညွှန်ကြားလိုက်၏။
“စားပြီးရင် ကျွေးမဲ့ အချိုပွဲတွေကိုတော့ စုဝမ်ကို လွှဲပေးလိုက်ပါ”
အဒေါ်ကျန်း၏ ဝင့်ကြွားနေသည့် မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားတော့သည်။ သူမ အမြန် ပြန်ပြောလိုက်သည်။
“အရှင်၊ မဖြစ်နိုင်တာ၊ ဒါတွေကို အမြဲတမ်း စုယန်ပဲ လုပ်နေကျလေ၊ သူလည်း ပြင်ဆင်လို့ ပြီးသလောက် ရှိနေပါပြီ”
ထို့နောက် ဘေးက စုယန်ကို မျက်စိမှိတ်ပြလိုက်သည်။
စုယန်က ကြားဖြတ်ပြော၏။
“ဟုတ်တယ် ဖေဖေ၊ သမီး ဝမ်ဖူစားသောက်ဆိုင်ရဲ့ ပိုင်ရှင်နဲ့တောင် စကားပြောပြီးပြီ။ သန်ဘက်ခါ ညနေဆိုရင် သူတို့ လာပို့ပေးလိမ့်မယ်”
စုဝမ်က ဆိုသည်။
“ညီမလေးက စကားပဲ ပြောထားတာလေ။ အော်ဒါတောင် မတင်ရသေးဘူး မဟုတ်လား။ ပြန်ပြောလိုက်ရုံပေါ။ ဝမ်ဖူဆိုင်က အဒေါ်ကျန်းရဲ့ မောင်ဝမ်းကွဲဆိုတာ လူတိုင်းသိတယ်။ ဒီကိစ္စလေး ပြောတာ ဘာခက်လို့လဲ”
အဖေစုက စိတ်မရှည်သလို ပြောသည်။
“ပင်မ စားပွဲကြီးကိုတော့ စုယန်ပဲ တာဝန်ယူ ၊ အချိုပွဲလို အသေးအဖွဲကိစ္စလေးတွေကိုတော့ သူ့အစ်မကို ပါဝင်ခွင့် ပေးလိုက်စမ်းပါ။ စုဝမ်.. သမီး မသိတာရှိရင် သမီးညီမကို မေး။ ကဲ.. ဒါပဲ ဆုံးဖြတ်လိုက်ပြီ။ ငါ ရုံးတော်သွားစရာ ရှိလို့ သွားပြီ”
သူတို့ လေးယောက်က အဖေစုကို လိုက်ပို့ကြ၏။ အဖေစု ထွက်သွားသည်နှင့် အဒေါ်ကျန်းသည် အမေစုကို စောင်းမြောင်းတော့သည်။
“အစ်မက ပုံမှန်ဆိုရင် ဘာမှ စိတ်မဝင်စားသလိုနဲ့၊ ငွေကြေးကိစ္စတွေလည်း မမက်မောဘူး ထင်ထားတာ၊ အခုတော့လည်း အရာရာကို ပြည့်စုံချင်နေတာပဲနော်”
“အစ်မက ဒီလောကကြီးက ဘယ်လောက် အတိမ်အနက်ရှိလဲ မသိသေးလို့ပါ၊ တကယ်လို့ တစ်ခုခု မှားသွားရင် ဝမ်အာရဲ့ နာမည် ပျက်သွားပါဦးမယ်”
စုယန်ကလည်း မေးစေ့ကို ပင့်လိုက်ပြီး ထောက်ခံသည်။
“ဟုတ်ပါရဲ့၊ ဒါတွေကို စာရေးတာ၊ ပန်းချီဆွဲတာလောက် လွယ်တယ် ထင်နေလား ၊ အစ်မ နင် အဖေ့ဆီ အမြန်သွားပြီး သမီး မလုပ်နိုင်ကြောင်း သွားပြောလိုက်တာ ပိုကောင်းမယ်၊ မဟုတ်ရင် တစ်ခုခုဖြစ်လာရင် အရှက်ကွဲမှာက အစ်မပဲနော်”
အခန်း (၁၈)
အရသာမြည်းစမ်းခြင်း
စုဝမ်က လှောင်ရယ်လိုက်သည်။
“ညီမလေးက မမကို အရှက်ကွဲစေချင်နေတာလား။ ဖေဖေက ညီမလေးကို ကူညီဖို့ ပြောထားတယ်လေ။ မမသာ အမှားအယွင်း လုပ်မိရင် ညီမလေးလည်း တာဝန်က လွတ်မှာ မဟုတ်ဘူးနော်”
