အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃) ပထမဆုံးသော ရွှေအိုးကြီး
ထိုမိန်းကလေး အနားယူ၍ ဝသွားသောအခါ ဟွာကျွင်းကို နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
ဟွာကျွင်း သူမနောက်သို့ လိုက်ကာ ဆိုင်ပြင်ဘက်အထိ လိုက်ပို့ပေးလိုက်၏။ ထိုစဉ် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။ နေ့ဘက်တွင် ရှိနေတတ်သော ပတ်ဝန်းကျင်မှ ဆိုင်အားလုံး ပျောက်ကွယ်နေကာ နေရာတိုင်းတွင် ပိန်းပိတ်အောင် မှောင်မည်းနေသဖြင့် မည်သည်ကိုမှ မမြင်ရတော့ချေ။ ဆိုင်မှ ထွက်ပေါ်လာသည့် အလင်းရောင်လေးကသာ တံခါးရှေ့ရှိ နေရာကျဉ်းလေးကို လင်းထိန်စေသည်။
ဆိုင်အဝင်ဝတွင် မြင်းလှည်းတစ်စီး ရပ်ထားပြီး ထိုမြင်းလှည်း၏ အရှေ့ဘက်တွင် မီးအိမ်နှစ်ခု ချိတ်ဆွဲထားသည်။ မိန်းကလေး မြင်းလှည်းပေါ်သို့ တက်ပြီး လိုက်ကာကို မကာ ဟွာကျွင်းကို ခေါင်းညိတ်၍ နှုတ်ဆက်လိုက်၏။ ထို့နောက် သူမ၏ အစေခံမှ မြင်းလှည်းကို မောင်းနှင်ကာ ထွက်ခွာသွားတော့သည်။
“ ငါ တခြားကမ္ဘာကို ရောက်သွားတာလား “
ဟွာကျွင်း အပြင်တွင် ဆက်မနေရဲသဖြင့် ဆိုင်ထဲသို့ အမြန် ပြေးဝင်ကာ တံခါးပိတ်လိုက်သည်။ ထို့နောက် ဒုတိယထပ်သို့ သုတ်ခြေတင် ပြေးတက်သွားပြီး ကုတင်ပေါ်သို့ ခုန်တက်၍ စောင်ကို ခေါင်းမြီးခြုံကာ အမြန် အိပ်ပျော်သွားစေရန် အတင်း ကြိုးစားလိုက်သည်။
ထိုအရာအားလုံးကို တစ်ဆက်တည်း အလျင်အမြန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
သူမသည် ထိုညက အလွန်ပင် ဂဏှာမငြိမ်ဘဲ အိပ်စက်ခဲ့ရသည်။
မိုးလင်း၍ အောက်ထပ်မှ ဆူညံသံများ ပြန်လည် ကြားရသည့်အချိန်မှသာ ဟွာကျွင်း ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါ အပြင်ဘက်တွင် ပုံမှန်အတိုင်းပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
‘ဒါက အိပ်မက်ပဲလား’
ဟွာကျွင်း သမ်းဝေရင်း အောက်ထပ်သို့ ဆင်းလာသည်။ ထိုစဉ် စားပွဲပေါ်တွင် မနေ့ညက သိမ်းဆည်းရန် မေ့နေခဲ့သော ငွေစများကို တွေ့လိုက်ရသည်။
“ ဘုရားရေ ဘာတွေဖြစ်နေတာလဲ၊ ဒီဆိုင်က ညဘက်ဆိုရင် တခြားကမ္ဘာကို သူ့အလိုလို ရောက်သွားတာလား “
ဟွာကျွင်း ငွေတုံးများနှင့် ကြေးပြားများကို ယူဆောင်ပြီး စက်ဘီးတစ်စီး ငှားစီးကာ မြေပုံပေါ်မှ လမ်းလေးနှင့် အဝေးဆုံးတွင် ရှိသော ရှေးဟောင်းပစ္စည်း ဆိုင်တစ်ဆိုင်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
သူမတွင် ယွမ်(၃၀၀) သာ ကျန်တော့သဖြင့် ချွေတာမှ ဖြစ်မည်ပင်။
ရှေးဟောင်းပစ္စည်းဆိုင်သို့ ရောက်ရန် နှစ်နာရီမျှ ကြာသွားသည်။ ဆိုင်ရှင် တံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ အမောတကော ဖြစ်နေသော ဟွာကျွင်းကို မြင်လိုက်ရ၏။
ထို့နောက် ဆိုင်ရှင်မှာ အသက် (၅၀)ကျော်ခန့် ရှိပြီး မှန်ဘီလူးကို ကိုင်၍ ကြေးပြားများကို သေသေချာချာ စစ်ဆေးနေသည်။
