အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇) အူဒုံ
ကျန်းရှီယွဲ့နှင့် မော့ချွမ်းတို့ မြင်းစီးပြီး စခန်းကို ပြန်ရောက်လာကြသောအခါ အတော်ပင် ညဉ့်နက်နေပေပြီ။ ကင်းစောင့်နေသည့် စစ်သည်များမှလွဲ၍ ကျန်သူအားလုံးမှာ တဲများထဲတွင် အနားယူနေကြ၏။
ကျန်းရှီယွဲ့သည် စားဖိုဆောင်တာဝန်ကျ စစ်သည်လေးကို ရှာကာ မြေအိုးကို ပေးလိုက်သည်။ ထို့နောက် အထဲမှ အရာများကို အိုးနှစ်လုံးခွဲထည့်ပြီး နွှေးခိုင်းလိုက်သည်။
ပေါက်စီနှင့် အသားပေါက်စီများကိုမူ အဝတ်ဖြင့် ထုပ်ထားသဖြင့် အနွေးဓာတ် ရှိနေသေးရာ ညဘက်တွင် အေးခဲမသွားစေရန် မီးဖိုဘေး၌ ချထားလိုက်သည်။
အူဒုံ၏ ရနံ့ကို ပထမဆုံး ရရှိလိုက်သူမှာ စားဖိုမှူးငယ်လေး ဖြစ်သည်။ မြေအိုးအဖုံးကို လှန်လိုက်သည်နှင့် အနံ့မှာ လှိုင်ခနဲ ထွက်ပေါ်လာသည်။
သူသည် စိတ်မထိန်းနိုင်တော့ဘဲ အိုးကိုမကာ တစ်ကျိုက်တည်း သောက်ချပစ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။
သို့သော် စိတ်ကို အစွမ်းကုန်ထိန်းပြီး ထိုသို့မလုပ်မိအောင် တားဆီးလိုက်ရသည်။ သူလုပ်နိုင်သည်မှာ အိုးပေါ် ခေါင်းငုံ့ကာ အနံ့ကို ရှူရှိုက်နေရုံသာ။ ထိုခဏ၌ပင် ခရီးပန်းလာသမျှ နုံးချိမှုများအားလုံးသည် လွင့်စင်ပပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
စစ်သည်တိုင်း မြည်းစမ်းနိုင်စေရန် မြစ်ရေအနည်းငယ် ထပ်ဖြည့်လိုသော်လည်း မြစ်ရေကြောင့် ဟင်းရည်အရသာ ပျက်သွားမည်ကိုလည်း စိုးရိမ်နေမိသည်။ အတန်ကြာ စဉ်းစားပြီးနောက် ဝူချန်း၏ တဲထံသို့ သွားကာ ရေတွင်းရေ အနည်းငယ် တောင်းခံလိုက်သည်။
ဝူချန်းသည် လက်ဖက်ရည် ကြိုက်တတ်သူဖြစ်သဖြင့် မြို့တစ်မြို့သို့ ရောက်တိုင်း ခရီးသွားစဉ် သောက်ရန် တွင်းရေများကို အိုးများဖြင့် အပြည့်ဖြည့်ခိုင်းတတ်သည်ကို သူမှတ်မိပါ၏။
“အဓိပ္ပာယ်မရှိတာ။ ငါ့ရဲ့ အဖိုးတန်ရေတွေကို ယူရလောက်အောင် ဘယ်လိုဟင်းရည်ကများ အဲဒီလောက် အရေးပါနေလို့လဲ”
ဝူချန်းသည် အိပ်စက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ စားဖိုမှူး၏ စကားကို ကြားသောအခါ သူသည် စိတ်တိုတိုဖြင့် ရယ်မောလိုက်သည်။ မနက်ဖြန်မှ မြို့ထဲဝင်မည်ဖြစ်ရာ ဒီညတွင်မူ ပေါင်မုန့်ခြောက်မှလွဲ၍ အခြားအရာကို မစားနိုင်ပေ။
“မင်း အိပ်မက်မက်နေတာလား။ ညသန်းခေါင်ကြီး ဟင်းရည်က ဘယ်က ရနိုင်မှာလဲ”
“မြန်မြန် သွားအိပ်တော့။ စောစောအိပ်ရင် အိပ်မက်ထဲမှာ ဟင်းရည်သောက်ရလိမ့်မယ်။”
တဲအပြင်ဘက်ရှိ ကင်းစောင့်စစ်သည်ကလည်း မအောင့်နိုင်ဘဲ ရယ်မောနေတော့သည်။
အခြားနည်းလမ်း မရှိတော့သဖြင့် ကျန်းရှောင်လင် ပြန်လာလိုက်ရသည်။ သူသည် မြစ်ရေကို အနယ်များမပါစေရန် ဂရုတစိုက် ခပ်ယူပြီး မြေအိုးနှစ်လုံးထဲသို့ ထည့်ကာ မီးဖြင့် ဆူပွက်အောင် တည်လိုက်သည်။
မကြာမီ အူဒုံ၏ မွှေးရနံ့သည် တပ်စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ ခဏအကြာတွင် တဲအတွင်းမှ လူများ ပြူပြဲထွက်လာကြပြီး မေးတော့သည်။ “ဒါ ဘာနံ့လဲ။ ငါတို့ ဘာနံ့ ရနေတာလဲ”
