← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) ငါးချဉ်စပ်ဟင်း

မုန့်ဆိုင်သို့ ပြန်ရောက်သောအခါ ဟွာကျွင်းသည် အရင်ဆုံး အသားများကို အိတ်ထဲမှ ထုတ်ယူပြီး ဗူးလေးများထဲသို့ ပြောင်းထည့်ကာ နေ့စွဲနှင့် အမျိုးအမည်များကို ရေးသားလိုက်သည်။

အသင့်စား အစားအသောက်များကိုလည်း အခဲခံသေတ္တာထဲသို့ ထည့်လိုက်သည်။

ကိတ်မုန့်များကိုလည်း သေသေချာချာ စိတ်ထားပြီး အချို့ကို အိတ်ထဲထည့်ကာ အချို့ကို အေးခဲသေတ္တာထဲသို့ ထည့်ပြီး ကျန်အချို့ကိုမူ ရေခဲသေတ္တာထဲသို့ ထည့်ထားလိုက်သည်။

ထိုသို့ သိမ်းဆည်းထားသော ကိတ်မုန့်များကိုမူ ဟွာကျွင်းသည် သူမစားချင်သည့်အချိန်တွင် ထုတ်စားရန် ဖြစ်သည်။ ထိုအရာများကို အချိန်အတန်ကြာ သိမ်းဆည်းထားနိုင်ပြီး စားချင်သည့်အခါတွင် ထုတ်ပြီး စားနိုင်မည် ဖြစ်သည်။

မုန့်များကိုမူ အခန်းအပူချိန်တွင် ထားနိုင်သဖြင့် ဟွာကျွင်းသည် အလွယ်တကူ ယူနိုင်ရန် ကောင်တာဘေးတွင် စီထားလိုက်သည်။

ဝယ်လာသော ကုန်ပစ္စည်းများကို သိမ်းဆည်းပြီးချိန်တွင် ညအချိန်သို့ ရောက်ရှိလာခဲ့သည်။

ဟွာကျွင်းသည် စီးပွားရေး စတင်ရန်အတွက် ဟင်းအမယ်များကို ပြင်ဆင်တော့သည်။

သူမသည် အခဲခံသေတ္တာထဲတွင် ရှာဖွေကြည့်ပြီး နောက်ဆုံးတွင် ငါးချဉ်စပ်ဟင်းချက်ရန် ရွေးချယ်လိုက်သည်။

“ ငါးချဉ်စပ်ဟင်းပဲ ချက်လိုက်တော့မယ်”

ဟွာကျွင်းသည် လမ်းဘေးရှိ အသီးရွက်ဆိုင်သို့ သွားကာ အပ်မှိုနှင့် မျှစ်များကို ဝယ်ယူခဲ့သည်။

ငါးအသားလွှာများ မလောက်မည်ကို စိုးရိမ်သဖြင့် ငါးတန်းသို့ သွားကာ ငါးကြီး နှစ်ကောင်ကို ဝယ်ယူပြီး ဆိုင်ရှင်ကို အသားလွှာပေးခိုင်းလိုက်သည်။

စားဖိုမှူးအသစ်လေး ဟွာကျွင်းသည် ငါးချဉ်စပ်ဟင်းဘူးကို ဖွင့်လိုက်ပြီး ညွှန်ကြားချက်များကို သေသေချာချာ ဖတ်ရှုကာ တစ်ဆင့်ချင်းစီအတိုင်း လိုက်နာချက်ပြုတ်လေသည်။

သူမသည် အရင်ဆုံး ငါးအသားလွှာများကို သန့်စင်အောင် ဆေးကြောပြီး ရေစစ်ထားလိုက်သည်။

ထို့နောက် ဟင်းရည်အနှစ်ကို အိုးထဲထည့်ကာ ဆူအောင် တည်လိုက်ပြီး မုန်လာချဉ်နှင့် အခြား ဟင်းရံများကို ထည့်ကာ ခဏမျှ တည်ထားလိုက်သည်။

ဆက်လက်၍ သန့်စင်ထားသော ငါးအသားလွှာများကို ဟင်းရည်ထဲသို့ တစ်ခုချင်းစီ သေသေချာချာ ထည့်လိုက်သည်။

ငါးအသားလွှာများသည် ပူပြင်းလှသော ဟင်းရည်နှင့် ထိတွေ့လိုက်သည်နှင့် ဖြည်းဖြည်းချင်း လိပ်တက်သွားကာ နို့နှစ်ရောင်သို့ ပြောင်းလဲသွားပါသည်။

ဟွာကျွင်းသည် ငါးဟင်းရည်ကို ဟင်းရည်အိုးကြီးထဲသို့ ပြောင်းထည့်လိုက်ပြီး အပေါ်မှ ငရုတ်သီးခြောက်ဖတ်များ၊ ကြက်သွန်မြိတ်များ၊ ကြက်သွန်ဖြူနုပ်နုပ်စင်းများနှင့် ငရုတ်ကောင်းစေ့များ ဖြူးလိုက်ကာ နောက်ဆုံးနှင့် အရေးကြီးဆုံးအဆင့်ကို လုပ်ဆောင်လိုက်သည်။

သူမသည် ဒယ်အိုးထဲတွင် ဆီကို အခိုးအထွက်သည်အထိ အပူပေးလိုက်ပြီး ငါးချဉ်စပ်ဟင်းပေါ်သို့ တိုက်ရိုက် လောင်းချလိုက်လေသည်။

ပူပြင်းလှသော ဆီကြောင့် ရှဲကနဲ အသံနှင့်အတူ ပါဝင်ပစ္စည်းများ၏ မွှေးရနံ့မျိုးစုံ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် စုဝမ်သည် ဆိုင်ထဲသို့ လျှောက်ဝင်လာသည်။

သူမသည် ယခင်အကြိမ်က ဤမုန့်ဆိုင်ကို ဖြတ်သွားရင်း ဆိုင်မှ ခေါက်ဆွဲကို စားခဲ့ရကတည်းက သူမ၏ မိဘများကိုလည်း မြည်းစမ်းကြည့်စေရန် ဝယ်ယူသွားချင်နေခဲ့သည်။