“ ခင်ဗျားရဲ့ ကြေးပြားတွေက ဘာလို့ ဒီလောက်တောင် သစ်နေတာလဲ၊ အတုနဲ့ တူပေမဲ့ တကယ့် အစစ်တွေပဲ၊ ကျုပ် သေသေချာချာ ကြည့်ဖို့ လိုမယ်၊ ဒါတွေကို ဘယ်က ရခဲ့တာလဲ “
ဟွာကျွင်း စိတ်မသက်မသာ ပြုံးပြလိုက်၏။
“ဒါတွေက သေသေချာချာ သိမ်းထားလို့သစ်နေရတာပါ၊ ကျွန်မ အဘိုး ထားခဲ့တာလေ”
အမှန်တကယ်လည်း အဘိုးထားခဲ့သော ဆိုင်ကြောင့် ရရှိခဲ့ခြင်း ဖြစ်သဖြင့် ဤလိမ်ညာမှုသည် အမှန်တရားနှင့် နီးစပ်နေသည်ဟု ဆိုရပေမည်။
ဟွာကျွင်း လျှာခိုးထုတ်လိုက်မိသည်။
“ ဒါတွေကို လေလံတင်မယ်ဆိုရင် တစ်ပြားကို ယွမ် (၄၀၀၀) လောက် ရနိုင်တယ်၊ ဒါပေမဲ့ လေလံပွဲဆိုတာက ပထမတစ်ချက် အချိန်ကြာမယ်၊ ဒုတိယတစ်ချက် မရောင်းရရင်တောင် လေလံကုမ္ပဏီကို ကော်မရှင်ခ ပေးရဦးမှာဆိုတော့ စွန့်စားရတာ များတယ်”
ဟွာကျွင်း ထိုအကြောင်းအရာများကို နားမလည်သော်လည်း လေလံတင်သည်အထိတော့ မစောင့်နိုင်ပေ။
“ဒါဆို ဦးလေး ဝယ်မလား၊ ကျွန်မ အရေးတကြီး ငွေလိုနေလို့”
ဆိုင်ရှင် သက်ပြင်းချလိုက်၏။
“ခင်ဗျား တိုက်ရိုက်ရောင်းချင်တယ်ဆိုရင် ကျုပ် တစ်ပြားကို ယွမ်(၂၀၀၀)နဲ့ဝယ်မယ်၊ ဘယ်လိုလဲ”
သူ ပြောပြောဆိုဆိုနှင့် ဈေးကို တစ်ဝက်နီးပါး လျှော့ချလိုက်သဖြင့် ဟွာကျွင်း စိတ်ထဲမှ “လောဘကြီးတဲ့သူပဲ” ဟု ကျိန်ဆဲလိုက်သည်။
“ ကျွန်မမှာ စုစုပေါင်း ခုနစ်ပြား ရှိတယ်၊ တစ်ပြားကို ယွမ်(၂၅၀၀)နဲ့ ထားပေးပါလား “
ဆိုင်ရှင် မတတ်သာသည့်ပုံစံ ဟန်ဆောင်သည်။
“ ကောင်းပါပြီ၊ တစ်ပြားကို ယွမ်(၂၅၀၀)ပေါ့”
ဆိုင်ရှင် ငွေကို အလွန် လျင်မြန်စွာ ပေးချေလိုက်သဖြင့် မိနစ်ဝက်မျှ ကြာသောအခါ ဟွာကျွင်းသည် ယွမ်(၁၇၅၀၀)ကို လက်ခံရရှိလိုက်၏။ ထိုအခါမှသာ လောကဓံ၏ ဖိအားများ လျော့ကျသွားသည်။
ထို့နောက် ဟွာကျွင်း မနေ့ညက မိန်းကလေး ထားသွားသော ငွေစများကို ထုတ်ပြကာ မေးလိုက်သည်။
“ ဦးလေး ဒါကရော ဘယ်လောက် တန်မလဲ “
ဆိုင်ရှင် ယူကြည့်သည်။
“ အိုး ဒါက ငွေစတွေပဲ၊ ရှေးဟောင်းလက်ရာနဲ့တော့ တူတယ်၊ ဒါပေမဲ့ ငွေပါဝင်မှုနှုန်းက မမြင့်တော့ သိပ်ပြီး တန်ဖိုးမရှိဘူး”
ထို့နောက် အလေးချိန်ကြည့်သည်။
“(၂၃) ဂရမ်လောက် ရှိမယ်၊ ခင်ဗျား ရောင်းမယ်ဆိုရင် ယွမ်(၃၀၀) ပေးမယ်”
လက်ရှိခေတ်ကာလတွင် ငွေသည် ကြေးပြားလောက် တန်ဖိုးမရှိဟု သူမ မထင်ထားခဲ့ပေ။
ဟွာကျွင်း အမှတ်တရအနေနှင့် သိမ်းထားရန်သာ ဆုံးဖြတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒီငွေစတွေကိုတော့ မရောင်းတော့ပါဘူး”
“ ကောင်းပါပြီ၊ တခြား ရောင်းစရာရှိရင်လည်း လာခဲ့ဦးလေ၊ ကျုပ် ဈေးကောင်း ပေးပါ့မယ် “
ရှေးဟောင်းဆိုင်မှ ထွက်လာပြီးနောက် ဟွာကျွင်း ပိန်းဥနို့လက်ဖက်ရည်တစ်ခွက် ဝယ်ယူကာ လမ်းဘေးတွင် ထိုင်ရင်း တွက်ချက်နေသည်။
ညဘက်တွင် ဆိုင်ကလေးသည် ရှေးခေတ်နှင့် ချိတ်ဆက်နိုင်သဖြင့် အစားအသောက်များကို ပိုမို ပြင်ဆင်ထားနိုင်၏။
ခေတ်မီနည်းပညာများ၏ အကူအညီဖြင့် ပြုလုပ်ထားသော ခေတ်သစ် အစားအသောက်များသည် ရှေးခေတ်လူများကို အကြိုက်တွေ့စေမည် မဟုတ်ပါလား။
