အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁)
နာမည်ကြီးလာတဲ့ မုန့်ဆိုင်လေး
“မေမေ.. မေမေ.. ကြက်ကြော်က စားလို့ အရမ်းကောင်းတာပဲ။ သား နောက်ထပ် စားချင်သေးတယ်”
ကလေးများနှင့် အမျိုးသမီးများသည် အချိုပွဲများကို သဘောကျနှစ်သက်ကြသလို လူကြီးပိုင်းများကတော့ နို့လက်ဖက်ရည်ကို ပိုသဘောကျနေကြ၏။
ခေတ်သစ် လက်ဖက်ရည်၏ အရသာ သန့်စင်မှုနှင့် ထိန်းသိမ်းမှု နည်းပညာများက အမှန်တကယ့်ကို တိုးတက်နေပြီး အမျိုးအစားများကလည်း အစုံအလင်ရှိလှသည်။ ယခုလို နို့နှင့် သကြားအနည်းငယ် ပေါင်းစပ်လိုက်သည့်အခါ အရသာက တကယ့်ကို နှစ်သက်ဖွယ်ရာပင်။
နို့လက်ဖက်ရည်ကို တစ်ကျိုက်တည်း အဝသောက်တတ်သော လူငယ်များနှင့်မတူစွာ သူတို့ကတော့ အရသာကို အသေအချာ ခံစားနေကြသည်။ နို့လက်ဖက်ရည်ကို ခွက်အသေးလေးများထဲ ထည့်ကာ အရင်ဆုံး အနံ့ခံ၊ ပြီးမှ တစ်ငုံချင်း မြည်းစမ်းရင်း ကျန်ရစ်ခဲ့သည့် အရသာကို ဇိမ်ခံကာ ခံစားကြ၏။
တဖြည်းဖြည်းနှင့် စကားသံများ တိတ်ဆိတ်သွားပြီး အားလုံးက ရှေ့က စားစရာများကို အာရုံစိုက်ကာ မကြာခဏ သက်ပြင်းချရင်း အရသာခံနေကြတော့သည်။
စင်ပေါ်က ကပြဖျော်ဖြေသူများကတော့ ကခုန်သီဆိုနေကြသော်ငြား အောက်က ပရိသတ်တစ်ယောက်မှ သူတို့ကို မော့မကြည့်ကြပေ။
‘ဒီစုအိမ်တော်ကလူတွေ တကယ့်ကို ထူးဆန်းတာပဲ။ ငါတို့ကို ပိုက်ဆံပေးပြီး ကပြခိုင်းတယ်၊ ဒါပေမဲ့ သူတို့ကတော့ ခေါင်းငုံ့ပြီး စားဖို့ပဲ အာရုံစိုက်နေကြတယ်။ သူတို့ ဘာတွေစားနေမှန်းတော့ မသိဘူး။ ကြည့်ရတာ တကယ့်ကို စားကောင်းမဲ့ပုံပဲ။ နောက်ကျမှ သေချာ စုံစမ်းကြည့်ရမယ်’
အဒေါ်ကျန်းနှင့် စုယန်တို့ နှစ်ယောက်သာ အစားအသောက် ပျက်နေကြ၏။ စုယန်သည် ခုနက စုဝမ်ကို လှောင်ပြောင်ခဲ့သည့် စကားများကို ပြန်တွေးမိပြီး မျက်နှာလေး ဖြူဖျော့နေတော့သည်။
အဒေါ်ကျန်းသည် သူမအနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်၏။ “အသုံးမကျတဲ့ စုဝမ်မှာ ဒီလို အရည်အချင်းရှိမယ်လို့ မထင်ထားမိဘူး။ အမေ ပေါ့ဆသွားတယ်။ ဒီတစ်ခါတော့ သူမ တကယ့်ကို နာမည်ကြီးသွားပြီ”
စုယန် ငိုသံပါပါနှင့် ပြောတော့သည်။ “အမေ.. သမီး ဘယ်လိုလုပ်ရမလဲ။ သူက နာမည်ကြီးသွားပြီး။ သမီးကတော့ အလှောင်ခံရပြီ”
အဒေါ်ကျန်းသည် သူမကို မချော့ရသေးခင်မှာတင် အစေခံလေး ရောက်လာပြီး ဝမ်ဖူဆိုင်က ဆိုင်မန်နေဂျာကျန်း အိမ်ရှေ့မှာ ရောက်နေပြီး တွေ့ချင်ကြောင်း လာပြောသည်။
‘ဒီပြဿနာက စောင့်နေသေးတာကိုး’
အဒေါ်ကျန်းက နဖူးကို ဖိပြီး မတတ်သာဘဲ နေရာမှ ထကာ ဆိုင်မန်နေဂျာကျန်းကို သွားတွေ့ရတော့သည်။
