← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉)

အဒေါ်ကျန်း အကြံပျက်စီးခြင်း

စုဝမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “ဒါဆိုရင် စားပွဲပြီးခါနီးကျမှ လူလွှတ်ပြီး လာယူခိုင်းလိုက်မယ်နော်၊ အဲဒါမှ ညီမလေးလည်း ကူညီစရာရှိတာ ကူညီပေးလို့ ရမှာပေါ့”

ဆက်လက်ပြီး စုဝမ်က မေးလိုက်သည်။

“ဟွာကျွင်း၊ အခုလို စားပွဲမျိုးအတွက် ငွေတေးတစ်ရာဆိုရင် လောက်ပါ့မလားဟင်၊ ညီမတို့အိမ်ကတော့ နှစ်တိုင်း တစ်ရာလောက်ပဲ သတ်မှတ်ထားတယ်။ တကယ်လို့ မလောက်ရင်လည်း ညီမလေးဆီမှာ ကိုယ်ပိုင်စုထားတဲ့ ပိုက်ဆံလေးတွေ ရှိပါသေးတယ်”

“လောက်တယ်၊ လောက်တယ်၊ ပိုတောင် ပိုသေးတယ်”

ဟွာကျွင်းက ဖြေလိုက်၏။ ပြီးခဲ့သည့်တစ်ခေါက်က ပန်းအိုးကို ငွေတေး ဆယ်ဂဏန်းလောက်နှင့် ဝယ်၍ရသော်ငြား ပြန်ရောင်းလျှင် မြင့်မားသည့် ဈေးနှုန်းရပါသည်။

“ဒါဆိုရင် စရန်ငွေငါးတေးလောက် အရင်ပေးထားလို့ ရမလား”

စုဝမ်ကလည်း ဝမ်းသာအားရ သဘောတူလိုက်၏။

စုဝမ် ထွက်သွားပြီးနောက် ဟွာကျွင်းက ထိုငွေငါးတေးကို ကျန်းရှီယွဲ့ဆီ ပြန်ပေးသည်။ သို့သော် ကျန်းရှီယွဲ့က ငြင်းဆို၏။

“ကိုယ် မင်းဆီမှာ နှစ်နပ်တောင် စားပြီးပြီလေ၊ ဒီပိုက်ဆံကို ထမင်းဖိုးလို့ပဲ သဘောထားလိုက်ပါ”

ဟွာကျွင်းက ရှင်းပြသည်။

“ကျွန်မတို့ဘက်က ဈေးနှုန်းတွေက ရှင်တို့ဆီနဲ့ နည်းနည်းကွဲပြားတယ်။ ပြီးတော့ မနေ့က ရှင်ဝယ်ပေးတဲ့ ပန်းအိုးက အများကြီး တန်ဖိုးရှိတာမလို့ ဒီငါးတေးကိုတော့ ယူထားပါ”

ဟွာကျွင်း အသေးစိတ် ရှင်းမပြနိုင်သလို ကျန်းရှီယွဲ့ကလည်း ထပ်မငြင်းတော့ဘဲ ငွေကို လက်ခံလိုက်ပြီး ဟွာကျွင်းကို ပြောလိုက်၏။

“နောက်တစ်ခါ ပန်းအိုး ဒါမှမဟုတ် အဲဒီလို ပစ္စည်းတွေ ထပ်ဝယ်ချင်ရင် ကိုယ့်ကို ပြောပါ။ ဒါပေမဲ့ နောက်ရက်နည်းနည်းလောက်ဆို ကိုယ် ကယ်ဆယ်ရေးပစ္စည်းတွေကို သွားပို့ရမှာမလို့ ပြန်လာမှပဲ ပစ္စည်းကောင်းတွေ ထပ်ရှာပေးနိုင်မယ်”

ဟွာကျွင်းသည် ဘဏ်ကတ်ထဲတွင် ပိုက်ဆံအများကြီး ရှိနေသေး၍ အလောတကြီးမဖြစ်ပါပေ။

ထို့နောက် သူမ မော့ချွမ်းကို ပြောသည်။

“မော့ချွမ်း၊ နောက်ကျရင် တောင်အောက်က လယ်သမားအိမ်ကို သွားပြီး တာ့နွီကို ရှာပေးပါဦး။ မနက်ဖြန် ကျွန်မကို ကူညီဖို့ သူ့ကို ခေါ်ချင်လို့ပါ”

မော့ချွမ်းက တာ့နွီ ကို မြင်ဖူးသည့်အတွက် ရှာရသည်မှာ မခက်လှပေ။ သူ ချက်ချင်း သဘောတူလိုက်၏။

မြို့ထဲမှ ဝမ်ဖူစားသောက်ဆိုင်တွင် အဒေါ်ကျန်းသည် မောင်ဝမ်းကွဲဖြစ်သူ ဆိုင်မန်နေဂျာကျန်းကို သွားရှာသည်။

“ဘာပြောတယ်။ မနက်ဖြန် စုအိမ်တော်ကို မုန့်တွေ မရောင်းရဘူး ဟုတ်လား။ ဘယ်လိုဖြစ်ရတာလဲ”

ဆိုင်မန်နေဂျာကျန်းသည် နှစ်တိုင်းရနေကျ အမြတ်ကို မျှော်လင့်နေသော်လည်း အဒေါ်ကျန်းက အခုမှ လာဖျက်ခိုင်းသည့်အတွက် မကျေမနပ် ဖြစ်သွား၏။

“အစကတော့ နင့်ဆီက မှာဖို့ အကုန် သဘောတူထားတာ။ ဒါပေမဲ့ အဲဒီ စုဝမ်က အတင်းဝင်လုပ်မယ် ဆိုလို့လေ”