အဘိုးထားခဲ့သော ဆိုင်ကလေးမှာ တကယ့်ကို ရတနာသိုက်ကြီးပင် ဖြစ်သည်။
သူမ ဆိုင်ကို ပိုမို ကြီးမားလာစေရန် ကြိုးစားပြီး ချမ်းသာသော လမ်းကြောင်းပေါ်သို့ တက်လှမ်းတော့မည်။
သို့သော် ဆိုင်လေးသည် ရှေးခေတ်တွင်ပင် ချောင်ကျသော နေရာ၌ ရောက်ရှိနေဟန်။ ထို့ကြောင့် ဆန်းပြားသော ဟင်းလျာများကို ရောင်းချရန် မလွယ်ကူလှပေ။
ထို့အပြင် ဟွာကျွင်းကိုယ်တိုင်လည်း ထိုဟင်းများကို မချက်တတ်ပေ။
ခရီးသွားများအတွက် စားရလွယ်ကူပြီး ခရီးဆက်နိုင်မည့် ရိုးရှင်းသော မုန့်များကို ရောင်းချခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ဆုံးဖြတ်ချက်ချပြီးနောက် ဟွာကျွင်း ကားတစ်စီးခေါ်ကာ အနီးနားရှိ ဈေးသို့ သွားပြီး ယွမ်(၂၆၀)ဖြင့် အကင်စက်တစ်လုံး ဝယ်ယူလိုက်သည်။
အကင်စက်သည် လွယ်ကူရိုးရှင်းပြီး ဈေးနှုန်းသက်သာကာ အချက်အပြုတ် ကျွမ်းကျင်ရန်လည်း မလိုအပ်သဖြင့် သူမအတွက် အလွန်ပင် သင့်တော်သည်။
သူမ အသားလုံး အမျိုးမျိုး၊ အူဒုန်ဟင်းရည် အနှစ်များနှင့်အတူ ပေါက်စီ အလုံး (၂၀)နှင့် အသားပေါက်စီ အလုံး (၂၀) ကိုလည်း ဝယ်ယူခဲ့သည်။
အစားအသောက်များ သိုလှောင်ရန် ရေခဲသေတ္တာတစ်လုံးနှင့် အခဲခံ သေတ္တာတစ်လုံးကိုလည်း ဝယ်လိုက်သည်။
ယခုအချိန်တွင် ကုန်ကြမ်းပစ္စည်း များများစားစား မရှိသေးသော်လည်း မကြာမီတွင် အခဲခံသေတ္တာကြီး အပြည့် ဖြည့်နိုင်မည်ဟု သူမ ယုံကြည်သည်။
ဟွာကျွင်း လမ်းလေးထဲသို့ ပြန်လာပြီး ကြက်တစ်ကောင် ဝယ်ယူလိုက်သည်။
အိမ်တွင် သစ်အယ်သီးများ ရှိနေသဖြင့် ယနေ့၏ အဓိကဟင်းလျာမှာ သစ်အယ်သီး ကြက်သားချက် ဖြစ်လာသည်။
ကြက်သားကို အသင့်တုံးပြီးသား ဝယ်လာခဲ့ခြင်း ဖြစ်သည်။
သစ်အယ်သီးများကို အခွံနွှာ၍ ဆေးကြောပြီးနောက် စတင် ချက်ပြုတ်နိုင်ပြီ ဖြစ်သည်။
သူမ ဦးစွာ ကြက်သွန်မြိတ်နှင့် ဂျင်းကို ဆီသတ်၍ ကြက်သားတုံးများ ထည့်ကာ အရောင်ပြောင်းသည်အထိ မွှေပေးလိုက်သည်။
ပြီးနောက် ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အကြည်၊ အနောက်နှင့် အရသာ ပိုကောင်းလာစေရန် သကြားအနည်းငယ် ထည့်လိုက်သည်။
ထို့နောက် အမွှေးအကြိုင်များနှင့် ကြက်သားများ သမသွားသည်အထိ ဆက်လက်မွှေပေးပြီး နာနတ်ပွင့် အနည်းငယ်နှင့် သစ်အယ်သီးများ လောင်းထည့်ကာ ကြက်သားတုံးများ မြုပ်သည်အထိ ရေနွေးထည့်ပြီး နှပ်ထားလိုက်သည်။
တောသစ်အယ်သီးများ ဖြစ်သဖြင့် အလုံးကြီးပြီး အသားလည်း ပြည့်သည်။
အိုးထဲသို့ ထည့်လိုက်သည်နှင့် သစ်အယ်သီးနံ့မှ ကြက်သားနံ့ကို ဖုံးလွှမ်းသွားပြီး ခေတ်မီ အရသာမှုန့်များနှင့် ပေါင်းစပ်လိုက်သည့်အခါ တစ်အိမ်လုံး မွှေးပျံ့သွားလေသည်။
ဟွာကျွင်း သစ်အယ်သီး ကြက်သားချက်ကို နှစ်ပုံ ပုံလိုက်၏။ တစ်ပုံမှာ သူမစားရန် ဖြစ်ပြီး ကျန်တစ်ပုံမှာ ညဘက် ဧည့်သည်လာပါက ရောင်းရန်ဖြစ်သည်။
“အိုး ဆိုင်ဖွင့်ပြီကိုး”