ဆိုင်မန်နေဂျာကျန်း သူမကို မြင်သည်နှင့် အလောတကြီး ပြောတော့၏။ “ဝမ်းကွဲအမ ဆိုင်ပိတ်လိုက်ပြီ။ မုန့်တွေကို ဘယ်အချိန် လာပို့ပေးရမလဲ”
အဒေါ်ကျန်းက မျက်စောင်းထိုးရင်း ဆိုသည်။ “မပို့နဲ့တော့။ ဒီနေ့ ဝမ်ဖူဆိုင်က မုန့်တွေကို ငါတို့ မလိုတော့ဘူး”
ဆိုင်မန်နေဂျာကျန်းက ဒေါသထွက်သွားသည်။ “ဘာပြောတာလဲ။ ငါက နင့်အတွက် အထူးတလည် ဖယ်ထားပေးတာလေ၊ အခုမှ မလိုတော့ဘူး ပြောရလား”
“ငါက ဘာလုပ်နိုင်မှာလဲ။ လူတွေက အတောင်စုံနေကြပြီလေ။ မြို့ပြင်က နာမည်မရှိတဲ့ ဆိုင်လေးက မုန့်တွေကို သုံးလိုက်ကြတာ”
“မုန့်က ဘယ်ကလာလာ ငါ ဂရုမစိုက်ဘူး၊ နင် မှာထားတာဆိုတော့ ပိုက်ဆံပေးရမယ်”
“ဘာလို့ ပေးရမှာလဲ။ နင်တို့ ဝမ်ဖူဆိုင်က တောထဲက ဆိုင်စုတ်လေးလောက်တောင် မကောင်းတာ နင်တို့ အပြစ်ပဲလေ”
ပြောပြီးနောက် သူမသည် ဆိုင်မန်နေဂျာကျန်းကို ဂရုမစိုက်တော့ဘဲ အိမ်ထဲ ပြန်ဝင်သွားတော့သည်။ သူကတော့ နောက်ကနေ အော်ဟစ်ကျန်ရစ်ခဲ့လေ၏။
မုန့်ဆိုင်ထဲက လူလေးယောက်ကတော့ စုအိမ်တော်မှာ ဘာဖြစ်နေမှန်း မသိကြပေ။ သူတို့က စားပွဲမှာ ဝိုင်းထိုင်ပြီး စတိတ် (အသားကင်)ကို အားရပါးရ စားနေကြသည်။
“ဟင်း.. ဒီအမဲသားက တကယ်ကို မွှေးပြီး နူးညံ့တာပဲ” မော့ချွမ်းက ပါးစပ်ထဲ အမဲသား ပလုတ်ပလောင်းနှင့်ပြောလာသည်။
ကျန်းရှီယွဲ့ကလည်း အမဲသားတစ်ဖတ်ကို မျိုချပြီး ထောက်ခံ၏။ “ဒီငရုတ်ကောင်းဆော့စ်နဲ့ တွဲစားလိုက်တာ အရသာက တကယ့်ကို ထူးခြားတာပဲ”
တာ့နွီကတော့ ပါးစပ်ထဲမှာ အပြည့်မို့ စကားမပြောနိုင်ဘဲ ခေါင်းကို အဆက်မပြတ် ငြိမ့်နေတော့သည်။
ဟွာကျွင်းက ရှင်းပြ၏။ “အမဲသားချက်နည်းက နှစ်မျိုးရှိတယ်။ (၅) မိနစ်နဲ့ ချက်တာရယ်၊ (၅) နာရီနဲ့ ချက်တာရယ်”
ကျန်းရှီယွဲ့က မေးသည်။ “နာရီ ဆိုတာ ဘာလဲ”
“အင်း.. ရှင်တို့အခေါ် ‘ရှီချန်’ နဲ့ တူမယ် ထင်တယ်။ (၅) နာရီဆိုတာ ရှင်တို့ဆီက (၂)ရှီချန်လောက်ပေါ့”
စတိတ်တစ်ခုတည်းနှင့် မဝသောကြောင့် ဟွာကျွင်းက စပါဂတီ (အီတလီခေါက်ဆွဲ)လေးပွဲ ထပ်ချက်ပေးလိုက်၏။ လေးယောက်သား ဗိုက်ကားအောင် စားပြီးနောက် ကုလားထိုင်ပေါ် မှီရင်း ဘဝက ဘယ်လောက်တောင် သာယာသလဲဆိုသည်ကို တွေးနေကြတော့သည်။
ဟွာကျွင်း တစ်ခုခု သတိရသွားပြီး မတ်မတ်ထိုင်ကာ တာ့နွီကို ပြောလိုက်၏။ “အချိန်က နှောင်းနေပြီ။ အခုတော့ မော့ချွမ်းက ညီမလေးကို အိမ်ပြန်လိုက်ပို့ပေးမယ်။ ဒါပေမဲ့ မော့ချွမ်း ခရီးဝေးသွားတဲ့အခါကျရင် ဆိုင်မှာ ဒီလောက်နောက်ကျတဲ့အထိ မစောင့်နဲ့၊ အန္တရာယ်များတယ်”
တာ့နွီက ကြောက်ကြောက်လန့်လန့်နှင့် မေးလိုက်သည်။ “မမ.. ညီမလေး ဆိုင်မှာပဲ အိပ်လို့မရဘူးလားဟင်။ ကြမ်းပြင်ပေါ်မှာ အိပ်ရင်လည်း ရပါတယ်”