ကံမကောင်းစွာဖြင့် နေ့ခင်းဘက် လာရောက်ရှာဖွေသောအခါ တံခါးခေါက်သော်လည်း ဆိုင်တံခါးမှာ ပွင့်မလာခဲ့ပေ။

“ဆိုင်ရှင်အစ်မရေ ကျွန်မ ဟိုတစ်နေ့ညက စားလိုက်ရတဲ့ ခေါက်ဆွဲမျိုး နောက်တစ်ပွဲ။ နှစ်ပွဲကို အိမ်ပြန်ယူသွားမယ်”

ဟွာကျွင်းသည် မီးဖိုချောင်ထဲမှ ခေါင်းပြူကြည့်လိုက်သည်။

ထိုညက ချမ်းသာသော သခင်မလေးပင် ဖြစ်သည်။

နောက်ထပ် ဖောက်သည်ဟောင်းတစ်ဦးပဲ။

“ဒီနေ့တော့ ဆိုင်မှာ ခေါက်ဆွဲမရဘူး။ ရှင် ငါးချဉ်စပ်ဟင်းကို စမ်းစားကြည့်မလား။ အရသာရှိတယ်နော်။”

ဟွာကျွင်းသည် ငါးချဉ်စပ်ဟင်းကို အကြံပြုလိုက်သည်။

“ငါးချဉ်စပ်ဟင်းလား။ ကျွန်မ အဲလိုဟင်းကို တစ်ခါမှ မကြားဖူးဘူး။ အခုရနေတဲ့ အနံ့က ရှင်ပြောတဲ့ ဟင်းရဲ့ အနံ့လား။”

“ဟုတ်တာပေါ့။ အခုမှ အိုးပေါ်က ချတာ။ ရှင်တို့ တစ်ပွဲလောက် စမ်းစားကြည့်မလား။ တစ်ပွဲကို သုံးယောက်စားလို့ရတယ်” ဟွာကျွင်းက ပြောလိုက်သည်။

စုဝမ် ပြန်မဖြေခင်မှာပင် သူမနောက်မှ ပါလာသော အမျိုးသားတစ်ဦးက အလျင်အမြန် ဝင်ပြောသည်။ “မဖြစ်နိုင်ဘူး။ ကျွန်တော်တို့လို အစေခံတွေက ဘယ်လိုလုပ်ပြီး သခင်မလေးနဲ့ တစ်ပန်းကန်ထဲ စားရမှာလဲ။ ကျွန်တော်တို့ ပေါက်စီပဲ စားလိုက်ပါမယ်။”

“တစ်ပွဲက တော်တော်များတယ်။ ရှင်တို့ သခင်မလေး စားလို့ ကုန်မယ်မထင်ဘူး။ ကျွန်မ ရှင်တို့နှစ်ယောက်အတွက် သပ်သပ်ခွဲပေးမယ်လေ။”

ကိုယ်ရံတော်နှစ်ယောက်က တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း စုဝမ်က သူမလက်ကို မြှောက်ကာ တားဆီးလိုက်သည်။ “တော်လိုက်တော့ ရှင်ပြောတဲ့အတိုင်း လုပ်တာပေါ့။ ဟင်းကို မြန်မြန် လာချပေးတော့။ ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်းပွဲတွေ ယူလာခဲ့ပေးဦး။”

ဟွာကျွင်းသည် နောက်ဖေးမီးဖိုချောင်သို့ ပြန်သွားပြီး ဟင်းရည်ပန်းကန်အလွတ်တစ်ခု ယူကာ ငါးချဉ်စပ်ဟင်းကို နှစ်ပုံ ပုံလိုက်ပြီး ထမင်းသုံးပန်းကန် ခူးလိုက်သည်။

သူမသည် အူဒုံစက်ထဲမှ အသားလုံး လေးချောင်း ရေညှိနှစ်ချောင်းနှင့် မုန်လာဥဖြူနှစ်ချောင်းကို ဆယ်ယူကာ နှစ်ပုံ ခွဲလိုက်ပြီး ဟင်းရည်များ လောင်းထည့်ကာ သူတို့ထံသို့ ယူဆောင်လာခဲ့သည်။

“ကိုယ်နွေးသွားအောင် ဟင်းရည်လေး သောက်လိုက်ကြဦး”

“ရှင့်ဟင်းရည်က ထူးဆန်းလိုက်တာ။ ဝါးတုတ်လေးတွေတောင် ပါသေးတယ်”

စုဝမ် ပြောလိုက်သည်။

စုဝမ်သည် ပန်းကန်ကို မယူကာ အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။

“အနံ့က မွှေးတာပဲ။ မြင်ရတာတော့ အရောင်ဖျော့ပေမဲ့ အရသာတော့ ရှိတယ်”

သူမသည် တူကို ယူလိုက်ပြီး ငါးအသားလွှာတစ်တုံးကို ညှပ်ယူလိုက်သည်။

“ငါးအသားလွှာတွေက နည်းနည်းတော့ ထူနေသလိုပဲ။ ပုစဉ်းရင်ကွဲ အတောင်ပံလို ပါးလွှာနေမှ အကောင်းဆုံးလို့ သတ်မှတ်ကြတာလေ”

ဟွာကျွင်းသည် စိတ်မသက်မသာ ပြုံးပြလိုက်သည်။

သူမသည် အသားကို ပို၍ ပါးအောင် လှီးချင်သော်လည်း ယခုခေတ်တွင် ထိုကဲ့သို့ ဓားစွမ်းရည်ရှိသူမှာ များများစားစား မရှိပေ။

သူမသည် မျှော်လင့်တကြီးဖြင့် စုဝမ်ကို ကြည့်နေမိ၏။ ထိုစဉ် စုဝမ်သည် ငါးအသားလွှာကို ညင်သာစွာဖြင့် ပါးစပ်ထဲသို့ ထည့်လိုက်သည်ကို တွေ့လိုက်ရ၏။

တစ်ကိုက်မျှ ဝါးပြီးသည်နှင့် သူမသည် ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။

