အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅)
ခေါက်ဆွဲအစုံလိုက် ပွဲ
“မြန်မြန်လာကြည့်ဦး၊ အဲဒီတံခါးကနေတစ်ဆင့် အခန်းထဲကို လမ်းလျှောက်ဝင်လို့ရမရ စမ်းကြည့်ပေး”
ဟွာကျွင်းသည် တံခါးနားတွင် ရပ်လျက် မော့ချွမ်းနှင့် တာ့နွီကို စမ်းသပ်ကြည့်ခိုင်းသည်။
သို့သော် သူတို့သည် တံခါးကို လုံးဝမမြင်ရပေ။ မော့ချွမ်းက အံ့ဩတကြီး ဆို၏။
“ဒါက နံရံကြီးပဲဟာ၊ ဘယ်မှာလဲ တံခါးက”
ဟွာကျွင်းက တာ့နွီကို ထပ်မံမေးမြန်းရာ တာ့နွီကလည်း ခေါင်းခါပြသည်။
“မမ... တာ့နွီ တံခါးကို မမြင်ရဘူး”
ထိုတံခါးကို သူမတစ်ဦးတည်းသာ မြင်နိုင်သည်လော။ ဟွာကျွင်းသည် တံခါးကိုဖွင့်၍ တစ်ဖက်ခန်းထဲသို့ ဝင်သွားပြီးနောက် ပြန်ထွက်လာခဲ့၏။ ထိုအခါ သူမသည် မော့ချွမ်းနှင့် တာ့နွီတို့၏ မျက်နှာများ ဖြူလျော့နေသည်ကို မြင်လိုက်ရသည်။ အကြောင်းမူကား သူတို့မျက်စိရှေ့တွင် ဟွာကျွင်းမှာ လေထဲ၌ ရုတ်တရက် ပျောက်ကွယ်သွားသောကြောင့်ပင်။
“ဒါဆို မင်းက တကယ့်ကို နတ်သမီးပဲပေါ့”
မော့ချွမ်း အော်ပြောလိုက်သည်။
ဟွာကျွင်းက ပြန်လည်ရှင်းပြ၏။
“နတ်သမီးမဟုတ်ပါဘူး၊ တခြားကမ္ဘာတစ်ခုကို သွားခဲ့တာပါ”
မော့ချွမ်းက မေးမြန်းသည်။
“မင်းက အဲဒီကမ္ဘာက လာတာလား”
“ဟုတ်တယ်၊ ကျွန်မ အဲဒီကမ္ဘာက လာတာ။ ရှင်တို့စားနေတဲ့ အစားအသောက်တွေနဲ့ ဒီမုန့်ဆိုင်ထဲက ပစ္စည်းမှန်သမျှက တခြားကမ္ဘာက အရာတွေပဲ”
တာ့နွီက စပ်စုလိုစိတ်ဖြင့် မေးသည်။
“မမတို့ ကမ္ဘာကလူတွေကလည်း အစားစားဖို့ လိုလားဟင်”
ဟွာကျွင်းက ဖြေကြားသည်။
“ဟုတ်တာပေါ့၊ ငါတို့က တကယ်တော့ နင်တို့ရဲ့ အနာဂတ်လိုမျိုးပါပဲ”
“ဒါဆို မမက ကျွန်မတို့ကို အနာဂတ်ဆီ ခေါ်သွားလို့ရလား”
“မရဘူး၊ တကယ်တော့ ဒီမုန့်ဆိုင်ကပဲ ကျွန်မကို ရှင်တို့ဆီ ခေါ်လာပေးတာ။ ဘာလို့လဲဆိုတာ ကျွန်မလည်း မသိဘူး၊ ဒီအတိုင်းပဲ ရောက်လာတာ..”
ထိုသူနှစ်ဦးမှာ တစ်ဝက်တစ်ပျက် နားလည်ဟန်ဖြင့် ခေါင်းငြိမ့်ကြလေသည်။
မုန့်ဆိုင်မှ ပြန်ထွက်လာသောအခါ မော့ချွမ်းက တာ့နွီအား မှာကြား၏။
“ဒီနေ့ မုန့်ဆိုင်နဲ့ ပတ်သက်တဲ့ကိစ္စကို ငါတို့နှစ်ယောက်လုံး လုံးဝ ဖွင့်မပြောရဘူး။ အကယ်၍ မုန့်ဆိုင်ရဲ့ လျှို့ဝှက်ချက်သာ ပေါက်ကြားသွားရင် ငါတို့ ဟွာကျွင်းကို ဘယ်တော့မှ ထပ်တွေ့ရတော့မှာ မဟုတ်ဘူး”
တာ့နွီသည် မုန့်ဆိုင်ဘက်သို့ ပြန်လည်ကြည့်ရှုကာ ခိုင်မာသော မျက်ဝန်းများဖြင့် ဆိုသည်။
“ကျွန်မ ဒီလျှိုဝှက်ချက်ကို သေချာပေါက် ထိန်းသိမ်းပါ့မယ်”
ဟွာကျွင်းမှာ စိတ်ရှုပ်နေမိသည်။ သူမက ဘေးရှိဆိုင်ခန်းကို ယူကာ ဆိုင်နှစ်ဆိုင်ကြားတွင် တံခါးဖောက်လိုက်လျှင် မုန့်ဆိုင်ဧရိယာကို နှစ်ဆတိုးနိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် ယနေ့တွင် မော့ချွမ်းနှင့် တာ့နွီတို့မှာ တစ်ဖက်ဆိုင်ခန်းသို့ မရောက်နိုင်ကြသဖြင့် ထိုအစီအစဉ်မှာ မဖြစ်နိုင်တော့ပေ။
“အော်... ဟုတ်သားပဲ၊ တာ့နွီက ငါ့အခန်းထဲ ရောက်ဖူးသားပဲ”
တာ့နွီသည် သူမ၏ အိပ်ရာကိုပင် ကူညီသိမ်းဆည်းပေးခဲ့ဖူးသည်ကို ဟွာကျွင်း သတိရသွားသည်။
ထို့ကြောင့် မုန့်ဆိုင်၏ နယ်ပယ်အတွင်း၌ အပေါ်ထပ်အခန်းများ ပါဝင်လောက်၏။ သူမသည် အိပ်ခန်းကို ဘေးခန်းသို့ ရွှေ့လိုက်နိုင်ပြီး ဒုတိယထပ်ကို အသစ်ပြန်ပြင်ကာ တံခါးအပြင်ဘက်တွင် စားပွဲနှင့် ထိုင်ခုံများ ထပ်တိုးချထားနိုင်လောက်သည်။ ထိုမျှဆိုလျှင် လုံလောက်လိမ့်မည်။