မုန့်ဆိုင်က မိုးလင်းသည်နှင့် ဟွာကျွင်းတို့ခေတ်ကို ပြန်ရောက်သွားပေလိမ့်မည်။ အကယ်၍ တာ့နွီ သာ ဆိုင်မှာ အိပ်နေရင် နောက်နေ့မနက်မှာ အပျက်အစီးများကြားထဲ နိုးလာမည်ဖြစ်၍ အန္တရာယ်ရှိရုံတင်မကဘဲ တကယ့်ကို ထိတ်လန့်စရာ ကောင်းလိမ့်မည်။
ဟွာကျွင်းသည် သူမ ကြည့်ဖူးသော ထိတ်လန့်ဖွယ်ရာ ရုပ်ရှင်များထဲက ဇာတ်လမ်းများကို ပြန်တွေးမိပြီး ကြက်သီးတောင် ထသွားသည်။
“တာ့နွီ၊ မမ ညီမလေးကို ဆိုင်မှာ အိပ်ခွင့်မပေးနိုင်ဘူး။ ဒါက ဆိုင်ရဲ့ စည်းကမ်းပဲ”
တာ့နွီက နားမလည်သော်လည်း ခေါင်းငြိမ့်ပြလိုက်၏။ “ဟုတ်ကဲ့ပါ မမ၊ ညီမလေး နားထောင်ပါ့မယ်”
တစ်နေကုန် အလုပ်ရှုပ်ထားသောကြောင့် ဟွာကျွင်း တော်တော်လေး ပင်ပန်းနေပါ၏။ သူမသည် ကုလားထိုင်ပေါ် မှီရင်း ကျန်းရှီယွဲ့နှင့် မော့ချွမ်းတို့ စကားပြောနေသည်ကို နားထောင်နေရင်း မသိလိုက်ဘဲ အိပ်ပျော်သွားတော့သည်။
နိုးလာတော့ သူမတစ်ယောက်တည်း ကျန်ခဲ့လေပြီ။
ကိုယ်ပေါ်မှာ စောင်ပါးလေးတစ်ထည် ခြုံပေးထားပြီး ဆိုင်ကလည်း ပြောင်လက်နေအောင် သန့်ရှင်းထားသည်။ ဤခံစားချက်လေးက တကယ်ကို နွေးထွေးလှ၏။
မျက်တောင်တစ်ခတ်အတွင်းမှာ (၇) ရက်တာ အားလပ်ရက် ကုန်ဆုံးသွားသည်။ (၈) ရက်နေ့ မနက်စောစောမှာ ဟွာကျွင်းသည် အပ်ချုပ်သမနှင့် တွေ့ပြီး လွှဲပြောင်းမှုကို အပြီးသတ်လိုက်၏။
ငွေငါးသိန်းကို ပိုင်ရှင့်အကောင့်ထဲ လွှဲပေးလိုက်ပြီး ပိုင်ရှင်က သော့များကို လွှဲပေးသည်။ ယခုတော့ ဟွာကျွင်း၏ မုန့်ဆိုင်က ယခင်ကထက် နှစ်ဆ ပိုကျယ်သွားတော့သည်။
တစ်ချိန်တည်းမှာ ရှေးဟောင်းပစ္စည်းဆိုင်မှ သတင်းကောင်း ရောက်လာ၏။ ပန်းအိုးနှင့် သေတ္တာကို အံ့ဩစရာကောင်းသော ဈေးနှုန်းတစ်ခုနှင့် ရောင်းလိုက်နိုင်သည်။
ယွမ် ၁၅ သန်း (၁၅၀၀၀၀၀၀) တဲ့။
၎င်းသည် ဟွာကျွင်း အိမ်မက်တောင် မမက်ဖူးသော ပမာဏပင်။ မုန့်ဆိုင်ဖွင့်သည်မှာ ရက်ပိုင်းပဲ ရှိသော်ငြား သူမဟာ ငွေကြေးကန့်သတ်မှုမှ လွတ်ကင်းသွားတော့၏။
ဟွာကျွင်းသည် အနာဂတ်အတွက် ယုံကြည်မှုများ အပြည့်ရှိနေသည်။ သူမသည် ဆိုင်ကို သေသေချာချာ ကြိုးကြိုးစားစား လုပ်ကိုင်သွားမည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။
ပထမဆုံး သူမ လုပ်သည်မှာ ကောလိပ်တုန်းက ရခဲ့သော ကားလိုင်စင်ကို ပြန်ရှာပြီး ပေါ်ရှေး (အက်စ်ယူဗွီ) ကားတစ်စီး ဝယ်လိုက်ခြင်းပင်။ ထိုသို့သာဆိုလျှင် ကားငှားစရာ မလိုတော့ပေ။
ထို့နောက် စူပါမားကတ်မှာ ပစ္စည်းထပ်ဖြည့်ပြီး ဆိုင်သို့ ပြန်လာလိုက်၏။ ဘေးက ဆိုင်ခန်းတံခါးကို ဖွင့်လိုက်သည့်အခါ ဖုန်နံ့များက သူမကို ဆီးကြိုနေတော့သည်။ ပင့်ကူအိမ်များက နေရာအနှံ့၊ နံရံဆေးများကလည်း ကွာကျနေ၏။ ဟွာကျွင်း သန့်ရှင်းရေး ကုမ္ပဏီကို ခေါ်ပြီး တစ်အိမ်လုံးကို သန့်ရှင်းခိုင်းကာ ပရိဘောဂ အဟောင်းများကို အကုန် စွန့်ပစ်လိုက်သည်။