“အဟွတ်အဟွတ်ဟွတ် အရမ်းစပ်တယ်” သူမက ပြောလိုက်သည်။

ငါးချဉ်စပ်ဟင်းချက်စဉ်က ဟွာကျွင်းသည် ငရုတ်ကောင်းနှင့် ငရုတ်သီးခြောက်များကို အများကြီး ထည့်ခဲ့သော်လည်း သူတို့ အစပ်စားနိုင်၊ မစားနိုင်ကို မေးရန် မေ့သွားခဲ့သည်။

“အားနာလိုက်တာ။ ကျွန်မ ရှင့်ကို စပ်တယ်ဆိုတဲ့အကြောင်း သတိပေးဖို့ မေ့သွားတယ်။”

“ရှင့်အတွက် နောက်တစ်ပွဲ ပြင်ပေးရမလား။”

“အဟွတ်အဟွတ် မလိုဘူး ရတယ်” စုဝမ်က သူမကို တားလိုက်သည်။

သူမသည် မိနစ်ဝက်ခန့် ချောင်းဆိုးနေပြီး ချောင်းဆိုးလွန်းသဖြင့် မျက်နှာလေးမှာ နီရဲနေကာ နောက်ဆုံးမှ ပြန်လည် သက်သာလာသည်။

“ဒီလောက်စပ်မယ် မထင်လိုက်လို့ အဆင်ပြေပါတယ်။ ကျွန်မ စားနိုင်တယ်” သူမက ဆိုသည်။

ဤဟင်းပွဲမှာ လေးလေးပင်ပင်ရှိသော်လည်း အိမ်ရှိ ပေါ့ရွှတ်ရွှတ်ဟင်းလျာများထက် များစွာ ပို၍ အရသာရှိလှသည်။

စုဝမ်သည် ဟင်းတစ်လုတ်၊ ထမင်းတစ်လုတ်ဖြင့် ဖြည်းညင်စွာ ဆက်လက်စားသောက်နေပါသည်။

တစ်ခါတစ်ရံ သီးနေသေးသော်လည်း သူမသည် တူကို မချဘဲ ဆက်စားနေသည်။

ဟွာကျွင်းသည် နေ့ဘက်တွင် ဝယ်ထားသော နို့လက်ဖက်ရည်များ ရေခဲသေတ္တာထဲတွင် ရှိနေသည်ကို သတိရသွား၏။ ထိုအရာများသည် အစပ်ပြေရန်အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

သူမ သကြားညိုနို့လက်ဖက်ရည်တစ်ခွက်ကို ယူကာ စုဝမ်ကို ပေးလိုက်သည်။

“ဒီနို့လက်ဖက်ရည် သောက်ကြည့်ပါဦး”

“နို့လက်ဖက်ရည်ဆိုတာက” စုဝမ် မေးလိုက်သည်။

စုဝမ်သည် ထိုခွက်ကို ယူပြီး လက်နှစ်ဖက်ဖြင့် ကိုင်ကာ စစ်ဆေးလိုက်သည်။

“ခွက်က ထူးဆန်းလှချည့်လား”

ဟွာကျွင်းသည် နောက်ထပ် ဘရူလီ နို့လက်ဖက်ရည်တစ်ခွက်ကို ယူကာ ပိုက်အိတ်ကို ဖောက်ပြီး ဖောက်ကနဲ အသံနှင့်အတူ ပိုက်ကို ထိုးထည့်လိုက်ကာ ခေါင်းငုံ့၍ သောက်ပြလိုက်သည်။

စုဝမ်သည် ထိုသရုပ်ပြမှုကို ကြည့်ပြီး ပိုက်ကို ခွက်ထဲသို့ ထိုးထည့်ကာ အနည်းငယ် မြည်းစမ်းကြည့်လိုက်သည်။

သူမ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

“ဘာလဲ ဒီဥစ္စာက၊ နို့နံ့မွှေးမွှေးလေးနဲ့ ချိုချိုလေး အမြှုပ်လေးတွေရော အရသာရှိလိုက်တာ”

မိန်းကလေးများက နို့လက်ဖက်ရည်ကို မလွန်ဆန်နိုင်သည်မှာ အမှန်ပင်။

“ဒီသောက်စရာကို နို့လက်ဖက်ရည်လို့ ခေါ်တယ်လေ။ နို့ရယ် လက်ဖက်ရည်ရယ် ရောထားတာ။ သကြားနည်းနည်းလည်း ပါတယ်။ အစပ်ပြေ သောက်လို့ရတာပေါ့” ဟွာကျွင်းက ရှင်းပြလိုက်သည်။

စုဝမ်သည် ဘာဘယ်တီးလုံးအချို့ကို စုပ်ယူလိုက်သည်။

သူမသည် ထိုအလုံးများကို ဝါးကြည့်လိုက်သည့်အခါ မျက်လုံးများမှာ လခြမ်းကွေးပုံစံလေး ဖြစ်သွားတော့သည်။

“ဟွမ်း။ အရသာရှိလိုက်တာ။ လုံးဝကို မစပ်တော့ဘူး။”

ဝအောင် စားပြီးနောက် စုဝမ်သည် သူမ၏ ဂုဏ်သရေရှိ သခင်မ‌လေးဆိုသည့် ပုံစံကို မေ့သွားကာ နို့လက်ဖက်ရည်ခွက်ကို ကိုင်ရင်း အောက်ခြေမှ ဘာဘယ်တီးလုံးလေးများကို စုပ်ယူနေတော့သည်။

ဤအချိန်တွင် သူမသည် သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ ထို့အပြင် အသက် တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပြီး လူကြီးယောင်ဆောင်နေသော ကလေးတစ်ဦးသာဖြစ်သည်။

သူမ၏ ကိုယ်ရံတော်နှစ်ယောက်မှာလည်း အားရပါးရ စားသောက်ပြီးနောက် ဝမ်လိုကတ်ကို အေးအေးဆေးဆေး သောက်နေကြသည်။

“ဒီလက်ဖက်ရည်က ဆေးတော့ မဟုတ်ပေမဲ့ ဆေးလိုပါပဲ။ အရသာက ချိုချိုလေး။ တကယ်ကောင်းတယ်” ကိုယ်ရံတော်တစ် က တီးတိုး ပြောလိုက်သည်။