အချိန်မဆွဲတော့ဘဲ နောက်တစ်နေ့တွင် ပြုပြင်ရေးကုမ္ပဏီတစ်ခုကို ရှာဖွေကာ ဒီဇိုင်းပုံစံများကို ရေးဆွဲခိုင်းလိုက်၏။
ဘေးရှိ အဆောက်အအုံမှာလည်း နှစ်ထပ်ဖြစ်သည်။ အောက်ထပ်ကို ဧည့်ခန်းနှင့် မီးဖိုချောင်အဖြစ် ထားရှိပြီး အိပ်ခန်းကို အပေါ်ထပ်တွင် ထားရှိရန် စီစဉ်ထားပါ၏။
သူတို့သည် ရိုးရှင်းသော ပုံစံကိုသာ ရွေးချယ်လိုက်ကြ၏။ အခန်းတွင်း လင်းထိန်စေရန် နောက်ဘက်နံရံတွင် အပေါ်ထပ်၌ တစ်ခု၊ အောက်ထပ်၌ တစ်ခု ကြမ်းပြင်အထိရောက်သော မှန်ပြတင်းပေါက်ကြီးနှစ်ခုကို တပ်ဆင်လိုက်သည်။
အောက်ထပ်အခြမ်းတစ်နေရာကို မီးဖိုချောင်အဖြစ် သတ်မှတ်လိုက်၏။ ဟွာကျွင်းသည် ပစ္စည်းများ သိုလှောင်ရန် လမ်းလျှောက်ဝင်နိုင်သည့် ရေခဲသေတ္တာကြီးတစ်ခု(ရေခဲခန်းအကြီးကြီး) ဝယ်ရန် စီစဉ်ထားသဖြင့် ညဘက်တွင် မုန့်ဆိုင်၌ ပစ္စည်းကုန်သွားလျှင် အိမ်ထဲမှ လာယူနိုင်ပေမည်။
ဘေးဆိုင်ခန်း ပြုပြင်ပြီးမှသာ မုန့်ဆိုင်၏ အပေါ်ထပ်ကို စားသောက်ခန်းအဖြစ် ပြောင်းလဲနိုင်မည်။ ထို့ကြောင့် ဟွာကျွင်းသည် ညဘက်၌ ဆိုင်အပြင်ဘက်တွင် ချထားရန် ရိုးရှင်းသော စားပွဲနှင့် ထိုင်ခုံအချို့ကို ဝယ်ယူလိုက်၏။
ဤကိစ္စများကို စီစဉ်ပြီးနောက် သူမသည် အသစ်ဝယ်ထားသော Porsche ကားကို စီးကာ ပစ္စည်းများ ဝယ်ရန် မြို့ထဲသို့ မောင်းထွက်ခဲ့သည်။ နေရာအတွက် စိတ်မပူရတော့သဖြင့် ပစ္စည်းများကို ပိုမိုဝယ်ယူရန် ဆုံးဖြတ်လိုက်ပြီး ပထမဆုံးအနေဖြင့် ပေါင်းအိုးအကြီးကြီးတစ်ခုကို ဝယ်ယူလိုက်၏။
အသင့်စား ခေါက်ဆွဲများမှာ တစ်ခါစားလျှင် အရသာရှိသော်လည်း နေ့တိုင်းစားလျှင် ငြီးငွေ့စရာကောင်းသဖြင့် ဟွာကျွင်းသည် အသင့်စားခေါက်ဆွဲကို လောလောဆယ် မရောင်းရန် ဆုံးဖြတ်လိုက်၏။
ယနေ့ညအတွက် မီနူးမှာ ဖက်ထုပ်အသေး ၊ ပုစွန် ဖက်ထုပ်၊ နှမ်းဆော့စ်ခေါက်ဆွဲ နှင့် ပဲနီလေး မိုချီလုံး တို့ဖြစ်ပြီး အချိုပွဲအတွက် ကိတ်လိပ် တို့ ဖြစ်သည်။
မုန့်ဆိုင်သို့ ပြန်ရောက်သောအခါ ဟွာကျွင်းသည် ပထမဆုံးအနေဖြင့် သောက်ရေအိုးကြီး နှစ်အိုးကို ပြင်ဆင်ပြီး နှမ်းဆော့စ်နှင့် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးကို စားပွဲပေါ်တွင် ထားလိုက်သည်။ ဤနည်းဖြင့် ဟွာကျွင်းသည် ပြုတ်ပြီးသား ခေါက်ဆွဲများကို တာ့နွီထံ တိုက်ရိုက်ပေးနိုင်မည်ဖြစ်ပြီး တာ့နွီက ဆိုင်ထဲ၌ ခေါက်ဆွဲနယ်ကာ ဧည့်သည်များကို တိုက်ရိုက်ချပေးနိုင်မည်။
ပို့ဆောင်ရေးဝန်ထမ်းများက ပေါင်းအိုးကို တပ်ဆင်ပြီးနောက် ဟွာကျွင်းသည် ပေါက်စီများနှင့် ပုစွန်ဖက်ထုပ်များကို အထဲသို့ ထည့်ကာ ဆိုင်မဖွင့်မီ ၁၅ မိနစ်အလိုတွင် စတင်ပေါင်းလေသည်။
ပဲနီလေး မိုချီလုံးများကိုမူ ဟွာကျွင်းသည် အချိုပွဲဆိုင်တစ်ခုမှ လတ်လတ်ဆတ်ဆတ် ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ကို မြေအိုးကြီး ၅ လုံးထဲသို့ ထည့်လိုက်ပြီး ညဘက်တွင်တော့ အချိုရည်များကို မီးဖိုပေါ်တင်ကာ အပူပေးလိုက်၏။
ဤအလုပ်များကို လုပ်ပြီးသောအခါ ဟွာကျွင်းမှာ ခါးတောင် မဆန့်နိုင်အောင် ပင်ပန်းသွားတော့သည်။ သူမသည် ဆိုင်ပြင်သည့်ကိစ္စကို စီမံပြီးနောက် မြို့ထဲသို့ ပစ္စည်းသွားဝယ်ရပြန်သည်။ ညဘက်တွင်လည်း ဆိုင်ဖွင့်ရဦးမည်။ သူမသည် ခါးကို နှိပ်နယ်ရင်း သက်ပြင်းချလိုက်၏။
“ပိုက်ဆံရှာရတာ တကယ်မလွယ်ဘူးပဲ”
ညနေခင်းတွင် ဟွာကျွင်းသည် တံခါးကို ဖွင့်လိုက်ရာ အပြင်ဘက်၌ တန်းစီနေသူများမှာ ရှည်လျားနေဆဲပေ။