မနေ့က မုန်လာဥဖြူ ဝယ်သွားသည့် အမျိုးသမီးကြီး ဆိုင်ထဲဝင်လာပြီး သူမနောက်မှ လူကို လှမ်းခေါ်လိုက်သည်။
“ချန်၊ မြန်မြန်လာ၊ ဒါ ကျွန်မပြောတဲ့ ဆိုင်ပဲ”
အမျိုးသမီးကြီး ဟွာကျွင်းကို ပြောလိုက်သည်။
“ သမီးရောင်းတဲ့ မုန်လာဥဖြူတွေက အရမ်းမွှေးတာပဲ၊ အရည်သောက် ချက်လိုက်တာ ဦးလေးလျူဆိုင်က မုန်လာဥတွေထက် အများကြီး မွှေးတယ်၊ ဒီနေ့ရော ရှိသေးလား၊ ထပ်ဝယ်ချင်လို့”
“ အဒေါ် မုန်လာဥဖြူတွေက ကုန်သွားပြီ၊ မနေ့က အဒေါ်ဝယ်သွားတာ နောက်ဆုံးကျန်တဲ့ နှစ်လုံးပဲလေ”
ထိုအဒေါ်မှ နှမြောတသဖြင့် ပြောလာသည်။
“နှမြောစရာပဲ “
သူမနှင့်အတူ ပါလာသော အဒေါ်ချန်ဆိုသူမှာ မျက်စိလျင်ပြီး အိတ်ထဲမှ သစ်အယ်သီးများကို မြင်သွားသည်။
“ ဒါတွေက တောသစ်အယ်သီးတွေ မဟုတ်လား၊ မမြင်ရတာ ကြာပြီ “
ဟွာကျွင်း ပြုံး၍ ဖြေသည်။
“ အဒေါ်ချန်က မျက်စိ တော်တော်လျင်တာပဲ၊ ဒါတွေက တောသစ်အယ်သီး အစစ်တွေလေ၊ ကျွန်မ အဲဒါနဲ့ ကြက်သားချက်ထားတာ၊ အနံ့လေး ရှူကြည့်ပါဦး၊ မွှေးနေတာပဲ”
ဟွာကျွင်း မြေအိုးအဖုံးကို ဖွင့်လိုက်သောအခါ သစ်အယ်သီးနှင့် ကြက်သားနံ့ ပေါင်းစပ်နေသော မွှေးရနံ့များ ထွက်ပေါ်လာသည်။
“ ဘုရားရေ၊ မွှေးလိုက်တာ၊ ဒါ သစ်အယ်သီးအနံ့ အစစ်ပဲ၊ ဒီလိုမျိုး မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ”
အဒေါ်ချန် အံ့ဩတကြီး ပြောလိုက်သည်။
“လီ၊ မုန်လာဥ မရှိရင်လည်း ဒီသစ်အယ်သီးတွေ ဝယ်သွားတာပေါ့၊ ပြီးရင် ကြက်တစ်ကောင်ဝယ်ပြီး ချက်စားကြမယ်”
သူတို့နှစ်ဦး သဘောတူချက် ရသွားလေသည်။
သစ်အယ်သီး( ၇ )ဂျင်ခန့် ကျန်ရှိနေသည်ကို အဒေါ်ချန်မှ (၃)ဂျင်နှင့် အဒေါ်လီမှ (၄) ဂျင်ခွဲဝေ ဝယ်ယူသွားကြသည်။
ဟွာကျွင်း တစ်ဂျင်လျှင် ယွမ်(၂၀)ဖြင့် ယွမ်(၁၄၀)ရရှိခဲ့သည်။
သူမ ဤငွေများကို အဘိုးအိုအတွက် အသုံးဝင်မည့် အရာတစ်ခုခု ဝယ်ပြီး ပြန်ပေးရန် နည်းလမ်းရှာရဦးမည်။
ညစာစားပြီးနောက် ရေခဲသေတ္တာ၊ အခဲခံသေတ္တာနှင့် အကင်စက်တို့ ရောက်ရှိလာသည်။
ပစ္စည်းပို့သူမှ ဟွာကျွင်းကို တပ်ဆင်ပေးသည်။
ဟွာကျွင်း ညွှန်ကြားချက်အတိုင်း ဟင်းရည်ချက်ကာ အူဒုံအသားတုတ်များကို တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။
မသိလိုက်ဘာသာဖြင့် ညနေစောင်းပြီး မှောင်လာသည်။ ထိုစဉ် အပြင်ဘက်မှ လူသံများ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ဟွာကျွင်း သတိပြုမိလိုက်ရာ ဆိုင်လေးသည် တခြားကမ္ဘာသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဟွာကျွင်း သိလိုက်ရသည်။
အခန်း (၄) သစ်အယ်သီး ကြက်သားနှပ်
သူမ တံခါးတွန်းဖွင့်လိုက်သည့်အခါ အပြင်ဘက်တွင် ပိန်းပိတ်အောင် မှောင်မိုက်နေသည်။ တောင်လေအဝှေ့မှာ မြေသင်းနံ့ဖျော့ဖျော့က သူမထံ ရောက်ရှိလာသည်။
ဟွာကျွင်း နောက်ကျသည့်အထိ စောင့်နေသော်လည်း အဘိုးက ရောက်မလာပေ။
အဘိုး မြို့ကိုသွားပြီး ဟင်းရွက်တွေ မရောင်းတော့တာများလား။