ကိုယ်ရံတော်နှစ်က ပြန်ဖြေသည်။ “တကယ်ပဲ ဆေးဖြစ်နိုင်တယ်ဟ။ သောက်ပြီးတော့ တစ်ကိုယ်လုံး နေလို့ကောင်းသွားရော”

စုဝမ်က ခွက်အလွတ်ကို ချကာ ဟွာကျွင်းကို အလေးအနက် ပြောလိုက်သည်။ “ဆိုင်ရှင်အစ်မ။ ကျွန်မ မျိုးရိုးက စု၊ နာမည်က ဝမ်ပါ။”

“ကျွန်မ ရှင့်ကို ဘယ်လို ခေါ်ရမလဲ” သူမက မေးသည်။

“ကျွန်မ နာမည်က ဟွာကျွင်းပါ” သူမ ပြန်ဖြေလိုက်သည်။

“ဟွာကျွင်း။ ရှင်လုပ်တဲ့ ဟင်းတွေက အရမ်းကောင်းတာပဲ။ ကျွန်မ ဒီလောက် စားကောင်းတာမျိုး မစားဖူးဘူး။ နောက်တစ်ခါ ထပ်လာဦးမယ်”

သူမ၏ မျက်လုံးများမှာ တောက်ပနေပြီး ဟွာကျွင်းကို စိုက်ကြည့်နေသည့်အမူအရာမှာ အလွန်ပင် တည်ကြည် လေးနက်နေသည်။

အစပ်များ စားထားသဖြင့် သူမ၏ မျက်နှာပေါ်မှ နီမြန်းမှုမှာ လုံးဝ ပျောက်ကွယ်မသွားသေးပေ။

ထိုအရာကို မြင်လိုက်ရသူ မည်သူမဆို သူမကို ချစ်ခင်သွားကြမည် ဖြစ်သည်။

“ကောင်းပါပြီရှင်။ အမြဲကြိုဆိုလျက်ပါနော်။ ကျွန်မ မုန့်ဆိုင်က မုန့်တွေက တစ်နေ့နဲ့တစ်နေ့တော့ မတူဘူး” ဟွာကျွင်းက ပြောလိုက်သည်။

“ကျေးဇူးပါ ဟွာကျွင်း”

စုဝမ်သည် နှုတ်ဆက်လိုက်ပြီး သူမ၏ ကိုယ်ရံတော်ကို ကြည့်လိုက်သည်။

ကိုယ်ရံတော်က နားလည်သွားပြီး သူ့ရင်ထဲမှ ငွေတုံးတစ်တုံး ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။

“အစ်မ ဒါကို လက်ခံပေးပါ။ အချိန်နှောင်းနေပြီမို့ ကျွန်မတို့ သွားရတော့မယ်။”

ငွေတုံးတစ်တုံးပဲ။

ဟွာကျွင်းသည် ပြုံးပျော်သွားတော့သည်။

ပြီးခဲ့သောအကြိမ်က ငွေစများနှင့် မတူသည်မှာ ဤအရာမှာ ငွေတုံးပုံစံ ဖြစ်ပြီး အစိုးရတံဆိပ်များပင် ခတ်နှိပ်ထားသည်။

ဟွာကျွင်းသည် ငွေတုံးကို ကောင်တာအံဆွဲထဲတွင် သေသေချာချာ ထည့်ထားလိုက်သည်။

သူမသည် အချိန်ကို ကြည့်လိုက်ရာ (၁၀)နာရီ နီးပါး ရှိနေပြီ ဖြစ်သည်။

ဖောက်သည် ထပ်လာရန် မရှိတော့သလို သူမလည်း မစားရသေးပေ။

သို့ဖြစ်၍ ဆိုင်ပိတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုချသည့်အနေဖြင့် အရသာရှိသော အရာတစ်ခုခု ချက်စားရန် ဆုံးဖြတ်လိုက်သည်။

စုဝမ်တို့အဖွဲ့ ငါးချဉ်စပ်ဟင်းကို စားနေသည်ကို ကြည့်ပြီး သူမ အလွန် ဗိုက်ဆာနေခဲ့ပါသည်။

ဘူးတစ်ဘူး ကျန်သေးသဖြင့် သူမ ကျင်လည်စွာ ချက်ပြုတ်လိုက်သည်။ ပထမတစ်ခေါက်ချက်ဖူး၍ အတွေ့အကြုံရှိနေသည်ပင်။

သူမသည် တစ်ပွဲစာကို အမြန်ပြင်ဆင်လိုက်ပြီး စားပွဲရှိရာသို့ ယူဆောင်လာသည်။

တီဗီစီးရီးတစ်ခုကို ရှာဖွေပြီးနောက် ဟွာကျွင်းသည် သူမ၏ ညစာကို စတင်စားသုံးတော့သည်။

သို့‌သော် တူကို မကိုင်ရသေးခင်မှာပင် တံခါးခေါက်သံ ကြားလိုက်ရပြီး အော်ခေါ်သံကို ကြားလိုက်သည်။ “ဆိုင်ရှင် တံခါးဖွင့်ပါဦး စားစရာ ရှိသေးလား”

အခန်း (၆) ကံကောင်းသည့်ဧည့်သည်

ဟွာကျွင်း ညည်းညူလိုက်၏။ “ငါမှာလည်း ဘယ်လိုတောင် ကံမကောင်းရတာလဲ။ စားပြီဆို ဝယ်သူက ရောက်လာပြီ”

သို့သော် မည်သူကများ ငွေကို ငြင်းဆန်နိုင်မည်နည်း။ သူမ တံခါးသွားဖွင့်လိုက်ရသည်။

တံခါးအပြင်ဘက်တွင် လူငယ်နှစ်ဦး ရပ်နေသည်။ နှစ်ယောက်လုံးက စစ်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။

တံခါးခေါက်သည့်သူက ဟွာကျွင်းကို မြင်သော ခဏမျှ ကြောင်အသွားပြီးမှ ပြောလာ၏။ “မိန်းမငယ်လေးက လူသူကင်းမဲ့တဲ့ တောင်ခြေမှာ ဘယ်လိုစိတ်ကူးနဲ့များ တစ်ယောက်တည်း ဆိုင်လာဖွင့်ထားပါလိမ့်။ အာ... ခင်ဗျား ဘာကြီးဝတ်ထားတာလဲ။”