“ဒါဆိုလည်း စုအိမ်တော်က သမီးကြီးကိုပဲ ကျွန်တော့်ဆီ မှာခိုင်းလိုက်လေ။ အတူတူပါပဲ”

ဆိုင်မန်နေဂျာကျန်းက ဘယ်သူဝယ်ဝယ် ရောင်းရရင် ပြီးရောဟု တွေးသည်။

“မရဘူး၊၊ အခုကစပြီး လမ်းစဖွင့်ပေးလိုက်ရင် နောက်ကျ ဘယ်လိုလုပ်မလဲ၊၊ နင့်တူမလေးအတွက်လည်း ထည့်စဉ်းစားဦးလေ”

“ဒါဆို ဘယ်လိုလုပ်စေချင်လဲ”

“အရင်နှစ်တွေကအတိုင်း မုန့်တွေကို ပြင်ဆင်ထားလိုက်။ စုဝမ် လာဝယ်တဲ့အခါကျရင် စုယန်နဲ့ပဲ သဘောတူထားတာမလို့ စုယန်ကိုယ်တိုင် လာယူမှ ရောင်းပေးမယ်လို့ ပြောလိုက်။ သူက အချိန်တိုအတွင်းမှာ ဒီလောက်များတဲ့ မုန့်တွေကို ဘယ်ဆိုင်မှာ သွားရှာနိုင်မှာလဲ။ နောက်ဆုံးတော့ အလုပ်က ဝမ်ဖူဆိုင်ဆီပဲ ပြန်ရောက်လာမှာပါ။ ပြီးတော့ သူက ငတုံးမလည်း မဟုတ်ဘူး၊၊ တခြားဆိုင်က မှာလိုက်ရင် အဆင့်အတန်း ကျသွားပြီး တစ်မိသားစုလုံး မျက်နှာပျက်မှာကို သိမှာပါ”

ဆိုင်မန်နေဂျာကျန်းသည်လည်း အမျိုးဖြစ်နေသောကြောင့် သဘောတူလိုက်၏။

သို့သော် မမျှော်လင့်ဘဲ ညနေစောင်းသည်အထိ စုဝမ် ပေါ်မလာပေ။ ကောင်တာပေါ်က မုန့်များကို ကြည့်ပြီး မတတ်သာတော့ဘဲ စုအိမ်တော်ဆီ ကိုယ်တိုင်သွားပြီး အဒေါ်ကျန်းကို ရှာရတော့၏။

အဒေါ်ကျန်းလည်း အံ့ဩသွားပြီး မောင်ဝမ်းကွဲကို လောလောဆယ် နှစ်သိမ့်လိုက်၏။

“ရပါတယ်။ နင် အိမ်ပြန်ပြီး စောင့်နေလိုက်။ ညကျရင် သူ သေချာပေါက် နင့်ဆီ အကူအညီ လာတောင်းမှာပါ”

အော်ဒါကြီးကြီး ရထားသည့် ဟွာကျွင်းကတော့ စာရင်းအတိုင်း ပစ္စည်းများဝယ်ယူပြီး ကိတ်မုန့်လှီးသည့် ဓားနှစ်ချောင်းပါ ဝယ်လာသည်။

မုန့်ဆိုင်သို့ ပြန်ရောက်တော့ မွန်းလွဲပိုင်း ရှိနေပါ၏။ သူမ ထမင်းကို အမြန်စားပြီး ပစ္စည်းများကို စတင် စီစဉ်တော့၏။

ထုပ်ပိုးမှုအားလုံးကို မုန့်ဆိုင်၏ ကိုယ်ပိုင်ထုပ်ပိုးမှုများနှင့် ပြောင်းလဲရမည်။ ကိတ်မုန့်များကို အရင်ဆုံး အအေးခံထားပြီး အဆာပြေမုန့်နှင့် အသားထုပ်များကို ပါကင်ခွာကာ သစ်သားသေတ္တာများထဲ သီးခြား ခွဲထည့်သည်။

နို့လက်ဖက်ရည်များကို ဝါးကျည်တောက်များထဲ ခွဲထည့်ပြီး တံဆိပ်လေးများ ကပ်လိုက်၏။ ညနေကျတော့ ကျန်းရှီယွဲ့နှင့် မော့ချွမ်းတို့ အချိန်မီ ရောက်လာပြီး ဟွာကျွင်းကို ကိတ်မုန့်လှီးပေးကြသည်။

တာ့နွီနှင့်ဟွာကျွင်းက သေတ္တာများကို ဆီစိမ်စက္ကူခင်းပြီး မုန့်များကို စီထည့်၏။ တာ့နွီ လုပ်ကိုင်သည်မှာ သွက်သွက်လက်လက်ရှိပြီး ဉာဏ်ကောင်းကာ အကဲခတ်လည်း တော်ပါသည်။ သူမ အလုပ်ပြီးသည်နှင့် မော့ချွမ်းတို့ဆီ သွားကူပြီး ကိတ်မုန့်လှီးပေးသည်။ ဟွာကျွင်း ပင်ပန်းနေသည်ကို မြင်သော် ရေခပ်တိုက်၏။

တာ့နွီ၏ အလုပ်လုပ်ကိုင်နေသည့် ပုံရိပ်ကို နေရာတိုင်း၌ မြင်နေရသည်။

ဟွာကျွင်းက ဆိုသည်။ “တာ့နွီ၊ ခဏလောက် နားပါဦးလား”

တာ့နွီ ပြုံးပြုံးလေးနှင့် ပြန်ပြောသည်။ “မမ၊ ညီမလေး မပင်ပန်းပါဘူး။ အလုပ်လုပ်ရတာကို ကြိုက်ပါတယ်”

‘ဘယ်လောက်တောင် လိမ္မာတဲ့ ကလေးမလေးလဲ’