လူများ ပိုမိုနိုးကြားလာကြပြီး အနံ့ရှိရာသို့ စုရုံးလာကြသည်။
ကျန်းရှောင်လင် ရှိသည့်နေရာမှ မြေအိုးနှစ်လုံးကို မြင်လိုက်ရသောအခါ အားလုံးသည် ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြသည်။
“ကျန်းရှောင်လင်။ မင်း ဘာတွေ ချက်နေတာလဲ။ အနံ့က တကယ်ကို မွှေးတာပဲ။”
တစ်ဦးက လက်လှမ်း၍ အိုးဖုံးကို ဖွင့်ရန် ကြိုးစားသည်။ “ငါ့ကို မြန်မြန် ကြည့်ခွင့်ပေးစမ်း။”
“ကျန်းရှောင်လင်။ တစ်ယောက်တည်း မစားနဲ့ဦး။ ငါ့ကို မြည်းခွင့်ပေးပါဦး”
အားလုံးသည် ရုန်းရင်းဆန်ခတ် ဖြစ်နေသဖြင့် ကျန်းရှောင်လင်သည် မတားနိုင်တော့ဘဲ မြေအိုးနှစ်လုံးကိုသာ အတင်း ကာကွယ်ထားရသည်။
“မကျက်သေးဘူး။ မလောကြနဲ့။ အားလုံး စားရမယ်”
အချို့ စစ်သည်များသည် ဝူချန်းထံ သွားသတင်းပို့ကြသည်။ ဝူချန်းသည်လည်း ထိုရနံ့ကို ရရှိသွား၏။
“တကယ်ပဲ ဟင်းရည်ရှိတာလား”
သူသည် မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် အင်္ကျီကို ကမန်းကတန်း ဝတ်ဆင်ကာ ကျန်းရှောင်လင်ထံ သွားသည်။
သူ ရောက်သွားသောအခါ လူများက ကျန်းရှောင်လင်ကို ဝိုင်းထားသဖြင့် လမ်းပင် မရှိတော့ပေ။
“ဖယ်ကြ။ ဖယ်ကြ။ ဝူချန်း လာပြီ။”
အားလုံးက လမ်းဖယ်ပေးလိုက်ကြသော်လည်း ဝူချန်း ဝင်သွားသည်နှင့် လူအုပ်ကြီးသည် ပြန်ပိတ်သွားသည်။
ဝူချန်းသည် အိုးထဲမှ ဟင်းရည်ကို ကြည့်လိုက်သည်။ ဟင်းရည်သည် မဆူသေးဘဲ ပူစီဖောင်းလေးများသာ ထနေသေးသည်။ သို့သော် အနံ့မှာမူ စိတ်ကို ထုံသွားစေလောက်အောင် ပြင်းပြလှသည်။
သူ ဘာမှ မပြောနိုင်ဘဲ သူတို့ဘေးတွင် တိတ်တဆိတ် ထိုင်နေသည်။ သူ၏ မျက်လုံးများသည် ကျန်းရှောင်လင်၏ လှုပ်ရှားမှုများဆီမှ မခွာတော့ပေ။
ဝူချန်း ရှိနေသဖြင့် မည်သူမျှ မဆူညံရဲဘဲ တံတွေးမြိုချသံများကိုသာ ကြားနေရသည်။
တစ်ဦးက တီးတိုး မေးမြန်းသည်။ “ဘာလို့ မကျက်သေးတာလဲ”
ကျန်းရှောင်လင်က စိတ်ရှည်စွာ ရှင်းပြသည်။ “မြစ်ရေ ထည့်ထားလို့ ညှီနံ့တွေ ပျောက်အောင် နည်းနည်း ပိုဆူအောင် ထားတာပါ”
ဝူချန်းသည် အနည်းငယ် ရှက်သွားသည်။ “မင်းက သေချာ မရှင်းပြတာကို။ ငါက မင်း အိပ်မက်မက်နေတယ် ထင်လို့”
နောက်ဆုံးတွင် ဟင်းရည်သည် ဆူပွက်လာသည်။ အားလုံးသည် ပန်းကန်ကိုယ်စီဖြင့် ကျန်းရှောင်လင် ခပ်ပေးမည်ကို စောင့်မျှော်နေကြပြီ ဖြစ်သည်။
လူတိုင်းသည် ဟင်းရည်တစ်ပန်းကန်နှင့် အသားလုံး သုံးလုံးစီ ရကြသည်။ အသီးအရွက်ကိုမူ မျှထည့်ပေးလိုက်သည်။ ဝူချန်းတစ်ဦးတည်းသာ အသားငါးလုံး ရရှိ၏။
တံတွေးမြိုချသံများမှ ဟင်းရည်သောက်သည့် ရှူးရှူးရှဲရှဲ အသံများသို့ ပြောင်းလဲသွားတော့သည်။ အနံ့မှာ အလွန်မွှေးပျံ့လှသည်။ ဝက်ရိုး၊ ကြက်သားနှင့် ကင်းမွန်ပန်းများ ပါဝင်ပြီး နာရီပေါင်းများစွာ ချက်ထားသဖြင့် ဟင်းရည်သည် အလွန်မွှေးပျံ့ကာ ချိုမြိန်လှသည်။
ဤအချိုဓာတ်သည် သကြားထည့်ထားသည့် အချိုမျိုးမဟုတ်ဘဲ ပါဝင်ပစ္စည်းများမှ ထွက်လာသည့် သဘာဝအချိုဓာတ်များ ဟင်းရည်ထဲ၌ ပေါင်းစပ်သွားခြင်း ဖြစ်သည်။