ညနေကျတော့ အိမ်က သန့်ရှင်းပြီးသွား၏။ မနက်ဖြန်ကျရင် အိမ်တွင်းအလှဆင်သည့် ကုမ္ပဏီနှင့်တွေ့ပြီး ဒီဇိုင်းပုံကြမ်းများကို ဆွေးနွေးရမည်။
မနက်စောစောမှာ လုမင်ကျဲနှင့် လျိုဖန်တို့ ဝမ်ဖူဆိုင်ကနေ မုန့်အချို့ကို ကိုင်ပြီး ထွက်လာကာ ရှေ့က ကျောက်ခြင်္သေ့ရုပ်ကို မှီရပ်နေကြသည်။
လုမင်ကျဲသည် သူ့လက်ထဲက တစ်ဝက်လောက် စားထားသည့် နဂါးမုတ်ဆိတ်လိပ်ကို ကြည့်ပြီး လျိုဖန်ကို ပြော၏။ “ဒီနေ့ နဂါးမုတ်ဆိတ်လိပ်က ဘာဖြစ်နေတာလဲ မသိဘူး။ လုံးဝ မကြွပ်ဘူး၊ မနေ့က မုန့်အဟောင်းကြီးလိုပဲ”
လျိုဖန်က အံ့ဩသွားသည်။ “မဖြစ်နိုင်တာ၊ လပြည့်ပွဲတော် ပြီးသွားတာဆိုတော့ မုန့်အဟောင်းတွေ ကျန်စရာ အကြောင်းမရှိဘူး”
လူမင်ကျဲသည် သူ့လက်ထဲက မုန့်ကို လျိုဖန်ကို ကမ်းပေးလိုက်၏။ “မြည်းကြည့်မလား”
ထိုအချိန်မှာ လူအချို့ ဖြတ်သွားရင်း ပြောနေသည့် စကားများက လူမင်ကျဲ၏ နားထဲကို ဝင်လာ၏။
“မင်း ကြားပြီးပြီလား။ စုအိမ်တော်က လပြည့်ပွဲတော်မှာ နှစ်တိုင်း ဝမ်ဖူဆိုင်က မုန့်တွေကို သုံးတာ၊ ဒါပေမဲ့ ဒီနှစ်မှာ တခြားဆိုင်က မုန့်တွေကို သုံးလိုက်တယ်တဲ့၊ တကယ် စားကောင်းတယ်လို့ ပြောကြတယ်”
“ငါ ကြားတယ်။ မြို့ပြင်က ‘ဟွာကျွင်းမုန့်ဆိုင်’ တဲ့။ အဲဒီဆိုင်မှာ ပုစွန်ထုပ် ဆိုတဲ့ ဟင်းတစ်မျိုးလည်း ရှိတယ်၊ တစ်နိုင်ငံလုံးမှာ အဲဒီလို အရသာမျိုး နောက်ထပ် မရှိဘူးတဲ့”
“စားဖူးတဲ့သူတွေ ပြောတာတော့ အနံ့က သုံးရက်တောင် မပျောက်ဘူးတဲ့”
“အခွင့်အရေးရရင် သွားစားကြည့်ရမယ်”
လုမင်ကျဲနှင့် လျိုဖန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပြောလိုက်၏။ “ငါ မြို့ပြင်ကို သွားကြည့်ချင်တယ်”
လျိုဖန်က မေးလိုက်သည်။ “ကျောက်မိသားစုက ကောင်လေး ပြောတာတော့ အဲဒီဆိုင်က ပုစွန်ထုပ်က တကယ် စားကောင်းတယ်တဲ့။ ဒါပေမဲ့ ခုနစ်ရက် ပိတ်ထားပြီး ညဘက်မှ ဖွင့်မယ်လို့ ပြောတယ်၊ အခုဆို ခုနစ်ရက် ပြည့်လောက်ပြီ”
လုမင်ကျဲက လမ်းတစ်ဖက်ကို ကြည့်ကာဆိုသည်။ “ဒါဆို ဒီည သွားစားကြမယ်လေ။ တကယ် စားကောင်းရင် ငါ့အစ်ကိုအတွက်ပါ ဝယ်သွားပေးချင်တယ်”
စားစရာများကို နေရာချပြီးနောက် မုန့်ဆိုင်လေး ပြန်ဖွင့်ပါပြီ။ ဟွာကျွင်းဆိုင်တံခါး ဖွင့်လိုက်သည့်အခါ တကယ်ကို လန့်သွားသည်။ ဆိုင်ရှေ့မှာ လူတန်းကြီးက အရှည်ကြီး ဖြစ်နေပြီး မော့ချွမ်းက အရှေ့ဆုံးကနေ ထုံးစံအတိုင်း စီတန်းဖို့ ကူညီပေးနေ၏။
ဟွာကျွင်းက မော့ချွမ်းကို မေးသည်။ “ဘာတွေ ဖြစ်ကုန်တာလဲ”