သူ့နောက်က အမျိုးသားသည် လှမ်းဆူလိုက်သည်။ “မော့ချွမ် မရိုင်းနဲ့။”

ထို့နောက် ရှေ့တစ်လှမ်းတက်လိုက်ပြီး ဟွာကျွင်းကို အရိုအသေပြုလိုက်၏။ “သခင်မလေး မလန့်သွားပါနဲ့။ ကျွန်တော်တို့က ယွီလင်တပ်တော်ကပါ။ တာဝန်အရ မြို့တော်ကို ပြန်လာတာပါ။ ဒါပေမဲ့ ညက အတော်နောက်ကျနေပြီဆိုတာ သိလိုက်ရတယ်။ မြို့ထဲမှာလည်း ညမထွက်ရ အမိန့်ရှိတော့ ဒီညတော့ မြို့ပြင်မှာပဲ တည်းခိုဖို့ စီစဉ်ထားပါတယ်”

“ကျွန်တော်တို့ ဒီနေရာကနေ မီးရောင်ကို တွေ့လိုက်လို့ စားစရာတစ်ခုခုများ ဝယ်လို့ရနိုင်မလား သိချင်လို့ပါ”

သူက အရပ်ရှည်ပြီး ခန့်ညားသည့်ဟန်ပန်ဖြင့်ပေ။ ထို့အပြင် ဓားသဏ္ဍာန် မျက်ခုံးများ၊ သောက်ရှူးကြယ်အလား မျက်လုံးများဖြင့် စိတ်ဓာတ်ပြတ်သားပြီး ဇွဲမလျော့တတ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ စစ်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ဆံပင်များကို ကျနစွာ စည်းနှောင်ထားသည်။

ဟွာကျွင်းသည် ထိုပုံစံမျိုးကို နှစ်သက်ပေသည်။ သူမရှေ့မှ အမျိုးသားမှာ လုံခြုံသည့် ခံစားချက်ကို ပေးစွမ်းပါသည်။ သူမ နောက်သို့ နှစ်လှမ်းဆုတ်လိုက်ပြီး ထိုသူတို့အတွက် လမ်းဖွင့်ပေးလိုက်သည်။

“ကျေးဇူးပြုပြီး အထဲဝင်လာပါဦး။ ရှင်တို့ အချိန်မှန်ရောက်လာတာပဲ။ ရောင်းဖို့ ကျန်ပါသေးတယ်”

အထဲသို့ဝင်ပြီးနောက် ကျန်းရှီယွဲ့ ပထမဦးဆုံး အခန်းကို ကြည့်လိုက်သည်။ မုန့်ဆိုင်၏အတွင်းပိုင်း အပြင်အဆင်က ထူးဆန်းလှသည်။

သူ နံရံနားက ခုံဆီသွားပြီး ထိုင်လိုက်သည်။ ထိုနေရာမှနေ၍ မီးဖိုချောင်နှင့် ကောင်တာ အနောက်သို့ မြင်နိုင်သည်။ ထိုအခါ ထူးဆန်းသည့်အရာများကို မြင်လိုက်ရသည်။

မော့ချွမ် နောက်မှကပ်လိုက်လာသည်။ သူသည် များစွာ ‌တွေးတောမနေဘဲ တိုက်ရိုက်ပဲ မေးချလိုက်သည်။ “ဆိုင်ရှင်၊ ခင်ဗျားရဲ့ဆိုင်က ဘာလို့တခြားဆိုင်တွေနဲ့ မတူရတာလဲ။”

ဟွာကျွင်းသည် သူမစားရန် ပြင်ဆင်ထားသည့် ငါးချဉ်စပ်ဟင်းအိုးကို သူတို့ထံသို့ ယူဆောင်လာပေးကာ သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အရမ်းဝေးတဲ့နေရာက လာတာလေ။ ကျွန်မဇာတိက နေထိုင်မှုပုံစံက ဒီနေရာနဲ့ အရမ်းကို ကွဲပြားတယ်။ အဲ့တော့ ဆိုင်အပြင်အဆင်ကလည်း မတူတာ သဘာဝပါပဲ။ ဒါပေမဲ့ ကျွန်မ ဇာတိက အစားအစာတွေကတော့ အရမ်းကိုကောင်းပါတယ်”

မော့ချွမ် နှာရှုပ်ကာ ကျန်းရှီယွဲ့ကို ပြောလိုက်သည်။ “အနံ့က တကယ်ကောင်းတာပဲ”

ကျန်းရှီယွဲ့သည် ထိုဟင်းကို ကြည့်လိုက်သည်။ ထူးဆန်းသည့် မုန့်ဆိုင်တွင် ထူးဆန်းစွာ ဝတ်ဆင်ထားသော ဆိုင်ရှင်က သူတစ်ခါမျှ မစားဖူးသည့် ဟင်းကို ချပေးထားသဖြင့် တူ ကိုင်ရန်ပင် မဝံ့မရဲ ဖြစ်နေပါသည်။

ဟွာကျွင်းသည် ထိုသူက ယခင် ဖောက်သည်များနှင့် မတူကြောင်း သိလိုက်သည်။ သူသည် စစ်သည်တစ်ဦး ဖြစ်သဖြင့် ထူးခြားသည့် အရာမှန်သမျှကို သံသယဝင်တတ်သော ဗီဇ ရှိနေခြင်း ဖြစ်သည်။

ဟွာကျွင်းသည် တူတစ်စုံကို ယူပြီး ငါးအသားလွှာတစ်တုံးကို ယူစားပြလိုက်ပြီးနောက် ကျန်းရှီယွဲ့ကို ပြောလိုက်သည်။ “ဒါက အဆိပ်မပါပါဘူး။ စိတ်ချလက်ချ စားပါရှင်”

ကျန်းရှီယွဲ့ ခေါင်းညိတ်လိုက်သည်။ “တောင်းပန်ပါတယ်”