တစ်နေ့ခင်းလုံး အထဲ၌ စိမ်ထားသည့် အသားလုံးမျိုးစုံနှင့် အသီးအရွက်များသည်လည်း ဟင်းရည်နှင့် အလွန်လိုက်ဖက်လှသည်။ တစ်ကိုက် ကိုက်လိုက်တိုင်း ဟင်းရည်များသည် ပါးစပ်ထဲတွင် ရွှဲခနဲ ထွက်လာသည်။
ယခုလို အေးစိမ့်သောည၌ ဤဟင်းရည်သည် သောက်သုံးသူ၏ စိတ်နှလုံးကို နွေးထွေးစေပါသည်။
ကျန်းရှီယွဲ့သည် အဝတ်အိတ်ကို ဖွင့်ကာ ပေါက်စီနှင့် အသားပေါက်စီများကို အူဒုံနှင့်အတူ တွဲစားရန် ဝေပေးလိုက်သည်။
လူအုပ်ကြီးထံမှ နောက်ထပ် အော်ဟစ်သံများ ထွက်ပေါ်လာပြန်သည်။
“အို... ဘုရားသခင်။ ဒါတွေက ပေါက်စီတွေလား။ ဘာလို့ ဒီလောက် နူးညံ့ပြီး ချိုနေရတာလဲ”
“ဒီပေါက်စီထဲက အသားတွေက အများကြီးပဲ။ ဘယ်ဆိုင်က ဒီလောက်တောင် ရက်ရက်ရောရော ထည့်ပေးတာလဲ”
“ဒါက အရမ်းကောင်းတာပဲ။ ရှောင်လင်။ မင်းရဲ့ လက်ရာက ဒီလောက်ကောင်းမှန်း ငါ အရင်က မသိခဲ့ဘူး”
“ဒါ ငါ ချက်တာ မဟုတ်ဘူး။”
ရှောင်လင်၏ ပါးစပ်ထဲ၌လည်း အစားအသောက်များဖြင့် ပြည့်နေသည်။ သူသည် ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။ “ကျန်းရှီယွဲ့နဲ့ မော့ချွမ်းတို့ ယူလာတာ။ သူတို့က တောင်ခြေက မုန့်ဆိုင်မှာ ဝယ်လာတာလို့ ပြောတယ်”
“မလောက်ဘူး။ မလောက်ဘူး။ ငါတို့ ခွင့်ရတဲ့အခါကျရင် အဲဒီကို သွားပြီး အခွက်တစ်ရာလောက် သောက်ဦးမယ်။”
တစ်ဦးကမူ ကျန်းရှီယွဲ့နှင့် မော့ချွမ်းကို လာရောက်ချော့မော့သည်။ “မင်းတို့က လမ်းမှာ ဝအောင်စားခဲ့မှာပဲဆိုတော့ ဒီဝေစုကို မစားနိုင်တော့ပါဘူး။ ငါ ကူစားပေးမယ်လေ”
ကျန်းရှီယွဲ့သည် တပ်ထဲတွင် လေ့ကျင့်ရန်နှင့် အတွေ့အကြုံယူရန် လာခြင်း ဖြစ်သည်။ သူသည် မျိုးရိုးမြင့်မိသားစုမှ လာသူ ဖြစ်သဖြင့် ယခုကဲ့သို့ အခြေအနေမျိုး၌ မငြင်းဆန်လိုပေ။ ထို့ကြောင့် သူ၏ ဝေစုကို အခြားသူများကို ပေးလိုက်သည်။
သို့သော် မော့ချွမ်းမှာမူ ထိုမျှ စိတ်ရှည်သူ မဟုတ်ပေ။ သူ၏ အစားအသောက်များကို လက်တစ်ဖက်ဖြင့် ကာကွယ်ထားပြီး နှစ်မီတာခန့် အဝေးသို့ ခုန်ထွက်သွားတော့သည်။
“မရဘူး။ မရဘူး။ ဒါကို ငါ ခုနက မစားရသေးဘူး။ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး”
နောက်တစ်နေ့သို့ ရောက်သောအခါ ဟွာကျွင်း၏ ပထမဆုံး အလုပ်မှာ မနေ့က ရရှိသော ပိုက်ဆံများကို ခေတ်ပေါ်ငွေအဖြစ် ပြောင်းလဲရန်ပင်။
သူမသည် မြို့ထဲသို့ တက္ကစီစီးကာ အရင်က သွားဖူးသည့် ရှေးဟောင်းပစ္စည်းဆိုင်သို့ သွားသည်။ ဆိုင်ရှင်သည် ဟွာကျွင်းကို မြင်သည်နှင့် ပြုံးပြလိုက်သည်။
“ညီမလေးပါလား။ တခြား ပစ္စည်းကောင်းတွေ ပါလာသေးလို့လား”
ဟွာကျွင်းသည် ငွေတုံးများကို ပေးလိုက်သည်။ ဆိုင်ရှင်သည် မျက်မှန်တပ်ကာ အတန်ကြာအောင် သေချာ စစ်ဆေးသည်။
“သံချေးတော့ တက်မနေဘူး။ အောက်ခြေက ပုံစံတွေကလည်း ကိုက်ညီမှု ရှိတယ်။ ညီမလေးက ဖောက်သည်ဟောင်းဆိုတော့ ဈေးမနှိမ်တော့ပါဘူး။ တစ်တုံးကို ယွမ်ရှစ်သောင်း ပေးမယ်”