မော့ချွမ်းက ပြန်ဖြေသည်။ “မနေ့က တစ်မြို့လုံးမှာ ဒီဆိုင်က စားစရာတွေအကြောင်း သတင်းတွေ ပြန့်သွားတာလေ။ ဒါကြောင့် ဆိုင်ဖွင့်တာနဲ့ စားရအောင် အစောကြီး လာစောင့်နေကြတာ”
အခန်း (၂၂)
အစုံလိုက်ပွဲ မှာယူခြင်း
စစ်သည်တော်တစ်ယောက်ပီပီ မော့ချွမ်း၏ စကားက တကယ့်ကို ဩဇာတိက္ကမ ရှိသောကြောင့် မည်သူမှ မငြင်းရဲကြပေ။ သူတို့သည် လက်သီးလက်မောင်းတန်းရင်း စိတ်လှုပ်ရှားစွာနှင့် မော့ချွမ်းကို ကြည့်နေကြပြီး အစီအစဉ်တကျဖြစ်အောင်တောင် အချင်းချင်း ဝိုင်းဝန်း ထိန်းသိမ်းပေးနေကြသည်။
ပထမဆုံး ဧည့်သည်အုပ်စု ဆိုင်ထဲဝင်ပြီး နေရာယူလိုက်ကြ၏။ ဟွာကျွင်းက ပြောလိုက်သည်။ “ကျွန်မတို့ မုန့်ဆိုင်မှာ ဟင်းပွဲတွေကို စိတ်ကြိုက် မှာလို့မရပါဘူးရှင်။ ဒီနေ့အတွက်တော့ အစုံလိုက်ပွဲ တစ်မျိုးပဲ ရှိပါတယ်။ အဲဒီထဲမှာ ခေါက်ဆွဲခြောက် တစ်ပွဲ၊ ကိတ်မုန့် တစ်စိတ်၊ အူဒုံ အသားတုတ်နဲ့ ဟင်းသီးဟင်းရွက်တုတ်တစ်ချောင်းစီ ပါဝင်ပါမယ်။ တစ်ပွဲကို ကြေးပြား(၁၀၀)ကျသင့်မှာဖြစ်ပြီး တစ်ယောက်ကို တစ်ပွဲပဲ ကန့်သတ်ထားပါတယ်ရှင်။ အကယ်၍ သီးခြားမှာချင်တယ်ဆိုရင်တော့ နံရံက ဈေးနှုန်းစာရင်းမှာ ကြည့်နိုင်ပါတယ်”
ဟွာကျွင်း စကားပြောနေစဉ် ကျန်းရှီယွဲ့ ရေးပေးထားသည့် ဈေးနှုန်းစာရင်းကို မော့ချွမ်းက နံရံမှာ ကပ်လိုက်၏။
ဧည့်သည်များက ယခုမှာယူရသည့်ပုံစံသစ်ကို ပထမဆုံး ကြုံဖူးတာမို့ အချင်းချင်း ဆွေးနွေးကြတော့သည်။
“အစုံလိုက်ပွဲက တစ်ခုချင်းမှာတာထက် အများကြီး သက်သာတာပဲဟ”
“ငါကတော့ မုန့်စားချင်လို့ လာတာ။ ခေါက်ဆွဲခြောက်နဲ့ အူဒုံဆိုတာ ဘာကြီးလဲ မသိဘူး၊ တစ်ခါမှ မကြားဖူးဘူး။ ကိတ်မုန့်ပဲ မှာတော့မယ်”
“ဒီဆိုင်က ပစ္စည်းတွေက တော်တော်လေး ထူးခြားတယ်လို့ ငါထင်တယ်၊ အစုံလိုက်ပွဲကိုပဲ မြည်းကြည့်ရမယ်”
“ဆိုင်က ဈေးတွေကတော့ မသေးဘူးနော်။ ခေါက်ဆွဲ တစ်ပွဲကို ပြား (၃၀)တဲ့၊ အပြင်မှာ ခေါက်ဆွဲတစ်ပွဲမှ ပြားနည်းနည်းပဲ ပေးရတာ။ ခေါက်ဆွဲဆိုတာ ရှားပါးပစ္စည်းမှ မဟုတ်တာ၊ ကိတ်မုန့်ဝယ်တာက ပိုတွက်ခြေကိုက်မယ်”
စားပွဲလေးခု၌ တစ်ဝိုင်းကပဲ အစုံလိုက်ပွဲကို မှာပြီး ကျန်သည့်သူများကတော့ နာမည်ကြီးနေသော ကိတ်မုန့်ကိုသာ ရွေးချယ်ကြသည်။
တာ့နွီကတော့ စာမတတ်သည့်အတွက်ကြောင့် မုန့်များကို လိုက်ပို့ပေးရပြီး၊ မော့ချွမ်းသည် မှာယူမှုများကို မှတ်ပေးကာ ဟွာကျွင်းက မှာထားတာများကို ပြင်ဆင်ပေးနေလေ၏။
ကိတ်မုန့်များက အဆင်သင့် လှီးထားပြီး၍ ချက်ချင်း ရောက်လာသည်။ ကိတ်မုန့် မှာထားသည့်သူများကတော့ တကယ့်ကို ကျေနပ်နေကြသည်။ “ဒီတစ်ခေါက် လာရတာ တကယ်ကို တန်တယ်ဟေ့”