ထိုသို့ပြောပြီးနောက် သူမသည် စုယန်ကို လှည့်မကြည့်တော့ဘဲ မိခင်ဖြစ်သူကို တွဲကာ ထွက်လာခဲ့တော့၏။
“နင်.. နင်”
စုယန်က ဒေါသတကြီး ခြေဆောင့်လိုက်ပြီး အဒေါ်ကျန်းဘက် လှည့်ကာ မေးလိုက်သည်။
“အမေ အခု ဘယ်လိုလုပ်ကြမလဲ”
အဒေါ်ကျန်းက သူမကို နှစ်သိမ့်လိုက်၏။
“သူ့ဘာသာ လုပ်ပါစေအေ၊ မြို့ထဲက မုန့်ဆိုင်တွေထဲမှာ ဝမ်ဖူဆိုင်က အကောင်းဆုံးပဲ။ ဝမ်ဖူက သူ့ကို နှမ်းစေ့တစ်စေ့တောင် မရောင်းစေရဘူး။ အမေ စီစဉ်ထားလိုက်မယ်”
“တခြားမုန့်ဆိုင်တွေ သွားရှာရင်ရော”
“အရေးမကြီးဘူး။ အရင်နှစ်တွေက အကောင်းဆုံးတွေ ကျွေးခဲ့တာလေ။ ဒီတစ်ခါ အရည်အသွေး ကျသွားရင် ဆွေမျိုးတွေက ဘယ်လိုထင်ကြမလဲ”
ထိုစကားကို ကြားသော် စုယန်သည် စိတ်အေးသွားပြီး စုဝမ် အရှက်တကွဲ ဖြစ်မည့်အခြေနေကို စိတ်ကူးရင်း တခစ်ခစ် ရယ်မောနေတော့သည်။
ဟွာကျွင်းသည် သေတ္တာသယ်ပြီး မြို့ထဲက ရှေးဟောင်းပစ္စည်း အရောင်းဆိုင်သို့ သွားလိုက်၏။ ဆိုင်ရှင်နှင့် သူမ နားလည်မှုရထား၍ သူမကို ဒုတိယထပ်သို့ တိုက်ရိုက် ခေါ်သွားတော့သည်။
လောကဝတ်စကားအနည်းငယ် ပြောဆိုပြီးနောက် ဟွာကျွင်း ပန်းအိုးကို ထုတ်လိုက်သည့်အခါ ဆိုင်ရှင် မျက်လုံးများ ပြူးကျယ်သွားတော့၏။
၎င်းသည် နန်းတွင်းအုတ်ဖိုမှထွက်သည့် သံလွင်ပုံစံ ပန်းအိုးဖြစ်၏။ သူသည် လက်အိတ်စွပ်ကာ ပန်းအိုးကို အသာအယာ မပြီး ပန်းပုံစံတစ်ချက်မကျန် မှန်ဘီလူးဖြင့် သေချာ စစ်ဆေးလိုက်သည်။
ဆယ်မိနစ်ခန့် စစ်ဆေးပြီးနောက် ပန်းအိုးကို သေတ္တာထဲ ပြန်ထည့်ကာ ခေါင်းခါပြီး သက်ပြင်းချတော့၏။
ပန်းအိုးတွင် အမှားအယွင်းတစ်ခုများ ဖြစ်လေသလားဟု ဟွာကျွင်း တွေးမိသော်လည်း ယင်းမှာ မဖြစ်နိုင်ပေ။ သူမ ၎င်းအိုးကို ရှေးခေတ်မှ တိုက်ရိုက် ဝယ်ထားခြင်းပေ။
‘ဘယ်လိုလုပ် အတု ဖြစ်နိုင်မှာလဲ’
ဟွာကျွင်းက မေးလိုက်သည်။
“ဦးလေး၊ ပန်းအိုးက တစ်ခုခု ဖြစ်လို့လား”
ဆိုင်ရှင်သည် သက်ပြင်းချကာ ဆို၏။
“ဘာမှ မဖြစ်ပါဘူး။ ဒါက ပစ္စည်းကောင်းပဲ။ တကယ့်ကို အဖိုးတန် ပစ္စည်းပဲ”
“ဒါပေမဲ့ ဈေးအရမ်းကြီးလွန်းတော့ ကျုပ် လက်မခံထားနိုင်ဘူး”