ဤဆိုင်ရှင်သည် အတော်ပင် ရိုးသားသဖြင့် ဟွာကျွင်း သဘောတူလိုက်သည်။ သူမသည် ငွေတုံး (၂) တုံးနှင့် ကြေးပြား (၁၅) ပြားကို လဲလှယ်လိုက်ရာ သူမ၏ ဘဏ်အကောင့်ထဲသို့ ယွမ် (၂၀၅၀၀၀) ရောက်ရှိလာသည်။
သူမ၏ စုဆောင်းငွေများအပါအဝင် ဆိုလျှင်မူ ဟွာကျွင်း၏ ကတ်ထဲ၌ ယွမ်(၃၃၀၀၀၀)ခန့် ရှိသွားပြီ ဖြစ်သည်။
သို့သော် ဟွာကျွင်း၌ လုပ်စရာများစွာ ရှိနေပါ၏။ ငွေသုံးရမည့် နေရာများလည်း များစွာ ရှိနေသဖြင့် ဤပမာဏသည် မလုံလောက်သေးပေ။
သူမသည် အွန်လိုင်းမှတစ်ဆင့် သစ်သားသေတ္တာများနှင့် ဝါးပြွန်များကို အရင်မှာလိုက်သည်။ ထို့နောက် ပါဆယ်ထုတ်ရန်အတွက် ဟွာကျွင်း မုန့်ဆိုင်ဟု အမည်ရိုက်နှိပ်ထားသော ဆီစက္ကူများကိုလည်း ဝယ်လိုက်သည်။
ထို့ပြင် ဟန်ဖုချုပ်သည့်ဆိုင်သို့ သွားကာ ဝတ်စုံနှစ်စုံ ဝယ်သည်။ သူမသည် အစားအသောက် ချက်ပြုတ်ရဦးမည် ဖြစ်သဖြင့် လက်မောင်းကျဉ်းပြီး စကတ် ပုံစံမျိုးကိုသာ ရွေးချယ်လိုက်သည်။
ထို့နောက် ဟွာကျွင်းသည် တရုတ်စတိုင် အပြင်အဆင် ကုမ္ပဏီတစ်ခုကို ရှာကာ ဆွေးနွေးသည်။ သူမသည် မုန့်ဆိုင်ကို ရှေးခေတ်နှင့် သဟဇာတဖြစ်အောင် ပြန်လည်ပြင်ဆင်လိုခြင်း ဖြစ်သည်။
ထို့နောက် ပရိဘောဂဆိုင်သို့သွား၍ အိမ်သုံးပစ္စည်းအချို့ကိုလည်း ဝယ်လိုက်သည်။ ခုတင်၊ မွေ့ရာ၊ အိပ်ရာခင်းနှင့် ခေါင်းအုံးများနှင့် လိုက်ကာများကိုလည်း ဝယ်သည်။
သူမသည် နို့လက်ဖက်ရည်အထုတ်အချို့ ဝယ်ယူရန်လည်း မမေ့ပေ။ မုန့်ဆိုင်ဖြစ်သဖြင့် ဟွာကျွင်းသည် မုန့်များ၊ လက်ဖက်ရည်များများကိုသာ အဓိကထားရမည်ဟု ယုံကြည်ပါ၏။
အားလုံး စီစဉ်ပြီးသောအခါတွင်မူ ဟွာကျွင်းသည် အတော်ပင် ပင်ပန်းနေပြီ ဖြစ်သည်။
ငွေသုံးရခြင်းသည် ဤမျှ ပင်ပန်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သို့သော် ဤကဲ့သို့သော ပျော်ရွှင်မှုမျိုးမှာ ဘာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
တက္ကစီပေါ်၌ ခေတ္တနားပြီးနောက် မုန့်ဆိုင်သို့ ပြန်ရောက်ရောက်ချင်း ဟွာကျွင်းသည် ဒုတိယထပ်ရှိ သူမ၏ အခန်းလေးကို စတင်ပြင်ဆင်တော့သည်။
ပန်းနုရောင် အိပ်ရာခင်းလေးနှင့် လိုက်ဖက်သည့် လိုက်ကာလေးများကို ခင်းသည်။ ထို့အပြင် ကြမ်းခင်းကော်ဇောလေးကိုလည်း အသစ်လဲလိုက်ပါသည်။
ရိုးရှင်းသော အခန်းလေးသည် ရုတ်ချည်းပင် နွေးထွေးသော အိမ်လေးတစ်လုံး ဖြစ်သွားတော့သည်။
ဟွာကျွင်းသည် ကျေနပ်စွာဖြင့် တွေးလိုက်သည်။ “အိမ်ဆိုတာ ဒီလိုမျိုး ဖြစ်သင့်တာ”
အခန်း (၈) မိန်းကလေးများ၏ အချိုပွဲပါတီ
“နင် တကယ်ပြောနေတာလား”
ကျောက်လုအာသည် လက်ထဲရှိ ကန်စွန်းဥမုန့်ကို ပါးစပ်နားသို့ အထည့် သူငယ်ချင်းဖြစ်သူ၏ စကားကို ကြားသော် လှုပ်ရှားမှုများ ရပ်တန့်သွား၏။ သူမ၏ မျက်ဝန်းတွင် သံသယရိပ်များ ယှက်သန်းနေပါသည်။
ယနေ့သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂန္ဓာမာပန်းပွဲတော် ဖြစ်သည်။ သာမန်အရပ်သားများအတွက် ဂန္ဓာမာပန်းများကို ကြည့်ရှုခံစားသောနေ့ဖြစ်ပြီး၊ မိန်းကလေးများအဖို့ စုဝေးကစားကြခြင်း၊ ပန်းကြည့်ခြင်း၊ မုန့်စားခြင်းနှင့် ကံကောင်းခြင်းအတွက် ဂန္ဓာမာပန်းပုံစံ မီးပုံပျံများ လွှတ်တင်ကြခြင်းတို့ ပြုလုပ်သည့်နေ့လည်း ဖြစ်၏။