တာ့နွီသည် စောစောရောက်နေပြီး ယနေ့တွင် တန်းစီသူများ၏ အရှေ့ဆုံး၌ ရှိနေ၏။ ဆိုင်ဖွင့်သည်နှင့် သူမသည် ဟွာကျွင်းအား ကူညီ၍ စားပွဲနှင့် ထိုင်ခုံများကို အပြင်ဘက်သို့ ထုတ်ကာ စီစဉ်ပေးသည်။ မော့ချွမ်း မရှိသဖြင့် သူတို့နှစ်ဦးမှာ အနည်းငယ် နှေးကွေးနေ၏။ အပြင်ဘက်မှ စားသုံးသူအချို့က သူတို့ကို မြင်သောအခါ ဝိုင်းဝန်းကူညီပေးကြသည်။
ဟွာကျွင်းသည် ကြိုတင်ရေးသားထားသော မီနူးကိုလည်း ဆိုင်အဝင်တွင် ကပ်ထားလိုက်၏။
“ဒီနေ့ အစုံလိုက်ပွဲက ပြား(၁၂၀) တဲ့၊ ခေါက်ဆွဲသုပ် တစ်ပွဲ၊ ပေါက်စီ၊ ပုစွန်ဖက်ထုပ် ဒါမှမဟုတ် အသားပေါင်း (၃) လုံး၊ ကိတ်မုန့်လိပ် တစ်ခုနဲ့ ပဲနီလေး မိုချီလုံး တစ်လုံး ပါဝတယ်။ ဆိုင်ရှင်၊ ဘာလို့ ဒီနေ့ မီနူးက ထပ်ပြောင်းသွားတာလဲ” ဆိုင်ထဲသို့ ပထမဆုံးဝင်လာသော ဧည့်သည်က မေးမြန်းသည်။
“မုန့်ဆိုင်ရဲ့ မီနူးက နေ့တိုင်း ပြောင်းလဲနေမှာပါ။ ဒီနေ့လည်း တစ်ယောက်ကို အစုံလိုက်ပွဲ တစ်ပွဲပဲ ကန့်သတ်ထားပါတယ်”
“မနေ့ညက အသင့်စားခေါက်ဆွဲက မဝသေးဘူး၊ ဒါပေမဲ့ ဒီနေ့တော့ မစားရတော့ဘူးပေါ့”
“စိတ်မပူပါနဲ့၊ ဒီနေ့ ခေါက်ဆွဲသုပ်ကလည်း သေချာပေါက် အရသာရှိမှာပါ။ နှမ်းဆော့စ် ဒါမှမဟုတ် ကြက်သွန်မြိတ်ဆီ ကြိုက်တာ ရွေးလို့ရပါတယ်၊ မှာတဲ့အခါ ဝန်ထမ်းကို ပြောလိုက်ပါ”
“ဆိုင်ရှင်က အာမခံတယ်ဆိုရင်တော့ ကျွန်တော် ဒီနေ့လည်း အစုံလိုက်ပွဲပဲ စားပါ့မယ်”
သူ့ကို အတုယူ၍ နောက်မှ ဧည့်သည်များကလည်း အစုံလိုက်ပွဲများကိုသာ မှာယူကြတော့သည်။
လုမင်ကျဲသည်လည်း ထိုအချိန်တွင် ဆိုင်ထဲ၌ ထိုင်နေ၏။ ဟွာကျွင်းသည် လှည့်ကြည့်လိုက်ရာ သူ့ကို မှတ်မိသဖြင့် ပြုံးပြလိုက်သည်။
“ရှင့်အစ်ကို မနေ့က စားရဲ့လား”
လုမင်ကျဲသည် ထရပ်ကာ အလေးအနက် အရိုအသေပေးရင်း ဆိုသည်။
“မနေ့က ဆိုင်ရှင်ရဲ့ အကူအညီကြောင့် ကျွန်တော့်အစ်ကို အစားဝင်သွားပါတယ်။ ကျွန်တော့်မှာ ဒါကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိပေမဲ့ နောင်တစ်ချိန်မှာ ဆိုင်ရှင် အကူအညီလိုတာရှိရင် အသက်ကို ပဓာနမထားဘဲ ကူညီပေးဖို့ အသင့်ပါပဲ”
ဟွာကျွင်းသည်လည်း ထိုစကားကို ကြားရသဖြင့် အလွန်ဝမ်းသာသွားသည်။ ရှေးခေတ်လူများမှာ ချက်ပြုတ်နည်း ကန့်သတ်ချက်ရှိပြီး ဟင်းခတ်အမွှေးအကြိုင် အလွန်နည်းပါးသဖြင့် ဟွာကျွင်းမုန့်ဆိုင်၏ အစားအသောက်များမှာ ဤမျှ လူကြိုက်များနေခြင်း ဖြစ်မည်။ ခေတ်မီအစားအစာ၏ ကြွယ်ဝသော အရသာကို မည်သည့်ရှေးခေတ်လူမျှ ငြင်းပယ်နိုင်မည် မဟုတ်ပေ။
“ကောင်းတာပေါ့။ ဒါက အစားအသောက်လေး တင်ပါ၊ စိတ်ထဲ သိပ်မထားပါနဲ့”
“ဒါပေမဲ့ ကျွန်တော့်အစ်ကိုက အင်အားသိပ်မရှိသေးတော့ ဒီနေ့လည်း သူ့အတွက် အစားအသောက်အချို့ ပါဆယ်ယူသွားချင်ပါတယ်။ ဆိုင်ရှင်က အဆင်ပြေအောင် လုပ်ပေးနိုင်မလားလို့ပါ”
“ဒါဆို သူ ဒီနေ့ တစ်နေ့လုံးရော ဘာစားသေးလဲ”
လုမင်ကျဲက ခေါင်းခါပြသည်။
“ဒီနေ့လည်း အိမ်တော်က စားစရာတွေကို တစ်ချက် မထိဘူး၊ အနံ့ရတာနဲ့တင် ပျို့အန်နေတာပါ”
“ဒါဆို ရှင့် အတွက် အစားအသောက် ပိုပြင်ပေးမယ်၊ သူ မနက်ဖြန် နေ့ခင်းထိ စားလို့ရတာပေါ့။ ဒါပေမဲ့ အစားအသောက် ပျက်တာက စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကြောင့် များပါတယ်။ အဲဒီဘက်ကနေ စပြီး ကြိုးစားကြည့်ကြည့်ပါ”