ဟွာကျွင်း ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး မေးသည်။ “ဒါဆို အနီးစပ်ဆုံး ဘယ်လောက်လောက် တန်မလဲ”
“ကျုပ် မှတ်မိသလောက်တော့ လွန်ခဲ့တဲ့နှစ်နည်းနည်းလောက်က ကျားဝူတိ လေလံရုံမှာ ဒီလိုမျိုး တစ်လုံးကို ရောင်းခဲ့တာ၊ ဒီလောက် ရတယ်”
သူသည် လက်မနှင့် လက်ညှိုးကို ထောင်ပြလိုက်၏။
“ရှစ်သိန်းလား” ဟွာကျွင်း ခန့်မှန်းလိုက်သည်။
ဆိုင်ရှင်က ခေါင်းခါပြပြီး ဆိုလိုက်၏။ “ရှစ်သန်း”
‘ရှစ်သန်းတောင်လား’
ဟွာကျွင်း ထိတ်လန့်ထွက်သွားသည်။
“ခင်ဗျားရဲ့ ပန်းအိုးပုံစံက ပိုပြီး လက်ရာမြောက်တယ်။ ဒီထက် ပိုမလျော့နိုင်ဘူး။ အရမ်းဈေးကြီးလို့ ကျုပ် ဒီမှာ ဆုံးဖြတ်လို့ မရဘူး”
သူ ခဏစဉ်းစားပြီး အကြံပေးသည်။ “ဒီလိုလုပ်ပါလား။ ခင်ဗျား ကျုပ်ဆီမှာ ခဏထားခဲ့။ ပြေစာ ထုတ်ပေးလိုက်မယ်။ ပြီးရင် ခင်ဗျားအတွက် လေလံတင်ပေးမယ်လေ။ ရတဲ့ငွေကို ၇၀-၃၀ခွဲမယ်။ ကျုပ်က (၃၀)၊ ခင်ဗျားက (၇၀)ဘယ်လိုလဲ”
ဟွာကျွင်း တွန့်ဆုတ်သွား၏။
‘(၃၀) ရာခိုင်နှုန်းက နည်းနည်း များနေသလိုပဲ’
ဆိုင်ရှင်သည် ပါးနပ်သူမို့ ဟွာကျွင်း တိတ်နေသည်ကို မြင်သော် ချက်ချင်း ဈေးလျှော့ပေး၏။
“၂၀-၈၀ဆိုရင်ကော ကျုပ်က (၂၀)၊ ခင်ဗျားက (၈၀)၊ အဆင်ပြေရင် အခုပဲ စာချုပ်ချုပ်လို့ ရတယ်”
“မရောင်းရရင်ရော”
“အဲဒါကတော့ မဖြစ်နိုင်ပါဘူး။ ကျုပ်ကို ယုံပါ။ တကယ်လို့ မရောင်းရရင် လေလံရုံကို ပေးရမဲ့ ကော်မရှင်ခကို စိုက်လျော်ပေးမယ်”
“သဘောတူတယ်”
ဆိုင်ရှင်က စာချုပ်ထုတ်ပေးသဖြင့် ဟွာကျွင်း သေချာ ဖတ်ရှုပြီး လက်မှတ်ထိုးကာ ပန်းအိုးကို ထားခဲ့လိုက်သည်။
“နေပါဦး” ဆိုင်ရှင်က ဟွာကျွင်းကို တားပြီး ဆိုလိုက်၏။
“ခင်ဗျားရဲ့ သစ်သားသေတ္တာကလည်း ပစ္စည်းကောင်းပဲ။ လာပါ၊ နောက်ထပ် စာချုပ်အပိုတစ်ခု ထပ်ချုပ်ပြီး ဒီသေတ္တာကိုပါ ထည့်လိုက်ရအောင်၊ ၂၀-၈၀ ပဲ”
ထုပ်ပိုးသည့် သေတ္တာလေးကပင် အဖိုးတန်လိမ့်မည်ဟု ဟွာကျွင်း မထင်ထားမိပေ။
‘ကျန်းရှီယွဲ့က သူ့အတွက် တကယ့်ကို လာဘ်ကောင်လေးပဲ’
ဟွာကျွင်းသည် သူ့ကို ဆုချရန် စားကောင်းသည့်အရာလေးများ ပိုပြင်ဆင်ပေးရမည်ဟု ဆုံးဖြတ်လိုက်၏။
သူမသည် ကားငှားပြီး စူပါမားကတ်သို့ တန်းသွားတော့သည်။
ပြီးခဲ့သည့်တစ်ခေါက် ဝယ်ထားသည်များ မကုန်သေး၍ အမျိုးအမည် နည်းနေသေး၏။