ကျောက်လုအာ၏ အဘိုးမှာ နန်းတွင်း၌ ရာထူးကြီးသူဖြစ်ပြီး ဖခင်မှာလည်း ဘုရင်ခံဖြစ်၏။ ယနေ့တွင် သူမ၏ နေအိမ်၌ ယခင်နှစ်များကဲ့သို့ပင် ဆွေမျိုးမိတ်သင်္ဂဟများအတွက် တည်ခင်းဧည့်ခံပွဲ ကျင်းပနေပြီး ကျောက်လုအာသည် သူမ ခင်မင်ရသော ညီအစ်မတစ်စုကို ကစားရန် ဖိတ်ကြားထားသည်။
အိမ်တော်အတွင်း၌ မီးအိမ်မျာ၊ ရောင်စုံအလံများဖြင့် တန်ဆာဆင်ထားပြီး အစားအသောက်များမှာလည်း အထူးပင် လက်ရာမြောက်လှသည်။ အထူးသဖြင့် မိန်းကလေးများ ကြိုက်နှစ်သက်သော မုန့်များမှာပင်။ မြို့ထဲမှ နာမည်ကြီးစားဖိုမှူးများကို ငှားရမ်း ပြုလုပ်ထားပြီး မြို့တော်တွင် ခေတ်စားနေသော နောက်ဆုံးပေါ် မုန့်များကို ရနိုင်ရန် လူလွှတ်၍ပင် အထူးတလှည် မှာယူထားသည်။
ကျောက်လုအာ၏ ဘယ်ဘက်တွင် ထိုင်နေသော စုဝမ်က ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်၏။ “တကယ်ပြောတာ၊ မြို့ပြင်က ဝူရှန်းတောင်ခြေမှာ ရှိတာ။ ငါ လော့ရှဘုရားကျောင်းကို ဆုတောင်းဖို့သွားရင်း တွေ့ခဲ့တာလေ”
“ဆိုင်ကရောင်းတဲ့ မုန့်တွေက နူးညံ့ပြီး မွှေးကြိုင်နေတာပဲ၊ မြို့မှာရှိတဲ့ ဖျောင်ရှန်းခန်းမက မုန့်တွေထက်တောင် ပိုကောင်းသေးတယ်”
“ပြီးတော့ လက်ဖက်ရည်တစ်မျိုးလည်း ရှိသေးတယ်၊ နာမည် မေ့နေတာ၊ ဟုတ်သား။ နို့လက်ဖက်ရည်လို့ ခေါ်တယ်။ အဲဒါကို တွေးကြည့်လိုက်ရင် အခုထိ ပါးစပ်ထဲမှာ အနံ့က မွှေးကြိုင်နေတုန်းပဲ”
စုဝမ်သည် အစားအသောက်များ၏ အရသာကို ကျောက်လုအာအား အသေးစိတ် ပြောပြနေ၏။ ထို့နောက် အဖော်စပ်လိုက်သည်။ “ငါတို့ ခဏနေရင် သွားမြည်းကြည့်ကြရအောင်”
ကျောက်လုအာ နှာခေါင်းရှုံ့လိုက်၏။ “နင်ကတော့ အပို တွေပြောနေပြန်ပြီ”
မြို့တော်မှ မုန့်ဆိုင်များမှာ မည်သည့်နေရာများဖြစ်သနည်းဟု မေးလျှင် မျိုးရိုးမြင့်များပင် အမြဲသွားဝယ်စားကြသည့် နေရာများ ဖြစ်သည်ဟု ဖြေရမည်။ ထိုဆိုင်များတွင် အချိုပွဲများကို နေ့စဉ် စမ်းသပ်ပြုလုပ်နေသော ထိပ်တန်းစားဖိုမှူးများရှိပြီး အချို့မှာ နန်းတော်မှ ထွက်လာကြသူများ ဖြစ်သည်။ ဖျောင်ရှန်းခန်းမမှာ ထိုအထဲတွင် နာမည်အကြီးဆုံး ဖြစ်သည်။ ထိုဆိုင်ထက် အရသာပိုကောင်းသည်ဟု ပြောခြင်းမှာ အလိမ်အညာတစ်ခုဟု သူမ မြင်သည်။
စုဝမ် ခေါင်းခါလိုက်သည်။ “ငါ တကယ် အပိုမပြောပါဘူး၊ နင် မြည်းကြည့်ရင် သိမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီညက ညမထွက်ရအမိန့်လည်း မရှိဘူးဆိုတော့ သွားကြည့်တာ အရှုံးမရှိပါဘူး”
ကျောက်လုအာသည် အစပိုင်းတွင် မသွားလိုပေ။ သူမ၏ သူငယ်ချင်းကောင်းမှာ ကောင်းမွန်သော အရာများကို မစားဖူးသောကြောင့် သာမန်အစားအသောက်ကိုပင် နတ်သုဒ္ဓါကဲ့သို့ ထင်မှတ်နေခြင်း ဖြစ်မည်ဟု တွေးမိသည်။
သို့သော် အခြားသော ညီအစ်မငယ်များမှာ စုဝမ်၏ စကားကို ကြားသောအခါ အတူတူ သွားကြည့်လိုကြောင်း ပြောလာကြသည်။