လုမင်ကျဲသည် အစ်ကိုဖြစ်သူ အိမ်ပြန်ရောက်ကတည်းက စိတ်ဓာတ်ကျနေသည်ကို သတိရသွား၏။ ဒဏ်ရာအပြင်းထန် ရခဲ့ခြင်းကြောင့်ဟု ထင်ခဲ့သော်လည်း ယခု ဟွာကျွင်းက သတိပေးလိုက်သဖြင့် ပြန်ရောက်လျှင် ထပ်ပြီးမေးမြန်းကြည့်ရန်နှင့် သမားတော်လျိုနှင့် ထပ်မံတိုင်ပင်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် ဟွာကျွင်းအား ကျေးဇူးတင်စကား ထပ်မံ ဆိုလိုက်သည်။
ခေါက်ဆွဲသုပ်အတွက် ဟင်းခတ်အမွှေးအကြိုင် အချိုးအစားကို တာ့နွီအား ပြောပြပြီးနောက် ဟွာကျွင်းသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားကာ အပြင်ပိုင်းကို တာ့နွီအား လွှဲထားလိုက်၏။
တာ့နွီသည် စာမဖတ်တတ်သော်လည်း အလွန်ထက်မြက်သည်။ သူမသည် အစုံလိုက်ပွဲရှိ ပစ္စည်းအမျိုးမျိုးကို မှတ်သားရန် အမှတ်အသား အမျိုးမျိုးကို အသုံးပြုသည်။
ဟွာကျွင်းသည် တာ့နွီ အပြင်ဘက်တွင် အဆင်ပြေပြေ ကိုင်တွယ်နေသည်ကို မြင်ရသဖြင့် စိတ်ချလက်ချ အစားအစာများကို ပြင်ဆင်နေ၏။ ကိတ်မုန့်များကို ပန်းကန်ငယ်လေးများပေါ် တင်သည်၊ ပုစွန်ကော်ပြန့်ထုပ်ကဲ့သို့ အဆာပြေမုန့်များကို ပေါင်းအိုးထဲမှ ယူလိုက်၏။ သူမ၏ အဓိကတာဝန်မှာ ခေါက်ဆွဲပြုတ်ရန် ဖြစ်သည်။
အိုးထဲမှ ရေများမှာ ဆူပွက်နေပြီ ဖြစ်သည်။ (၅) မိနစ်အကြာတွင် ခေါက်ဆွဲများကို ဆယ်ယူ၍ တာ့နွီထံ ပေး၏။ တာ့နွီက ပဲငါးပိရည်၊ နှမ်းဆော့စ်နှင့် ကြက်သွန်မြိတ်ဆီတို့ကို လောင်းထည့်ကာ နှမ်းစေ့နှင့် အခြားဟင်းခတ်များ ဖြူးပေးလိုက်တော့ အဆင်သင့် ဖြစ်သွားသည်။
စားစရာများကို လျင်မြန်စွာ ချပေးနိုင်ခဲ့ပြီး တုံ့ပြန်မှုများမှာလည်း ကောင်းမွန်လှသည်။ မကြာခင်မှာပင် ဆိုင်ထဲ၌ ချီးကျူးသံများဖြင့် ပြည့်နှက်သွားတော့၏။
လုမင်ကျဲ စားသောက်ပြီးတော့မည်ကို ဟွာကျွင်း မြင်သောအခါ အစုံလိုက်ပွဲ တစ်ပွဲကို ပါဆယ်ထုတ်ပေးသည့်အပြင် ဖက်ထုပ်အချို့ကိုပါ ထည့်ပေးလိုက်၏။ အသားပေါက်စီ (၂) လုံး၊ ဝက်သားနီပေါက်စီ (၂) လုံးနှင့် ကတ်စတက်ပေါက်စီ (ကြက်ဥပေါက်စီ)( ၂) လုံးတို့ဖြစ်ပြီး ၎င်းတို့မှာ မနက်ဖြန် မနက်စာအတွက်ပေ။
သူမသည် ရေခဲသေတ္တာထဲတွင် ရှာဖွေကြည့်ရာ မှိုနှင့် ကြက်သားဟင်း တစ်ပွဲကို တွေ့သွားသည်။
ထို့နောက် ထမင်းဖြူ နှစ်ဇွန်းအပြည့် ခပ်ထည့်ကာ မိုက်ခရိုဝေ့ဖ်ဖြင့် အပူပေးထားသော မှိုကြက်သားဟင်းကို လောင်းထည့်ပြီးနောက် ရေဘဝဲလုံး အသေးလေး (၄) လုံး ထည့်ပေးလိုက်၏။ ဤတစ်ပွဲမှာ နေ့လယ်စာအတွက် အကောင်းဆုံး ဖြစ်သည်။
ညစာအတွက်မူ ဟွာကျွင်းသည် အခြားအိုးတစ်လုံးဖြင့် အသားနှင့် ဟင်းသီးဟင်းရွက် ဆန်ပြုတ်တစ်အိုးကို တည်လိုက်သည်။ ဆန်ပြုတ်မှာ နူးညံ့ကာ အရသာရှိပြီး နှမ်းဆီအစက်အချို့ကြောင့် အလွန်မွှေးကြိုင်လှသည်။
ဟွာကျွင်းက ဤအစားသောက်များမှာ ပြန်နွှေးရန် လွယ်ကူကြောင်း လုမင်ကျဲအား အသေးစိတ် ရှင်းပြပေးသည်။
“ဒီဘူးက ဒီနေ့ညအတွက်၊ ပြန်နွှေးရတာ ခက်ပြီး အေးသွားရင် ဗိုက်နာနိုင်လို့ မြန်မြန်စားတာ အကောင်းဆုံးပဲ”
“ဒီဘူးထဲမှာတော့ ပေါက်စီအမျိုးမျိုး ပါတယ်၊ မနက်ဖြန်မနက်ကျရင် စားလို့ရတယ်။ ပေါင်းအိုးနဲ့ နွှေးလိုက်ရုံပဲ”
“ဒီဘူးထဲမှာတော့ ထမင်းနဲ့ ဟင်းပါတယ်၊ ဒါကိုလည်း ပေါင်းအိုးနဲ့ပဲ နွှေးပါ။ ဟင်းနဲ့ ထမင်းကို သီးသန့်ခွဲစရာ မလိုဘူး”
“နောက်ဆုံး ဒီဘူးကတော့ ဆန်ပြုတ်ပဲ။ မနက်ဖြန်ညကျရင် မီးအေးအေးနဲ့ အပူပြန်ပေးပြီးမှ စားပါ”
အခန်း (၂၆) ပိုက်ဆံဆိုတာ ပူလောင်တဲ့အရာမဟုတ်ဘူး
ဟွာကျွင်း၏ စေ့စပ်သေချာသော စီစဉ်ပေးမှုများအတွက် လုမင်ကျဲမှာ အလွန်ပင် ကျေးဇူးတင်နေမိ၏။