“ကျွန်တော်ယုံပါတယ်ဗျာ”

ဟွာကျွင်းသည် ကောင်တာသို့ ပြန်သွားပြီး ကျန်းရှီယွဲ့ စားနေသည်ကို ခိုး၍ ကြည့်ကာ သဘောကျနေလေသည်။

သူသည် အလွန်တိတ်ဆိတ်စွာ စားသောက်နေပြီး ထိုင်နေသည့်တိုင်အောင် သူ၏ ကိုယ်နေဟန်ထားမှာ ခပ်မတ်မတ်ရှိနေသည်။

သူ၏ ရှည်လျားသော လက်ချောင်းလေးများက တူကို ညင်သာစွာ ကိုင်ထားပြီး တစ်လုတ်ပြီးတစ်လုတ် စားနေသည်။ သူ၏ ပါးစပ်မှာ အနည်းငယ်သာ ဟထားပြီး မျိုးရိုးမြင့်မိသားစုမှ သခင်လေးတစ်ဦးကဲ့သို့ပင် တည်ငြိမ်စွာ စားသောက်နေပါသည်။

“သူက အရမ်းချောတာပဲ” ဟွာကျွင်း တွေးလိုက်သည်။ “ရှေးလူကြီးတွေ ပြောတာမှန်တယ်။ လှတာက စားလို့ရတယ်တဲ့။ ငါဒီနေ့တော့ ကိုယ်တွေ့ကြုံလိုက်ရပြီ”

သူတို့သည် စကားအနည်းငယ်သာ ပြောကြပြီး စကားစမြည် ပြောခြင်းထက် အစားအသောက်အပေါ်တွင်သာ အာရုံစိုက်ထားကြသည်။

မကြာမီတွင် စားပွဲပေါ်ရှိ ဟင်းပွဲများမှာ ပြောင်စင်သွားတော့သည်။

မော့ချွမ် ပါးစပ်သုတ်လိုက်သည်။ သူက ဆက်စားချင်နေသေးသည့်အတွက် ဟွာကျွင်းကို ပြောလိုက်သည်။ “ဆိုင်ရှင် ဒီငါးမှာ နာမည်ရှိလား။ ချဉ်ငန်စပ်အရသာမျိုး တစ်ခါမှမစားဖူးဘူး။ ဒီလိုအရသာရှိတဲ့ဟင်းမျိုးတစ်ခါမှ မစားဖူးဘူး”

“မစားဖူးတာ မဆန်းပါဘူး။ ကျွန်မဆို ဒီနေ့ နှစ်အိုးတောင် ချက်ထားတာ၊ ဒါပေမဲ့ တစ်ကိုက်တောင် မမြည်းရသေးဘူးလေ”

ဟွာကျွင်း ပြန်ဖြေလိုက်သည်။ “ဒါကို ငါးချဉ်စပ်ဟင်းလို့ ခေါ်တယ်။ ငါးအသားလွှာတွေကို မုန်လာချဉ်တွေနဲ့ ချက်ထားတာ‌လေ။ စီချွမ်းငရုတ်ကောင်းရဲ့ မွှေးရနံ့နဲ့ ပေါင်းစပ်ထာားတော့ တကယ်ကို အရသာရှိတယ်”

“ပြီးတော့ ဒီမုန်လာချဉ်ကလည်း အိမ်လုပ်အချဉ်ပါပဲ”

“အဲဒီလိုပါပဲရှင်။”

ကျန်းရှီယွဲ့ မေးလိုက်သည်။ “ဒီဆိုင်မှာ တခြားစားစရာ ဘာရသေးလဲ။ ကျွန်တော် ပြန်ဝယ်သွားချင်လို့။ ကျွန်တော့် ရဲဘော်ရဲဘက်တွေ အသားပူပူလေး မစားရတာ ကြာလှပြီ”

ဟွာကျွင်း ခဏမျှတွေးလိုက်သည်။ “ပေါက်စီတချို့တော့ ရှိသေးတယ်။ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး။ လူဘယ်နှယောက်စာလိုချင်တာလဲ”

“သုံးဆယ်ကျော်လောက်”

ဟွာကျွင်းက ပေါက်စီနှင့် အသားပေါက်စီစုစုပေါင်း အလုံး (၃၀) ခန့် ရှိမည်ဟု ခန့်မှန်းလိုက်သည်။

“ကျွန်တော် အားလုံးကို ယူလိုက်မယ်။ ကျေးဇူးတင်ပါတယ် သခင်မလေး”

ဟွာကျွင်းသည် အခဲခံသေတ္တာထဲမှ သိမ်းဆည်းထားသော ရိုးရိုးပေါက်စီများနှင့် အသားပေါက်စီများကို ထုတ်ယူကာ မီးဖိုချောင်ထဲသို့ ဝင်၍ ပေါင်းအိုးထဲတွင် ဆယ့်ငါးမိနစ်ခန့် နွှေးပေးလိုက်သည်။

“ခဏနေဦး၊ ကျွန်မ ပေါက်စီတွေ ပြန်နွှေးပေးမယ်”

ထိုအချိန်တွင် မုဆိုး ဝူချင်း ရောက်လာသည်။

“နတ်သမီးလေး သင့်နောက်လိုက်ဝူချင်းပါ”

မုန့်ဆိုင်ထဲတွင် အခြားလူများ ရှိနေသည်ကို တွေ့လိုက်ရသောအခါ သူက ရုတ်တရက် ရပ်တန့်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလာသည်။ “ဆိုင်... ဆိုင်ရှင် ကျွန်တော်... ကျွန်တော် ပူဇော်ဖို့ လာတာ... မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်...”