ထို့ကြောင့် ကျောက်လုအာလည်း မတတ်သာဘဲ သဘောတူလိုက်ရသည်။ လူအများအပြား အတူသွားကြမည် ဖြစ်ရာ အကယ်၍ မုန့်များက မကောင်းခဲ့ပါက သူမလည်း စုဝမ်နှင့် ငြင်းနေစရာမလိုတော့ပေ။
ဟွာကျွင်းသည် ကိတ်မုန့်လိပ်များကို အအေးခံရာမှ ထုတ်၍ အသင့်ထုတ်ပိုးထားလိုက်၏။ ထိုစဉ် နို့လက်ဖက်ရည်များကို ရေခဲသေတ္တာထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပုစွန်ထုပ်လေးများကို မိုက်ခရိုဝေ့ဗ်ဖြင့် အပူပေးကာ ကွေ့ပေါင်ရို့ လုပ်ရန် ပြင်ဆင်တော့သည်။
ပြုလုပ်ရသည်မှာ မခက်ခဲလှ။ ဟွာကျွင်း ညွှန်ကြားချက်များအတိုင်း ဂျုံနယ်ထားသော အသားများကို ကြော်စက်ထဲတွင် မိနစ် (၂၀)ခန့် ကြော်လိုက်သည်။ ထို့နောက် ပြင်ဆင်ထားသော ဆော့စ်များကို အိုးထဲထည့်၍ အပူပေးပြီး အသားများနှင့် သေချာစွာ ရောမွှေလိုက်သည်။ အသားဖတ်များ၌ ဆော့စ်များ စိမ့်ဝင်သွားသောအခါ ချက်ပြုတ်ခြင်းအမှု အောင်မြင်စွာ ပြီးဆုံးသွားတော့၏။
ယနေ့ ဖောက်သည် မည်မျှလာမည်ကို သူမ မသိသေးပေ။ အကယ်၍ လူသိပ်မများပါက နို့လက်ဖက်ရည်ကို အရင်ဆုံး ကြော်ငြာရမည်။ အဘယ်ကြောင့်ဆိုသော် မနက်ဖြန်အထိ ထားပါက သောက်ရန် မကောင်းတော့ပေ။
ထိုစဉ် ဆိုင်တံခါးဝမှ မိန်းကလေးများ၏ အသံလေးများကို ကြားလိုက်ရသည်။ ဆိုင်ထဲသို့ ပထမဆုံး ဝင်လာသူမှာ စုဝမ်ဖြစ်ပြီး သူမနောက်တွင် မတူညီသည့် အရောင်များဝတ်ဆင်ထားသည့် မိန်းကလေး လေးငါးဦး ပါလာသည်။
စုဝမ်သည် ဟွာကျွင်းကို မြင်သောအခါ ကလေးတစ်ယောက်ကဲ့သို့ ပြုံးပြလိုက်သည်။ သူမ၏ စိတ်ထဲတွင် ဟွာကျွင်းရောင်းသော အစားအသောက်များမှာ အကောင်းဆုံးဖြစ်သည့်အတွက် ဟွာကျွင်းကိုလည်း လျင်မြန်စွာပင် ခင်မင်သွားသည်။
“ဟွာကျွင်း၊ ကျွန်မရဲ့ ညီအစ်မတွေကို ခေါ်လာခဲ့ပြီ။ နို့လက်ဖက်ရည် လိုချင်တယ်။ ပြီးတော့ မနေ့ကလို မုန့်မျိုး(၆) ခုလောက် ပေးဦးနော်”
မိန်းကလေးများမှာ ညစာ စားခဲ့ပြီး ဖြစ်သဖြင့် အချိုပွဲများကိုသာ မှာယူကြလိုက်သည်။
ဟွာကျွင်းကလည်း နွေးထွေးစွာ ပြုံးပြလိုက်သည်။ “ကောင်းပါပြီရှင်၊ အရင်ဆုံး စားပွဲမှာ ထိုင်ကြပါဦး”
လူအများအပြား လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ နို့လက်ဖက်ရည်မှာ လေးခွက်သာ ရှိသည်။ ထို့ကြောင့် သူမ နို့လက်ဖက်ရည်များကို လက်ဖက်ရည်အိုး လေးလုံးထဲသို့ ခွဲထည့်ပြီး ရှေးခေတ်လူများ အရက်သောက်သကဲ့သို့ ခွက်ငယ်လေးများဖြင့် တည်ခင်းရန် အကြံရလိုက်သည်။
ကိတ်မုန့်လိပ်မှာမူ အလုံအလောက် ရှိပါသည်။
ဟွာကျွင်းသည် စေတနာဖြင့် အရသာမျိုးစုံ မြည်းစမ်းစေချင်သောကြောင့် မေးမြန်းလိုက်သည်။ “မုန့်တွေကို အရသာလေးမျိုး ခွဲပြီး ပေးရမလား”
စုဝမ်သည် ကိတ်မုန့်လိပ်နှစ်မျိုးကိုသာ မြည်းဖူးသေးသည်။ အခြားအရသာများ ရှိသေးသည်ဟု ကြားသောအခါ သူမ၏ လေသံမှာ စိတ်လှုပ်ရှားသွား၏။ “ရတာပေါ့၊ ရတာပေါ့။ အကုန်လုံး ယူခဲ့ပါ။ အကုန်မြည်းကြည့်ချင်တယ်”