မော့ချွမ်းက ဆိုသည်။ “နောက်ရက်နည်းနည်းဆိုရင် ကျုပ်လည်း ဘေးအန္တရာယ်ဇုန်ရှိတဲ့ တောင်ဘက်ကို သွားရတော့မယ်။ တာ့နွီက တော်သားပဲ။ သူ့ကို ဆိုင်မှာ ကူညီခိုင်းလိုက်ပါလား”

ဟွာကျွင်း၏ ပထမဆုံး တုံ့ပြန်မှုက ငြင်းဖို့ ဖြစ်သော်လည်း သူမ ဘာမှမပြောရသေးခင်မှာ တာ့နွီသည် ဟွာကျွင်းရှေ့တွင် ဒူးထောက်လိုက်တော့သည်။ သူမက မျက်ရည်များနှင့် ပြောလာသည်။ “နတ်သမီးမမ၊ ညီမလေးကို ခေါ်ထားပေးပါနော်။ ညီမလေး နွားလို မြင်းလို အလုပ်လုပ်ပေးပါ့မယ်။ မတတ်တာရှိရင်လည်း သင်ယူပါ့မယ်”

ဟွာကျွင်းက သူမကို ထူပေးလိုက်၏။“နင် အလုပ်လုပ်တာ အရမ်းတော်ပါတယ်။ ဒါပေမဲ့ နင်က အရမ်းငယ်သေးတာကို ဘယ်လိုလုပ် အလုပ်ထွက်လုပ်မှာလဲ”

တာ့နွီသည် မထဘဲ ပေကပ်ကာဆိုသည်။ “နတ်သမီးမမ၊ ညီမလေးကို မခေါ်ထားရင် ညီမလေးတော့ ဘဝပျက်ပါပြီ။ ဝူး....ဝူး..ဘိုးဘိုးက ညီမလေးကို မယားငယ်အဖြစ် ရောင်းတော့မှာတဲ့”

ဟွာကျွင်း လန့်သွားတော့သည်။ “အဘိုးက ကလေးတစ်ယောက်ကို ဘယ်လိုလုပ် ရောင်းရတာလဲ။ လွန်လွန်းတယ်”

တာ့နွီက ခေါင်းခါပြ၏။ “ဒါက ဘိုးဘိုးအပြစ်မဟုတ်ပါဘူး။ ဒီနှစ်က ကောက်ပဲသီးနှံ ထွက်နှုန်းမကောင်းဘူး၊၊ ဘွာဘွားကလည်း နေမကောင်းဘူးလေ။ မိသားစုက စားစရာတောင် မရှိတော့ဘူး။ ဘိုးဘိုးက ညီမလေးကို နောင်ကျရင် ထမင်းဝဝ စားရစေချင်လို့ပါ ဒါပေမဲ့ ညီမလေးက အစေခံလုပ်ဖို့ကျတော့ အသက်ကြီးနေပြီမလို့ မယားငယ်ပဲ လုပ်လို့ရတော့တယ်”

ဟွာကျွင်းက မေးသည်။ “ဒါဆို အဘိုးက နင့်ကို ငွေဘယ်လောက်နဲ့ ရောင်းတာလဲ”

တာ့နွီသည် ရှိုက်ကြီးတငင်နှင့် ဆိုလိုက်၏။ “တစ်ပိဿာကို ဆယ်ပြားနှုန်း၊ အလေးချိန်နဲ့ ရောင်းတာပါ”

ဟွာကျွင်း တုန်လှုပ်သွားသည်။ “လူတစ်ယောက်ကို ဘယ်လိုလုပ် အလေးချိန်နဲ့ ရောင်းရတာလဲ။ ဒါ လူလေ”

တာ့နွီက ပြောလိုက်၏။ “နတ်သမီးမမ၊ ညီမလေးက အစားလည်း နည်းပါတယ်။ အလုပ်လည်း လုပ်ပါတယ်။ ဘေးအိမ်က အဒေါ်တောင် ညီမလေး အလုပ်တော်တယ်လို့ ပြောတယ်။ ညီမလေးကို ခေါ်ထားပေးပါနော်”

ဟွာကျွင်းက ပြောလိုက်သည်။ “စိတ်မပူနဲ့တော့။ မမ ညီမလေးကို အရောင်းမခံရစေဘူး၊၊ မယားငယ်ဖြစ်ဖြစ် အစေခံဖြစ်ဖြစ် ညီမလေးရဲ့ အနာဂတ်ကို ညီမလေးကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်”

ထို့နောက် ဟွာကျွင်းသည် ကျန်းရှီယွဲ့ထံမှ ငွေငါးပြား ခဏချေးပြီး တာ့နွီကို ပေးလိုက်၏။ “တာ့နွီ၊ ဒီပိုက်ဆံကို အဘိုးကို ပေးပြီး ဟိုဘက်ကို စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေးခိုင်းလိုက်၊၊ ကျန်တာကိုတော့ အဘွားရဲ့ ရောဂါကို ကုသပေးလိုက်ပါ။ တကယ်လို့ မလောက်ရင် မမဆီမှာ ထပ်လာတောင်းနော်”

ဟွာကျွင်းက ခဏစဉ်းစားပြီး ထပ်ပြောသည်။ “ဒီနေ့ကစပြီး ညီမလေး မမဆိုင်မှာ လာကူညီရမယ်၊၊ ထမင်းတစ်နပ် ကျွေးမယ်၊၊ လစာကတော့ တစ်လကို ငွေတစ်တေး ပေးမယ်”

‘သူဌေးအိမ်က အကြီးတန်း အစေခံတွေတောင် တစ်လ ငွေတစ်တေးပဲ ရကြတာလေ”