ဟွာကျွင်းသည် သူ့ကို ကြည့်ကာ ရယ်မောမိသွားသည်။ “ရှင်က မနေ့က လာစားတဲ့ မုဆိုး မဟုတ်လား။ ဒီနေ့တော့ နောက်ကျသွားပြီနော်။ အစားအသောက်တွေ အားလုံး ကုန်သွားပြီ။”

“မဟုတ်ဘူး။ ကျွန်တော် ဒီကို စားဖို့ လာတာမဟုတ်ဘူး။ ဒီနေ့ ရစ်ငှက်တစ်ကောင် ဖမ်းမိလာတယ်လေ။ နတ်သမီးလေးကို ပေးဖို့လာတာပါ”

သူက ပြောပြောဆိုဆိုနှင့် ခေါင်းကို ငုံ့ကာ ရစ်ငှက်ကို ဟွာကျွင်းထံသို့ ကမ်းပေးလိုက်သည်။

ရစ်ငှက်၏ အမွှေးအတောင်များမှာ အရောင်အသွေး စုံလင်လှပြီး သာမန်ကြက်ထက် များစွာ ပို၍ ကြီးမားသည်။ ကံမကောင်းစွာဖြင့် ဟွာကျွင်းမှာ ထိုအရာကို မလက်ခံရဲပေ။ ခေတ်သစ်ကာလတွင် ဘေးမဲ့ပေးထားသည့် တိရစ္ဆာန် ဖြစ်နေသည်။

“မလိုဘူး။ မလိုဘူး။ ရှင်ပဲအဲ့တာကို ရောင်းလိုက်ပါ”

“နတ်သမီး... ရစ်ငှက်ကို မကြိုက်လို့လား။ ဘာ ကြိုက်တတ်လဲ။ ကျွန်တော် မနက်ဖြန် တခြားဟာ ရှာခဲ့ပေးမယ်လေ”

“မလိုပါဘူးရှင်။ ကျွန်မအတွက်က ကြေးပြားတွေ နဲ့တင် လုံလောက်ပါပြီ”

ဟွာကျွင်းသည် ညစ်ပတ်ပေရေနေသည့် ဝူချင်းကို ကြည့်ကာ မေးလိုက်သည်။ “ရှင် မစားရသေးဘူး မဟုတ်လား။ အသားလုံးတွေ စားချင်လား”

ဝူချင်းက သူ့ခေါင်းနောက်ဘက်ကို ရှက်ကိုးရှက်ကန်း ပွတ်သပ်ကာ ရယ်မောလိုက်သည်။ “စားလိုက်မယ်လေ”

ဟွာကျွင်းသည် အသားလုံးငါး ချောင်းနှင့် ရေညှိနှစ် ချောင်းကို ယူလိုက်ပြီး အူဒုံဟင်းရည်ထဲသို့ အသင့်စား ခေါက်ဆွဲတစ်ထုပ် ထည့်ပေးလိုက်သည်။ သူမက ပြင်ဆင်ပေးပြီးချိန်တွင် ဝူချင်းမှာလည်း နေရာယူထားပါသည်။

ဝူချင်းသည် သူ့ရှေ့ရှိ အသားလုံးများကို ကြည့်လိုက်သည်။ အချို့မှာ အညိုရင့်ရောင်၊ အချို့မှာ ရွှေဝါရောင်နှင့် အချို့မှာ နို့နှစ်ရောင်များ ဖြစ်ကြသည်။

သူသည် ဟင်းရည်ကို ယခင်က မြည်းစမ်းဖူးသဖြင့် အရသာမှာ မှတ်ဉာဏ်ထဲတွင် စွဲထင်နေသော်လည်း အသားလုံးများကိုမူ ယခုမှ ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်သည်။

အမဲသားလုံးများမှာ အပြင်ဘက်တွင် မာကျောပြီး အတွင်း၌ ကျွတ်ဆတ်နေကာ ပုစွန်လုံးများမှာ လတ်ဆတ် မွှေးပျံ့ပြီး နူးညံ့လှသည်။ အရိုးနုအသားလုံးများမှာမူ တစ်ကိုက် ကိုက်လိုက်တိုင်း အရည်များ ထွက်လာပြီး ဝါးလိုက်တိုင်းတွင် အရသာရှိလှသည်။

ဝူချင်းက ပြုံးလိုက်ပြီး ဟွာကျွင်းကို ကြည့်ကာ ပြောလိုက်သည်။ “အရသာရှိလိုက်တာ။ တကယ်ကို အရသာရှိတာပဲ”

မော့ချွမ်သည် ထိုအသံကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။ ကြည့်ရတာ ထွေထွေထူးထူး မရှိသလို ငါးချဉ်စပ်ဟင်းလောက်လည်း ဆွဲဆောင်မှု မရှိပေ။

တကယ်ပဲ အဲဒီလောက် အရသာရှိပါ့မလားဟု တွေးမိသော်လည်း ဝူချင်းက လိမ်ညာနေပုံ မရပေ။

သူက အကျယ်ကြီး လှမ်းမေးလိုက်သည်။ “အသားလုံးတွေ ဘယ်လောက် ကျန်သေးလဲ။ ကျန်တာ အကုန်လုံး ယူမယ်”

ပေါက်စီများ နွှေးနေစဉ်အတွင်း မော့ချွမ်သည် စားစရာများ ထည့်ရန်အတွက် စခန်းသို့ ပြန်ပြေးသွားသည်။ ဟွာကျွင်းနှင့် ကျန်းရှီယွဲ့တို့ စကားပြောကြရာမှ ဤမုန့်ဆိုင်ကလေးသည် သူမကို လွန်ခဲ့သော နှစ်ပေါင်း (၈၀၀) ဆီသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် သူမသည် တောင်ခြေတွင် ရှိနေကာ အနီးဆုံးမြို့သို့ သွားရန်မှာ တစ်နာရီခန့် လမ်းလျှောက်ရကြောင်း သိလိုက်ရသည်။

မြို့ထဲနှင့် နီးသလို လမ်းမကြီးပေါ်တွင် မရှိသောကြောင့် ပုံမှန်အားဖြင့် ဤနေရာတွင် မည်သူမျှ ရပ်နားလေ့ မရှိကြပေ။

ဆောင်းဦးပေါက် ကာလကတည်းက ယန်ဇီမြစ် အောက်ပိုင်းတွင် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့သဖြင့် နေရာအများအပြား ရေကြီးခဲ့သည်။ ကျန်းရှီယွဲ့နှင့် မော့ချွမ်တို့၏ တပ်ဖွဲ့မှာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ရန် သွားခဲ့ကြပြီး မြို့တော်သို့အပြန်တွင် ဤမုန့်ဆိုင်ကို ဖြတ်သန်းသွားမိခြင်း ဖြစ်သည်။