ထိုစဉ် တံခါးပွင့်သွားပြီး မုဆိုးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။
“အို ဒီဆိုင်က ဖွင့်တာလား။”
ထိုအမျိုးသားက ကျောပေါ်၌ ထင်းစည်းတစ်စည်းကို သယ်ထားပြီး ခါးတွင် ရစ်ငှက်နှစ်ကောင် ချိတ်ဆွဲထားသည်။
“ဟလို ရှင်တစ်ခုခုများ စားချင်လား။ ဒီနေ့ ဆိုင်မှာ အသားလုံးတွေနဲ့ သစ်အယ်သီးကြက်သားချက်ရပါတယ်”
ဟွာကျွင်း ဝယ်သူကို ပထမဆုံးအကြိမ် ဦးစွာ နှုတ်ဆက်လိုက်သည်။ “ကြက်သားချက်က တစ်ပွဲကို ပြား (၃၀) ပါ၊ အရွက်အစာသွပ်ထားတဲ့ အသားလုံးက တုတ်တစ်ချောင်းကို (၁) ပြားပါ၊ အသားလုံးတုတ်ချောင်းက (၂)ပြားပါ”
ဝူချင်းသည် ယနေ့တွင် သူဖမ်းမိထားသော သားကောင်များကို မြို့သို့ သွားရောင်းပြီး ပြန်ရောက်ချိန်တွင် မှောင်သွားပါ၏။ သူသည် ဤလမ်းကို အကြိမ်ပေါင်းများစွာသွားဖူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဤနေရာတွင် ဆိုင်အသစ်တစ်ဆိုင် ပေါ်လာသည်ကို သိထားသော်လည်း ထိုဆိုင်မှာ နေ့ဘက်တွင် အမြဲပိတ်ထားပြီး ညဘက်မှသာ ဖွင့်တတ်သည်။
သူ ဆိုင်မှ ထွက်ပေါ်လာသော အစားအသောက်အနံ့ကို အဝေးကပင် ရနေပြီး ဆိုင်အဝင်ဝသို့ ရောက်သည့်အခါ သူ၏ခြေထောက်များက သူ့အလိုလို ဆိုင်ထဲသို့ လျှောက်ဝင်သွားလေသည်။
ဝူချင်းသည် ဟွာကျွင်းပြောသော ဈေးနှုန်းများကို ကြားလိုက်သည့်အခါ ဈေးမကြီးဟု ထင်လိုက်သည်။ ထို့အပြင် ယနေ့တွင် ပစ္စည်းများစွာ ရောင်းချခဲ့ရသဖြင့် ဝဝလင်လင် စားသောက်နိုင်ပေသည်။
သူ ထိုင်ခုံတစ်ခုံယူပြီး ထိုင်ချလိုက်သည်။ “ကောင်းပြီလေ။ ကျုပ်ကို ကြက်သားချက်တစ်ပွဲ၊ အရွက်အစာသွပ်ထားတဲ့ အသားလုံးနှစ်ချောင်းပေး။ ဒါနဲ့ သောက်စရာဝိုင်ရောရှိလား။”
“တောင်းပန်ပါတယ်ရှင့်၊ မုန့်ဆိုင်လေးက အခုမှဖွင့်တာပါ။ ကျွန်မတို့မှာ အခုတော့ ဝိုင်မရသေးပါဘူး။”
ဟွာကျွင်း မြေအိုးထဲမှ ကြက်သားချက်တစ်ပွဲစာ ခပ်ပြီး ထမင်းဖြူပွဲကြီးတစ်ပွဲနှင့်အတူ ဝူချင်းကို ချပေးလိုက်သည်။
ဝူချင်းသည် ထမင်းဖြူများကို မြင်လိုက်ရ၍ ကြောင်အသွားသည်။ သူ၏ မျက်နှာမည်းကြီးက ထိတ်လန့်သွားပြီး အကြောင်သားစိုက်ကြည့်နေမိ၏။
ဒါက ထမင်းဖြူလား။
မုန့်ဆိုင်လေးက ဒီလိုထမင်းဖြူကိုလည်း ရောင်းနိုင်တာလား။ သူတို့လို ဆင်းရဲသားတွေက ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ။
ပုံမှန်အားဖြင့် သူတို့သည် ပြောင်း၊ ဆတ် တို့နှင့် ရောနှောကာ ချက်ပြုတ်လေ့ရှိပြီး မျိုရခက်ပါက ရေနှင့်မျှောကာ ဗိုက်ပြည့်လျှင်ပြီးရော စားသောက်ကြသည်။
သို့သော် သူ့ရှေ့က ထမင်းဖြူသည်တော့ ထူးခြားလှ၏။ သလင်းကျောက်ပမာ ကြည်လင်လှကာ အဝေးကနေပင် ပြင်းထန်သည့် မွှေးရနံ့ကို ရနေ၏။
သူ ထမင်းကို တူဖြင့် ညင်သာစွာ ခပ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်၏။
အရသာကား သူထင်ထားသည့်အတိုင်းပင်။ ပို၍ပင် ချိုနေပါသေး၏။
နူးအိပျော့ပျောင်းကာ စေးကပ်ကပ်နှင့် ဆန်နံ့သင်းသင်းလေး ရနေပြီးသားပင်။ တစ်ကိုက်ဝါးပြီးနောက် သူ၏ အာခံတွင်း၌ အချိုအရသာလေးများဖြင့် ဖုံးလွှမ်းသွား၏။