ကျောက်လုအာသည် သူငယ်ချင်း ဖြစ်သူမှာ မျိုးရိုးမြင့် သခင်မလေးတစ်ဦးနှင့် မတူဘဲ ကုန်သည်တစ်ဦးကိုပင် အစ်မဟု ခေါ်ကာ ပြုမူနေသည်ကို ကြည့်ပြီး မျက်လုံးများပင် ပြူးသွားရှာသည်။
“ငါက နင့်နောက်ကို အဖော်လိုက်ပေးတာ၊ ငါ့အတွက် သီးသန့်မှာပေးစရာ မလိုဘူးနော်”
စုဝမ်ကမူ သူမ၏ စကားကို တိုက်ရိုက်ပင် လျစ်လျူရှုလိုက်သည်။ “ဟွာကျွင်း၊ ကျွန်မပြောသလိုပဲ ပေးပါ”
ကျောက်လုအာသည် စုဝမ်ကို ဤမျှအထိ ဇွတ်တရွတ်နိုင်သူဟု တစ်ခါမျှ မထင်ခဲ့ဖူးပေ။
‘ကောင်းပြီလေ၊ လုပ်ချင်သလိုသာ လုပ်တော့။ မုန့်က မကောင်းရင် နင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့’
ဟွာကျွင်းသည် မူလအရသာ နှစ်ခု၊ အရသာသစ်နှစ်ခု၊ ချောကလက်အရသာ တစ်ခုနှင့် ကော်ဖီအရသာ တစ်ခုတို့ကို ယူကာ ပန်းကန်ငယ်လေးများဖြင့် သီးသန့်စီ ပြင်ဆင်ပေးလိုက်သည်။
ရုတ်တရက်ဆိုသလို မိန်းကလေးများ၏ စားပွဲဝိုင်းမှာ စားသောက်ဖွယ်ရာများနှင့် ပြည့်သွားတော့သည်။
စုဝမ်သည် မအောင့်နိုင်တော့ဘဲ မူလအရသာ ကိတ်မုန့်လိပ်ကို ဓားငယ်လေးဖြင့် လှီးဖြတ်လိုက်သည်။ ထိုမုန့်သည် သူမ ပါးစပ်ထဲ ရောက်သွားသည်နှင့် ကျေနပ်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်မိသည်။
‘ဟုတ်တယ်၊ ဒီအရသာပဲ၊ နို့နံ့ပြင်းပြင်းလေးနဲ့ ကိတ်သားက အိအိလေး’
စားပွဲရှိ အခြားငါးဦးမှာမူ မစားရဲသေးပေ။ စုဝမ်၏ အမူအရာကို မြင်သောအခါ သူတို့အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။ “တကယ်ပဲ အဲဒီလောက် အရသာရှိလို့လား”
ကျောက်လုအာ မွှေးရနံ့ကို ရသော်လည်း ပုံစံတူပြီး အရောင်မတူသော မုန့်များ၏ အံ့ဩဖွယ်အရသာကို မသိရှာပေ။
သူမသည် ကိတ်မုန့်လိပ်ကို အရင်မစားဘဲ လက်ဖက်ရည်အိုးကိုသာ လှမ်းယူလိုက်သည်။
သူမ အိုးကို မကာ ရှေ့ရှိ ခွက်ထဲသို့ နို့လက်ဖက်ရည်ကို လောင်းထည့်လိုက်သည်။ သင်းပျံ့သော လက်ဖက်ရည်ရနံ့မှာ သူမ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။
ပုံမှန်အားဖြင့် ကျောက်လုအာသည် အိမ်တွင် လက်ဖက်ရည်ကို ကိုယ်တိုင် ဖျော်သောက်လေ့ရှိသည်။ သို့သော် ဤလက်ဖက်ရည်မှာ ထူးခြားနေသည်။ စံပယ်ပန်းရနံ့ သင်းသင်းလေးမှာ နို့ရနံ့နှင့် ရောယှက်နေသည်။ သူမ အနံ့ကို အမှန်ပင် နှစ်သက်သွား၏။
သူမသည် တစ်ငုံမျှ မြည်းစမ်းလိုက်ရာ အမွှေးနံ့နှင့်အတူ အချိုဓာတ်လေးအပြင် အငန်ဓာတ်အနည်းငယ်ရလိုက်သည်။
သူမအနေဖြင့် ဤအရသာကို အတိအကျ ဖော်ပြရန် ခက်ခဲနေပါသည်။
အရသာကို သိနိုင်ရန် သူမ တစ်ခွက်ပြီး တစ်ခွက် ငုံ့သောက်မိတော့သည်။
ခဏအတွင်းမှာပင် လက်ဖက်ရည်အိုးထဲ၌ အနည်းငယ်သာ ကျန်တော့သည်။
ကျောက်လုအာသည် အိုးဖုံးကို လှန်ကြည့်လိုက်သောအခါ အထဲတွင် အစေ့အဆန်အလုံးလေးများကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။ သူမ ဇွန်းဖြင့် ထိုအစေ့များကို ခပ်ယူပြီး ခွက်ထဲထည့်ကာ အကုန်သောက်ပစ်လိုက်သည်။
ခွက်ကို ပြန်ချလိုက်သည့် အခါမှသာ သူမ၏ အပြုအမူမှာ အနည်းငယ် ရိုင်းပျသွားသည်ကို သတိပြုမိသည်။ သို့သော် မည်သူမျှ သူမကို သတိမထားမိကြပေ။ သူမ၏ ညီအစ်မများမှာ ကိတ်မုန့်လိပ်များကိုသာ အာရုံစိုက် စားနေကြပြီး စားပွဲပေါ်ရှိ ကိတ်မုန့်လိပ်များမှာ ကုန်လုနီးပါး ဖြစ်နေပါပြီ။