“ကျေးဇူးတင်ပါတယ် ဆိုင်ရှင်။ ဒီတစ်ခါ အစ်မရဲ့ အားတက်သရော ကူညီမှုသာမရှိရင် ကျွန်တော့်အစ်ကို ဒီဆောင်းရာသီကို ကျော်ဖြတ်နိုင်ပါ့မလား မသေချာဘူး”
သူသည် ဖောင်းကားနေသော ငွေအိတ်တစ်အိတ်ကို ထုတ်ယူကာ ဟွာကျွင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ကျွန်ေတာ်မှာ တကယ်ပဲ ဒီကျေးဇူးကို ပြန်ဆပ်ဖို့ နည်းလမ်းမရှိလို့ပါ။ ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ ”
ဟွာကျွင်းသည် ပြုံးလျက်ပင် လက်ခံလိုက်၏။ ဆင်းရဲသား သာမန်အရပ်သားများထံမှ ပိုက်ဆံယူရလျှင် သူမ စိတ်ထဲ တစ်မျိုးဖြစ်မိသော်လည်း လုမင်ကျဲမှာ ကြည့်ရသည်နှင့် ချမ်းသာကြွယ်ဝသူဖြစ်ကြောင်း သိသာလှသဖြင့် ဤငွေကို ယူရသည်မှာ သူမအတွက် ပူလောင်ခြင်း လုံးဝမရှိပေ။
“ကျေးဇူးပါပဲ။ ရှင့်အစ်ကို ဘာကြိုက်တတ်လဲဆိုတာ ကျွန်မ မသိလို့ အကုန်လုံးကို နည်းနည်းစီ ထည့်ပေးထားတယ်။ ပြန်ရောက်ရင် သေချာလေး အကဲခတ်ကြည့်ဦး၊ အစ်ကိုက ဘာကို အထူးတလည် နှစ်သက်တယ်ဆိုတာ သိရင် ကျွန်မကို ပြောပြလို့ရတယ်။ နောက်တစ်ခါကျရင် အခုထက်ပိုပြီး သေသေချာချာ ပြင်ဆင်ပေးလို့ရတာပေါ့”
လုမင်ကျဲသည် ပါဆယ်ထုပ်ကြီး သုံးထုပ်ဖြင့် စစ်သူကြီးအိမ်တော်သို့ ပြန်ရောက်သောအခါ လူတိုင်းမှာ မအိပ်ကြသေးဘဲ လုမင်လီ၏ အခန်းထဲတွင် စုထိုင်နေကြသော်လည်း လုမင်လီမှာ ကုတင်ပေါ်တွင် မှီလျက် စိတ်အားထက်သန်စွာ စောင့်မျှော်နေလေသည်။
လူတိုင်းမှာ မျှော်လင့်ချက်ရော စိုးရိမ်စိတ်ပါ ဒွန်တွဲနေကြကာ လုမင်လီ အစား ပိုဝင်လာမည်ကို မျှော်လင့်သလို၊ မနေ့ညက အခြေအနေမှာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး ယနေ့တွင် စားနိုင်တော့မည်မဟုတ်မှာကိုလည်း စိုးရိမ်နေကြ၏။
ထို့ကြောင့် လုမင်ကျဲသည် စစ်သူကြီးအိမ်တော်ထဲသို့ ခြေချလိုက်သည့်အခါ မျှော်လင့်တကြီး စိုက်ကြည့်နေကြသော အကြည့်များကြောင့် ပထမဆုံးအကြိမ်အဖြစ် သူကိုယ်သူ သူရဲကောင်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။
လုမင်ကျဲသည် ပါဆယ်တစ်ထုပ်ကို စားပွဲပေါ်တင်လိုက်ပြီး ကျန်သုံးထုပ်ကိုမူ မီးဖိုချောင်တွင် သေချာသိမ်းဆည်းထားရန် အစေခံမလေးတစ်ဦးထံ ပေးလိုက်သည်။
ချက်ချင်းဆိုသလိုပင် အခြားအစေခံမလေးတစ်ဦးက ရှေ့သို့တက်လာကာ ပါဆယ်ကို ဖြည်လိုက်၏။ သူသည် မေးကို အနည်းငယ် ပင့်လိုက်ကာ အေးအေးလူလူ ထိုင်နေလိုက်သည်။
လူတိုင်း၏ အာရုံမှာ အစားအသောက်ဘူးများပေါ်တွင်သာ ရှိနေသည်ကို သိသော်လည်း သူသည်သာ အကြီးမားဆုံး အကျိုးဆောင်ပေးသူဖြစ်သည်ဟု ခံစားနေမိဆဲပင်။ သူ့ကို အချစ်ဆုံးဖြစ်သော အဘွားဖြစ်သူကလည်း သူ့ကို ချီးကျူးရန် မမေ့ပေ။
“မင်ကျဲ... မြေး ပင်ပန်းသွားပြီ၊ လက်ဖက်ရည်လေး သောက်လိုက်ဦး”
ဘူးများကို တစ်ခုပြီးတစ်ခု ဖွင့်လိုက်သည့်အခါ လုမင်လီသည် ရင်းနှီးနေသော အသင့်စားခေါက်ဆွဲနံ့ကို မရသဖြင့် ပထမတော့ အနည်းငယ် စိတ်ပျက်သွားမိ၏။ သို့သော် မနေ့က တစ်လုံးတည်း စားခဲ့ရသော်လည်း ရင်ထဲစွဲကျန်နေသည့် ပေါက်စီအသေးလေးများကို မြင်လိုက်ရသည်။
သူသည် ပေါက်စီတစ်လုံးကို တူဖြင့် ညှပ်ယူလိုက်သည့်အခါ လူတိုင်းမှာ အသက်ကို အောင့်ထားကြလျက် သူ၏ လှုပ်ရှားမှုများကို စူးစိုက်ကြည့်နေကြသည်။