ငါ ဒီလိုထမင်းမျိုးကို ငါးပန်းကန်တောင် စားနိုင်တယ်ကွ။
ဝူချင်းသည် စားပွဲပေါ်ရှိ သစ်အယ်သီး ကြက်သားချက်ကို ကြည့်လိုက်ရာ နီညိုရောင်အနှစ်ကပင် စားချင်စဖွယ်ဖြစ်နေပြီး ကျန်သည့် ကြက်သားတုံးများနှင့် သစ်အယ်သီးများကိုမူ ပြောနေရန်ပင် မလိုတော့ပေ။
သူသည် တစ်ယောက်ယောက်က လုစားနေသည့်အလား စကားတစ်လုံးမျှ မပြောဘဲ ထမင်းကို အငမ်းမရ ခပ်စားနေသည်။
ဟွာကျွင်းက သူ့ထံသို့ အူဒုံ တစ်ပန်းကန် လာပို့ပေးသည့်အချိန်တွင် သူသည် ထမင်းတစ်ပန်းကန်ကို စားပြီးနေပြီ ဖြစ်သည်။
“ ရှင် ထမင်းထပ်ယူဦးမလား။ တစ်ပွဲကို နှစ်ပြားပဲနော်။ “
ဝူချင်း၏ စားပွဲပေါ်တွင် ဟင်းများစွာ ကျန်နေသေးသည်ကို မြင်သောကြောင့် ဟွာကျွင်းက သတိပေးလိုက်သည်။
“ ကျုပ် ထမင်းထပ်ယူမယ်။ “
လမ်းဘေးတွင် ရောင်းသော ပေါက်စီများမှာလည်း တစ်လုံးလျှင် (၂)ပြား ပေးရသော်လည်း အသားမှာ အလွန်နည်းပါးပြီး မုန့်သားမှာလည်း စားမကောင်းပေ။ ထိုအရာနှင့် နှိုင်းယှဉ်လျှင် မွှေးပျံ့နေသော ထမင်းဖြူက အဆပေါင်းများစွာ ပို၍ ကောင်းမွန်ပေသည်။
ဝူချင်းသည် အူဒုံပွဲကို ကြည့်လိုက်သည်။ ဟွာကျွင်းက သူ့ကို တို့ဖူးခြောက် တုတ်ချောင်းတစ်ချောင်းနှင့် မုန်လာဥဖြူတုတ်တစ်ချောင်းကို ဟင်းရည်တစ်ပန်းကန်အပြည့် ပေးထားသည်။
သစ်အယ်သီး ကြက်သားချက်နှင့် မတူသည်မှာ အူဒုံ၏ အရသာမှာ ပြင်းထန်မှုမရှိဘဲ အနှစ်ဖြင့် ကျိုထားသည့်အတွက် ဟင်းရည်ပေါ်တွင် ဆီများ ဝေ့နေသည်။
တို့ဖူးခြောက်နှင့် မုန်လာဥတို့သည် ဟင်းရည်များကို စုပ်ယူထားသဖြင့် ကိုက်လိုက်သည့်အခါ အရည်များ ထွက်လာပြီး အလွန်ပင် စားလို့ကောင်းလှသည်။
ဝူချင်းသည် ထမင်း သုံးပန်းကန် ထပ်မံစားသောက်ပြီးနောက် အူဒုံဟင်းရည်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။ သူသည် ဗိုက်ကို ပွတ်ရင်း ထိုင်ခုံပေါ်တွင် ကျေနပ်စွာ မှီချလိုက်ကာ လေတက်လိုက်ပါ၏။
“အရသာရှိလွန်းတယ် ဆိုင်ရှင်၊ ခင်ဗျားရဲ့ အစားအသောက်က အရသာရှိလွန်းတယ်”
ဝူချင်းသည် အသားအရေ ဖြူဝင်းပြီး ထူးဆန်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ဟွာကျွင်းကို ကြည့်လိုက်ကာ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
‘ငါ အထက်ဘုံကနေ လူ့ပြည်ကို ဆင်းလာတဲ့ နတ်သမီးနဲ့ တွေ့နေတာ ဖြစ်ရမယ်။ ဒါက လူသားတွေစားတဲ့ အစားအစာ မဟုတ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီလောက်တောင် အရသာရှိနေတာပေါ့။’
သူသည် (၃၈)ပြားကို ထုတ်ယူပြီး ခေါင်းငုံ့ကာ ဟွာကျွင်းထံသို့ လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်သည်။
“နတ်သမီးလေး ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ”
ဟွာကျွင်း ပါးစပ်အဟောင်းသားဖြစ်သွားပြီး ရယ်ချလိုက်မိသည်။ “ဘာတွေပြောနေတာလဲ။ ကျွန်မက လူရှင့်၊ နတ်သမီးမဟုတ်ဘူး”