သို့သော် အစုံလိုက်ပွဲ မှာထားသည့် စားပွဲမှာတော့ ဘာမှ ရောက်မလာသေးပေ။ တစ်ယောက်က သူတို့ကို လှမ်းစနောက်သည်။ “ဒီဆိုင်မှာ ကိတ်မုန့်ပဲ အကောင်းဆုံးဟ။ ငါတို့လို လူလည်လုပ်မှပေါ့။ မင်းတို့ အစုံလိုက်ပွဲ မှာထားတာ ကြာလှပြီ၊ ဘာမှလည်း မစားရသေးဘူး၊ ငါတို့စားနေတာ ကြည့်ပြီး ဗိုက်မဆာဘူးလား”
မကြာခင်မှာ မီးဖိုချောင်ထဲမှ အမဲသား ခေါက်ဆွဲနံ့ သင်းပျံ့လာတော့သည်။ ထိုအနံ့က တကယ့်ကို ပြင်းထန်လွန်းသောကြောင့် တစ်ချက်ရှူလိုက်သည်နှင့် ဘေးနားက တခြားအနံ့များ မှေးမှိန်သွားပြီး မည်သူမှ မအောင့်နိုင်တော့ပေ။
“ဒါ ဘာနံ့လဲ။ တကယ့်ကို ထူးခြားတာပဲ”
မော့ချွမ်းက မေးစေ့ကို အသာမပြီး ဂုဏ်ယူစွာ ရှင်းပြလိုက်၏။ “ဒါက ခေါက်ဆွဲရဲ့ အနံ့လေ”
အစုံလိုက်ပွဲ မှာထားသည့် စားပွဲကလူများကတော့ ပြုံးပျော်သွားကြသည်။ “ဒါ အစုံလိုက်ပွဲထဲက ခေါက်ဆွဲခြောက်လား။ ငါတို့ ရွေးချယ်တာ မှန်သွားပြီဟေ့”
တာ့နွီက တစ်ပွဲချင်း လိုက်ချပေးသည်။ သူမ၏ လင်ဗန်းကြီးထဲတွင် အမဲသားခေါက်ဆွဲတစ်ပွဲ၊ ကိတ်မုန့် တစ်စိတ်နှင့် အူဒုံတုတ်ချောင်းများကို သေသေချာချာ ထည့်ထားသည်။ စားပွဲပေါ် ချပေးရင်း သူမက ဆိုသည်။ “ဧည့်သည်ရှင့်၊ ဒါက အစုံလိုက်ပွဲပါ”
ဘေးစားပွဲက လူများပါ ဝိုင်းအုံကြည့်ကြလာသည်။ ထို့ဝိုင်းသည် ခေါက်ဆွဲကို ခက်ရင်းနှင့် ခပ်စားလိုက်ပြီးသည့်အခါ တန်းပြီး မေးတော့သည်။ “ဘယ်လိုလဲ၊ စားကောင်းလား”
ခေါက်ဆွဲစားနေသူများက တစ်လုပ်စားကြည့်ပြီးသည့်အခါ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ စကားမပြောနိုင်ဘဲ ဒုတိယတစ်လုပ်ကို ထပ်စားသည်။ ဘေးကလူများကတော့ စိတ်မရှည်တော့ဘဲ ဝိုင်းမေးကြ၏။ “မြန်မြန်ပြောစမ်းပါ။ စားကောင်းလား၊ မကောင်းဘူးလား၊ မင်း အနေတာလား”
သုံးလုတ်လောက် ဆက်တိုက် စားပြီးတော့မှ ထိုလူက စကားပြောနိုင်တော့သည်။ “စားကောင်းတယ်၊ တကယ် စားကောင်းတယ်။ ငါ့ဘဝမှာ ဒီလောက် အရသာရှိတဲ့ ခေါက်ဆွဲမျိုး တစ်ခါမှ မစားဖူးဘူး”
အဖြေကို ကြားလိုက်ရသော ဘေးစားပွဲကလူများက ဟွာကျွင်းကို လှမ်းအော်ကြတော့သည်။ “ဆိုင်ရှင် ကျွန်တော်တို့လဲ ခေါက်ဆွဲ တစ်ပွဲ ထပ်မှာချင်လို့”
မော့ချွမ်းကတော့ ပြတ်ပြတ်သားသားပဲ ငြင်းလိုက်၏။ “တောင်းပန်ပါတယ်၊ တစ်ခါပဲ မှာလို့ရပါတယ်။ စားပြီးရင် နောက်လူတွေအတွက် နေရာဖယ်ပေးပါဦး။ မနက်ဖြန်ကျမှ အစောကြီး လာခဲ့ကြပါ”
အားလုံးလည်း မတတ်သာဘဲ ပိုက်ဆံရှင်းပြီး ဆိုင်ထဲက ထွက်သွားကြရသည်။ ဆိုင်ရှေ့မှာ တန်းစီနေသူများက မေးကြတော့သည်။ “ဘာအနံ့လဲ အရမ်းမွှေးတာပဲ”
သူတို့က ခေါင်းခါရင်း ပြောလိုက်ကြသည်။ “အစုံလိုက်ပွဲကိုပဲ မှာစား”
လုမင်ကျဲနဲ့ လျိုဖန်တို့က လူအုပ်ကြားမှာ တဖြည်းဖြည်း တိုးလာကြသည်။ လျိုဖန်က မေးသည်။ “အနံ့ရလား။ ဒါ ပုစွန်ထုပ်နံ့များလား၊ တကယ် မွှေးတာပဲ”