တာ့နွီက ပိုပြီး ငိုတော့သည်။ “မမ၊ ညီမလေး လစာ မယူချင်ပါဘူး။ အခုပေးတာက များလွန်းနေပါပြီ”

ဆင်းရဲနွမ်းပါးသည့်အိမ်က ကလေးများသည် စောစောစီးစီး ရင့်ကျက်ကြ၏ ဆိုသည့်အတိုင်း တာ့နွီက ဥပမာပင်။ ဟွာကျွင်း လက်ခံလိုက်သည်နှင့် သူမ ချက်ချင်း အလုပ်ရှုပ်သွားတော့၏။ ပထမဆုံး လုပ်သည်က စားပွဲနှင့်ကုလားထိုင်များကို ပြောင်လက်နေအောင် လိုက်သုတ်လိုက်ခြင်းပေ။

သူမ ဟွာကျွင်းကို မေးသည်။ “မမ အပေါ်ထပ်မှာ ဘာရှိလဲဟင်”

“အပေါ်ထပ်က မမရဲ့ အိပ်ခန်းလေ။ သွားကြည့်လို့ ရပါတယ်”

ဟွာကျွင်းလည်း ဒီခေတ်ကလူတွေ ဒုတိယထပ်ကို တက်လို့ရမလား သိချင်နေမိသည်။

အဖြေကတော့ တက်၍ရသည်ပင်။ တာ့နွီသည် သွက်လက်စွာနှင့် ဟွာကျွင်း၏အိပ်ရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ပေးပြီး စားပွဲကိုလည်း အစက်အပြောက် မရှိအောင် သုတ်ပေးလိုက်၏။

ဟွာကျွင်းသည် စိတ်ထဲကနေ ငြင်းဆန်းနေသော်လည်း အမှန်တကယ်တော့ တာ့နွီ၏ဝန်ဆောင်မှုကို သဘောကျပါသည်။ ‘ငါက အရင်းရှင် မဟုတ်ဘူး။ လူတွေကို အမြတ်ထုတ်နေတာ မဟုတ်ဘူး’

သူမသည် တကယ့်ကို အလိုလိုက်ခံရ၍ ပျက်စီးတော့မည်ပင်။

မော့ချွမ်း အောက်ထပ်ကနေ လှမ်းအော်သည်။ “ဟွာကျွင်း စုအိမ်တော်က လူတွေ ရောက်နေပြီ”

စုဝမ်က စားပွဲသို့ ရောက်နေပြီး ထွက်မလာနိုင်သောကြောင့် သူမ၏ ကိုယ်ရံတော် နှစ်ယောက် ရောက်လာ၏။ သူတို့က သစ်သားသေတ္တာကြီးများ ယူလာပြီး စားစရာများကို စစ်ဆေးကာ ကျန်သည့်ငွေကို ရှင်းပေးကြသည်။

သူတို့ အကုန်လုံးကိုသေတ္တာထဲ ထည့်ပြီး အိမ်တော်သို့ ရထားလုံးနှင့် သယ်သွားကြ၏။

လမင်းကြီးက ကောင်းကင်ယံမှာ မြင့်မားစွာ ချိတ်ဆွဲထားပြီး စုအိမ်တော်သည် မီးရောင်စုံများနှင့် လင်းထိန်နေသည်။ ဧည့်သည်များက စားပွဲအသီးသီးမှာ ထိုင်နေကြပြီး မိသားစု စုံစုံလင်လင်နှင့် ညစာစားနေကြ၏။ စားပွဲပေါ်၌ စားစရာများ စုံလင်လှပြီး ချီးကျူးသံများကိုလည်း ခဏခဏ ကြားနေရသည်။

“အဒေါ်ကျန်းကတော့ နှစ်တိုင်းလိုလို သေသေချာချာ စီစဉ်တတ်တုန်းပဲ။ ဒီဟင်းလျာတွေကို ကြည့်ဦး၊၊ ပြင်ဆင်ပုံကလည်း လှ၊ အရသာကလည်းကောင်း။ တကယ့်ကို နှစ်သက်ဖွယ်ပါပဲ”

“သူတို့က မြို့ထဲက နာမည်ကြီးစားသောက်ဆိုင်က စားဖိုမှူးကြီးကို နှစ်တိုင်း ဖိတ်တာလေ။ သာမန်လူတွေဆိုရင် သူ့လက်ရာကို စားဖို့တောင် မလွယ်ဘူး”

“ဟုတ်ပါရဲ့၊ ဒီလို အဒေါ်မျိုးဆီက အကူအညီ ရထားတာ သခင်မအတွက်တော့ တကယ်ကို ကံကောင်းတာပဲ”

အချို့သော မိန်းကလေးငယ်လေးများကတော့ တီးတိုးလေး ပြောနေကြ၏။ “နှစ်တိုင်း ဒီဟင်းတွေချည်းပဲ။ တကယ် ငြီးငွေ့စရာ ကောင်းလိုက်တာ”

ဤသည်က စုဝမ်ဦးလေး၏သမီး၊ စုချန်၏အသံဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် သူမသည် စုဝမ်၊ စုယန်တို့နှင့် စားပွဲတစ်လုံးတည်းမှာ ထိုင်နေသည်။ စုယန်က ၎င်းကို ကြားသော် နှာခေါင်းရှုံ့သည်။

“ဒါတွေက ကြက်၊ ဘဲ၊ ငန်းနဲ့ ငါး တွေပဲဟာ၊ တခြား ဘာများထူးခြားတာ ထပ်လုပ်နိုင်ဦးမှာလဲ”

ထို့နောက် သူမသည် စုဝမ်ကို ကြည့်ပြီး အသံကို မြှင့်ကာ ပြောလိုက်၏။

“ဒါပေမဲ့ စားပွဲပြီးရင် ကျင်းပမဲ့ လပြည့်ည အချိုပွဲကတော့ တကယ့်ကို ထူးခြားမှာနော်”