ဝူချင်း ခဏ တိတ်ဆိတ်သွားသည်။ ထို့နောက် လျင်မြန်စွာ ပြောလာသည်။ “နားလည်ပါတယ်၊ နားလည်ပါတယ်၊ ကျုပ် နားလည်ပါတယ် နတ်သမီးလေး၊ ဒီကိစ္စကို လျှို့ဝှက်ထားပါ့မယ်”
ထို့နောက် သူက ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြကာ အပြင်းအထန် ခေါင်းညိတ်ပြလိုက်သည်။
ဟွာကျွင်းသည် နောက်ဆုံးတွင် သူမ၏ ပတ်ဝန်းကျင်ကို ကျင့်သားရသွားခဲ့သည်။ အောက်ထပ်တွင် ဆူညံနေသော်လည်း သူမသည် အေးအေးဆေးဆေး အိပ်နိုင်လာသည်။
နေ့ဘက်တွင် ဘာမှလုပ်စရာ သိပ်မရှိသဖြင့် သူမ၏ ကြေးပြားများကို ယူဆောင်ကာ မြို့ထဲသို့ တက္ကစီခေါ်ပြီး သွားလိုက်သည်။
သူမသည် ရှေးဟောင်းပစ္စည်းဆိုင်ကြီးတစ်ဆိုင်ကို တွေ့သွားသည်။ ဤဆိုင်ရှင်သည် နယ်က ဆိုင်ရှင်ထက် ပို၍ ရိုးသားပြီး တစ်ပြားလျှင် ယွမ်(၃၀၀၀)ပေးကာ ကြေးပြား (၃၈) ပြားလုံးကို ဝယ်ယူခဲ့သည်။
ယခုအကြိမ်တွင် သူမသည် ယွမ် (၁၁၄၀၀၀) ရခဲ့သည်။ ပြီးခဲ့သောအကြိမ်က အကင်စက်နှင့် အခဲခံသေတ္တာ ဝယ်ယူရာတွင် ယွမ်(၁၅၀၀) အသုံးပြုခဲ့ပြီး ယခုအခါ ဟွာကျွင်းတွင် ယွမ်(၁၂၄၀၀၀)ခန့်ကျန်သည်။
ဟွာကျွင်းသည် သူမ၏ ဘဏ်ကတ်မှ လက်ကျန်ငွေကို ကြည့်ကာ ပါးစပ်မစိနိုင်အောင် ပြုံးနေမိသည်။ သူမတစ်သက်တွင် ဤမျှများပြားသော ငွေပမာဏကို မမြင်ဖူးပေ။
မြို့ထဲသို့ ရောက်လာပြီဖြစ်သဖြင့် သူမသည် အရသာရှိသော အရာများကို ထပ်မံဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
ယခုအခါ ဆိုင်တွင် အခဲခံသေတ္တာနှင့် ရေခဲသေတ္တာ ရှိနေသဖြင့် အစားအသောက် သိုလှောင်ရန်မှာ ပြဿနာမရှိတော့ပေ။
သူမ အကြိုက်ဆုံး အစားအသောက်များကို သေသေချာချာ စဉ်းစားပြီးနောက် ဟွာကျွင်းသည် အရင်ဆုံး တစ်ပတ်စာခန့် ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
ဟွာကျွင်းသည် ကားတစ်စီး ငှားလိုက်၏။ ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာသူဖြစ်သည့်အတွက် ကျန်းမာရေးထောက်ခံစာ ရယူရန် အရင်ဆုံး ဆေးရုံသို့ သွားလိုက်သည်။
ထို့နောက် သူမသည် မြို့ထဲရှိ အကြီးဆုံး စူပါမားကတ်သို့ တိုက်ရိုက်သွားခဲ့သည်။
ဝက်နံရိုး (၅) ဂျင်၊ ဝက်ဂုတ်သား (၅) ဂျင်၊ အမဲနံရိုး (၄) ဂျင်နှင့် ဟော့ပေါ့စားရန် ဝက်သား၊ အမဲသား၊ ဆိတ်သား လွှာများကို တစ်မျိုးလျှင် (၃) ဂျင်စီ ဝယ်ယူခဲ့သည်။
ဤအရာများကို အကင် သိုမဟုတ် ဟော့ပေါ့အတွက် အသုံးပြုနိုင်သည်။
ကြက်ဥ ငါးဖာ ဝယ်ခဲ့ပြီး တစ်ဖာလျှင် အလုံး (၃၀) ပါဝင်သည်။ ထိုအရာများကို ဒီအတိုင်း ကြော်စားသည်ဖြစ်စေ၊ ငရုတ်သီး သို့မဟုတ် ခရမ်းချဉ်သီးနှင့် ကြော်စားသည်ဖြစ်စေ ရိုးရှင်းလွယ်ကူသည်။ အသားဆန်ပြုတ်အတွက် ဆေးဘဲဉတစ်ဖာ၊ ဆန်ပြုတ်ဖြူအတွက် ဘဲဥဆားငန်များကိုလည်း ဝယ်ယူခဲ့သည်။
အမဲနံရိုးနှင့် ဆိတ်နံရိုးများကို တစ်မျိုးလျှင် (၃)ဂျင်စီ ဝယ်ခဲ့ပြီး ထောပတ်၊ ငရုတ်ကောင်းတို့ဖြင့် တစ်ဖက်လျှင် သုံးမိနစ်ခန့် ကြော်လိုက်ရုံနှင့် အလွန်ပင် စားမြိန်ပါသည်။