ယနေ့ည စုဝမ် မုန့်မြည်းစမ်းရန် ဟွာကျွင်းက ပစ္စည်းအစုံအလင်ကို ပမာဏနည်းနည်းနှင့် ဝယ်တော့သည်။
ချိစ့်ကိတ်၊ မုန်လာဥနီကိတ်၊ ပိန်းဥကိတ်၊ ကိတ်မုန့်လိပ်နှင့် ခရင်မ်ပေါင်မုန့်များ ဝယ်ယူထားလိုက်၏။
အချိုပွဲအဖြစ် နာမည်ကြီး ပီဇာ၊ ဒိုးနတ်၊ မိုချီနှင့် ကြက်ဥပူတင်း၊ ခွက်ပူတင်းများ ဝယ်ယူသည်။
သောက်စရာများအဖြစ် အုန်းနို့၊ သစ်သီးဖျော်ရည်အစုံအလင်နှင့် နာမည်ကြီး နို့လက်ဖက်ရည် ငါးခွက်ကို ဝယ်လိုက်၏။ ဆိုင်၌ လက်ဖက်ရည်၊ ကိုလာနှင့် စပရိုက်များ ဝယ်ယူထားပြီးသားပေ။
အဆာပြေ မုန့်အဖြစ် ခေါက်ဆွဲခြောက်အမျိုးမျိုး၊ အရိုးလွတ် ကြက်ခြေထောက်၊ ကိုရီးယား ကြက်ကြော်၊ ဂျပန်ရေဘဝဲအသားလုံးကြော်နှင့် အကြော်စုံများကို ဝယ်ယူလိုက်၏။
ကီဝီသီး၊ လိမ္မော်သီးလေးများ၊ စပျစ်သီးနှင့် ခရမ်းချဉ်သီးလေးများကို ဝယ်လိုက်သည်။
ကားဆရာသည် ပစ္စည်းများကို ဆိုင်ရှေ့အထိ သယ်ကူပေးပါ၏။ ထို့နောက် ဆိုင်ရှေ့တွင် အဒေါ်လီနှင့် ဆုံသည်။ ဟွာကျွင်း ပြန်လာသည်ကို မြင်သော် အဒေါ်လိီ ဝမ်းသာသွား၏။
“သမီး အဒေါ် စောင့်နေတာ ကြာပြီ။ သမီး စုံစမ်းခိုင်းထားတဲ့ကိစ္စကို မနေ့က ဖုန်းဆက်ကြည့်တော့ အဖြေရပြီ”
ဟွာကျွင်း အဒေါ်လီကို ဆိုင်ထဲခေါ်သွားပြီး ရေတစ်ခွက် တိုက်လိုက်၏။
“အဒေါ်လီ ပြောပါဦး”
“အဒေါ်အမျိုးဆီ ဖုန်းဆက်ကြည့်တော့ အဲဒီအပ်ချုပ်သမက မြို့ထဲကို ပြောင်းသွားတာ ကြာပြီတဲ့။ နောက်တော့ တခြားလူတွေကို ထပ်မေးကြည့်ရင်း သူ့ဖုန်းနံပါတ် ရလာတယ်”
အဒေါ်လီ ရေတစ်ငုံ သောက်လိုက်သည်။
“သူက ရောင်းချင်တယ်တဲ့၊ ဒါပေမဲ့ ယွမ်ငါးသိန်း တောင်းနေတယ်”
“အဲဒီအိမ်က သရဲခြောက်တယ်ဆိုတာ လူတိုင်းသိတယ်လေ။ ဈေးအရမ်းကြီးတယ်ပြောတော့ အဆင်မပြေလောက်ဘူးပြောလိုက်တယ်။ သူကတော့ ဈေးလျှော့ပေးလို့ ရတယ်တဲ့။ သမီးကိုယ်တိုင် တိုက်ရိုက်ပြောကြည့်ပါဦး”
ထိုသို့ပြောပြီးနောက် သူမ ဟွာကျွင်းကို နံပါတ်တစ်ခု ပေးလိုက်၏။ ဟွာကျွင်းသည် ကျေးဇူးတင်စကားပြောပြီး ကျန်နေသေးသည် တောမှိုများကို အကုန်ပေးလိုက်သည်။
“ဒါလေးတွေက ပစ္စည်းကောင်းတွေပဲ။ ယူသွားလိုက်မယ်နော်”
အဒေါ်လီက ပျော်ပျော်ကြီး ထွက်သွားတော့သည်။