အခန်း (၂၀)

ငွေနဲ့ဝယ်လို့မရတဲ့ အရသာ

အသံက တော်တော်လေး ကျယ်သွားသောကြောင့် ဘေးစားပွဲက လူများပင် ကြားသွား၏။

တစ်ယောက်က လှမ်းမေးသည်။ “ဘာဖြစ်လို့လဲရှင့်”

စုယန် ပါးစပ်လေးကိုအုပ်ပြီး ရယ်မောကာ ဆိုသည်။ “ဒီနေ့ လပြည့်ည အချိုပွဲအကျွေးမွေးကို အစ်မစုဝမ်က တာဝန်ယူထားတာလေ။ ညီမ သိရသလောက်တော့ အစ်မစုဝမ်က ဝမ်ဖူဆိုင်က မုန့်တွေကို မကြိုက်လို့ တစ်ခုမှတောင် မမှာထားဘူးတဲ့။ အစ်မက ဒီထက်ပိုကောင်းတဲ့ အချိုပွဲတွေ ရှာထားတာ ဖြစ်မယ်”

“ဝမ်ဖူဆိုင်က မုန့်တွေက အကောင်းဆုံးပဲဟာကို၊ ဘယ်ဆိုင်က ယှဉ်နိုင်မှာမလို့လဲ”

“ငါက ဝမ်ဖူဆိုင်က ရှောက်သီးကိတ်ကို စားချင်လို့ အထူးတလည် လာခဲ့တာ၊ ဒီနေ့တော့ စားရတော့မှာ မဟုတ်ဘူးထင်တယ်”

“ဒီစုဝမ်ကတော့ တကယ်ကို ကောလဟာလတွေအတိုင်းပဲ၊ အိမ်မှုကိစ္စလုပ်တာက မယားငယ်ရဲ့ သမီးထက်တောင် ညံ့ဖျင်းနေပါလား”

“စုယန်က သာမန်မယားငယ်တစ်ယောက်ရဲ့ သမီးမှ မဟုတ်တာ၊ သူက အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ပေးခံထားရတာလေ၊ နှစ်တိုင်း စားပွဲတွေကိုလည်း သူပဲ တာဝန်ယူတာ”

ဝေဖန်သံများကို ကြားနေရသော်လည်း စုဝမ်သည် ပြန်လည်ငြင်းခုံခြင်း မပြုဘဲ မျက်နှာထက်တွင် ကျော့ရှင်းသော အပြုံးကိုသာ ဆင်မြန်းထားပြီး သူမ၏ အစေခံမလေးကို မေးလိုက်၏။

“ပစ္စည်းတွေ ရောက်ပြီလားဆိုတာ သွားကြည့်လိုက်ပါဦး”

အစေခံမလေးက ဦးညွှတ်ကာ ထွက်ခွာသွားပြီး စုအိမ်တော်၏ အဝင်ဝမှာ စောင့်နေတော့သည်။

မိသားစုစုံညီ ညစာစားပွဲသည် ရယ်မောသံ၊ စကားပြောသံများနှင့် ပြီးဆုံးသွားသည်။ အမှန်တကယ်တော့ ချမ်းသာသည့် မိသားစုများအတွက် ညစာဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ်၏၊၊ မည်သူမှ အားရပါးရမစားကြပေ။ ထို့ပြင် ဟင်းလျာများကလည်း နှစ်တိုင်းစားဖူးနေကြအရာများပေ။

ကလေးများက လပြည့်ညအချိုပွဲအစီအစဉ်ကို ပိုပြီး မျှော်လင့်ကြသည်။ ထိုပွဲမှ ဝမ်ဖူဆိုင်က မုန့်မျိုးစုံ၊ အထူးသဖြင့် လပြည့်ပွဲတော်မှာပဲ ရသည့် ရှောက်သီးကိတ်ကို စားရလေ့ရှိသောကြောင့် ဖြစ်၏။

ဒီနှစ်မှာတော့ ဝမ်ဖူဆိုင်က မုန့်တွေ မရှိဘူးဆိုတာ သိလိုက်ရတော့ အားလုံးက စိတ်ပျက်သွားကြသည်။

ဧည့်သည်အားလုံး အပြင်ဘက်ကို ရွှေ့ပြောင်းသွားကြ၏။

ရေကန်ဘေးမှာ စားပွဲခြောက်လုံးကို ဝိုင်းဖွဲ့ပြင်ဆင်ထားပြီး ရေကန်အလယ်က ပြာသာဒ်လေးထဲမှာတော့ စုအိမ်တော်က ဖိတ်ကြားထားသည့် ဇာတ်အဖွဲ့သည် ကပြဖျော်ဖြေနေကြသည်။

စုဝမ်သည် သူမ၏ အစေခံမလေးကို ခေါ်ကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၏။ မုန့်များကို ခြောက်ပုံ၊ပုံပြီး စားပွဲအသီးသီးမှာ ခင်းကျင်းလိုက်သည်။

အဒေါ်ကျန်းသည် စုဝမ်က သူမဘာသာ အချိုပွဲများ ရှာနိုင်လိမ့်မည်ဟု မထင်ထားပေ။ သူမက မုန့်ဘူးကို ကြည့်လိုက်တော့ ဟွာကျွင်းမုန့်ဆိုင်ဟု ရေးထားသည်ကို တွေ့ရ၏။ အဖေစုက ဘာမှမပြောရသေးခင်မှာပင် သူမက ကြိုတင်တောင်းပန်လိုက်သည်။

“ဝမ်အာက အလုပ်တွေ အရမ်းများနေလို့ ဝမ်ဖူဆိုင်မှာ မုန့်မှာဖို့ အချိန်မရလိုက်ဘူး။ အားလုံးပဲ ခွင့်လွှတ်ပေးကြပါဦး”