ဟင်းချက်မကျွမ်းကျင်သူများအတွက် အသင့်စားဟင်းလျာများကိုလည်း မမေ့ခဲ့ပေ။ ကြက်သားဟင်း၊ ငါးချဉ်ဟင်း၊ ကွေ့ပေါင်ရို့ နှင့် ပုစွန်ထုပ်လေးများကို တစ်မျိုးလျှင် နှစ်ဖာစီ ဝယ်ယူခဲ့သည်။
နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ငရုတ်ကောင်း၊ ပဲငံပြာရည် အကြည်နှင့် အနောက်၊ ငရုတ်သီးဆော့စ်တို့လည်း ဝယ်လိုက်သည်။
ဟွာကျွင်းသည် ဟင်းခတ်အမွှေးအကြိုင်များကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တစ်မျိုးက်ို တစ်ခုစီ ဝယ်လာပြီး အိမ်ရောက်မှသာ အသုံးပြုပုံကို ဖြည်းဖြည်းချင်း လေ့လာရန် ဆုံးဖြတ်လိုက်သည်။
မနက်စာနှင့် နေ့လည်စာအတွက် ကိတ်မုန့်လိပ်နှစ်ဖာ၊ ပေါင်မုန့်တစ်အိတ်၊ ချိစ်ကိတ် တစ်လုံးနှင့် ပိန်းဥကိတ် တစ်လုံးကိုလည်း အချိုပွဲအဖြစ် ဝယ်လာသည်။
တီဗီကြည့်ရင်း စားရန် အာလူးကြော်၊ ကွတ်ကီး၊ ဝေဖာ၊ ချိစ်ချောင်းနှင့် အစပ်ချောင်းများကို အရသာတစ်မျိုး တစ်ထုတ်စီ ဝယ်ယူခဲ့သည်။
ဟွာကျွင်းသည် တစ်ခါမျှ မစားဖူးသော အရိုးလွတ် ကြက်ခြေထောက်နှင့် ဘဲခြေထောက်များကိုလည်း တွေ့သဖြင့် နှစ်အိတ်စီ ဝယ်ယူခဲ့သည်။
မနေ့ညက ဧည့်သည်က ဝိုင်ရှိလားဟု မေးသည်ကို သတိရကာ အော်စမန်းတပ်စ် ဝိုင်တစ်ပုလင်းနှင့် ဇီးဝိုင်တစ်ပုလင်းကို ယူဆောင်ခဲ့သည်။
ဝမ်လိုကတ်၊ ဘလက်ကော်ဖီ၊ သရက်ဖျော်ရည်၊ စပရိုက် နှင့် ကိုကာကိုလာတို့လည်း ဝယ်လာသည်။
သူမ မီးဖိုချောင်သုံးပစ္စည်းအတန်းသို့ ဝင်သွားခဲ့ပါသေးသည်။ မုန့်ဆိုင်အတွက် မိုက်ခရိုဝေ့ဗ် မီးဖိုမှာ မရှိမဖြစ် လိုအပ်သဖြင့် တစ်လုံး ဝယ်ယူခဲ့သည်။ အကြော်ဒယ်အိုး၊ ဒယ်အိုးဝိုင်း၊ မြေအိုး၊ ပေါင်းအိုးများကိုလည်း တစ်ခုစီ ဝယ်ယူခဲ့သည်။
သူမသည် ဓားတစ်စုံ ဝယ်ခဲ့ပြီး စင်းနှီတုံးကိုလည်း အသစ်လဲရန် လိုအပ်သဖြင့် နှစ်ခုလောက် လိုလိုပိုပိုဝယ်လိုက်သည်။
“ လောလောဆယ်တော့ ဒီလောက်ပဲ ဝယ်တော့မယ်”
ပစ္စည်းတွေ များလွန်းသဖြင့် ကားထဲ မဆံ့မည်ကိုပင် စိုးရိမ်သွားသည်။
ငွေရှင်းသည့်အခါတွင် သူမသည် ယွမ် (၆၀၀၀) နီးပါး ရှင်းလိုက်ရ၏။
ဟွာကျွင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤသို့ပင်ဖြစ်သည်။
“ဈေးကြီးလိုက်တာ”
သူမသည် စူပါမားကတ်တွင် ယွမ် (၆၀၀၀)ကို တစ်ခါမှ မသုံးဖူးခဲ့ပေ။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ စုဆောင်းငွေများကို သတိရသွားကာ ပါးစပ်ကို အုပ်ပြီး တခစ်ခစ် ရယ်နေမိသည်။
သူမတွင် ပိုက်ဆံရှိနေပြီဟူသော အမှန်တရားကို လက်ခံရန် အချိန်အတန်ကြာ ဦးမည်ဖြစ်သည်။
ကားဆရာက ပစ္စည်းများကို ကားနောက်ဖုံးထဲသို့ ထည့်ပေးခဲ့၏။ ထိုစဉ် ဟွာကျွင်း အနီးနားရှိ ဘာဘယ်တီး ဆိုင်အချို့ကို တွေ့လိုက်ရသည်။ ထိုဆိုင်များသည် မြို့ငယ်လေးတွင် မရှိသဖြင့် ရောက်တုန်းရောက်ခိုက် ဝင်သောက်သွားရန် တွေးလိုက်သည်။
ဟွာကျွင်း ချိုလွန်းသည့် ဘာဘယ်တီးကိုလည်း မကြိုက်သည့်အတွက် သကြား (၃၀)% ပါဝင်သည့် အရာများကိုသာ မှာယူလိုက်သည်။