ဟွာကျွင်း ထိုနံပါတ်ကို ဆက်ပြီး အပ်ချုပ်သမနှင့် စကားပြောကြည့်၏။ နှစ််များစွာ ကြာခဲ့သော်ငြား သရဲခြောက်သည့် ကိစ္စက သူမကို ယခုထိ ခြောက်လှန့်နေတုန်းပင်။ ယခုလို ဝယ်သူများရှိလာသည်ကြောင့် သူမ အတိတ်ကို မေ့ပစ်နိုင်တော့၏။
နောက်ဆုံး ယွမ်လေးသိန်းခွဲလိုက်ဖြင့် သဘောတူလိုက်ပြီး စာရွက်စာတမ်းကြေးနှင့် အကျိုးဆောင်ခများကို ဟွာကျွင်းက တာဝန်ယူရသည်။ အားလပ်ရက် ပြီးသောအခါ အလုပ်စဖို့ သဘောတူလိုက်၏။
ညရောက်သည့်အခါ ဟွာကျွင်း ဝယ်လာသော စားစရာများကို ဗန်းကြီးပေါ်တွင် တစ်ခုချင်းစီလိုက်သည်။
ဟွာကျွင်း ပုစွန်ထုပ်လေးများကို အရင်နွှေးထားလိုက်၏။ ပထမဆုံး ရောက်လာသူကတော့ မော့ချွမ်းပင်။ သူက အစားဆို အမြဲတစေ တက်ကြွနေသူမို့ ဆိုင်ဖွင့်သည်နှင့် ကျန်းရှီယွဲ့ကို အတင်းဆွဲခေါ်လာတော့၏။
စားပွဲကို သွားရည်ကျမတတ် ကြည့်နေသည့် မော့ချွမ်းနှင့် မတူစွာ ကျန်းရှီယွဲ့သည် ဆိုင်ထဲဝင်လာကတည်းက ပြတင်းပေါက်ဘက်ကို အလေးအနက် ကြည့်နေ၏။
မကြာခင်မှာ စုဝမ် ရောက်လာသည်။ သူမ စားပွဲပေါ်က စားစရာတွေကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။ “ဟွာကျွင်းရေ ဒါတွေက ဝမ်ဖူဆိုင်ထက် အဆပေါင်း ရာချီ ပိုကောင်းတယ်”
နောက်တော့ အရသာ မြည်းစမ်းကြသည်။ စုဝမ်က ဟွာကျွင်းကို တောင်းဆိုလိုက်၏။ “မမ၊ ညီမလေး ပါးစပ်ဆေးဖို့ ရေသန့်လေး တစ်ခွက်လောက် ပေးပါဦး”
ဟွာကျွင်းက ရေသန့်တစ်ခွက် ငှဲ့ပေးလိုက်သည်။ စုဝမ် ဇွန်းလေးနှင့် ကိတ်မုန့်များကို တစ်ခုချင်း မြည်းစမ်းပြီး အရသာ အစစ်အမှန်ကို ရဖို့ တစ်ခုစားပြီးတိုင်း ပါးစပ်ကို ရေနှင့်ဆေး၏။
တစ်ဖက်မှာ ကျန်းရှီယွဲနှင့် မော့ချွမ်းသည် ထိုမျှအထိ အသေးစိတ် မလုပ်ဘဲ တစ်ခုချင်း ယူစားနေကြသည်။
မုန့်လိပ်က စားနေကျဖြစ်၍ သိပ်မထူးဆန်းသော်ငြား ကျန်သည့် စားစရာများကတော့ သူတို့အမြင်ကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။
အကြာကြီး စဉ်းစားပြီးနောက် အကုန်လုံးသည် စားကောင်းနေသည့်အတွက် ရွေးရခက်သွား၏။ နောက်ဆုံးတော့ စုဝမ်သည် အကုန်လုံးကို ယူဖို့ ဆုံးဖြတ်လိုက်ပြီး ပမာဏကို အနည်းငယ် ညှိလိုက်သည်။
ထို့ကြောင့် သူတို့ လေးယောက်လုံး ဘယ်ဘက်လက်မှာ ကိတ်မုန့်ကိုင်၊ ညာဘက်လက်မှာ ပုစွန်ထုပ်လေးကို ကိုင်ပြီး အရေအတွက်ကို စတင် ဆွေးနွေးကြတော့၏။