လုမင်ကျဲ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။ “ဒီလောက် လူတွေ အများကြီး တန်းစီနေတာဆိုတော့ ငါတို့ ဒီတစ်ခေါက် လာရတာ မမှားဘူး ထင်တယ်”
ရှေ့က တန်းစီနေသည့်သူက ယခင်က စားဖူးသော ဖောက်သည်ဟောင်း ဖြစ်နေသည်။ သူက လှည့်ကြည့်ပြီး ဂုဏ်ယူစွာ မေးလာသည်။ “ပထမဆုံးအကြိမ် လာတာလား”
လျိုဖန်က ပြန်ဖြေလိုက်၏။ “ဟုတ်ပါတယ်”
“ဒါ ငါ့ရဲ့ တတိယအကြိမ်မြောက်ပဲ။ ဒီဆိုင်က ခုနစ်ရက် ပိတ်ထားပြီး ဒီနေ့မှ ပြန်ဖွင့်တာလေ၊ မဟုတ်ရင် ငါ နေ့တိုင်းလာတာ။ ပထမဆုံးအကြိမ်ဆိုတော့ အကုန်လုံးကို မြည်းကြည့်ဖို့ အကြံပေးချင်တယ်၊ အကုန် စားကောင်းတယ်”
နောက်ဆုံးတော့ သူတို့ ဆိုင်ထဲ ရောက်ဖို့ နီးလာပြီး ဆိုင်အတွင်းပိုင်းကို မြင်လိုက်ရသည်။ မီးရောင်များ လင်းထိန်နေပြီး ရိုးရိုးရှင်းရှင်း ပြင်ဆင်ထားကာ စားပွဲနှင့် ကုလားထိုင် အနည်းငယ်သာ ရှိ၍ ထူးခြားတာတော့ မရှိပေ။
ရှေ့လူက အစုံလိုက်ပွဲ မှာသည်ကို ကြားလိုက်ရ၏။ သူတို့အလှည့်ရောက်တော့ အစုံလိုက်ပွဲထဲမှာ ဘာပါသလဲ မေးပြီး ထိုအစုံလိုက်ပွဲကိုသာ မှာလိုက်ကြသည်။ ထို့နောက် နောက်ဆုံးကျန်သည့် လွတ်နေသော စားပွဲမှာ ထိုင်လိုက်ကြသည်။
မုန့်ဆိုင်က အတော်လေး ထူးဆန်းသည်။ ဝန်ဆောင်မှု နည်းပါးပြီး ဧည့်သည်ကပဲ မေးမြန်းရ၏။ တစ်ဦးတည်းသော ဝန်ထမ်းမလေးကလည်း ဝန်ထမ်းနှင့်မတူဘဲ စားပွဲများကို သန့်ရှင်းလိုက်၊ ဘာစားမလဲ လိုက်မေးလိုက်နှင့် အလုပ်ရှုပ်နေသော်လည်း မည်သူမှ ဂရုမစိုက်ကြပေ။
လုမင်ကျဲ ဘေးစားပွဲက မမြင်ဖူးသည့် စားစရာများကို ကြည့်နေမိသည်။ ဧည့်သည်များ၏ အမူအရာက ခမ်းနားကြီးကျယ်သည့် စားတော်ပွဲကြီးကို စားနေရသည့်အလားပင်။ သူက လျိုဖန်ကို တီးတိုး မေးလိုက်၏။ “ဒီအရသာကို ငါ့အစ်ကို ကြိုက်ပါ့မလား”
မကြာခင်မှာ အစုံလိုက်နှစ်ပွဲ ရောက်လာသည်။ လျိုဖန်က သူ့ခက်ရင်းနှင့် စားစရာများကို ဟိုမွှေဒီမွှေ လုပ်ကြည့်ပြီး မော့ချွမ်းကို လှမ်းခေါ်သည်။ “ပုစွန်ထုပ် ဘယ်မှာလဲ။ ငါတို့က ပုစွန်ထုပ် စားချင်လို့ လာတာလေ၊ ဘာလို့ မပါတာလဲ”
မော့ချွမ်းက အလုပ်ရှုပ်နေသောကြောင့် လှည့်တောင်မကြည့်အားပဲ ပြန်ပြောသည်။ “ဒီနေ့ ပုစွန်ထုပ် မရှိဘူး။ ဒီဆိုင်မှာ ကြိုက်တာမှာလို့ မရဘူး၊ ရှိတာပဲ စားရမယ်”
လျိုဖန်က နေရာမှာတင် မတ်တတ်ရပ်လျက်သား ဘာလုပ်ရမှန်း မသိဖြစ်သွားသည်။ သူ လုမင်ကျဲကို ကြည့်ပြီး ဘာဆက်လုပ်မလဲလို့ မေးသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
လူမင်ကျဲက သူ့ကို အရင်ထိုင်ခိုင်းလိုက်ပြီး ပြော၏။ “မရှိတော့လည်း ရှိတာပဲ စားရမှာပေါ့။ တခြားဟာတွေ မြည်းကြည့်တာလည်း ကောင်းတာပဲ”