ထို့နောက် သူမ စုဝမ်ကို လှည့်ပြောလိုက်သည်။ “ဝမ်အာ.. အကူအညီလိုရင် အဒေါ်ကို ပြောပါလားကွယ်၊ ဒီလို နာမည်မရှိတဲ့ ဆိုင်လေးက စားစရာတွေကို စားပွဲပေါ် ဘယ်လိုလုပ် တင်နိုင်ရတာလဲ”

စုယန်က ကြားဖြတ်ပြောသည်။ “အစ်မ.. အဖေက အချိုပွဲအတွက် ငွေဒင်္ဂါးတေးတစ်ရာ ပေးထားတာလေ။ ဒါပေမဲ့ ကြည့်ဦး၊ ဒါတွေက ဘယ်နားမှာ တစ်ရာတန်လို့လဲ။ အစ်မများ ပိုက်ဆံတွေကို ကြားဖြတ်နှိုက်ထားတာ မဟုတ်ပါဘူးနော်”

ထိုစွပ်စွဲချက်ကြီးကြောင့် စုဝမ် မကျေမနပ် ဖြစ်သွားတော့၏။ “ညီမလေး.. အထောက်အထားမရှိဘဲ လျှောက်မပြောပါနဲ့။ ဒါတွေကို စားကြည့်ပြီးတဲ့အခါမှ ငွေတေးတစ်ရာပေးရင်တောင် ဒီလိုအရသာမျိုး ဝယ်လို့မရဘူးဆိုတာ သိသွားပါလိမ့်မယ်”

ဧည့်သည်များက စိတ်ရှုပ်ထွေးသွားကြကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အဖေစုကို ပြောကြ၏။ “ဦးလေး.. ဦးလေးရဲ့ တရားဝင်သမီးက မယားငယ်ရဲ့ သမီးလောက်တောင် မတော်ဘူး ထင်တယ်”

“ဟုတ်တယ်၊ ကျွန်တော်က တစ်နှစ်ပတ်လုံး ရှောက်သီးကိတ်ကိုပဲ မျှော်နေတာ”

“ငါလည်း ဝမ်ဖူဆိုင်က နဂါးမုတ်ဆိတ်လိပ်ကို စားချင်နေတာ၊ အဲဒါလေးကို ဂန္ဓမာလက်ဖက်ရည်ခါးခါးလေးနဲ့ သောက်လိုက်ရင် တကယ့်ကို နတ်စည်းစိမ်ပဲ”

အဒေါ်ကျန်းက ၎င်းကိုကြားတော့ အဖေစုကို ဦးညွှတ်ပြီး မေးသည်။ “အရှင်.. ဝမ်ဖူဆိုင်ကနေ မုန့်တွေ အသစ်တစ်သုတ် လာပို့ခိုင်းလိုက်ရမလားရှင်”

အဖေစုကတော့ စားပွဲပေါ်က မုန့်လိပ်ကို မျက်စိကျနေသည်။ ပြီးခဲ့သည့်တစ်ခေါက် စားဖူးပြီးကတည်းက အချိုမကြိုက်သည့်သူတောင် ထိုအရသာလေးကို ခဏခဏ ပြန်သတိရနေမိ၏။

ယခု စားပွဲပေါ်မှာ သူ မမြည်းစမ်းဖူးသေးသော မုန့်ပေါင်း တစ်ဒါဇင်ကျော်လောက် ရှိနေသည်ဖြစ်၍ ဘယ်လို ထူးခြားမှုများ ရှိမလဲဆိုသည်ကို သိချင်နေတော့သည်။

သူ လက်ကာပြရင်းပြောသည်။ “မလိုပါဘူး၊ အားလုံးပဲ နေရာယူကြပါ”

အဒေါ်ကျန်း ဇဝေဇဝါ ဖြစ်သွားသည်။ အရှင်က ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုးမှာ အကျိုးအကြောင်းကို မစဉ်းစားဘဲ ထိုင်လိုက်ရတာလဲ။

သူမ အံကြိတ်ကာ တွေးလိုက်သည်။ ‘အေးလေ.. အားလုံးကို အရင်စားခိုင်းလိုက်မယ်၊၊ သူတို့ မကျေနပ်ကြတော့မှ အရှင်က ဝိုင်းပြောတာကို မခံနိုင်တော့ရင် ငါ့မောင်ဆီက မုန့်တွေ မှာခိုင်းလိမ့်မယ်’

ကလေးတစ်ယောက်က စတင်ငိုယိုတော့သည်။ “သား.. နဂါးမုတ်ဆိတ်လိပ် စားချင်တယ်။ ရှောက်သီးကိတ် စားချင်တယ်။ အီးဟီး.. အီးဟီး..”

စုဝမ်က ခရင်မ်ပတ်တစ်ခုကို ယူပြီး ချော့မြှူလိုက်၏။ “ဒါလေးက ရှောက်သီးကိတ်ထက်တောင် ပိုစားကောင်းတယ်နော်၊ မြည်းကြည့်မလား”

မုန့်ကို ကလေးနှာခေါင်းနား တေ့ပေးလိုက်သည့်အခါ ချိုမြိန်သော နို့နံ့လေးကို ကလေးက ချက်ချင်း ရသွားသည်။ သူ ငိုတာရပ်သွားပြီး ချစ်စရာကောင်းသည့် မုန့်ကို ကြည့်ကာ ခဏတွန့်ဆုတ်ပြီးနောက် ပါးစပ်လေးဟလိုက်၏။