အရေးကြီးကိစ္စဖြစ်သဖြင့် သူတို့၏ တပ်ဖွဲ့ငယ်လေးသည် နေ့မအားညမနား ခရီးနှင်ခဲ့ကြပြီး (၁၀) ရက်တာခရီးကို (၆)ရက်ဖြင့် သွားခဲ့ရပါသည်။ သူတို့သည် ပေါင်မုန့်ခြောက်များကိုသာ စားခဲ့ရပြီး မြစ်ရေကိုသာ သောက်ခဲ့ကြရသည်။

ဝူချင်းက ပြောလိုက်သည်။ “ကျန်းနန်မှာလည်း မိုးတွေ ဆက်တိုက် ရွာနေတယ်လို့ ကျွန်တော် ကြားမိတယ်။ အချို့နေရာတွေဆို မြစ်ကမ်းပါးတွေ ပြိုကျလို့ မြို့အတော်များများတောင် ရေကြီးနေပြီတဲ့”

ကျန်းရှီယွဲ့ သက်ပြင်းချလိုက်သည်။ “ဟုတ်တယ်။ သာမန်ပြည်သူတွေက ပိုပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်လာကြပြီ။ အစိုးရရဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကလည်း ရောက်တာ နှေးနေတယ်။ အထက်လူကြီးတွေက စိုးရိမ်နေကြလို့ ကျွန်တော်တို့ကို သီးသန့် လာပို့ခိုင်းတာပါ။ ဒါပေမဲ့ ဒီပစ္စည်းလေးတွေက ဘယ်လောက် ခံနိုင်မှာလဲ”

ဟွာကျွင်းသည် သတင်းများထဲတွင် ရေကြီးရေလျှံမှုများကို မြင်ဖူးသည်။ ခေတ်မီနည်းပညာများ တိုးတက်နေသောခေတ်တွင်ပင် ရေလွှမ်းမိုးမှုကြောင့် လူအများအပြား သေဆုံးကြရသဖြင့် ရှေးခေတ်ကာလတွင်မူ ပြောနေရန်ပင် မလိုတော့ပေ။ ကယ်ဆယ်ရေး နှေးကွေးပြီး ထောက်ပံ့ရေး ပစ္စည်းများ ကန့်သတ်ချက် ရှိနေသဖြင့် ပြည်သူများမှာ အသက်ရှင်ကျန်ရစ်လျှင်တောင် မြေယာနှင့် အိုးအိမ်များ ဆုံးရှုံးပြီး ဒုက္ခသည်များ ဖြစ်သွားကြရှာသည်။

ဟွာကျွင်းလည်း ခေါင်းရမ်းလိုက်မိသည်။

စကားပြောနေကြစဉ် မော့ချွမ် ပြန်ရောက်လာသည်။

သူသည် အဖုံးကျိုးနေသော မြေအိုးတစ်လုံးနှင့် အရောင်ပင် ခွဲခြား၍ မရတော့သော အဝတ်အိတ်တစ်အိတ်ကို ယူလာသည်။

အူဒုံ(၂၅)ချောင်း ကျန်ရှိနေသဖြင့် ဟွာကျွင်းသည် ဝါးတုတ်များကို အကုန်ဆွဲထုတ်လိုက်ပြီး အသားလုံးများ၊ မုန်လာဥများနှင့် ရေညှိများကို အိုးထဲသို့ ထည့်လိုက်ကာ ကျန်ရှိသော ဟင်းရည်အားလုံးကို လောင်းထည့်ပေးလိုက်သည်။

မော့ချွမ်သည် အဝတ်အိတ်ကို ဖွင့်လိုက်ပြီး ပေါက်စီများကို အိတ်ထဲသို့ အကုန် ထိုးထည့်လိုက်သည်။

ထို့နောက် သူက ဟွာကျွင်းကို ကြည့်ကာ ပြုံးပြလိုက်သည်။ “စစ်ဆင်ရေး ထွက်နေတဲ့အခါမှာ ဒီလောက် အသေးစိတ် ဂရုစိုက်နေစရာ မလိုပါဘူး”

‘ရှေးခေတ်က လူတွေအတွက် ဝါးသေတ္တာ ဒါမှမဟုတ် သစ်သားသေတ္တာတွေ ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်။ ပြီးတော့ ပစ္စည်းထုပ်ဖို့အတွက်လည်း ဆီစိမ်စက္ကူတွေလည်း ပြင်ထားရမယ်’

ဟွာကျွင်း တွေးလိုက်သည်။ ဤအရာများကို ကြည့်ရသည်မှာ အလွန်ပင် မသန့်ရှင်းပေ။

သူတို့ စားသမျှနှင့် ဝယ်သွားသမျှကို တွက်ချက်ကြည့်လျှင် ကျန်းရှီယွဲ့၏ စားပွဲတွင် ငါးချဉ်စပ်ဟင်းတစ်အိုး၊ ထမင်းလေးပန်းကန်၊ ပေါက်စီ(၃၅)လုံး၊ အူဒုံ(၂၅) ချောင်းတို့ရှိသည်။

ဟွာကျွင်းက စုစုပေါင်းပမာဏကို မတွက်ချက်ရသေးမီမှာပင် သူက လက်ကာပြလိုက်ပြီး ငွေတုံးတစ်တုံး ပေးလာသည်။

“မိန်းကလေး။ ခင်ဗျားဆိုင်က စားစရာတွေက တကယ့်ကို အရသာရှိပါတယ်။ ကျသင့်ငွေထက်ပိုတာကိုတော့ သိမ်းထားလိုက်ပါ” ထို့နောက် သူနှင့် မော့ချွမ်တို့သည် ဝယ်ယူထားသော ပစ္စည်းများကို သယ်ဆောင်ကာ ထွက်ခွာသွားကြတော့သည်။

ယနေ့ဝင်ငွေ: ငွေနှစ်တုံးနှင့် ကြေးပြားဆယ်ငါးပြား

All Chapters