လျိုဖန်ကတော့ စားပွဲပေါ်က စားစရာများကို စိတ်ပျက်လက်ပျက် ကြည့်နေပြီး စားချင်စိတ်ပါ ပျောက်သွားတော့သည်။ “လူတိုင်းက ပုစွန်ထုပ်က အကောင်းဆုံးပဲလို့ ပြောနေကြတာလေ။ မင်းအစ်ကိုအတွက်တောင် ဝယ်သွားပေးချင်တာ။ အခု ဒါက ဘာကြီးလဲ”
သူသည် လွန်ခဲ့သည့် ရက်ပိုင်းက လူအများ ဤဆိုင်က ပုစွန်ထုပ်အကြောင်း တဖွဖွ ပြောနေသည်ကို ကြားခဲ့ရပြီး စားချင်ခဲ့သော်လည်း ဆိုင်က ခုနစ်ရက် ပိတ်ထားခဲ့သည်ယခု ပြန်ဖွင့်တာကို စောင့်ပြီး သူငယ်ချင်းကို ခေါ်ကာ အစောကြီး လာပြီး တန်းစီခဲ့ရသေး၏။
နောက်ဆုံး ဆိုင်ထဲရောက်ပြီး လူတိုင်းမှာသည့် အစုံလိုက်ပွဲကို မှာလိုက်သော်လည်း ပုစွန်ထုပ်၏ အမြီးတောင် မမြင်ရပေ။ လျိုဖန်ကတော့ သူ့ကိုယ်သူ ထောင်ချောက်ထဲ ကျသွားသလို ခံစားနေရသည်။
“ဒါကတော့ လွန်လွန်းတယ်”
သူ စားပွဲကို ရိုက်လိုက်သော်လည်း ဧည့်သည်များကတော့ ဂရုမစိုက်ကြပေ။ မော့ချွမ်းကတော့ ကြားသွားပြီး လာရှင်းပြ၏။ “ဆိုင်မှာ စားကောင်းတာတွေ အများကြီး ရှိတာပဲ၊ ဘာလို့ ပုစွန်ထုပ်ကိုပဲ အတင်းစားချင်နေရတာလဲ။ ဒါပေမဲ့ ဒီနေ့ လူတွေ အများကြီး လာမေးနေကြလို့ ဟွာကျွင်းက ပုစွန်ထုပ်ကို ပြန်ရောင်းဖို့ စဉ်းစားနေပါတယ်”
လျိုဖန်က မကျေမနပ်ဖြစ်ပြီး ဘာမှ မစားရသေးတာကြောင့် ပိုက်ဆံပြန်တောင်းချင်နေသည်။
‘ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ ဒီလို လှည့်ဖြားမှုကို သူ လက်မခံနိုင်ပေ’
သို့သော် သူလှည့်ကြည့်လိုက်သည့်အခါ လုမင်ကျဲက ခေါက်ဆွဲများကို အားရပါးရ စားနေပြီး ပြောလိုက်၏။
“မင်း ဘာလို့ မစားသေးတာလဲ။ ဒီခေါက်ဆွဲက တကယ့်ကို စားကောင်းတာပဲ။ ပြီးတော့ ကိတ်မုန့်လေးကလည်း အရမ်းနူးညံ့ပြီး မွှေးနေတာပဲ”
လုမင်ကျဲ ချိ့စ်ကိတ်ကို တစ်ကိုက် ကိုက်လိုက်သည်။ နို့အရသာဆိမ့်ဆိမ့်လေးက ပါးစပ်ထဲမှာ ပြည့်နှက်သွားသည်။ ဝါးနေစရာပင် မလိုဘဲ လျှာပေါ်မှာတင် ပျော်ဝင်သွား၏။
ထို့နောက် ခေါက်ဆွဲကို တစ်လုတ်စားလိုက်သည်။ အမဲသားနံ့က ဟင်းရည်နှင့် ခေါက်ဆွဲသားထဲမှာ အပြည့် စိမ့်ဝင်နေသည်။ အမဲသား ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အရေးမကြီးတော့ပေ။ ခေါက်ဆွဲသားကလည်း နူးညံ့ပြီး အရသာက ထူးခြားလှသည်။ လုမင်ကျဲ ခေါက်ဆွဲတစ်လုတ်၊ ကိတ်မုန့်တစ်လုတ်၊ ငါးဆုပ်လုံးလေးတစ်လုတ်နှင့် ခေါက်ဆွဲဟင်းရည် တစ်ငုံကို တစ်လှည့်စီ သောက်နေတော့၏။ ချို၊ ငန်၊ ဆိမ့်အရသာများက သူ့ပါးစပ်ထဲမှာ စစ်ခင်းနေကြသလိုပင်။
လျိုဖန် တစ်ယောက် ကြောင်ကြည့်နေမိသည်။ သူက နှုတ်ခမ်း သပ်ရင်း မေးလိုက်ရ၏။“တကယ်ပဲ... အဲဒီလောက်တောင် စားကောင်းလား”