စွပ်ပြုတ်ရည်များ စင်ထွက်မသွားစေရန် သူသည် ပေါက်စီတစ်လုံးလုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဝါးလိုက်သည်။ ထိုအခါမှသာ လူတိုင်းက သက်ပြင်းချနိုင်ကြပြီး အဘွားဖြစ်သူသည်လည်း တင်းထားသော ကျောပြင်ကို လျှော့ချကာ ကုလားထိုင်ပေါ်သို့ ဖြည်းဖြည်းချင်း မှီချလိုက်တော့သည်။
ပေါက်စီလေးမှာ နွေးနေဆဲဖြစ်ပြီး အချိုရော အငန်ပါ အရသာရှိသော စွပ်ပြုတ်ရည်လေး ပါဝင်သည်။ မျိုချပြီးနောက် သူက တရစပ် ချီးကျူးတော့၏။
“အင်း။ မနေ့ကထက်တောင် ပိုစားကောင်းသေးတယ်”
အဘွားဖြစ်သူ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာကာ တတွတ်တွတ် ခေါင်းငြိမ့်နေတော့သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ စားကောင်းရင် အများကြီးစားပါ မြေးရယ်”
လုမင်လီက အစေခံမလေးအား အဘွားအတွက် ပေါက်စီတစ်လုံး ပေးရန် ခိုင်းလိုက်၏။
“အဘွား... အဘွားလည်း မြည်းကြည့်ပါဦး။ တခြား စားစရာတွေလည်း အများကြီး ရှိသေးတယ်၊ မြေး အကုန်မစားနိုင်ပါဘူး”
အဘွားဖြစ်သူကမူ အခြားအရာများသည် လုမင်လီ၏ အကြိုက်နှင့် မတွေ့မည်ကို စိုးရိမ်သဖြင့် လုမင်လီ စားပြီးမှသာ သူမ စားမည်ဟု ဇွတ်အတင်း ငြင်းဆိုသည်။
ဟွာကျွင်းသည်လည်း အစားအသောက်များမှာ သူ၏ အကြိုက်နှင့် မတွေ့မည်ကို စိုးရိမ်သဖြင့် အစုံလိုက်ပွဲအပြင် ‘ရှားကျောင်း’ (ပုစွန်ဖက်ထုပ်) သုံးခုကို သီးသန့် ပါဆယ်ထည့်ပေးလိုက်သေး၏။
လုမင်လီမှာ မတတ်သာသဖြင့် ပုစွန်ဖက်ထုပ်ကို တူဖြင့် ညှပ်ယူလိုက်ရပြန်သည်။
“ဒီဖက်ထုပ်လေးက တကယ့်ကို နုနယ်ပြီး လက်ရာမြောက်တာပဲ။ သူ့ရဲ့ အကာက အရမ်းပါးလွှာလွန်းလို့ အထဲက အစာကိုတောင် မြင်နေရတယ်။ သာမန်ဖက်ထုပ်တွေနဲ့ လုံးဝကို ကွဲပြားတာပဲ”
“ဒါကို ပုစွန်ဖက်ထုပ်လို့ ခေါ်တာ၊ အထဲမှာ ပုစွန်တစ်ကောင်လုံး ပါတယ်လေ”
သူက အကြံပေးလိုက်သည်။
“ကျွန်တော်ထင်တာကတော့ ရှာလကာရည် လေး နည်းနည်း တို့စားရင် ပိုကောင်းမယ် ထင်တယ်”
လုမင်လီသည် ညီဖြစ်သူ၏ အကြံပေးချက်အတိုင်း ပုစွန်ဖက်ထုပ်၏ ထောင့်တစ်ဖက်ကို ရှာလကာရည် လေး အနည်းငယ် တို့လိုက်၏။
ရှာလကာရည်၏ အချဉ်ဓာတ်က ပုစွန်၏ ပင်လယ်စာညှီနံ့ကို ပျောက်သွားစေပြီး ပုစွန်ဖက်ထုပ်၏ နုနယ်သော အရသာကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ပေးလိုက်သည်။
၎င်း၏ စေးပိုင်သော အထိအတွေ့မှာ သာမန်ဖက်ထုပ်များနှင့် လုံးဝ ကွဲပြား၏။ ပုံသဏ္ဌာန် အနည်းငယ် ဆင်တူသည်မှလွဲလျှင် အရသာမှာ လုံးဝကို ကွဲပြားပေသည်။
ဖက်ထုပ်များကို ပုံမှန်ဆို အဓိက အစားအစာအဖြစ် စားလေ့ရှိသော်လည်း ဤအရာမှာ အဆာပြေမုန့် နှင့် ပိုတူလှ၏။
လုမင်လီသည် နှစ်ခုဆက်တိုက် စားပြီးမှ တူကို ချလိုက်၏။ သူက မှတ်ချက်ပေးလိုက်သည်။
“ဒါက လန်းဆန်းစေသလို အရသာလည်း အရမ်းရှိတယ်။ အဘွား... အဘွားလည်း မြည်းကြည့်ပါဦး”
ထို့နောက် သူ၏ အကြည့်မှာ ခေါက်ဆွဲသုပ်ဆီသို့ ရောက်သွားသည်။ ကြည့်ရသည်မှာ အိမ်က ခေါက်ဆွဲများနှင့် ဘာမှမထူးခြားလှပေ။ သူသည် ပင်ကိုယ်စိတ်အရ ငြင်းဆန်မိသဖြင့် တူကို မကိုင်လိုတော့ပေ။
“အသင့်စားခေါက်ဆွဲ မဟုတ်ပေမဲ့ ဒီခေါက်ဆွဲသုပ်ကလည်း တကယ်ကို စားကောင်းတယ်”
လုမင်ကျဲသည် အစေခံမလေးကို ခိုင်း၍ အခြားဘူးလေးထဲမှ နှမ်းဆော့စ်ကို ထုတ်ခိုင်းလိုက်၏။
“ဟွာကျွင်းပြောတာတော့ အစ်ကိုက ကြက်သွန်မြိတ်ဆီထက် နှမ်းဆော့စ်နဲ့ သုပ်ထားတဲ့ ခေါက်ဆွဲက ပိုပြီး သင့်တော်တယ်တဲ့”
ထို့နောက် သူသည် နှမ်းဆော့စ်များကို ခေါက်ဆွဲပေါ်သို့ ခြစ်ချကာ သေချာနှံ့အောင် မွှေပေးလိုက်သည်။