ဧည့်သည် ငါးဆယ်လောက် ရှိသော်ငြား ရှေးခေတ်ကသူများသည် အစားနည်းသဖြင့် ညစာစားပြီးမှ အချိုပွဲများကို စားမှာဖြစ်သည်။ စုဝမ် မုန့်တိုင်းကို အယောက်ငါးဆယ်စာ ပြင်စရာမလိုဘဲ အနည်းငယ်သာ ပြင်ထားရန်လိုအပ်၏။
မုန့်လိပ်ကိုတော့ (၁၆)စိတ်ပါသည့် နှစ်ဘူး မှာလိုက်သည်။ ချိစ့်ကိတ်များက အကြီးစားဖြစ်၍ တစ်ခုကို (၁၆)ပိုင်း ဖြတ်၍ရသောကြောင့် နှစ်ဘူးစီ မှာ၏။ ခရင်မ်ပေါင်မုန့်များကလည်း (၁၆)ခုစီ ပါတာမို့ နှစ်ဘူး မှာလိုက်သည်။ ပီဇာကိုလည်း နှစ်ခုယူပြီး အပိုင်းသေးလေးတွေ ဖြတ်မည်။ ဒိုးနတ်ကိုတော့ အခု (၂၀) မှာယူပြီး ကြက်ဥပူတင်းကတော့ ခွဲရခက်၍ အခု (၅၀) အပြည့် မှာလိုက်၏။
နို့လက်ဖက်ရည်ကိုတော့ အမျိုးအစား ငါးမျိုးကို ငါးခွက်စီ မှာယူလိုက်သည်။ ကြက်ခြေထောက်၊ ကြက်ကြော်၊ အကြော်စုံနှင့် ဂျပန်ရေဘဝဲအသားလုံးကြော်များကို စားပွဲအလိုက် ဗန်းများဖြင့် ခင်းကျင်းမည်။ သစ်သီးများလည်း အလားတူပင် ခင်းကျင်းလိုက်မည်။
အရေအတွက်သည် သိပ်မများ၍ ဟွာကျွင်း တစ်ယောက်တည်း ဝယ်၍ရသော်ငြား ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်၍ အလုပ်ရှုပ်ပါသည်။ အချိန်ကလည်း နည်းနေပြီဖြစ်၍ အချိန်မီ ပြင်ဆင်နိုင်ပါ့မလားဟု စိုးရိမ်နေမိ၏။
“ ဒီကိစ္စက လွယ်ပါတယ်။ ညီမလေး အိမ်ကလူ လွှတ်ပြီး အစောကြီး လာယူခိုင်းမယ်လေ။ အိမ်ရောက်မှ အပိုင်းလေးတွေ ဖြတ်တာပေါ့။ အိမ်မှာ လူတွေ အများကြီးပဲ”
ဟွာကျွင်း ၎င်းကိုချက်ချင်း ငြင်းလိုက်သည်။ ခေတ်သစ်ပလတ်စတစ်ထုပ်များကို ရှေးခေတ်၌ လုံးဝ ချန်ထား၍ မရပေ။ နောက်နေ့ တီဗွီသတင်းများထဲ၌ ရှေးဟောင်းသုတေသန နေရာတစ်ခုကနေ ပီဇာဗူးကို တွေ့ရှိခဲ့ပြီး ယင်းဟာ နှစ်ပေါင်းတစ်ထောင်နီးပါး သက်တမ်းရှိသည်ဟူသော သတင်းများ တက်လာမည်ကို ဟွာကျွင်း ကြောက်နေမိသည်။
‘ငါလေးက ပိုက်ဆံပဲ ရှာချင်ပါတယ်။ ပြဿနာကြီးထဲတော့ ဝင်မပါချင်ဘူး’
ကျန်းရှီယွဲ့က ပြောသည်။ “ကိုယ်နဲ့ မော့ချွမ်းအစောကြီးလာပြီး ကူညီပေးမယ်လေ”
မော့ချွမ်းသည် လက်ချောင်းလေးများကို လျက်ရင်း ဆိုလိုက်သည်။ “ဟုတ်တယ်။ မုန့်ဆိုင်ရဲ့ အလုပ်က ကျုပ်အလုပ်ပဲ။ ကူညီပေးမှာပေါ့”