စုယန်က ဘေးကနေ နှာခေါင်းရှုံ့ကာ ပြောသည်။ “ဒီလို ဆိုင်စုတ်လေးက စားစရာတွေကို ငါ့မောင်လေးကို ဘယ်လိုများ ကျွေးရဲတာလဲ”

ကလေးအမေက စုယန်စကားကို ကြားသော် စုဝမ်လက်ကို ဖယ်ထုတ်လိုက်ပြီး ကလေးကို ရင်ခွင်ထဲ ဆွဲထည့်လိုက်၏။

စုဝမ် မျက်နှာပျက်သွားပြီး ပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပင် ဘေးစားပွဲက တစ်ယောက်က အံ့ဩတကြီး အော်ပြောလိုက်သည်။ “ဒါတွေက ဟွာကျွင်းမုန့်ဆိုင်က မုန့်တွေပဲ”

တစ်ယောက်က မေးသည်။ “ဟွာကျွင်းမုန့်ဆိုင်။ အဲဒါ ဘယ်မှာလဲ၊ တစ်ခါမှ မကြားဖူးပါဘူး”

“မင်း မသိသေးလို့ပါ။ ဒီမုန့်ဆိုင်က မြို့ပြင်မှာရှိတာ၊ ညဘက်မှပဲ ဖွင့်တာလေ”

စုယန်က ပြောလိုက်သည်။ “မြို့ပြင်ဆိုင်က မြို့ထဲကဆိုင်ကို ဘယ်လိုယှဉ်နိုင်မှာလဲ။ အဲဒါက တောသူတောင်သားတွေအတွက်ပဲလေ၊ အဆင့်အတန်းမှ မရှိတာ”

ထိုလူက ဆက်ပြော၏။ “ပြီးခဲ့တဲ့ သုံးလေးညလောက်က ငါနဲ့ ငါ့သူငယ်ချင်း အဲဒီမှာ ပုစွန်ထုပ်သွားစားသေးတယ်။ တကယ်ကို စားကောင်းတာနော်။ အခု ပြန်တွေးရင်တောင် သွားရည်ကျတယ်”

“တကယ်ရော ဟုတ်လို့လား”

“ငါကြားတာတော့ နောက်နေ့မှာ ပုစွန်ထုပ်မရှိတော့ဘဲ ဘဲကင်ရောင်းတယ်တဲ့။ ဘဲတစ်ကောင်ကို အရသာသုံးမျိုး စားလို့ရတာ၊ အဲဒါလည်း တကယ် စားကောင်းတာတဲ့။ ငါ့သူငယ်ချင်းဆိုရင် ဝမ်ဖူဆိုင်က ကျန်းရှန်နဲ့ လီစစ်တို့တောင် အဲဒီဆိုင်မှာ စားနေတာ တွေ့ခဲ့သေးတယ်”

“ဝမ်ဖူဆိုင်က လူတွေတောင် သွားစားတာလား၊ သူတို့က နေ့တိုင်း စားကောင်းသောက်ဖွယ်တွေ စားနေရတာလေ”

“စားရုံတင်မကဘူး၊ ပါးစပ်တွေ ဆီဝေ့နေတဲ့အထိ စားကြတာ၊ နောက်ဆုံး မုန့်တစ်စိတ်အတွက်တောင် လုကြသေးတယ်တဲ့” ထို့နောက် သူက စားပွဲပေါ်က ချိစ့်ကိတ် တစ်စိတ်ကို ယူပြီး လူတိုင်းကို ပြလိုက်၏။

“ဒါပဲ။ ဒါကို ချိ့စ်ကိတ်လို့ ခေါ်တာထင်တယ်”

စုဝမ်က ပြုံးပြီး ပြောလိုက်သည်။ “အစ်ကိုစုမင်းက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ ဟုတ်ပါတယ်၊ အဲဒီကိတ်လေးပါ၊ သူ့ရဲ့ နာမည်အပြည့်အစုံကတော့ အပေါ်ယံမီးကင်ချိစ်ကိတ် လို့ ခေါ်ပါတယ်ရှင်”

စုမင်းက ကိတ်ကို ပါးစပ်ထဲထည့်ပြီး မျက်လုံးလေးမှိတ်ကာ အရသာခံလိုက်၏။

“ဟင်း.. ဒါပဲ ၊ ဒီအရသာပဲ။ နို့နံ့ကလည်း သင်းတယ်၊ ကိတ်သားလေးကလည်း နူးညံ့ပြီး ပေါ့ပေါ့ပါးပါးလေးပဲ”

အားလုံးက သူ့အမူအရာကို ကြည့်ပြီး ကိုယ်တိုင်လည်း စားချင်စိတ်များ တဖွဖွ ဖြစ်ကာ စားပွဲပေါ်က မုန့်များကို စတင် မြည်းစမ်းကြတော့သည်။

ချီးကျူးသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့၏။

စုယန် စိတ်ပူသွားပြီး အဒေါ်ကျန်းကို ကြည့်ကာ တီးတိုးမေးသည်။ “မေမေ.. ဘယ်လိုလုပ်ကြမလဲ”

အဒေါ်ကျန်းက အဖေစုကို ကြည့်ပြီး ပြောလိုက်သည်။ “အရှင်.. မြို့ပြင်ဆိုင်က ပစ္စည်းတွေက အဆင့်အတန်း နိမ့်လွန်းပါတယ်၊ ပြီးတော့ ဧည့်သည်တွေ နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...”