“ကဲ... စားလို့ရပြီ”
“နှမ်းနံ့က တကယ်ကို မွှေးကြိုင်တာပဲ”
“ထူးဆန်းလိုက်တာ၊ နှမ်းကိုတောင် ဒီလို ဆော့စ်ဖြစ်အောင် လုပ်လို့ရတာပဲ။ ဒီခေါက်ဆွဲက ဘယ်လိုအရသာရှိမလဲ သိချင်လိုက်တာ”
ဘေးပတ်ဝန်းကျင်မှ ပြောဆိုနေကြသည်ကို ကြားရသည့်အခါ လုမင်လီလည်း စိတ်ဝင်စားသွားမိပြီး တူကို ပြန်ကိုင်ကာ စတင်စားသောက်လေတော့သည်။
“မဆိုးဘူး။ အနံ့က အရမ်းမွှေးပြီး ခေါက်ဆွဲသားက နူးညံ့တယ်၊ တကယ်ကို စားကောင်းတယ်”
ခေါက်ဆွဲကို အကုန်စားပြီးနောက် ပဲနီလေး ဟင်းချိုရည်ကို အနည်းငယ် သောက်လိုက်ပြီး ပါးစပ်ကို သုတ်ကာ ကျေနပ်အားရစွာဖြင့် လှဲနေလိုက်သည်။
“ကျွန်တော် တော်တော်လေး နေလို့ကောင်းသွားပြီ။ မနက်ဖြန်ကစပြီး ဥယျာဉ်ထဲမှာ လမ်းလျှောက်ဖို့ ကြိုးစားကြည့်လို့ ရမယ်ထင်တယ်”
အဘွားဖြစ်သူက စောင်ကို သေချာ ခြုံပေးလိုက်၏။
“မနက်ဖြန်ကျရင် သမားတော်လျိုကို ခေါ်ပြီး အကျိုးအကြောင်း တိုင်ပင်ကြည့်ဦးမယ်။ မြေး နေကောင်းမှ အဘွား စိတ်အေးရမှာပါ”
ဟွာကျွင်းသည် လုမင်ကျီကို ပြန်ပို့ပြီးနောက် အချိန်ကို ကြည့်လိုက်ရာ ၁၀ နာရီနီးပါး ရှိနေပြီဖြစ်သည်။
တာ့နွီမှာ တကယ့်ကို တော်ပြီး အလုပ်တွင်ကျယ်လှသည်။ သူမသည် ဆိုင်ရှေ့အလုပ်များကို ပြီးစီးအောင် လုပ်ဆောင်ပြီးနောက် နောက်ဖေးမီးဖိုချောင်သို့ သွားကာ ခေါက်ဆွဲပြုတ်ခြင်းကို ကူညီသည်။ ဆိုင်ရှေ့နှင့် မီးဖိုချောင်ကြား ပြေးလွှားလုပ်ကိုင်နေသော်လည်း ဘာတစ်ခုမှ ကမောက်ကမ မဖြစ်ပေ။ ဟွာကျွင်း အနေဖြင့် ဖက်ထုပ်များသာ လုပ်ရ၏။ ကျန်သည့်အရာများသည် သူမ တစ်ဦးတည်းနှင့် လုပ်နိုင်စွမ်းရှိသည်။
သုံးနာရီကြာ ရောင်းချရန် ပြင်ဆင်ထားသော အစားအသောက်များမှာ နှစ်နာရီအတွင်းမှာပင် အကုန်နီးပါး ရောင်းထွက်သွားခဲ့၏။ ဧည့်သည်များလည်း အနည်းငယ်သာ ကျန်တော့သဖြင့် ဆိုင်ကို စောစောပိတ်ပြီး အနားယူနိုင်မည်ဟု ဟွာကျွင်း တွေးမိသည်။ မော့ချွမ်းက ယနေ့ မလာသဖြင့် တာ့နွီ အိမ်ပြန်လမ်းအတွက် သူမ စိုးရိမ်မိသည်။
“တာ့နွီ… ညီမလေး အရင်ပြန်နှင့်တော့၊ ဒီမှာ မမပဲ ကိုင်တွယ်နိုင်ပါတယ်”
တာ့နွီသည် ဟွာကျွင်းကို ထားခဲ့ရန် စိတ်မအေးနိုင်သဖြင့် ခဏဖြစ်ဖြစ် ဆက်နေရန် ကြိုးစားရှာသည်။
“ရပါတယ် မမ၊ သမီး ဒီလမ်းကို ကောင်းကောင်းသိပါတယ်။ မျက်စိမှိတ်ထားရင်တောင် အိမ်ပြန်လမ်းကို ရှာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သိပ်မကျန်တော့တာ၊ အကုန်ကုန်အောင် ရောင်းပြီးမှပဲ ကျွန်မ ပြန်ပါ့မယ်”
သူမက ဘယ်လိုမှ အရင်မပြန်လိုသဖြင့် ဟွာကျွင်းမှာ ဆိုင်ကို စောစောပိတ်နိုင်ရန် ပို၍ မြန်မြန်ဆန်ဆန် ရောင်းချပေးလိုက်ရတော့၏။
ဆိုင်ပိတ်ပြီးနောက် တာ့နွီသည် ဆိုင်ရှေ့ရော ဆိုင်နောက်ပါ တစ်ဆိုင်လုံးကို စေ့စေ့စပ်စပ် သန့်ရှင်းရေး လုပ်ပေးလိုက်သည်။
ဟွာကျွင်းက ကျန်ရှိသော အစားအသောက်အချို့ကို တာ့နွီ၏ မိသားစုအတွက် ပါဆယ်ထုတ်ပေးလိုက်သည်။ လှည့်ကြည့်လိုက်သည့်အခါ တာ့နွီ ရေနွေးတည်နေသည်ကို မြင်လိုက်ရသည်။
“ဟွာကျွင်း... မမ တစ်နေ့လုံး ပင်ပန်းနေပြီ။ မမ ရေချိုးနိုင်အောင် ညီမ ရေနွေးတည်ပေးခဲ့မယ်၊ အဲဒါမှ မမ ကောင်းကောင်း ရေချိုးလို့ရမှာ”
ဟွာကျွင်းသည် နံရံကို မှီလျက် တာ့နွီကို ပြုံးကြည့်နေမိသည်။
“တာ့နွီ... ညီမလေးက တကယ်ကို သိတတ်တာပဲ။ မမတော့ ရတနာတစ်ပါးကို ရှာတွေ့ထားတာပဲ”
တာ့နွီကလည်း ရှက်ပြုံးလေးဖြင့် ပြန်ပြောသည်။