ကိတ်မုန့်လိပ် (၆)ခုကို လူ (၆) ဦး ခွဲဝေစားရမည် ဖြစ်သော်လည်း သူတို့သည် သူမ၏ ဝေစုကိုပင် စားထားသည်။ သို့သော် သူမကိုယ်တိုင်က မစားဘူးဟု ပြောထား၍ အပြစ်မတင်နိုင်ပေ။ သူမ စိတ်ထဲမှသာ တိတ်တဆိတ် နောင်တရနေမိသည်။
နို့လက်ဖက်ရည်က ဤမျှ အရသာရှိလျှင် မုန့်များမှာလည်း မဆိုးနိုင်ပေ။
ဟွာကျွင်းသည် မီးဖိုချောင်မှ ခေါင်းပြူထွက်ကြည့်လိုက်သည်။ စားပွဲပေါ်ရှိ အစားအသောက်များ အားလုံး ကုန်သွားသည်ကို မြင်သောအခါ သူမ အနားသို့ လျှောက်လာပြီး မေးလိုက်သည်။ “ကိတ်မုန့်လိပ်တွေက အရသာရှိရဲ့လား ညီမလေးတို့”
‘ဒီမုန့်ကို ကိတ်မုန့်လိပ်လို့ ခေါ်တာကိုး’
စုဝမ် ခေါင်းညိတ်ပြလိုက်သည်။ “အရသာရှိတယ်၊ ကျွန်မကတော့ ဒီနေ့ အသစ်ပါတဲ့ အရသာကို အကြိုက်ဆုံးပဲ။ အပြင်ဘက်မှာ အညိုရောင် အလွှာလေးပါတာလေ။ ခါးသက်သက်အရသာနဲ့ အချိုအရသာက ဒီလောက်အဆင်ပြေပြေ ရောယှက်နေလိမ့်မယ်လို့ မထင်ထားဘူး”
“အဲဒါက ချောကလက်အရသာလေ။ အမည်းရောင်တစ်ခုကတော့ ကော်ဖီအရသာကွဲ့”
“နာမည်တွေက တကယ် ထူးခြားတာပဲ”
ဟွာကျွင်းက ဆက် ရှင်းပြလိုက်သည်။
“ပြီးတော့ ညီမလေးတို့ သောက်တဲ့ နို့လက်ဖက်ရည်ထဲက ဒီတစ်အိုးက စံပယ်နို့လက်ဖက်ရည်လို့ ခေါ်တယ်။ အထဲမှာ အငန်အရသာချိစ် နဲ့ အစေ့အဆန်လေးတွေ ပါတယ်။ ဒီတစ်အိုးကတော့ ပိန်းဥနို့လက်ဖက်ရည်လေ၊ လက်ဖက်စိမ်းကို နို့နဲ့ ပိန်းဥ ပြန်ရောထားတာ။ နောက်တစ်အိုးကတော့ အော်စမန်းသပ်စ်ဆန်စေးလက်ဖက်ရည်ပဲ။ အော်စမန်းသပ်စ် ပန်းရနံ့နဲ့ ဆန်စေးနည်းနည်း ပါတယ်။ ကျန်တဲ့တစ်အိုးကတော့ ပုလဲနို့လက်ဖက်ရည်ကွဲ့။ အထဲမှာ ပုလဲလုံးလေးတွေနဲ့ တူတဲ့ ဂျုံလုံးလေးတွေ ပါတယ်”
မိန်းကလေးငယ်များသည် ဟွာကျွင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် တိုးတိုးတိတ်တိတ် ဆွေးနွေးကြတော့သည်။
“နာမည်လေးတွေက တကယ် လှတာပဲ၊ ငါကတော့ ပိန်းဥနို့လက်ဖက်ရည်ကို အကြိုက်ဆုံးပဲ”
“ငါကတော့ အော်စမန်းသပ်စ် ဆန်စေးလက်ဖက်ရည်ကို အကြိုက်ဆုံးပဲ”
“ငါကတော့ ပုလဲနို့လက်ဖက်ရည်က ကြိုက်တယ်။ အထဲက ပုလဲလုံးလေးတွေက ဝါးလို့ ကောင်းတယ်”
စုဝမ်သည် ဟွာကျွင်း၏ လက်မောင်းကို ဆွဲလိုက်၏။
“ဟွာကျွင်း၊ ညီမ ကိတ်မုန့်လိပ်တချို့ကို မိဘတွေအတွက် ပြန်ယူသွားချင်တယ်၊ ခုနက အရသာအသစ် နှစ်မျိုးလုံးနော်”
“ညီမလည်း ယူမယ်၊ ညီမလည်း ယူမယ်”
ကျောက်လုအာသည်လည်း အမူအရာကို မထိန်းနိုင်တော့ဘဲ အလောတကြီး ပြောသည်။ “ကျွန်မလည်း အိမ်အတွက် ဝယ်သွားမယ်”
သူမ ခေါင်းလှည့်ကြည့်လိုက်သောအခါ စုဝမ်၏ အကြည့်နှင့် သွားဆုံသည်။ စုဝမ်က ကျောက်လုအာ၏ အနားသို့ တိုးကပ်ကာ ပြောသည်။ “ငါပြောသားပဲ၊ အရသာရှိပါတယ်လို့”
ကျောက်လုအာသည် မျက်နှာလေး ရဲသွားပြီး ပြန်ဖြေသည်။ “အင်း...အတော်လေး ကောင်းပါတယ်”
မကြာမီမှာပင် ကိတ်မုန့်လိပ်များအားလုံး ရောင်းကုန်သွားပါတော့သည်။