သူမ စကားများက လည်ချောင်းထဲမှာ ရပ်သွား၏။ အဘယ့်ကြောင့်ဆိုသော် အဖေစုက မတ်တတ်ရပ်ပြီး မုန့်လိပ်တစ်ခု ယူနေသည်ကို တွေ့လိုက်ရ၏။ သူမစကားကို သူ လုံးဝ နားမထောင်တော့ပေ။

စုယန်ရှိသည့် စားပွဲမှာလည်း ခုနက နဂါးမုတ်ဆိတ်လိပ် စားချင်၍ ငိုနေသည့် ကလေးလေးဟာ ယခုတော့ လက်နှစ်ဖက်လုံးမှာ မုန့်များ ကိုင်ထားပြီး ပါးစပ်ထဲမှာ အားရပါးရစားနေသည်ကို တွေ့လိုက်ရ၏။

စုမင်းကတော့ တကယ့်ကို ကျေနပ်နေသည်။

‘ဆိုင်မှာတုန်းကတော့ တစ်ယောက်ကို တစ်ခုပဲ ကန့်သတ်ထားတာလေ၊ အခုတော့ စားပွဲပေါ်မှာ အကန့်အသတ်မရှိ စားလို့ရတဲ့အပြင် သူ မမြင်ဖူးတဲ့ ရှားပါးအချိုပွဲတွေလည်း အများကြီး ရှိနေသေးတယ်’

သူက ခရမ်းရောင်ကိတ်မုန့်တစ်စိတ်ကို ယူပြီး မတ်တတ်ရပ်ကာ စုဝမ်ကို မေးလိုက်သည်။ “ညီမလေးစုဝမ်၊ ဒီအချိုပွဲတွေရဲ့ နာမည်တွေက တကယ့်ကို ထူးခြားဆန်းသစ်တယ်လို့ ကြားမိတယ်။ အားလုံးအတွက် နည်းနည်းလောက် မိတ်ဆက်ပေးပါလား”

ဘေးပတ်လည်က လူများကလည်း ထောက်ခံကြသည်။

စုဝမ်သည် ကျော့ရှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ချိုသာစွာ ပြုံးပြရင်း ဆိုသည်။ “ရတာပေါ့ရှင်။ အခု အစ်ကိုစုမင်း ကိုင်ထားတာကတော့ ပိန်းဥချိစ့်ကိတ်လို့ ခေါ်ပါတယ်ရှင်။ ပိန်းဥကို အဆင့်မြင့် ပစ္စည်းတွေနဲ့ ပေါင်းပြီးတော့ အနှစ်ဖြစ်အောင် ထောင်းထားတာပါ၊ ပြီးတော့မှ အထူးပြုလုပ်ထားတဲ့ ကိတ်နဲ့ သေသေချာချာ ပေါင်းစပ်ထားတာပါရှင်”

စုမင်းက ဆိုလိုက်သည်။ “ဒါကြောင့်ကိုး၊ ဒီမွှေးကြိုင်နေတဲ့ အနံ့က တကယ့်ကို ပိန်းဥအနှစ်နံ့ပဲ”

စုဝမ်က ဆက်ပြောသည်။ “ဒီအလုံးလေးတွေကိုတော့ နို့ခရင်မုန့် လို့ ခေါ်ပါတယ်၊ အပေါ်ခွံက ရွှေအိုရောင်လေး ဖြစ်ပြီးတော့ ကိုက်လိုက်ရင် အထဲမှာ အထူးပြုလုပ်ထားတဲ့ နို့နှစ်လေးတွေ ပါပါတယ်ရှင်”

“နာမည်က စိတ်ဝင်စားစရာပဲ၊ ကြည့်ဦး.. ဒီအလုံးလေးတွေက ပူဖောင်းလေးတွေနဲ့ တူတယ် မဟုတ်လား” တစ်ယောက်က ကြားဖြတ်ပြောသည်။

စုဝမ်က မုန့်လိပ်ကို ညွှန်ပြရင်း ဆိုသည်။ “ဒါကတော့ မုန့်လိပ်ပါ။ သူ့ရဲ့ မုန့်သားက အချိုနည်းဆုံးမို့လို့ အားလုံးလည်း မြည်းစမ်းဖူးကြမယ် ထင်ပါတယ်ရှင်”

“ပြီးတော့ အဝါနုရောင် မုန့်လေးကတော့ အစ်ကိုစုမင်း ပြောတဲ့ ချိစ်ကိတ် ပါရှင်”

“ဒါ့အပြင် ဒီမှာ ခွက်ပူတင်း ရှိမယ်၊ ဒါကိုတော့ ပီဇာ လို့ ခေါ်ပါတယ်၊ ပြီးတော့ ဒီအဝိုင်းလေးကတော့ မှတ်ရအလွယ်ဆုံးပါပဲ၊ ဒိုးနတ် လို့ ခေါ်ပါတယ်”

“အားလုံးပဲ ကိတ်မုန့်တွေချည်းပဲ စားမနေဘဲ ဒီနေ့ ညီမ ပြင်ဆင်ထားတဲ့ အဆာပြေမုန့်တွေကိုလည်း မြည်းစမ်းကြည့်ကြပါဦးရှင်။ ပြီးတော့ ထူးခြားတဲ့ အရသာရှိတဲ့ နို့လက်ဖက်ရည်ကိုလည်း မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်”

“ကောင်းတယ်၊ ကောင်းတယ်။ စုဝမ်က တကယ့်ကို တရားဝင်သမီးကြီးပီသပါပေတယ်။ ကြည့်ကြစမ်းဦး၊ သူု့ရဲ့ အမူအရာက တကယ့်ကို တည်ငြိမ်ပြီး တင့်တယ်လိုက်တာ”

“စုဝမ်ကြောင့် အခုလို အရသာရှိတဲ့ အချိုပွဲတွေကို စားခွင့်ရတာပဲ။ ဝမ်ဖူဆိုင်က မုန့်တွေထက် အများကြီး ပိုကောင်းတယ်”

“ဒါကတော့ တကယ့်ကို ငွေနဲ့ဝယ်လို့မရတဲ့ အရသာပါပဲဗျာ”

All Chapters