“ဟွာကျွင်းက ညီမ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးလူပါ။ ဒီမုန့်ဆိုင်မှာ အလုပ်လုပ်ရတာ ညီမ အတွက် ကံအကောင်းဆုံးပါပဲ”
ထို့နောက် သူမက ပြုံးနေရာမှ အလေးအနက်ထားကာ ရှေ့က အိုးကို စိုက်ကြည့်ရင်း ပြောသည်။
“ညီမသာ တတ်နိုင်ရင် ဒီမုန့်ဆိုင်မှာပဲ တစ်သက်လုံး နေသွားချင်တယ်”
ဟွာကျွင်းက သူမ၏ ခေါင်းကို ပုတ်ပေးကာ ညင်သာစွာ ပြောလိုက်၏။
“တစ်သက်လုံးဆိုတာက အရမ်းကြီး ဝေးလွန်းပါတယ်။ အခုလက်ရှိ အချိန်လေးမှာပဲ ကောင်းကောင်းမွန်မွန် နေထိုင်သွားကြရအောင်”
တာ့နွီမှာ နားလည်သလိုလိုနှင့် မလည်သလို ဖြစ်နေသည်။ ဟွာကျွင်းက မီးပိတ်လိုက်ပြီး သူမ၏ လက်ကို ဆွဲကာ ဆိုသည်။
“ကဲ... မမအတွက် ရေနွေးမတည်ပေးနဲ့တော့၊ အိမ်ကို မြန်မြန်ပြန်တော့။ အဘိုး စိုးရိမ်နေလိမ့်မယ်”
ဟွာကျွင်းသည် အံဆွဲထဲတွင် ရှာဖွေကြည့်ရာ လက်နှိပ်ဓာတ်မီးတစ်လက်ကို တွေ့သည်။ ၎င်းမှာ မီးအိမ်ထက် အဆပေါင်းများစွာ ပို၍ အသုံးဝင်လှ၏။
ဟွာကျွင်းက တာ့နွီကို အသုံးပြုပုံ ပြသလိုက်သည့်အခါ တာ့နွီ၏ မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။
“ဒါက ပုံပြောသူတွေ ပြောပြလေ့ရှိတဲ့ နတ်မင်းကြီးတွေရဲ့ အဆောင်အယောင် ပစ္စည်းပေါ့”
တာ့နွီ ထွက်သွားပြီးနောက် ဟွာကျွင်းသည် ယနေ့ရရှိသော ဝင်ငွေများကို တွက်ချက်ကြည့်သည်။ လုမင်ကျဲ မှ ငွေတေး (၃၀) အများဆုံးပေးခဲ့ပြီး တခြားဧည့်သည်များနှင့်ဆိုလျှင် စုစုပေါင်း ငွေတေး(၅၅)ရရှိခဲ့သည်။
ဟွာကျွင်းသည် ငွေများကို ဘူးလေးတစ်ခုထဲ ထည့်လိုက်ပြီး အားလုံးကို ငွေသားအဖြစ် လဲလှယ်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်သည်။
အရုဏ်တက်ချိန်တွင် အိမ်ပြုပြင်ရေး အလုပ်သမားများ ရောက်ရှိလာသည်။ ဟွာကျွင်းသည် အိမ်ကို မြန်မြန်နှင့် ကောင်းကောင်း ပြုပြင်ပေးစေလိုသဖြင့် လုပ်ခကို နှစ်ဆ ပေးလိုက်၏။ အလုပ်သမားများမှာလည်း ပိုက်ဆံပိုရသဖြင့် တက်ကြွစွာ လုပ်ကိုင်ကြရာ နှစ်ဦးနှစ်ဖက် အဆင်ပြေကြသည်။
ပစ္စည်းများ ဝယ်ပြီးနောက် ဘာမှလုပ်စရာမရှိသဖြင့် သူမသည် လမ်းလျှောက်ထွက်ရင်း ဖုန်းဆိုင်တစ်ခုသို့ ရောက်သွား၏။
သူမ၏ ကိုယ်ပိုင်ဖုန်းမှာ တစ်ပတ်ရစ်ဖုန်းဖြစ်ပြီး ဖုန်းခေါ်၍ ရသော်လည်း တခြားလုပ်ဆောင်ချက်များ သုံးလျှင် ဟန်း သွားတတ်သည်။ အရောင်းစာရေး၏ အထူးအကြံပြုချက်ကြောင့် သူမသည် နောက်ဆုံးပေါ် Apple မော်ဒယ်လ်ကို ငွေအကျေပေး၍ ဝယ်ယူလိုက်သည်။
ငွေပေးချေပြီးနောက် အရောင်းစာရေးက ဖုန်းသစ်သွားယူနေစဉ် သူမ လှည့်ကြည့်လိုက်ရာ ကလေးတစ်ယောက် တက်ဘလက်ဖြင့် ဆော့ကစားနေသည်ကို မြင်လိုက်ရသည်။
ထိုကလေးသည် စာလုံးမှတ်သားသည့် ဂိမ်းတစ်ခုကို ကစားနေခြင်း ဖြစ်သည်။ စာလုံးကြီးကြီးများနှင့်အတူ ထွက်ပေါ်လာသော အသံထွက်များမှာ အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။
ဟွာကျွင်းသည် အရောင်းစာရေးမလေး ပြန်ရောက်လာသောအခါ ပြောလိုက်သည်။
“ကျွန်မ အဲဒီလိုမျိုး တစ်ခုလည်း ဝယ်ချင်တယ်။ ဟိုကလေး ဆော့နေတဲ့ စာလုံးမှတ်သားတဲ့ ဂိမ်းကိုလည်း ထည့်ပေးလို့ရမလား”
အရောင်းစာရေးကလည်း ဟွာကျွင်းသည် သူမ၏ တူ၊ တူမများအတွက် ဝယ်ပေးသည်ဟု ထင်ကာ ဝမ်းမြောက်ဝမ်းသာ သဘောတူပြီး တခြား အသိပညာပေးဂိမ်းအချို့ကိုပါ ထည့်သွင်းပေးလိုက်သည်။
မုန့်ဆိုင်သို့ ပြန်ရောက်သောအခါ သူမသည် ကုတင်ပေါ်တွင် နားနေရင်း ဖုန်းအသစ်ကို ဖြည်းဖြည်းချင်း လေ့လာနေ၏။